အပိုင်း ၂၀.၁
Viewers 11k

Chapter-20.1

မနက်စောစောတွင် ယီဟွေ့က ပန်းပင်များကို ရေလောင်းပြီးနောက် ခြံထဲတွင် ပန်းချီဆွဲသည့် ဒေါက်တိုင်ကို နေရာ ချထားလိုက်သည်။ သူ ထိုင်လိုက်ပြီးသည်နှင့် မထင်မှတ်ပဲ နှာချေလိုက်မိသည်။

ကျန်းယီမန့်က သူမ၏ ကျောင်းလွယ်အိတ်ကို ကျောတွင် လွယ်ထားရင်း ထွက်လာသည်။

 “အစ်ကိုကြီး ထပ်ပြီး အအေးမိပြန်ပြီလား… ဒီနေ့ ပိုပြီးတော့ အေးတဲ့ပုံပဲ… အိမ်ထဲဝင်ပြီး ပန်းချီဆွဲပါလား…”

ယီဟွေ့က သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။

 “မဟုတ်ပါဘူး… ဒီတိုင်း နှာခေါင်းယားနေတာ…”

“အဲ့ဒါ အဝေးမှာ ရှိနေတဲ့ လူတစ်ယောက်က အစ်ကိုကြီးကို လွမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ…” ကျန်းယီမန့်က ပြုံးရွှင်စွာ ပြောလိုက်သည်။

 “အစ်ကိုကြီး ပိုပြီး နှာချေလေလေ အဲဒီလူက ပိုပြီးတော့ အားကောင်းကောင်းနဲ့ တွေးနေတာပဲ ဖြစ်မယ်…”

သူမက ထိုကဲ့သို့ ပြောဆိုပြီးနောက် ယီဟွေ့မှာ နောက်နှစ်ကြိမ် နှာချေလိုက်သည်။

ဤခန္ဓာကိုယ်မှာ ကျန်းမာရေး သိပ်မကောင်းပေ။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယီဟွေ့က ပန်လန်ကျန်တစ်ထုပ်ကို ရေစိမ်ထားလိုက်သည်။ အစေ့အပွင့်များ၏ အရသာမှာ ချိုချိုခါးခါး ဖြစ်သောကြောင့် ယီဟွေ့က သုံးကျိုက်ခန့် မော့သောက်ပြီးနောက် သကြားတစ်တုံးကို ကမန်းကတမ်း ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ခါးသက်မှုမှာ ပျောက်ကွယ်သွားပြီး သူ နှစ်သက်သော ချိုမြိန်သည့် အရသာသာ ကျန်ရစ်ခဲ့လေသည်။

ကျန်းရွှယ်မေ့က အလုပ်သွားပြီး ကျန်းယီမန့်မှာ ကျောင်းသို့ သွားပြီ ဖြစ်သည်။ ထို့ကြောင့် တစ်အိမ်လုံး အနည်းငယ်မျှ လူသူကင်းမဲ့နေသည်။ ယီဟွေ့က ပန်းချီကားအတွက် မျဉ်းကြောင်းများ ရေးဆွဲကာ အရောင်များ ရောစပ်ပြီးနောက် သူ့စုတ်တံကို ချဆွဲတော့မည့်အချိန် သူ့ဖုန်းသံ မြည်လာသည်။

ထန်ဝမ်းရှီက လိုရင်းကို တဲ့တိုးပြောချလိုက်၏။ “မင်း မနေ့ညက ငါ့ကို ဖုန်းဆက်သေးလား…”

ယီဟွေ့က စုတ်တံကို ချထားလိုက်ပြီး ဆေးရောင်စုံအချပ်ပြားကို ဖုံးထားလိုက်သည်။ “အင်း… တခြားတစ်ယောက်က လာကိုင်တယ်လေ…”

“အိုး…အိုး… အဲ့ဒါက သူငယ်ချင်းတစ်ယောက်ပါ… မနေ့ညက ငါတို့တွေ ညစာ အတူတူ စားပြီး သူ့ကားနဲ့ပဲ ပြန်လာခဲ့ကြတာ… ဒါပေမဲ့ ငါ ကားထဲမှာပဲ အိပ်ပျော်သွားတယ်…”

ယီဟွေ့မှာ ဖုန်းကိုင်သည့် အမျိုးသား မည်သူဖြစ်ကြောင်း အမှန်တကယ်ပင် သိရှိထားသည်။ ထန်ဝမ်းရှီက ဘာမှ မပြောပြချင်ကြောင်း မြင်သောအခါ သူက ဘာမှမမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ငါ မနေ့က ပန်းချီဆွဲတာ တစ်ဝက်တော့ ပြီးပြီ… အရင်တုန်းက ပန်းချီဆေးတစ်မျိုးကို မြို့ထဲမှာ ငါ မြင်ခဲ့ဖူးတာ မှတ်မိနေတယ်… မင်း အဲဒါကို အနုပညာအကယ်ဒမီကျောင်းနားမှာ ဝယ်လို့ရတယ်…”

ထန်ဝမ်းရှီက စကားတစ်ဝက်ခန့် ရောက်သောအခါ သူ တောင်းဆိုချင်သည့် ကိစ္စကို သိသွားလေသည်။ “ငါ အဲ့ဒီဆေးကို ဝယ်ပြီး မင်းဆီ ပို့ပေးရမှာမလား… ကိစ္စမရှိဘူး… ငါ့ကို တံဆိပ်နဲ့ အရောင်နံပါတ်သာ ပြောလိုက်… ငါ နောက်ကျဝယ်ထားလိုက်မယ်…”

ယီဟွေ့က သူ့ကို ကျေးဇူးတင်သော်လည်း ဒုက္ခပေးသလို ဖြစ်နေသည်ဟု ခံစားနေရဆဲပင်။ 

“နောက်ဆုံးတစ်ခေါက်တုန်းက ငါ မြို့ပေါ်ကို သွားတော့ အလောတကြီး သွားလိုက်ရလို့သာ… မဟုတ်ရင် ငါကိုယ်တိုင် သွားဝယ်ပါတယ်…”

ထိုသို့ပြောလိုက်သောအခါ ထန်ဝမ်းရှီက စိတ်ဆိုးသွား၏။ 

“ဝိုး… နောက်ဆုံးတစ်ခေါက်တုန်းက မင်း အလျင်လိုတာထက်တောင် ပိုနေခဲ့တာလေ… တစ်စုံတစ်ယောက်က ပန်းချီပြပွဲဆီတော့ သွားပေမယ့် ငါ့ဆီကိုတောင် လာပြီးမတွေ့ဘူးလေ… ငါ နေ့လည်စာ အတူတူ စားဖို့ စဉ်းစားနေတုန်းမှာပဲ သူ့ပန်းချီကားကို ယူပြီး ထွက်ပြေးသွားတာလေ… ငါ့ကို ပြောစမ်းပါဦး… မင်း အသိစိတ်က တစ်ခုခု ထိခိုက်သွားတာလား…”

ယီဟွေ့က လက်မြှောက်လိုက်ပြီး သူ့နှလုံးသားနေရာကို ထိလိုက်သည်။ 

“မနာကျင်ရဘူးလို့ ထင်တာပဲ…”

“ဟားဟားဟား…” ထန်ဝမ်းရှီက ကျယ်လောင်စွာ အော်ရယ်လိုက်၏။ “မင်း နှလုံးသားကို တကယ်သွားထိတာတော့ မဟုတ်ဘူးမလား…”

ယီဟွေ့က ရှက်ရွံ့စွာဖြင့် သူ့လက်ကို ပြန်ချထားလိုက်သည်။ “နောက်ဆုံးတစ်ခေါက်က ကိစ္စအတွက် ငါ တကယ် စိတ်မကောင်းပါဘူး… ငါ ပန်းချီကားကို ပြန်ရတာနဲ့ အိမ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ချင်ပေမယ့် ငါ လေဆိပ်ကို ရောက်တော့မှ မင်းဆီ လာမရှာခဲ့မိတာ သတိရတယ်…”

“တော်ပြီ… မပြောနဲ့တော့… မပြောနဲ့တော့…” ထန်ဝမ်းရှီမှာ ထိုစကားလုံးများကို ဆက်ပြီး သည်းမခံနိုင်လုနီးပါး ဖြစ်နေပုံ ရသည်။

 “မင်း ပိုပြီး စကားပြောလေ မင်းရဲ့နှလုံးသားထဲမှာ ငါ့အတွက် နေရာ မရှိဘူးဆိုတာ ငါ ပိုပြီး သိလာရလေလေပဲ… ထောင့်ကျဉ်းလေးမှာတောင် နေရာမရှိဘူး… သိမ်ငယ်လွန်းလို့ ငါ ငိုချင်လာပြီ…”

အကယ်၍ ယခင်ကသာ ကြားခဲ့ရမည်ဆိုပါက သူ အမှန်တကယ် ငိုချတော့မည်ဟု ယီဟွေ့ ထင်မှတ်သွားနိုင်ပေသည်။ သို့သော် မကြာမီတွင် သူက သာမန်လူသား၏ ဦးနှောက်မှ အချက်အလက်များကို စီမံဆောင်ရွက်နိုင်သည့် စွမ်းရည်နှင့် လိုက်လျောညီထွေ ဖြစ်သွားပြီး မည်သည့်စကားလုံးများမှာ ဟာသအဖြစ် ပြောခြင်းသာ ဖြစ်ကြောင်း ခွဲခြားသိလာသည့်အတွက် ထိတ်လန့်တကြား မဖြစ်တော့ပေ။

ဥပမာအနေဖြင့် ယခုအချိန်တွင် သူက မျက်လုံးများ ကွေးသွားသည်အထိ ပြုံးကာ ဖုန်းထဲသို့ ပြောလိုက်သည်။

“ဒါဆို လာလေ… ငါ့ရင်ခွင်ထဲမှာ လာငိုပေါ့…”

ထန်ဝမ်းရှီမှာ လာရန် အချိန်မရချေ။

သူက ဘွဲ့လွန်အတန်းတွင် ပညာသင်ကြားနေပြီး သူ၏ ဆရာဖြစ်သူမှာ အလွန်တင်းကြပ်လှသည်။ ဆရာက တစ်ခါတစ်ရံ သူ့ပန်းချီကားများကို လက်ညှိုးထိုးပြီး ပြော၏။ 

“ငါ့ရဲ့ သုံးနှစ်အရွယ် မြေးလေးတောင်မှ ဒီထက်ပိုပြီး ကောင်းကောင်း ဆွဲနိုင်တယ်…”

ထိုသို့ပြောခြင်းမှာ ထန်ဝမ်းရှီကို အလွန် စိတ်ဓာတ်ကျစေသည်။ ဤထူးဆန်းသော အဘိုးကြီးက တစ်ဦးကို သိသိသာသာ ချီးမွမ်းပြီး အခြားသူတစ်ဦးကို ချနင်းကာ သူ့မြေးလေး၏ အနုပညာကို ချီးမြှောက်ရန် သူ့ပန်းချီကားများကို အသုံးချသည်ဟု ထင်မှတ်ပြီး ယီဟွေ့ကို အကြိမ်ကြိမ် အခါခါ တိုင်တန်းခဲ့သည်။

ထန်ဝမ်းရှီက သူ့ဆရာအကြောင်း ပြောသည့်အခါ ယီဟွေ့က အထိန်းအကွပ်မရှိ ရယ်သော်လည်း သူ ရယ်သည့်အချိန် အသံမထွက်သည့်အတွက် ထန်ဝမ်းရှီမှာ သူ ဖုန်း၏အခြားတစ်ဖက်တွင် ရယ်နေမှန်း မသိဘဲ နောက်ထပ်အကြောင်းအရာတစ်ခုကို စကားဖြတ်၍ ပြောလေ့ရှိသည်။

ထန်ဝမ်းရှီက အကြံဉာဏ်တစ်ခု ရလာ၏။ ဖုန်းထဲတွင် စကားစမြည် ပြောဆိုပြီးတိုင်း သူဖုန်းထဲတွင် ပြောခဲ့သည်များကို မှတ်မိသေးလားဟု ယီဟွေ့ကို မက်ဆေ့ချ်ပို့ပြီး မေးလေ့ရှိသည်။ ယီဟွေ့က တစ်ချိန်လုံး သူ့မှတ်ဉာဏ်ကို တိုးတက်စေရန် ထိုနည်းလမ်းကို အသုံးပြုကာ အစီရင်ခံစာ တစ်စောင်ကဲ့သို့ စာရိုက်ပြီး ပြန်ဖြေလေ့ရှိသည်။ အွန်လိုင်းရှော့ပင်းတွင် ဈေးဝယ်ထွက်ရန်နှင့် တက်ဘလက်တစ်လုံး ဝယ်ရန်တို့ပင်။

အွန်လိုင်းရှော့ပင်းကိစ္စမှာ ဖုန်းထဲတွင် အစောပိုင်းက ပြောဆိုပြီး ဖြစ်သည်။ ထန်ဝမ်းရှီက သူ့ပတ်ဝန်းကျင်တွင် မဝယ်နိုင်သည့် ပစ္စည်းများအတွက် အွန်လိုင်းတွင် ဈေးဝယ်ထွက်ရန် သင်ယူနိုင်ပြီး ပန်းချီဆေးများ အလောတကြီး မဝယ်ရန်နှင့် ဒီဂျစ်တယ်ပန်းချီအကြောင်း အရင်ဆုံး လေ့လာရန် ပြောဆိုခဲ့သည်။ 

ယီဟွေ့မှာ ကွန်ပျူတာဖြင့် ပုံဆွဲကာ အချောသတ်ရေးဆွဲပြီးသည့်ပုံကို ကွန်ပျူတာထဲတွင် တိုက်ရိုက် သိမ်းဆည်းနိုင်ကြောင်း ကြားသိရသဖြင့် အံ့ဩနေမိသည်။ ဤအကြောင်းအရာကို သူ ယခင်က ကြားဖူးခဲ့သော်လည်း ထိုစဉ်က သူ ဗရုတ်သုတ်ခ ဖြစ်နေ၍ အခြားသူများကို ဒုက္ခမပေးချင်သောကြောင့် အချိန်ဆွဲပြီး မဝယ်ဖြစ်ခဲ့ပေ။ ယခုအခါတွင်မူ သူက ၎င်းအား နားလည်နိုင်စွမ်း မရှိမည်ကို စိုးရိမ်မနေတော့သလို အမှားလုပ်မိမည်ကိုလည်း မကြောက်နေတော့ချေ။ သူက ပို၍ သတ္တိရှိလာပြီ ဖြစ်သည်။

သူ မြို့တော်သို့ နောက်ဆုံးအကြိမ် သွားခဲ့စဉ်က ကျန်းရွှယ်မေ့မှာ သူ့ကို တစ်ယောက်တည်း လွှတ်ပေးလိုက်ရသည်ကို စိတ်မချမ်းမြေ့သလို သူကိုယ်တိုင်လည်း စိတ်ပူနေခဲ့သည်။ ရလဒ်အနေဖြင့် အတော်လေး ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး သူက လမ်းမှားသွားခြင်း မရှိသလို ပြန်ပေးဆွဲခံရခြင်းလည်း မဖြစ်ခဲ့ပေ။ သို့သော် ပန်းချီကားကို ပြန်လည်ယူဆောင်လာသည့် လုပ်ငန်းစဉ်မှာ အနည်းငယ် ကြမ်းတမ်းလှပေသည်။

ပန်းချီပြပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို တွေးမိသည်နှင့် ယီဟွေ့မှာ သူ့ပုခုံးကို အလိုလို ဆန့်လိုက်မိပြီး သူ့ကျောမှာ နံရံကို ထိမိသည်အထိ ခန္ဓာကိုယ်က အလိုလို နောက်ပြန်ဆုတ်သွားလေသည်။ ထို့နောက်မှသာ သူက အသိစိတ် ပြန်ဝင်လာ၏။

ယီဟွေ့က သူနှင့် ဘယ်သောအခါမှ နောက်တစ်ကြိမ် မဆုံနိုင်တော့ပေ။ ယီဟွေ့က သက်ပြင်းတစ်ချက် ချကာ မြို့တော် သို့မဟုတ် အက်စ်မြို့သို့ သူ မသွားသရွေ့ ထိုလူနှင့် ထပ်တွေ့ရန် မဖြစ်နိုင်တော့ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

မျက်မှောက်ခေတ် အွန်လိုင်းရှော့ပင်းစနစ်မှာ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေပြီး သူ အသစ်ဝယ်ယူထားသော ပန်းချီဆွဲသည့် တက်ဘလက်မှာ ၂၄ နာရီ မပြည့်မီ သူ့လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။

မြို့တွင်းအမြန်ပို့ဆောင်ရေးပစ္စည်းများ လာရောက်ထုတ်ယူသည့်နေရာမှာ အလယ်တန်းကျောင်းအနီးတွင် ရှိသည်။ ယီဟွေ့က အရင်ဆုံး ကျန်းယီမန့်ကို ကျောင်းကြိုပြီးနောက် ပစ္စည်းသွားယူသည့် နေရာသို့ သူမကို ခေါ်သွားရန် စက်ဘီး စီးလာခဲ့သည်။

ယီဟွေ့မှာ စက်ဘီးသိပ်မစီးတတ်သည့်အပြင် နောက်ခုံတွင် တစ်ယောက်ကို တင်နင်းလိုက်ရသောအခါ သူ့စက်ဘီးမှာ ပို၍ပင် ကောက်ကွေ့ကာ မြေပြင်ပေါ်တွင် မျဉ်းကွေးများ ရေးဆွဲမိသလို ဖြစ်နေသည်။ ကျန်းယီမန့်က သူ့အင်္ကျီစကို ထိတ်လန့်တကြား ဆုပ်ကိုင်ထား၏။

“အစ်ကိုကြီး လုပ်နိုင်ရဲ့လား… ဒါမှမဟုတ် ညီမလေးကို ဆင်းခိုင်းလိုက်ပါလား… ကိုယ့်ဘာသာ သွားပါ့မယ်…”

အိမ်သို့ ချောချောမောမော ပြန်ရောက်ပြီးနောက် ယီဟွေ့က စက်ဘီးကို သော့ခတ်ကာ သူ့လက်ကို မြှောက်၍ သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ သူက နောက်ထပ် အခက်အခဲ တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်မိလေသည်။

ကျန်းယီမန့်က သူ့ကို ပစ္စည်းထုတ်ယူသည့်နေရာ ရှာပေးပြီး သူ့ကို သူမ၏ ကွန်ပျူတာ ငှားပေးသည့်အတွက် ကျေးဇူးပြန်ဆပ်ရန် တက်ဘလက်ကို လက်ခံရရှိပြီးနောက် ယီဟွေ့၏ ပထမဆုံးအလုပ်မှာ ကျန်းယီမန့်အတွက် ကိုယ်ပွားပုံတစ်ပုံ ရေးဆွဲပေးရန်ပင် ဖြစ်သည်။

“မျက်လုံးကြီးကြီး… အသားဖြူဖြူ… အပြာရောင်ဖဲပြားနဲ့ စုချည်ထားတဲ့ ရွှေရောင်ဆံပင် အကောက်လေးတွေ… အမူအရာကတော့… ဒီတိုင်း ချစ်စရာကောင်းတဲ့ပုံစံပဲ လုပ်လိုက်ပါ… မျက်လုံးရဲ့ထောင့်နားမှာ အသည်းပုံလေး တစ်ခု ဆွဲပေး… သေးသေးလေးပဲနော်… စတိုင်ကတော့ နတ်ဘုရားမတစ်ယောက်လို ပုံစံမျိုး ဖြစ်နေရင် အကောင်းဆုံးပဲ… ဆိုလိုချင်တာက စူးရှတောက်ပတဲ့ မျက်လုံးတွေမျိုး… သိပ်ကို မာန်မာန ထောင်လွှားနေတဲ့ပုံစံမျိုး… အေးစက်ပြီးတော့ ချဉ်းကပ်ရခက်တဲ့ပုံစံ…”

သူမ၏ တောင်းဆိုချက်ကို နားထောင်ပြီးနောက် ယီဟွေ့မှာ စိတ်ရှုပ်ထွေးသွားပြီး အပြာရောင်ဖဲပြားနှင့် မျက်လုံးထောင့်တွင် အသည်းပုံဆွဲထားသည့် မာန်မာနထောင်လွှားသော နတ်ဘုရားမမှာ မည်သို့ပုံစံရှိကြောင်း စိတ်ကူးထဲတွင် ပုံဖော်၍ မရနိုင်အောင် ဖြစ်နေသည်။

သူ့ထံတွင် အခက်အခဲရှိနေသည်ကို မြင်သောအခါ ကျန်းယီမန့်က သူ့ကို ဒုတိယအခွင့်အရေး ပေးခဲ့သည်။

“တကယ်လို့ ဒီဟာက အလုပ်မဖြစ်ဘူးဆိုရင် အစ်ကိုကြီး ညီမလေးအတွက် ဟမ့်ဟမ့်ရဲ့ ကာတွန်းဗားရှင်းကို ဆွဲပေးလို့လည်း ရတယ်… ညီမလေးက အဲ့ဒါက နာမည်ကြီးခေါင်းစဉ်များမှာ တင်ပစ်မယ်…”

“ကောင်းပြီလေ…” သူမ စကားပြော၍ မပြီးသေးခင်မှာပင် ယီဟွေ့က ကမန်းကတမ်း ပြောလိုက်သည်။ “ချစ်စရာကောင်းပြီး မာနကြီးတဲ့ နတ်ဘုရားမဆိုတာက ပြဿနာမရှိပါဘူး…”

တောင်းဆိုချက်မှာ အတော်လေး အောင့်သီးအောင့်သက်နိုင်သော်လည်း သိပ်အခက်ကြီး ဆွဲစရာ မလိုပေ။ ယီဟွေ့က ဖုန်းထဲတွင် ထန်ဝမ်းရှီ ပြောခဲ့သလို “တက်ဘလက်မှာ စာရွက်နှင့်တူသည်” ဆိုသော အချက်ကို သဘောတူမိသည်။

စတင်လုပ်ဆောင်ပြီးသည်နှင့် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။ သူက တက်ဘလက်ပေါ်တွင် ပုံဆွဲသည့် နည်းစနစ်များနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုံလောက်စွာ အချိန်ယူပြီးနောက် မှောင်စပျိုးခါနီးတွင် စခရင်ပေါ်၌ အကြမ်းဖျင်း ကောက်ကြောင်းတစ်ခု ရေးဆွဲနိုင်ခဲ့သည်။

ယီဟွေ့က ဘောပင်ကို ချကာ သူ့ကုတ်အင်္ကျီကို ဝတ်လိုက်ပြီးနောက် တံခါးဖွင့်၍ တံခါးတစ်ဖက်ရှိ အန်တီချုံတို့အိမ်သို့ လျင်မြန်စွာ ပြေးဝင်သွားပြီး ဆူဖြိုးသော ငန်းအချို့ကို ကောက်ယူလိုက်သည်။

Xxxxx