Chapter-19.2
မည်သူ့ကိုမှ တုံ့ပြန်ချိန် မပေးဘဲ ကျိုးကျင်ဟမ့်က မတ်တပ်ထရပ်လိုက်ပြီး ထမင်းစားပွဲ၏ အစွန်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စားပွဲကို ဆွဲမ’တော့မည့် အမူအရာမျိုး ပြုလိုက်လေသည်။ စားပွဲ၏ အလယ်တွင် ချထားသော စွပ်ပြုတ်ပန်းကန်မှာ စောင်းသွားပြီး စွပ်ပြုတ်အရည်များမှာ စားပွဲပေါ်သို့ မှောက်ကျမတတ် ဖြစ်သွားလေ၏။ ကျိုးဟွာရုံသာ လျင်မြန်စွာ နောက်ပြန်မဆုတ်လိုက်ပါက သူ့ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲသွားနိုင်ပေသည်။
ဤဖြစ်ရပ်ကို မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ ကျိုးကျင်ယွဲ့က အော်ဟစ်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။ အခြားတစ်ဖက်တွင် ကျိုးဟွာရုံမှာ အလွန်ပင် ရှော့ခ်ရသွားပြီး ဒေါသထွက်နေသဖြင့် စကားပင် ပီပီသသ မပြောနိုင်တော့ချေ။
“ဘာလဲ… မင်းက ဘာကို ဒေါသထွက်နေတာလဲ…”
ကျိုးကျင်ဟမ့်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ အနီးကပ် ကြည့်မှသာလျှင် သူ့သွားများကို ကြိတ်ထားပြီး သူ၏ လက်ဖျံကြွက်သားများမှာလည်း တင်းမာနေကာ ခွန်အားများ ဖြည့်တင်းနေသည့်အလား သူ့သွေးကြောများမှာ ဖောင်းကားနေသည်ကို မြင်နိုင်ပြီး အနည်းငယ် ထပ်မံအားစိုက်လိုက်ပါက ပေါင်တစ်ရာ အလေးချိန် ရှိသော စားပွဲခုံကိုပင် ပြုတ်ကျသွားအောင် လုပ်နိုင်ပေသည်။
သူ့ညီမလေး ရှိနေသည်ကို သတိရသွားသဖြင့် ကျိုးကျင်ဟမ့်က နောက်ဆုံးတွင် ရုတ်တရက်ထွက်ပေါ်လာသည့် ဒေါသစိတ်ကို မြိုသိပ်ထားလိုက်သည်။
“ယီဟွေ့က သူတို့တွေနဲ့ မတူဘူး…”
သူက တောင့်တင်းနေသော မေးရိုးများကို လှုပ်ရှားလိုက်ရာ သူ၏ အပေါ်သွားရော အောက်သွားပါ တဆတ်ဆတ် တုန်နေ၏။
“ဘယ်သူကမှ သူ့နေရာကို အစားမထိုးနိုင်ဘူး…”
ထမင်းစားပွဲမှာ ဗရုတ်သုတ်ခနှင့် ကမောက်ကမ ဖြစ်ကာ အဆုံးသတ်သွားသည်။
ကျိုးဟွာရုံက ဒေါသထွက်သွားပြီး မိသားစုဥပဒေကို အသုံးပြု၍ ခြိမ်းခြောက်လိုက်၏။ ကျိုးကျင်ဟမ့်မှာ သူ ဆက်ပြီး ရှိနေပါက နောက်တစ်ကြိမ် အသိစိတ် လွတ်သွားမည်ကို စိုးရိမ်သဖြင့် လှည့်ထွက်သွားလေသည်။
အသိစိတ်ပြန်ဝင်လာသော ကျိုးကျင်ယွဲ့က သူ့နောက်မှ လိုက်ကာ ကျိုးကျင်ဟမ့်၏ လက်ကို ဆွဲထားပြီး ပြန်လာရန် ပြောလိုက်သည်။
“အစ်ကိုကြီး… လက်မှာ သွေးထွက်နေတုန်းပဲ… အရင်ဆုံး အထဲဝင်ပြီး ဆေးထည့်ရအောင်…”
သူမ လက်ညှိုးထိုးပြလိုက်သောအခါ ကျိုးကျင်ဟမ့်က သူ့ခေါင်းကို ငုံ့ကြည့်လိုက်ရာ သူ၏ ဘယ်လက်တွင် နှစ်လက်မနီးပါး ပြတ်ရှဒဏ်ရာ ရထားသော်လည်း သတိမထားမိပေ။ သူ့လက်ချောင်းမှ သွေးများက မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျနေ၏။ သူ အစောပိုင်း သတိလက်လွတ် ဖြစ်သွားသည့်အချိန်က ကြွေထည်ကွဲစ တစ်ခုခုနှင့် ရှမိခြင်း ဖြစ်နိုင်ပေသည်။
သူက တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ့လက်ကို မြှောက်ကာ အခြားလက်တစ်ဖက်နှင့် ခပ်ပေါ့ပေါ့ပင် သုတ်လိုက်သည်။
“အဆင်ပြေပါတယ်… အထဲပြန်ဝင်တော့…”
ကျိုးကျင်ယွဲ့မှာ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်သော ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။ ယခုဖြစ်ပျက်ခဲ့သော ရုန်းရင်းဆန်ခတ်မှုကြောင့် သူမ၏ မျက်လုံးလေးများမှာ နီရဲပြီး ထိတ်လန့်နေ၏။
“အစ်ကိုကြီး… ဘာတွေဖြစ်နေတာလဲ… ညီမလေး အခုမှ ပြန်လာတာကို အစ်ကိုကြီးက အခုလို…”
ကျိုးကျင်ဟမ့်က ခါးခါးသီးသီး ပြုံးလိုက်သည်။ လူတစ်ယောက်ထက်မက သူ့ကို ဤမေးခွန်းမျိုး မေးခဲ့ပြီး ဖြစ်၏။ သူ ဘာဖြစ်နေမှန်း သူကိုယ်တိုင်လည်း သိချင်နေမိသည်။
“ညီမလေးကြောင့်သာ မဟုတ်ရင် အစ်ကိုကြီး ပြန်လာမှာ မဟုတ်ဘူး…” သူက သူ့ထက် အများကြီး ငယ်ရွယ်သည့် ညီမဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။
“အစ်ကိုကြီးမှာ အလုပ်ရှိသေးတယ်… အဲ့ဒါကြောင့် ညီမလေး ပြန်တော့… အစ်ကိုကြီး အိမ်မှာ ခဏလောက် မရှိဘူးဆိုတော့ မေမေ့အခန်းကို သန့်ရှင်းရေး လုပ်ဖို့ ညီမလေးကို လွှဲခဲ့မယ်…”
ကျိုးကျင်ယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး တရှုံ့ရှုံ့ငိုရင်း ပြော၏။
“ညီမလေး သိပါတယ်… အစ်ကိုကြီးက အဲ့ဒီအရူးလေးအတွက် စိတ်ခံစားချက် ရှိနေတယ်ဆိုတာ… ဒါပေမဲ့ သူက သေသွားပြီဆိုပေမယ့် အစ်ကိုကြီးက အသက်ရှင်နေတုန်းပဲလေ… ဘဝမှာ ဆက်ပြီးရှင်သန်သွားရမှာ ပြီးတော့ မေမေကလည်း အစ်ကိုကြီး ဒီလိုဖြစ်နေတာကို ကောင်းကင်ဘုံကနေ မြင်ချင်မှာ မဟုတ်ဘူး… ပျော်ပျော်နေပြီး ညီမလေးတို့ကို စိတ်ပူရအောင် မလုပ်ပါနဲ့…”
ဤကဲ့သို့ ကို့ရို့ကားယားနိုင်သော နည်းလမ်းဖြင့် သူ့ညီမလေးက သူ့ကို နှစ်သိမ့်ပေးမည့်တစ်ရက်သို့ ရောက်လာလိမ့်မည်ဟု ကျိုးကျင်ဟမ့် မမျှော်လင့်ထားပေ။ ကျိုးကျင်ဟမ့်မှာ အဓိပ္ပာယ် မရှိသလို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲတွင် ဝမ်းနည်းစိတ်များ ပြည့်လျှံသွားလေ၏။
သူ၏ သိမ်ငယ်စေခြင်းနှင့် ချိုးနှိမ်ခြင်းတို့ကြောင့်သာ မဟုတ်ပါက ယီဟွေ့၏ ဖြစ်တည်မှုမှာ ဤမျှ အလွန်ပျော့ညံ့သိမ်ငယ်နေမည် မဟုတ်ချေ။ ယခုမူ အလွန် သိမ်ငယ်ရသဖြင့် သူ့အတွက် ယီဟွေ့ အသက်ဆုံးရှုံးရသည့်တိုင်အောင် အခြားသူများထံမှာ စိတ်မချမ်းမြေ့သည့် သက်ပြင်းချသံ အနည်းငယ်သာ လက်ခံရရှိခဲ့သည်။
သူက ဘဝကို အလွန် စိတ်အားထက်သန်စွာ နေထိုင်ခဲ့သည်မှာ သိသာလှပေ၏။ သူ၏ ဖြစ်တည်မှုမှာ ထွန်းလင်းတောက်ပလွန်းလှပြီး ယခုထိတိုင်အောင် သူ့စိတ်အလုံးစုံကို သိမ်းပိုက်ကာ သူ့ကို ရူးသွပ်သွားစေပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကိုပင် ထုံကျဉ်သွားအောင် စွမ်းဆောင်နိုင်ပေသည်။
အခြားသူများ၏ သဘောထားက သူ၏အမူအကျင့်ပေါ်တွင် မူတည်ကြောင်း သူ ကောင်းစွာ သိရှိထား၏။ အကယ်၍ သူသာ ယီဟွေ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါက၊ အနည်းငယ်မျှပင် ပို၍ ကောင်းမွန်စွာ ဆက်ဆံခဲ့ပါက၊ သူ့ကို ထမင်းစားပွဲတွင် စွပ်ပြုတ်တစ်ပန်းကန်မျှပင် ထည့်ပေးခဲ့ပါက မည်သူမှ သူ့ကို ယခုလို လက်လွှတ်စပယ် ဆက်ဆံကြမည် မဟုတ်ချေ။
ဤကိစ္စအားလုံးမှာ သူ့အမှားသာ ဖြစ်ပြီး သူက ယီဟွေ့ကို သူ့လက်နှင့် ကိုယ်တိုင် ငရဲသို့ တွန်းချလိုက်ပြီးမှ သူ့ကို အေးစက်စွာ ကြည့်ကာ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
သူ မထွက်သွားခင် ကျိုးကျင်ဟမ့်က သူ့ညီမလေး ယီဟွေ့ကို ခေါ်သည့်အပြောအဆိုအား အမှန်ပြင်ပေးလိုက်သည်။
“သူက “အရူး” မဟုတ်ပါဘူး… နောက်ဆိုရင် သူ့ကို “အရူး”လို့ မခေါ်ရဘူးနော်…”
ကျိုးကျင်ယွဲ့မှာ နားမလည်ပေ။ “ဒါဆို သူ့ကို ဘယ်လို ခေါ်ရမှာလဲ…”
ဤမေးခွန်းက ကျိုးကျင်ဟမ့်ကိုယ်တိုင်ကိုပါ ထိတ်လန့်သွားစေသည်။ သို့သော် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူက စိတ်သက်သာရာ ရသွားပြီး သူ့မျက်နှာပေါ်တွင် နူးညံ့သည်ဟု ယူဆနိုင်သော အမူအရာ ထွက်ပေါ်လာသည်။
“သူ့ကို ယောင်းမလို့ ခေါ်ရမှာ…ငါက ညီမလေးရဲ့ အစ်ကိုကြီးဆိုတော့ သူက မင်းရဲ့ ယောင်းမပေါ့…”
ကျိုးကျင်ဟမ့်မှာ သူ ယခုလိုပြုလုပ်ခြင်းက သူ့အပြစ်များအတွက် ဖြေသိမ့်ခြင်းနှင့် ညီမျှသည်လော မသိတော့ပေ။ သူက သူ လုပ်ချင်သည့်စိတ် တစ်ခုတည်းသာ သိပြီး ယီဟွေ့ကို ပြင်ပကမ္ဘာဆီသို့ ပွင့်ပွင့်လင်းလင်း ကြေညာနိုင်သည့် နာမည်တစ်ခုနှင့် အဆင့်တစ်ခု ပေးချင်နေခြင်းသာ ဖြစ်သည်။
သူက သူ့ဖုန်းထဲရှိ ယီဟွေ့၏ ဖုန်းနံပါတ်ကို “ဟွေ့ဟွေ့”မှ “မိန်းမ” သို့ ပြောင်းလဲလိုက်ပြီး မူရင်းအမျိုးအစား ခွဲခြားသည်မှာ အလွန် ခေတ်နောက်ပြန်ဆွဲလွန်းသည်ဟု ထင်သဖြင့် သူက ယီဟွေ့ကဲ့သို့ ၎င်း၏ ရှေ့တွင် “တစ်” တစ်လုံး ထည့်လိုက်သည်။ ထိုသုံးနှစ်တာကာလအတွင်း သူ ပြောထွက်ရန် ရှက်ရွံ့ခဲ့ရသည့် နာမည်မှာ ယခုအခါ သူ့နှုတ်ခမ်းပေါ်တွင် အတားအဆီးမရှိ မြင်နေရပြီ ဖြစ်၏။
ဤသည်မှာ အလွန်ကောင်းမွန်သည်ဟု ကျိုးကျင်ဟမ့်က တွေးနေသည်။ အခြားသူများကမူ သူ့ကို ရူးနေပြီဟု ထင်ကြ၏။ သူ့ကိုယ်သူ အလွန် လေးနက်ကြောင်း သူ သိထားပြီးဖြစ်ရာ ဤမျှနှင့်ပင် လုံလောက်ပေသည်။
သူ ရိုက်ကွင်းသို့ ပြန်လာသည့်နေ့က နားနေခန်းတွင် ထိုင်ရင်း ယီဟွေ့၏ သူငယ်ချင်းအသိုင်းအဝိုင်းကို နောက်တစ်ကြိမ် သူ ပြန်ကြည့်နေမိသည်။ ယခင်က ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပို့ခြင်းကို အသုံးပြုခဲ့ကြသော်လည်း ဤနည်းဖြင့် အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့သည်။ ကျိုးကျင်ဟမ့်မှာ ယီဟွေ့တွင် WeChat ID ရှိနေသေးကြောင်း မကြာသေးမီကမှ မှတ်မိသွား၏။
သူ့သူငယ်ချင်းအသိုင်းအဝိုင်းကို သူ၏ ကိုယ်ပိုင်သီးသန့်နေရာအဖြစ် ဆက်ဆံခြင်းဖြစ်ရာ ယီဟွေ့က အရာအားလုံးကို ပို့စ်တင်ခဲ့လေသည်။
“ငါ ကိတ်မုန့်ကြီးကြီး တစ်လုံး ဖုတ်ပြီး ငါ့ယောကျ်ား မွေးနေ့မှာ သူ အိမ်ပြန်လာတာကို စောင့်နေတာ…”
“ငါ့ယောက်ျားက မနက်ဖြန် အိမ်ပြန်လာတော့မယ်… ငါ နေ့ခင်းကျရင် ပစ္စည်းတွေဝယ်ဖို့ စူပါမားကတ်ကို သွားရမှာ…”
“ငါ့ယောက်ျားက ဒီနေ့ တီဗွီထဲမှာ တခြားသူတစ်ယောက်ကို ထပ်ပြီး နမ်းလိုက်တယ်… ဟွေ့ဟွေ့ အရမ်း ဝမ်းနည်းတာပဲ…”
“ငါ မနေ့ညက ငါ့ယောက်ျားနဲ့ အတူတူ ဂိမ်းကစားပြီးတော့ ဒီနေ့ အိပ်ရာထဲက မထနိုင်တော့ဘူး…”
“ဒါပေမဲ့ ငါ ငါ့ယောက်ျားနဲ့ ဂိမ်းကစားရတာ ကြိုက်တယ်…”
ဤကဲ့သို့သော ပို့စ်များပင်။ ကျိုးကျင်ဟမ့်က ပထမဆုံးအကြိမ် ၎င်းတို့ကို ဖတ်မိသောအချိန်က “ဂိမ်းကစားခြင်း” ဆိုသည်မှာ လင်မယားချင်း ချစ်ကြသည်ကို ရည်ညွှန်းကြောင်း အချိန်အတော်ကြာမှ သဘောပေါက်ခဲ့သည်။
စာများကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်ပြီးနောက် ကျိုးကျင်ဟမ့်က သူ့မျက်လုံးများကို မှိတ်ထားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
ယီဟွေ့က သူ့အတွက် အရာများစွာ ချန်ရစ်ထားခဲ့သော်လည်း အချို့ကို မသိမ်းဆည်းထားလျှင် အနာဂတ်တွင် သူ့အတွက် မည်သည့်အရာမှ မကျန်တော့မည်ကို ကျိုးကျင်ဟမ့် စိုးရိမ်နေမိသည်။
သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူငယ်ချင်းအသိုင်းအဝိုင်း၏ ပင်မစာမျက်နှာသို့ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။ နောက်ဆုံးသတင်းမှာ ယန်ချင်းရွှမ်ဆီမှ ရောက်လာခြင်းပင်။
နောက်ဆုံးတစ်ခေါက်က နှစ်ယောက်သား စိတ်မချမ်းမြေ့ဖွယ် လမ်းခွဲခဲ့ပြီးနောက် ရက်အတော်ကြာအောင် အဆက်အသွယ်မရခဲ့သဖြင့် ကျိုးကျင်ဟမ့်က ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူ့ကို နှုတ်ဆက်ရန် စဉ်းစားလိုက်သည်။ လမ်းတလျှောက်တွင် သူက ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် သူ မည်သို့တွေးကြောင်း ယန်ချန်းရွှမ်ကို ပြောပြချင်နေခဲ့ပြီး ထိုမှသာ ယန်ချန်းရွှမ်က သူနှင့် ဖန်ယွီချင်းတို့ကို ပြန်လည် ချည်နှောင်ပေးချင်သည့် အကြံအစည်အား တားဆီးနိုင်မည် ဖြစ်သည်။
သူက အောက်ဘက်သို့ ဆွဲချလိုက်သောအခါ သူ့လက်ချောင်းများက ပုံတစ်ပုံကို မတော်တဆ ထိမိသွားလေသည်။ ၎င်းမှာ ယန်ချန်းရွှမ် ရိုက်ကူးထားသော ပန်းချီကားပုံများထဲမှ တစ်ခု ဖြစ်၏။ ကျိုးကျင်ဟမ့်က ထိုပုံ စခရင်ပေါ်တွင် ပုံကြီးချဲ့၍ ပေါ်လာသောအခါ တစ်ချက် လှမ်းကြည့်လိုက်မိပြီး တစ်ချက် ကြည့်ရုံမျှနှင့်ပင် သူ့ခန္ဓာကိုယ်မှာ အေးစက်တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ထိခိုက်ဒဏ်ရာ ရထားသဖြင့် သူ၏ အားလပ်ရက်အတွင်း သူက အပြင်မထွက်ဖြစ်ခဲ့ပေ။ သူက ယီဟွေ့ ချန်ထားရစ်ခဲ့သော ပန်းချီကားများကို ကြည့်ရင်း ပန်းချီကားအများစုကို သူ့လက်ဖြင့် ကိုယ်တိုင် ဘောင်ခတ်ပေးခဲ့သည်။ ထို့ကြောင့် သူက ယီဟွေ့၏ စုတ်ချက်နှင့် ပန်းချီဆွဲသည့်စတိုင်ကို အလွန် ရင်းနှီးနေခဲ့ပြီး တစ်ချက်တည်း ကြည့်ရုံမျှနှင်ပင် မှတ်မိနိုင်ပေသည်။
ထို့ထက်ပိုသည့်အရာကား ပန်းချီကားထဲ၌ သူကိုယ်တိုင် ရှိနေခြင်းပင်။
ကျိုးကျင်ဟမ့်မှာ သူ ဖုန်းကို မည်ကဲ့သို့ ခေါ်မိလိုက်မှန်းပင် မသိတော့ချေ။ သူက ထိုပန်းချီကား ရေးဆွဲသူအကြောင်း အချက်အလက်များ ရရှိလာသည်အထိ စောင့်ဆိုင်းပြီးနောက် ဤပန်းချီကားမှာ “နေထွက်ချိန်” အမည်ရှိ ပန်းချီပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိခဲ့သည့် လက်ရာများထဲမှ တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းမှာ မြို့တော်အနုပညာပြတိုက်ရှိ ပြပွဲတွင် တစ်နာရီပင် ပြည့်အောင် မချိတ်ဆွဲခဲ့ရသော ပန်းချီကား ဖြစ်ပြီး ရေးဆွဲသူက ပြသရန် ဆန္ဒမရှိသောကြောင့် စာချုပ်ချိုးဖျက်သည့် ဒဏ်ကြေးငွေ ပေးဆောင်၍ ရေးဆွဲသူကိုယ်တိုင် ပြန်လည်သိမ်းဆည်းသွားခဲ့သည့် ပန်းချီကား ဖြစ်ပေသည်။
စခရင်ပေါ်ရှိ ပန်းချီကားကို ပွတ်သပ်ကြည့်ရင်း ကျိုးကျင်ဟမ့်၏ ပထမဆုံးအတွေးမှာ သူ့ကိုယ်သူ ပါးရိုက်ပြီး ထိုစဉ်က သူ မျက်စိကန်းနေသလားဟု မေးမြန်းရန်ပင် ဖြစ်သည်။ နံရံပေါ်တွင် ဤမျှ ကြီးမားသော ပန်းချီကား ချိတ်ဆွဲထားသည်ကို သူ လုံးဝ သတိမပြုမိခဲ့ချေ။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်အရာမှာ ထိန်းချုပ်၍ မရနိုင်သော၊ ရူးသွပ်သွားလုနီးပါး စိတ်လှုပ်ရှားမှုပင်။
သူ့စိတ်ထဲတွင် ပြပွဲနေ့က မြင်ကွင်းများ၊ သူနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသည့် လှုပ်ရှားမှုလေးများ၊ သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော မျက်လုံးလေးများ ထပ်ခါတလဲလဲ ပြန်လည်ပြသနေသည်။
ကျိုးကျင်ဟမ့်မှာ ပြင်းထန်လှသော ခံစားချက် အမျိုးမျိုးကြားထဲတွင် နစ်မြုပ်နေ၏။ ဆုံးရှုံးခြင်းနှင့် ပြန်လည်ရရှိခြင်း၏ သက်ရောက်မှုမှာ သေရွာမှ ပြန်ရှင်လာခြင်း၏ သက်ရောက်မှုထက် ပို၍ ကြီးမားပြီး မြေငလျင်တစ်ခုအလား အားကောင်းကြောင်း သူ ဘယ်သောအခါမှ မသိခဲ့ချေ။
စိတ်ပျက်အားငယ်စရာ ကောင်းသည့် အခြေအနေမှ လွတ်မြောက်သွားခြင်းက သူ့ကျောရိုးများကိုပင် တုန်လှုပ်သွားစေပြီး အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော မျှော်လင့်ချက်နှင့် ယုံကြည်ချက်တို့ သူ့ဆီသို့ ပြန်လည် ရောက်ရှိလာသည်။
ငါမှန်တယ်ဆိုတာ ငါ သိတယ်…။ အဲ့ဒါ သူဆိုတာ ငါ သိတယ်…။
Xxxxxx