အပိုင်း ၁၂.၂
Viewers 13k

Chapter 12.2
ထွက်ခွာမည့်နေ့တွင် ကျိုးကျင်ဟမ့် ရှောင်လင်းကိုခေါ်ကာ သူ၏အိတ်ကိုထုတ်ပိုးစေပြီး ကုမ္မဏီမှ ခွင့်နှစ်ရက်မျှထပ်ယူပေးရန်ပြောလိုက်သည်။
သူ၏အိုင်ဒီတစ်ခုတည်းနှင့် လဲလှယ်ရန် အဝတ်အစားအနည်းငယ်ကိုသာ သယ်ဆောင်လာသဖြင့် အိတ်မှာ နေရာအတော်လစ်ဟာနေသည်။ ကျိုးကျင်ဟမ့် ကုတင်ခေါင်းရင်းမှ ဒိုရာအေမွန်အရုပ်ကိုယူကာ ခဏမျှကြည့်လိုက်ပြီးနောက် အဆုံးတွင် အိတ်ထဲသို့ ထည့်လိုက်လေသည်။
သူသွားရောက်ခဲ့သောနေရာမှာ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဟန်းနီးမွန်းအတွက်ကျော်ကြားသော ကျွန်းတစ်ခုဖြစ်ပြီး သူနှင့်အတူ အခြားစုံတွဲနှစ်တွဲလည်းရှိနေခဲ့ကာ ကျိုးကျင်ဟမ့်မှာ တစ်ကိုယ်တည်းဖြစ်နေသဖြင့် သူတို့အားလုံး သူ့ကို အံ့ဩတကြီးကြည့်နေခဲ့သည်။
သို့သော်လည်း ထိုအရာမှာ အရေးမပါလှချေ။ လေယာဉ်အတူစီးချိန်မှလွဲ၍ ခရီးအဆုံးအထိ သူတို့အတူရှိမည်မဟုတ်ပေရာ ကျိုးကျင်ဟမ့်၏စိတ်မှာ ကြည်လင်နေခဲ့သည်။ လေယာဉ်ဆိုက်ချိန်၌ မသိစိတ်မှ သူ၏ဘေးရှိလူကို လှမ်းဆွဲလိုက်သော်လည်း မည်သူမျှမရှိသည်ဖြစ်ရာ သူ့၏ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် ဘေးတွင်ရှိသည့် ခုံအလွတ်မှာ ကျိုးကျင်ဟမ့်အဖို့ အမှန်တကယ်အထီးကျန်ခြင်းကို ခံစားရပေသည်။
လွန်ခဲ့သည့်သုံးနှစ် သူတို့လက်ထပ်ပြီးချိန်တွင် Sမြို့မှာ မြို့တော်သို့လေယာဉ်စီး၍ လာခဲ့ဖူးသည်။ ယီဟွေ့မှာ သူ၏ဘေးတွင်ထိုင်နေကာ လေယာဉ်ဆင်းချိန် အသံကျယ်ကြီးကြောင့် ထိတ်လန့်နေခဲ့ဖူးသည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေကာ မျက်လုံးများကို တင်းကြပ်စွာပိတ်ထားပြီး ကျိုးကျင်ဟမ့်၏လက်ကို စကားတစ်ခွန်းမျှ မဆိုပါဘဲ ဆုပ်ကိုင်ထားခဲ့သည်။
ထိုအချိန်၌ ကျိုးကျင်ဟမ့် ၎င်းမှာ ရယ်စရာကောင်းသည်ဟု ထင်မိခဲ့ဖူးသည်။ သူအချိန်ကြာသည်အထိ ရုန်းကန်ပြီးချိန်မှာပင် သူ၏လက်ကို ပြန်မရုတ်နိုင်ခဲ့ပေ။ ကျိုးကျင်ဟမ့် အခြားလက်တစ်ဖက်ကိုဆန့်ကာ ယီဟွေ့၏ခေါင်းကိုတွန်းလိုက်ပြီး " ဟေးး ဒါကအရမ်းကြောက်ဖို့ကောင်းလို့လား.."
လေယာဉ်မှာ ချောမွေ့စွာ မဆင်းသက်ခင်အထိ ယီဟွေ့ ပြန်မဖြေခဲ့ချေ။ ထို့နောက်မှသာ သက်ပြင်းတစ်ချက်ချကာ သူ၏လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည် " ငါကြောက်တယ်…ဒါကကြောက်စရာကြီး…"
ကျိုးကျင်ဟမ့် အဖြေမရှာနိုင်ခဲ့ပေ " ဒါဆို မင်းပုံမှန်ဘယ်လိုလေယာဉ်စီးလဲ…"
ယီဟွေ့ ခေါင်းကိုငုံ့ကာ အရှက်သည်းစွာဖြင့် ပြန်ဖြေလာသည် " ဒီအတိုင်း.. ဒီတိုင်းမျက်လုံးကိုမှိတ် လက်သီးဆုပ်ပြီးသည်းခံလိုက်တာပဲ.. ဒါဆိုရင်ပြီးသွားကော…"
ကျိုးကျင်ဟမ့် ပို၍ပင် နားမလည်နိုင်ဖြစ်လာရကာ " ဒါဆို အခုဘာလို့ ငါ့လက်ကို ကိုင်ထားတာလဲ…"
ထိုအချိန်၌ ယီဟွေ့မှာ သွေးများပင်ထွက်လာတော့မတတ် ရှက်နေခဲ့ပြီး စကားတစ်ခွန်းထပ်ပြောလျှင်ပင် အရှက်ရမှုကြောင့် မူးလဲတော့မလို ဖြစ်သွားခဲ့သည်။ သူခေါင်းကိုယမ်းကာ ထပ်မံစကားပြောရန် ပြတ်ပြတ်သားသား ငြင်းပယ်လာခဲ့သည်။
ယခုအချိန်တွေးကြည့်မှပင် ထိုအချိန်မှာ ကျိုးကျင်ဟမ့်မှာ တစ်စုံတစ်ဦး၏အကြောက်ရဆုံးအချိန်တွင် မှီခိုခြင်းခံရသည်ဆိုသော အရာကိုနားလည်နိုင်၏လားဟု တွေးနေမိသည်။
အစတည်းကပင် ယီဟွေ့သည် သူ၏ယုံကြည်မှုအားလုံးကိုပေးအပ်ခဲ့ကာ သူ့တစ်ယောက်တည်းကိုသာယုံကြည်ပြီး မည်သူကိုမျှ မယုံခဲ့ချေ။
လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ဒေသခံလမ်းပြနောက်မှ ဟိုတယ်သို့လိုက်သွားကာ အိတ်များကိုချထားလိုက်သည်။
အရာအားလုံးအခြေကျသွားချိန်တွင် ကျိုးကျင်ဟမ့်ပြတင်းပေါက်များကိုဖွင့်လိုက်ရာ ဆားငန်ပါသည့်လေပြေလေညှင်းမှာ အိမ်အတွင်းသို့ ဝင်ရောက်လာသည်။ အဆုံးမှသာ သူ့ထံတွင် အချိန်များရပ်တန့်သွားပြီး သူ၏ရှေ့မှ အသက်ရှုမှားလောက်သည့်မြင်ကွင်းကို ခံစားနေမိလေသည်။
ပြတင်းပေါက်ရှေ့တွင် အချိန်ခဏမျှ ရပ်နေပြီးမှ ကျိုးကျင်ဟမ့် ရုတ်တရက်ပြုံးမိသွားသည်။ သူယီဟွေ့၏နိုင်ငံကူးလက်မှတ်မှာ လွန်ခဲ့သောနှစ်များထဲက သက်တမ်းမတိုးရသေးသည်ကိုမှတ်မိသွားပြီး ယခုအချိန်တွင် သက်တမ်းကုန်နေလောက်ပေမည်။ ထိုသူမှာ ရူးမိုက်စွာဖြင့် နိုင်ငံခြားခရီးကို ဘွတ်ကင်ယူထားခဲ့ပြီး သူထွက်ခွာမည့်အချိန်မှသာ ထိုအကြောင်းကိုသိသွားပါက နေရာတွင်ပင် အော်ငိုပေလိမ့်မည်။
ထိုသို့တွေးရင်းမှ သူ၏အပြုံးများရပ်တန့်သွားခဲ့သည်။ ယီဟွေ့ခရီးသွားရန် စီစဉ်ထားသောရက်မှာ ဩဂုတ်လ၂၂ရက်ဖြစ်ပြီး သူ၏မွေးနေ့အပြီးတွင်ဖြစ်သည်။ ယီဟွေ့ နွေဦးတစ်ခုလုံးတွင် ခုန်ပေါက်ပြေးလွှားကာ နွေရာသီကိုစောင့်ဆိုင်းနေခြင်းမှာ မဆန်းပေ။ သူ့ကိုနွေရာသီတွင် ဘာလုပ်ချင်သလဲဟု မေးကာ ထူးဆန်းစွာပြုမူနေပြီး ပြောရန်ငြင်းပယ်နေခဲ့သည်။ ယီဟွေ့မှာ သူ၏မွေးနေ့အတွက်ပြင်ဆင်နေခြင်းဖြစ်သည်။ ပန်းချီကား၊ အိမ်နှင့်သူတို့၏နောက်ကျနေသောဟန်းနီးမွန်းအထိပင်။
ကျွန်းမှာ လူဦးရေနည်းပါးပြီး တိတ်ဆိတ်ငြိမ်သက်ကာ သက်တောင့်သက်သာရှိသည်။ ကျိုးကျင်ဟမ့် တစ်ယောက်တည်းစားသောက်ကာ အိပ်စက်ခဲ့ရလေသည်။ သူမစားနိုင် မအိပ်နိုင်သည့်အချိန်များတွင်မူ တံခါးရှေ့တွင်ရပ်ကာ ပင်လယ်ကိုသာ ကြည့်နေခဲ့လေသည်။
အချိန်အများစုတွင် သူသည်အနားယူနေသည့်အဆင့်တွင်ရှိနေပြီး မည်သည့်အရာကိုမျှ မတွေးရဲပေ။ သူယခင်က မကြည့်ခဲ့ဖူးသော မှတ်ဉာဏ်အတွင်းပိုင်းတွင် နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် ပုံရိပ်များပေါ်လာမည်ကို ကြောက်ရွံ့နေမိသည်။ ထိုမှတ်ဉာဏ်များမှာ အလွန်နည်းပါးလှပြီး သူအလွန်လောဘကြီးမိမည်ကို စိုးရိမ်နေကာ တစ်ကြိမ်တည်းဖြင့် အကုန်သုံးမိသွားပြီး အနာဂတ်တွင်မည်သည့်အရာမျှမကျန်ရစ်တော့မည်ကို ကြောက်ရွံနေသည်။
သို့သော်လည်း ယီဟွေ့နှင့်ပတ်သက်နေသော မှတ်ဉာဏ်အသစ်တစ်ခု ရလာမည်ကိုမူ သူမထင်ထားခဲ့မိပေ။
ခရီး၏နောက်ဆုံးညတွင် ကျိုးကျင်ဟမ့် ဝန်ထမ်းတစ်ဦးမှ သူ့ကိုလာ၍ အခန်းကိုစောစောပြန်အနားယူရန် ပြောမလာခင်အထိ ပင်လယ်နားတွင် တစ်ဦးတည်းထိုင်နေမိသည်။ သူတစ်ဖြည်းဖြည်းနှင့် ပင်လယ်ဘေးရှိတဲသို့ပြန်ရောက်ချိန်မှသာ တစ်စုံတစ်ခုမှာ လွဲမှားနေသည်ကို သတိပြုမိသွားသည်။
တံခါးကို တွန်းဖွင့်လိုက်ချိန်၌ မှိန်ပြပြမီးရောင်ဖြင့် အကြိုဆိုခံလိုက်ရသဖြင့် သူ့ထံတွင် ကြိုတင်သတိပေးချက်ရှိနေသကဲ့သို့ အခန်းတွင်းအမြန်ပြေးသွားလိုက်ချိန်တွင် သူ၏မျက်လုံးများကိုပင် တောက်လောင်စေနိုင်မည့် ဖယောင်းတိုင်များနှင့် အနီတောက်တောက်နှင်းဆီပွင့်ဖတ်များမှ ကြိုဆိုခြင်းကိုခံလိုက်ရသည်။
သို့သော်လည်း လှုပ်ရှားနေသည့်စိတ်မှာ မုန်တိုင်းဝင်လာပြီး ပြန်ထွက်သွားသကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ကုတင်ပေါ်တွင် အဖြူရောင်ပန်းစည်းတစ်စည်းကို မြင်လိုက်ရပြီး အလယ်တွင် ကျွန်းပေါ်ရှိဟိုတယ်၏အမှတ်အသားပါဝင်သော စာအိတ်တစ်ခုရှိနေခဲ့သည်။ ကျိုးကျင်ဟမ့် မည်သည့်အရာများဖြစ်ပျက်နေသည်ကို ခန့်မှန်းလိုက်မိပြီးနောက် သူ၏နှလုံးခုန်နှုန်းမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေသည်။
ယီဟွေ့မှာ အရာအားလုံးကို လိုရမယ်ရကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဤခမ်းနားသောစပရိုက်ပင်ပါဝင်နေခဲ့သည်။
[ ချစ်ရပါသော ယောင်္ကျားရေ ပျော်ရွှင်စရာမွေးနေ့ပါနော်..
မင်းဒီခရီးကို သဘောကျရဲ့လား…ဒီနေရာကအရမ်းတိတ်ဆိတ်တယ်လို့ ငါကြားခဲ့ဖူးတယ်…ငါအရင်နေ့တွေတုန်းက မင်းကို မနှောင့်ယှက်သင့်ဘူးမဟုတ်လား.. ငါနှောင့်ယှက်ခဲ့မိတယ်ဆိုရင် အခုခွင့်လွှတ်ပေးတာကို တောင်းဆိုဖို့ဒီရောက်နေပြီလေ … ငါတောင်းပန်ပါတယ်နော်…ငါမင်းကို စိတ်မတိုခဲ့သင့်ဘူး…
ပြီးတော့ မင်းအနီရောင်တွေမကြိုက်တာကို ငါသိပါတယ်.. ဒါပေမယ့်လည်းလေ နှင်းဆီပန်းတွေက အချစ်ကိုဖော်ကြူးပေးတဲ့အရာဆိုတော့ ဒီတစ်‌ခါလေးတော့သုံးလိုက်မယ်နော် အဆင်ပြေတယ်မလား…
မင်းမှတ်မိရဲ့လား.. ငါတို့လက်ထပ်ထားတာ သုံးနှစ်တောင်ရှိနေပြီတဲ့…
အချိန်တွေကုန်တာအရမ်းမြန်တာပဲ..တော်တော်များများလည်း ပြောင်းလဲသွားခဲ့ပြီလေ… မင်းကအရပ်ပိုရှည်လာပြီးတော့ ပိုချောမောလာတယ်… မင်းမှာ ပရိသတ်တွေ အများကြီး အများကြီးရလာပြီး ရုပ်ရှင်ကောင်းတွေလည်း အများကြီးရိုက်ခဲ့ရတယ်နော်…
ဒါပေမယ့် မပြောင်းလဲသေးတဲ့အရာတွေလည်း အများကြီးရှိနေပါသေးတယ်…ဥပမာပြောရရင် ငါမင်းကိုအရမ်းသဘောကျနေတာမျိုးပေါ့.. ဒါကတော့ လုံးဝမပြောင်းလဲသွားဘူးနော် နည်းနည်းလေးတောင်မှပဲ…
အစ်ကိုပြောတာကို ကြားခဲ့ရတာ တရားဝင်စာရွက်စာတမ်းတွေမပါပဲနဲ့ ငါတို့ကတကယ့်မိသားစုဆိုပြီး ယူဆလို့မရဘူးတဲ့.. ဒါကြောင့် ငါမင်းကိုလက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်လိုက်တာ…
ငါမင်းဘက်ကတောင်းလာမှာကိုစောင့်ချင်ပေမဲ့လည်း မင်းကအရမ်းအလုပ်များနေတယ်လေ … တကယ်လို့ မင်းမေ့နေရင်ကောဘယ်လိုလုပ်မတုန်း…
ငါကမင်းထက်အသက်ကြီးတယ်ဆိုတော့လည်း ငါ့ကိုပဲ လက်ထပ်ခွင့်တောင်းဖို့ ခွင့်ပြုပါတော့နော်…
မင်းအဆင့်သင့်ဖြစ်ပြီလား..ခဏနေရင်စတော့မှာနော် ]
စာမှာ အတော်အတန်ရှည်လျားပြီး တစ်စောင်လုံးတွင် ယီဟွေ့၏ကလေးဆန်သောလက်ရေးများပြည့်နေခဲ့သည်။
စာကို ကြည့်နေစဉ်မှာပင် ကျိုးကျင်ဟမ့်၏နှလုံးသားမှာ တင်းကြပ်လာရသည်။ သူ၏ရင်ဘတ်တွင်ပိတ်ဆို့ထားသကဲ့သို့ အသက်မရှုနိုင်ဖြစ်နေခဲ့ရကာ စာရွက်ကိုလှန်၍ပင် ဆက်လက်မဖတ်နိုင်‌ဖြစ်နေရသည်။
စာရွက်ကိုလှန်ရန် အားအနည်းမျှစိုက်ထုတ်လိုက်ရပြီးနောက် အချို့သောစာကြောင်းများကို ဖတ်ရှုပြီးချိန်တွင် ကျိုးကျင်ဟမ့်၏လက်မှာ ပြေလျော့သွားကာ စာသည် ကုတင်ပေါ်ရှိ ပန်းပွင့်ချပ်များအတွင်း ကျဆင်းသွားရလေသည်။
ဖယောင်းတိုင်မှ မီးအလင်းရောင်မှာ စာရွက်ပေါ်သို့ ဖြာကျနေပြီး တစ်မျက်နှာလုံးတွင် နှစ်ကြောင်းသာပါဝင်သည့်စာပေါ်သို့ ရောင်ပြန်ဟပ်နေခဲ့သည်။
[ လူကြီးမင်းကျိုးကျင်ဟမ့် ကျေးဇူးပြုပြီး ငါ့ကိုလက်ထပ်ပါ…မင်းကိုချစ်သော ဒီယီဟွေ့မှ…]
အရူးလေးမှာ အချိန်တိုင်းလိုပင် သူ့ကိုယ်သူ ဟွေ့ဟွေ့ဟွေ့ဟွေ့ ဟုသာ သုံးနှုန်းလေ့ရှိပြီး ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ယောင်္ကျားတစ်ယောက်ကို လက်ထပ်ခွင့်တောင်းရန် သူ၏နာမည်ကို လေးနက်စွာရေးသားခြင်းဖြစ်သည်။
ကျိုးကျင်ဟမ့် ပန်းများအပြည့်ဖြင့် အခန်းထဲတွင် ဖယောင်းတိုင်များ တစ်တိုင်ပြီးတစ်တိုင်လောင်ကျွမ်းသွားကာ လွန်ခဲ့သောခဏအတွင်းရှိခဲ့သည့် ရင်သပ်ဖွယ်ရှုခင်းမှာ လုံးဝကွယ်ပျောက်သွားသည်အထိ အချိန်အတန်ကြာ တစ်ဦးတည်း‌ရပ်နေမိသည်။
သူ၏လက်များဖြင့် မျက်နှာကိုဖုံးအုပ်လိုက်ချိန်တွင် အချိန်အတန်ကြာအထိ ထိန်းထားခဲ့ရပြီးနောက် အဆုံးတွင် အမှောင်အတွင်း ဖွင့်ထုတ်လိုက်ပစ်သကဲ့သို့ မျက်ရည်များမှာ သူ၏လက်များကြားမှ ကျဆင်းလာခဲ့သည်။
မျက်ရည်စက်အချို့မှာ စာပေါ်သို့ကျဆင်းသွားပြီးနောက် ကျိုးကျင်ဟမ့် အသက်တစ်ချက်ရှိုက်လိုက်ပြီး အသိအမှတ်ပြုကာ တုန်ယင်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်
" ကောင်းပါပြီ…"
.........
ညဘက်အချိန်သည် ကမ္ဘာ့တောင်ဘက်ရှိ ကျွန်းပေါ်သို့ရောက်ရှိနေချိန်တွင် နိုင်ငံ၏တောင်ဘက်တွင်မူ ညနေခင်းသာရှိနေသေးသည်။
ဆေးရုံပြတင်းပေါက်များမှာ အနောက်မြောက်ဘက်သို့ မျက်နှာမူထားကြသည်။ နေလုံးကြီးမှာ နေ့တစ်နေ့၏အကောင်းဆုံးအချိန်တွင်ရှိနေပြီး ပြတင်းပေါက်ကို ဖွင့်လိုက်မည်ဆိုပါက ပြတင်းပေါက်တွင်ထိုင်နေသည့်လူငယ်လေး၏ခေါင်းပေါ်သို့ နေရောင်ဖြာကျနေကာ နူးညံ့သောရောင်ပြန်ဟပ်မှုမှာ သူ၏ခပ်ပွပွ‌နှင့်ကောင်းမွန်သည့်ဆံပင်များ‌ပေါ်ရောက်နေသည်ကို မြင်ရပေမည်။
" မင်းရေးပြီးပြီလား…" လူတစ်ဦးမှာ စားပွဲဆီသို့ လျှောက်ဝင်လာသည်။
ယီဟွေ့ သူ၏မှောက်ကာရေးနေသည့်စာရေးပုံကို ထိန်းထားကာ ဘောပင်ကိုမချလိုက်ခင်အထိ နောက်ဆုံးစာလုံးများကို ဂရုတစိုက်ရေးနေခဲ့သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချ၍ " ပြီးပြီ…"
ဒေါက်တာလျှို သူ၏ဆန့်ကျင်ဘက်တွင်ထိုင်ကာ စာအုပ်ကိုလှန်လိုက်ပြီး " အချိုပွဲ၊ပန်းချီကား၊ ပန်းစိုက်တာနဲ့ အရုပ်ကောက်တာ…တခြားမရှိတော့ဘူးလား…"
ယီဟွေ့ နားမလည်နိုင်စွာဖြင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး " ဘာရှိရမှာလဲ…"
ဒေါက်တာလျှိုမှ ရှင်းပြလာသည် " အက်ဆေးရဲ့ခေါင်းစဉ်က ငါဘာကြိုက်လဲ ဆိုတာလေ…မင်းကြိုက်သမျှအကုန်ရေးချလို့ရတယ် လူတွေအပါအဝင်ပေါ့…"
ယီဟွေ့ ခဏကြာ တွေးလိုက်ပြီးနောက် " အဲ့ဒါဆို အမေနဲ့အစ်မတွေထည့်လိုက်မယ်…"
" တခြားမရှ်ိတော့ဘူးလား…"
" ဟင့်အင်း…"
" သေချာလား မကျန်တော့တာ…"
ယီဟွေ့ အမေးခံလိုက်ရချိန်တွင် ကြောင်အနေခဲ့သည်။ ထို့နောက်မှ ခေါင်းကိုယမ်းကာ " သေချာတယ် ထပ်မရှိတော့ဘူး…"
ဒေါက်တာလျှို ပြုံးလိုက်ကာ မေးခွန်းများထပ်မေးလာခြင်းမရှိတော့ပေ။
ယနေ့မှာ စိတ်ကျန်းမာရေးဆွေးနွေးခြင်း၏နောက်ဆုံးနေ့ဖြစ်သည်။ ယီဟွေ့ ဘောပင်အဖုံးကို ဖုံးလိုက်ကာ ဘောပင်ထားသည့်နေရာတွင် ပြန်ထားလိုက်သည်။ သူထရပ်ကာ တံခါးဆီသို့ လျှောက်သွားတော့မည့်အချိန်တွင် ယီဟွေ့ရပ်တန့်သွားကာ ဆုံးဖြတ်ချက်ချထားပြီးသည့်ပုံဖြင့် မေးလာသည် " ဒေါက်တာလျှို အရင်အချိန်တုန်းက မေးခဲ့တဲ့မေးခွန်းရဲ့အဖြေကို အခုဖြေပေးလို့ရလား…"
ဒေါက်တာလျှိုမှာ သူပြန်လှည့်ကာ ပြောလာမည်ကို မျှော်လင့်ထားပြီး ဖြစ်သကဲ့သို့ ထိုင်ခုံမှပင် ထမလာဘဲ လက်ယပ်ခေါ်လိုက်ပြီး " ဒါပေါ့ ဒီကိုလာထိုင်ပါဦး…"
ယီဟွေ့ပြန်ထိုင်ချလိုက်သည်။ သူ၏သတ္တိကို အားနည်းစေသည့်အရာကို မြင်နေရခြင်းမှာ မလွယ်ကူလှချေ။ သို့သော်လည်း သူကြိုးစားရမည်ဖြစ်ပြီး သူပြောရမည်ပင်။ ထိုသူကို‌တွေးမိချိန်တိုင်း သူ၏နှလုံးသားမှာ နာကျင်ကိုက်ခဲလာလျှင်ပင် သူလုပ်ရပေမည်။
အခန်းမှာ တိတ်ဆိတ်နေပြီး ထိုတိတ်ဆိတ်မှုမှာ သူ၏နာကျင်ခဲ့ရသောမှတ်ဉာဏ်များကို နှုတ်ဆက်မည့်အချိန်တွင် သူ့ကိုအဖော်ပြုပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဆယ်မိနစ်ကျော်ကြာသွားပြီးနောက် အဆုံးတွင် ယီဟွေ့သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏ခေါင်းကိုမော့လာချိန်၌ ယီဟွေ့၏မျက်လုံးများမှာ တုန့်ဆိုင်းနေခြင်းမရှိတော့ပေ။
ယီဟွေ့မှ ပြောလာသည် " ကျွန်တော် သူ့ကိုမေ့သွားချင်တယ်…"
Xxxxxxxxc