အပိုင်း ၁၈.၂
Viewers 11k

Chapter 18.2
ထိုလူ လမ်းလျှောက်လာသောအခါ သူ့ဘေးတွင် အခြားယောက်ျားလေး တစ်ယောက် ရှိနေပြီး ဖန်ယွီချင်း၏ မျက်နှာပေါ်မှ အပြုံးမှာ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
“အဲ့ဒါဘာလဲ… ကျင်ဟမ့်ရဲ့ မျက်နှာက တစ်လမ်းလုံး သုန်မှုန်နေတာ အခုတော့ မင်းကပါ ငါ့ကို မကြိုဆိုဘူးပေါ့လေ…” ယန်ချန်းရွှမ်က အပြစ်ကင်းစွာ ပြောလိုက်သည်။
“ဒီနေ့ ဒီမှာ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ လက်ရာကို ပြထားတယ်… ငါ သူ့ကို အားပေးဖို့ လာခဲ့တာ… ငါ မင်းတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို မနှောက်ယှက်ပါဘူး… မစိုးရိမ်ပါနဲ့…”
ဖန်ယွီချင်းမှာ သူ့စကားကြောင့် ရှက်သွားပြီး သူ့ကို ကြိုဆိုကြောင်း ခပ်မြန်မြန် ပြောကာ သူ့ဘေးနားတွင် ရပ်နေသည့် ကျိုးကျင်ဟမ့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျိုးကျင်ဟမ့်က သူ့မျက်နှာကို ကာရန် နှာခေါင်းစည်း ဝတ်ဆင်ထားပြီး သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသည့်အပြင် သူ့နဖူးပေါ်ရှိ လောလောလတ်လတ် ရထားသော ဒဏ်ရာမှာလည်း သိသာနေဆဲ ဖြစ်သည်။ သူက ဆေးကို စနစ်တကျ လိမ်းမည် မဟုတ်ဟု ထင်ရပေသည်။ သူ့မျက်လုံးများထဲတွင် သူ၏ စိတ်ခံစားချက်များကို ဖမ်းယူ၍ မရနိုင်ပေ။
သူတို့နှစ်ယောက် ဆက်ပြီး စကားပြောနေကြသည့်အခိုက် ကျိုးကျင်ဟမ့်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
“ဝင်ရအောင်… ပြခန်းဖွင့်နေပြီ…”
ထိုသို့ပြောရင်းဆိုရင်း သူက ဦးဆောင်ပြီး ထွက်သွားလေသည်။ ဖန်ယွီချင်းက ယန်ချန်းရွှမ်နှင့် စကားဝိုင်းကို တစ်ဝက်တစ်ပျက်နှင့် ဖြတ်ကာ ကမန်းကတမ်း နောက်မှ လိုက်သွားပြီး ကျိုးကျင်ဟမ့်ကို ပြခန်း၏ အလယ်သို့ ခေါ်ဆောင်သွားလေသည်။
“ငါ့ရဲ့လက်ရာက ဟိုဘက်မှာ ရှိတယ်… မင်း ကြည့်နေတုန်း ငါ ရှင်းပြပေးမယ်လေ…”
ဤပြပွဲမှာ အရည်အချင်းရှိသည့် လူသစ်များကို ရှာဖွေရန် ရည်ရွယ်သည့် ပြပွဲတစ်ခုပင်။ ခင်းကျင်းပြသထားသည့် လက်ရာများအားလုံးမှာ အနုပညာလောကတွင် လူသိများလာသည့် သို့မဟုတ် အခုနှစ်ပိုင်းအတွင်း အချို့သော အောင်မြင်မှုများ ရရှိလာသည့် လူငယ်အနုပညာရှင်များ၏ လက်ရာများ ဖြစ်ပေသည်။
ဖန်ယွီချင်း၏ ပန်းချီကားများမှာ ပြသထားသည်များအနက် သေချာပေါက် လူကြိုက်အများဆုံး ဖြစ်ပြီး ၎င်းမှာ ပွဲစီစဉ်သူများက သူ့လက်ရာများကို စီစဉ်ထားပေးသည့် နေရာအနေအထားက သက်သေပြလျက် ရှိသည်။
သို့သော် ဤတစ်ကြိမ်တွင် ကျိုးကျင်ဟမ့်က အနားယူရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက ဖန်ယွီချင်း ဆန္ဒ ရှိသည့်အတိုင်း ပြခန်း၏ အလယ်သို့ တန်းတန်းမတ်မတ် သွားရမည့်အစား သူက ဝင်ပေါက်မှ စပြီး ပန်းချီကားများကို တစ်ချပ်ချင်း လိုက်ကြည့်နေသည်။ ဖန်ယွီချင်းကလည်း အခြားသူများကို ဖျော်ဖြေပေးနေ၏။ ကျိုးကျင်ဟမ့်က သူ့အစီအစဉ်နှင့်သူ ရှိသည်ကို မြင်သောအခါ သူက ရှေ့သို့ ဆက်သွားပြီး ဟိုဟိုဒီဒီ အလုပ်များနေတော့လေသည်။
ကျိုးကျင်ဟမ့်မှာ အနုပညာကို တစ်ကြိမ်တစ်ခါမှ မလေ့လာဖူးသည့်အတွက် သူ၏ အသိအမှတ်ပြုသော စံနှုန်းမှာ ထိုလက်ရာက သူ၏အကြိုက်နှင့် ကိုက်ညီမှု ရှိ၊ မရှိအပေါ် လုံးဝ အခြေခံထားသည်။ သူက ရှုထောင့်ပေါင်းစုံမှ ကြည့်၍ သူ့အတွက် အလယ်အလတ်ဟု ထင်မှတ်သည့် ပန်းချီကားတချို့ထံမှ အလျင်စလို ဖြတ်သွားသော်လည်း ပန်းချီကားအနည်းငယ်ကမူ သူ့အာရုံကို ဖမ်းစားထားသည်။
ဥပမာအနေဖြင့် ထောင့်တစ်ထောင့်တွင် နေရာချထားသည့် သူ့ရှေ့မှ ရှုခင်းပုံပန်းချီကား တစ်ချပ်ပင်။ ၎င်း၏ အဓိကဦးစားပေးအရာမှာ ကြီးကျယ်ခမ်းနားသော တောင်တန်းများ ဖြစ်သည်။ တောင်တန်းများ ကြားမှ ဖြာထွက်နေသည့် မနက်ခင်း နေရောင်ခြည် မှုန်ပြပြကြောင့် ၎င်းမှာ “နေထွက်ခြင်း” ဟူသော အမှတ်အသားကို အထူးပြုထားရုံသာမက အလွန်အမင်း အစီအစဉ်ကျခြင်းမှလည်း သွေဖယ်နေသည်။ သူ၏ အမြင်အရ ၎င်းမှာ ထူးချွန်ဆုသာ ရရှိထားသော်လည်း ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိထားသော လက်ရာများနှင့် ယှဉ်ပါက များစွာ ပို၍ ကောင်းမွန်နေသည်။
လက်တွေ့တွင် သူ၏ အသိအမှတ်ပြုခြင်းမှာ ပို၍ တစ်ကိုယ်ကောင်းဆန်၏။ ဤပန်းချီကားထဲတွင် သူ့ကိုယ်သူ နှစ်မြုပ်လိုက်ခြင်းအားဖြင့် ကျိုးကျင်ဟမ့်မှာ နောက်ဆုံးတွင် သူ၏ ထုံကျဉ်နေသော အခြေအနေနှင့် ပတ်ဝန်းကျင်ကို လျစ်လျူရှုခြင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး သူ၏ လက်ရှိမူမမှန်ခြင်းကို ရင်ဆိုင်နိုင်ခဲ့သည်။
အထူးသဖြင့် ထိုကျောက်ဆောင်၏ ထိပ်စွန်းပင်။ ထိုကျောက်ဆောင်ကို သူ မြင်လိုက်ရသည့်အချိန် သူ့စိတ်ထဲတွင် ပထမဆုံး ဝင်လာသည့် အရာမှာ ထိပ်ဆုံးသို့ ရောက်အောင်တက်ပြီး လက်မခံနိုင်သည့် အနေအထားကို ကျော်လွန်၍ ထိန်းချုပ်မရနိုင်သော ခံစားချက်နှင့် ပို၍ များပြားသော နာကျင်မှုကို ကြုံတွေ့ခံစားနိုင်ရန်အတွက် ထိုကျောက်ဆောင်ပေါ်မှ ခုန်ချရန် ဖြစ်ပေသည်။
ဤရက်ပိုင်းအတွင်း “မင်းမှာ နှလုံးသား မရှိဘူး… မင်းက မထိုက်တန်ဘူး…” ဟု ယဲ့ချင်းပြောသွားသည့် စကားလုံးများသာ သူ့စိတ်ထဲတွင် အဆုံးမရှိ ရစ်ဝဲနေ၏။ သူကသာ တရားခံဖြစ်ကြောင်း အခြားသူထက်ပို၍ ကောင်းစွာ သိထားပေသည်။ ထိုတရားခံ ၃ ယောက်မှာ သူ၏ မကောင်းမှုကို ခွဲဝေယူဆောင်သွားကြသူများသာ ဖြစ်ပြီး သူကသာလျှင် အစိတ်အပိုင်း ထောင်နှင့်ချီ၍ ဖြတ်တောက်ကာ အသက်သေဆုံးရန် ထိုက်တန်သူ ဖြစ်သည်။
ထိုနေ့က ဝိုင်ယာကြိုးကို ထိန်းချုပ်၍ မရနိုင်ဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာ အလွန်ပြင်းထန်သည့် အရှိန်ဖြင့် ပြုတ်ကျသွားပြီး ယိမ်းထိုးကာ နံရံနှင့် သွားရိုက်မိစဉ်က သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ၏ ဦးခေါင်းနှင့် ကိုယ်လုံးကို ကာကွယ်ရန်အတွက် သူ့လက်ကို မမြှောက်ထားမိတော့ဘဲ သေသွားလျှင် ကောင်းမည်ဟု တွေးလိုက်မိခြင်း ဖြစ်သည်။ ထိုမှသာ သူ့အနေဖြင့် ယီဟွေ့နောက်သို့ အမှီလိုက်နိုင်ပေလိမ့်မည်။ ကုတ်ခြစ်ခံရပြီး ထုံကျဉ်နေသော ပွန်းပဲ့ဒဏ်ရာများဖြင့် ဤကမ္ဘာတွင် တစ်ယောက်တည်း ကျန်နေစရာ မလိုအပ်ချေ။
ယီဟွေ့၏ နာကျင်မှုနှင့် ယှဉ်ပါက သူ့ဒဏ်ရာများမှာ မည်မျှ ပြောပလောက်ပါမည်နည်း။
ချောက်ကမ်းပါးများ ပတ်ပတ်လည် ဝန်းရံထားသည့် လူသူကင်းမဲ့သော တောင်တန်းပေါ်တွင် သူ ပိတ်မိနေပုံ ရသည်။ သူ့ကို လမ်းပြပေးမည့် အလင်းရောင် မရှိသဖြင့် ရှေ့မှ လမ်းကို မမြင်ရပေ။ သူ့မျက်နှာကို တိုက်ခတ်နေသည့် လေကို သူ မခံစားနိုင်သလို၊ သစ်ကိုင်းများက သူ့အရေပြားကို ဖြတ်တောက်နေသည်ကိုလည်း မခံစားနိုင်သလို၊ တောင်ထိပ်ပေါ်သို့ မရောက်နိုင်တော့ဘဲ မုန်တိုင်းလာမည်ကို သူ မစောင့်နိုင်တော့ပေ။ ထို့ပြင် ဤညှင်းပန်းနှိပ်စက်မှုများ မည်သည့်အချိန်မှ အဆုံးသတ်မည်ကိုလည်း သူ မသိပါ။
ရှင်သန်ခြင်းမှာ သေခြင်းတရားထက် ပို၍ ဆိုးရွားပါက သေသွားသည်ကပင် ပို၍ ကောင်းပေဦးမည်။
ယန်ချန်းရွှမ်က ဘေးဘက်တံခါးမှ လှည့်ပတ်ကြည့်ရင်း ကျိုးကျင်ဟမ့် စေ့စေ့ကြည့်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ဘာလို့ မင်းက ဒီတစ်ခုကို စိတ်ဝင်စားနေရတာလဲ… ဒါ ငါ့သူငယ်ချင်း ဆွဲထားတဲ့ ပန်းချီကားလေ… ဒီမှာကြည့် သူ ဟိုမှာ ရှိနေတယ်… မင်း သူနဲ့ စကားပြောရအောင် ငါ ခေါ်သွားပေးရမလား…”
ကျိုးကျင်ဟမ့်က ခေါင်းခါပြလိုက်ပြီး ပန်းချီကားကို မောပန်းနွမ်းနယ်စွာ ကြည့်နေသော သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။
“မလိုပါဘူး… ငါ ဒီတိုင်း ကြည့်နေတာ…”
ယန်ချန်းရွှမ်မှာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ “ကောင်းပြီလေ… ငါ မင်းကို အပြစ်တင်တာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ မင်း ပြပွဲကို လာကြည့်ဖို့အတွက် ဖိတ်ခေါ်ခံထားရတယ်ဆိုရင် မင်း သေချာလေးတော့ ကြည့်သင့်တယ်… ဖန်ယွီချင်းက မင်းနားမှာပဲ တဝဲလည်လည် လုပ်နေတာ နေ့တစ်ဝက်လောက် ရှိပြီ ဒါပေမဲ့ မင်းက သူ့ကို အရေးမစိုက်ဘူး… ဒါ ရှက်စရာပဲ ဟုတ်ပြီလား…”
ကျိုးကျင်ဟမ့်က နောက်ထပ် ပန်းချီကားချပ်ဆီသို့ လမ်းလျှောက်သွားရင်း ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
“ငါ လျှောက်ကြည့်နေတာ… သူ့ကို အရေးမစိုက်တာ မဟုတ်ဘူး…”
ယန်ချန်းရွှမ်က “ကျွတ်” ခနဲ စုတ်သပ်လိုက်ပြီး ရှေ့သို့ တိုးလာကာ သူ့အသံကို အနည်းငယ် နှိမ့်၍ ပြောလိုက်သည်။
“သူက မင်းနဲ့ပြန်ပြီးတော့ အဆင်ပြေချင်နေတာကို မင်း မမြင်ဘူးဆိုပြီးတော့ ငါ့ကို မပြောနဲ့… ဒါ အချိန်ကောင်း၊ နေရာကောင်းပဲလေ… မင်းက မုဆိုးဖို ပြီးတော့ သူက လက်မထပ်ရသေးဘူး…”
သူ့စကား မဆုံးခင်မှာပင် ကျိုးကျင့်ဟမ့်ထံမှာ စူးရှသော အကြည့်ကြောင့် အသံတိတ်သွားလေသည်။
“ငါ ဒီကို လာတာ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ကတိကဝတ်ကို စောင့်ထိန်းချင်လို့ ရောက်လာတာပဲ… မင်း ထင်သလို အဓိပ္ပာယ်မျိုး မရှိဘူး…”
ကျိုးကျင်ဟမ့်က ပြောသည်။
ယန်ချန်းရွှမ်က မေးလိုက်၏။ “သူက အဲ့ဒီလို တွေးနေရင်ရော ဘယ်လိုလုပ်မလဲ…”
“ဒါဆိုရင် ငါ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြရမှာပေါ့…”
ယန်ချန်းရွှမ်က သူ့လက်များကို ဆန့်လိုက်ပြီး ပုခုံးတစ်ချက် တွန့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ… မင်း ဘာကိုလိုချင်တာပဲဖြစ်ဖြစ်… ငါကတော့ အခွင့်အရေးက ရှားပါးတယ်ထင်လို့ ပြီးတော့ မင်းတို့ကို ထပ်ပြီး မလွဲချော်စေချင်တော့ဘူး… မင်း သူ့ကို မေ့ချင်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား… အခု မင်းက လူလွတ်ဖြစ်ပြီ ဆိုတော့ ဒီကိစ္စကို စဉ်းစားမယ်ဆိုရင် ပြစ်မှု မမြောက်ပါဘူး… ဒီလောက်ထိ တင်းမာနေဖို့ မလိုပါဘူးကွာ…”
ကျိုးကျင်ဟမ့်က ပို၍ တင်းမာစွာ မျက်မှောင်ကြုံ့လိုက်၏။ သူက တစ်ခုခုကို ပြောရန် ဟန်ပြင်လိုက်သည့်အချိန်မှာပင် နံရံ၏ အခြားတစ်ဖက်၌ လှုပ်ရှားမှု များစွာ ဖြစ်ပေါ်နေသည်။
“သူတို့က အဲ့ဒီပန်းချီကားကို ပြသမှာ မဟုတ်ဘူးလို့ ပြောထားတယ်လေ… ဘာလို့ ငါ့ပန်းချီကားကို အခုချိန်ထိ အဲ့ဒီမှာ ချိတ်ထားတာလဲ…”
“မင်းက အနုပညာအသင်းနဲ့ စာချုပ်မှာ လက်မှတ်ထိုးထားတာ ဆိုတော့ သူတို့က ဒီပန်းချီကားကိုပါ ပြပွဲမှာ ပြသဖို့ ပို့ပေးလိုက်တာ…”
“ဒါပေမဲ့… ဒါပေမဲ့ သူတို့ သေချာ ပြောထားတာက…”
“ဘာပြောထားတာလဲ… မင်း အနုပညာအသင်းနဲ့ သဘောတူညီမှု ယူထားတာလား ဒါမှမဟုတ် ဒီမှာ တာဝန်ရှိတဲ့သူနဲ့ သဘောတူထားတာလား…”
“သူတို့က ဒီပန်းချီကားကို ဖြုတ်ပေးမယ်လို့ ဖုန်းထဲမှာ ကတိပေးထားတယ်…”
“သူတို့က သူတို့ပဲ… ကျွန်တော်တို့က ကျွန်တော်တို့ပဲလေ… ဒီနေရာက ပန်းချီကားကို ဖြုတ်ချဖို့ သတိပေးစာ ကျွန်တော်တို့ မရထားဘူး… တကယ်လို့ မင်းမှာ မေးစရာ ရှိသေးရင် ကျေးဇူးပြုပြီး တာဝန်ရှိတဲ့သူနဲ့ပဲ ဆက်သွယ်ပေးပါ…”
“ကျွန်တော်… ကျွန်တော်က ဒီပန်းချီကားကို ဆွဲတဲ့သူပဲလေ… အခု ကျွန်တော် ဒီပန်းချီကားကို ဖြုတ်ချင်တယ်…”
ယီဟွေ့က သူဉာဏ်နည်းပြီး စကားကောင်းစွာ မပြောနိုင်သည်ကို သိထားပေသည်။ ဤကဲ့သို့ ဆက်ပြီး ငြင်းခုံနေပါက အချိန်ကြန့်ကြာသွားမည် ဖြစ်၏။ သူက အလျင်စလိုဖြင့် ပန်းချီကားပေါ်သို့ တက်ပြီး နံရံပေါ်မှ ဖြုတ်ချရန် ကြိုးစားလိုက်သည်။
ယမန်နေ့ညက ထန်ဝမ်းရှီဆီမှ ဖုန်းလက်ခံရရှိပြီးနောက် သူက ချက်ချင်းပင် ဘတ်စ်ကားစီးကာ မြို့ပေါ်သို့ သွားပြီးနောက် မနက်စောစော လေယာဉ်ကို စီး၍ မြို့တော်သို့ ထွက်လာခဲ့သည်။ ထို့နောက် ဝန်ထမ်းများနှင့် ညှိနှိုင်းရန်အတွက် မနက်အစောပိုင်းတွင် အနုပညာအသင်းသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ လျော်ကြေးငွေများ ပေးဆောင်ပါက ပန်းချီကားကို ပြပွဲမှ ဖယ်ရှားနိုင်ကြောင်း အကြောင်းပြန်စာ ရရှိပြီးနောက် သူက ပြပွဲခန်းမသို့ မရပ်မနား အပြေးသွားခဲ့လေသည်။
မနေ့ညတည်းက ယီဟွေ့မှာ အစားမစားရသေးသလို အိပ်လည်း မအိပ်ရသေးပေ။ သူက မည်သို့ပင်ဖြစ်စေ ပန်းချီကားကို ဖယ်ရှားရန် ဆုံးဖြတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ သူ့မျက်စိရှေ့တွင် အရောင်များ ဝေဝါးလာခဲ့သည်။ ထို့ပြင် ဝန်ထမ်းများက သူ့ကို တွန်းလိုက်သဖြင့် ပန်းချီကားဆီသို့ မရောက်လိုက်ပေ။ သူက အလွန်အကျူး စိုးရိမ်စိတ် မြင့်တက်လာပြီး ငိုတော့မလို ဖြစ်လာ၍ နှာခေါင်းမှာ ယားယံကာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
“မရဘူး… ဒီပန်းချီကားကို တခြားလူတွေဆီ ပြလို့ မရဘူး…”
ယီဟွေ့က ခေါင်းမာစွာဖြင့် ရှေ့သို့ တိုးလာပြီး ပန်းချီကားကို နောက်တစ်ကြိမ် လှမ်းယူလိုက်သည်။
“ဒါ ကျွန်တော့်ရဲ့ပန်းချီကားပဲ… ကျွန်တော့်မှာ သိမ်းထားပိုင်ခွင့် ရှိတယ်…”
၎င်းမှာ သူ ပြောနိုင်သည့် အရက်စက်ဆုံး စကား ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုခြိမ်းခြောက်စကား၏ သက်ရောက်မှုမှာ အလွန်ပင် နည်းပါးလှသည်။
ဝန်ထမ်းမှာ သူ၏ ကျိုးကြောင်းဆီလျော်မှု မရှိသော အမူအကျင့်ကြောင့် စိတ်ပျက်နေပုံ ရပြီး ဤတစ်ကြိမ်တွင် အနည်းငယ် အားသုံး၍ တွန်းလိုက်သည်။ ယီဟွေ့မှာ ခြေဖျားထောက်၍ မတ်တပ်ရပ်နေခြင်း ဖြစ်ပြီး သူ တွန်းချခံလိုက်ရသည့်အချိန် သူ့လက်များမှာ ပန်းချီကားအစွန်းနှင့် ထိလုနီးပါး ဖြစ်နေ၏။ သူ့ခြေထောက်များမှာ တုန်ယင်နေပြီး သူ၏ မတည်ငြိမ်သော လှုပ်ရှားမှုနှင့် ပေါင်းလိုက်သောအခါ ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်သွားလေသည်။ သူက နောက်ပြန်လဲကျတော့မည့်အချိန် နောက်မှ ယောကျ်ားတစ်ယောက်က သူ့လက်မောင်းကို လှမ်းဆွဲထားပြီး ထိန်းပေးလိုက်ရာ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ခါယမ်းသွားပြီးနောက် မတ်တပ်ပြန်ရပ်လိုက်နိုင်သည်။
“ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်…”
လဲကျလုနီးပါး ဖြစ်သွားသည့် ယီဟွေ့မှာ ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး သူ့အသံမှာ တုန်ယင်နေသည်။
သူက သူ့ကို ကယ်တင်ပေးသည့် လူစိမ်းမှာ မည်သည့်ပုံစံဖြစ်ကြောင်း သိနိုင်ရန် ခေါင်းကို လှည့်ကြည့်လိုက်၏။ သူ့အကြည့်မှာ ထိုလူ၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် အသက်ရှူသံမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး သူ့လက်မောင်းကို ဆွဲထုတ်ရန်ပင် မေ့လျော့သွားလေသည်။
အခြားတစ်ဖက်မှ လူစိမ်းမှာလည်း တည်ငြိမ်နေသည် မဟုတ်ပေ။
သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားသည့်အခိုက် ကျိုးကျင်ဟမ့်၏ နှလုံးသားမှာ ပေါက်ထွက်လုနီးပါးပင် ဖြစ်သွားရသည်။
သူ လှမ်းဖမ်းလိုက်သည့်လူကလည်း နှာခေါင်းစည်း ဝတ်ဆင်ထား၏။ အကြည့်ချင်းလွှဲလိုက်သလို သူ့မျက်လုံးများ ရုတ်တရက် လှုပ်ရှားသွားသည်ကို မြင်သောအခါ ကျိုးကျင်ဟမ့်၏ လက်မှာ မသိစိတ်က အလိုလို တင်းကြပ်မိသွားပြီး သူက နောက်ထပ်လက်တစ်ဖက်ကို ထိုလူ၏ ပုခုံးပေါ်သို့ တင်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း သူ့ကို အတင်းကြည့်ခိုင်းလိုက်သည်။
နက်မှောင်စိုစွတ်နေသော ထိုမျက်လုံးများနှင့် ၎င်းတို့ထဲတွင် ရောင်ပြန်ဟပ်နေသော သူ့မျက်နှာတို့မှာ ယခင်က သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့သည့်အရာ ဖြစ်ပေသည်။
သူ၏ လည်စေ့မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။ ကျိုးကျင်ဟမ့်က ခြောက်ကပ်စွာ မျိုချလိုက်ပြီး ထိုလူ၏ ပုခုံးပေါ်မှ လက်ကို မြှောက်ကာ သူ့ရှေ့မှ မျက်နှာလေးကို ဖုံးအုပ်ထားသည့် နှာခေါင်းစည်းကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
သူ့လက်များက ထိတော့မည့်အချိန်မှာပင် သူက ထိုသို့ လုပ်ဆောင်ရန် မစောင့်နိုင်တော့သော်လည်း မျှော်လင့်ချက်များ ရိုက်ချိုးခံရမည်ကို ကြောက်နေသည့်အလား သူ့လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ သူ့လက်ချောင်းများကို ကွေးကာ သူ့လက်ကို ပြန်ချထားလိုက်၏။
သူ့အကြည့်မှာမူ တစ်စက္ကန့်မျှပင် ယိမ်းယိုင်သွားခြင်း မရှိပေ။ သူ့ရှေ့က လူကို စိုက်ကြည့်ရင်း ကျိုးကျင်ဟမ့်၏ မျက်လုံးများမှာ ပြူးကျယ်လာ၏။ သူ့နှုတ်ခမ်းများကို ပိတ်လိုက်ဖွင့်လိုက် လုပ်ရင်း သတိကြီးစွာဖြင့် ခေါ်လိုက်သည်။
“ဟွေ့… ဟွေ့ဟွေ့လား…”
Xxxxxxxx