နောက်တစ်နေ့တွင် ပန်းချီအနုပညာအဖွဲ့အစည်းသို့ သွားရာလမ်း၌ ယီဟွေ့က ဆက်တိုက်နှာချေနေခဲ့သည်။
" ငါ ညက မင်းစောင်ကို လုပြီးခြုံမိလို့လား..."
ထန်ဝမ်းရှီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
" မင်း ဆေးသောက်ထားတာပဲကို ပိုကောင်းလာရမယ့်အစား ဘာလို့ ပိုဆိုးသွားပါလိမ့်..."
ယီဟွေ့က သူနှာခေါင်းသုတ်ထားသည့်တစ်ရှူးကို ပလတ်စတစ်အိတ်ထဲထည့်လိုက်ပြီး နှာသံဖြင့် ပြောလိုက်သည်။
" မဟုတ်ပါဘူး ငါက အဲ့လိုပဲ အအေးမိပြီးရင် တော်တော်နဲ့ ပြန်မကောင်းတော့ဘူး..."
ယမန်နေ့ညက ဘိုကင်ယူထားသောဟိုတယ်သို့ ရောက်ရှိချိန်တွင် ထန်ဝမ်းရှီက ယီဟွေ့တစ်ယောက်တည်း ကြောက်နေမည်စိုး၍ သူနှင့်တူတူနေရန် ဆုံးဖြတ်ခဲ့သည်။ မူလကမူ အိပ်ရာအကြီးတစ်ခုနှင့် အသေးတစ်ခန်းပါဝင်သည့်အခန်းကို ယူခဲ့ချင်သော်လည်း ထိုအခန်းမျိုး မရှိတော့ကြောင့် ဧည့်ကြိုကောင်တာကပြော၍ ကောင်လေးနှစ်ယောက်က တစ်ယောက်ခန်းထဲမှ အိပ်ရာတစ်ခုပေါ်တွင်သာ ကပ်အိပ်လိုက်ရသည်။
သူ့အမှားမဟုတ်ကြောင်း ယီဟွေ့ပြောသော်လည်း ထန်ဝမ်းရှီက အားနာနေမိသည်။ သူ ခေါင်းကုတ်ပြီး ပြောလိုက်သည်။
" ဒီည ငါ့အိမ်မှာ လာအိပ်ပါလား ငါ ဆိုဖာပေါ်အိပ်မယ်လေ မင်းက ငါ့ခုတင်ပေါ်အိပ်ပေါ့..."
ဤတစ်ကြိမ်တွင်မူ အားနာသွားသည့်သူက ယီဟွေ့ဖြစ်သွားသည်။ သူ အတွင်တွင်ငြင်းနေသော်လည်း ထန်ဝမ်းရှီက သူ့ကို အခေါက်ခေါက်အခါခါ ဖိတ်နေပြီး သူ့မိဘများက ကြင်နာပြီး ဖော်ရွေတတ်ကြောင်း ပြောနေသည်။ ယီဟွေ့ကလည်း ထိုအခါမှ သူပြောသည်ကို အနည်းငယ် လက်ခံသွားသည်။
" တကယ်လား ငါမင်းက အနှောင့်အယှက်ပေးမိသလိုဖြစ်နေဦးမယ်..."
ထန်ဝမ်းရှီက သူ့ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ငါတောင် မင်းအိမ်မှာ အကြာကြီး ကပ်နေသေးတာပဲ... မနေ့က မင်းကို အိမ်ခေါ်လာဖို့ ငါ့အမေက ဖုန်းဆက်တယ်... သူ မိုးခိုသားချိုချဉ်၊ ပုစွန် ရှာလကာရည်စိမ်နဲ့ ပန်းသီးတွေပြင်ထားမယ်တဲ့..."
ယီဟွေ့က အချိုကြိုက်သူဖြစ်၍ စားစရာများနာမည်ကြားသည့်အခါ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ တံတွေးမျိုချပြီး ခေါင်းငြိမ့်လိုက်သည်။
" ဒါဆိုလည်း... ကျေးဇူးတင်ပါတယ်..."
ဆုပေးပွဲအခမ်းအနားကို ပန်းချီအနုပညာအဖွဲ့အစည်းဝင်းထဲတွင်သာ ပြုလုပ်ခြင်းဖြစ်ပြီး သူတို့ နှစ်ယောက်က အနောက်ဘက်ကျကျနေရာတွင် ထိုင်ခုံနှစ်ခုံ ရှာထိုင်လိုက်သည်။
ထန်ဝမ်းရှီသည်လည်း ဆုတစ်ဆုရသောကြောင့် စင်ပေါ်မှ ဆင်းလာသည်နှင့် ယုန်ငယ်လေးသဖွယ် ခုန်ဆွခုန်ဆွဖြစ်နေသည်။ ယီဟွေ့အလှည့်သို့ ရောက်ချိန်တွင်လည်း ကာယကံရှင်ထက် သူကပို စိတ်လှုပ်ရှားနေပြီး ခုန်ဆွဆွဖြစ်နေကာ စင်မြင့်ပေါ်မှ ပုံများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသည်။
ယီဟွေ့က ယခင် အသိအကျွမ်းများ မြင်သွားမည်စိုး၍ ဓာတ်ပုံမရိုက်ချင်ပေ။ ပွဲတစ်လျှောက်လုံး သူ့မျက်နှာကို ဆုလက်မှတ်နှင့် ကွယ်ထားသည်။ မိန့်ခွန်းအနည်းငယ်ပြောပေးရန် ကမ်းလှမ်းခံရသောအခါတွင်လည်း ခေါင်းခါပြီး ဘာမှမပြောပေ။ အခမ်းအနားပြီးဆုံး၍ စင်မြင့်ပေါ်မှ ဆင်းလာသည့်အခါတွင်မှ ထန်ဝမ်းရှီက သူ့ကို ဝင်ပေါက်သို့ ဆွဲခေါ်သွားပြီး ဓာတ်ပုံရိုက်ပေးလိုက်သည်။
" အဆင်မပြေတဲ့ တစ်ခုတည်းသောအရာက အဝတ်အစားတွေပဲ..."
ထန်ဝမ်းရှီက သူ့ဖုန်းထဲမှ ဓာတ်ပုံများကိုကြည့်ပြီး နောင်တရစွာဖြင့် ပြောလိုက်သည်။
" မင်းက ပန်းချီပညာရှင်လေးလေ ဘာတွေဝတ်နေတာတုန်း..."
" ဒါက အမေဝယ်ပေးထားတဲ့ အင်္ကျီလေ ... သက်တောင့်သက်သာရှိနေသရွေ့တော့ အဆင်ပြေပါတယ်..."
ထန်ဝမ်းရှီ၏အိမ်သို့ရောက်ရှိပြီး သူ့မိဘများကို နှုတ်ဆက်ပြီးသောအခါ အိပ်ခန်းထဲ ဆွဲခေါ်သွားခံလိုက်ရသည်။ ထန်ဝမ်းရှီက တံခါးပိတ်ပြီး လိုက်ကာများဆွဲချကာ ဗီရိုတံခါးဖွင့်လိုက်သည်။
ထန်ဝမ်းရှီ၏ အဝတ်ဗီရိုက အလွန်ကြီးမားလှသည်။ သူ တစ်စုံတစ်ရာကိုထုတ်ပြီး ယီဟွေ့၏လက်ထဲ ပစ်ပေးလိုက်သည်။
" ငါက မင်းနဲ့ ဆိုဒ်တူတူလောက်ပဲ ဒါဝတ်ကြည့်... ဒါလည်းဝတ်ကြည့်လိုက်ဦး... ဒီတစ်ထည်လည်း မဆိုးဘူး... ပန်းရောင်က မင်းအသားရောင်နဲ့လိုက်တယ် မြန်မြန်ဝတ်ကြည့်ပြီး ငါ့ကိုပြပါဦး..."
ယီဟွေ့က အဝတ်အစားအသစ်အဆန်းများ ဝတ်ဆင်ရသည်ကို သဘောမကျပေ။ သူက ရုပ်သေးတစ်ရုပ်သဖွယ် အချိန်အတန်ကြာအောင် နေထိုင်ခဲ့ခြင်းဖြစ်ပေသည်။ နောက်ဆုံးတွင် တီရှပ်နှင့် အပေါ်ထပ်အင်္ကျီတစ်ထည် ဝတ်လိုက်သည်။ ထန်ဝမ်းရှီက သူ့လည်ပင်းတွင် ဖဲပြားပုံလည်စည်းလေးချည်ပေးလိုက်သည်။ ယီဟွေ့က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ငါတို့ ခဏနေရင် ထမင်းသွားစားကြမှာနော် ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲ..."
ထန်ဝမ်းရှီက မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးပြလိုက်သည်။
" ပြဿနာ မရှိပါဘူး... ငါ့မှာ ဒါမျိုးတစ်ပုံစံတည်းတူတဲ့ လည်စည်း ခုနစ်ခု ရှစ်ခုလောက် ရှိသေးတယ်..."
ညစာစားနေကြစဉ်တွင် ထန်မိဘများက သူ့ကို ဖော်ဖော်ရွေရွေဆက်ဆံကြသည်။ တစ်ယောက်က သု့အတွက် ဟင်းပန်းကန်များ ရှေ့တိုးပေးသည်နှင့် အခြားတစ်ယောက်က ဟင်းများကို တူဖြင့်ယူပြီး သူ့ပန်းကန်ထဲ ထည့်ပေးသည်။ ယီဟွေ့က မစားနိုင်တော့ကြောင်း ပြောသည့်အခါ သူတို့က ပန်းကန်လွတ်တစ်ပန်းကန် ချထားပေးပြီး စားစရာများကို ထည့်ပေးထားကာ အေးသွားမှ အေးအေးဆေးဆေးစားရန် ပြောကြသည်။
ယနေ့ဆုရရှိခဲ့သည့် အခမ်းအနားအကြောင်း ပြောပြသည့်အခါ ထန်မေမေက ယီဟွေ့ကို ချီးကျူးစကားပြောသည်။
" တို့ရဲ့ ဝမ်းရှီလေးသာ သားလောက်တော်ရင် အန်တီတော့ အိမ်မက်ဆိုးမက်ပြီး နိုးလာရင်တောင် ပြုံးနေနိုင်မှာပဲ..."
" အတန်းဖော်ထန်က အနုပညာကို ခံစားနိုင်စွမ်းမြင့်ပါတယ် သူက အဝတ်အစားတွေလည်း လိုက်ဖက်အောင် ရွေးတတ်တယ်..."
" အဲဒါတော့ အမှန်ပဲ... သူ ကောလိပ်တက်နေတုန်းက ဒီဇိုင်နာလုပ်ဖို့ စဉ်းစားခဲ့သေးတယ်..."
ထန်ဝမ်းရှီက စားနေလျက်နှင့် မကြားတကြားပြောသည်။
" ဒီဇိုင်နာလုပ်ရတာက အနာဂတ်မရှိဘူးထင်လို့ ငါ့အလစ်မှာ အလုပ်လျှောက်တဲ့formကို ပြောင်းပစ်တယ်လေ..."
ယီဟွေ့ ဆွံ့အသွားပြီး သူတို့က အမှန်တကယ်ပင် မိသားစုအစစ်ဟု တွေးလိုက်မိသည်။ ထန်ဝမ်းရှီ၏ အလွယ်တကူ ပျော်ပျော်နေတတ်သည့် အကျင့်စရိုက်က မည်သည့်နေရာမှ လာကြောင်း နောက်ဆုံးတွင် သူသိရှိသွားခဲ့သည်။
ညစာစားပြီးချိန်တွင် ဒေါက်တာလျှိုက သူ့ကို ဖုန်းဆက်လာသည်။
ဤတစ်ပတ်တွင် ယီဟွေ့က မြို့တော်သို့ လာလိုက်ရသဖြင့် ပုံမှန် တိုင်ပင်ဆွေးနွေးသည်ကို မသွားလိုက်ရပေ။ ဒေါက်တာလျှိုက သူ ဤရက်ပိုင်းများအတွင်း စိတ်အခြေအနေ မည်သို့ရှိကြောင်း မေးမြန်းသည်။ အရာအားလုံးက ပုံမှန်ဖြစ်ကြောင်း သိပြီးသွားသည့်အခါ ပထမဆုရသည့်အတွက် သူ့ကို ဂုဏ်ပြုစကားပြောသည်။
" ကျေးဇူးတင်ပါတယ် အရမ်းကြီးကျယ်တဲ့ဆုတော့ မဟုတ်ပါဘူး ... အဲ့လောက်လည်း အထင်ကြီးစရာ မဟုတ်ပါဘူး..."
ယီဟွေ့ ရှက်ရွံလာပြီး ဖုန်းအေးဆေးပြောရန် ထန်ဝမ်းရှီတို့ ခြံဝင်းထဲ ထွက်လာလိုက်သည်။
ထန်မိသားစုက ရှေးဟောင်းပုံစံ အဆောက်အဦး၏ မြေညီထပ်တွင် ခြံဝင်းငယ်လေးတစ်ခုဖြင့် နေထိုင်ကြခြင်းဖြစ်သည်။ ၎င်းက သစ်ပင်ပန်းပင်များ စိုက်ပျိုးနိုင်သည့် သူတို့အိမ်ခြံဝင်းခန့် မကြီးသော်လည်း အနည်းဆုံး ခေါက်စားပွဲတစ်လုံးနှင့် ခုံပုလေးနှစ်လုံး ချထားနိုင်ပေသည်။
ယီဟွေ့က ဖွင့်ထားသည့် ခြံဝင်းတံခါးပေါက်ကို ကျောပေးထားပြီး ခုံပုတစ်လုံးပေါ် ထိုင်လိုက်ကာ ဒေါက်တာလျှိုနှင့် ဖုန်းဆက်ပြောနေသည်။
" ကျွန်တော် ဆုကြေးရထားလို့ ညီမလေးအတွက် ကင်မရာ ဝယ်ပေးမလို့လေ... ကျွန်တော့်ဖို့လား... ကျွန်တော်က ဘာမှမလိုပါဘူး... ပန်းချီဆွဲတဲ့ အဓိက အကြောင်းရင်းက စိတ်ပျော်ဖို့ပဲလေ ဆုကြေးငွေက ဒုတိယဦးစားပေးပါ... ကျွန်တော် လက်ရေးလှစာလုံးရေးတာ လေ့ကျင့်မလား တွေးနေတာ... စာရေးတာက ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်တာလို့ ဆရာပြောတယ်လေ... ကျွန်တော် ဒီကိုလာတော့ လက်ရေးလှစာအုပ် ယူလာတယ်..."
တစ်ဖက်မှ ဒေါက်တာလျှိုမှာ တိုင်ပင်ဆွေးနွေးသည့် စိတ်အနေအထားမျိုး ပြန်ဖြစ်သွားပြီး ယီဟွေ့၏ ဘေးပတ်ဝန်းကျင်တွင် ရှိသည့်အရာများကို မေးကာ သူ့ကို သရုပ်ဖော်ကာ ပုံဆွဲခြင်း သို့မဟုတ် စာရေးချခိုင်းခြင်း ပြုလုပ်လိုက်သည်။
ယီဟွေ့က သဘောတူလိုက်ပြီး မတ်တပ်ရပ်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို အနောက်မှ ရုတ်ချည်းပွေ့ဖက်လိုက်သည်။
" မင်း ပြန်ရောက်နေတာ ကိုယ့်ကိုလည်း မပြောပါလား..."
ထိုလူက သူ့ထက်အရပ်ရှည်သောကြောင့် သူ့ကို ရင်ခွင်ထဲတွင် လွယ်ကူစွာဖက်ထားနိုင်ပြီး သူ့နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
" တခြားယောက်ကျားတစ်ယောက်နဲ့ ဖုန်းဆက်ပြီး အီစီကလီလုပ်နေတာလား ဟမ်..."
နားရွက်ကို လေပူဖြင့် တစ်ချက်မှုတ်ထုတ်ခံလိုက်ရ၍ ယီဟွေ့ ဆံပင်မွေးများထောင်သွားပြီး အလန့်တကြား ထခုန်မိမတတ်ဖြစ်သွားသည်။ သူ့ဖုန်းက မြေကြီးပေါ် ပြုတ်ကျသွားသော်လည်း မကောက်နိုင်သေးပေ။
တစ်ဖက်လူက ဖက်ထားရာမှ လွှတ်ပေးလိုက်သည်နှင့် နံရံနား ပြေးကပ်သွားပြီး လှည့်ကြည့်လိုက်သည့်အခါ ထိုလူက ယန်ချန့်ရွှမ်ဖြစ်နေကြောင်း သိလိုက်ရသည်။
မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယန်ချန့်ရွှမ် တုန်လှုပ်ခြောက်ခြားသွားသည်။ သူ့ကို ခေါင်းဆုံးခြေဆုံးကြည့်နေပြီး ထန်ဝမ်းရှီ၏ အဝတ်အစားများကို ယီဟွေ့ အဘယ့်ကြောင့် ဝတ်ထားရခြင်းကို သဘောမပေါက်နိုင် ဖြစ်သွားသည်။
( လူမှားဖက်မိတာပါရှင် အူတက်လို့သေပါပြီ
)
ထို့နောက် သူ အသိစိတ်ပြန်ကပ်သွားပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ရိုးသားဖြူစင်ပုံ လုပ်ပြလိုက်သည်။
" တောင်း... တောင်းပန်ပါတယ် လူမှားသွားလို့ပါ..."
ယီဟွေ့က အမောတကောဖြင့် အသက်ရှုနေဆဲဖြစ်ပြီး ရင်တုန်လာသည်ကို မနည်းထိန်းထားရသည်။ သူ ထိတ်ထိတ်ပျာပျာဖြစ်သွား၍ မျက်နှာအမူအရာကို မည်သို့ ထားရမည်မသိ ဖြစ်နေသည်။
ယန်ချန့်ရွှမ်က ဦးစွာလှုပ်ရှားလိုက်သည်။ သူ ခြေတစ်လှမ်းတိုးလိုက်သော်လည်း ယီဟွေ့က အလွန်ကြောက်လန့်နေသည်ကို မြင်၍ လူကြီးလူကောင်းဆန်ဆန် နောက်ဆုတ်လိုက်သည်။ သို့ရာတွင် သူ့မျက်နှာထက်တွင် ပြုံးစစဖြစ်နဆဲပင်။
" ကျစ်... ရုပ်ပဲ တူတာမဟုတ်ဘူး ကြောက်တတ်တာလည်း အတူတူပါလား..."