နာရေးကို သုံးရက်အကြာတွင် ပြုလုပ်ခဲ့ကြသည်။
ယီမိသားစုမှာ ကျိုးမိသားစုကို ထပ်မံဆက်သွယ်လာခြင်း မရှိသည်ဖြစ်ရာ ၎င်းမှာ သူ့ယောက်ဖဖြစ်သူ၏အမိန့်ပင်ဖြစ်ပေမည်။ ယီဟွေ့၏ဖခင်မှာမူ သူ၏သုံးစား၍မရသောအငယ်ဆုံးသားအပေါ် ဂရုစိုက်တတ်သည့်သူမဟုတ်ချေ။ ထို့ကြောင့် ကျိုးကျင်ဟမ့် သူငယ်ချင်းများမှတစ်ဆင့် နာရေးအချိန်ကိုသိရန်အတွက် တတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ခဲ့ရလေသည်။
သူထိုနေရာသို့ သွားမည့်အကြောင်းကို ကျိုးဟွာရုံသိသွားသောကြောင့် ဖုန်းမှတစ်ဆင့် ပြောဆိုငေါက်ငမ်းလာခဲ့သည်
" မင်းပဲ အရင်အချိန်တွေတုန်းက သူ့ကိုဖယ်ထုတ်ချင်နေတာမဟုတ်ဘူးလား…အခုလက်ထပ်စာချုပ်ကပျက်ပြယ်သွားပြီလေ ဘာဖြစ်လို့ ဒီလောက်အလောတကြီးသွားနေဦးမှာလဲ…"
ကျိုးကျင်ဟမ့် ကြောင်အသွားရသည် " ပျက်ပြယ်သွားတယ်…ဘယ်သူပြောတာလဲ…"
" သူကသေပြီဟာကို သေချာပေါက် ပျက်သွားပြီပေါ့..ဒါမှမဟုတ် သူ့ကိုလက်ထပ်ချင်နေသေးတာလား…"
သူ့ကိုယ်သူ အဖြစ်မှန်ကို ရင်ဆိုင်ရန် ဖိအားပေးနေလျှင်ပင် ကျိုးကျင်ဟမ့် ယခုအချိန်ထိ ယီဟွေ့သေဆုံးသွားသည့်အကြောင်းကို လက်မခံနိုင်သေးပေ။ ထို့ထက်ပိုသည်မှာ ကျိုးမိသားစု၏ မြစ်ကိုကူးပြီးနောက် ဖောင်ကိုဖျက်ပစ်သော စိတ်ဓာတ်ကြောင့် သူ ကျိူးမိသားစုဝင်တစ်ဦးဖြစ်နေရခြင်းအတွက် ရှက်မိလေသည်။
" အဖေတို့ဘက်ကသွားသွား မသွားသွား ဂရုမစိုက်ဘူး..အဲ့လိုပဲ ကျွန်တော်သွားတာ မသွားကိုလည်း အဖေအရေးထားနေစရာမလိုဘူး.." ကျိုးကျင်ဟမ့် အခိုင်အမာပြောလိုက်သည်
" ကျွန်တော်ကသူ့ရဲ့စေ့စပ်ထားသူအနေနဲ့သွားမှာ.. ကျိုးမိသားစုဝင်တစ်ယောက်အဖြစ်နဲ့မဟုတ်ဘူး…"
ယီဟွေ့၏အမှုမှာ ပါတီအားလုံး၏ကြီးကြပ်မှုအောက်တွင် အလွန်လျင်မြန်စွာ ကိုင်တွယ်ပြီးစီးခဲ့သည်။ ထိုလူသုံးယောက်မှာ ငကြောက်များဖြစ်ကြရာ အကြမ်းဖျင်းမျှ စစ်မေးလိုက်ရုံနှင့်ပင် အချက်အလက်အပြည့်အစုံကို ထုတ်ဖော်လာကြသည်။ ထို့နောက် လာမည့်ရက်အနည်းငယ်အတွင်း ထိုသူများကို တရားစီရင်ရန်အတွက် ပို့ဆောင်ပေးမည်ဖြစ်သည်။
ထိုလူသုံးဦးတွင် မိသားစုဆက်နွယ်မှုအချို့ရှိနေခဲ့သည်။ ကျိုးကျင်ဟမ့်က ချန်ဖေးချီမှာ ထိုကိစ္စများ၏နောက်မှ တွန်းအားဖြစ်သည်ကိုသိနေခဲ့သည်။ သူမှာမူ အလုပ်အလွန်ရှုပ်နေသဖြင့် အမှုကိုစစ်ဆေးသည့်နေရာတွင် အကူအညီမဖြစ်နိုင်ခဲ့ပေ။ သို့သော်လည်း ပြန်လည်တွေးတောမိချိန်၌ ချန်ဖေးချီအသတ်ချင်ဆုံးသူမှာ သူဖြစ်နေကြောင်းကို ကျိုးကျင်ဟမ့်သဘောပေါက်သွားခဲ့လေသည်။
သို့တိုင်အောင် သူနာရေးရှိရာသို့ သွားရပေမည်။
တံခါးဝသို့ရောက်သွားပြီး နာရေးခန်းမအလယ်ရှ် အဖြူအမည်းဓာတ်ပုံကို မြင်လိုက်ရချိန်၌ ကျိုးကျင်ဟမ့် အချိန်အတန်ကြာအထိ ရပ်တန့်နေကာ သူ၏အတိတ်မှာ မျက်လုံးထဲတွင် ပန်းချီကားတစ်ခုသဖွယ်ပေါ်လာခဲ့သည်။ ခဏအကြာအထိ သူတွေးနိုင်သည့်တစ်ခုတည်းသောအရာမှာ လမ်းလျှောက်ဝင်သွားကာ ထိုပြုံးနေသည့်ဓာတ်ပုံကိုထိ၍ ငါရောက်လာပြီဟု ပြောရန်သာဖြစ်သည်။
သို့သော်လည်း သူ့ထံတွင် အခွင့်အရေးမရှိခဲ့ချေ။ သူ့ကိုမြင်သည်နှင့် ဧည့်သည်များကို လက်ခံစကားပြောနေသည့် ချန်ဖေးချီမှာ ချက်ချင်းဆိုသလို သူ့ကိုကန်ထုတ်ပစ်ရန် လုံခြုံရေးများကိုအမိန့်ပေးလာခဲ့သည်။
ကျိုးကျင်ဟမ့် အံတင်းတင်းကြိတ်ကာ သူ၏ခွန်အားအကုန်သုံးလျက် ထွက်သွားရန်ငြင်းပယ်နေပြီး ဓာတ်ပုံကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
လုံခြုံရေးအစောင့်များမှာ နာရေးခန်းမကို အနှောင့်အယှက်မဖြစ်သွားစေရေးအတွက် ဆူဆူညံညံမလုပ်ရဲကြသောကြောင့် အဆုံးတွင် ချန်ဖေးချီ ကိုယ်တိုင်ထွက်လာခဲ့ရသည်။ သူတံခါးမှထွက်လာပြီးနောက် အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားကာ မျက်ရည်များဖြင့် ပြည့်နှက်နေသည့် ကျိုးကျင်ဟမ့်ကိုကြည့်၍ ပြောလာခဲ့သည်
ကျိူးကျင်ဟမ့်မှာမူ ထွက်ခွာရန်ငြင်းပယ်နေဆဲဖြစ်ကာ အစောင့်တစ်အုပ်ကြီးကြားတွင် အကြောများပေါ်သည်အထိ ရုန်းကန်နေပြီး " ငါ့ကို သူ့ကိုတစ်ချက်ပဲပေးကြည့်ပါ.. တစ်ချက်လေးပဲ.. ငါ့ကိုလွှတ်… အထဲဝင်ပြီး သူ့ကိုခဏပဲကြည့်ပါရစေ.."
ချန်ဖေးချီမှမေးလာခဲ့သည် " မင်းလား.. မင်းမှာဘာအရည်အချင်းပြည့်မီလို့ သူ့ကိုသွားကြည့်ရမှာလဲ…"
ကျိုးကျင်ဟမ့်၏အတွေးများမှာ ထင်သာမြင်သာရှိနေခဲ့သည် " ငါကသူ့ခင်ပွန်းလောင်းလေ.."
" လက်ထပ်စာချုပ်က ပျက်ပြယ်သွားခဲ့ပြီ..မမေ့ပါနဲ့ မင်းနဲ့သူက တရားဝင်စာရွက်စာတမ်းတောင် မယူခဲ့ကြဘူးလေ.." ထိုသို့ပြောနေစဉ် ချန်ဖေးချီ၏အေးစက်သောပုံသဏ္ဍာန်တွင် ရှားပါးလှသည့် ကြမ်းတမ်းမှုပေါ်လာခဲ့သည်
" ငါအရင်က မင်းကိုလွှတ်ပေးလိုက်တယ်ဆိုတာ ယီဟွေ့က မင်းကိုမနာကျင်စေချင်လို့ပဲ…"
ကျိုးကျင်ဟမ့် ရုတ်တရက်ကြောင်အသွားရသည်။ သူ၏မျက်လုံးများမှာ တစ်ဖန်ပြန်၍ မိန်းမောသွားခဲ့ကာ လက်များလျော့ကျသွားပြီး ရုန်းကန်နေသည်ကို ရပ်တန့်လိုက်သည်။
ချန်ဖေးချီ အရှေ့သို့တိုးလာကာ ကျိုးကျင်ဟမ့်ကို နှိမ့်နှိမ့်ချချကြည့်လျက် သတိပေးလိုက်သည် " ငါ့ညီရဲ့နာမည်ကို နောက်ကျရင် ထုတ်မလာပါနဲ့..မင်းလည်း ငါ့မျက်စိရှေ့အောက် ရောက်မလာရင် အကောင်းဆုံးပဲ…မဟုတ်ရင်တော့ သူ့ရဲ့ဆန္ဒကိုမဖျက်စီးပစ်ဘူးလို့ ငါ အာမ မခံနိုင်တော့ဘူး.."
ထိုနေ့ နေ့လည်ခင်းတွင် သရုပ်ဆောင် ကျိုးကျင်ဟမ့် နာရေးတစ်ခုကို တက်ရောက်လာသည့်သတင်းမှာ ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်လာသည်။ သို့သော်လည်း ကုမ္မဏီ၏ပါဝင်မှုကြောင့် လုံခြုံရေးအစောင့်များနှင့်ပုံမှာ ပြန့်မသွားခဲ့ပေ။ သို့သော်ငြား လူထုကစိတ်ဝင်စားသည်မှာ မည်သူ့နာရေးဖြစ်သည်နည်း ဆိုသည်ကိုပင်။
ဓာတ်ပုံထဲတွင် ကျိုးကျင်ဟမ့်မှာ ဝမ်းနည်းခြင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ကြေကွဲနေသောအမူအယာရှိနေခဲ့သည်။ ကွန်မန့်ထဲတွင် မျိုးစုံလှစွာသော ခန့်မှန်းမှုများရှိနေပြီး သေဆုံးသွားသည့်လူမှာ အတန်းဖော်၊အမျိုး၊ဆရာနှင့် အချို့ထုတ်ဖော်ခံထားရသောချစ်သူဟူ၍ ခန့်မှန်းနေကြသည်။ အတင်းအဖျင်းများကိုကောင်းမွန်စွာ ရေးသားထားပြီး မျက်စိကိုဖမ်းစားနိုင်ကာ အချို့သော အမျိုးသမီးနာမည်ကျော်များ၏ ကောလဟာလများပင်ပါဝင်နေသည်။
အင်တာနက်ပေါ်တွင် ကြီးမားသော လှိုင်းလုံးကြီးဖြစ်နေသော်လည်း ပါဝင်ပတ်သက်သူမှာမူ ဂရုစိုက်နေခြင်းမရှိပေ။ ကျိုးကျင်ဟမ့် Sမြို့သို့ ပြန်ရောက်ပြီးနောက် အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ သူ တောင်ပေါ်မှ ပြန်ယူလာခဲ့သော ပန်းချီကားကိုထုတ်၍ အချိန်ခဏမျှကြည့်လိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ပြန်အုပ်ထားလိုက်ကာ ညာဘက်အောက်ထောင့်မှ စကားလုံးများကို ထိတွေ့လိုက်သည်။ သူ၏မျက်နှာမှာ နူးညံ့သိမ်မွေ့နေကာ အရာအားလုံးငြိမ်သက်သွားသကဲ့သို့ပင်။
နေ့လည်ခင်းတွင် ဧည့်သည်တစ်ယောက် ရောက်လာလေသည်။ ကျိုးကျင်ဟမ့်မှာမူ ထိုနေရာသို့ သူငယ်ချင်းများလာရောက်ရန် ခွင့်ပြုမိကြောင်းကို မေ့လျော့နေပြီပင်။ သူတံခါးကိုဖွင့်လျက် ယန်ချန့်ရွှမ်ကို ဘေးဘက်မှ ဝင်ခွင့်မပြုခင်အထိ အချိန်အကြာကြီးရပ်ကာ ကြက်သေသေနေမိသည်။
သူအိမ်သို့ဝင်လာပြီးနောက် ယန်ချန့်ရွှမ် ကျိုးကျင်ဟမ့်ဘေးသို့ပို့ထားသည့် ပန်းချီကားကိုဦးစွာကြည့်လိုက်မိကာ ထို့နောက်တွင် ကျိုးကျင်ဟမ့်မှ ရေတစ်ခွက်သို့ထည့်နေစဉ် ကြမ်းပြင်ပေါ်သို့အားလုံးဖိတ်ကျသွားသည်ကို မြင်လိုက်ရသဖြင့် သူစိုးရိမ်တကြီးမေးလိုက်မိသည် " ကျင်ဟမ့်.. မင်း.. အဆင်ပြေရဲ့လား.."
" အတော်လေးကောင်းပါတယ်.." ကျိုးကျင်ဟမ့် ပြန်ဖြေနေရင်းမှ ခွက်ကို စားပွဲပေါ်တင်ကာ တစ်ခွက်ထပ်မံ၍လောင်းချလိုက်သည်။
ယန်ချန့်ရွှမ်မှာ ကျိုးကျင်ဟမ့်ကျောင်းနေစဉ်ကပင် သူငယ်ချင်းဖြစ်ခဲ့သူဖြစ်သည်။ သူသည် ကျိုးကျင်ဟမ့်နှင့် ဖန်ယွီချင်းတို့၏ဆက်ဆံရေးကို ထိုစဉ်အခါက ဘေးမှနေ၍ တွေ့မြင်ခဲ့ရသူဖြစ်ကာ ကျိုးကျင်ဟမ့်ကို အလွန်သိသူဟု မှတ်ယူနိုင်ပေမည်။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအနေဖြင့် သူကျိုးကျင်ဟမ့် ထိုမျှစိတ်လွတ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
" လူတွေက သေခြင်းတရားကနေ ပြန်မလာနိုင်တော့ဘူးလေ.. ငါမင်းရဲ့ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး…" ယန်ချန့်ရွှမ် ချော့မော့ပြောလိုက်ကာ " မင်းတို့ကခေါင်မိုးတစ်ခုတည်းမှာ သုံးနှစ်တောင် အတူနေခဲ့တာ ငါသိပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်တော့ရှိမှာပဲလေ… ဒါပေမယ့်လည်း မင်းဒါကို တောင့်ခံနိုင်ရမယ်နော် … မင်းကျော်လွှားသွားနိုင်မှာပါ…"
ကျိုးကျင်ဟမ့်မှာ ထိုကဲ့သို့ နှစ်သိမ့်စကားများကို ခံနိုင်ရည်ရှိနေပြီးဖြစ်ကာ အချိန်အတော်ကြာကပင် လျစ်လျူရှုထားပြီးဖြစ်သည်။
ထိုနှစ်များအတွင်း ကျိုးကျင်ဟမ့်ဂရုအစိုက်ဆုံးအရာကို ယန်ချန့်ရွှမ် သတိရသွားပြီးနောက် ပြောလိုက်လေသည် " တွေ့လား မင်းရဲ့သရုပ်ဆောင်လမ်းကြောင်းက အခုဆိုတိုးတက်နေပြီ..ဒီလို တစ်စစီပဲ့ကြွေနေတာမျိုးက မင်းစတိုင်မဟုတ်ဘူးလေကွာ..ဖန်ယွီချင်းကလည်း ပြန်ရောက်လာပြီတဲ့.. ကျစ် ကျစ် .. ဒီဆောင်းဦးကိုကြည့်ပါဦး မင်းအတွက်အချစ်ကောအလုပ်ပါ ရိတ်သိမ်းမှုနှစ်ခုဖြစ်တော့မှာ ငါမင်းကို အရမ်းမနာလိုဖြစ်တာပဲ.."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးကျင်ဟမ့်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသဖြင့် ယန်ချန့်ရွှမ် ၎င်းကို သက်ရောက်မှုရှိသည်ဟု ထင်မှတ်သွားကာ အောင်မြင်ရန်အတွက် အခွင့်အရေးရယူပြီး ဆက်ပြောလာခဲ့သည် " ဒီနေ့မနက်ပဲ သူကငါ့ကိုဖုန်းခေါ်လာပြီးတော့ မင်းကိုချော့ပေးခိုင်းတယ်လေ… အရင်တုန်းကဆို မင်းတို့နှစ်ယောက်က ငါ့နှာခေါင်းအောက်မှာတင်ပဲ ချစ်ခင်ပြနေကြတာ ငါ့သွားတွေ တောင်နာကျင်လာရတယ်…အခု ငါက မင်းတို့အတူပြန်ရှိမှာအတွက် ချဉ်စူးနေတာကို ရင်းပေးနေတာနော်… ငါ့ကိုစိတ်ပျက်အောင်မလုပ်ရဘူး…"
" ပါးစပ်ပိတ်ထား…" ကျိုးကျင်ဟမ့် မနေနိုင်တော့ဘဲ ထိုဆူညံနေသူကို ပိတ်ခိုင်းလိုက်သည်။
ရေတစ်ခွက်လောင်းထည့်လိုက်ပြီးနောက် ကျိုးကျင်ဟမ့် လှည့်ထွက်သွားကာ ပန်းချီကားကို အဝတ်စဖြင့် ဂရုတစိုက်ဖုံးအုပ်လိုက်သည်။ ထိုအရာကို အိမ်အတွင်းထဲသို့ ယူသွားချိန်တွင် ဖုန်းသံထွက်ပေါ်လာခဲ့လေသည်။
ဖုန်းသာမြည်မလာပါက ကျိုးကျင်ဟမ့် အိမ်တွင်လိုင်းဖုန်းရှိသည်ကို မေ့လျော့နေပြီဖြစ်သည်။ ဧည့်ခန်းထောင့်မှ အံဆွဲများပါသည့်စားပွဲရှေ့တွင်ရပ်လျက် ဒိုရာအေမွန်စတစ်ကာများကပ်ထားသော လိုင်းဖုန်းကို ခဏမျှကြည့်လိုက်ကာ မိန်းမောနေပြီးနောက် ဖုန်းကို ကိုင်လိုက်လေသည် " အမ်းး…"
" ဟယ်လို ဒါ မစ်စတာကျိုးရဲ့အိမ်ကပါလား…"
" ကျွန်တော်တို့က XXခရီးသွားကုမ္ပဏီကပါ..လူကြီးမင်းနဲ့မစ်စတာယီဟွေ့တို့ ကြိုတင်စာရင်းသွားထားတဲ့ ပျားရည်ဆမ်းခရီးက အရင်လ၂၂ရက်နေ့ထဲဖြစ်ပေမဲ့ အဲ့နေ့တုန်းကလူကြီးမင်းတို့ ပေါ်မလာခဲ့တာမလို့ ကျွန်တော်တို့စာရင်းထဲက နံပါတ်ကိုဆက်သွယ်လိုက်ရတာပါ.. လူကြီးမင်းတို့ ခရီးစဉ်ကို အချိန်ပြန်ရွှေ့မလား ဖျက်သိမ်းမလားဆိုတာ မေးချင်ပါတယ်.."
ဖုန်းချပြီးနောက် ကျိုးကျင်ဟမ့် အခန်းတွင်းသို့ တိုက်ရိုက်ဝင်သွားကာ ဗီဒိုကို ဖွင့်၍ အံဆွဲများကြားတွင် လှန်ပြန်ရှာဖွေနေသည်။
ယန်ချန့်ရွှမ် သူ့နောက်မှလိုက်လာခဲ့ပြီး " မင်းဘာတွေရှာနေတာလဲ.."
ကျိုးကျင်ဟမ့်ခေါင်းပင်မော့မလာခဲ့ပေ " နိုင်ငံကူးလက်မှတ်…"
" မင်းနိုင်ငံခြားသွားမလို့လား…"
" ယီဟွေ့က ဟန်းနီးမွန်းအတွက် ကြိုတင်စာရင်းပေးထားတယ်…"
" ဟန်းနီးမွန်း…အဲ့ဒါက မင်းတို့လက်ထပ်ပြီးမှ သွားရမှာမဟုတ်ဘူးလား.. မင်းတို့တရားဝင်စာရွက်စာတမ်းတွေမယူထားဘူးလို့ ထင်တာ…"
ယန်ချန့်ရွှမ်ကိုပြောလိုက်ပြီးနောက် ကျိုးကျင်ဟမ့် တစ်စုံတစ်ခုကို သတိရသွားကာ သူတို့၏အိုင်ဒီကဒ်များကို ထပ်မံရှာဖွေနေပြီး သူ၏အသံထဲတွင် အလင်းရောင်အနည်းငယ်ပါဝင်နေသည် " ငါကဒီနှစ်ဆို ၂၂နှစ်ပြည့်ပြီလေ လက်ထပ်လို့ရပြီ…"
သူ၏အိုင်ဒီကဒ်မှာ အလျင်အမြန်ရှာတွေ့ခဲ့သော်လည်း ယီဟွေ့၏ကဒ်မှာမူ တစ်နေရာရာတွင် ပျောက်ဆုံးနေခဲ့သည်။ ကျိုးကျင်ဟမ့် ၎င်းကို ပြာပြာသလဲလဲရှာဖွေလိုက်ပြီး အံဆွဲအချို့ကို ဆွဲထုတ်ကာ ကြမ်းပေါ်သို့ မှောက်သွန်ချပြီး ပစ္စည်းများကို နေရာအနှံ့ပြန့်ကြဲစေခဲ့သည်။
ကျိုးကျင်ဟမ့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချကာ မည်သည့်စကားကိုမျှမကြားနိုင်သကဲ့သို့ အပူတပြင်းဖြစ်နေသည်ကို မြင်နေရသဖြင့် ယန်ချန့်ရွှမ် ထိုအတိုင်းရပ်ကြည့်မနေနိုင်တော့ဘဲ အခန်းထဲသို့ အမြန်ပြေးဝင်လိုက်ပြီး ကျိုးကျင်ဟမ့်၏လက်မောင်းကိုဆွဲ၍ သူ့ကိုဆွဲထူလိုက်သည် " ကျင်ဟမ့် မင်းရူးနေပြီလား..သူကသေသွားပြီလေ မင်းဘယ်လိုလုပ် သူ့ကိုလက်ထပ်ပြီး ဘယ်ဟန်းနီးမွန်းကို သွားမှာလဲ…"
ကျိုးကျင်ဟမ့် ပြင်းထန်စွာ အသက်ရှုထုတ်လိုက်ပြီး " သူမသေသေးဘူး.." ဟု ပြောလိုက်မည့်အချိန်တွင် မိန်းမောနေရာမှ ပြန်လည်သက်သာသွားကာ သူယခင်က ဂရုမစိုက်ခဲ့သော ရှုပ်ပွနေသည့်အိမ်ကို ကြည့်လိုက်သည်။
ကျိုးကျင်ဟမ့်၏နှုတ်ခမ်းများ လှုပ်ရှားလာပြီး သူ၏လည်ဇလုပ်မှာ ရွေ့သွားကာ ပြောလာခဲ့သည် " သူသွားချင်တာလေ..သူကသူသွားချင်တယ်ဆိုပြီး တောက်လျောက်ပြောနေတာ…ငါ.. ငါသူ့ကို ဟိုးအရင်တုန်းထဲက ခေါ်သွားခဲ့သင့်တာ…"