အပိုင်း ၁၄.၂
Viewers 11k

Chapter 14.2
တစ်ချိန်တည်းမှာပင် မြို့တော်လေဆိပ်၏ CCTVအခန်းထဲမှ ကျိုးကျင်ဟမ့်က ယန်ချန့်ရွှမ် ဖုန်းခေါ်သည်ကို ချပစ်လိုက်သည်။
လေဆိပ်မှ CCTV ကင်မရာက သူအလိုရှိလျှင်ပင် အလွယ်တကူ စစ်ဆေး‌၍ရနိုင်သည့်အရာ မဟုတ်ပေ။ ယမန်နေ့က သူကိုယ်တိုင် သွားခဲ့သော်လည်း တာဝန်ရှိသူကို မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင် သူ့အတွက် လမ်းဖောက်ပေးရန် ကျိုးဟွားရုံကိုသာ တောင်းဆိုလိုက်ရသည်။ ယနေ့တွင်မှသာ CCTVအခန်းထဲ ဝင်ခွင့်ရသွားလေသည်။
သူက ရပ်ကြည့်နေရုံသာကြည့်ရပြီး မည်သည့်အရာကိုမှ ကော်ပီကူးယူသွားခွင့် မရှိပေ။ ကျိုးကျင်ဟမ့်က ယမန်နေ့ညက ပုံရိပ်များကို ထောင့်ပေါင်းစုံမှ အကျယ်ချဲ့ကြည့်နေပြီး မျက်တောင် တစ်ချက်မှ မခတ်ပေ။
လော်ဘီ၏ ထောင့်တစ်နေရာတွင် CCTVကင်မရာမြင်ကွင်းက ကျဉ်းမြောင်းလှသည်။ မူလက မမြင်နိုင်ဖြစ်သွားသော်လည်း ကျိုးကျင်ဟမ့်မှာ ဖျတ်ခနဲဖြစ်သွားသည့် ပိန်ပိန်ပါးပါးပုံရိပ်လေးကို မြင်လိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် မျက်နှာချင်းဆိုင်မှ ကင်မရာက အရှေ့ပိုင်းကို ဖမ်းယူထားလိုက်နိုင်သည်။ လူတစ်ယောက်က ကင်မရာရှေ့သို့ ထိတ်ထိတ်ပျာပျာဖြင့် ပြေးဝင်လာပြီး နံရံကိုမှီထားကာ ဘေးနားမှ ကျောက်တိုင်ဖြင့် သူ့ခန္ဓာကိုယ်ကို ကွယ်ထားသည်။
" အဲ့နေရာပဲ... ခဏရပ်လိုက်ပါ..."
ကျိုးကျင်ဟမ့် အမြန်ပြောလိုက်သည်။
ထိုပုံရိပ်က ရပ်တန့်နေ၍ ကင်မရာကို အကျယ်ချဲ့ကြည့်ရသည်။ ကင်မရာကို အလွန်မြင့်သည့်နေရာတွင် ထားထားသောကြောင့် ပုံရိပ်က ကြည်လင်ပြတ်သားခြင်းမရှိပေ။ ကော်ဖီရောင်ကုတ်အင်္ကျီနှင့် လိုက်ဖက်မှုမရှိသော အပြာရောင်ဆွယ်တာလေးကို မြင်နိုင်ရုံသာဖြစ်သည်။
မျက်နှာကို ခွဲခြမ်းစိတ်ဖြာကြည့်ရန်က ပိုမိုခက်ခဲလှသည်။ CCTV ကင်မရာတွင် ပါလာသမျှ လူတိုင်းက မျက်လုံးနှစ်လုံး၊ နှာခေါင်း ပါးစပ်တို့ ပေါ်ရုံသာဖြစ်ပြီး သာမန်လူတစ်ယောက်ကိုပါ မှုန်ဝါးဝါး ဖြစ်သွားစေသည်။
ဘေးနားမှ ရှောင်လင်းက ရှေ့တိုးလာပြီး အချိန်အတန်ကြာအောင် ကြည့်နေသော်လည်း သူ သေချာမသိပေ။
" အဲဒါက..."
ဤမျက်နှာကို သူမြင်ဖူးသမျှလူများအနက် မည်သူနှင့်တူကြောင်း တွေးနေစဉ်မှာပင် ကျိုးကျင်ဟမ့်က ကျယ်လောင်စွာပြောလိုက်သည်။
" ယီဟွေ့..."
ရှောင်လင်း အံ့အားသင့်သွားပြီး အချိန်အတန်ကြာအောင် ငြိမ်ကျသွားသည်။
" မစ္စတာယီက..."
" အဲဒါယီဟွေ့ပဲ..."
ကျိုးကျင်ဟမ့်၏လေသံက ခိုင်မာပြတ်သားနေသည်။ ဖုန်းကိုကိုင်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်တော့သည်။ တစ်ဖက်မှ ဖုန်းမအားသောကြောင့် သူ စိတ်မရှည်ဖြစ်သွားရသည်။ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ပြီးသည့်နောက်တွင် သူ့လက်ချောင်းများက အနည်းငယ်တုန်ယင်နေကြောင်း ရှောင်လင်း သတိပြုမိသွားသည်။
" မှတ်တမ်း ဟုတ်သားပဲ လေယာဉ်စီးမှတ်တမ်းတွေ..."
ကျိုးကျင်ဟမ့်က မျက်နှာပြင်ပေါ်မှလူကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးသောအခါ သူ့အကြည့်များက ပိုမို ခိုင်မာလာသည်။ ထို့နောက် သူတစ်ဖက်သို့လှည့်ပြီး ထွက်သွားသည်။
ကျဉ်းမြောင်းလှသော စင်္ကြန်လမ်းတွင် ရှောင်လင်းက သူ့ကိုမှီအောင် ပြေးလိုက်နေရသည်။
" အဲဒါ မစ္စတာယီ မဟုတ်လောက်ပါဘူး မှားနေပြီထင်တယ်..."
" အဲဒါသူပဲ... သူမှ သူအစစ် ငါမမှားဘူး..."
ကျိုးကျင်ဟမ့်က အံတင်းတင်းကြိတ်ထားပြီး ပြောလိုက်သည်။
ရှောင်လင်း မျက်မှောင်ကြုတ်လိုက်သည်။
" ဒီကမ္ဘာမှာ လူပေါင်း ဘီလီယံနဲ့ချီပြီးရှိတာ မျက်နှာဆင်တူတဲ့သူတွေကတော့ မရေမတွက်နိုင်အောင် ရှိမှာပဲလေ... ရုပ်ချင်းဆင်တူတဲ့ နာမည်ကြီးတွေတောင် ရှိတာပဲကို..."
ကျိုးကျင်ဟမ့်က သူပြောသည်ကို နားမထောင်ပဲ ငြင်းဆန်နေသည်။
" အဲဒါသူပဲ..."
သူက ယီဟွေ့နှင့် အချိန်အတန်ကြာအောင် ရှိခဲ့သူဖြစ်၍ သူ၏ လှုပ်ရှားမှု အသေးအမွှားလေးများကို သိရှိ၍ အမြင်မှားမည် မဟုတ်ပေ။
ရှောင်လင်းက ကူကယ်ရာမဲ့သွားပြီး အသံမြှင့်ပြောလိုက်သည်။
" ဒါပေမဲ့ မစ္စတာယီက ဆုံးသွားပြီလေ သူ ..."
ကျိုးကျင်ဟမ့်၏ ခြေလှမ်းများက ရုတ်ချည်းရပ်တန့်သွားခြင်းကြောင့် သူ၏ စကားက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။
အိပ်မောကျနေသည်ကို တစ်စုံတစ်ယောက်က လှုပ်နှိုးလိုက်သကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်ပြီး အစောပိုင်းက စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခြင်းများ ပျောက်ကွယ်သွားရသည်။ သူ့မျက်ဝန်းထဲတွင် အဆုံးအစမဲ့သော အမှောင်ထုတစ်မျိုးတည်းသာ ကြီးစိုးနေသည်။
ကျိုးကျင်ဟမ့်က ယီဟွေ့ပိုင်ဆိုင်သည်များကို တစ်ခုမှ မရလိုက်သည့်အပြင် သူ၏နောက်ဆုံးအချိန်တွင်လည်း မမြင်တွေ့လိုက်ရပေ။
မူလက သူ့စိတ်ထဲတွင် အမျက်ဒေါသထွက်ပြီး စိတ်တိုခဲ့မိသည်။ သူက ယီဟွေ့နှင့် အနီးစပ်ဆုံးလူဖြစ်သည်။ သူတို့က ခန္ဓာကိုယ်ချင်းလည်း နှီးနှောခဲ့ဖူးပြီး ယီဟွေ့၏ ရယ်မောနေပုံ ငိုကြွေးနေပုံ အစရှိသည့် မျက်နှာအမူအရာအားလုံးကို သူ မြင်တွေ့ခဲ့ဖူးပေသည်။
ဘာလို့ သူ့ကို တွေ့ခွင့်မရတာလဲ...
နောက်ပိုင်းတွင် သူ တဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။ သူ့ဘေးနားမှလူများကလည်း ပုံမှန်နှင့် မကွာခြားကြပေ။ သူ့ရှေ့တွင် ယီဟွေ့နှင့် ပတ်သက်သမျှအကြောင်း တစ်ခွန်းမှ မဟတော့ပဲ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့် မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ထားလိုက်ကြသည်။ အကယ်၍ တွေးတောရန် အချိန်မရှိပါက ယီဟွေ့က သူ့အတွေးများက်ု စိုးမိုးခဲ့သူမဟုတ်ဟုပင် ထင်သွားနိုင်သည်။
အချိန်အတန်ကြာပြီးသည့်အခါ ကျိုးကျင်ဟမ့်က သူအောင်မြင်သွားသည်ဟု ထင်ခဲ့မိသည်။ သူ အလုပ်ကြိုးစားပြီး လာရောက်ကမ်းလှမ်းသမျှကိုလည်း လက်ခံကာ အနားယူချိန် တစ်မိနစ်ခန့်ပင် မထားခဲ့ပေ။ အခြားလူများ၏ အမြင်တွင်မူ သူက အလုပ်ရူးတစ်ယောက်ဖြစ်ပြီး ယခင်ကနှင့် ကွဲပြားသွားခြင်း မရှိပေ။
သူ ယမန်နေ့က လေယာဉ်ပေါ်မှ ဆင်းလာချိန်အထိ ထိုသို့ ထင်နေခဲ့ခြင်းဖြစ်သည်။
သူ ကျိုးဟွာရုံကို ဖုန်းထပ်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ကျိုးကျင်ဟမ့်က သူ့ကို သောက်အဖိုးကြီးဟု မခေါ်တော့ပေ။ သူ့စကားလုံးများက စိတ်ရင်းအမှန်ဖြစ်ပြီး သူ့ကိုယ်သူ အထင်အမြင်သေးလာမိသည်အထိ ကျိုးနွံလှပေသည်။ သို့ရာတွင် သူက အညှာအတာကင်းမဲ့သည့် ပြစ်တင်မှုများကိုသာ ပြန်လည် ရရှိလိုက်သည်။
" မင်း အနာဂတ်မှာ ကိုယ့်ကိုကိုယ်ပဲ အားကိုးတော့မယ်လို့ မပြောထားခဲ့ဘူးလား... ပထမတစ်ခါကCCTVကို စစ်ဖို့ အခုကျတော့ မနေ့က လေယာဉ်စီးခဲ့တဲ့ ခရီးသည်စာရင်းကို လိုချင်နေပြန်ပြီ... လေကြောင်းလိုင်းတစ်ခုလုံးကို ငါတို့မိသားစုပိုင်တယ်လို့ ထင်နေတာလား... ငါ မင်းကို သတိပေးလိုက်မယ် ထပ်ပြီးတော့ လွန်လာမယ်မကြံနဲ့... အရင်ကတော့ မင်းကို ယီဟွေ့က ကာကွယ်ပေးခဲ့တာ အခုတော့ ငါ့မျက်စိရှေ့မှာ မင်းလုပ်ချင်တာဆက်လုပ်ခွင့်ရမယ်ထင်ရင် အိမ်မက်မက်နေတာပဲ..."
ဖုန်းချပြီးသည်နှင့် သူ့ကို ယန်ချန့်ရွှမ်က ဖုန်းခေါ်လာသည်။
" ကောင်လေး ခုနက ဘာလို့ ငါ့ဖုန်းကို ချပစ်တာလဲ..."
ကျိုးကျင်ဟမ့်က နံရံကိုမှီရပ်နေပြီး သက်ပြင်းချလိုက်သည်။
" ခလုတ်မှားနှိပ်မိတာ..."
" အခုနောက်ပိုင်း ဘာ‌တွေလုပ်နေတာလဲ... ငါတို့ တူတူအပြင်မထွက်ရတာ ကြာပြီလေ... ညနေကျရင် ညစာတူတူစားကြမလား ငါ့မှာ လူတစ်ယောက်ရှိတယ် မင်းနဲ့..."
" မရဘူး... ငါ့မှာ အလုပ်တွေရှိသေးတယ်..."
ကျိုးကျင်ဟမ့်က သူ့စကားမဆုံးမီ ဖြတ်ပြောလိုက်သည်။
" မင်း ဘာတွေဖြစ်နေတာလဲ အရင်တုန်းက ဒီလောက် အလုပ်မများပါဘူး... ဘာလဲ မင်းမိသားစုက ဒေဝါလီခံလိုက်ရလို့ သူတို့ကိုကယ်ဖို့ မင်းကို ဖျော်ဖြေရေးနယ်ပယ်မှာ ခိုင်းစားထားတာလား..."
ကျိုးကျင်ဟမ့်က သူနှင့် ဟာသလုပ်ချင်စိတ် မရှိပေ။
" မဟုတ်ပါဘူး ငါတကယ် အလုပ်ရှုပ်နေလို့ပါ..."
" ကျစ် ငါ ခေါ်တာကျ မရဘူး ဖန်ယွီချင်း ခေါ်တာကျ ရတယ်ပေါ့လေ... သူ ပန်းချီပြပွဲလုပ်မယ်လို့ ကြားတယ်... သူက လူငယ်ပန်းချီဆရာလေးတွေနဲ့ တွဲဖက်စီစဥ်သူလုပ်တာဆိုပေမယ့် ဒါက သူ့ဘဝမှာ ပထမဆုံးလုပ်တဲ့ပွဲပဲ... သူ့ရဲ့ ပထမဆုံးပန်းချီပြပွဲမှာ မင်း သေချာပေါက်ကူညီမယ်လို့ ကျောင်းတုန်းက ပြောခဲ့ဖူးတယ်မလား..."
ကျိုးကျင်ဟမ့် သက်ပြင်းချလိုက်သည်။
" ဘယ်တော့တဲ့လဲ..."
ယန်ချန့်ရွှမ် ပြုံးလိုက်မသိသည်။
" ဟုတ်သားပဲ သေသွားတဲ့သူက ပြန်မရှင်နိုင်တော့ဘူးလေ... သူကလည်း မင်းဒီလိုဖြစ်နေတာကို ကောင်းကင်ဘုံကနေ တွေ့ချင်မှာ မဟုတ်ဘူး... ဒီလို အလုပ်ရူးဖြစ်နေတာက မင်းနဲ့မလိုက်ပါဘူး... ညီအစ်ကိုတွေနဲ့ပဲ တူတူအချိန်ဖြုန်းလိုက်ပါ... ဝိုင်သောက်ပြီး သီချင်းဆိုကြမယ်လေ ရည်းစားဟောင်းနဲ့ ပြန်ပေါင်းဖက်လိုက်ပေ့ါ..."
" ဒါပေမဲ့ ငါသူ့က်ိုလွမ်းတယ်..."
ယန်ချန့်ရွှမ် တရစပ်ပြောနေသည်ကို ကျိုးကျင်ဟမ့် ဖြတ်ပြောလိုက်သည်။
မီးစတစ်ခု ဖြာထွက်လာသကဲ့သို့ အချိန်အတန်ကြာဖိနှိပ်ထားရသော ခံစားချက်များကလည်း အက်ကြောင်းတစ်ခုထဲ စိမ့်ဝင်သွားသည်။ ပို၍ စီးဆင်းလာလေ အက်ကြောင်းက ပိုကြီးလာလေဖြစ်ပြီး လေအေးများလည်း စီးဝင်လာကာ မရေမတွက်နိုင်သောအပ်များက သူ့အရေပြားကို တစ်ချောင်းချင်း ထိုးစိုက်လာပြီး အရိုးနှင့် အသားများထဲပါ စိမ့်ဝင်သွားသည်။
ကျိုးကျင်ဟမ့်၏မျက်နှာက နာကျင်မှုကြောင့် ‌ရှုံ့တွနေသည်။ သူ အသက်အောင့်ထားပြီး ထပ်ပြောသည်။
" ငါ သူ့ကို အရမ်းလွမ်းတယ်..."
သူ့အသံက အက်ရှရှဖြစ်ပြီး စို့နင့်နေသည်။
ပြောပြီးသည်နှင့် မျက်လုံးများ မှိတ်လိုက်သည်။ သို့ရာတွင် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ခံစားချက်များက ပျောက်ကွယ်သွားရမည့်အစား ပိုမိုပြင်းထန်လာပြီး ထိန်းချုပ်မထားနိုင်ဖြစ်ကာ စီးကျလာတော့သည်။
ယီဟွေ့အကြောင်းတွေးတောနေပြီး ရူးလောက်အောင်ဖြစ်နေသည်ကို နောက်ဆုံးတွင် ဝန်ခံလိုက်ရပြီဖြစ်သည်။
သူ ခဏတာရပ်တန့်သွားချိန်တွင် ယီဟွေ့၏ ပုံရိပ်က သူ့စိတ်တစ်ခုလုံးကို စိုးမိုးသွားခဲ့သည်။ ပျော်ရွှင်နေသည့်ယီဟွေ့၊ ဝမ်းနည်းနေသည့်ယီဟွေ့ မျက်လုံးများနီရဲကာ ကြောက်လန့်နေသောယီဟွေ့၊ သူ့လက်ကို ကိုင်ထားပြီး " ယောက်ျား စိတ်မဆိုးပါနဲ့..." ဟုပြောသည့် ယီဟွေ့၊ အိမ်ပြန်လာချိန်တိုင်း အပြုံးဖြင့် ကြိုဆိုတတ်သည့်ယီဟွေ့...
ထို‌နောက်ပိုင်းတွင် သူ အိမ်မပြန်ဖြစ်ခဲ့၍ ထို‌စိတ်ချမ်းမြေ့ဖွယ်ရာအပြုံးလေးကို မည်သည့်အခါမှ မမြင်တွေ့ရတော့ပေ။
ဘေးနားတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် ရှောင်လင်းက မကြားသင့်သည့်အရာကို ကြားလိုက်ရသည်ဟု ခံစားလိုက်ရပေသည်။
ဖုန်းချပြီးသွားချိန်တွင်မှ သူ တစ်ဖက်သို့လှည့်လာသည်။ ကျိုးကျင်ဟမ့်၏ အမူအရာမှ တစ်စုံတစ်ခုကို ရှာဖွေလိုပြီး သူမည်သူ့ကို စကားပြောနေသည်နှင့် မည်သူ့ကိုလွမ်းနေကြောင်း သိချင်လာသည်။
၎င်းက ဒဏ္ဍာရီလာအချစ်ဦးဟူသည့်အရာဖြစ်မည်ဟု ရှောင်လင်း စိတ်ကူးယဉ်လိုက်မိသည်။
ဟိုတစ်ခေါက်က သူ့ကို မနက်စောစောအိပ်ရာအတင်းနှိုးပြီး အက်စ်မြို့ကနေ မြို့တော်ကိုသွားတဲ့လေယာဉ်လက်မှတ် ဘိုကင်လုပ်ခိုင်းတာ အဲ့လူကို သွားကြိုဖို့ မဟုတ်ဘူးလား...
သူက အခြားသူများ၏ကိုယ်ရေးကိုယ်တာကို ဝင်ရောက်မ‌စွက်ဖက်လိုပဲ အနာဂတ်တွင် ကျိုးကျင်ဟမ့်နှင့် အတူတကွ အလုပ်လုပ်ရာ၌ မိုင်းတွင်းထဲ ခြေချနေသကဲ့သို့ မခံစားရအောင်သာ သိထားသင့်သည်များကို စုဆောင်းနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ကျိုးကျင်ဟမ့် ဖုန်းအောက်ချပြီး တွေဝေးငေးငိုင်နေစဉ်တွင် ၎င်းကို မသိမသာ လှမ်းကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်လင်း အံ့အားသင့်သွားရသည်။ ကျိုးကျင်ဟမ့်က သူယခင်က လွှင့်ပစ်ခိုင်းခဲ့သည့် ဖုန်းအဟောင်းကို ပြန်ကိုင်ထားပြီး wallpaperကိုလည်း မပြောင်းထားပေ။ မစ္စတာယီက လက်ကို V sign ပြုလုပ်ထားပြီး ကင်မရာကိုကြည့်ကာ ရယ်မောနေသည်။
၎င်းက သူမြင်ဖူးခဲ့သည့် မစ္စတာယီ၏ တစ်ခုတည်းသော‌ဓာတ်ပုံဖြစ်ပြီး ကျိုးကျင်ဟမ့်ပိုင်ဆိုင်သည့် တစ်ခုတည်းသောဓာတ်ပုံလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
Xxxxxxx