လက်ထပ်ပွဲအတွက် ပြင်ဆင်နေသည့်အချိန်အတွင်း ယီဟွေ့ Sမြို့နှင့်မြို့တော််ကို မကြာခဏဆိုသလို အသွားအပြန်လုပ်ခဲ့ရသည်။ ယီဟွေ့ လေယာဉ်ကွင်းသို့ သွားသည့်လမ်းတွင် ထိုချားရဟတ်ကို အကြိမ်ရေများများ တွေ့ခဲ့ရခြင်းဖြစ်သည်။
သူ စီးချင်သဖြင့် သူ၏အစ်ကိုနှင့်မရီးကိုခေါ်သွားရန် ပူဆာခဲ့လေသည်။ မရီးဖြစ်သူမှာ သဘောတူမည်ပြုသော်လည်း အစ်ကိုကြီး၏ ပေါ့ပေါ့ပါးပါးစကားများဖြင့် ပယ်ချခံလိုက်ရသည် " ကျိုးကျင်ဟမ့်ကိုပဲ ခေါ်သွားခိုင်းလိုက်ပါလေ…"
သူ၏ခင်ပွန်းလောင်းမှာ အလွန်အလုပ်များနေပြီး ထိုအကြောင်းပြောမည်မဟုတ်သည်ကို ယီဟွေ့သိနေခဲ့သည်။ မမျှော်လင့်ပါဘဲ ထိုနေ့လည်ခင်း ဘုရားကျောင်းမှထွက်လာချိန်တွငခ ကျိုးကျင်ဟမ့် ရုတ်တရက် နေကာမျက်မှန်ကို ချွတ်ကာ သူ့ကိုကြည့်၍ မေးလာခဲ့သည် " ရဟတ်သွားစီးချင်လား…"
ယီဟွေ့ ခေါင်းငြိမ့်ပြလိုက်မိသည်။
ကျိုးကျင်ဟမ့် ရှေ့သို့တိုးကာ ကားတံခါးဖွင့်၍ သူ့ကိုတက်ရန်ပြောလိုက်ပြီး " ဘာစောင့်နေတာလဲ သွားမယ်လေ…"
သူ့အစ်ကိုထံမှ အကြံပေးသဖြင့် ကျိုးကျင်ဟမ့်ဤသို့ ပြောလာသည်ကို သူသိနေသည့်တိုင် ယီဟွေ့အလွန်စိတ်လှုပ်ရှားနေဆဲပင်။ သွားနေသည့်လမ်းတစ်လျှောက်တွင် သူ ကျိုးကျင်ဟမ့်၏အခြေအနေကိုသာ အကဲခတ်နေမိသည်။ ကျိုးကျင်ဟမ့် ထိုသို့ ဝေးဝေးသွားရသည်ကို သဘောမကျနေမလား၊ မပျော်ရွှင်နေမလား သို့မဟုတ် မသွားချင်ဘူးဟုပြောလာလေးမလားကို သူကြောက်နေမိသည်။
၎င်းမှာ သူတို့ကစားကွင်းထဲသို့ဝင်ကာ လက်မှတ်မဝယ်ခင်အထိ ဖြစ်နေခဲ့ပြီး ရဟတ်စီးရန် တန်းစီနေသည့်အချိန်မှပင် ကျိုးကျင်ဟမ့်ထွက်မပြေးမည်မှာ သေချာသွားသည့်အတွက် ယီဟွေ့ စိတ်ကိုလျှော့ချလိုက်ရသည်။
အားလပ်ရက်ဖြစ်နေသဖြင့် တန်းစီနေသည့်လူများပြည့်ကျပ်နေကာ မီးလင်းလာသည်နှင့် လူများစုံပြုံတိုးလာကြသည်။ အရှေ့သို့အတင်းတိုးနေကြသူများမှာ ဘေးသို့ငေးနေသည့်ယီဟွေ့ကို တွန်းမိသွားသဖြင့် သူအရှေ့သို့ ယိုင်ကျသွားကာ ချော်လဲမလိုဖြစ်သွားလေသည်။ ဘေးတွင်ရှိသော ကျိုးကျင်ဟမ့်မှသာ အချိန်မီ ဖမ်းမဆွဲထားပေးပါက ယီဟွေ့ပြုတ်ကျသွားမည်မှာ အသေအချာပင်။
" မင်းခြေထောက်ကို သေချာထားစမ်းပါ.. လူကြီးမဟုတ်ဘူးလား…"
ကျိုးကျင်ဟမ့် မျက်မှောင်ကြုတ်ထားကာ သူ၏အသံမှာ မကောင်းနေစေကာမူ ယီဟွေ့ ၎င်းကိုစိတ်ပူနေသည့်သဘောဟု မှတ်ယူလိုက်သဖြင့် အနည်းငယ်ရှက်သွေးဖြာသွားခဲ့သည်။
ရဟတ်ပေါ်သို့တက်ပြီးချိန်တွင် တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ ယီဟွေ့၏နှလုံးမှာ လျှင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။ ကျိုးကျင်ဟမ့် သူ၏မျက်လုံးကိုအောက်သို့ငုံ့လိုက်ချိန် ယီဟွေ့ သူ၏အင်္ကျီကို ကြောက်ကြောက်လန့်လန့်ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး " အမြင့်ကြောက်တာတောင် ဒါလာစီးရဲသေးတယ်လား…"
ယီဟွေ့ ရှက်သွားသောကြောင့် ခေါင်းကိုငုံ့ကာ မည်သည့်စကားမှပြန်မပြောခဲ့ပေ။ထို့နောက် သူ၏ညာဘက်နားဆီမှ အသံလွင်လွင်လေးတစ်ခုကို ကြားလိုက်ရသည် " အိုကေ ကြောက်မနေနဲ့တော့…မင်းကြောက်နေရင် မျက်စိမှိတ်ပြီးတော့ ရေတွက်နေလိုက်ချည်… တစ်ရာပြည့်တဲ့အချိန် မျက်လုံးပြန်ဖွင့်လိုက်ရင် အောက်ကိုရောက်နေလိမ့်မယ်…"
ကျိုးကျင်ဟမ့် အမှန်တကယ်ပင် သူ၏ဘေးသို့ ရွှေ့ထိုင်ပေးခဲ့သည်။
ယီဟွေ့ နာနာခံခံဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။ သို့သော်လည်း တိတ်တဆိတ်ရေတွက်ရမည့်အစား သူ၏အထဲတွင် ခုန်ပေါက်နေသည့်ခံစားချက်မျိုးရှိနေပြီး အချစ်များဖြစ်ပေါ်သည့်အခါ သမင်ပေါက်၏ခုန်ပေါက်နေခြင်းကဲ့သို့ မရပ်မနားခုန်ပေါက်နေခဲ့သည်။ သူ၏နှလုံးသားထဲတွင်ရှိနေသည်မှာ သမင်ပေါက်တစ်ကောင်မဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသည့် ဒိုရာအေမွန်ဟု ယီဟွေ့ခံစားလိုက်ရသည်။
ရလဒ်အနေဖြင့် သူတစ်ဆယ်အထိပင် မရေတွက်ရပါဘဲ အောက်သို့ရောက်လာခဲ့သည်။ ကျိုးကျင်ဟမ့် ဦးစွာဆင်းသွားကာ အရှေ့မှထွက်ခွာသွားခဲ့သည်။ ယီဟွေ့ မပျောက်ကွယ်သေးသည့် သတ္တိအနည်းငယ်ကိုစုစည်းကာ လှမ်းခေါ်လိုက်မိသည် " ငါ ငါ.. အခုပဲမင်းအတွက် တစ်ခုဆုတောင်းခဲ့တယ်…"
တာဝန်တစ်ခုပြီးဆုံးသွားသကဲ့သို့ သဘောရသဖြင့် ကျိုးကျင်ဟမ့်၏စိတ်အခြေအနေမှာ ကောင်းမွန်နေကာ အရှိန်လျော့လိုက်ပြီး ခေါင်းကိုစောင်း၍ မေးလာခဲ့သည် " အိုးး ဘာဆုတောင်းလဲ.."
ယီဟွေ့ ကျိုးကျင်ဟမ့်ကို ကြည့်နေစဉ်မှာပင် မျက်နှာတစ်ခုလုံးလောင်ကျွမ်းလာခဲ့ပြီး " ငါဆုတောင်း.. ငါဆုတောင်းတာက မင်းရဲ့ဆန္ဒတွေမှန်သမျှ အကုန်ပြည့်နိုင်ဖို့ပဲ.."
ကျိုးကျင်ဟမ့် တစ်ခဏမျှ ကြောင်အသွားရသည်။ ယီဟွေ့ သူ၏တုံးအသောဆုတောင်းကြောင့် ကျိုးကျင်ဟမ့် သူ့ကိုလှောင်တော့မည်ကို တွေးမိသွားသဖြင့် ရှက်ရွံ့သွားကာ စကားပြန်ရုတ်ရန် ပြင်လိုက်စဉ်မှာပင် ကျိုးကျင်ဟမ့် အမှန်တကယ် ရယ်ချလိုက်သည်။
သို့သော်လည်း ရယ်နေရုံမျှသာဖြစ်ပြီး လှောင်ပြောင်နေခြင်းမျိူး မပါဝင်ခဲ့ပေ။
ကျိုးကျင်ဟမ့် လက်ကိုဆန့်ကာ ယီဟွေ့၏ခေါင်းကို တို့ထိရန် ပြင်လိုက်သော်လည်း ယီဟွေ့မှာ သူ့ထက်အသက်ကြီးကို သတိရသွားသဖြင့် လက်ပြန်ချထားလိုက်ရသည်။ သို့တိုင်အောင် သူ၏နှုတ်ခမ်းများမှာမူ အပေါ်သို့တွန့်ကွေးနေကာ " ဒါဆိုလည်း ကျေးဇူးပါပဲ.."
လေဆိပ်မှလာသည့်လမ်းတွင် ကျိုးကျင်ဟမ့် ကစားကွင်းဘေးကို ဖြတ်သွားရပြီး ခပ်ဝေးဝေးမှ ချားရဟတ်ကို ကားပြတင်းမှမြင်လိုက်ရချိန်၌ ရုတ်တရက်ဆိုသလို ထိုအချိန်များတွင် ယီဟွေ့မှာ သူအလိုရှိရာကို ပြောရန်သိနေသေးပြီး အချို့သောကို့ရို့ကားယားနိုင်သည့် ဒေါသအချို့ကို ထိန်းချုပ်ထားကြောင်းကို သူအမှတ်ရမိသွားသည်။
အချိန်တစ်ခုကိုဖြတ်သန်းပြီးနောက် ယီဟွေ့မှာ ပြောင်းလဲသွားခဲ့သည်။ ယီဟွေ့ ငြိမ်သက်လာကာ လူကြောက်တတ်လာပြီး သူဖတ်ရသည်ကို မပျော်ရွှင်မည် စိုးသောကြောင့် စာကို၂ကြောင်းထက်ပင် ပိုမပို့နိုင် သို့မဟုတ် နောက်ပိုင်းတွင်မူ ဖုန်းပဲမခေါ်ရဲတော့သည်အထိ သူ့ကိုကြောက်ရွံ့လာခဲ့သည်။
Sမြို့ရှိ နေအိမ်သို့ ပြန်လာပြီးနောက် ကျိုးကျင်ဟမ့် ဦးစွာပန်းပင်များကိုရေလောင်းလိုက်ပြီး ထို့နောက် မီးဖိုချောင်ထဲသို့ဝင်ကာ ညစာအတွက် အနည်းငယ်ချက်ပြုတ်လိုက်သည်။
နောက်ဆုံးတစ်ကြိမ် သူထွက်မသွားခင်က ကျိုးကျင်ဟမ့် အိမ်အကူတစ်ဦးငှားရမ်းထားခဲ့သည်။ သူမ၏အဓိကတာဝန်မှာ နေ့စဉ်နေ့တိုင်း နှင်းပန်းများကို ဂရုစိုက်ပေးရန်ဖြစ်ပြီး အိမ်သန့်ရေးနည်းနည်းလုပ်ကာ စားစရာအချို့ကို ရေခဲသေတ္တာထဲတွင် ထည့်ထားပေးခဲ့ရန်ဖြစ်သည်။ ထို့ကြောင့် သူရက်အတန်ကြာအိမ်တွင် မရှိလျှင်ပင် အိမ်မှာ မူလပုံသဏ္ဍာန်အတိုင်းသာ ရှိနေမည်ဖြစ်သည်။
မကြာခင်အချိန်အတွင်း ရိုက်ကူးရေးသို့ ပြန်သွားရမည်ဖြစ်သော်လည်း ယနေ့အချိန်ရရန်အတွက် ကမန်းကတန်းပြန်ချလာခဲ့သော ကျိုးကျင်ဟမ့်တွင် အလုပ်တစ်ခုရှိနေခဲ့သည်။
ပထမဦးစွာ ကျိုးကျင်ဟမ့် စာရွက်ကိုထုတ်၍ အခန်းနှစ်ခန်း၏အခြေအနေကို ချရေးလိုက်သည်။ ထို့နောက် ပေကြိုးဖြင့် စာအုပ်စင်၊ပန်းချီကားတင်သည့်ဘုတ်ပြားများ နှင့် ပြတင်းပေါက်တို့၏ အလျားအနံအမြင့်တို့ကို အကြမ်းဖျင်း တိုင်းတာလိုက်ကာ သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီးနောက် စတူဒီယိုအတွင်းမှ ပစ္စည်းများကို အပေါ်ထပ်ရှိ နေကြည့်ဆောင်အတွင်းသို့ စတင်ရွှေ့ပြောင်းလိုက်သည်။
ယီဟွေ့ထံတွင် ပန်းချီဆွဲသည့်ပစ္စည်း မြောက်မြောက်များများမရှိသည့်အပြင် သပ်ရပ်စွာထုပ်ပိုးထားသောကြောင့် ကျိုးကျင်ဟမ့် တစ်ကြိမ်တည်းနှင့် သယ်ဆောင်သွားနိုင်ခဲ့သည်။ အနည်းငယ် ပို၍ဒုက္ခများစေနိုင်သောအရာမှာ ပုံကြမ်းများထားသည့် ဗီဒိုဖြစ်ပြီး ၎င်းကို တစ်ဦးတည်းမရန် ခဲယဉ်းလှသည်။ ကျိုးကျင်ဟမ့် ၎င်းကို မပွန်းပဲ့စေနိုင်သော ရေမြုပ်များဖြင့် ထောင့်၈ခုမှထုပ်ပိုးကာ တစ်ဝက်မ တစ်ဝက်တွန်းပြီး အပြင်သို့ ထုတ်ခဲ့ရလေသည်။
ဗီဒိုကို ကော်ရစ်ဒါတွင် ရွှေ့သွားရန်မှာ အတော်လေးလွယ်ကူလှ၏။ တံခါးဝသို့ရောက်သောအချိန်တွင် ဗီဒို၏ခြေထောက်မှာ ခြေနင်းခုံဖြင့် တိုက်မိသွားလေရာ တစ်ဖက်သို့စောင်းသွားခဲ့ပြီး ကျိုးကျင်ဟမ့်လည်း အချိန်မီ မဖမ်းလိုက်နိုင်ချေ။ ကံကောင်းစွာဖြင့် တံခါးဘောင်ဖြင့် ထောက်ကန်ပေးထားခြင်းကြောင့်သာ ကြမ်းပြင်ပေါ်သို့ မှောက်မသွားခဲ့ခြင်းဖြစ်သည်။
ဗီဒိုမှာ တံခါးများမပါဝင်သည့်အတွက် ပုံကြမ်းအချပ်များ အပုံလိုက် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲသွားလေသည်။
ဗီဒိုကို ပြန်လည်ထောင်မတ်လိုက်ပြီးနောက် ကျိုးကျင်ဟမ့် နေရာအနှံ့ပြန့်ကြဲနေသည့် ပုံကြမ်းကားချပ်များကို ပြန်လည်ကောက်ယူလိုက်လေသည်။ ထို့နောက်တွင်မှ ကားချပ်အားလုံးတွင် သူ့တစ်ယောက်ထဲ၏ပုံများကို ရေးဆွဲထားခြင်းအား မြင်လိုက်ရသည်။
ပုံများထဲတွင် သူ၏ထိုင်နေသည့်ပုံများ ၊ ရပ်နေသည့်ပုံများ၊ ပြုံးနေသည့်ပုံများ ၊ မျက်မှောင်ကြုတ်ထားသည့်ပုံများ၊ အေးအေးလူလူကော်ဖီသောက်နေသည့်ပုံများ သို့မဟုတ် မျက်လုံးပိတ်ထားကာ အိပ်နေသည့်ပုံများပါဝင်နေပြီး သူဆုများရရှိစဉ်က လျှောက်ခဲ့သည့် ကော်ဇောနီပုံရိပ်များကိုပင် အကြမ်းရေးခြစ်ထားကာ သူသရုပ်ဆောင်ခဲ့သော ဇာတ်ကောင်များ၏ပုံပင် ပါဝင်နေခဲ့သည်။
ကျိုးကျင်ဟမ့် ယီဟွေ့ ပုံဆွဲတတ်သည်ကို သိနေသောကြောင့် ပန်းချီဆရာဟူ၍ ရံဖန်ရံခါ လှောင်ပြောင်ခေါ်ဆိုတတ်သော်လည်း မကြာသေးမီကမှ ယီဟွေ့ ပုံဆွဲအရမ်းတော်သည်ကို သူသိခဲ့ရသည်။
ချောမွေ့သည့်လိုင်းများ၊တောက်ပကာ မှန်ကန်သည့်အရောင်နေရာအထားအသိုတို့ကို မြင်တွေ့နေရသည်။ ကျိုးကျင်ဟမ့် ပန်းချီအကြောင်းကို ဖန်ယွီချင်းနှင့် ယန်ချန့်ရွမ်တို့ကြောင့် အတော်အတန်သိထားခဲ့သည်ဖြစ်ရာ ဝေဖန်ပိုင်းခြားရမည်ဆိုပါက ထိုပန်းချီကားများမှာ အတော်လေးကောင်းမွန်လှသည်ကို သူလက်ခံရပေမည်။ လက်ရာမြောက်သည့်စုတ်ချက်များအပြင် ပို၍တန်ဖိုးကြီးသည့်အရာမှာ ပန်းချီကားများထဲတွင် ပါဝင်နေသော နက်ရှိုင်းသည့်ခံစားများပင်ဖြစ်သည်။
ပုံဆွဲစာရွက်များကြားတွင် ဒိုရာအေမွန် ခဲတံအိတ်ကို ရှာတွေ့ခဲ့ပြီး သူ၏လက်ထဲတွင် ကိုင်ထားစဉ် ကျိုးကျင်ဟမ့် ဖုန်းပေါ်မှ ဒိုရာအေမွန်စတစ်ကာကို အမှတ်ရသွားကာ မနေနိုင်ဘဲ ပြုံးမိသွားသည်။ ကြည့်ရသည်မှာ သူ ဤအိမ်ထဲတွင် ပုန်းလျှိုးနေသော ဒိုရာအေမွန်နှင့်ပတ်သက်သည့် ပစ္စည်းများကို လိုက်လံရှာဖွေရဦးမည်ပင်။
ခဲတံအိတ်ကို ဖွင့်လိုက်ချိန်၌ လက်ကိုင်ပုဝါဗြောင်တစ်ထည်ကို ရှိနေခဲ့သည်။သူထုတ်၍ ဖြန့်လိုက်ချိန်တွင် လက်ကိုင်ပုဝါ၏အောက်ဘက်ထောင့်၌ ကျေးဇူးတင်ပါတယ် ဟူ၍ ပါးလွှာသည့်ချည်ထိုးတာသော စာလုံးနှစ်လုံးကို တွေ့လိုက်လေသည်။
ကျိုးကျင်ဟမ့် သူမည်သည့်အရာကိုလုပ်ခဲ့၍ ကျေးဇူးတင်ခံရသည်ကို အမှန်တကယ်ပင် မမှတ်မိခဲ့ပေ။ သူလက်ကိုင်ပုဝါကို ထပ်ကြည့်လိုက်ပြီး လက်ချောင်းများဖြင့် ဂရုတစိုက် ဖြန့်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ ထောင့်စွန်းဘက်ရှိ ပုံကိုထိမိသွားခဲ့ပြီး လေနှင့်အတူ ပါးလျနေသော အမှတ်တရများကို ကမ်းဆီသို့ တိုက်ခတ်လာသည့် လေညင်းမှ ပြန်လည်ယူဆောင်လာခဲ့သည်။
နေ့လည်ခင်းအချိန်၌ စတူဒီယိုထဲတွင် နေရောင်ဖြာကျနေပြီး ပြတင်းပေါက်များကို အပြင်ဘက်ကပင် အလွယ်တကူဖွင့်နိုင်ပြီး ပုံဆွဲစာရွက်တစ်လျောက် လှုပ်ရှားနေသည့်ခဲခြစ်သံများနှင့်အတူ တစ်စုံတစ်ဦးမှာ အနောက်ဘက်ထိုင်ခုံတွင် ပြတင်းပေါက်အပြင်ဘက်ရှိ နွေဦးပန်းပွင့်များကို ရေးဆွဲနေလျက်မှ မျက်ရည်များကျဆင်းနေခဲ့သည်။
သူတို့၏ပထမဦးဆုံးတွေ့ဆုံမှုမှာ အမှန်တကယ် ပထမဦးဆုံးတွေ့ဆုံမှုမဟုတ်ခဲ့ချေ။ သူမေ့သွားခဲ့သော်လည်း ယီဟွေ့အတွက်မှာမူ မမေ့ထားနိုင်ခဲ့ပေ။
ယီဟွေ့ မည်သို့များ မခံပြင်းဘဲရှိပါမည်နည်း။ သူသည် အချိန်တိုင်းလိုပင် မမျှမတဆက်ဆံခံရကာ ဝမ်းနည်းခဲ့ရလေသည်။ ကျိုးကျင်ဟမ့်မှာ သူတို့၏ပထမဦးဆုံးတွေ့ဆုံမှုကို မေ့သွားခဲ့ခြင်းကြောင့် ဝမ်းနည်းခံရပြီး သူတို့၏ယခင်သဘောတူညီမှုကိုမေ့လျော့သွားခြင်းကြောင့် ဝမ်းနည်းခဲ့ရသည်။ ကျိုးကျင်ဟမ့် တစ်ခြားသူ၏လက်ကိုင်ပုဝါကို ငှားရမ်းကာ သူ့ကိုပေးပြီးနောက် လှည့်ထွက်သွားကာ သူ့အပေါ်အလွန်ကြင်နာခဲ့ဖူးသည်ကို မေ့လျော့သွားခြင်းကြောင့် ဝမ်းနည်းခဲ့ရသည်။ သူ့ကို အတုအယောင်ကြင်နာမှုထောင်ချောက်အတွင်းသို့ ဆွဲသွင်းကာ အေးစက်နေသည့်ငရဲတွင် တစ်ဦးတည်းပစ်ထားခဲ့လေသည်။
ကျိုးကျင်ဟမ့် ထိန်းချုပ်မရနိုင်စွာဖြင့် သူ့ကိုယ်သူ မေးခွန်းထုတ်လာမိသည်။
သူယခင်က အဘယ့်ကြောင့် ဂရုမစိုက်ခဲ့သည်လဲ။
သုံးနှစ်တာလုံးတွင် မည်ကဲ့သို့ ကန်းနေခဲ့သည်လဲ။
သူ မည်သို့များ စိတ်ထားခဲ့သည်လဲ။
ယခင်အချိန်များတွင် ယီဟွေ့ ဤအိပ်ရာ၏ဘေးတစ်ဖက်တွင် အကြိမ်ပေါင်းများစွာ လဲလျောင်းဖူးပြီး အိပ်ချင်ဟန်ဆောင်ထားသည့်သူ့ကို အသံသေးသေးလေးဖြင့် ပြောလာခဲ့ဖူးသည် " ငါတို့ ပထမဆုံးတွေ့တဲ့အချိန်ကို မှတ်မိထားရမယ်နော်…မင်းမှတ်မိလာရင် ဟွေ့ဟွေ့ကို တစ်ခါလောက်ဖက်နိုင်မလားဟင်…"
သူ၏ဘဝသက်တမ်း နှစ် နှစ်ဆယ်ကျော်အတွင်း ကျိုးကျင်ဟမ့် သူ၏အပြုအမူ၊မာနနှင့် မဆင်မခြင်လုပ်ဆောင်တတ်မှုများကြောင့် နောင်တမရခဲ့ဖူးပေ။ သူ၏ရွေးချယ်မှုများ မှားယွင်းနေကြောင်းကို လူတိုင်းမှပြောလာလျှင်ပင် သူ၏ခေါင်းကိုခိုက်မိသွားပြီး သွေးထွက်နေလျှင်ပင် သူနောင်တမရဖူးချေ။
ကျိုးကျင်ဟမ့် လက်ကိုတဖြည်းဖြည်းမြောက်ကာ ပွေ့ဖက်လိုက်ဟန်ဖြင့် ဖြန့်ကားလိုက်သည်။
သူ၏ဗလာဖြစ်နေသည့် လက်များကြားတွင် လေမှလွဲ၍ ရှိမနေခဲ့ပေ။ သူ၏လက်ချောင်းများမှာ မည်သူကမျှ သူ့ကိုရပ်ကာစောင့်နေမည် သို့မဟုတ် မည်သူကမျှ သူ့၏လက်မောင်းများတွင်းသို့ ပြေးဝင်လာမည်မဟုတ်ကြောင်း သတိပေးနေခဲ့သည်။
နက်ရှိုင်းသောခံစားချက်များမှာ အသုံးမဝင်ပေ။ ပို၍အသုံးမဝင်သည်မှာ နောက်ကျသွားသော ခံစားချက်များပင်ဖြစ်သည်။
ကျိုးကျင်ဟမ့်နောင်တရခဲ့သည်။ ယီဟွေ့အပေါ်မကောင်းပေးနိုင်သည့်အတွက် နောင်တရခဲ့ပြီး သူ့ကိုမဆုံးရှုံးခင် မပွေ့ဖက်ပေးနိုင်သည့်အတွက် နောင်တရခဲ့သည်။ အိပ်ရာဘေးမှ အကြိမ်ပေါင်းများစွာ တီးတိုးပြောလာချိန်တိုင်း သူ၏လက်များကို မဆုပ်ကိုင်ပေးနိုင်သည့်အတွက် နောင်တရမိကာ သူ၏နားထဲ တီးတိုးပြောလာခဲ့သည့် တောင်းဆိုမှုများမလုပ်ပေးနိုင်သည်ကို နောင်တရခဲ့ပြီး ငါလည်းမင်းကိုချစ်တယ် ဟူသောစကားကို စိတ်ရှည်လက်ရှည်ဖြင့် ထပ်ခါတလဲလဲပြောလာချိန်တိုင်း သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်နေမှုများပေါ်နေခဲ့သည့်အတွက်လည်း နောင်တရခဲ့သည်။
ဘဝ၏ပထမဦးဆုံးအနေဖြင့် ကျိုးကျင်ဟမ့် ကြေကွဲရသည်ဟူသော ခံစားချက်ကို ထိတွေ့လိုက်ရသည်။ ၎င်းမှာ ဆောင်းရာသီတွင် ပိတ်နေမိကာ အမှောင်၊နှင်း၊လေထုမှလွဲ၍ မည်သည့်အလင်းရောင်ခြည်မျှ မရှိနေသကဲ့သို့ပင်။
သို့တိုင်အောင် ယခုကဲ့သို့ ဆိုးရွားနေသောအခြေအနေအတွင်း ကျိုးကျင်ဟမ့် သူနှင့်မရင်းနှီးသောစကားလုံးကို ရင်ဝယ်ပိုက်ကာ နာကျင်မှုကို သတိမထားမိသကဲ့သို့ ပြုံးနေမိသည်။
ယခုအချိန်မှ နောင်တရလို့ကော ဘာများထူးတော့မည်နည်း…
နေရောင်အောက်မှ ပန်းချီကားကို မည်သူမှ မဆွဲနိုင်တော့သလို သူ၏နောက်ကျမှဖြစ်ပေါ်လာသောခံစားချက်များကိုလည်း မည်သူကမှ မတုန့်ပြန်နိုင်တော့သည်လေ…