တောင်ဘက်ရှိ ဆောင်းဦးရာသီမှာ အခြားနေရာများထက် ပို၍ နောက်ကျလေ့ရှိသည်။ ပန်းများမှာ ပွင့်လန်းနေဆဲ ဖြစ်၍ သစ်ပင်ပန်းမန်များမှာ စိမ်းလန်းနေဆဲ ဖြစ်ပြီး နေရောင်အောက်တွင် အချိန်ကြာကြာ နေထိုင်ပါက အပူဒဏ်ကိုပင် ခံစားရနိုင်ပေသည်။
ယီဟွေ့နှင့် ကျန်းယီမန့်တို့က ခြံဝင်းအတွင်းရှိ မရမ်းပင်ကြီးအောက်တွင် ထိုင်နေကြပြီး တစ်ယောက်လျှင် ထိုင်ခုံ တစ်လုံးစီတွင် ထိုင်၍ တစ်ယောက်က ပန်းချီဆွဲပြီး တစ်ယောက်က လုပ်လက်စ အလုပ်များ လုပ်ကိုင်နေသည်။
ကျန်းယီမန့်မှာ အလွန်ပင် အားအင်အပြည့် ဖြစ်နေ၏။ တစ်နာရီခွဲလောက် ကြာပြီးနောက် သူမ ဆက်ပြီး မလုပ်နိုင်တော့ပေ။ သူမက မတ်တပ်ထရပ်ကာ အကြောဆန့်ပြီးနောက် အိမ်ထဲသို့ ဝင်၍ ရေခဲချောင်း နှစ်ချောင်း ယူလာပြီး ယီဟွေ့ကို တစ်ချောင်း ပေးလိုက်သည်။ သူမ၏ ရေခဲချောင်းကို စားပြီးနောက် သူမက ယီဟွေ့၏ ဖောက်ထားပြီး တစ်ကိုက်မှပင် မကိုက်ရသေးသော ရေခဲချောင်းဆီသို့ မျက်စောင်းထိုးလာလေသည်။
ယီဟွေ့က ရိုးရိုးရှင်းရှင်းပင် သူမကို ပေးလိုက်ပြီးနောက် စုတ်တံကို ကောက်ကိုင်လိုက်၏။
“စားလိုက်ပါ… ငါ့အစာအိမ်က သိပ်မကောင်းလို့ ရေခဲမစားချင်ဘူး…”
ကျန်းယီမန့်က ဝမ်းသာအားရ လှမ်းယူ၍ ခပ်ကြီးကြီး တစ်ကိုက် ကိုက်ပြီးနောက် ယီဟွေ့၏ ပန်းချီကားကို ကြည့်ကာ တွေးတွေးဆဆ ပြောလိုက်သည်။ “အစ်ကို နင်က ပန်းချီ ကောင်းကောင်း ဆွဲတတ်တယ်ဆိုတော့ ပန်းလည်း ကောင်းကောင်း ထိုးတတ်မှာပဲ ဟုတ်တယ်မလား…”
ယီဟွေ့က ဤအယူအဆကို လက်မခံနိုင်ပေ။ “ပန်းထိုးတာ ဟုတ်လား… အဲ့ဒါက ပုံသေဇယားကွက် တစ်ခုထဲမှာ ရောင်စုံချည်တွေနဲ့ ချုပ်တာကို ပြောတာမလား…”
“အိုး… အဲ့ဒါကို သိပ်ပြီး ဆွဲဆောင်မှုမရှိသလို လုပ်မနေနဲ့…” ကျန်းယီမန့်က ပါးစပ်ထဲတွင် ပြည့်နေသည့် ရေခဲများကို မျိုချလိုက်သည်။
“ကြည့်ကောင်းအောင် ပုံဖော်နိုင်ဖို့အတွက်ဆိုရင် စိတ်အားထက်သန်မှုရှိရှိ ပန်းထိုးရမှာ ပြီးတော့ နင်က အဲ့ဒီထဲမှာ နင့်ရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို မနှစ်မြုပ်ထားဘူးဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး… ချုပ်ရိုးတစ်ခုက တင်းပြီး နောက်ချုပ်ရိုးတစ်ခုက လျှော့တိလျှော့ရဲ ဖြစ်နေရင် သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်ဘူး…”
ယခင်က သူ အချုပ်အလုပ် အနည်းငယ် လုပ်ဖူးခဲ့သည်ကို သတိရသွားသောအခါ ယီဟွေ့မှာ ၎င်းမှာ အဓိပ္ပာယ် ရှိသည်ဟု တွေးပြီး ခေါင်းငြိမ့်လိုက်သည်။
“ကြည့်ရတာတော့ လွယ်ပေမယ့် လုပ်ရတာ ခက်တယ်…ဒါပေမဲ့ နောက်ဆုံးအချောသတ် ရလာတဲ့ ပစ္စည်းကတော့ လှနေမှရမှာ…”
ကျန်းယီမန့်၏ မျက်လုံးများ တောက်ပလာသည်။ “အစ်ကို… တစ်ခါလောက် စမ်းကြည့်ဖို့ စိတ်ဝင်စားလား…”
ကျန်းယီမန့်မှာ ပန်းထိုးရသည်ကို ငြီးငွေ့လာပြီး သူ့ကို သူမ၏ အကူတစ်ယောက်အဖြစ် ဆွဲခေါ်ချင်နေကြောင်း ယီဟွေ့ သဘောပေါက်သွားသည်။
မူလက ကူညီပေးရန် ပြဿနာ ကြီးကြီးမားမား မရှိသလို သူ့ထံတွင် ထွေထွေထူးထူး လုပ်စရာ မရှိသော်လည်း ပန်းထိုးထားသည့် အဝတ်ပေါ်တွင် ရှိနေသူကို တွေးမိသွားသောအခါ ယီဟွေ့က နောက်ပြန်ဆုတ်သွားသည်။
“မရဘူး… ငါက နမော်နမဲ့နိုင်တယ်… ငါ မင်းရဲ့လက်ရာကို ဖျက်ဆီးမိမှာ…”
ထန်ဝမ်းရှီ၏ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးမှုကို ခံနေရသည့် ကျန်းယီမန့်မှာ သူမ၏ ပါးစပ်ကိုဟကာ ချီးကျူးလိုက်သည်။
“ညီမလေးရဲ့အစ်ကိုက ပန်းချီပြိုင်ပွဲမှာ ရွှေတံဆိပ် ရထားတာလေ… သူ့မှာ အရမ်းကို အရည်အချင်းရှိတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထားတာပဲဟာကို… ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်ပါ့မလဲ…”
ယီဟွေ့မှာ ပြောရင်းဆိုရင်း မျက်နှာပူလာသလို ခံစားလာရသည်။ “ဒါပေမဲ့… ဒီနှစ်ခုက မတူညီတဲ့ အရာပဲလေ…”
“သူတို့တွေက တစ်ပုံစံတည်းနီးပါး တူပါတယ်နော်…” ကျန်းယီမန့်က လက်ခါပြပြီး ပန်းထိုးထားသည့် အဝတ်ကို သူ့လက်ထဲသို့ ထိုးထည့်လိုက်သည်။ “ဒီမှာ… ဒီနေရာကနေ စပြီး ပန်းထိုးလို့ ရတယ်… ညီမလေးက လိုအပ်တဲ့ ချည်လုံးတွေကို ရွေးပြီး ဘေးမှာ အစဉ်လိုက် စီထားပြီးသား… သူ့အပေါ်မှာ နံပါတ်တွေလည်း ရှိတယ်… ဒါဆို အထဲဝင်ပြီးတော့ ခဏအိပ်လိုက်ဦးမယ်…”
ယီဟွေ့ အသိစိတ်ဝင်လာသောအခါတွင်မူ ကျန်းယီမန့်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ ဘာလုပ်သင့်ပါသနည်း။ သူက ခက်ခက်ခဲခဲ လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ယီဟွေ့က မျက်နှာတစ်ခုလုံးကို မမြင်ရတော့အောင် ပန်းထိုးထားသည့် အဝတ်ကို အတတ်နိုင်ဆုံး အစ သေးသေးလေး ဖြစ်အောင် ခေါက်လိုက်သည်။ ၎င်းကို သူ့လက်ထဲတွင် ကိုင်ထားရင်း သူက အပ်ကို ဖြည်းဖြည်းချင်း ရွေ့လျားရင်း အနာဂတ်တွင် ချီးကျူးခံရခြင်းအပေါ် သူ့အနေဖြင့် လိုက်လျောညီထွေ ဖြစ်ရမည်ဟု တွေးနေမိသည်။ ချီးကျူးခံရပြီးနောက် ကြောင်အမ်းအမ်းဖြင့် မည်သည့်အရာကိုမဆို သဘောတူလိုက်သည်နှင့် သင်က မိုက်မဲသူတစ်ယောက် မဖြစ်လာနိုင်တော့ပေ။
သို့သော် သူ့ရှေ့မှ အကွက်လေးများ၏ တန်းများအပေါ် အာရုံစူးစိုက်မှု အပြည့်ဖြင့် ပန်းထိုးရသည်မှာ အဆင်ပြေသောကြောင့် သူ့အနေဖြင့် ပုံတစ်ပုံလုံးမှာ မည်သည့်ပုံစံဖြစ်ကြောင်း စဉ်းစားရန်ပင် အချိန် မရလိုက်ပေ။
ကျန်းယီမန့်က တစ်ရေးတစ်မော အိပ်စက်ပြီးနောက် ထွက်လာသောအခါ ယီဟွေ့ အများကြီး ပန်းထိုးထားသည်ကို တွေ့လိုက်ရပြီး အံ့ဩသွားလေသည်။
“အစ်ကို ဘာလို့ ပန်းထိုးတာ ဒီလောက် မြန်ရတာလဲ… မျက်လုံးတွေကို နောက်ဆုံးမှ ထိုးမယ်ဆိုပြီး ချန်ထားတာ… အဲ့ဒါ ဟမ့်ဟမ့်ရဲ့ မျက်လုံးတွေလေ… အား…”
ယီဟွေ့က သူမ ထိုးရန်အတွက် သူ ဖယ်ပေးမယ်ဟု ပြောသော်လည်း သူမက မပျော်ရွှင်သွားပေ။ သူမက သပ်ရပ်သော ချုပ်ရိုးချုပ်သားများကို ပွတ်သပ်ရင်း နှုတ်ခမ်းလေးကို ဆူပြီး ပြောလိုက်သည်။
“ညီမလေးရဲ့လူ ဟမ့်ဟမ့်ရဲ့ မျက်လုံးတွေကို အရမ်းလှအောင် ထိုးထားတာဆိုတော့ ထားလိုက်ပါတော့…”
ယီဟွေ့မှာ နောင်တွင် သူမက သူ့ကို ထပ်ပြီး အကူအညီ တောင်းတော့မည် မဟုတ်ဟု တွေးမိကာ စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်းချလိုက်သည်။ ရုတ်တရက် သူ့ဘေးနားတွင် ရပ်နေသည့် ကျန်းယီမန့်က ပန်းထိုးထားသည့် အဝတ်ကို ဝှစ်ခနဲ ဖြန့်ချလိုက်ပြီး တစ်ခဏမျှကြာအောင် ချစ်ခင်စွာ ကြည့်ရင်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
“ညီမလေးရဲ့ ဟမ့်ဟမ့်က အရမ်းကို ချောလွန်းတယ်မလား…”
ဤတစ်ကြိမ်တွင်မူ ယီဟွေ့မှာ မရှောင်နိုင်တော့ပေ။ သူ့လက်ဖြင့် ကိုယ်တိုင် ပန်းထိုးထားသည့် မျက်လုံးတစ်စုံက သူ့ကို တည့်တည့် စိုက်ကြည့်နေရာ ပြင်းပြင်းထန်ထန် နှလုံးခုန်လာသည်ကို ခံစားလိုက်ရသည်။ သူက တစ်ခဏမျှ ကြာအောင် တိတ်ဆိတ်သွား၏။
“အစ်ကိုရဲ့ အမူအရာက ဘယ်လိုဖြစ်တာလဲ…”
ကျန်းယီမန့်က စိတ်ဆိုးသွားပြီး ပန်းထိုးထားသော အဝတ်ကို လှည့်ကာ အပေါ်မှ အောက်သို့ ခြုံငုံ ကြည့်လိုက်သည်။
ဤအချိန်အတောအတွင်း တစ်ယောက်နှင့် တစ်ယောက် ပေါင်းသင်းဆက်ဆံကြပြီးနောက် ယီဟွေ့မှာ သူတို့၏ အိုင်ဒေါလ်များကို ကမ္ဘာကြီးဆီသို့ ကြေညာပေးရန် အခွင့်အရေး အားလုံးကို သိမ်းပိုက်ထားသည့် ကျန်းယီမန့်ကဲ့သို့ အနုပညာရှင်များနောက်သို့ လိုက်ကြသော မိန်းကလေးများ၏ အမူအကျင့်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
သို့တိုင် သူက သူ့ဆန္ဒကို ဆန့်ကျင်ပြီး ပြောမည် မဟုတ်သလို မုသားစကားလည်း မပြောချင်ပေ။
“ဟုတ်တယ်… လှပါတယ်…” သူက စိတ်ပိုင်းဆိုင်ရာ မပြောပြနိုင်သည့် အတားအဆီးများကို ကျော်လွှားရင်း ထိုမျက်လုံးများကို အတင်းအကြပ် စိုက်ကြည့်နေသည်။ “ဓာတ်ပုံတွေထဲမှာထက် ပိုကြည့်ကောင်းတယ်…”
မြို့ငယ်လေးတစ်မြို့တွင် နေထိုင်ရသည့် ဘဝမှာ အရှိန်နှေးလှပေသည်။ ပန်းချီဆွဲခြင်းအပြင် ယီဟွေ့က ပန်းပင်များ ရေလောင်းခြင်း၊ အဝတ်များ လှန်းခြင်းနှင့် ခြံဝင်းသန့်ရှင်းရေး အလုပ်များကို နေ့စဉ် လုပ်ဆောင်နေသည်။ ဘေးအိမ်မှ အန်တီချုံ၏ ငန်းများသည်ပင် သူ့တာဝန် ဖြစ်လာ၏။ ညနေတိုင်း သူက ဝါးရင်းတုတ် တစ်ချောင်းကို လွှဲရင်း ဝဖြိုးသော ငန်းအချို့ကို ရေကူးပြီး မြက်စားစေရန် မြစ်ဆီသို့ မောင်းပေးရပြီး ၎င်းတို့ကို နေမဝင်ခင် ပြန်ပို့ပေးရသည်။
ယီဟွေ့မှာ သူ ယခုထက်ပို၍ လုပ်နိုင်သည်ဟု ခံစားမိသော်လည်း မိသားစုဝင် ၃ ယောက်သာ ရှိသော မိသားစုလေးတွင် သူ့အတွက် လုပ်စရာအိမ်အလုပ် မရှိတော့ချေ။ နောက်ဆုံးတွင် ကျန်းယီမန့်က အကြံရသွားပြီး ဗီရိုထဲရှိ ခေါက်ထားသော ပိတ်စများကို ရှာဖွေကာ ယီဟွေ့၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“အခုတလော အမေ့မှာ အချိန်မရှိဘူး… အဲ့ဒါကြောင့် ဒါ အစ်ကို့အပေါ် မူတည်နေပြီ…”
သူ ဖြန့်ကြည့်လိုက်သောအခါ ၎င်းမှာ “မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာ နေထိုင်လျှင် အရာခပ်သိမ်း ကြီးပွားချမ်းသာမည်” ဟု တစ်ကြောင်းတည်း ပန်းထိုးထားသည့် အဝတ်တစ်ထည် ဖြစ်သည်။
ယီဟွေ့က ဤအလုပ်မှာ မိန်းကလေးများသာ လုပ်ရသည့် အလုပ်ဟု စိတ်ထဲတွင် မတွေးပေ။ သူက ကျန်းယီမန့်ဆီမှ ချည်လုံးကို ယူပြီး စတင်၍ သပ်သပ်ရပ်ရပ် ထိုးလေတော့သည်။ ထိုသို့ လုပ်နေသည့် အချိန်အတွင်း သူက နက်မှောင်သည့် စကားလုံးများကို ရုပ်ကြွဖြစ်အောင် မတူညီသော အရောင်အမျိုးမျိုး တွဲစပ်ကာ နေရာအချို့ကို ပြောင်းလဲလိုက်သည်။
ကျန်းယီမန့်က အလွန်ပင် မနာလိုဖြစ်မိသွားပြီး သူမ ပန်းထိုးရာတွင် ယီဟွေ့ကို အကူအညီ တောင်းချင်သော်ငြား ကျန်းရွှယ်မေ့က သူမကို တားလိုက်သည်။
“မင်း ကြိုက်နေတဲ့ အနုပညာရှင်အတွက် မင်းအစ်ကိုကို ကိုယ်စား ပန်းထိုးခိုင်းမယ်ဆိုရင် ဒါ လုံးဝ ရိုးသားမှု မရှိတာပဲ…”
ကျန်းယီမန့်မှာ တစ်ခဏလောက် စဉ်းစားပြီးနောက် ၎င်းမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသဖြင့် သူမက အခြားသူများ၏ အကူအညီကို မယူဘဲ အားလုံးကို သူမဘာသာ အလှဆင်ပြီးပန်းထိုးရန် ဆုံးဖြတ်လိုက်သည်။
နေ့ရက်များမှာ ရံဖန်ရံခါတွင် အနုပညာရှင်ကို ကြိုက်နှစ်သက်သည့် ညီအစ်မများထံမှ “အံ့ဩစရာ အနည်းငယ်”သာ ရောယှက်ရင်း ဘာမှ ထူးထူးခြားခြား ဖြစ်ပွားခြင်း မရှိဘဲ ကုန်ဆုံးသွားသည်။
တစ်ခါတစ်ရံ သူမက ထိတ်လန့်စရာပင်။ ဥပမာအနေဖြင့် တစ်ရက်တွင် ကျန်းယီမန့်မှာ နီရဲသော မျက်လုံးများဖြင့် ကျောင်းမှ ပြန်လာခဲ့သည်။ ယီဟွေ့မှာ သူ့ညီမလေး ကျောင်းတွင် အနိုင်ကျင့်ခံရသလားဟု စိတ်ပူသွားပြီး ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းရန် သူမ၏ အခန်းတံခါးကို ခေါက်လိုက်သည်။ ကျန်းယီမန့်၏ ပါးစပ်မှာ ကွေးညွှတ်ကာ ကျယ်လောင်စွာ အော်ငိုလိုက်လေသည်။
“ဟမ့်ဟမ့် ဝိုင်ယာကြိုးပေါ်က ပြုတ်ကျပြီး ဒဏ်ရာ ရသွားတယ်တဲ့… သူ့မျက်နှာ ထိသွားတယ်… ညီမလေးတို့ ဘယ်လိုလုပ်ရမလဲ…”
သူမက ကျယ်လောင်စွာ ငိုကြွေးနေသောကြောင့်ပင်မသိ၊ ယီဟွေ့၏ နှလုံးခုန်နှုန်းမှာ ပို၍ လျင်မြန်လာပြီး သူ့နဖူးနှင့် ကျောဘက်တွင် ချွေးစေးများ ထွက်လာသည်ကိုပင် ခံစားလိုက်ရသည်။ ဒဏ်ရာမှာ မပြင်းထန်ဘဲ အရေပြားအပေါ်ယံလောက်သာ ဒဏ်ရာရသွားကြောင်း ကျန်းယီမန့် ပြောသည်ကို သူ ကြားလိုက်ရသောအခါမှ ယီဟွေ့ စိတ်တည်ငြိမ်သွားသည်။
“ညီမလေး အရမ်း ဒေါသထွက်တယ်… တကယ်ပါပဲ ဘယ်လို သောက်သုံးမကျတဲ့ ဝန်ထမ်းတွေမို့လို့ ဟမ့်ဟမ့်က ဒဏ်ရာရပြီး ဒီသတင်းကို ညီမတို့ မသိအောင် ဘယ်လိုဖုံးထားနိုင်ရတာလဲ… ဒီနေ့ ရှေ့တန်းက မမတစ်ယောက်ဆီက မတော်တဆပျံ့လာတဲ့ သတင်းကြောင့်သာ မဟုတ်ရင် ဒီကိစ္စက အခုအတိုင်း ဖုံးထားခံရဦးမှာပဲ…”
ကျန်းယီမန့်မှာ ယခုချက်ချင်းပင် ရုပ်ရှင်ရိုက်ကွင်းသို့ အပြေးသွားပြီး လူတစ်ချို့ကို ရိုက်နှက်တော့မည့်အလား ပို၍ ပို၍ ဒေါသထွက်လာသည်။ ယီဟွေ့မှာ များစွာ ပို၍ ဆင်ခြင်တုံတရား ရှိသူ ဖြစ်၍ သူ့ကို စည်းရုံးလိုက်သည်။
“သူက ညီမလေးတို့ကို စိုးရိမ်နေမှာစိုးလို့ သတင်း မထုတ်တာလည်း ဖြစ်နိုင်တာပဲလေ…”
ကျန်းယီမန့်မှာ တရှုံ့ရှုံ့ လုပ်နေရင်း ထပ်ပြီး ငိုချတော့မလို ဖြစ်နေ၏။
“ဘာလို့ ဟမ့်ဟမ့်က ဒီလောက်တောင် ကောင်းရတာလဲ…”
ယီဟွေ့က သူမကို တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်ပြီး ရယ်လည်း မရယ်နိုင်သလို ငိုလည်း မငိုနိုင်ပေ။ သူ့အနေဖြင့် ထိုလူနှင့် သူ့အဖွဲ့က မည်ကဲ့သို့ စီစဉ်နေသည်ကို မသိရသောကြောင့် အကြမ်းဖျင်း ခန့်မှန်းကာ အကြောင်းပြချက် တစ်ခုရှာပြီး ကျန်းယီမန့်ကို နှစ်သိမ့်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ဤသည်မှာ ထိုလူ့အတွက် တင်းမာသော ဝိုင်ယာကြိုးကြောင့် ပထမဆုံးအကြိမ် ဒဏ်ရာ ရရှိခဲ့ခြင်းပင်။
ထိုလူက ဇာတ်ရုပ်တစ်ရုပ်ကို ရွေးချယ်ရာတွင် မည်မျှ ဇီဇာကြောင်သည်ကို ယီဟွေ့ သိထား၏။ အတိတ်က သူ အိမ်တွင် ဘာမှလုပ်စရာ မရှိခဲ့သော အချိန်များ၌ သူက ထိုလူ၏ ရုပ်ရှင်များနှင့် တီဗွီအစီအစဉ်များကို ထပ်ခါထပ်ခါ ကြည့်လေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် သူက အင်တာနက်ကို အသုံးပြုတတ်အောင် သင်ယူခဲ့ပြီးနောက် ရသစုံရှိုးများ၊ အင်တာဗျူးများ စသည်တို့ကို ရှာဖွေကြည့်ရှုခဲ့ပြီး အချို့ကိုမူ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ကြည့်ရှုခဲ့လေသည်။
မဂ္ဂဇင်းအင်တာဗျူး တစ်ခုမှာ သူ့အတွက် အထင်ကြီးစရာ အကောင်းဆုံးပင်။ သတင်းထောက်က သူ့ကို ရိုက်ကွင်းမှ အဝတ်အစားများ၊ ချင်မင်းဆက်နန်းတော်အကြောင်း ဒရာမာများ၊ သိုင်းကားများနှင့် အနာဂတ်တွင် တူညီသော အကြောင်းအရာများကို မေးမြန်းခဲ့သည်။ ထိုလူမှာ ပေါ့ပေါးပါးပါးပင် ဖြစ်နေတတ်ပြီး ထိုအကြောင်းအရာများကို စဉ်းစားခြင်းမရှိဘဲ ပြန်ဖြေခဲ့သည်။
“မဟုတ်ပါဘူး… ချင်မင်းဆက်ဒရမ်မာတွေက ဆံပင်ရိတ်ပြီးရင် ပြန်ပေါက်အောင် စောင့်ဖို့ လိုတယ်လေ… ဆံပင်ပြန်ပေါက်ဖို့ဆိုတာက ခက်တယ်… သိုင်းကားတွေမှာဆိုရင် လေပေါ်ပျံဖို့အတွက် ဝိုင်ယာကြိုးနဲ့ တွဲလောင်းခိုမှ ရမယ်… ဒါက အရမ်းဒုက္ခရောက်တဲ့ ကိစ္စပဲ…”
ထိုစဉ်က ဤအင်တာဗျူး ထွက်လာသည်နှင့်တပြိုင်နက် လူထု၏ အမြင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တိုက်ခိုက်သူများမှာ သူ၏ ကျွမ်းကျင်မှုကင်းမဲ့ခြင်းကြောင့် သူ့ကို လှောင်ပြောင်ကဲ့ရဲ့ရန် အကြောင်းပြချက်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ သူက မည်သို့သော သရုပ်ဆောင်မျိုး ဖြစ်ပါသနည်း၊ ဇီဇာကြောင်ပြီး ရွေးချယ်လွန်းလှသည်။ ဆန့်ကျင်ဘက်အားဖြင့် အမာခံပရိသတ်များကမူ ထိုလူမှာ အလွန် ဂုဏ်သိက္ခာရှိလှပြီး ဇာတ်ညွှန်းတစ်ခုကို ပေါ့ပေါ့ပါးပါး ရွေးချယ်နိုင်သည့် အရည်အချင်း ရှိသဖြင့် သူ သရုပ်ဆောင်ချင်သည့် ဇာတ်ကောင်တိုင်းကို ရွေးချယ်နိုင်ကြောင်းနှင့် သူတို့မရနိုင်သည့် အရာကို မှိုချိုးမျှစ်ချိုး ပြောသည်နှင့် ပတ်သက်၍ တိုက်ခိုက်သူများကို လှောင်ပြောင်ခဲ့ကြသည်။
ထို့ကြောင့် သူ တစ်ချိန်က ရွေးချယ်လေ့မရှိသော ဒရမ်မာအမျိုးအစားကို အဘယ်ကြောင့် ရွေးချယ်ပြီး ထိုနေရာတွင် ဒဏ်ရာပါ ရခဲ့ပါသနည်း။
ယီဟွေ့က သူ့အတွေးထဲသို့ နစ်မြုပ်နေသည့် အချိန်မှာပင် ဘေးနားတွင်ရှိနေသော ကျန်းယီမန့်က သူ့ကို တွန်းလိုက်သည်။ “အစ်ကို ဖုန်းလာနေတယ်…”
သူက သူ့အခန်းထဲသို့ ပြန်သွားပြီး စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်သောအခါ ဖုန်းခေါ်ဆိုသူမှာ “ထန်ဝမ်းရှီ” ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယီဟွေ့က ဖုန်းကို နှိပ်လိုက်သောအချိန်ထိ စိတ်တည်ငြိမ်နေဆဲပင်။
စကားတစ်ခွန်း၊ နှစ်ခွန်း နားထောင်ပြီးနောက် သူ၏ အမူအရာမှာ တင်းမာလာပြီး သူ စကားပြောသည့် အရှိန်မှာ တဖြည်းဖြည်း မြန်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
“ပြမယ် ဟုတ်လား… ဘာလို့ အဲ့ဒါကို ပြမှာလဲ… ငါ ဆုရတုန်းက လက်မှတ်ထိုးထားတဲ့ စာချုပ်ကို အနီးကပ် သေချာ မကြည့်လိုက်မိဘူး… ဒါ ငါ့ရဲ့ လက်ရာပဲလေ… ငါ သဘောမတူဘူး… မနက်ဖြန် အရမ်းမမြန်ဘူးလား… ဒါဆို ငါ အဲ့ဒီမှာ စောင့်နေမယ်…”
နောက်တစ်နေ့ မြို့တော် အနုပညာပြတိုက်၏ ခန်းမ A တွင် ဖြစ်သည်။
ကြီးမားလှသော ပြပွဲခန်းမကြီးကို ကန့်လန့်ကာများဖြင့် မရေမတွက်နိုင်သော နေရာလေးများ ပိုင်းခြားထားပြီး နေရာတစ်နေရာစီတွင် ပြသထားသော ပန်းချီကားများ အားလုံးကို ကြည့်ရှုရန်အတွက် အကောင်းဆုံးသော လမ်းကြောင်းမှ ပရိသတ်များ လိုက်ပါခံစားနိုင်စေရန် အပြန်အလှန် ချိတ်ဆက်ထားသည့် လမ်းကြောင်းများ ပါရှိသည်။
လက်မှတ်များကို စတင် စစ်ဆေးနေပြီး ဖန်ယွီချင်းမှာ ဖုန်းလက်ခံရရှိပြီးနောက် ဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့သည်။ အဝေးမှ အရပ်ရှည်ရှည် လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက ချက်ချင်းပင် လက်ပြနှုတ်ဆက်လိုက်၏။