ထန်ဝမ်းရှီ၏ထပ်ခါတလဲလဲသွေးဆောင်မှုကြောင့် ယီဟွေ့ မြို့တော်တွင် တစ်ရက်ပိုနေရန်ဆုံးဖြတ်လိုက်သည်။
ယန်ချန့်ရွှမ်မှာမူ အလျင်စလို လာရောက်ကာ ပြန်သွားခဲ့သည်။ သူ ထန်ဝမ်းရှီကို မြင်သွားချိန်တွင် နှုတ်ဆက်စကားပြောပြီးနောက် ပြန်သွားခဲ့ပြီး တံခါးကိုသော့ခတ်ဖို့မမေ့ရန် အဓိပ္ပါယ်ပါပါနှင့်ဆုံးမသွားလေသည်။ ထန်ဝမ်းရှီမှာမူ ရှုပ်ထွေးသွားကာ ယီဟွေ့ကို ဘာဖြစ်ခဲ့သလဲဟု မေးလိုက်သည်။
ယီဟွေ့ သူတို့နှစ်ဦး၏ပတ်သက်မှုမှာ မည်သို့ရှိသည်ကို တိုက်ရိုက်သာမေးလိုက်ချင်မိသည်။ သို့သော်လည်း ယခင်အချိန်က ထန်ဝမ်းရှီ ယန်ချန့်ရွှမ်အကြောင်းပြောချိန်တွင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည့်အမူအယာကို ပြန်လည်တွေးမိသွားချိန်၌ သူလက်လျော့လိုက်လေသည် " ငါကမင်းရဲ့အင်္ကျီတွေဝတ်ထားတာဆိုတော့ ငါ့ကိုမင်းလို့ထင်ပြီးပြောသွားတာ…"
ထန်ဝမ်းရှီ ရှော့ရသွားခဲ့သည် " သူ မင်းကိုဘာမှမလုပ်သွားဘူးမလား…သူလုပ်ခဲ့သေးလား…"
ယီဟွေ့ ယဉ်ကျေးသမှုဖြင့်သာ မေးလိုက်သည်
" သူငါ့ကိုဘာလုပ်မယ်လို့ မင်းထင်နေတာလဲ…"
ထန်ဝမ်းရှီ နားရွက်နှင့်ခေါင်းကိုသာ ကုတ်နေလျက်ရှိသည်။ တိတ်ဆိတ်ကာ တုန့်ဆိုင်းနေပြီးနောက်တွင် သူ၏မျက်နှာမှာ နည်းနည်းချင်းစီဖြင့် နီမြန်းလာသည်။
ယီဟွေ့ စိတ်ထဲတွင် ခန့်မှန်းမိသော်လည်း ထန်ဝမ်းရှီကို အရှက်မရစေချင်သည့်အတွက် အိမ်ထဲသို့သာ တွန်းပို့လိုက်ပြီး " အန်တီကအသီးတွေလှီးနေတယ်လို့ မင်းပဲပြောတာမဟုတ်ဘူးလား…သွားရအောင် မြန်မြန်.. အသီးသွားစားကြမယ်…"
နောက်တစ်နေ့တွင် သူတို့နှစ်ဦး ကစားကွင်းသို့ အတူတကွသွားရောက်လည်ပတ်ခဲ့ကြသည်။
မူလအစတွင် ထန်ဝမ်းရှီမှာ ဦးဆုံးအနေဖြင့် သွားချင်ကြောင်းကို ထုတ်ပြောလာပြီး ကစားကွင်းမှာ ယခုရက်ပိုင်းကပင် အဆင့်မြင့်တင်ထားပြီး ကစားစရာအသစ်များဖွင့်လှစ်ထားကြောင်းပြောလာသည်။ အင်တာနက်ပေါ်မှ စီးစရာအသစ်များကို ချီးမြောက်မှုများမှာ သူ့ကိုမကြုံစဖူး မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုများကို ပေါ်ပေါက်လာစေသည်။
ထန်ဝမ်းရှီ သွားချင်နေသော်လည်း အတူသွားမည့်အဖော်ကိုရှာမရသေးချေ။ သူ၏ဘေးမှ သူငယ်ချင်းနှင့်အတန်းဖော်များမှာ သူထိုအကြောင်းပြောလိုက်ချိန်တွင် ကလေးဆန်သည်ဟု လှောင်ပြောင်ကြပြီး အချို့မှာမူ အလုပ်များနေသည့်အတွက် ငြင်းပယ်ခဲ့ကြသည်။ သူထမင်းစားပွဲတွင် မိဘများကို ပြောလိုက်ချိန်တွင်လည်း သူ၏မိဘများမှ အိမ်တွင်သာနေ၍ အိမ်စာလုပ်ခြင်းမှာ ပိုသင့်တော်သည်ဟု ပြောလာကြပြန်သည်။ ယီဟွေ့တစ်ဦးတည်းသာ သူကဲ့သို့ တူညီသည့် စိတ်အားထက်သန်သော အမူအယာမျိုးပြသလာသူဖြစ်သည်။
ဤသို့ဖြင့် သူတို့နှစ်ဦး ချက်ချင်းလိုပင် ပေါင်းမိသွားကာ ထိုနေ့တွင် စောစောထ၍ ကျောပိုးအိတ်နှင့်ဦးထုပ်များဆောင်းလိုက်ကြပြီး ဆင်ခြေဖုံးအရပ်တွင်ရှိသော ကစားကွင်းသို့သွားမည့် ပထမဦးဆုံးဘတ်စ်ကားကို စီးလာကြသည်။
သူတို့ရောက်သည့်အချိန်တွင် ကစားကွင်းမှာ ဖွင့်စပင်ရှိသေးကာ အဝင်ဝရှိချားမှာ လည်ရုံသာရှ်ိနေပြီး လူအတော်နည်းပါးနေသေးသည်။ သူတို့နှစ်ဦး အရုပ်များကို သုံးကြိမ်မျှ စီးလိုက်ကြကာ ပျော်ရွှင်စွာဖြင့် ဖုန်းများထုတ်၍ အချင်းချင်းဓာတ်ပုံရိုက်ယူလိုက်ကြသည်။
" ငါထင်တာတော့ မင်းဓာတ်ပုံရိုက်ရတာကြိုက်တယ်မလား…ဟုတ်တယ်ဟုတ်.."
နောက်ဆုံးတစ်ကြိမ် လှည့်ပတ်ပြီးနောက် သစ်သားမြင်းရုပ်ပေါ်မှဆင်းလာချိန်တွင် ထန်ဝမ်းရှီ ချက်ချင်းဆိုသလို ဓာတ်ပုံကိုအယ်လ်ဘမ်ကို လှန်လှောကာ ပို၍ကောင်းမည့်ပုံကို ရှာဖွေနေရင်းမှ " ဘာလို့ အဲ့နေ့တုန်းက အနုပညာအစည်းအရုံးမှာ မျက်နှာကိုကွယ်ထားခဲ့တာလဲ…မင်းကဆုလက်ခံယူနေရတာလေ အဲ့လိုမျိုးက မကြာခဏဖြစ်တဲ့အရာမဟုတ်ပါဘူး…"
ယီဟွေ့ တစ်ခဏမျှ ထိတ်လန့်သွားပြီးနောက် ပြောလိုက်သည်
" မတူဘူးလေ အဲ့မှာက သူစိမ်းတွေကြီးပဲ…မင်းငါ့ပုံရိုက်ပေးတာနဲ့ တူမှမတူတာကို…"
ထန်ဝမ်းရှီမှာ သူ၏အဖြေကြောင့် အလွန်ပင်စိတ်ကျေနပ်သွားကာ တက်ကြစွာဖြင့် သူ့ကိုရိုလာကိုစတာဆီသို့ ဆွဲခေါ်သွားလေသည် " ရိုလာကိုစတာသွားစီးရအောင်… ဒီတော်ဝင်ဓာတ်ပုံဆရာကြီးက မင်းအတွက် ကစားကွင်းဓာတ်ပုံတွေ ရှယ်ရိုက်ပေးမယ်…"
သေချာပေါက်ကိုပင် သူတစ်ခုမှ မရိုက်လိုက်ရချေ။ အဘယ့်ကြောင့်ဆိုသော် ရိုလာကိုစတာပေါ်တွင် ဖုန်းများကိုင်ဆောင်ခွင့်မပြုသောကြောင့်ပင်။
၎င်းမှာ အမှန်တကယ်ပင် သူတို့နှစ်ဦးနေရာတွင် ပျော်ရွှင်စွာ ထိုင်နေကြကာ ပြန်ဆင်းလာပြီးနောက် ဖြူဖျော့နေသည့်မျက်နှာများကို ရိုက်ထားရန်လည်း မဖြစ်နိုင်ချေ။ အနည်းငယ်ပို၍အခြေအနေကောင်းသေးသည့် ယီဟွေ့မှာ ထန်ဝမ်းရှီကို ထိန်းထားပေးပြီး မည်သို့ခံစားရသည်ကို မေးနေခဲ့သည်။ ထန်ဝမ်းရှီမှာ အပြုံးတစ်ခုကို မကျေမနပ်ညှစ်ထုတ်လိုက်ရပြီး အဆင်ပြေကြောင်းပြရန် ခေါင်းကိုယမ်းကာ ပြန်ငုံ့လိုက်ပြီးနောက် အမှိုက်ပုံးထဲသို့ ပြန်အန်ချနေလေသည်။
ငါးမိနစ်ကြာပြီးနောက် ယီဟွေ့ ထန်ဝမ်းရှီကို ပါးစပ်သုတ်ရန်အတွက် ရေစွတ်ထားသည့် တစ်ရှုးတစ်ခုကမ်းပေးလိုက်ပြီး စိုးရိမ်တကြီးမေးလိုက်လေသည် " ငါတို့ ဘာလို့မပြန်ဘဲနေနေမှာလဲ…"
ထန်ဝမ်းရှီမှာမူ အမှိုက်ပုံးကိုကိုင်ထားဆဲဖြစ်သော်လည်း လက်ကိုယမ်းကာ မပြန်ချင်ကြောင်းကို အသေအချာပြောနေလေသည်။
" မင်းရိုလာကိုစတာမစီးနိုင်ရန် ဘာလို့များ သတ္တိရှိချင်ယောင်ဆောင်နေတာလဲ…"
ယီဟွေ့ ထန်ဝမ်းရှီ၏မျက်ရည်များအပြည့်ဖြင့် သနားစဖွယ်ဖြစ်နေသည့်ပုံကို ကြည့်ကာ သူရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ချေ " မတက်ခင်တုန်းကတော့ မင်းပဲ ငယ်ငယ်တုန်းကရိုလာကိုစတာဘုရင်ဖြစ်ခဲ့တာဆို… စက်ပျက်သွားပြီး ဇောက်ထိုးကြီးတန်းလန်းဆွဲနေတာတောင် အိုကေခဲ့တယ်ဆို…"
ထန်ဝမ်းရှီ သူ၏လက်များကို အားနည်းစွာဖြင့် ဝှေ့ယမ်းလိုက်ပြီး " ငါလည်းအိုလာပြီလေကွာ.. လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဆို ငါမနားဘဲ ရှစ်ခေါက်တောင် စီးနိုင်တာကွ…"
ယီဟွေ့ နက်နက်ရှိုင်းရှိုင်း သံသယဝင်နေသည့်အမူအယာဖြင့် " ရှစ်ခေါက်လား.. ငါတို့တန်းစီရတာတောင်တစ်နာရီကျော်တယ်လေ…"
" ဘယ်လိုပဲဖြစ်ဖြစ်ကွာ ရှစ်ခေါက်မဟုတ်ရင် ငါးခေါက်ပဲ.." ထန်ဝမ်းရှီ သူမိမိုက်နေပုံကို ဆက်ထိန်းထားချင်နေသဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ခံစားချက်များ ပြန်လည်ကောင်းမွန်လာလေသည်
" အချိန်ကလူကိုမစောင့်ဘူး…သွားရအောင် မြန်မြန်လေး နောက်တစ်ခုသွားစီးကြမယ်…ငါဒီနေ့မင်းရဲ့ ပျံသန်းရတာကြောက်တဲ့ရောဂါကို ကုပေးမှာ…"
အချက်အလက်အားဖြင့် စိတ်လှုပ်ရှားဖွယ် ကစားစရာများစီးရခြင်းမှာ လေယာဉ်စီးခြင်းနှင့် ကွာခြားလှသည်။ သို့သော်လည်း ယီဟွေ့ ထန်ဝမ်းရှီ၏အပျော်ကို မဖျက်စီးချင်သည့်အတွက် သူ့ကို ပေးစီစဉ်စေလိုက်သည်။
ရိုလာကိုစတာကဲ့သို့ အက်ဒရက်နယ်လင်းတိုးစေနိုင်သော စီးစရာများ၊ ပင်လယ်ဓားပြနှင့် ခုန်ပျံကျော်လွှားစက်များကို ဆော့ကစားပြီးနောက် ထန်ဝမ်းရှီ နောက်ဆုံး၌ လွန်ခဲ့သောဆယ်နှစ်မှ စိတ်လှုပ်ရှားမှုကို ပြန်လည်ရရှိခဲ့သည်။ နေ့လည်ခင်းတွင် ကစားကွင်းရှိစားသောက်ဆိုင်များ၌ သာမန်ကာလျှံကာစားသောက်ကြပြီးနောက် သူယီဟွေ့ကို ရေလွာလျှောစီးရန်ခေါ်သွားလိုက်ပြီး သူတို့တန်းစီနေခဲ့ကြသည်။
အဆုံးမရှိပုံရသော လမ်းကြောင်းမှာ အပြင်ဘက်မှသည် လူလုပ်ကျောက်ဆောင်တုများဆီသို့ ဆက်လက်သွားနေသည်။ ထန်ဝမ်းရှီ အပြင်ဘက်အပေါ်ထပ်မှအောက်သို့ကျလာစဉ်အော်ဟစ်နေကြသူများကို လက်ညှိုးထိုးပြလိုက်ပြီး " ဒါပဲ ငါကလေးတုန်းက အဲ့ဒါစီးရတာကိုအကြိုက်ဆုံးပဲရယ်…အထူးသဖြင့် နွေရာသီမှာပေါ့.. ဟေးး မင်းအဲ့ဟာစီးဖူးလား…"
ယီဟွေ့ ညွှန်ပြလာသည့်နေရာသို့ ကြည့်လိုက်ကာ " ဟင့်အင်း အဲ့ကိုတစ်ခါပဲရောက်ဖူးတယ်…"
" တစ်ခေါက်ပဲလား ဒါဆို မင်းဒီဟာစီးသင့်တာပေါ့ တကယ့်ဂန္တဝင်နော် ဒါက…"
ယီဟွေ့ နှုတ်ခမ်းကိုကိုက်ကာ ပြုံးလိုက်ပြီး " အဲ့တုန်းက လောလော လောလောနဲ့လာတော့ တစ်ခေါက်စီးပြီးတာနဲ့ ပြန်သွားလိုက်တာ…"
ထန်ဝမ်းရှီ ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်ကိုပုတ်ကာ ယီဟွေ့ကို ထိုကစားစရာ၏တကယ့်ရတနာအစစ်ကိုပြပေးမည်ဟု ကြွေးကြော်လိုက်သည်။ ထို့နောက် လူတိုင်းမှာ တစ်ခါသုံးမိုးကာများကို ဝယ်ယူထားပြီးချိန်၌ သူတို့နှစ်ဦးမှာမူ အကာအကွယ်ကင်းမဲ့စွာထိုင်နေခဲ့သည်။ သို့သော်လည်း ၎င်းမှာ အလွန်မိမိုက်ကာ မမေ့နိုင်သည့်အတွေ့အကြုံဖြစ်စေခဲ့ပြီး သူတို့လှေပေါ်မှ ဆင်းလာချိန်တွင် နှစ်ဦးစလုံး၏မျက်နှာများပေါ်တွင် ရေစက်များပြည့်နေခဲ့သည်။
လှေမှာ စခန်းတွင်ရပ်တန့်သွားပြီးနောက် သူတို့နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး ရေစိုကာ ကြွက်စုတ်သဖွယ်ဖြစ်နေကြပုံကို လက်ညှိုးထိုး ရယ်မောနေကြပြီး အပြင်သို့ ပြန်ရောက်လာသည့်အချိန်ထိပင် မရပ်တန့်နိုင်ခဲ့ကြချေ။
ထန်ဝမ်းရှီ ယီဟွေ့၏မျက်နှာကို တစ်ရှုးဖြင့် သုတ်ပေးနေလျက် ပြုံးကာ သူ၏အဖျားကို ပိုဆိုးမသွားစေရန် ပြောနေလေသည်။ ယီဟွေ့ တစ်ရှုးကိုယူကာ သူ့ကိုယ်သူသုတ်လိုက်ပြီးနောက် ထန်ဝမ်းရှီနောက်မှ လိုက်လာချိန်တွင် ထန်ဝမ်းရှီ ရုတ်တရက်ထအော်လာသံကို ကြားလိုက်ရသည် " ဝိုးး နောက်ဆုံးတော့ လင်းလာခဲ့ပြီ…"
ကောင်းကင်တွင် တစ်ဝက်မျှမှောင်မိုက်နေသော်လည်း မလှမ်းမကမ်းတွင်ရှိသည့် ချားရဟတ်မှ အလင်းရောင်စုံဖြာထွက်နေခဲ့သည်။ ယီဟွေ့ ခေါင်းကိုမော့လိုက်ချိန်၌ သူ၏ရှေ့မှချားမှာ အလင်းရောင်များ ပြောင်းလဲကာထွက်ပေါ်နေပြီဖြစ်သည်။ အလင်းရောင်များမှာ စက်ဝိုင်းတစ်ခုပြီးနောက် နောက်ထပ်အလယ်တွင် စက်ဝိုင်းကြီးတစ်ခုပေါ်လာပြီး အရောင်ပြောင်းလဲနေကာ နွေးထွေးသောအလင်းရောင်မီးမှာမူ ခုံတစ်ခုစီ၏အတွင်းစက်ဝိုင်းတွင်ရှိနေခဲ့သည်။ အိမ်မက်ဆန်ကာ မိန်းမောစေနိုင်သော မြင်ကွင်းတစ်ခုမှာ တိတ်ဆိတ်ပြီး မှိုင်းအုံ့နေသောကျနေဖြင့် ရောနှောနေခဲ့သည်။
ယီဟွေ့၏ပျံ့လွင့်နေသောအတွေးများမှာ ထန်ဝမ်းရှီထံမှ နှောင့်ယှက်ခံလိုက်ရသည်။ သူခေါင်းကိုယမ်းလိုက်ပြီးနောက် " ဘာမှမဟုတ်ပါဘူး…"
ထန်ဝမ်းရှီမှာ နေ့တစ်နေ့လုံးကုန်သည်အထိ ဆော့ကစားပြီးသော်လည်း မောပန်းခြင်းမရှိသေးပေ " သွားမယ် သွားမယ်.. စီးစရာအသစ်တွေဆီ အရင်သွားစမ်းတာပေ့ါ…မင်းချားပေါ်ကဘယ်ခုံဖြစ်ဖြစ်ထိုင်လို့ရတယ်…"
ထွက်ခွာမသွားခင် ယီဟွေ့ ခေါင်းကိုလှည့်ကာ ညနေခင်းနေရောင်အောက်တွင် လည်ပတ်နေပြီဖြစ်သော ချားရဟတ်ကြီးကို တစ်ဖန်လှည့်ကြည့်လိုက်မိသည်။ ၎င်းမှာ ဖြည်းဖြည်းချင်း လည်ပတ်နေသည်ကို ကြည့်ကာ ထိုနေရာတွင်ထိုင်နေသည့်လူများမှာ သူ့ကဲ့သို့ အဆုံးမရှိသောအနာဂတ်မျှော်လင့်ချက်များဖြင့် ပြည့်နေမည်လားဟုတွေးတောနေမိသည်။
သေသေချာချာတွေးကြည့်မည်ဆိုပါက သူ့ထံတွင်လည်း အချိန်ကောင်းမရှ်ိခဲ့တာမျိုး မဟုတ်ပါလေ။