အပိုင်း ၁၁.၂
Viewers 11k

Chapter 11.2
သူဖုန်းကိုကိုင်ကာ မလာသေးသည့်အချိန်ကိုရေတွက်လိုက်သည်။ ထိုသူကို မကြာခဏနှောင့်ယှက်မိမည်ကို ယီဟွေ့စိုးရိမ်နေမိသည်။ သူ၏တောင့်ခဲနေသည့်လက်ချောင်းကို အားယူကာ 110ကို နှိပ်လိုက်ပြီး ခေါ်မည်အပြုတွင် သူ လူကြီးတစ်ယောက်ဖြစ်နေပြီကို မှတ်မိသွားခဲ့သည်။ ကလေးငယ်များသည်သာ ရဲသားဦးလေးကြီးကိုရှာသင့်ပေမည်။ ခဏအကြာမျှ ရုန်းကန်အပြီးတွင် သူနံပါတ်ကို ဖျက်ပစ်လိုက်လေသည်။
သူစောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေသော်လည်း သစ်သားတံခါးရှေ့သို့ မည်သူမျှ ရောက်မလာခဲ့ချေ။
ယီဟွေ့ အလွန်ချမ်းတုန်နေကာ သူ၏ခန္ဓာကိုယ်ကို မခံစားမိနိုင်သည့်အချိန်သို့ရောက်ချိန်တွင် သူ၏အသံရှုသံမှာလည်း အားနည်းလာခဲ့သည်။ သူ၏မျက်လုံးများကို မဖွင့်နိုင်သည့်အပြင် သူနိုးထရန်အတွက် ပေါင်ကိုဆိတ်ခြင်း သို့မဟုတ် သူ၏နှုတ်ခမ်းကို ဖိကိုက်လိုက်ခြင်းကိုပင် မလုပ်နိုင်ခဲ့ချေ။
မိန်းမောနေစဉ်အချိန်၌ ထိုသူများပြောသည်ကို သူယုံကြည်ခဲ့သည်။
ခဏအကြာတွင် သူနားလည်သဘောပေါက်သွားခြင်း သို့မဟုတ် ကြိုတင်သိမြင်လာသည့်အတွက် သူအားစိုက်၍ စာပို့သည့်မျက်နှာပြင်ပေါ်သို့နှိပ်ကာ အမှီပြုရန် သူ၏ခေါင်းကို နံရံပေါ်သို့ မှီထားခဲ့ပြီး တောင့်ခဲနေသောလက်ချောင်းများဖြင့် မြို့တော်မှကွာဝေးသည့်အရပ်တွင်ရှိနေသော အစ်ကိုဖြစ်သူထံသို့ စာပို့လိုက်သည်။
[ ကိုကို သူကျွန်တော့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်.. ဒီ့ထက်ပိုပြီး စိတ်မပူနဲတော့နော်…]
သူထိုသို့ လုပ်လိုက်သည်နှင့် အစ်ကိုကြီးမှာ သူ့ကို အပြစ်တင်တော့မည် မဟုတ်ချေ။
စာပို့ပြီးချိန်တွင် ယီဟွေ့‌ နောက်ဆုံးအကြိမ်အဖြစ် ဖုန်းခေါ်လိုက်သည်။ သူ၏နားရွက်ထဲတွင် ဝေးကွာပြီး နီးကပ်နေသော အသံများ ကျယ်လောင်စွာပေါ်ထွက်လာချိန်တွင် ယီဟွေ့၏ နှုတ်ခမ်းများကော့တက်သွားကာ ဆူညံနေသေ။ လေအေးများထဲသို့ ကြားရန်ပင်ခက်ခဲသည့် အသံအက်အက်ဖြင့် ပြောလိုက်လေသည် " ပျော်ရွှင်စရာမွေးနေ့ပါ…"
Sမြို့ပြင်ရှိ ချင်းသိုက်တောင်ခြေသို့ ထပ်မံရောက်ချိန်တွင် ရဲများမှာ အခင်းဖြစ်နေရာကို ရှင်းလင်းပြီးလေပြီ။
သူအိမ်ပိုင်ရှင်နှင့်တွေ့ချိန်တွင် အိမ်ပိုင်ရှင်မှ တံခါးကြားမှနေ၍ အင်တာဗျူးလက်မခံကြောင်း ပြောလာခဲ့သည်။ ကျိုးကျင်ဟမ့် သူထိုတဲကိုဝယ်မည်ဖြစ်ကာ နံပါတ်အကြီးတစ်ခုကို ပြောလာချိန်၌ ထိုသူမှချက်ချင်းဆိုသလို တံခါးဖွင့်လာခဲ့သည်။
ကွေ့ကောက်မက်စောက်သော တောင်ကြားလမ်းတစ်လျောက်တွင် လမ်းလျှောက်နေကာ အိမ်ပိုင်ရှင်မှ ဦးဆောင်၍ ကျိုးကျင်ဟမ့်ကို အချိန်နှင့်အမျှ ဆွဲဆောင်နေခဲ့သည် " အဲ့အိမ်ကတကယ်ကောင်းတာ..ဆောင်းတွင်းမှာအေးရုံတင်မကဘူး နွေခေါင်ခေါင်မှာတောင် အေးမြတယ်…မင်းတို့လူချမ်းသာတွေက အဲ့လိုသဘာဝရှူခင်းတွေကို ကြိုက်ကြတာမဟုတ်လား… အဲ့မှာ အားလပ်ရက်အတွင်း ရက်အနည်းငယ်နေဖို့ အဆင်ပြေပါတယ်လေ.. အဲ့ဒါကို ဘာလို့ခေါ်ပါလိမ့်.. ဟုတ်တယ် ဟုတ်တယ် အခြေခံဘဝကို ပြန်သွားတာတဲ့…"
တံခါးကိုဖွင့်လိုက်ပြီးနောက် အိမ်ပိုင်ရှင်၏အသံမှာပြောင်းလဲသွားကာ သရဲနှင့်ဆုံမည်စိုးသဖြင့် အိမ်ထဲသို့ပင် ခြေတစ်လှမ်းမချဘဲ အလျင်အမြန် ပြေးထွက်သွားချင်နေခဲ့သည် " ငါမင်းကို သော့ဒီမှာထားပေးခဲ့မယ်…အိမ်ကိုလူခေါ်ပြီးရှင်းထားတယ်ဆိုတော့ အလောင်းရဲ့အနံ့တွေလည်း ကုန်လောက်နီးပါးဖြစ်နေပါပြီလေ.. မင်းစိတ်ရှိမယ်ဆိုရင်တော့ ဒီမှာ ပရိဘောဂတွေကို နေရာပြန်ချလိုက်လို့ရတယ်…မြို့တော်ကဝာာဝန်ရှိပုဂ္ဂိုလ်တွေကိုတော့ တရားဝင်မဟုတ်တဲ့ဆောက်လုပ်ရေးတွေ မမြင်စေနဲ့ပေါ့…"
အိမ်ပိုင်ရှင်မှ အရေးမပါသည့်အရာအချို့ကို ဆက်လက်ပြောဆိုနေသော်လည်း ကျိုးကျင်ဟမ့် နား‌ဆင်နေခြင်းမရှိပေ။ ထို့အတူ သူအိမ်ပိုင်ရှင်ပြောထားသည့် လူသေအနံ့ကိုလည်း ဂရုစိုက်ခြင်းမရှိပေ။
သူသည် ယီဟွေ့သူ့အပေါ် ထိုမျှအမှန်တကယ်သဘောကျခြင်းမရှိသည့်အချက်ကိုသာ လာရောက်စစ်ဆေးခြင်းဖြစ်သည်။
သူသည် ယီဟွေ့အပေါ် လုံးလုံးပင် မကောင်းခဲ့ပေ။ သူ၏ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်သာ စေ့စပ်ရန် ချော့မော့ခဲ့ခြင်းဖြစ်သည်။ ယီဟွေ့အပေါ် အခွင့်အရေးယူခဲ့သည့်တိုင် မကျေနပ်နိုင်သေးဘဲ ဆူပူကြိမ်းမောင်းကာ နာကျင်စေခဲ့သေးသည်။ သူ့ကြောင့် ယီဟွေ့ အကြိမ်ပေါင်းမြောက်များစွာ ငိုကြွေးခဲ့ရပြီး သူ၏သူငယ်ချင်းများထံမှ အထင်သေးခံ၊ အရှက်ခွဲခံရကာ အနိုင်ကျင့်ခံခဲ့ရသည်။
သို့ဖြစ်ရာ သူ့ကိုယီဟွေ့သဘောကျနိုင်ပါမည်လား။ ယီဟွေ့မှာ မည်မျှပင် တုံးအပါသည်နည်း။ ထိုကဲ့သို့ ဆက်ဆံခံရသည်ကိုပင် သူ့ကိုသဘောကျနိုင်သေးသည်လား..
ကျိုးကျင်ဟမ့် စိတ်ကိုရှင်းလင်းလိုက်ကာ ယီဟွေ့ သူ့အပေါ် ထိုမျှသဘောမကျခဲ့သည့် အချက်အလက်များကိုသာ ရှာဖွေလိုက်သည်။ သူ့အပေါ် ယီဟွေ့ ထိုမျှ သဘောမကျနေမခြင်း သူ့အတွက်ကြောင့် သေဆုံးမည်မဟုတ်ပေ။
ထိုအတွေးကို စိတ်ထဲတွင်ထားကာ ကျိုးကျင်ဟမ့် တဲထဲသို့ ဝင်လိုက်ပြီး ထိုနေ့ သူ၏အလျင်လိုမှုကြောင့် သေသေချာချာမရှာခဲ့ရသည့်နေရာအားလုံးကို ဂရုတစိုက်ရှာဖွေနေလိုက်သည်။
ထိုင်ခုံပေါ်တွင် မည်သည့်အရာမျှ မရှိချေ။ သစ်သားစားပွဲနှင့် တစ်မီတာမျှသာ ကျယ်ဝန်းသည့်သစ်သားကုတင်ငယ်လေးပေါ်တွင်လည်း မည်သည်ကိုမှ မတွေ့နိုင်ပေ။ သူ၏အကြည့်များမှ နံရံထောင့်သို့ရောက်ရှိသွားချိန်၌ ယီဟွေ့ သူ့ကိုထိုနေရာတွင် ထိုင်စောင့်ခဲ့သည်ကိုတွေးမိသွားကာ ကပျာကယာအကြည့်လွှဲလိုက်မိသည်။ သူသာထိုနေရာကို ကြည့်မနေပါက ယီဟွေ့မှာ ထိုနေရာတွင်ရှိမနေဘဲ ကောင်းမွန်စွာရှင်သန်နေမည့်ပုံလိုပင် ဖြစ်နေလေသည်။
တဲမှာ တစ်ဆယ်စတုရန်းပေမျှသာကျယ်ဝန်းပြီး ပရိဘောဂဟုခေါ်ဆိုနိုင်မည့်အရာအနည်းငယ်သာ ရှိသည်။ ထိုနေရာတွင် ဖုန်းကွယ်ထားသောအထပ် သို့မဟုတ် အခြားဒီဇိုင်းဟုခေါ်ဆိုနိုင်မည့်အရာမျိုး မရှိချေ။ ပြတင်းပေါက်၏အတွင်းအပြင်နှစ်ဖက်စလုံး၌ မည်သည့်အရာမှ မရှိသည်ကို စစ်ဆေးပြီးနောက်တွင် ကျိုးကျင်ဟမ့်သူ၏နဖူးမှချွေးများကို သုတ်လိုက်လေသည်။ သူအပြင်သို့ထွက်ကာ လေကောင်းလေသန့်ရှုရန်အတွက် လှည့်ထွက်လိုက်မည်အပြုတွင် ‌သူ၏ခြေချောင်းမှာ ကြမ်းပြင်ပေါ်ရှိ တစ်စုံတစ်ရာနှင့်တိုက်မိသွားခဲ့သည်။
ငုံ့ကြည့်လိုက်ချိန်၌ ပထမအကြည့်တစ်ချက်ဖြင့် မည်သည့်အရာကိုမှ မမြင်ရပေ။ သူထိုင်ချကာ အနီးကပ်ကြည့်လိုက်ချိန်တွင် နံရံအနားရှိ ကုတင်အောက်တွင် သစ်သားဘုတ်ပြားတစ်ခုမှောက်ကျနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ဘောင်ပြားတစ်ခုဖြစ်ပြီး ကုတင်၏ထောင့်ဖြင့် ဖုံးကွယ်နေကာ အရောင်မှာလည်း ကြမ်းပြင်နှင့် တစ်ရောင်တည်းဖြစ်နေသည့်အတွက် ရဲများသတိမပြုခဲ့သည်မှာ အဆန်းမဟုတ်ပေ။
ကျိုးကျင်ဟမ့် သစ်သားဘုတ်ပြားကို ကုတင်အောက်မှအသာအယာဆွဲထုတ်လိုက်ပြီး စားပွဲပေါ်သို့တင်ကာ မျက်နှာခြင်းဆိုင်ကြည့်ရန် လှန်လိုက်လေသည်။
ထိုအခိုက် မကြာသေးခင်ကမှ ရရှိထားခဲ့သော သူ၏နှလုံးသားထဲရှိတည်ငြိမ်နေမှုမှာ ပျောက်ပျက်သွားကာ ‌ဘုတ်ပြားပေါ်ရှိ ပိတ်စကိုထိလိုက်သည်နှင့် သူ၏နှလုံးခုန်နှုန်းမှာ ဖရိုဖရဲဖြစ်ကာ မြင့်တက်လာခဲ့သည်။
ကျိုးကျင်ဟမ့် သူ့ကိုသူ ဦးနှောက်ဆေးနေသည့်မှန်းဆမှုများကို ထုတ်ဖော်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုအရာသည် ဒီအတိုင်းကျန်ခဲ့သော သာမာန်သစ်သားပြားသာဖြစ်သည်ဟူသည့်အကြောင်း၊ အိမ်ပိုင်ရှင်ယူသွားရန်ကျန်ခဲ့သော အလှဆင်ပန်းချီကားသာဖြစ်သည်ဟူ၍လည်းကောင်း သို့မဟုတ် ယီဟွေ့ တောင်၏ပန်းချီကိုရေးဆွဲရန် ယူလာသည့်ကားချပ်သာဖြစ်သည်ဟူသည့် အကြောင်းတွေးတောနေခဲ့သည်။ ယီဟွေ့ဆိုသူမှာ ရှုခင်းပန်းချီကားများကို ရေးဆွဲရာ၌ အမြဲလို နူးညံ့သောဘက်ခြမ်းရှိခဲ့သည်လေ။
ကျိုးကျင်ဟမ့် ဖုံးလွှမ်းထားသည့်အဝတ်စကိုပင် မဖယ်ရှားချင်တော့ပေ။ သူထွက်ပြေးချင်နေသည်။ သူသာမကြည့်ခဲ့ဘူးဆိုပါက ထိုအရာမတည်ရှိခဲ့သလိုပင် ပြုမူနိုင်ပေလိမ့်မည်။
သို့သော်လည်း သူကြည့်ရပေမည်။ သူယီဟွေ့မည်သည့်နေရာသို့ ထွက်သွားသည်ကို သိချင်နေမိပြီး သာမန်ကာလျှံကာမျှ ကတိတစ်ခုကြောင့် ယီဟွေ့သူ့ဘဝဆုံးရှုံးသည်အထိ သူ့ကိုသဘောကျလိမ့်မည်မဟုတ်ကြောင်းကို အတည်ပြုချင်မိသည်။
အချိန်ခဏမျှ စိတ်တည်ငြိမ်အောင်လုပ်ပြီးချိန်တွင် သက်ပြင်းတစ်ချက်ချကာ အဝတ်စကိုကိုင်လိုက်ပြီး လက်ကိုမြောက်၍ ဆွဲလှန်လိုက်လေသည်။
သူ ထိုအရာကို ကြည့်လိုက်သည်နှင့် အချိန်မှာရပ်တန့်သွားသလိုပင်။
ကျိုးကျင်ဟမ့် နောက်ပြန်ဆုတ်ချင်မိသော်လည်း သူသည်ထိုနေရာတွင်ပင် တောင့်ခဲနေကာ မလှုပ်ရှားနိုင်ခဲ့ပေ။ သူ၏အသက်ရှုသံပင် ရပ်ဆိုင်းနေပြီး သူ၏စိတ်ထဲတွင် ရေကာတာမှာ ကြမ်းတမ်းစွာကျိုးပေါက်သွားသကဲ့သို့ သူမှန်းဆထားသည့်အချက်များကို တစ်ချက်ပြီးတစ်ချက် တစ်ခုပင်မကျန်ရစ်ဘဲ ဖျက်ဆီးပစ်ခဲ့လေသည်။
သူကအဖြူရောင်ကိုကြိုက်တဲ့အတွက် နှင်းပန်းတွေကိုစိုက်ပျိုးပါ…
ရေကိုမကြာခဏနွှေးပေးပါ သူကရေအေးသောက်ရတာမကြိုက်ဘူး..
ဒိုရာအေမွန်နဲ့ အချိန်တိုင်းအိပ်စက်ပါ ဘာဖြစ်လို့လဲ‌ဆိုရင် အဲ့ဒါကိုသူပေးထားတာလေ…
အိမ်ကထွက်လာပြီးရင် သူတို့ပထမဆုံးဒိတ်တုန်းက ဆုံခဲ့တဲ့ကုန်တိုက်ရှေ့သွားထိုင်နေပါ..
ဒီအိမ်ကိုဝယ်ပြီး သူ့ကိုလက်ဆောင်ပေးပါ.. တစ်ခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့တောင်တွေပေါ် သွားနေချင်တယ်လို့ သူပြောဖူးတယ်လေ…
သူ့ဆီကနေ အဆူခံရ၊ ထပ်ခါတလဲခဲနင်းချေခံရတာမျိုးဆိုရင် စိတ်မဆိုးပါနဲ့ မင်းသူ့ကိုတကယ်သဘောကျတယ်မလား…
ထိုအရူးလေးမှာ မိနစ်တိုင်း စက္ကန့်တိုင်းတွင် သူ့အပေါ်ကောင်းပေးရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သူ၏သဘောကျခြင်းမှာ ကမ္ဘာပေါ်ရှိ အရိုးသားဆုံးသဘောကျခြင်းသာဖြစ်လေသည်။ ကျိုးကျင်ဟမ့်ဟူသော သူသာပျော်ရွှင်နိုင်သရွေ့ ယီဟွေ့ကျေနပ်မည်ပင်။
သို့သော်လည်း သူဘာတွေလုပ်ခဲ့မိသည်လဲ။
သူယီဟွေ့ကို အသုံးချခဲ့သည်၊ နာကျင်စေခဲ့သည်၊ သူ့ကိုသာ ဤကမ္ဘာကြီးတွင်အချစ်ဆုံးဖြစ်သူကို ထပ်ခါတလဲလဲလှည့်စားခဲ့သည်၊ ထိုသူအလိုအပ်ဆုံးအချိန်တွင် စွန့်ပစ်ခဲ့ပြီး တုန့်ဆိုင်းခြင်းပင်မရှိဘဲ အခြားသူကို ရွေးချယ်ခဲ့သည်။
ထိုသဘောကျသည်ဟူသော စကားသည်ပင် သူ့ဘက်မှ အပြုအမူကောင်းကိုဆောင်သည့်သဘောဖြင့် ဦးစွာပြောကြားခဲ့ခြင်းဖြစ်သော်လည်း ထိုအရူးလေးမှ အတည်မှတ်ယူခဲ့လေသည်။ သူ့ကိုနှလုံးသားထဲတွင် ရတနာကဲ့သို့သဘောထားကာ အကြိမ်ထောင်ပေါင်းများစွာပေးဆပ်ခဲ့ပြီး ထိုသုံးနှစ်တာလုံးတွင် နှလုံးသားတစ်ခုလုံးဖြင့် ချစ်မြတ်နိုးပေးခဲ့သည်။
သူမသေဆုံးခင်အချိန်မှာပင် ဗရုတ်သုတ်ခအနိုင်ဆုံးနည်းဖြင့် သူ့ကိုခွင့်လွှတ်ပေးခဲ့ကာ သူ့ကိုအနှောင့်အယှက်မပေးခဲ့ဘဲ အခြားသူများကိုလည်း သူ့ကိုမနှောင့်ယှက်စေခဲ့ပေ။
ပြတင်းပေါက်မှဖြတ်သန်းလာသည့် နေရောင်ခြည်မှာ စားပွဲပေါ်သို့ ဖြာကျနေကာ အချိန်အတန်ကြာ အမှောင်ထဲတွင် ဖုံးကွယ်ခံထားရသောပန်းချီကားမှာ အဆုံးတွင် နေရောင်ကြောင့် မြင်ရပြီဖြစ်သည်။
၎င်းမှာ ပုံတူကားတစ်ချပ်ပင်။ ပန်းချီကားထဲရှိလူမှာ နှာတံရှည်ရှည်နှင့် မျက်ခုံးကောင်းကာ တစ်လောကလုံး သူ့ကိုမနာလိုစေနိုင်သည့်ရုပ်ရှည်ရှိလေသည်။ သူ၏နှုတ်ခမ်းများမှာ အနည်းငယ်တွန့်ချိုးနေကာ တစ်လောကလုံးတွင် သူ့အတွက်ကောင်းမွန်သည့်အရာ မရှိသကဲ့သို့ မာနထောင်လွှားသည့်ပုံပေါ်နေခဲ့သည်။
ပန်းချီကားတွင်းမှလူနှင့် တူညီသောမျက်နှာရှိသည့် အပြင်ဘက်မှလူမှာမူ ဝိညာဉ်ပျောက်ဆုံးနေသကဲ့သို့ပင် အလွန်စိတ်ဆင်းရဲနေဟန်ပေါ်နေခဲ့သည်။ နေရောင်အောက်တွင် သူ၏အထီးကျန်သောအရိပ်ပေါ်နေကာ အသက်မဲ့နေသည့်မျက်လုံးများမှာ ပန်းချီကားပေါ်တွင်သာရှိနေပြီး သူ၏ယခင်ကာ မောက်မာထောင်လွှားကာ ရူးမိုက်ခဲ့သောပုံကို ကြည့်နေခဲ့သည်။
သူသည်တုံးအခဲ့လေသည်။
တကယ့်ကိုအရူးတစ်ယောက်လိုပင်။
ယီဟွေ့ သူ့ကိုကတိပေးခဲ့သည်အရာများကို တစ်ခုချင်းစီ ကိုယ်တိုင်ကိုယ်ကျပေးဆပ်ခဲ့သော်လည်း သူမှာမူ သူကတိပေးခဲ့သောအရာများကို မည်သည့်အချိန်ကမှ မဖြည့်ဆည်းပေးခဲ့ချေ။ သူကျရှုံးခဲ့ကာ ထိုအရာများကို ထပ်မံဖြည့်ဆည်းပေးနိုင်မည့်အခွင့်အရေးဟူ၍လည်း မရှိတော့ပေ။
သူ၏အရူးလေးမှာ သေဆုံးသွားခဲ့လေပြီ။
Xxxxxxxx