အပိုင်း ၁၉.၁
Viewers 13k

Chapter-19.1


သူ့လက်ဖဝါးအောက်ရှိ ခန္ဓာကိုယ်လေးမှာ ပြင်းပြင်းထန်ထန် တုန်ယင်နေ၏။


ကျိုးကျင်ဟမ့်က တစ်ဖက်လူ၏ အနည်းငယ်မျှသော တုံ့ပြန်မှုပင် လက်လွတ်မခံဝံ့သဖြင့် အသက်ရှုအောင့်ထားသည်။ ထိုစဉ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော သူ့နှလုံးသားမှာ ရွှင်မြူးစွာ တဒိန်းဒိန်း ခုန်လာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အက်ကွဲသော အသံဖြင့် နောက်ဆုံးတစ်ကြိမ် အတည်ပြုရန် မေးလိုက်သည်။


“ဟွေ့ဟွေ့… မင်းလား…”


သူ ထိန်းထားသည့်လူမှာ အံ့အားသင့်သွားပုံ ရ၏။ တစ်ခဏအကြာတွင် သူက အကြိမ်ပေါင်းများစွာ မျက်တောင် ခတ်လိုက်သည်။ သူ့မျက်တောင်များကို တဖြတ်ဖြတ် ခတ်လိုက်ပြီးနောက် သူ့မျက်လုံးများထဲမှ ထိတ်လန့်တုန်လှုပ်မှုမှာ ဘယ်သောအခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားပြီး ၎င်းကို အဓိပ္ပာယ်ကောက် လွဲမှားခဲ့သူမှာ ကျိုးကျင်ဟမ့်ပင် ဖြစ်သည်။


သူက ခေါင်းခါလိုက်ပြီးနောက် ထပ်မံ၍ ခေါင်းခါပြကာ နောက်ပြန်ဆုတ်လိုက်ပြီး ကျိုးကျင်ဟမ့်၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။


ဤတုံ့ပြန်မှုက ကျိုးကျင်ဟမ့်၏ နှလုံးသားထဲတွင် တောက်လောင်နေသော မီးတောက်လေးအား ချက်ချင်းပင် ငြိမ်းသွားစေ၏။


သူက လက်မလျှော့သေးဘဲ သူ့လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး ထိုလူ၏ မျက်နှာပေါ်မှ နှာခေါင်းစည်းကို နောက်တစ်ကြိမ် ဆွဲချွတ်ရန် ကြိုးပမ်းလိုက်သည်။ ယခုထိတိုင်အောင် နှုတ်ဆိတ်နေသော ထိုလူမှာ ယခုအခါ ပြင်းပြင်းထန်ထန် တွန်းကန်ပြီး တွန့်လိမ်၍ ရုန်းကန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် ခွန်အားချင်း ကွာခြားချက်မှာ အလွန် ပြင်းထန်သဖြင့် လက်တစ်ဖက်တည်းသာ လွတ်မြောက်နိုင်သည်။


ယီဟွေ့က ချက်ချင်းပင် လက်မြှောက်ကာ သူ့မျက်နှာကို အုပ်ထားလိုက်ပြီး နှာခေါင်းစည်းကို လက်ဖြင့် ဖိ၍ မလွန်ဆန်နိုင်သော ကျိုးကျင်ဟမ့်၏ အထိအတွေ့ကို ရုန်းကန်နေသည်။ 


“ကျွန်တော်… ကျွန်တော် မဟုတ်ဘူး…”


နှာခေါင်းစည်းကို ဖြတ်၍ ထွက်လာသော အသံမှာ ဗလုံးဗထွေး ဖြစ်နေပြီး ကျိုးကျင်ဟမ့်မှာ မြှောက်ထားသော သူ့လက်ပေါ်တွင်သာ အလုံးစုံ အာရုံစိုက်ထားသဖြင့် သေသေချာချာ နားမထောင်လိုက်ရပေ။


၎င်းမှာ ညာဖက်လက် ဖြစ်ပြီး ပန်းချီဆရာ တစ်ယောက်၏ လက်ဖြစ်ရာ လက်ချောင်းများမှာ ရှည်လျားပြီး သေးသွယ်လှသည်။ လက်၏ နောက်ပိုင်းမှာ သန့်ရှင်းနေပြီး မီးလောင်ဒဏ်ရာ လုံးဝ မတွေ့ရပေ။ ပန်းချီပြပွဲ၏ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် အာရုံစိုက်မှု များစွာ မရလိုက်သော အပိုင်းလေးမှာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့သည်။


ထိုမြင်ကွင်းကို ပြန်တွေးကြည့်သောအခါ ယန်ချန်းရွှမ်မှာ ကျိုးကျင်ဟမ့် ခံစားနေရသည့် ရူးသွပ်မှုမျိုးကို နားမလည်နိုင်တော့ဘဲ သူ၏ လတ်တလော ပုံမှန် မဟုတ်သည့် အမူအရာကြောင့် အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်။


“ပြပွဲကို ကောင်းကောင်းမွန်မွန် ကြည့်ဖို့က မင်းရဲ့ စိတ်ကူးဆို… မင်း ဒီကို အရူးလုပ်ရပ်တွေ လုပ်ဖို့ လာခဲ့တာလား… မင်း ဘာဖြစ်နေတာလဲ… သူက သေသွားတဲ့လူပဲကို မင်း သူ့ကို ပြန်လိုချင်နေတာတော့ မဟုတ်ဘူးမလား…”


သူ့ဘေးနားတွင် ရှိနေသော ဖန်ယွီချင်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ယန်ချင်းရွှမ်ကို လက်ဖြင့်တို့ကာ ဆက်ပြီး မပြောတော့ရန် မျက်လုံးဖြင့် စကားပြောလိုက်သည်။


“ငါ့အမှားပါ… ဒီလိုအခြေအနေမှာ မင်းကို ပြပွဲလာဖို့ ဖိတ်တာက အကြံကောင်းတစ်ခုလို့ ငါ ထင်နေခဲ့တာ… မင်း ခံစားနေရတာတွေ ပိုပြီး သက်သာစေချင်လို့လေ…” ဖန်ယွီချင်းက ကျိုးကျင်ဟမ့်ကို ပြောလိုက်သည်။ 


“မင်းတို့နှစ်ယောက် အရင် ပြန်နှင့်ကြမလား… ဒီက မြို့တော်အနုပညာခန်းမမှာ အချိန်တော်တော် ကြာတဲ့အထိ ချိတ်ထားဦးမယ့် ပန်းချီကားတွေ တော်တော်များများ ကျန်ဦးမယ်… မင်းတို့တွေ နောက်အချိန်ရရင် လာပြီး ကြည့်လို့ရတာပဲ…”


အဆောက်အဦထဲမှ ထွက်ကာ ကားထဲသို့ ဝင်လိုက်ပြီးနောက် ယန်ချင်းရွှမ်က ကားစက်နှိုးပြီး ဖုန်းတစ်ခါ ခေါ်လိုက်သည်။ အစောပိုင်းက သူပြောခဲ့သည့် သူငယ်ချင်းဖြစ်သူမှာ အကြောင်းပြချက် အချို့ကြောင့် အဆောက်အဦအတွင်းမှ ဆောလျင်စွာ ထွက်ခွာသွားပြီဟု သိလိုက်ရသောအခါ သူက စတီယာရင်ကို ရိုက်ပြီး ကျိန်ဆဲလိုက်သည်။


“ဘာတွေ ဖြစ်ကုန်တာလဲ…”


လမ်းတစ်ဝက်အရောက်တွင် အေးစက်သော လေထုထဲ၌ သူ၏ အလိုမကျခြင်းများ ပြေပျောက်သွားပြီး ယာဉ်မောင်းဘေးမှ ထိုင်ခုံတွင် ထိုင်နေသည့် ကျိုးကျင်ဟမ့်ကို ပြောလိုက်သည်။


“ကဲ အရူးဆရာကြီးရေ… ငါတို့တွေ ကလပ်ဖြစ်ဖြစ် ဘားဖြစ်ဖြစ် သွားကြမလား…”


ကျိုးကျင်ဟမ့်က ထွက်လာသည့်အချိန်တည်းက စကားတစ်ခွန်းမှ မပြောသော်လည်း စိတ်အခြေအနေ ပြန်လည် ကောင်းမွန်လာပြီးနောက် ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။


“လေဆိပ်ကို သွားမယ်…”


ယန်ချန်းရွှမ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။


 “မင်းက အက်စ်မြို့ကို ပြန်သွားချင်တာလား…”


ကျိုးကျင်ဟမ့်က “အင်း” ဟု တစ်လုံးတည်းသာ ပြန်ဖြေလိုက်သည်။


မီးနီနေသည့်အချိန်တွင် ယန်ချန်းဖုန်က ကျိုးကျင်ဟမ့်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။


 “ခဏနေစမ်းပါဦး… ဘာတွေဖြစ်ပျက်နေတာလဲ… မင်းကို ပုံမှန်စားသောက်ပြီး အိပ်နေတဲ့ ပုံစံကို တွေ့တော့ ငါက အရာအားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ထင်ခဲ့တာ… မင်း ဆူညံသံလေး တစ်ခုလောက်လုပ်လိုက်တာနဲ့ ဘုန်းကနဲ ပေါက်ကွဲသွားမယ်ဆိုတာ ဘယ်သူက သိမှာလဲ… လမ်းမှာ အိမ်ပြန်ချင်နေတဲ့ လူတစ်ယောက်ယောက်ကို မင်းနဲ့ ခေါ်သွားမလား… မဟုတ်သေးဘူး ခဏနေဦး… အရင်တုန်းကတော့ မင်းအနေနဲ့ စီးပွားရေးအရ အမှီအခို ကင်းသွားပြီဆိုတာနဲ့ လက်ထပ်စာချုပ်ကို ဖျက်သိမ်းပြီး အဲ့ဒီအရူးနဲ့ နောက်ထပ် စကားမပြောတော့ဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ… သူ သေသွားရတာ မင်းရဲ့ တာဝန် မဟုတ်ဘူး… ဒီလိုမှမဟုတ်ရင် မင်းရဲ့ မိသားစုမှာ ကောင်းကင်ကို လက်တစ်ဖက်နဲ့ ကာနိုင်တဲ့ အစွမ်း ရှိရင်တောင် မင်း သေချာပေါက် ထောင်ကျမှာပဲ… အခု မင်း ဒီလိုဖြစ်နေတာကို ငါ တကယ် နားမလည်ဘူး… မင်း မကောင်းဆိုးဝါး တစ်ကောင်ကောင်နဲ့ တွေ့လာတာလား… ဒါမှမဟုတ် အညှို့ခံလိုက်ရတာလား…”


ကျိုးကျင်ဟမ့်က သူ့မျက်ခွံများကို ပင့်ရင်း ပြောလိုက်သည်။ “မဟုတ်ဘူး…”


အချိန်အတော်ကြာ စကားပြောပြီးနောက် သူက စကားတစ်ခွန်း ပြန်ကြားလိုက်ရ၏။ ယန်ချန်းရွှမ်မှာ ဒေါသကြောင့် မူးဝေသွားသည်။ 


“ဟုတ်တယ်… လေဆိပ်ကို မသွားနဲ့တော့… နတ်ဆိုးတွေကို သုတ်သင်ရအောင် အမွှေးတိုင်ကို မီးရှို့ဖို့ မင်းကို ဘုရားကျောင်း ခေါ်သွားမယ်…”


အချိန်တစ်ခဏကြာအောင် ဒေါသထွက်ပြီးနောက် ယန်ချန်းရွှမ်က သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ကျိုးကျင်ဟမ့်က ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူက ထိုအရူးလေးကို လွမ်းသည်ဟု ဖုန်းထဲတွင် ပြောသည့်နေ့ကို သတိရသွားမိသည်။ သူနှင့် တွေ့လာခဲ့သမျှ ကာလတစ်လျှောက်လုံး ကျိုးကျင်ဟမ့်က သူ၏ အားနည်းသည့်ပုံစံကို အခြားသူများရှေ့တွင် ထုတ်ဖော်ပြသသည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ထို့ပြင် အစောပိုင်းက ပြပွဲခန်းမထဲတွင် ထိုကောင်လေး၏ လက်မောင်းကို ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေစဉ်က ကျိုးကျင်ဟမ့်၏ မျက်လုံးများမှာ တောက်ပနေခဲ့သော်လည်း ယခုအခါ ၎င်းတို့မှာ အသက်မရှိသော ရေအိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။


ယန်ချန်းရွှမ်၏ နှလုံးသားထဲတွင် ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။ 


“မင်း အတည်ကြီး ပြောနေတာတော့ မဟုတ်ဘူးမလား…”


လွန်ခဲ့သော လေးနှစ်ကလည်း သူက ကျိုးကျင်ဟမ့်ကို တစ်ပုံစံတည်း မေးခဲ့ဖူးသည်။ ထိုစဉ်က ကျိုးကျင်ဟမ့်မှာ စုတ်တံကို သူ့လက်ဖြင့် ဆော့ကစားနေပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ချက် ပေါ်လာသည်။


 “တကယ်လို့ သူသာ လေးနက်မယ်ဆိုရင် ငါလည်း အလေးအနက် ထားမှာပါ…”


ယခုအခါတွင်မူ ထိုကဲ့သော တောက်ပသော စိတ်ဓာတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပျောက်ဆုံးသွားပြီ ဖြစ်သည်။


သူ့မျက်လုံးများက ဗလာကျင်းနေသည့် နေရာဆီသို့ ငေးကြည့်နေပြီး ကန့်သတ်ချက်များကို ဖြတ်ကျော်သည့် မေးခွန်းကို ဖြေလိုက်သည့်အချိန် ကျိုးကျင်ဟမ့်၏ မျက်နှာမှာ တည်ငြိမ်နေသည်။


“သူ သေသွားရတာ ငါ့တာဝန် ရှိတယ်…”


ဝန်ထမ်းများက သူ့ကို နှစ်ပတ် အနားယူခိုင်းလိုက်၏။ ကျိုးကျင်ဟမ့်မှာ နောက်ဆုံးရက်ထိတိုင်အောင် သူ့မိသားစုနေအိမ်သို့ ပြန်ရန် နှောင့်နှေးနေမိသည်။ 


ကျိုးမိသားစုအိမ်တော်မှာ အက်စ်မြို့တော်၏ အလယ်ပိုင်းရှိ လူစည်ကားသော နေရာတွင် တည်ရှိသည်။ သူက အိမ်မပြန်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ လမ်းကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ချေ။ သူက အကြိမ်ပေါင်းများစွာ ဘယ်ကွေ့၊ ညာကွေ့ လုပ်ပြီးမှ ခြံဝင်းထဲသို့ ကားမောင်း၍ ဝင်လာသည်။ သူက တံခါးကို ဖွင့်လိုက်သောအခါ သူ့မိသားစုမှာ စားပွဲဝိုင်းတွင် ဝိုင်းထိုင်နေကြပြီး ထမင်းစားရန် ပြင်ဆင်နေကြသည်။


“အစ်ကို… ညီမလေးနဲ့ လာထိုင်…”


သူ့ညီမလေး ကျိုးကျင်ယွဲ့က သူ့ကို မြင်လိုက်သောအခါ လည်ပင်းကို ဆန့်ကြည့်ပြီး သူ့ကို လက်လှမ်းပြလိုက်သည်။ ကျိုးဟွာရုံသာ ထိုနေရာတွင် မရှိနေပါက သူမ မတ်တပ်ထရပ်ပြီး တံခါးဆီသို့ ပြေးသွားကာ သူ့ကို နှုတ်ဆက်မိပေလိမ့်မည်။


ကျိုးဟွာရုံက မနှစ်မြို့သည့် အမူအရာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်သည်။ “မင်း ဘယ်လိုပြန်လာရမလဲဆိုတာ သိသေးတယ်ပေါ့…”


ကျိုးကျင်ဟမ့်က သူ့ဖိနပ်ကို ဖြည်းဖြည်းချင်း လဲစီးကာ သူ့ကုတ်အင်္ကျီကို ချွတ်ပြီး ဆိုဖာပေါ်သို့ ပစ်ချ၍ ထမင်းစားခန်းထဲသို့ လမ်းလျှောက်လာပြီးနောက် ကျိုးကျင်ယွဲ့ဘေးတွင် ဝင်ထိုင်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထမင်းစားရန် ပန်းကန်လုံးတစ်လုံးကို လှမ်းယူလိုက်သည်။


သူက ဤနည်းအတိုင်း ပြုမူလေလေ၊ ကျိုးဟွာရုံမှာ သူ့ကို စိန်ခေါ်သည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ သူက တူကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီးနောက် ဆူပူကြိမ်းမောင်းလိုက်၏။


“ဒါ ဘယ်လိုအကျင့်မျိုးလဲ… မင်းက အိမ်ကို ဟိုတယ်လို သဘောထားပြီး လာချင်သလိုလာ ပြန်ချင်သလိုပြန် လုပ်နေတာလား…”


ကျိုးကျင်ဟမ့်က ကျိုးကျင်ယွဲ့ကို စွပ်ပြုတ်တစ်ပန်းကန် ထည့်ပေးကာ သူမ၏ အစာအိမ်ကို နွေးသွားအောင် စွပ်ပြုတ်တစ်ငုံလောက် သောက်ရန် ပြောလိုက်ပြီးနောက် သူက ခံစားချက်မပါသလို ပြန်ဖြေလိုက်သည်။


“အဖေပဲ ကျွန်တော့်ကို ပြန်လာဖို့ ပြောခဲ့တာလေ…”


ကျိုးဟွာရုံက နှာတစ်ချက် မှုတ်လိုက်သည်။ “တကယ်လို့ ငါ မင်းကို ပြန်မခေါ်ဘူးဆိုရင် မင်း အပြင်မှာ လုပ်နေတဲ့ ကိစ္စတွေက ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာပဲလေ…”


နောက်ထပ်ဆက်ပြီးပြောသည့်ကိစ္စများမှာ ထုံးစံအတိုင်း ဝေဖန်ချက်များသာ ဖြစ်၏။ 


“ငါ မင်းအတွက် ကုမ္ပဏီမှာ နေရာတစ်ခု စီစဉ်ပေးခဲ့ပေမယ့် မင်းက မျက်နှာလေးတောင် လာမပြဘူး… မင်းက အဲဒီလောက် ပိုက်ဆံ များများစားစား ရှာနိုင်တာလည်း မဟုတ်ဘဲနဲ့ အခုတော့ ဒဏ်ရာတွေပါ ထပ်ရကုန်ပြီ…” အစပိုင်းတွင် ဆူပူကြိမ်းမောင်းမှုများမှာ အတော်လေးပင် သာမန် တော်ရုံသင့်ရုံမျှပင် ဖြစ်သည်။ ကျိုးကျင်ဟမ့်က ခံစားချက်ကင်းမဲ့စွာဖြင့် ဟိုဘက်နားက ဝင်ပြီး ဒီဘက်နားက ထုတ်လိုက်သော်လည်း ယီဟွေ့အကြောင်း ပြောလာသည့်အခါ အနေအထားမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။


“အစတုန်းကတော့ မင်း အသက် ၂၂ နှစ်ရောက်ရင် လက်မှတ်ကို ကိုယ်တိုင် သွားယူမယ်လို့ ငါထင်ခဲ့တာ… အဲ့ဒီအချိန်တုန်းက အက်စ်မြို့တော်မှာ မင်္ဂလာဆောင် တစ်ခု ရှိခဲ့ပေမယ့် ရှောင်ဟွေ့ အဲ့ဒီကလေးက အရမ်း ကံဆိုးသွားခဲ့တာ သနားစရာပဲ…”


ကျိုးဟွာရုံက နာကျင်သော အမူအရာဖြင့် ပြောရင်း သက်ပြင်းချလိုက်သည်။ အကြောင်းမသိသူ တစ်ယောက်ယောက်သာ ဆိုပါက သူ့အနေဖြင့် ဤအိမ်ထောင်ရေး ဆုံးရှုံးသွားရသည်ကို အမှန်တကယ် နောင်တရနေသည်ဟု ထင်သွားနိုင်ပေသည်။


ကျိုးကျင်ဟမ့်မှာမူ သူ၏ အပေါ်ယံ လှည့်ကွက်များနှင့် အလွန်ပင် အသားကျနေပြီ ဖြစ်ရာ လှောင်ပြောင်ချင်စိတ်သာ ဖြစ်ပေါ်လာ၏။


 “အခုတော့ မင်္ဂလာဆောင်ပြီး ကမ္ဘာသိအောင် ကြေညာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ…”


ကျိုးဟွာရုံက ချက်ချင်းပင် မျက်ခုံးတစ်ချက် ပင့်လိုက်၏။ 


“အဓိပ္ပာယ်မရှိတာတွေ…ဝိညာဉ်လက်ထပ်ပွဲနဲ့ အဲ့ဒီကိစ္စတွေအားလုံးကို ပြောခဲ့တဲ့သူက မင်းပဲ မဟုတ်ဘူးလား…”


ကျိုးကျင်ဟမ့်က ဆက်လက်ပြီး ငြင်းခုံလိုက်၏။ “ကျွန်တော် လူတစ်ယောက်ကို မေးခဲ့တယ်… ဒီလိုမင်္ဂလာပွဲမျိုးအတွက် အထူးအဖွဲ့အစည်း တစ်ခု ရှိတယ် ပြီးတော့ ဈေးလည်း သိပ်မကြီးဘူးတဲ့…”


ကျိုးဟွာရုံက သူ့လက်ဖြင့် စားပွဲခုံပေါ်သို့ ရိုက်ချလိုက်သည်။ “ရှက်စရာကောင်းလိုက်တာ… အဓိပ္ပာယ်မရှိဘူး… အသက်ရှင်နေတဲ့လူတစ်ယောက်နဲ့ လူသေတစ်ယောက်က ဘယ်လိုလုပ်ပြီး လက်ထပ်လို့ ရမှာလဲ… ပြီးတော့ မင်းနဲ့သူက ဘယ်တုန်းကမှ လက်ထပ်မှတ်ပုံတင်ထားတာ မဟုတ်ဘူးလေ… အများဆုံးဖြစ်ရင် လက်ထပ်စာချုပ်ကို ပယ်ဖျက်တာလောက်ပဲ လုပ်ရမှာပေါ့… ကွာရှင်းပြီး မုဆိုးဖိုတစ်ယောက် ဖြစ်ရအောင် ဒါတွေ အကုန်လုံးက အဓိပ္ပာယ်မရှိဘူး…”


အပြင်ဘက်မှ ဆွေးနွေးမှုများမှာ သူ့နားထဲသို့ အမြဲလိုလို ရောက်ရှိလာလေ့ရှိပြီး ကျိုးကျင်ဟမ့်မှာ များစွာ ကြားခဲ့ရသည့်တိုင်အောင် သူက ဂရုမစိုက်သလို ထိုကိစ္စကို မကြားချင်တော့ပေ။


တစ်ခဏအကြာတွင် ကျိုးဟွာရုံမှာ စိတ်တည်ငြိမ်သွားပြီး သူ့ဒေါသကို သတိရှိစွာ မျိုသိပ်ကာ လက်ဦးမှုရယူ၍ ကြည်သာစွာ ပြောလိုက်သည်။ 


“မင်းက ဒေါသထွက်လို့ ဒီတိုင်း ပြောလိုက်တယ်ဆိုတာ အဖေ သိပါတယ်… အဖေ မင်းကို ယီဟွေ့နဲ့ အတူတူ နေဖို့ ပြောတုန်းက အဖေ မှားသွားတယ်…”


ကျိုးကျင်ဟမ့်မှာ နားထောင်နေပုံ မရဘဲ ထမင်းအားရပါးရ စားရင်း စွပ်ပြုတ်ကို သောက်လိုက်သည်။


စားပွဲဝိုင်းတွင် မိသားစုတစ်ခုလုံး ဝိုင်းထိုင်နေကြခြင်း ဖြစ်ရာ ဤကဲ့သို့ တုံ့ပြန်မှု မရှိသည့်အတွက် ကျိုးဟွာရုံမှာ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သို့သော် သူ့ထံတွင် ပြောစရာ ရှိနေသဖြင့် ဤတစ်ကြိမ်တွင် သူက ကျိုးကျင်ဟမ့်ကို ခေါ်လိုက်ခြင်းဖြစ်ရာ ဒေါသကို ထိန်းပြီး တတ်နိုင်သမျှ တည်ငြိမ်စွာ ပြောလိုက်သည်။


“အခု လက်ထပ်စာချုပ်က အလိုလို ရပ်စဲသွားပြီ ပြီးတော့ အပြင်လူတော်တော်များများက ဒီကိစ္စကို မသိကြသေးဘူး… ခဏလောက် ကြာသွားရင် ဘယ်သူ့မှ ဒီကိစ္စကို ပြောကြမှာ မဟုတ်ဘူး… အတိတ်ကကိစ္စကို အတိတ်မှာပဲ ထားခဲ့ရအောင်…”


ကျိုးကျင်ဟမ့်က မျက်လုံးများကို မှိတ်ထားရင်း သူ့စကားများကို လျစ်လျူရှုထားဆဲပင်။ သူ့အပြုအမူများက အထူးတလည် ဒေါသူပုန်ထနေခြင်း မရှိတော့သည်ကို မြင်သောအခါ ကျိုးဟွာရုံက ဆက်ပြောသည်။


''ငါတို့မိသားစုက လတ်တလောမှာ ထန်းမိသားစုရဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းထားတယ်... သူတို့မိသားစုထဲမှာ မင်းနဲ့ ရွယ်တူ သားလေးတစ်ယောက် ရှိတယ် ပြီးတော့ သူက နိုင်ငံခြားမှာ ပညာသင်ပြီးတော့ ပြန်လာတာ မကြာသေးဘူး...''


ကျိုးဟွာရုံက ယခုလိုကိစ္စမျိုး ပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ အကယ်၍ အခြေခံသာ ခိုင်မာနေပါက အစပိုင်းတွင် ကျိုးကျင်ဟမ့် တောင့်ခံနေစေကာမူ အဆုံးထိ ခါးခါးသီးသီး တိုက်ခိုက်လိမ့်မည်မဟုတ်ဟု သူက တွေးနေ၏။ မည်သို့ပင်ဖြစ်စေကာမူ သူ့လက်ထဲတွင် ညှိနှိုင်းမှု အကျိုးရလဒ် ရှိနေသည်။ ထိုစဉ်က ယီမိသားစုနှင့် လက်ထပ်ပွဲကိုလည်း သူ့အနေဖြင့် ယခုလို လက်ခံခဲ့ခြင်းပေလော။


စိတ်ထဲတွင် ကျိုးဟွာရုံမှာ ပို၍ပင် ယုံကြည်ချက် ရှိလာသည်။ 


“ငါ အဲ့ဒီကလေးကို တွေ့ဖူးတယ်… သူက ကြည့်ကောင်းတယ် စမတ်ကျတယ်… ယီဟွေ့နဲ့ မတူဘူး…”


သူ စကားပြော၍ မပြီးခင်မှာပင် ကျိုးကျင်ဟမ့်က သူ့ရှေ့ရှိ ပန်းကန်ခွက်ယောက်များကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ရာ ပန်းကန်များ ကျကွဲသည့် စူးရှသော အသံကြောင့် နားစည်များပင် ကွဲလုမတတ် ဖြစ်သွားရသည်။


Xxxxxxx