အပိုင်း ၁၇.၂
Viewers 11k

Chapter 17.2
ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ပြီးနောက် ကျိုးကျင်ဟမ့်မှာ ယခင်ကထက် ပို၍ တိတ်ဆိတ်သွားသည်ကို ရှောင်လင်း သတိပြုမိလာသည်။
ရုတ်တရက် သူ ဘာမှလုပ်စရာ မရှိသည့်အချိန်နှင့် အရေးပေါ်ကိစ္စလည်း မရှိသည့်အချိန်များတွင် သူက အော်ငေါက်လေ့ရှိပြီး ၎င်းက ရှောင်လင်းကို မသက်မသာ ဖြစ်စေသည်။ သူ့အနေဖြင့် လစာယူရသည်ကို စိတ်မသက်သာသလို ဤအလုပ်သို့ မဝင်ခင်တည်းက ဤအထက်လူကြီးမှာ လုပ်ကိုင်ရခက်ခဲသည်ဟု ဝန်ထမ်းဋ္ဌာနက သူ့ကို သတိပေးခဲ့ဖူးသည်။
ယခုအခါတွင်မူ ကျိုးကျင်ဟမ့်မှာ ပြုစုလုပ်ကိုင်ပေးရန် ခက်ခဲသူတစ်ယောက် မဟုတ်တော့ပေ။ သူ့အလုပ် သူလုပ်ပြီး အိမ်ပြန်၍ အိပ်ခြင်းမှလွဲ၍ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ညဘက် ကားမမောင်းတော့သလို နိုက်ကလပ်များသို့လည်း မသွားတော့ချေ။ သူက အလွန် တည်ငြိမ်လှသဖြင့် ဖျော်ဖြေရေးနယ်ပယ်တွင် အလေးအနက် အထားသင့်ဆုံး စံပြပုဂ္ဂိုလ်အဖြစ် ဆုရထိုက်သူပင် ဖြစ်သည်။
ပရိသတ်များကလည်း ထိုကိစ္စကို သတိပြုမိကြ၏။ ရှေးဟောင်းဒရမ်မာ ဇာတ်ကားကို ရိုက်ကူးပြီးနောက် သိပ်မကြာခင်အချိန်တွင် ရိုက်ကွင်းအပြင်ဘက်၌ ထိုင်စောင့်နေကြသည့် ရှေ့တန်းပရိတ်သတ်များက သူတို့၏ လက်ဆောင်များကို ပန်းများနှင့် ကော်ဖီကဲ့သို့ တောက်ပသော ပစ္စည်းများအစား ဂျင်ဆင်းဆေးလုံးများ၊ ဗီတာမင်များ၊ ပလာစတာအချပ်များနှင့် အခြားသော အာဟာရဖြစ်စေမည့် ပစ္စည်းများ အစားထိုး၍ ပေးလာကြသည်။
တစ်ရက်တွင် ရှောင်လင်းက အချိန်ယူ၍ နာမည်ကြီးနေသော ခေါင်းစဉ်ဖြစ်သည့် စီနာ့ Weibo မှ တင်ဆက်သော လုပ်ဆောင်ချက် တစ်ခုကို ကြည့်ရှုနေသည်။ ၎င်းမှာ စိတ်ဝင်စားမှုချင်း တူညီသော လူများဖြင့် ဖွဲ့စည်းထားသော အဝန်းအဝိုင်း ဖြစ်ပြီး ရှေ့တန်းမှတစ်ယောက် တင်ထားသည့် ပုံများအောက်တွင် အားလုံးက “ယခုရက်ပိုင်းအတွင်း ဟမ့်ဟမ့်မှာ အဘယ်ကြောင့် ကိုယ်အလေးချိန် ထပ်မံ ကျဆင်းလာရသည့်အကြောင်း”ကို ဆွေးနွေးနေကြသည်။
ရှေ့တန်းမှ မိန်းကလေးတစ်ယောက် ပြောပုံအရ သူမက ရုပ်ရှင် စတင် ရိုက်ကူးသည့် အချိန်တည်းက ထိုနေရာအနီးတစ်ဝိုက်တွင် စခန်းချနေထိုင်ခဲ့သည်ဟု ဆိုသည်။ ကျိုးကျင်ဟမ့်မှာ နေ့စဉ် အလုပ်သို့ ပထမဆုံး သွားသူ ဖြစ်ပြီး ဟိုတယ်သို့ ပြန်ရာတွင် နောက်ကျသလို သူ့အတွက် ရိုက်ကွင်း မရှိသည့်နေ့များတွင် အခန်းတွင်း၌ တစ်နေကုန် အောင်းနေတတ်၏။ သူ ညစာစားရန် ထွက်လာသည်ကိုပင် သူမ မမြင်ခဲ့ရပေ။
ဤမှတ်ချက်အောက်တွင် မိန်းကလေးများက သူတို့၏ ချစ်လှစွာသော အစ်ကိုကြီး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သက်ပြီး သူတို့၏ စိုးရိမ်ပူပန်စိတ်ကို ဖော်ပြခဲ့ကြသည်။ ထိုအရာကို မြင်သောအခါ ရှောင်လင်းကလည်း စိတ်ပူသွား၏။ သူက လေထဲတွင် တင်းတင်း ဆွဲထားသော ဝိုင်ယာကြိုးဖြင့် တွဲလောင်းခိုနေသည့် ကျိုးကျင်ဟမ့်ကို လှမ်းကြည့်လိုက်ပြီး ဤအတိုင်း ဆက်သွားရန် မဖြစ်နိုင်တော့ဟု တွေးလိုက်မိသည်။ ယနေ့ ရှောင်လင်းက သူ့အတွက် အပြင်ထွက်ကာ အရသာရှိသည့် အစားအသောက်များကို သွားဝယ်ပေးရပြီး လမ်းတလျှောက်တွင် မစ္စတာယီ ထွက်ခွာသွားပြီးနောက် သူ့စိတ်ထဲတွင် ဆက်လက်ပြီး လေးလံနေခြင်း ရှိ၊ မရှိ သိနိုင်စေရန်နှင့် အကြီးတစ်ယောက်အနေဖြင့် ဉာဏ်အလင်း ဖွင့်ပေးရန် သူ့ကို မေးခွန်းအချို့ မေးမြန်းခဲ့သည်။
လမ်းတစ်ဝက်အရောက်တွင် ကျိုးကျင်ဟမ့် တစ်ခုခု ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ဖိအားမြင့် ဝိုင်ယာကြိုးပေါ်တွင် တွဲလောင်းခိုဖူးသူတိုင်းမှာ ဝိုင်ယာကြိုးနှင့် ထိတွေ့သော ခန္ဓာကိုယ် အစိတ်အပိုင်းပေါ်သို့ ဆွဲငင်အားကို စုစည်းထားသောကြောင့် ပြင်းထန်သော ဖိအားနှင့် တစ်ခဏတာ နာကျင်မှုကို ခံစားကြရပြီး အချို့သော ပွန်းပဲ့ဒဏ်ရာများကို ရှောင်လွှဲမရနိုင်ကြောင်း သိထားကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ကျိုးကျင်ဟမ့်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ အနာတရ များစွာ ဖုံးလွှမ်းထားလေသည်။ တစ်ရက်တွင် ရှောင်လင်းက သူ အခန်းထဲ၌ အဝတ်လဲနေစဉ် တံခါးမခေါက်ဘဲ ဝင်လာမိသောကြောင့်သာ မဟုတ်ပါက ယခုအချိန်ထိတိုင်အောင် သူ၏ ဒဏ်ရာအနာတရမှာ မည်သို့မည်ပုံ ရှိနေမည်ကို သူ သိနိုင်မည် မဟုတ်ပေ။
ထိုအချိန်က ရှောင်လင်းမှာ သူ့ဒဏ်ရာများကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ကျိုးကျင်ဟမ့်က နောက်ပြန်လှည့်၍ သူ့ပုခုံးကို ကျော်ကြည့်လိုက်ပြီး သူ့အရေပြားကို လက်ဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်ပြီးနောက် အဆင်ပြေသွားလိမ့်မည်ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။
သို့သော် အဆင်ပြေသွားမည်ဟု ပြောရုံဖြင့် လက်ရှိအခြေအနေကို မည်သူမှ မငြင်းနိုင်ပေ။
ဝိုင်ယာကြိုးများကို ထိန်းချုပ်သည့် ဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့် ဝိုင်ယာကြိုးကို ဖြေလျှော့လိုက်သောအခါ ကျိုးကျင်ဟမ့်၏ ခန္ဓာကိုယ်မှာ လေထဲတွင် ပြင်းပြင်းထန်ထန် ယိမ်းထိုးနေဆဲ ဖြစ်ပြီး ဟန်ချက်ထိန်းရန် ခက်ခဲနေခဲ့သည်။ ဆင်းသက်ခြင်းမပြုမီ နံရံနှင့် ပြင်းပြင်းထန်ထန် တိုက်မိခဲ့သည်။ သူ၏ အဝတ်အစားအောက်မှ မမြင်ရသော နေရာများအပြင် သူ၏ နဖူး၊ ပါးပြင်နှင့် နှုတ်ခမ်းထောင့်တို့တွင် သွေးထွက်သံယို ဒဏ်ရာ အနာတရ များစွာ ရရှိခဲ့သည်။
ရှောင်လင်းက သူ့ခြေထောက်ကို အားပြုကာ အမြန် ခုန်လိုက်၍ ကျိုးကျင်ဟမ့်အား ဆေးဝန်ထမ်း တစ်ယောက် လက်ထဲသို့ လွှဲပေးပြီးနောက် သူက ကုမ္ပဏီကိုယ်စား ဝန်ထမ်းနှင့် အခြေအနေကို ဆွေးနွေးရန် သွားရောက်ခဲ့သည်။
နှစ်ဖက်စလုံးက စောဒကတက်ခြင်း မပြုလုပ်လိုကြပေ။ ဝန်ထမ်းအတွက် တာဝန်ရှိသူဘက်က ခေါင်းငြိမ့်ပြီး တောင်းပန်စကား ဆိုကာ ပါဝင်ပတ်သက်သော ဝန်ထမ်းများကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါမည်ဟု ကတိပေးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးကျင်ဟမ့်၏ ဆေးစစ်ချက်တွင် သူ၏ ကြွက်သားများနှင့် အရိုးများမှာ ထိခိုက်ဒဏ်ရာ ရခြင်း မရှိသော်လည်း သူ၏ ရုပ်ရည်မှာမူ ရုပ်ရှင် ဆက်လက် ရိုက်ကူးရန်အတွက် အလွန်ပင် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဝန်ထမ်းများက သူ့ကို တစ်လခွဲ အနားယူခွင့် ပေးလိုက်ပြီး ရိုက်ကူးရေး အချိန်ဇယားကို ညှိနှိုင်းပေးမည်ဟု ကတိပေးလိုက်လေသည်။
စိတ်ကျေနပ်လောက်ဖွယ် အကြောင်းပြန်စာကို လက်ခံရရှိပြီးနောက် ရှောင်လင်းက အလုပ်ကို ကုမ္ပဏီဘက်သို့ လွှဲပေးလိုက်ပြီး ကျိုးကျင်ဟမ့်ဆီသို့ ပြန်သွားခဲ့သည်။
လူတိုင်းက ဤသတင်းကို ကန့်သတ်ထားပြီး မပျံ့နှံ့စေချင်သော်လည်း ရိုက်ကွင်းတစ်ခုလုံး ရှုပ်ပွနေဆဲပင်။ ဝန်ထမ်းများနှင့်အတူ လိုက်ပါနေထိုင်သည့် ပရိသတ်များက ကိစ္စတစ်ခု ဖြစ်ပျက်သွားကြောင်း ကြားလိုက်ရသည်နှင့် အခင်းဖြစ်ရာသို့ သူတို့၏ ကင်မရာများနှင့်အတူ ပြေးသွားကြလေသည်။ သူတို့က ရှောင်လင်းကို တွေ့သောအခါ ဝိုင်းအုံလာကြပြီး ကျိုးကျင့်ဟမ့် မတော်တဆမှု ဖြစ်ခဲ့သလားဟု မေးမြန်းကြသည်။ ရှောင်လင်းက ပြန်မဖြေဘဲ ခေါင်းငုံ့ကာ ရှေ့သို့ ဆက်လက် လျှောက်သွားလေ၏။
နောက်ဆုံးတွင် ပရိသတ်များထံမှ လွတ်မြောက်လာပြီးနောက် အခန်းတံခါးဝတွင် နောက်ထပ် ယောကျ်ားတစ်ယောက်ကို သူ တွေ့လိုက်ရသည်။
ထိုလူကား ချောမောသော ရုပ်ရည်နှင့် သပ်ရပ်စွာ ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်ပင်။ ရှောင်လင်းကို တွေ့သောအခါ သူက ယဉ်ကျေးစွာ နှုတ်ဆက်ပြီး မေးလိုက်သည်။
“ကျေးဇူးပြုပြီး ဒီမှာ မစ္စတာကျိုးကျင်ဟမ့် ရှိလားဗျ… ကျွန်တော်က သူ့သူငယ်ချင်းပါ… တကယ်လို့ မသေချာဘူးဆိုရင် အထဲကို ဝင်ပြီး ဖန်ယွီချင်းက သူ့ကို လိုက်ရှာနေတယ်လို့ တစ်ဆင့် ပြောပေးပါ…”
သုံးမိနစ်ကြာပြီးနောက် ရှောင်လင်းက ဖန်ယွီချင်းကို ကျိုးကျင်ဟမ့်၏ သီးသန့်ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ ထွက်လာပြီး တံခါးပိတ်လိုက်သည့်အချိန်တွင် အက်ကြောင်းလေး ကြားမှ ဧည့်သည်ကို တစ်ချက် လှမ်းကြည့်လိုက်သေး၏။ ဖန်ယွီချင်းက ကုလားထိုင်တစ်လုံးကို ကျိုးကျင်ဟမ့်၏ ဆိုဖာအနီးသို့ ဆွဲယူသွားပြီး ထိုင်လိုက်ပြီး သူ၏ အမူအရာမှာ မိမိ၏ ကိုယ်ပိုင်အိမ်ကဲ့သို့ ရင်းနှီးကျွမ်းဝင်နေသည်ကို မြင်လိုက်ရသည်။
မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူနေသော ကျိုးကျင်ဟမ့်က တံခါးပိတ်သံကို ကြားလိုက်ရသောအခါ သူ့မျက်လုံးများကို ဖွင့်၍ သူ့ဘေးတွင် ထိုင်နေသည့်လူကို ကြည့်လိုက်သည်။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ…”
“အလုပ်ကိစ္စနဲ့ လမ်းကြုံလို့ ဖြတ်သွားရင်း ဝင်လာတာ… ယန်ချန်းရွှမ်က မင်းဒီမှာ ရုပ်ရှင်ရိုက်နေတယ်လို့ ပြောတယ်…” ဖန်ယွီချင်းက ပြုံးလိုက်သည်။ “မင်း စကားပြောတဲ့ပုံစံကို ကြည့်ရတာ ငါ့ကို ကြိုဆိုတဲ့ပုံစံ မဟုတ်ဘူး…”
ကျိုးကျင်ဟမ့်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး… ဒီနေ့ ကံမကောင်းလို့… မင်းကို အဖော်ပြုပေးဖို့ အဆင်ပြေမှာ မဟုတ်လောက်ဘူး…”
“ရတယ် ကိစ္စမရှိပါဘူး… မင်း ဒီမှာ လိုအပ်တာတွေ အားလုံး ရှိနေတာပဲ… ကိုယ့်ဘာသာ ဖျော်ဖြေပြီး နေလို့ ရတယ်…”
ဖန်ယွီချင်းက နောက်လှည့်လိုက်ပြီး စားပွဲပေါ်မှ ရေတစ်ပုလင်းကို ကောက်ယူကာ သူ့အတွက် ရေတစ်ခွက် ငှဲ့လိုက်သည်။ ကျိုးကျင်ဟမ့်က ၎င်းမှာ သူ့ခွက်ဟု ပြောနေသော်လည်း ဖန်ယွီချင်းက ဆက်သောက်နေသဖြင့် သူ့ပါးစပ်ကို ပိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။
“မင်း အခုတလော ဝိတ်ကျသွားသေးတာလား…”
ရေသောက်ပြီးနောက် ဖန်ယွီချင်းက နောက်ထပ် အကြောင်းအရာတစ်ခုကို ဦးဆောင်ပြီး ပြောလိုက်သည်။
“ရုပ်ရှင်ရိုက်ရတာ အရမ်း ခက်တယ်မလား… မင်းရဲ့ ပရိတ်သတ်တွေက မင်းအတွက် ဖြည့်စွက်စာတွေ အများကြီး ပို့ပေးပြီး မင်းကို သေချာ ဂရုစိုက်ပေးဖို့ မင်းရဲ့ လက်ထောက်ကို မှာနေတာ ငါ တွေ့ခဲ့တယ်…”
ဤရက်ပိုင်းအတွင်း ကျိုးကျင်ဟမ့်မှာ ရိုက်ကွင်းရှိသည်မှ လွဲပြီး အချိန်တိုင်းနီးပါး တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ ယခုအချိန်တွင် သူက စကားပြောလိုသည့် ဆန္ဒ မရှိပေ။ သူက “အင်း” ဟု တစ်လုံးတည်း ပြောပြီး မျက်လုံးများ ပြန်မှိတ်ထားလိုက်သည်။
ဖန်ယွီချင်းမှာ မူလက စကားများပြီး တက်ကြွသည့် အကျင့်စရိုက်မျိုး ရှိသူ မဟုတ်သော်လည်း ယခုအခါ တစ်နည်းနည်းဖြင့် သူနှင့်အတူ အမျိုးမျိုးသော အကြောင်းအရာများ ပြောဆိုလာသည်။ မကြာသေးမီက ပြဇာတ်တစ်ခု ကြည့်ခဲ့ကြောင်းနှင့် ၎င်းမှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းကြောင်း ပြောခဲ့သည်။ ထို့နောက် သူက ဟင်းချက်သင်နေပြီး ကျိုးကျင်ဟမ့်ကို သူ့အိမ်သို့ ဖိတ်ကာ သူ့လက်ရာကို မြည်းစမ်းခိုင်းမည့်အကြောင်း ပြောနေခဲ့သည်။ ထို့ပြင် နောက်တစ်ပတ် ပန်းချီပြပွဲအကြောင်း ပြောပြပြီး အချိန်ရပါက သူ့ကို လာကြည့်ရန် ဖိတ်ခေါ်နေသည်။
ကျိုးကျင်ဟမ့်က ဆိုဖာပေါ်တွင် ထိုင်နေရာမှ ထလာပြီး သူ့လက်များကို မြှောက်ကာ ပုခုံးများကို ဖိချလိုက်သည်။ သူက တစ်ခုခုကို ပြောရန် ဟန်ပြင်လိုက်သော်လည်း လှုပ်ရှားမှုကြောင့် နာကျင်သွားသဖြင့် မျက်မှောင်ကြုံ့လိုက်မိသည်။ ဖန်ယွီချင်းက စားပွဲဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး ဂွမ်းစကို ယူကာ အရက်ပြန်ထဲသို့ စိမ်၍ သူ့ဒဏ်ရာများကို သုတ်ပေးလိုက်သည်။
“မင်း ဘာလို့ အမြဲတမ်း ဒီလို ဖြစ်နေတာလဲ… ဒဏ်ရာ ရရင် ဆေးလိမ်းဖို့ကို အမြဲတမ်း ငြင်းနေတယ်…ငါ…”
ကျိုးကျင်ဟမ့်က ရှောင်တိမ်းလိုက်သဖြင့် သူ့စကားများကို ဆုံးအောင်ပင် မပြောလိုက်ရပေ။ သူက နောက်ပြန်ဆုတ်ပြီး ဖန်ယွီချင်း၏ ဆန့်ထားသော လက်ကို တားဆီးရန် သူ့လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူက မော့ကြည့်လိုက်ရာ ဖန်ယွီချင်း၏ အံ့အားသင့်နေသော အကြည့်နှင့် အကြည့်ချင်းဆုံမှ သူ တုံ့ပြန်မှု လွန်ကဲနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
တစ်ခဏအကြာတွင် ကျိုးကျင်ဟမ့်က သူ့လက်ထဲမှ ဂွမ်းစကို လှမ်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်… ငါ့ဘာသာ ငါလုပ်မယ်…”
ကျိုးကျင်ဟမ့်မှာ ဒဏ်ရာ မည်သည့်နေရာတွင် ရှိသည်ကို မမြင်နိုင်သောကြောင့် ဂွမ်းစကိုယူပြီး သူ့မျက်နှာအနှံ့ သုတ်နေသည်ကို ကြည့်ပြီး ဖန်ယွီချင်း၏ မျက်နှာမှာ ပြုံးနေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က ကျိုးကျင်ဟမ့်မှာ ယခုထက်ပိုပြီး မာနကြီး၍ စိတ်ဆတ်သော်လည်း သူက ဖန်ယွီချင်း၏ ရှေ့တွင် သူ့ကိုယ်သူ အမြဲတမ်း ထိန်းချုပ်နိုင်စွမ်း ရှိသည်ကို သူ သတိရသွားမိသည်။ တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်ပြီးနောက် တစ်စက္ကန့်အကြာတွင် သူက အေးတိအေးစက်နှင့် မျက်နှာစူပုတ်နေပြီး နောက်ထပ် တစ်စက္ကန့်အကြာတွင်မူ ဝမ်းနည်းနေသည့်အမူအရာဖြင့် သူ့ဘက်သို့ လှည့်ကာ ဆေးလိမ်းပေးခိုင်းသည်။
ဖန်ယွီချင်းမှာ ဉာဏ်နည်းသူ မဟုတ်သည့်အတွက် ယခုလက်ရှိတွင် သူ့ကို ကျိုးကျင်ဟမ့်က ရှောင်ဖယ်နေရသည့် အကြောင်းအရင်းကို ခန့်မှန်းမိလေသည်။ သူက သက်ပြင်းတစ်ချက် ရှိုက်ကာ ထပ်ပြီး ပြုံးလိုက်၏။
“ငါ ဟိုတလောကပဲ အိမ်အသစ်ကို ပြောင်းခဲ့တာ… ငါ အဆင်သင့်ဖြစ်ရင် မင်းနဲ့ ယန်ချန်းရွှမ်တို့ကို ကစားဖို့ ဖိတ်လိုက်မယ်… ဒါနဲ့ စကားမစပ် မင်း ညီမလေးလည်း ရှိသေးတယ်နော်… သူ နိုင်ငံခြားကနေ ပြန်လာတော့မယ်လို့ ကြားတယ်… ဒီတစ်ခါ သူ့ကိုလည်း အတူတူ ကစားဖို့ ဖိတ်ရအောင်…”
“ငါက ရုပ်ရှင်ရိုက်ရဦးမယ်… အချိန်မရှိဘူး…” ကျိုးကျင်ဟမ့်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“မင်း ယွဲ့ယွဲ့ကို ဖိတ်ချင်တယ်ဆိုရင် ငါ မင်းကို သူ့ဖုန်းနံပါတ် ပေးမယ်…”
ဖန်ယွီချင်းမှာ မမျှော်လင့်ထားသော အဖြေအတွက် အံ့ဩသွားပြီး နှစ်ဦးသား တစ်ခဏမျှ အသံတိတ်သွားကြသဖြင့် ပတ်ဝန်းကျင်အနေအထားမှာ အနည်းငယ် လေးလံသွားလေသည်။
ဖန်ယွီချင်းမှာ ကျိုးကျင်ဟမ့်နှင့် အချိန်အတော်ကြာအောင် ရင်းနှီးကျွမ်းဝင်ခဲ့သောကြောင့် ကျိုးကျင်ဟမ့်၏ အကျင့်စရိုက်ကို နားလည်သဘောပေါက်ခြင်းက သူ့ကို နောက်ပြန်ဆုတ်ရန် တွန်းအားပေးလိုက်သည်။
သူက သက်တောင့်သက်သာရှိဟန် ဆောင်ကာ မတ်တပ်ထရပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်း ပင်ပန်းနေပြီ… ငါ မင်းကို ဒီနေ့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး…”
သူက ထိုသို့ပြောပြီး သူ့လက်ချောင်းလေးများကို ကွေး၍ စားပွဲပေါ်သို့ ပုတ်နေသည်။
“ဆေးသောက်ပြီး ငါဝယ်လာတဲ့ အသီးတွေကို စားဖို့ မမေ့နဲ့… စိတ်မပူနဲ့ အဲ့ဒီအသီးတွေက သကြားပါဝင်မှုနှုန်း မမြင့်ဘူး…”
ကျိုးကျင်ဟမ့်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကို လိုက်ပို့ရန် မတ်တပ်ထရပ်လိုက်သည်။
တံခါးဝတွင် ဖန်ယွီချင်းက နောက်တစ်ကြိမ် ပြန်လှည့်လာ၏။ သူက ကျိုးကျင်ဟမ့်၏ မျက်လုံးများထဲတွင် လျစ်လျူရှုခြင်းအပြင် ဥပမာ တွန့်ဆုတ်ခြင်းကဲ့သို့ အခြားအရာတစ်ခုခုကို ရှာဖွေရန် ကြိုးစားလိုက်သည်။ အလင်းရောင်မှာ အလွန် မှိန်ဖျော့နေသောကြောင့် ဖြစ်နိုင်သော်လည်း သူ မည်မျှ ရှာဖွေပါစေ ဘာမှ မတွေ့ရပေ။
နောက်ဆုံးတွင် သူက မအောင့်နိုင်တော့ဘဲ မေးချလိုက်သည်။
“ဒါဆိုရင် နောက်တစ်ပတ်ပန်းချီပြပွဲကိုရော မင်း လာကြည့်ဖို့ အားလား…”
ကျိုးကျယ်ဟမ့်က မငြင်းမီ ဖန်ယွီချင်းက နောက်ထပ် စကားတစ်ခွန်းကို ကမန်းကတန်း ထပ်ပြောလိုက်သည်။
“နေ့တစ်ဝက်… နေ့တစ်ဝက်ပဲ…အရင်တုန်းက ငါ့ရဲ့ ပထမဆုံးပန်းချီပြပွဲကို လာကြည့်မယ်လို့ မင်း ကတိပေးခဲ့တယ်လေ… ငါက မင်းကို အဝေးရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ အကူအညီ တောင်းတယ်လို့ တွေးကြည့်ပါလား…ဟင်…”
ကျိုးကျင်ဟမ့်က စတင်ပြီး စကားပြောသော်လည်း သူပြောချင်သည့်စကားလုံးများမှာ ပိတ်ဆို့ခံထားရသည်။
တစ်ခဏအကြာတွင် သူက အသက်ကို ခပ်မျှင်းမျှင်း ရှူထုတ်လိုက်ပြီး သူ မချိုးဖျက်နိုင်သည့် သဘောတူညီချက်ကို စက်ပိုင်းဆိုင်ရာအားဖြင့် ဖြည့်ဆည်းနေရသည့်အလား မျက်လုံးများမှာ တည်ငြိမ်နေ၏။
“ကောင်းပြီလေ…”
Xxxxx