အပိုင်း ၁၆
Viewers 11k

Chapter-16
သူတို့ ကစားကွင်းမှ ထွက်လာသောအချိန်တွင် မှောင်စပျိုးနေပြီ ဖြစ်သည်။
ယီဟွေ့က မနက်ဖြန် ပြန်ရတော့မည် ဖြစ်၍ ထန်းဝမ်ရှီက သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို ဆွဲကာ သူနှင့်အတူ လျှပ်စစ်မြို့တော်သို့ လိုက်သွားခဲ့သည်။
ယီဟွေ့ကလည်း ပင်ပန်းနွမ်းနယ်နေ၏။ အပြန်လမ်းတွင် ရထားပေါ်၌ သူက လမ်းတလျှောက် မှေးခနဲ အိပ်ပျော်သွားလေသည်။ သူတို့ ဘူတာရုံသို့ ရောက်သောအခါ ထန်းဝမ်ရှီက သူ့ကို လူအုပ်ထဲမှ ဆွဲထုတ်လာရပြီး သူ့နောက်မှ လိုက်ပါလာသည့်တိုင်အောင် ထွက်ပေါက် မှားလုနီးပါး ဖြစ်သွားသေးသည်။
“နှလုံးသားမရှိတဲ့ အရူးလေး…” ထန်းဝမ်ရှီက သူ့ကို လက်မောင်းမှ ဆုပ်ကိုင်လိုက်ပြီး လမ်းကြောင်းမှန်ပေါ်သို့ ဆွဲခေါ်လိုက်သည်။ “ပြောင်းသွားတာ သုံးနှစ်လောက် ကြာပြီဆိုတော့ မင်းရဲ့ မွေးရပ်မြေက လမ်းတွေကိုတောင် မေ့နေပြီလား…”
ယီဟွေ့က ရုတ်တရက် အားအင် ပြည့်ဝလာပြီး မျက်လုံးအပြူးသားဖြင့် ရှေ့သို့ လျှောက်သွားသည်။ “ဒီကနေ ထွက်လာပြီး ဟိုဘက် သွားရတာ မှတ်မိတယ်…”
သူပြောသည်မှာ အမှန်ပင်။ မြေအောက် ဘူတာရုံနှင့် မီတာတစ်ရာ မပြည့်တပြည့် အကွာအဝေးတွင် ဘယ်ဘက်၌ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် အကြီးကြီးတစ်ခု တည်ရှိပြီး တတိယထပ် ဓာတ်ပုံပစ္စည်းများ ထားသည့်အပိုင်းတွင် ကင်မရာ အမြောက်အမြားကို မြင်တွေ့ခဲ့ရသဖြင့် နှစ်ယောက်သား အံ့အားသင့်ခဲ့ဖူးသည်။
ဆိုင်ရှိ အရောင်းဝန်ထမ်းအား သူ အလိုရှိသည်များကို ပြောပြပြီး အနုပညာရှင်များ၏ နောက်မှ လိုက်ရန် သင့်တော်သည့် ကင်မရာတစ်လုံး လိုချင်ကြောင်း ပြောသောအခါ အရောင်းဝန်ထမ်းက သူ့ကို သင့်တော်သည့် မော်ဒယ်တစ်ခုနှင့် အဝေးမှ အနီးကပ်ဆွဲပြီး ရိုက်ကူးနိုင်သည့် မှန်ဘီလူးတို့ကို အကြံပြုပေးခဲ့သည်။
ယီဟွေ့မှာ ယခင်က ကင်မရာကို တစ်ခါမှ အသုံးမပြုခဲ့ဖူးသောကြောင့် အတွေ့အကြုံမှာ ဆန်းသစ်နေ၏။ သူက ထန်းဝမ်ရှီအား နောက်သို့ ခြေနှစ်လှမ်း ဆုတ်ခိုင်းလိုက်ပြီး အလင်းရောင်အောက်တွင် မတ်တပ်ရပ်ကာ သူ့ကို ဓာတ်ပုံအနည်းငယ် ရိုက်ပေးလိုက်သည်။
အရောင်းဝန်ထမ်း၏ လမ်းညွှန်မှုအောက်တွင် ယီဟွေ့မှာ နည်းစနစ်များကို လျင်မြန်စွာ တတ်ကျွမ်းနားလည်သွားပြီး သူ၏ ဓာတ်ပုံရိုက်စွမ်းရည်နှင့် အနေအထားတို့ကြောင့် ချီးကျူးခံလိုက်ရသည်။
“နောက်နေတာ မဟုတ်ဘူး… အတန်းဖော်ကျန်းက ပန်းချီပြိုင်ပွဲမှာ ရွှေတံဆိပ် ရထားတာလေ… အနေအထား ယူတာလောက်ကတော့ သူ့အတွက် ထမင်းစားရေသောက်လောက်ပဲ…”
ထန်းဝမ်ရှီက အခွင့်အရေးကို အသုံးချကာ ကြွားဝါလိုက်ပြီး ကင်မရာကို ယူကာ ဓာတ်ပုံများကို ကြည့်ရင်း သူ့ကို ကူးပြီး ပေးရန် ယီဟွေ့ကို ပြောနေသည်။
ယီဟွေ့က ရှေ့သို့ ကိုင်း၍ ကြည့်နေရင်း “မဟုတ်တာ” နှင့် “မပြောနဲ့” ဟူသော စကားလုံး နှစ်လုံးကိုသာ အကြိမ်ကြိမ် ပြောရင်း ရှက်ရွံ့စွာ ပြုံးနေသည်။
ဆုတစ်ခုခု ရရှိခြင်းမှာ အမြဲတမ်းအတွက် ဂုဏ်ယူနေရမည့် အရာတစ်ခုပင် ဖြစ်သည်။ အခက်အခဲများကို ကျော်လွှားရင်း သူ၏ ကိုယ်ပိုင် အားသာချက်များကို အသိအမှတ်ပြုရန်အတွက် ဒေါက်တာလျှို့က သူ့ကို ပြောခဲ့ဖူးသည်။ ယခင်က သူ၏ ယုံကြည်မှုအရင်းအမြစ်မှာ အခြားသူများ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူ့ကိုယ်သူ အသိအမှတ် ပြုရန်အတွက် နောက်ဆုံးတွင် သင်ယူလာခဲ့၏။
သူက ထန်းဝမ်ရှီး၏ အိမ်တွင် တစ်ညတာ နေထိုင်ခဲ့သည်။ နောက်တစ်နေ့ မနက်စောစောတွင် ယီဟွေ့က သူ့ပစ္စည်းများကို ထုပ်ပိုးကာ ထန်းမျိုးရိုး မိဘနှစ်ပါးနှင့် အိမ်စာများ နောက်ကျနေပြီ ဖြစ်၍ ကြိုးစား လုပ်ဆောင်နေရသော ထန်းဝမ်ရှီတို့ကို နှုတ်ဆက်ကာ ဘူတာရုံသို့ ထွက်ခွာသွားလေသည်။
အပြန်ခရီးစဉ်အတွက်မူ လက်မှတ်မှာ လျှော့ဈေး မရတော့ချေ။ ယီဟွေ့က ရထားစီးရန် ကောင်းမည်ဟု တွေးမိပြီး ထိုမှသာ အရှိန်လျော့ပြီး အရာများစွာကို တွေးတောရင်း ရှုခင်းများကို တစ်ယောက်တည်း ကြည့်ရှုနိုင်မည် ဖြစ်ပေသည်။
သူက နောက်ထပ် ၁၀ နာရီခန့် ကြာအောင် ခရီးထွက်ရန် စီစဉ်နေသည့် အချိန်မှာပင် ရုတ်တရက် ကျန်းယီမန့်ဆီမှ ဖုန်းဝင်လာခဲ့သည်။
“အစ်ကို… နင် မထွက်လာသေးဘူးလား… မြန်မြန်… မြန်မြန်လုပ်… လက်မှတ်ကို ပြောင်းလိုက်…”
ယီဟွေ့က နားမလည်နိုင်အောင် ဖြစ်သွားရသည်။ “ဘာလို့ လက်မှတ်ကို ပြောင်းရမှာလဲ…”
“ဟမ့်ဟမ့်က မြို့တော်ကို ဒီနေ့ ခရီးထွက်လာတယ်တဲ့… သွားပြီး ငါ့အတွက် ဓာတ်ပုံနည်းနည်း ရိုက်ပေးပါ…”
“ခရီး ဟုတ်လား… ဓာတ်ပုံရိုက်ပေးရမှာလား…”
“အင်း ကာဗာပုံရိုက်ဖို့… နင့်ဆီ လိပ်စာ ပို့ပေးလိုက်မယ်… နင် တံခါးဝမှာ စောင့်နေလိုက်… အဲ့ဒီမှာ မိန်းကလေးတွေ အများကြီး ရှိလိမ့်မယ်…နောက်ဆုံးတစ်ခေါက်က အစ်ကိုတွေ့လိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စီးတဲ့ အနက်ရောင်ကားမျိုး မှတ်မိသေးလား…သူလည်း အဲ့ဒီကားကို သုံးလိမ့်မယ်… ပြီးတော့ သူ ဝင်လာတာနဲ့ အခွင့်အရေးကို အသုံးချပြီး ငါ့အတွက် ဓာတ်ပုံနည်းနည်းလောက် ရိုက်လာခဲ့… ဟန်းဖုန်းကိုပဲ သုံးပြီး ရိုက်လိုက်…”
ကျန်းယီမန့်က သူ့ကို ရှေ့တန်းသို့ စေလွှတ်ချင်နေကြောင်း သဘောပေါက်လိုက်သည့်အတွက် ယီဟွေ့က တစ်ခဏတာမျှ ဘာမှ တုံ့ပြန်ခြင်း မရှိပေ။
“ငါ ရထားဘူတာရုံနားတောင် ရောက်ခါနီးနေပြီ… နင် သူ့ကို တခြားသူတွေ ရိုက်ထားတဲ့ပုံတွေ အင်တာနက်မှာ မြင်နေရတာပဲလေ…”
ကျန်းယီမန့်က သူ့ကို အလျင်စလို ကြားဖြတ်ပြောလိုက်သည်။
“မတူဘူးလေ… ဒါက ဟမ့်ဟမ့် ရိုက်ကွင်းကို မသွားခင် နောက်ဆုံး တက်မယ့် ပွဲအခမ်းအနားပဲ ငါလည်း အခုလေးတင်မှ ဒီကိစ္စကို ကြားလာတာ… ဒီဇာတ်လမ်းတွဲက အရမ်းကြာဦးမှာ… ငါသာ ဒီအခွင့်အရေးကို လွဲသွားခဲ့ရင် သူ့ကို လပေါင်းများစွာ ကြာတဲ့အထိ တွေ့နိုင်တော့မှာ မဟုတ်ဘူးလေ… ငါ သေချာပေါက် သေမတတ် နောင်တရနေတော့မှာ… ငါသာ အချိန်ရရင် အခုချက်ချင်း လေယာဉ်လက်မှတ် ဝယ်ပြီး လာမှာပဲ…”
ယီဟွေ့က အံ့အားသင့်သွားသည်။ ကျိုးကျင်ဟမ့်က အပိုင်းဆက်များစွာ ပါဝင်သည့် တီဗွီဇာတ်လမ်းတွဲများကို ရိုက်ကူးခဲကြောင်း သူ သတိရသွားလေ၏။ သူက ရိုက်ကွင်းတစ်ခုတွင် အချိန်ကြာမြင့်စွာ နေရန် စိတ်ပျက်လွယ်၏။ သူက ယခုအချိန်တွင် တက်သစ်စတစ်ယောက်သာ ဖြစ်ပြီး ကမ်းလှမ်းချက်များ ရရှိရန် မဖြစ်နိုင်ပေ။ သူ မည်ကဲ့သို့…
သို့သော် ယခုကား ဤကိစ္စကို စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။ ယီဟွေ့က အလွန်တက်ကြွနေသည့် သူ့စိတ်ကို ထိန်းချုပ်ပြီး ဖုန်းထဲသို့ ပြောလိုက်သည်။ “အမေ သိရင် နင့်ကို လာခိုင်းမှာ မဟုတ်ဘူး…”
“အိုး… ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ…” ကျန်းယီမန့်က စောဒကတက်လာသည်။ “အစ်ကို… ညီမလေးက အစ်ကိုလို့ ခေါ်မယ်လေ… ညီမလေးအတွက် လုပ်ပေးပါလား…”
ယီဟွေ့က တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ “မရဘူး…”
ဤရက်ပိုင်းအတွင်း ကျန်းယီမန့်က ယီဟွေ့၏ နူးညံ့သော စိတ်ထားနှင့် သာယာဖွယ်အသံတို့ကို အကျင့် ဖြစ်နေသည်။ ထို့ကြောင့် သူမ ငြင်းဆိုခံရလိမ့်မည်ဟု မထင်ထားပေ။ သူမက သူ့ကို စည်းရုံးရန် အားစိုက်နေသည်။
“ခဏလေးပဲ အချိန်နှောင့်နှေးမှာလေ… နှစ်နာရီလောက်ပဲကို… လက်မှတ်ကို ပြောင်းဖို့က လွယ်ပါတယ်… တကယ်လို့ အစ်ကို မလုပ်နိုင်ရင် ညီမလေး ကူညီပေးမယ်…”
မြို့တော်သို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့စဉ်က ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ထိုလူနှင့် တွေ့ခဲ့သည်ကို ပြန်စဉ်းစားမိပြီး လွန်ခဲ့သော နှစ်ရက်က လေဆိပ်တွင် မမျှော်လင့်ထားဘဲ တွေ့ဆုံလိုက်သည့်အချိန်ကို တွေးကာ ယီဟွေ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် တင်းမာမှုနှင့် ရင်ဘတ်မှ နာကျင်ကိုက်ခဲမှုမှာ ထိုနေရာ၌ ရှိနေပုံ ရ၏။
သူက ထိုလူ့ကို ထပ်ပြီး မတွေ့လိုတော့ပေ။ တတ်နိုင်သမျှ သူနှင့် ဝေးဝေးတွင် နေရပေလိမ့်မည်။
ကျန်းယီမန့်၏ စကားများကို နားထောင်ရင်း ယီဟွေ့က ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ အမှန်အတိုင်း ပြောလိုက်သည်။ “မရဘူး… ငါ ပြန်တော့မယ်…”
အမှန်တကယ်တမ်းတွင် ယီဟွေ့မှာ အခြားသူများကို ငြင်းဆန်သည့် နေရာ၌ မထူးချွန်ပေ။
ယခင်က သူ တစ်ခဏမျှ ကျောင်းတက်ခဲ့ဖူးသည်။ အစပိုင်းတွင် စေတနာထားသည့်အနေဖြင့် အတန်းဖော်များကို ပေးရန်အတွက် ကျောင်းသို့ အဆာပြေမုန့်များစွာ ယူဆောင်ခဲ့လေ့ရှိသည်။ တစ်နေ့တွင်မူ သူ အိပ်ရာထနောက်ကျပြီး သူတို့အတွက် ယူသွားပေးရန် မေ့သွားခဲ့လေသည်။ သူ့အတန်းဖော်များက သူ့ကို အလွန် စိတ်ဆိုးခဲ့ကြ၏။ ထို့ကြောင့် တစ်နေ့လုံး မည်သူကမှ သူ့ကို စကားတစ်ခွန်းတစ်လေမှပင် မပြောခဲ့ကြပေ။
နောက်ပိုင်းတွင် သူ့အမေက သူ့အတွက် ဆရာတစ်ယောက် ငှားရမ်းပေးခဲ့သည်။ သူက အိမ်တွင်သာ နှစ်ပေါင်းများစွာ ကြာအောင် စာလေ့လာခဲ့ပြီး ပန်းချီပညာကိုလည်း လေ့လာခဲ့သည်။ နောက်ပိုင်းတွင် သူ့အစ်ကိုဖြစ်သူ ပေါ်လာပြီး သူ့ကို လူ့အဖွဲ့အစည်းထဲတွင် ရောနှောစေကာ အခြားသူများနှင့် ပို၍ ဆက်သွယ်သင့်ကြောင်း အကြံပြုခဲ့သည်။ ထိုအချိန်မှသာ သူက ကျောင်းပြန်တက်ခဲ့ပြီး ပန်းချီအတန်းတွင် တက်ရောက်ခဲ့လေသည်။
ပန်းချီသင်တန်းရှိ အချို့သော အတန်းဖော်များမှာ ပေါင်းသင်းရန် မလွယ်ကူလှပေ။ သူ စကားပြောသောအခါ အချို့သူများက အမြဲတမ်း ရယ်မောလေ့ရှိသော်လည်း သူက လူအများနှင့် သိုက်သိုက်ဝန်းဝန်း နေရသည်ကို သဘောကျနေဆဲပင်။ ရံဖန်ရံခါတွင် အချို့သော အတန်းဖော်များက သူ့ထံမှ ပန်းချီဆွဲသည့် ကိရိယာများကို ငှားရမ်းကြပြီး ထိုသို့ ကူညီရသည့်အတွက် သူက ပျော်ရွှင်နေသည်။
၎င်းတို့က ယီဟွေ့မှာလည်း အခြားသူများနှင့် ကွဲပြားခြင်း မရှိကြောင်း၊ သူ့ကို လိုအပ်သူများ ရှိကြောင်း၊ လူပိုတစ်ယောက် မဟုတ်ကြောင်း သူ့ကို ခံစားရစေသည်။
ထိုလူနှင့် သူ အတူတူ ရှိခဲ့ရစဉ်က အသိအမှတ်ပြုခံရလိုသော စိတ်ဆန္ဒမှာ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သဖြင့် ယီဟွေ့က ထိုလူ့ထံမှ မည်သည့်တောင်းဆိုချက်ကိုမဆို ဘယ်သောအခါမှ ငြင်းဆန်ခြင်း မရှိပေ။ ထိုလူ၏ မျက်လုံးထဲတွင် သူ့ကို အခြားသူများနှင့် ကွာခြားမှုမရှိသူ တစ်ယောက်ဟု မြင်ရန် မျှော်လင့်ထားပြီး သူ ချစ်ခင်နှစ်သက်သလောက် သူ့ကို ချစ်မြတ်နိုးပေးရန် မျှော်လင့်ခဲ့သည်။ ထိုသို့မဟုတ်ပါက ထိုလူအနေဖြင့် သူ ချစ်ခင်သလောက် ချစ်ခင်နှစ်သက်ရန်ပင် မလိုအပ်ပေ။ တစ်ဝက်၊ သုံးပုံ တစ်ပုံ သို့မဟုတ် ဆယ်ပုံတစ်ပုံပင် သူ့အတွက် လုံလောက်ပေသည်။
သို့သော် နောက်ဆုံးတွင် သူ မအောင်မြင်ခဲ့ပေ။ သူ ရရှိခဲ့သည်ဟု ထင်ခဲ့သော “နှစ်သက်ခြင်း”များမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ပြီး ထိုလူက အတင်းအကြပ် လုပ်ဆောင်ခဲ့သည့် ဝတ်ကျေတန်းကျေ ဟန်ဆောင်မှုများသာ ဖြစ်သည်။
ဤအကြောင်းကို စဉ်းစားရင်း ယီဟွေ့မှာ အသိစိတ် ပျောက်သွားပြီး စတင်၍ စိတ်ပူပန်လာသည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ ပိုပြီး စဉ်းစားမိလေလေ၊ ဖုန်းထဲမှ သူ၏ ငြင်းဆိုချက်မှာ အလွန် တုံးအလွန်းသည်ဟု ခံစားမိလာရလေလေ ဖြစ်သည်။ ကျန်းယီမန့်မှာ ငယ်ရွယ်ပြီး အနုပညာရှင်တစ်ယောက် နောက်သို့ လိုက်နေသည့် မိန်းကလေးတစ်ယောက်အတွက် ဤကဲ့သို့သော ထိုးနှက်မှုမျိုးမှာ သည်းမခံနိုင်စရာ အကောင်းဆုံးပင်။
သူမကို ပိုပြီး ခံစားရသက်သာစေမည့် စကားလုံး အနုအရွလေးများ များစွာ ရှိသော်လည်း သူက အလွန် တုံးအလွန်းသဖြင့် အကြမ်းတမ်းဆုံးနှင့် တဲ့တိုးအဆန်ဆုံး စကားလုံးကိုသာ ရွေးချယ်ပြီး ပြောလိုက်မိသည်။
အကယ်၍ ထိုလူနှင့် ပတ်သက်နေသောကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ယခုလို အလျင်စလို ငြင်းဆန်နေမည် မဟုတ်ပေ။
လမ်းတလျှောက်လုံး စိတ်မသက်မသာ ခံစားလာရပြီးနောက် ယီဟွေ့က ဘူတာရုံတွင် ရထားပေါ်မှ ဆင်းသောအခါ အိမ်ပြန်ရောက်လျှင် သူ့ကို တံခါးဖွင့်ပေးမည့်သူ မရှိမည်ကို စိုးရိမ်သဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
ထို့နောက် ဘူတာရုံထွက်ပေါက်ရှိ လမ်းမီးတိုင်အောက်တွင် သူ့အမေနှင့် ညီမဖြစ်သူက သူ့အား လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းရွှယ်မေ့က ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး ဆောင်းဦးညအချိန်တွင် သူ့ကို ပွေ့ဖက်ထားလိုက်သည်။
“သားလေး ပြန်လာပြီ… အမေက သားကို အရမ်း လွမ်းနေတာ…”
ဘေးနားတွင် ရပ်နေသော ကျန်းယီမန့်က အားရပါးရ မျက်စောင်းထိုးလိုက်လေသည်။ “သုံးရက်ပဲ ရှိသေးတာကို… မသိရင် သူပြန်မလာတာ သုံးနှစ်လောက် ရှိပြီလို့ ထင်နေဦးမယ်…”
သူတို့သုံးယောက် ဗင်ကားထဲသို့ ရောက်သောအခါ ယီဟွေ့က သေတ္တာထဲမှ ကင်မရာကို ကျန်းယီမန့်လက်ထဲသို့ လှမ်းပေးလိုက်သည်။ ကျန်းယီမန့်က အနီးကပ် ကြည့်လိုက်ပြီးနောက် သူမ၏ လက်ချောင်းကို နှာသီးဖျားပေါ် တင်ကာ ပြောလိုက်၏။ “ညီမလေးအတွက်လား…”
ယီဟွေ့က ခေါင်းငြိမ့်ပြသည်။ “အင်း…”
ကျန်းယီမန့်က ချက်ချင်းပင် လှမ်းယူလိုက်ပြီး သေတ္တာကို ဖွင့်ကာ ကင်မရာကို ထုတ်၍ နောက်တစ်ကြိမ် ထပ် ကြည့်လိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူမက ကင်မရာကို ကိုင်ထားပြီး မှန်ဘီလူးကို ပြတင်းပေါက် အပြင်ဘက်သို့ ချိန်ထားလိုက်၏။ ထို့နောက် ညစ်ပတ်သွားမည်စိုး၍ မှန်ဘီလူးအဖုံးကို ပြန်တပ်ထားလိုက်သော်လည်း ကင်မရာကိုမူ လက်က မချနိုင်ပေ။
သူမ အချိန်အတော်ကြာအောင် ကစားနေပြီးမှ အစ်ကိုဖြစ်သူကို ကျေးဇူးတင်စကား မပြောရသေးကြောင်း ကျန်းရွှယ်မေ့က သူမကို သတိပေးလိုက်သည်။ ကျန်းယီမန့်မှာ ပြုံးစိစိ ဖြစ်ရင်း ယီဟွေ့ကို “ကျေးဇူးတင်ပါတယ် အစ်ကို…” ဟု ထူးထူးဆန်းဆန်း ပြောလိုက်လေသည်။
သူမက သူ့ကို “အစ်ကို” ဟု ခေါ်သဖြင့် သူမ စိတ်မဆိုးကြောင်း သူ သိသွား၏။ ထိုအခါမှသာ ယီဟွေ့က သက်ပြင်း တစ်ချက် ချကာ ပြောလိုက်သည်။ “ရပါတယ် ညီမလေး… ဆုကြေးငွေ ရရင် မင်းကို ပေးမယ်လို့ ကတိပေးထားတာပဲလေ…”
ကျန်းယီမန့်က သူမ၏ နှုတ်ခမ်းလေးကို စူထားရင်း ပွစိပွစိ ရေရွတ်နေသည်။ “အလေးအနက် ထားပြီး အကူအညီ တောင်းရင်ကျတော့ အစ်ကိုက ငြင်းတယ်… တစ်ခုခုကို ဒီတိုင်း လွှတ်ခနဲ ပြောလိုက်မိရင်ကျတော့ အစ်ကိုက စိတ်ထဲမှာ မှတ်ထားတယ်…”
ယီဟွေ့က ရွှင်မြူးသွား၏။ “သူတို့နှစ်ခုကြားမှာ ခွဲခြားသိနိုင်တဲ့ အရည်အချင်း မရှိတာ အစ်ကို့ရဲ့ အမှားပါ…”
“မဟုတ်ပါဘူး…” ကျန်းယီမန့်က ဆူပုတ်နေရင်း ပြောသည်။ “နောက် ခဏနေတော့ ညီမလေး တစ်ခု စဉ်းစားမိတယ်… အစ်ကို့ကို ဓာတ်ပုံရိုက်ဖို့ အကူအညီ တောင်းတာက အဓိပ္ပာယ် မရှိဘူးလေ… နောက်ကျရင် ပိုက်ဆံစုပြီး သူ့ကို ကိုယ်တိုင် သွားကြည့်လို့ ရတာပဲ…”
ကားမောင်းနေသည့် ကျန်းရွှယ်မေ့က သူမပြောသည့်စကားကို ရှင်းရှင်းလင်းလင်း မကြားသဖြင့် နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“သမီးက ပိုက်ဆံစုပြီးတော့ ဘယ်ကို သွားမလို့လဲ…”
ကျန်းယီမန့်က ကမန်းကတမ်း ငြင်းဆန်လိုက်သည်။ “ဘယ်မှမသွားပါဘူး… သမီးတို့ မိသားစုအတွက် ကားအသစ် တစ်စီး ဝယ်ရအောင် ပိုက်ဆံစုချင်တယ်လို့ ပြောတာပါ…”
ပြောရင်းဆိုရင်း သူမက ယီဟွေ့ကို လှမ်းကြည့်လိုက်ရာ ယီဟွေ့ကလည်း အလိုတူ အလိုပါကဲ့သို့ သူမ၏ လျှို့ဝှက်ချက်ကို ထုတ်မပြောပေ။
ကျန်းရွှယ်မေ့က မိသားစု အသိပညာပေး ဟောပြောပွဲကို အစပျိုးပေးလိုက်သော သမီးဖြစ်သူ၏ သိတတ် နားလည်မှုကြောင့် အလွန် စိတ်ကျေနပ်သွားလေသည်။ သူတို့ အိမ်ပြန်ရောက်လာသည့်တိုင်အောင် သူမက စကားဆက်လက် ပြောနေဆဲ ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ကားကို လဲလှယ်နိုင်တော့မည် ဖြစ်၍ သူတို့အနေဖြင့် ဤကိစ္စကို စိုးရိမ်စရာ မလိုကြောင်း ပြောပြခဲ့သည်။ ထို့ပြင် သူတို့၏ မုန့်ဖိုးများကို ပေါ့ပေါ့တန်တန် မသုံးစွဲပစ်ရန်နှင့် မှန်ကန်သော အရာအတွက်သာ အသုံးပြုရန်လည်း သူမက ဆုံးမခဲ့လေသည်။
ပြန်ပြောပြချိန်တွင် ကင်မရာကို တစ်ဝက် ဈေးလျှော့ပြီး ပြောပြခဲ့သည့် ယီဟွေ့မှာ ချွေးတစ်စက်ကို မသိမသာ သုတ်လိုက်ပြီး ကံကောင်းထောက်မစွာဖြင့် သူသာ ထန်ဝမ်းရှီ၏ အကြံပြုချက်ကို နားထောင်ခဲ့သောကြောင့်သာ မဟုတ်ပါက မည်သို့ ဆုံးမဩဝါဒစကားမျိုး ကြားရမည် မသိဟု တွေးနေမိသည်။
သူ့ပစ္စည်းများကို ချပြီးသည်နှင့် အောက်ထပ်ရှိ ကျန်းရွှယ်မေ့က ယီဟွေ့ကို လှမ်းခေါ်လိုက်သည်။
“လာ… လာ… ဒီဓာတ်ပုံက ဘယ်နေရာမှာ လိုက်ဖက်လဲဆိုတာ ကြည့်ရအောင်…”
Xxxxxxxx