အပိုင်း ၁၃.၁
Viewers 11k

Chapter 13.1
" မေ့ပျောက်ခြင်း " ဟူသောစကားလုံးက ပြောထွက်ရန် လွယ်သော်လည်း ပြုလုပ်ရန် မလွယ်ကူလှပေ။
ဤစကားလုံးကို ပြောလိုက်ချိန်တိုင်း ယီဟွေ့မှာ စွန့်ပစ်ခံရမည့် အတိတ်က သူ့ကိုယ်သူ တွေးမိသည်။ သူ့အမေဆုံးသွားခဲ့သည်နှင့် အဖေဖြစ်သူကလည်း လျစ်လျူရှု့ထားခဲ့ပြီး သူ သေဆုံးရတော့မည်ကို သိချိန်တွင်လည်း အလွန်ကြောက်လန့်နေခဲ့ရသည်။ သို့ရာတွင် ယခုအချိန်၌ ပြန်တွေးတောမိသောအခါ သူက စွန့်ပစ်ခံရမည်ထက် မေ့လျော့ခံရမည်ကို ပိုကြောက်နေခဲ့ခြင်းပင်။
သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အတွက် ဝမ်းနည်းနေမည်ကို သူ မဖြစ်စေချင်ခဲ့ပေ။
ထိုအချိန်က သူ့အစ်ကိုကို စာပို့ခဲ့စဉ်တွင် တစ်ယောက်တည်းသာ တိတ်တဆိတ်ထွက်သွားရန်အတွေး ရှိခဲ့သည်။ ယခု ပြန်တွေးကြည့်သောအခါမှသာ ထိုစာက အချည်းနှီးဖြစ်သော ရုန်းကန်မှုဖြစ်ကြောင်း သိလာခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူတို့သိသွားကြမည်သာ။ သို့ရာတွင် သူက ယခုချိန်၌ ဘဝသစ်တစ်ခု စတင်နေပြီဖြစ်ရာ သူတို့၏ဘဝက သူ့ကို လာရောက်မဟန့်တားနိုင်ရန် မျှော်လင့်နေမိသည်။
သူက သူတို့၏ဘဝထဲ ခဏတာ ဖြတ်သန်းသွားရုံသာဖြစ်စေချင်ခဲ့သည်။ သူ ထွက်ခွာသွားခြင်းက သူတို့ကို ခဏတာ ဝမ်းနည်းပက်လက်ဖြစ်စေသော်လည်း လှပသောဘဝများကိုမူ မသက်ရောက်စေသင့်ပေ။
ဒေါက်တာလျှိုက ကျိုးကြောင်းသင့်လျော်စွာဖြင့် ဆွေးနွေးပေးပြီးနောက် စဉ်းစားချင့်ချိန်ပြီး ဆန်းစစ်ခြင်းက ကူညီနိုင်မည်ဟုပြောသော်လည်း အဓိကအချက်က သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုဖြစ်သည်။ သို့ဖြစ်၍ ယီဟွေ့က စိတ်အားတက်ကြွစွာဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ နေ့စဉ်ဘဝမှစ၍ သူ၏ဘဝအသစ်ထဲ တဖြည်းဖြည်း ဝင်ရောက်လာနိုင်အောင်ကြိုးစားပြီး ယခင်က ရှောင်ရှားခဲ့သည့် အခက်အခဲများကို ကျော်လွှားရန် ကြိုးပမ်းလိုက်သည်။
ဥပမာအားဖြင့် လူတစ်ယောက်၏ပုံကိုဆွဲရန် စုတ်တံကိုပင် မမြှောက်နိုင်သည့်စိတ်ကို ဖြစ်သည်။
အချိန်အတန်ကြာအောင် တွေးတောနေပြီးသည့်နောက်တွင် ယီဟွေ့က သူ့ညီမလေး ကျန်းယီမန့်ကို မော်ဒယ်အဖြစ် ခေါ်လိုက်သည်။
ကျောင်းဖွင့်ခါစအချိန်ဖြစ်၍ အားလပ်နေသည့် ကျန်းယီမန့်က ချည်ထိုးရန် အချိန်ပင် လုံလုံလောက်လောက်ရနေခဲ့ပြီး ယီဟွေ့က သူမကို မော်ဒယ်အဖြစ် ဖိတ်ခေါ်ချိန်တွင် ချည်ထိုးခြင်း အတော်အတန်ပင် ပြီးစီးသွားခဲ့ပြီဖြစ်သည်။
မူလက သူမ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင်မှ အစ်ကိုဖြစ်သူက သူမ၏ အလှတရားကို သိရှိသွားသည်ဟု ပြောခဲ့ပေသည်။ သို့သော် တစ်နေရာတည်းတွင် မလှုပ်မယှက်ဖြင့် နေ့တစ်ဝက်ခန့် ထိုင်ပြီးသောအခါ သူမ သည်းမခံနိုင်တော့ပေ။ သမ်းဝေလျက်ဖြင့် ခေါင်းကို နံရံတွင်မှီထားပြီး "ပြီးတော့မှာလား" ဟူသည့်စကားကိုသာ ထပ်ခါထပ်ခါ မေးနေခဲ့သည်။
" မပြီးသေးဘူး ခဏနေပါဦး..."
ယီဟွေ့က ပုံဆွဲရာတွင် နှေးကွေးလွန်းလှ၍ ပုံကြမ်းပင် ဆွဲမပြီးသေးပေ။ သို့ရာတွင် ကျန်းယီမန့်က သူ့ကိုလောလေ သု့လက် ပိုတုန်လာလေဖြစ်သည်။ မျဉ်းကွေးများကို ချောမွေ့စွာဆွဲရန် ပြင်လိုက်လေ လေးထောင့်ကျကျဖြစ်သွားလေ ဖြစ်နေသည်။
၎င်းက ပန်းချီအဆွဲလွန်နေသူတစ်ယောက်၏ "လက်ကျန်သက်ရောက်မှု" ဖြစ်သည်။ ထိုစဉ်အချိန်က ထိုလူကို ပြီးပြည့်စုံသည့် ပုံတစ်ပုံပေးနိုင်ရန် ယီဟွေ့က စတူဒီယိုထဲတွင် တစ်နေကုန် လေ့ကျင့်ခဲ့ရသည်။ ဗီရိုတစ်ဝက်ခန့်တွင် သူ ရေးခြစ်ထားသော ပုံကြမ်းများဖြင့် ပြည့်နေခဲ့သည်။
ထိုစဉ်အချိန်က ယီဟွေ့၏ စိတ်နေစိတ်ထားမှာ အလွန်ရိုးစင်းလှသည်။ သူတို့ပထမဆုံးတွေ့စဉ်အချိန်က ထိုလူက သူ့ကို ပုံတူတစ်ခုတောင်းခဲ့သည်ကိုသာ သူ သတိရတော့သည်။ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးချင်သော်လည်း ထိုလူလိုချင်သည့် ပုံတူက မည်သူ၏ပုံဖြစ်မည်ကို သူ မတွေးခဲ့မိပေ။ အကယ်၍ သူ ရေးဆွဲထားခဲ့သည့်ပုံတူကို ထိုလူမြင်ခဲ့မည်ဆိုပါက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်ခဲ့မည်ဖြစ်သည်။
သူ၏ သုံးနှစ်တာ စွဲလန်းမှုက ထိုလူ၏မျက်လုံးထဲတွင်မူ ဟာသတစ်ခုထက် မပိုခဲ့ပေ။ သူ လူ့ဘဝမှ ထွက်ခွာသွားသည်က ထိုလူအတွက် စိတ်အေးသွားစရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
မတွေးတောသင့်သည့်အကြောင်းများကို ပြန်လည်တွေးမိသွား၍ ယီဟွေ့ ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်းရှုကာ သူ့ရှေ့မှပုံအပေါ်တွင်သာ အာရုံစိုက်နေလိုက်သည်။
ပန်းချီဆွဲရန် မော်ဒယ်လုပ်ပေးနေသူမှာ အိပ်ပျော်ခါနီးဖြစ်နေပြီး မေးကိုလက်ထောက်ထားလျက် ပန်းချီဆရာကိုပင် မျက်နှာမမူထားနိုင်တော့ပေ။ သူမ မျက်လုံးများက အချိန်တိုင်း ပိတ်ပိတ်သွားပြီးနောက် ရေရွတ်လိုက်သည်။
" အစ်ကိုကြီးကို ညီမလေး အချိန်တစ်နာရီတော့ ထပ်ပေးမယ် ပြီးရင် ပုံတွေကို photoshopလုပ်စရာ ရှိသေးတယ်..."
ယီဟွေ့က သူမ အိပ်ပျော်သွားမည်စိုး၍ ပန်းချီဆွဲနေစဉ် သူမနှင့် စကားပြောပေးနေရသည်။
" ဘာပုံတွေကို photoshopလုပ်မလို့လဲ..."
ထိုအကြောင်းကြားသည့်အခါ ကျန်းယီမန့်က အနည်းငယ် ဆန်းလန်းတက်ကြွသွားပြီး မျက်လုံးနှစ်ဖက်ကိုပွတ်ကာ ခါးမတ်မတ်ထိုင်လိုက်သည်။
" ဟမ့်ဟမ့်ရဲ့ပုံတွေလေ... အရင်တစ်ခေါက်တွေ့ဆုံပွဲတုန်းက ညီမလေး သူ့ဓာတ်ပုံတွေအများကြီးရိုက်လာတာ...မနေ့က တစ်ညလုံးမအိပ်ပဲရွေးတာတောင်မှ ပုံတွေ ရွေးလို့မပြီးသေးဘူး... ဟမ့်ဟမ့်က အရမ်းချောတာပဲ ဘယ်ပုံရွေးရမယ်မှန်းတောင် မသိဘူး..."
ဤကိစ္စက ယီဟွေ့၏ချက်ကောင်းကို ထိသွားသည်။
ယီဟွေ့ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ဒါဆိုရင်လည်း အားလုံးကို photoshopလိုက်လေ..."
ကျန်းယီမန့်က ကောင်းကင်ကြီးကိုမော့ကြည့်ပြီး အော်ပြောလိုက်သည်။
" ဒါဆိုရင် ညီမလေး ခြေကုန်လက်ပမ်းကျသွားမှာပေါ့... အား အဲဒါ ကျိုးကျင်ဟမ့်အမှားပဲ... သူဘာလို့ အရမ်းဆွဲဆောင်မှုရှိနေတာလဲ...သူ ပြုံးနေလည်းချောတယ် ရုပ်တည်ကြီးနဲ့ဆိုရင်လည်းချောတယ် သူ့ဆံပင်ကို နောက်ကကြည့်ရင်တောင် ချောနေတာပဲ..."
ယီဟွေ့က လက်ထဲတွင် စုတ်တံကိုကိုင်ထားလျက် ခဏတာ ရပ်တန့်သွားပြီးမှ နောက်ဆုံးတွင် မော်ဒယ်က ပုံစံတကျဖြစ်သွား၍ သက်ပြင်းချလိုက်မိသည်။ ၎င်းက ဒေါက်တာလျှိုပြောသည့် " နာကျင်ခံစားမှု လျော့ကျသွားစေသောကုသနည်း " ဖြစ်ပေလိမ့်မည်။
၎င်းက အသုံးဝင်ကြောင်း သူသိသွားသည်နှင့် အသုံးချရန် ပြင်လိုက်သည်။
ကျန်းယီမန့်၏စကားအတိုင်း သံယောင်လိုက်ပြီးပြောမည့်အချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။
ကျန်းရွှယ်မေ့က ယခုချိန် အလုပ်လုပ်နေသည်ဖြစ်ရာ အိမ်နီးချင်းတစ်ယောက်ယောက် လာခြင်းဖြစ်သည်ဟု ယီဟွေ့ ထင်လိုက်မိသည်။ သို့ဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်း မမေးတော့ပဲ တံခါးပြေးဖွင့်လိုက်မိသည်။
ထို့နောက်တွင် လာလည်သူ၏ မျက်နှာကို ကွဲကွဲပြားပြား မမြင်ရမီမှာပင် သူ အဖက်ခံလိုက်ရသည်။
" အတန်းဖော်ကျန်းရေ SURPRISE ”
နာရီဝက်ခန့်အကြာတွင် မော်ဒယ်အသစ်ဖြစ်သော ထန်ဝမ်းရှီက လက်ထဲတွင် ရေနွေးခွက်တစ်ခွက်ကိုင်ထားလျက် ကျန်းယီမန့် ထိုင်နေခဲ့သောနေရာတွင် ထိုင်နေသည်။ သူ၏ ကိုယ်နေဟန်ထားက ကျွမ်းကျင်သူ ပီသပေသည်။ သို့ရာတွင် နှုတ်ခမ်းက လှုပ်ရှားနေပြီး အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းက ငြိမ်နေသည်။
" အတန်းဖော်ကျန်း မင်းအိမ်ရဲ့ ပတ်ဝန်းကျင်‌အနေအထားက တကယ်မိုက်တာပဲ... ဒီလိုနေရာမျိုးမှာနေတော့ ဖန်တီးနိုင်စွမ်းအားတွေက ဆူနာမီရေလှိုင်းတွေလို တဝုန်းဝုန်းနဲ့ ရောက်လာမှာပဲမလား... အလိုလေးလေး ငါ့မိဘတွေသာ မြို့တော်မှာမနေရင် ငါလည်း ဒီမှာပဲ အခြေချမှာ... ပန်းချီဆွဲတာ ဘယ်လိုလဲ... ငါ့ကို ချောချောလေးဖြစ်အောင် ဆွဲပေးနော်... အဲ့ ပန်းချီကို ငါနဲ့တူတူယူသွားလို့ရလား... အာ မဟုတ်သေးဘူး ငါ ဓာတ်ပုံရိုက်သွားပြီး သူတို့ကိုပြရမယ်..."
ယီဟွေ့က ပန်းချီဆွဲနေစဉ်တွင် တိတ်ဆိတ်စွာနေရခြင်းကိုသာ နှစ်သက်ပေသည်။ ကျန်းယီမန့်နှင့် စကားပြောနေစဥ်တည်းက သူ့သည်းခံနိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် သူ့အတန်းဖော် ထန်ဝမ်းရှီက ပို၍ ဆူညံပွက်လောရိုက်နေမည်ဟု သူ မထင်ထားခဲ့မိပေ။ သူ ထိုင်လိုက်ချိန်တည်းကစပြီး စက်သေနတ်ပစ်သကဲ့သို့ အဆက်မပြတ် စကားပြောနေခဲ့သည်။ ထိုဆူညံသံများကြောင့် ယီဟွေ့ ခေါင်းကိုက်လာသည်။
သူ့အတန်းဖော်ဟောင်းကို အိမ်လိပ်စာပေးခဲ့မိသည်အား ရုတ်ချည်းနောင်တရလာမိသည်။ ထိုအချိန်က ထန်ဝမ်းရှီမှာ ဓာတ်ပုံအယ်လ်ဘန်တစ်ခု လာပေးမည်ဟု သူ့ကိုမက်ဆေ့ပို့ခဲ့ပေသည်။
သူ ကိုယ်တိုင် လာပို့ပေးမယ်လို့ ဘယ်သူက ထင်မှာလဲ...
ယီဟွေ့က သူ့နှဖူးကို ဘယ်ဘက်လက်ဖြင့်ဖိကာ ပြောလိုက်သည်။
" ငါက ပန်းချီဆွဲလေ့ကျင့်နေရုံပါ... ဆွဲထားတာ သိပ်မကောင်းဘူး ဓာတ်ပုံမရိုက်သွားနဲ့နော်..."
" အဲ့လိုလုပ်လို့ရမလား ငါ ဓာတ်ပုံရိုက်သွားပြီး သူတို့ကိုပြမှာ..."
ထန်ဝမ်းရှီ၏ မျက်လုံးများ ပြူးကျယ်လာသည်။
" အရင်တုန်းကဆိုရင် မင်းပန်းချီတွေက ငါတို့အတန်းထဲမှာ နာမည်အကြီးဆုံးပဲ... အတန်းဖော်တွေက မင်းကို ငွေပေးပြီး ပုံတူပန်းချီတွေ ဆွဲခိုင်းတာတောင် မင်းက ငြင်းတယ်လေ..."
" ဟုတ်လား... ငါ မမှတ်မိတော့ဘူး..."
အဆင့်မြင့်သည့်နေရာတွင် ရှိနေသူများက ရံဖန်ရံခါ မေ့တတ်သည်ဟု ထန်ဝမ်းရှီက ပြောလိုက်သည်။ အတိတ်တွက် ကျန်းယီဟွေ့၏ ကျောင်းမှအကြောင်းများ၊ ဘေးချင်းကပ်လျက် စာသင်ခန်းမှ မိန်းကလေးများက သူ့ကို ရည်းစားစာ ပေးကြသည်များနှင့် သိပ္ပံတက္ကသိုလ်မှ ကောင်လေးတစ်ယောက်ကလည်း သူ့ကိုလိုက်ပိုးပန်းပြီး အတန်းထဲထိ ပန်းစည်းပို့ပေးသည့်အကြောင်းများကို စီကာပတ်ကုံး ပြောပြတော့သည်။
ယီဟွေ့မှာ ထိုကိစ္စများကို ကြုံတွေ့ခဲ့သူက သူကိုယ်တိုင်မဟုတ်သော်လည်း ထိုအကြောင်းများကြားသည့်အခါ မျက်နှာကြီး နီရဲလာပြီး သူ့ကို ထပ်မပြောပြခိုင်းတော့ပေ။
ထန်ဝမ်းရှီက သူ ရှက်သွားသည်ကို တစ်ခါမှ မမြင်ဖူး၍ ပြုံးစစဖြင့် ဆက်ပြောသည်။
" မင်းက ရုပ်ချောတဲ့အပြင် အရမ်းမိုက်တဲ့ ပန်းချီဆရာလေးလေ... အဲ့တော့ ယောက်ျားရောမိန်းမရော မင်းကိုကြိုက်ကြတာ ဆန်းလား... မင်း အဲဒါကို မသိဘူးလို့တော့ မပြောနဲ့နော် မဟုတ်ရင် ယန်ချန့်ရွှမ်က မင်းနဲ့ ပထမဆုံးတွေ့တုန်းက ' မင်းက ငါသိတဲ့လူတစ်ယောက်နဲ့ တော်တော်တူတယ် ' လို့ ပြောပါ့မလား... အမလေး အဲ့လို ခေတ်နောက်ကျနေတဲ့ နည်းလမ်းကြီးတွေက ရိုးနေပြီ..."
ယီဟွေ့က ခံစားလွယ်သူဖြစ်သည့်အပြင် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းနိုင်စွမ်းအားရှိသူဖြစ်သည်။ ယခု သူ၏ ဦးနှောက်ကလည်း ယခင်ထက်ပို၍ စ‌ဉ်းစားတွေးခေါ်နိုင်စွမ်းရှိလာပြီဖြစ်ရာ ထန်ဝမ်းရှီ၏လေသံထဲမှ ချဉ်တူးနေမှုများကို ကြားနိုင်လာပေသည်။
ခဏတွေးတောပြီးနောက် မေးလိုက်သည်။
" မင်း အဲဒီယန်... အတန်းဖော် ယန်ချန့်ရွှမ်နဲ့ သူငယ်ချင်းလား..."
ထန်ဝမ်းရှီ မျက်ဆံလှန်လိုက်သည်။
" ဘယ်သူက သူ့သူငယ်ချင်းလဲ... သူက ငါ့ပထမနာမည်ကိုပဲ တစ်ချိန်လုံးခေါ်နေတဲ့ ကျောင်းနေဖက်ဖြစ်ရုံပဲ သောက်ရမ်း အာရုံနောက်စရာကောင်းတယ်..."
ယီဟွေ့ စိတ်အေးသွားသည်။
" ဪ..."
" မင်း သူနဲ့ နောက်တစ်ခါတွေ့မယ်ဆိုရင် ဝေးဝေးမှာပဲ ပုန်းနေလိုက်..."
ထန်ဝမ်းရှီက စိတ်မအေးနိုင်သေး‌၍ သတိပေးလိုက်သည်။
" သူက တော်တော်လေးနာမည်ကြီးတဲ့ ပလေးဘွိုင်းပဲ... သူ့မိသားစုက ငွေနည်းနည်းရှိတာနဲ့ပဲ ငါတို့ အနုပညာတက္ကသိုလ်က ကောင်မလေးလှလှလေးတွေ ကောင်လေး‌ချောချောလေးတွေကို ပလေးနေတာ သူ အရူးလုပ်တာ မခံနဲ့..."
ယီဟွေ့မှာ ရယ်ရမည် ငိုရမည်ပင်မသိ ဖြစ်သွားသည်။ ယန်ချန့်ရွှမ်မှာ ထိုလူ၏သူငယ်ချင်းဖြစ်၍ သူ့ကို ရှောင်၍ရမည် မဟုတ်ပေ။
တစ်စုံတစ်ယောက်က အိမ်အလည်လာသည့်အတွက် ကျန်းရွှယ်မေ့က အလွန်ပျော်ရွှင်နေသည်။ သူမ အိမ်ပြန်လာချိန်၌ စားစရာများ ဝယ်လာပြီး ကျန်းယီမန့်ကိုပါ သူမနှင့်အတူ မီးဖိုချောင်ထဲ ခေါ်သွားသည်။ ခဏအကြာတွင် မီးဖိုချောင်ထဲမှ ထွက်လာသည့်အနံ့ကြောင့် ထန်ဝမ်းရှီ သွားရည်ယိုလာသည်။
" ဘာပဲဖြစ်ဖြစ် ငါ့ဆရာက အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခရီးထွက်သွားတယ် အိမ်ပြန်ရောက်တာနဲ့ အိမ်စာတွေက်ု သုံးရက်အတွင်းတော့ အပြီးလုပ်ရတော့မှာပေါ့လေ..."
သူ့ ပေါင်ကို သူပြန်ရိုက်ပြီး အံကြိတ်ထားကာ ဆုံးဖြတ်ချက်ချလိုက်သည်။
" ဘဝကြီးက နေတတ်ရင် ပျော်စရာကြီးပါ... ငါ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေမယ်နော် အတန်းဖော်ကျန်း အနှောင့်အယှက် မဖြစ်ဘူးမလား..."
ယီဟွေ့ စိတ်ထဲ မည်သို့မှမဖြစ်ပေ။ ကျန်းရွှယ်မေ့ကလည်း ပျော်ရွှင်စွာဖြင့်လက်ခုပ်တီးလိုက်ပြီး သူ့ကို ယီဟွေ့နှင့်အတူ အချိန်ဖြုန်းပေးရန် ပြောလိုက်သည်။
......