သို့ရာတွင် သူတို့အစီအစဉ်များ ပြောင်းလဲရန် အကြောင်းဖန်လာသည်။ နောက်ရက်များတွင် ကမ်းခြေသို့သွားရန် အန်တီချိုး၏ ထရပ်ကားကို ငှားပြီးသည့်အခါမှ ယီဟွေ့ထံသို့ ဖုန်းတစ်ခု ဝင်လာသည်။
၎င်းက မြို့တော်ရှိ ပန်းချီအနုပညာအဖွဲ့အစည်းမှဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲတွင် သူ ရေးဆွဲခဲ့သည့် ပန်းချီကားက ပထမဆုရကြောင်း အသိပေးခြင်းဖြစ်သည်။ သုံးရက်အကြာတွင် ထိုဆုကို ကိုယ်တိုင်လာရောက်လက်ခံရန် သူ့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။
အီးမေးလ်ဖြင့် သို့မဟုတ် အခြားတစ်ယောက်ယောက်ကို ကိုယ်စားယူခိုင်း၍ ရနိုင်လားဟု မေးသော်လည်း သူတို့က ငြင်းဆန်လိုက်သည်။ လူကိုယ်တိုင် ဆုသွားယူရမည့်အခြေအနေက ယီဟွေ့အတွက် ခက်ခဲလွန်းနေ၍ မမျှော်လင့်ထားသည့်ဆုကို လက်လျှော့ချင်စိတ်ပင် ဖြစ်သွားသည်။
၎င်းကို အကြီးမားဆုံး တုံ့ပြန်လိုက်သည်က ထန်ဝမ်းရှီဖြစ်သည်။
" လက်လျှော့မယ်တဲ့လား အတန်းဖော်ကျန်း မင်း ရူးနေတာလား... အဲဒါက ပြိုင်ပွဲကြီးမဟုတ်ပေမယ့် ပထမဆုလေ... မငြင်းသင့်ဘူးနော်..."
ကျန်းယီမန့်ကလည်း သဘောတူလိုက်သည်။
" ဟုတ်တယ် အစ်ကိုကြီးရဲ့ ဆုကြေးငွေပါရင် ဘယ်လိုလုပ်မလဲ... ညီမလေးကို ကင်မရာဝယ်ပေးမယ်ပြောထားတာ စောင့်နေတုန်းပဲနော်..."
ဂရုတစိုက်တွေးတောပြီးသည့်အခါတွင် ကျန်းရွှယ်မေ့က လူကြီးသူမတစ်ယောက်အနေဖြင့် အသင့်တော်ဆုံး အကြံဉာဏ်ကို ပေးလိုက်သည်။
" တကယ်တော့ သားကို ဆုသွားယူစေချင်တယ်... အဲဒါက သားအတွက် ခံယူချက်တစ်ခုလည်း ဖြစ်လာနိုင်တယ်လေ ပြဿနာဖြစ်ပြီး လက်လျှော့ချင်စိတ်ပေါ်လာရင်လည်း ဒီဆုကြောင့် ခွန်အားဖြစ်လာနိုင်တာပဲ..."
ယီဟွေ့က တုံ့ဆိုင်းနေဆဲဖြစ်သည်။
" ဒါပေမဲ့ သား မြို့တော်ကို သွားရမှာပေါ့..."
ထန်ဝမ်းရှီက ချက်ချင်းပင် လက်မြှောက်လိုက်သည်။
" ငါ မင်းနဲ့ တူတူသွားပေးမယ်လေ ကမ်းခြေသွားဖို့ကို နောက်နေ့ရွှေ့လိုက်တော့... ငါတို့ အမြန်လုပ်မယ်ဆို မင်းလည်း ဆုရပြီး ငါလည်း အိမ်ပြန်လို့ရမယ်..."
နှစ်ညကြာပြီးနောက်တွင် လေယာဉ်တစ်စီးက မြို့တော်လေဆိပ်သို့ လာရောက်ဆိုက်ကပ်သည်။
ကျိုးကျင်ဟမ့်က နောက်ဆုံးမှ လေယာဉ်ပေါ်က ဆင်းလာသည်။ သူ့ခြေထောက်က မြေပြင်နှင့် ထိသည်နှင့် အောက်ဘက်တွင် အသင့်စောင့်ဆိုင်းနေသည့် လက်ထောက်ရှောင်လင်းက မက်စ်နှင့် နေကာမျက်မှန်တစ်လက် ချက်ချင်းလာပေးသည်။
" အပြင်မှာ စောင့်နေတဲ့ ပရိသတ်တစ်ရာလောက်တော့ရှိတယ် မြန်မြန်သွားပြီးတော့ ရုန်းရင်းဆန်ခတ်မဖြစ်အောင် လုပ်ကြတာပေါ့..."
ကျိုးကျင်ဟမ့်က ယနေ့တွင် မိတ်ကပ်မလိမ်းလာခဲ့၍ မျက်တွင်းများချိုင့်နေပြီး မျက်နှာထက်တွင်လည်း ပင်ပန်းနွမ်းနယ်မှုများကို အတိုင်းသား မြင်နေရသည်။ သူ စကားတစ်ခွန်းမှမပြောပဲ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။
ကျွန်းပေါ်သို့ ခရီးထွက်ပြီးနောက် ပြန်လာချိန်တည်းက ကျိုးကျင်ဟမ့်က အလုပ်တွင်သာ စိတ်နှစ်ထားခဲ့သည်။ ခဏ အနားယူနေချိန်တွင် နှောင့်နှေးခဲ့သည့် အလုပ်များကိုသာမက ကုမ္ပဏီသို့ ယခင်က လာရောက်ကမ်းလှမ်းထားသည်ကို ရွှေ့ဆိုင်းထားသည်များကိုပါ လက်ခံခဲ့သည်။ ထို့အပြင် တစ်လ နှစ်လအတွင်း စတင်ရိုက်ကူးမယ့် တီဗီစီးရီးတစ်ခုတွင် ပါဝင်ရန် လက်မှတ်ထိုးခဲ့သည်။ ၎င်းက အပိုင်း၈၀အထက် ပါဝင်မည့် ရှေးခေတ်ဒရာမာအမျိုးအစားဖြစ်ပြီး အနည်းဆုံး သုံးလခန့် အချိန်ယူ ရိုက်ကူးရမည်ဖြစ်ရာ ဤတစ်နှစ်တာလုံးအတွက် သူ့အချိန်ဇယားများက ပြည့်နေခဲ့သည်။
ဤလူငယ်လေးက ငယ်ရွယ်မှုကို အခွင့်ကောင်းယူပြီး ဤနယ်ပယ်တွင် ကြိုးကြိုးစားစားဆောင်ရွက်လိုသည်ဟု ရှောင်လင်းထင်ခဲ့မိသော်လည်း ရက်ပေါင်းများစွာ စူးစမ်းလေ့လာပြီးသောအခါ ၎င်းက အဓိက အကြောင်းအရင်းမဟုတ်ကြောင်း သိလိုက်ရသည်။
စားချိန် အိပ်ချိန်မှလွဲ၍ ကျိုးကျင်ဟမ့်က အချိန်အများစုတွင် အလုပ်များနေတတ်သည်။ အတိတ်တွင်မူ သူက အဝတ်လဲခန်းထဲတွင် သီချင်းနားထောင်ပြီး ကော်ဖီသောက်ရသည်ကို သဘောကျနှစ်ခြိုက်ပေသည်။ ယခုချိန်တွင်မူ အလုပ်လုပ်နေချိန်မှလွဲ၍ ရှုတင်ပြီးလျှင်လည်း အနားယူသည်က အလွန်ရှားသည်။ ရှောင်လင်းက သူ့အတွက် စောင်နှင့် ခေါင်းအုံးများ ချပေးထားသော်လည်း သူက ထိုနေရာတွင်သာထိုင်ပြီး ဇာတ်ညွှန်းကို အာရုံစိုက် ဖတ်နေသည်မှာ မည်သည့်အရာကမှ သူ့ကို မနှောင့်ယှက်နိုင်သည့်ပုံ ဖြစ်နေသည်။
ရှောင်လင်းသည်လည်း မစ္စတာယီ သေဆုံးသွားသည့်အကြောင်းကို ကြားထားသည်။ ကျိုးကျင်ဟမ့် သူ့အပေါ်ဆက်ဆံပုံအရ ကြည့်မည်ဆိုလျှင် မစ္စတာယီ၏ထိန်းချုပ်မှု မရှိပါက သု့အနာဂတ်တွင် ပိုမိုကောင်းမွန်သွားမည်ဖြစ်သည်။ သို့ရာတွင် ဤနည်းဖြင့် "ပိုကောင်းမွန်" သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စိတ်ရှုပ်ထွေးနေသည့် ရှောင်လင်းမှာ မဖြစ်နိုင်သည်များကို တွေးတောနေမိသည်။
ကျိုးကျင်ဟမ့်က မစ္စတာယီသေသွားလို့ ဝမ်းနည်းပြီးတော့ သူ့ရင်ထဲ ဗလာကျင်းသွားတာနဲ့ ဝမ်းနည်းတာတွေကို ဖြေဖျောက်ဖို့ အလုပ်တွေချည်းပဲ ဖိလုပ်နေတာများလား...
ခဏကြာသည်အထိ တွေးကြည့်ပြီးသောအခါ ၎င်းကိစ္စက မဖြစ်န်ိုင်ဟု သူ ခံစားလိုက်ရသည်။ ကျိုးကျင်ဟမ့်က မစ္စတာယီကို နှစ်သက်ခြင်းမရှိသည်ကို သူကိုယ်တိုင်လည်း သိထား၍ မစ္စတာယီ သေသွားပါကလည်း ဝမ်းနည်းနေမည် မဟုတ်ပေ။
ကျိုးကျင်ဟမ့်၏ စိတ်နေစိတ်ထားအကြောင်းကို သိရှိထားပြီးဖြစ်ရာ သူ့ကိုလည်း တိုက်ရိုက် သွားမမေးရဲပေ။ သို့ဖြစ်၍ ရှောင်လင်းမှာ ကိုယ်နှင့် သက်ဆိုင်သည်ကိုသာ လုပ်ပြီး လစာကောင်းသည့် ဤအလုပ်ကို ထိန်းသိမ်းထားနိုင်ရန် အတင်းအဖျင်းပြောဆိုခြင်း မပြုလုပ်တော့ပေ။
သူ့အတွက်မူ အနုပညာရှင်တစ်ယောက်က အလုပ်ကို အရူးအမူးဖြစ်နေခြင်းက သတင်းကောင်းဖြစ်သည်။ အနည်းဆုံး တချို့အချိန်များတွင် စိတ်အနှောင့်အယှက်ဖြစမရသော်လည်း ကျိုးကျင်ဟမ့်က ပို၍နာခံတတ်လာသည်။
အတိတ်တွင်မူ ကျိုးကျင်ဟမ့်က နေကာမျက်မှန်တပ်သော်လည်း အလုပ်ရှုပ်သည်ဟုဆိုကာ မက်စ်တပ်ရန် အမြဲငြင်းဆန်လေ့ရှိသည်။ ယခုလက်ရှိအချိန်တွင်မူ သူ မျက်မှောင်သာကြုတ်လိုက်ပြီး ပစ္စည်းနှစ်ခုလုံးကိုယူကာ ဝတ်ဆင်လိုက်ပြီး သိသာထင်ရှားနေခြင်းမရှိအောင် ဂျာကင်ဇစ်ကိုပါ အပေါ်ထိ ဆွဲတင်လိုက်သည်။
သို့ရာတွင် ၎င်းက မည်သို့သော အကျိုးသက်ရောက်မှုမှ မဖြစ်သွားစေပဲ အမြင်အာရုံစူးရှသည့် ပရိသတ်အချို့က သူ့ကို တွေ့သွားခဲ့သည်။
ယခုက လူမသိသော ခရီးစဉ်တစ်ခုဖြစ်သည်။ ကုမ္ပဏီက သူ့ကိုလာကြိုရန်နှင့် ပစ္စည်းများ ကူသယ်ပေးရန် ဝန်ထမ်းနှစ်ယောက်ကိုသာ လွှတ်လိုက်သည်။ ရှောင်လင်းအပါအဝင်မှ လာကြိုသူသုံးယောက်ဖြစ်သည်။ ညနက်နေပြီဖြစ်၍ လေဆိပ်မှ အစောင့်များကလည်း အေးအေးလူလူ ရှိနေကြချိန်ဖြစ်ရာ သူတို့လေးယောက်ကို ပရိသတ်များက ဝန်းရံသွားခဲ့သည်။ လူအုပ်ကြီးမှာ ခဏတာခန့် လူအုပ်ကြီးမှာ သက်ဝင်လှုပ်ရှားသွားရသည်။
ကျိုးကျင်ဟမ့်က အလယ်တွင် အဝိုင်းခံလိုက်ရ၍ ခေါင်းငုံ့ထားပြီး ရှေ့ဆက်တိုးလိုသော်လည်း လူများက အလွန်များပြားလှပြီး ရှောင်လင်းပြောပြထားသည့် လူတစ်ရာထက် အရေအတွက် ပိုများနေသည်။ သူ့ဘေးနားတွင် လူပေါင်းများစွာဖြင့် ပြည့်နေ၍ ရှေ့ဆက်မတိုးနိုင်တော့ပေ။
သူက ပရိသတ်များကို ရှောင်ဖယ်ရန် လေယာဉ်ကို ညနက်ချိန်မှရွေးထားပြီး ပြန်လာခဲ့သောကြောင့် ဤအခြေအနေနှင့် ဆုံတွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ မက်စ်နှင့် မျက်မှန်အောက်မှ အမူအရာက ပိုပြီးစိတ်မရှည်လက်မရှည် ဖြစ်လာခဲ့သည်။ ကျိုးကျင်ဟမ့် ခေါင်းမော့ပြီး သူ့ရှေ့မှလမ်းကို ကြည့်လိုက်သည်။ သူ့ရှေ့တွင်ရပ်နေသော ရှောင်လင်းက နေရာဖယ်ပေးလိုက်ပြီး သူ့ကိုယ်တိုင် သွားခွင့်ပေးလိုက်သည်။ လူပေါင်းများစွာ စုပြုံနေသည့်အကြားထဲတွင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ရုတ်ချည်းမြင်လိုက်ရသည်။
ထိုလူက ကော်ဖီရောင်သိုးမွေးကုတ်အရှည်ကို အတွင်းမှ အပြာရောင်ဆွယ်တာ၊ ဂျင်းဘောင်းဘီရှည်တို့ဖြင့် တွဲဖက်ဝတ်ဆင်ထားကာ အဖြူရောင်sneakerတစ်စုံကိုလည်း စီးထားသည်။
ထိုသို့ပေါင်းစပ်ဝတ်ဆင်ထားခြင်းက ကျိုးကျင်ဟမ့်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်အထိ စည်းချက်ကျနနေသည်။
ထိုလူက ထောင့်တစ်နေရာတွင်ရပ်လိုက်ပြီး သူ့ကျောပေါ်မှအိတ်ကိုချွတ်ကာ အိတ်ကို ခြေထောက်တစ်ဖက်ပေါ်တင်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည်။
ရပ်နေသည်က ဟန်ချက်မညီသောကြောင့် မကြာခဏ ခြေထောက်တစ်ဖက်ကိုထောက်ထားပြီး ခုန်ဆွဆွဖြစ်နေခဲ့သည်။ ခဏအကြာတွင် အိတ်ထဲမှ တစ်သျှူးထုတ်လိုက်ပြီး ခြေထောက်တစ်ဖက်ကို မြေကြီးပေါ် ပြန်ချလိုက်ကာ နှာခေါင်းကို တစ်သျှူးဖြင့် သုတ်နေသည်။
သူ့အမူအရာများက ပုံမှန်မဟုတ်သောကြောင့် ကျိုးကျင်ဟမ့်က ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားရသည်။ နောက်ဆုံးတွင် သူ တုံ့ပြန်နိုင်သွားပြီး ရှေ့သို့ခြေလှမ်းကျဲကျဲဖြင့် လှမ်းလာတော့သည်။
" ဘေးဖယ်ပေးကြပါဦး... ကျေးဇူးပြုပြီး ဘေးဖယ်ပေးကြပါ..."
ထိုသို့ပြောနေလျက်နှင့် သူ လူအုပ်ထဲသို့ ခက်ခက်ခဲခဲ တိုးဝင်သွားသည်။ သွားနေစဉ်တွင် သူ့ပရိသတ်တစ်ယောက်နှင့် ဝင်တိုက်မိသည်။ ထိုမိန်းကလေးက သူမဖုန်းပြုတ်ကျသွားသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ဖုန်းက ကျိုးကျင်ဟမ့်၏ ခြေထောက်ပေါ် တည့်တည့်ပြုတ်ကျသွား၍ သူ ခါးကုန်းပြီးကောက်ပေးကာ သူမလက်ထဲ ပြန်ထည့်ပေးလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးက စက္ကန့်အနည်းငယ်သာ ကြာမြင့်သော်လည်း သူ မော့ကြည့်လိုက်သောအခါ ထိုလူက ပျောက်ကွယ်သွားပြီဖြစ်သည်။
ကျိုးကျင်ဟမ့် လက်မလျှော့သေးပေ။သူက လူအုပ်ထဲမှ တိုးထွက်ပြီး ထိုနေရာကို သွားလိုက်သည်။
အစောပိုင်းကလူ ရပ်နေခဲ့သည့်နေရာသို့ ရောက်သောအခါ နေကာမျက်မှန်ကိုချွတ်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေလိုက်ပြီးမှ ထိုလူထွက်သွားပြီဖြစ်ကြောင်း လက်ခံလိုက်ရသည်။
ရှောင်လင်းက ခရီးဆောင်အိတ်ကြီးသယ်၍ သူ့ကိုမှီလာချိန်တွင် ကျိုးကျင့်ဟမ် ဘာလုပ်နေသည်ကို မေးမည်ပြင်လိုက်သည်။ သို့ရာတွင် ကျိုးကျင်ဟမ့်က ခန်းမတစ်ခုလုံးကိုကြည့်ပြီး သူ့ကိုပြောလိုက်သည်။
ရှောင်လင်း ဇဝေဇဝါဖြစ်သွားသည်။
ကျိုးကျင်ဟမ့်က အသက်ရှုသံများ မြန်ဆန်နေဆဲဖြစ်ကာ သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီး အော်ပြောလုနီးပါး ဖြစ်သွားသည်။
" ဒီနေရာကCCTVကို စောင့်ကြည့်နေတဲ့လူကို သွားရှာဆိုနေ... မြန်မြန်လုပ်..."
လေဆိပ်ကို ညနက်နေချိန်မှ အသွားအလာလုပ်သူက အလွန်နည်းပါးလှသည်။ ထိုထောင့်နေရာမှ ကျောက်တိုင်ကြီး၏နောက်တွင် ယီဟွေ့က နံရံကိုမှီထားပြီး ကျောပိုးအိတ်ကို ဖက်ထားကာ အသက်ပြင်းပြင်းရှုနေသည်။ ထိတ်လန့်ဖွယ်ရာတစ်ခုခုကို ကြုံတွေ့လိုက်ရသကဲ့သို့ သူ့မျက်လုံးများ ပြူးကျယ်နေသည်။
သန့်စင်ခန်းမှပြန်လာသော ထန်ဝမ်းရှီက လော်ဘီတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပြန်လာသောအခါ ယီဟွေ့က ချောင်ကြိုချောင်ကြားထဲ ရောက်နေသည်ကို မြင်လိုက်ရသည်။ သူက ချွေးစေးများပြန်နေပြီး အိတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့်လက်ကလည်း ဖြူဖျော့နေသည်။ သူ လန့်သွားရသည်။
" မင်း ဘာဖြစ်တာလဲ... အအေးမိတာ တော်တော်ဆိုးသွားတာလား ဒါမှမဟုတ် လေယာဉ်စီးရတာ ကြောက်လို့လား..."
အချိန်နှင့် ငွေကုန်သက်သာစေရန်အတွက် သူတို့နှစ်ယောက်က ဈေးချထားသည့် ညနက်ပိုင်းလေယာဉ်လက်မှတ်များဝယ်ပြီး ထွက်လာကြခြင်းဖြစ်သည်။ လေယာဉ်ပေါ်မတက်မီတွင် ယီဟွေ့က သူလေယာဉ်စီးရခြင်းကိုကြောက်သော်လည်း ကြိုးစားပြီး တောင့်ခံထားမည်ဟု ထန်ဝမ်းရှီကို ပြောခဲ့သည်။
ထန်ဝမ်းရှ်ီဖြစ်နေသည်ကို တွေ့မှသာ ယီဟွေ့ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး မျက်လုံးများမှိတ်ကာ ပြောလိုက်သည်။
" လေယာဉ်တက်သွားတဲ့အချိန်ကို တွေးမိပြီး ငါ နည်းနည်းကြောက်သွားလို့ပါ..."
" ဒါဆို မတွေးနဲ့တော့လေ... ပိုတွေးလေ ပိုကြောက်လေပဲ... ကိုယ့်ကိုကိုယ်နှိပ်စက်နေတာနဲ့ မတူဘူးလား..."
ထန်ဝမ်းရှီက ထိုနေရာတွင် ယီဟွေ့နှင့်အတူ နေပေးနေသည်။
ခဏတာခန့် အသက်ပြင်းပြင်းရှုပြီးသည့်အခါ ယီဟွေ့က မျက်လုံးများပွင့်လာပြီး သူ့အမူအရာက စိတ်အေးလက်အေးဖြစ်သွားကာ နှဖူးမှချွေးများ ခြောက်သွားသည်။
" အဆင်ပြေသွားပါပြီ ကျေးဇူးတင်ပါတယ်..."
သူ ခေါင်းခါပြီး ပြောလိုက်သည်။
ထန်ဝမ်းရှီက တွန့်ဆုတ်နေသည်။
" တကယ်ရော အဆင်ပြေရဲ့လား..."
ယီဟွေ့က အိတ်ကိုပြန်လွယ်လိုက်ပြီး ထန်ဝမ်းရှီကိုတစ်ချက်ပုတ်ကာ အေးအေးလူလူပြောလိုက်သည်။
" တကယ်ပေါ့... သွားကြမယ်လေ မဟုတ်ရင် တက္ကစီငှားမရ ဖြစ်သွားဦးမယ်..."