အပိုင်း ၁၇.၁
Viewers 11k

Chapter-17.1
သူ နောက်ဆုံးတစ်ကြိမ် ပြိုင်ပွဲဝင်ခဲ့စဉ်က ဝင်ပေါက်တွင် ရိုက်ထားသည့် မိသားစုဓာတ်ပုံကို ပရင့်ထုတ်ထားခြင်း ဖြစ်သည်။ ၎င်းဓာတ်ပုံမှာ ၁၂ လက်မ ရှည်လျားပြီး စွဲမက်ဖွယ် လှပသည့် သစ်သားဘောင်နှင့် ဘောင်ခတ်ထားသဖြင့် ၎င်းကို မည်သည့်နေရာတွင် ထားသည်ဖြစ်စေ အတော်လေး မျက်စိပသာဒ ရှိလှပေသည်။
ကျန်းယီမန့်က နောက်တစ်ကြိမ် မျက်စောင်း ထပ်ထိုးလိုက်သည်။
“နံရံပေါ်မှာ ထားဖို့အတွက် ဓာတ်ပုံက အရမ်းကြီးလွန်းနေတယ်… ဒီလိုထားတာကိုသာ မြင်ရင် အန်တီချုံတော့ မအောင့်နိုင်ဘဲ ထရယ်မိမှာပဲ…”
သူမက ထိုကဲ့သို့ ပြောနေသော်လည်း ယီဟွေ့နှင့်အတူ တစ်ဖက်မှ ကိုင်ထားဆဲ ဖြစ်ပြီး နံရံပေါ်တွင် ချိတ်ထားရန် သင့်တော်သည့် နေရာကို ရှာနေသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သား ထမင်းစားခန်းထဲရှိ ပြတင်းပေါက်ကို မျက်နှာမူထားသော နံရံကို ရွေးချယ်လိုက်သည်။ ယီဟွေ့မှာ မိသားစုထဲတွင် တစ်ဦးတည်းသော ယောကျ်ားသား ဖြစ်သောကြောင့် အားစိုက်ထုတ်၍ လုပ်ကိုင်ရ၏။ သူက ခွေးခြေခုံပေါ်သို့ တက်ကာ နံရံထဲသို့ သံရိုက်ပြီး ခေါင်းကို နောက်လှည့်ကြည့်လိုက်သောအခါ အမျိုးသမီး နှစ်ယောက်က နှစ်ဖက်စလုံးမှ သူ မပြုတ်ကျလာစေရန် လက်ကို ဆန့်ထုတ်ကာ ကာကွယ်ပေးထားသည်ကို တွေ့လိုက်ရသည်။ ယီဟွေ့က အနည်းငယ် ရှက်ရွံ့သွား၏။
“ဒီလောက်လေး မြင့်တာကတော့ အဆင်ပြေပါတယ်… ကျွန်တော့်ကို ကူညီပေးစရာ မလိုပါဘူး…”
ဓာတ်ပုံကို ချိတ်ပြီးနောက် သူတို့နှစ်ယောက်၏ အကူအညီဖြင့် ယီဟွေ့ ပြန်ဆင်းလာခဲ့သည်။ ရှက်ရွံ့နေသော ယီဟွေ့က ထွက်ပြေးတော့မည့်ဆဲဆဲ ကျန်းရွှယ်မေ့က သူ့ကို ဆွဲပြီး ပွေ့ဖက်ထားလိုက်သည်။
သူ့သမီးလေးကို သူမ၏ ဘယ်ဘက်လက်ဖြင့် ပွေ့ဖက်ကာ သူ့သားလေးကို ညာဘက်လက်ဖြင့် ပွေ့ဖက်ထားရင်း သူမက နံရံပေါ်တွင် ချိတ်ဆွဲထားသည့် မိသားစုဓာတ်ပုံကို မျက်နှာချင်းဆိုင် ကြည့်ရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်။
“ကောင်းလိုက်တာ…”
ကျန်းယီမန့်က ရယ်လိုက်သည်။ “ဒီဓာတ်ပုံထဲက သမီးတို့သုံးယောက်ပုံစံက တကယ့်ကို ကို့ရိုးကားယား ဖြစ်နေတယ်နော်… အမလေး ပိုပြီး ကြည့်လေလေ ပိုပြီး ကို့ရို့ကားယားဖြစ်လေပဲ… ပြန်ဖြုတ်ချထားရအောင်…”
ယီဟွေ့ကပါ လိုက်ပြီး ရယ်နေသော်လည်း ၎င်းမှာ ဓာတ်ပုံက ကို့ရိုးကားယား ဖြစ်နေသောကြောင့် မဟုတ်ဘဲ မွေးဖွားပြီးတည်းက ပထမဆုံးအကြိမ်အနေဖြင့် ပျော်ရွှင်ရသောကြောင့် ဖြစ်သည်။
ယခင်က သူ့အနေဖြင့် အိမ်ကြီးအိမ်ကောင်း တစ်လုံးတွင် နေထိုင်ခဲ့ရပြီး အစားအသောက်နှင့် အဝတ်အစားအတွက် ပူပန်စရာ မလိုခဲ့ပေ။ သူက ဘဝ၏ အခက်အခဲများအကြောင်း မသိခဲ့ရသလို လူသားများ၏ နွေးထွေးမှုအရသာကိုလည်း ခံစားရန် မလိုအပ်ခဲ့ချေ။ အရသာရှိသော အစာတစ်နပ်နှင့် ချစ်စဖွယ် အရုပ်လေး တစ်ရုပ်က သူ့ကို တစ်နေ့တာလုံး ပျော်ရွှင်စေသည်။ သို့တိုင်အောင် သူ စိတ်ကျေနပ်မှု မရရှိခဲ့သော အချိန်များ ရှိခဲ့သေးသည်။
သူက အခြားသူများနှင့် လုံးဝ မတူညီကြောင်း သိလိုက်ရသည့်အချိန်တည်းက သူ့အတွက် စမတ်ကျပြီး သာမန်လို မဖြစ်ချင်သော နေ့ရက်များ တစ်နေ့တစ်လေမှပင် မရှိခဲ့ချေ။ သူက ဉာဏ်ရည်နည်းပြီး အများတကာနှင့် မတူညီနိုင်သောကြောင့် အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ငိုကြွေးခဲ့ရပြီး ကောင်းကင်ဘုံ၏ မတရားမှုကို စောဒကတက်ကာ ဤကမ္ဘာပေါ်တွင် သူ မမွေးဖွားလာသင့်ဟု ခံစားရင်း သူ့ဘဝ၏ နောက်ဆုံးအချိန်ကိုပင် လက်လျှော့ခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ မပြီးမြောက်သေးသော နောင်တတရားများကို ဖြည့်ဆည်းနိုင်စွမ်း ရှိသည့် ဤကမ္ဘာပေါ်တွင် ဆက်လက် နေထိုင်နိုင်ခဲ့သည့်အတွက် အလွန်တရာပင် ကံကောင်းသည်ဟု ဆိုရပေမည်။
သို့သော် နေထိုင်ခွင့် ရမည်ဆိုပါက မည်သူက ထွက်သွားချင်ပါမည်နည်း။
ဤဓာတ်ပုံထဲရှိ သူနှင့်အတူ ပျော်ရွှင်နေသူများကို ကြည့်ရင်း ယီဟွေ့မှာ သူ့နှုတ်ခမ်းထောင့်စွန်းများကို ကော့ကာ သူ့မျက်လုံးများမှာ ကွေးညွှတ်သွားပြီး ကျန်းရွှယ်မေ့၏ စကားကို နောက်မှ လိုက်ပြောလိုက်သည်။
“ကောင်းလိုက်တာ…”
“အစ်ကို… ဘာလို့… ဒီဓာတ်ပုံကို ဒီနေရာမှာ ချိတ်ထားရတာ ထူးဆန်းတယ်လို့ ဘာလို့ မထင်ရတာလဲ…”
ကျန်းယီမန့်၏ စိုးရိမ်တကြီး အထွန့်တက်နေသည့် စကားများကြားတွင် ယီဟွေ့က သူ့နှလုံးသားထဲ၌ ကြိမ်ဖန်များစွာ လေးလေးနက်နက် ရွတ်ဆိုနေခဲ့သည်။ ကျွန်တော့်အပေါ်ကို ကောင်းပေးတဲ့၊ အခုချိန်ထိ ကောင်းနေပေးတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ နောက်တစ်ကြိမ် ထပ်ပြီး အရာအားလုံးကို လုပ်ဆောင်ခွင့်ပေးဖို့ ဆန္ဒ ရှိခဲ့တဲ့ ကံကြမ္မာနဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်း ကမ္ဘာပေါ်တွင် ဘဝသစ်တစ်ခု မွေးဖွားလာပြီး နောက်ထပ်ဘဝတစ်ခုမှာမူ အဆုံးသတ်လေ့ ရှိသည်။
ယီဟွေ့၏ အမှု ဖွင့်သည့်နေ့တွင် ကျိုးကျင်ဟမ့် စောစော ရောက်လာသည်။ သူက နောက်ဆုံးတန်း၏ ထောင့်နေရာတွင် ဝင်ထိုင်လိုက်ပြီး တရားသူကြီးများ၊ ရှေ့နေများနှင့် အခြားသူများ၏ နှုတ်မှ ထပ်တလဲလဲ ပြောနေသော “သေဆုံးသူ” ဟူသည့် စကားလုံးကို နားထောင်ရင်း ထိုစကားလုံးမှာ ယီဟွေ့နှင့် ထပ်တူဖြစ်ကြောင်း လက်ခံရန် ခေါင်းမာစွာ ငြင်းဆန်နေသည်။
ဤအမှု ဖြစ်ပွားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း လူသတ်မှုအတွက် အကြောင်းပြချက်မှာ မရှင်းလင်းသေးသောကြောင့် တရားခံ (၃) ဦးကို စီရင်ချက် ချမှတ်ခြင်း မပြုသေးဘဲ စုံစမ်းစစ်ဆေးမှုကို ဆက်လက် ပြုလုပ်နေခဲ့သည်။
ဤသည်မှာ S မြို့တော် ဖြစ်သောကြောင့် ကျိုးကျင်ဟမ့်က ထိုတရားခံ (၃) ဦးနှင့် တွေ့ဆုံရန်အတွက် လမ်းကြောင်း ရှင်းလင်းရန် စီစဉ်ထားခဲ့ပြီး ထိုလူများထံမှ သတင်းအချက်အလက် အချို့ ရယူခဲ့သည်။ ထိုနေ့က ထိုလူများကို ရိုက်နှက်ရင်း သူ အလွန် စိတ်ရှုပ်ထွေးနေခဲ့သဖြင့် မည်သည့်မေးခွန်းမှ မေးမြန်းရန် အချိန် မရလိုက်ပေ။ ထို့ပြင် တရားရုံးက မှုခင်းဖြစ်စဉ်ကိုသာ ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ကျိုးကျင်ဟမ့် ကြားလိုသည့်အရာလို မဟုတ်ဘဲ မည်သူကမှ ယီဟွေ့ကို နွေးနွေးထွေးထွေး မဖော်ပြခဲ့ကြပေ။
အမုန်းတရားမှာ အမုန်းတရားသာ ဖြစ်သော်လည်း ထိုလူ (၃) ယောက်မှာ ယီဟွေ့ မသေခင် နောက်ဆုံး အဆက်အသွယ် ရှိခဲ့သည့် လူများ ဖြစ်သည်။ ကျိုးကျင်ဟမ့်က ယီဟွေ့အကြောင်းကို တစ်ချက်လေးမှပင် လက်လွတ်မခံလိုက်ပေ။
တရားခွင် ပြီးဆုံးသွားသောအခါ သူက ထိန်းသိမ်းရေးစခန်းသို့ အမြန်ဆုံး ပြန်သွားလေသည်။ ယခင်တည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း လူတစ်ယောက်ကိုမှ မတွေ့နိုင်သေးပေ။ သူ မေးကြည့်လိုက်ပြီးနောက်တွင်မူ တစ်စုံတစ်ယောက်က အရင် ဝင်သွားခြင်း ဖြစ်ကြောင်း သိသွား၏။ အစပိုင်းတွင် ကျိုးကျင်ဟမ့်က ၎င်းမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိသော်လည်း သူ ထိန်းသိမ်းရေးစခန်း အပြင်ဘက်သို့ လျှောက်လာပြီး လူတစ်ယောက်ကို တွေ့လိုက်သောအချိန်မှာ အထဲတွင် ရှိနေသူမှာ ချန်ဖေးချီ ဖြစ်ကြောင်း သိလိုက်ရလေသည်။
ထိုလူက သူ့ထက် အရပ်ပုပြီး သူ့လို နှာခေါင်းစည်း တပ်ဆင်ထားသော်လည်း ၎င်းမှာ ဖုန်မှုန့်များကို ကာကွယ်ရန် မဟုတ်ဘဲ ဖြတ်သွားဖြတ်လာလူများ မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သိသာပေသည်။
လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်သူ ကျိုးကျင်ဟမ့်မှာ ချန်ဖေးချီ၏ တရားဝင်ဇနီးမယား ဖြစ်သော ယီဟွေ့၏ ခယ်မဖြစ်သူကို မှတ်မိသွား၏။
သူက ထိုနေရာသို့ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ စီနီယာယဲ့…”
အသံကို ကြားလိုက်ရသောအခါ အစပိုင်းတွင် ယဲ့ချင်းမှာ အံ့ဩသွားသော်လည်း ၎င်းမှာ ကျိုးကျင်ဟမ့် ဖြစ်ကြောင်း မြင်လိုက်ရသည့်အခိုက် သူ့ကို လျစ်လျူရှုကာ ထွက်သွားလေသည်။
ကျိုးကျင်ဟမ့်က လျင်မြန်စွာ ရှေ့တိုးသွားပြီး သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။
“စီနီယာယဲ့… ကျွန်တော်ပါ… ကျိုးကျင်ဟမ့်ပါ…”
ယဲ့ချင်းက ရပ်တန့်သွားပြီး သူ့ကို ခပ်ပေါ့ပေါ့ တစ်ချက် စိုက်ကြည့်ကာ ပြောလိုက်သည်။ “သိတယ်…”
ထိုစကားမှာ “မင်းမှန်း သိနေလို့ ငါ ထွက်သွားတာ” ဟု ဆိုလိုခြင်းပင်။
ကျိုးကျင့်ဟမ်က စိတ်မရှည်သည့်အပြင် မနှစ်မြို့ဖွယ် ဖြစ်နေသည့် သူ့လေသံကို ကြားလိုက်ရသည်။ သာမန်အားဖြင့် သူ၏ ဒေါသအရ သူ့ဘက်က ကောင်းပြနေသည့်အချိန်တွင် လျစ်လျူရှုခံရသည်ကို သည်းမခံနိုင်သော်လည်း အခြားသော နည်းလမ်း မရှိသဖြင့် သည်းခံလိုက်ရသည်။
“ကျွန်တော် ခင်ဗျားကို မေးချင်နေတာလေးတွေ ရှိတယ်…”
ယဲ့ချင်းက သူ့စကားကို ဆုံးအောင် နားထောင်ရန်အထိ စိတ်မရှည်ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
“ငါ့မှာ အချိန်မရှိဘူး…”
ကျိုးကျင်ဟမ့်က အကြိမ်ကြိမ် အသက်ရှူကြပ်နေသော်လည်း သူ၏ စိတ်အခြေအနေကို ပြင်ဆင်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “၅ မိနစ်လောက်ပဲ ကြာမှာပါ…”
ယဲ့ချင်းက သူ့မျက်နှာဖုံးအောက်တွင် လှောင်ပြောင်လိုက်၏။ “၅ မိနစ် ဟုတ်လား… မင်းက အခု ငါ့ကို ၅ မိနစ် အချိန်ပေးဖို့ တောင်းဆိုနေတာလား…. ဟွေ့ဟွေ့က မင်းကို အချိန်အကြာကြီး စောင့်နေခဲ့တာတောင်မှ မင်းက သူ့ကို အချိန် ၅ မိနစ်တောင် ပေးခဲ့လို့လား…”
ကျိုးကျင်ဟမ့်က ရုတ်တရက် သတိပေးမှုကြောင့် ထိတ်လန့်သွားသည်။ သူက ပါးစပ်ဖွင့်လိုက်သော်လည်း အသံ မထွက်လာပေ။
ယဲ့ချင်းကလည်း စိတ်တိုတတ်သူပင်။ သူက ဘာမှပြန်မပြောသလို သူ တစ်ခါ ပြောလိုက်ပါကလည်း ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။
“သူ့နှလုံးသားထဲမှာ မင်းကိုပဲ နေရာအပြည့် ပေးထားတာ… မင်းအတွက်နဲ့ ပန်းချီဆွဲဖို့ သင်ခဲ့တယ်… စာတိုပို့ဖို့ သင်ခဲ့တယ်… ကိတ်မုန့်တွေ ဖုတ်ဖို့ သင်ခဲ့တယ်… တခြားသူတွေကို အားမကိုးတော့အောင် သင်ခဲ့တယ်… သူ့ဒေါသကို ထိန်းချုပ်တတ်အောင် သင်ခဲ့တယ်… သူ့အတွက် အပြင်သွားဖို့က ခက်ခဲတယ်ဆိုရင်တောင် သူက မင်းအတွက် လက်ဆောင်ဝယ်ဖို့ စဉ်းစားခဲ့တယ်… မင်း အိမ်ပြန်ရောက်ရင် မင်း သူ့ကို ရှာမတွေ့မှာ ကြောက်လို့ သူ့လက်ကိုင်ဖုန်းနဲ့ ညအိပ်ခဲ့တယ်… သူက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး မင်းကို အများကြီး သဘောကျခဲ့တာ… မင်း သူ့ကို မကြိုက်ဘူးဆိုရင်တောင် သူ့အပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ…”
“သူက မင်္ဂလာဆောင်တဲ့နေ့မှာ အရမ်းကို ပျော်နေခဲ့တာ… ငါ ပွဲမတက်နိုင်ခဲ့ဘူး… သူက ငါ့ကို ဓာတ်ပုံတွေ အများကြီး ပို့ပေးခဲ့တယ်… သူပြောခဲ့တာက သူ အရမ်းကို ပျော်ရွှင်နေပြီး ဘဝတစ်လျှောက်လုံး မင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေသွားမယ်တဲ့…”
ယဲ့ချင်းက ပြောရင်းဆိုရင်း သူ့မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး သူ့အမူအရာမှာ နာကျင်ခံစားနေရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ပြည့်နှက်နေသည်။
“သူက ငါတို့ကို ဘာမှမပြောပြခဲ့ဘူး… သူ့စိတ်ထဲမှာပဲ အရာအားလုံး သိမ်းဆည်းထားတာ… သူ အဆင်ပြေပါတယ်လို့ ပြောတာကို ငါက ယုံကြည်ခဲ့တယ်… ငါ ဘယ်လိုလုပ်ပြီး ယုံရမှာလဲ…”
ထိုစကားများကို နားထောင်နေရင်း ကျိုးကျင်ဟမ့်မှာ သူ ဆုပ်ကိုင်ထားနိုင်စွမ်း မရှိသည့် အရာတစ်ခု လျင်မြန်စွာ လွတ်မြောက်လာသည့်အလား သူ့ရင်ဘတ်မှာ အခေါင်းပေါက် ဖြစ်နေသလို ခံစားနေရသည်။
ယဲ့ချင်းက လက်သီးဆုပ်ထားသည်ကို သူ မြင်လိုက်ရပြီးနောက် ထိုလက်သီးချက်ကို ရှောင်လိုသည့် ဆန္ဒ လုံးဝ မရှိတော့ချေ။ ထိုလက်သီးက သူ့မျက်နှာကို မြန်မြန် လာထိုးမိစေရန်သာ မျှော်လင့်နေခဲ့သည်။ ပို၍ အားပြင်းလေလေ ပို၍ ကောင်းလေလေ ဖြစ်ပြီး ထို့နောက်တွင်မူ သူ့ရင်ဘတ်ထဲမှ ဗလာကျင်းနေသည့် ဝေဒနာကို ကျော်လွှားနိုင်ပေလိမ့်မည်။
ချန်ဖေးချီကဲ့သို့ သူ့ကတိကို ထိန်းသိမ်းထားရန် တူညီသော စိတ်ကူးဖြင့် ယဲ့ချင်းက နောက်ဆုံးတွင် လှုပ်ရှားခြင်း မပြုပေ။
သူက နီရဲနေသော မျက်လုံးများဖြင့် ကျိုးကျင်ဟမ့်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“မင်းသာ သူ့ကို နည်းနည်းလေး ပိုပြီး ဂရုစိုက်ပေးမယ်ဆိုရင် အဲ့ဒီလူသူကင်းမဲ့နေတဲ့ တောင်ပေါ်မှာ သူ တစ်ယောက်တည်း သေရမှာ မဟုတ်ဘူး… မင်းလိပ်ပြာလုံနိုင်အောင်ဆိုပြီး ငါ့ဆီကနေ ဘာသတင်းမှ ကြားရလိမ့်မယ် မထင်နဲ့… မင်းမှာ နှလုံးသား မရှိလို့ မင်းနဲ့ မထိုက်တန်ဘူး…”