အပိုင်း ၂၀.၂
Viewers 11k

Chapter 20.2

တိရစ္ဆာန်များအားလုံးအနေဖြင့် လူများနှင့် အချိန်ဖြုန်းပြီးနောက် သံယောဇဉ် တွယ်လာမည်လား ဆိုသည်ကို သူ သိချင်နေမိသည်။ အတိုချုံ့ပြောရမည်ဆိုပါက ထိုငန်းများမှာ ယီဟွေ့ကို တစ်ခါမှ မကိုက်ဖူးပေ။ ယီဟွေ့က သူ့လက်ထဲတွင် ဝါးရင်းတုတ် သေးသေးလေး တစ်ချောင်းကို ကိုင်ပြီး အဝေးမှ လမ်းလျှောက်လာသည်ကို မြင်သောအခါ သူတို့၏ အတောင်ပံများကို ဝမ်းသာအားရ တဖျတ်ဖျတ် ခတ်လိုက်ကြသည်။

ငန်းသုံးကောင်က မြစ်ကမ်းနံဘေးတွင် သူတို့ဘာသာ လမ်းလျှောက်နေကြသည်။ ယီဟွေ့က မြစ်ကမ်းပါး ခပ်နိမ့်နိမ့် နေရာတွင် ထိုင်လိုက်ပြီးနောက် ဘာမှလုပ်စရာမရှိပေ။ သူက ငန်းများ၏ အလေ့အကျင့်ကို အင်တာနက်ပေါ်တွင် စစ်ဆေးကြည့်ရန် သူ့ဖုန်းကို ထုတ်လိုက်ပြီးနောက် ဖိုရမ်ပို့စ်တစ်ခုကို နှိပ်ကြည့်လိုက်သည်။ မှတ်ချက်များအားလုံးမှာ ငန်းများက မည်မျှ ဒေါသကြီးပြီး သူတို့အကိုက်ခံရသည့်အခါ မည်မျှ နာကျင်ကြောင်းသာ ဖြစ်သည်။ လူတစ်ယောက်က သူ့ကို ငန်းတစ်ကောင်က တင်းတင်းကြပ်ကြပ် ကိုက်ခဲ့ဖူးသဖြင့် သူ့တင်ပါးပေါ်တွင် အမာရွတ်ကျန်နေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

ယီဟွေ့က ထိုမှတ်ချက်ကို ကြည့်ပြီး အနည်းငယ် အသံထွက်ရုံမျှသာ တိတ်တိတ်လေး ရယ်လိုက်သည်။ ပြုံးနေရင်း သူက မြစ်ကမ်းဘေးတွင် မြက်စားနေသည့် အဖြူရောင် ငန်းကြီးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ယခင်က တိရစ္ဆာန်လေးတစ်ကောင် မွေးမြူချင်သည့် သူ့ဆန္ဒကို အကောင်အထည် ဖော်နေနိုင်ပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားမိသည်။

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စောင့်ရှောက်ချင်သည့် သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သူက သူ့ဘေးတွင် သက်ရှိသတ္တဝါတစ်ကောင် ရှိနေရန် မျှော်လင့်နေခြင်း ဖြစ်ပြီး ထိုမှသာ အေးသောအချိန်၌ တစ်ယောက်နှင့် တစ်ယောက် နွေးနွေးထွေးထွေး ပွေ့ဖက်ထားနိုင်ပေလိမ့်မည်။

သူ့မိသားစုမှာ သာလွန်သော အခြေအနေတွင် ရှိကြောင်း အခြားသူများက တွေးထင်ကြသည်။ သူက အရည်အချင်း မပြည့်မီ၍ ကျန်ရစ်သော ဘဝတစ်လျှောက်လုံး အိမ်ထဲတွင်သာ နေနေရသော်လည်း အစာရေစာ ဝဝလင်လင် စားရရန်နှင့် နေစရာအတွက် အလုပ်လုပ်ရန်ပင်မဆိုထားနှင့် အသက်ရှင်နေထိုင်ရန်အတွက် ပိုက်ဆံရှာရမည်ကို စိုးရိမ်ပူပန်နေစရာလည်း မလိုအပ်ပေ။ 

သို့သော် ဤကဲ့သို့ အိမ်အကြီးကြီးထဲတွင် သူ တစ်ယောက်တည်း နေထိုင်ရသည်ကို မည်မျှ ကြောက်ရွံ့နေကြောင်း မည်သူမှ မသိကြချေ။ သူ ညအချိန် နိုးလာသည့်အခါ သူ့မျက်စိရှေ့တွင် ပိန်းပိတ်အောင် မှောင်မဲနေပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ အေးစက်သော မွေ့ယာကိုသာ သူ ထိတွေ့နိုင်ပေသည်။ သူ့ကိုယ်ပိုင်အသံ၏ ပဲ့တင်သံကသာ သူ့ကို အမြဲတမ်း တုံ့ပြန်နေလေ့ရှိသည်။

ထို့ကြောင့် သူ ထိုလူ အိမ်ပြန်လာသည့်အချိန်ကို အလွန် မြတ်နိုးတန်ဖိုးထားခြင်းပင်။ သူက အိပ်စက်ခြင်းဖြင့် အချိန်ကုန်သွားမည်ကို မနှစ်သက်သဖြင့် သူ့မျက်လုံးများကိုပင် မမှိတ်ချင်ပေ။ သူက ငိုက်မျဉ်းခြင်းကို ကောင်းစွာ ထိန်းချုပ်ကာ အိပ်ရာတစ်ဖက်တွင် လှဲလျောင်း၍ ထိုလူကို တိတ်တဆိတ် ငေးကြည့်ရင်း အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားရန် တောင်းပန်တိုးလျှိုးနေမိသည်။ အကယ်၍ လုံလောက်သော အနွေးဓာတ်ကို သိမ်းဆည်းထားနိုင်ပါက ပို၍ ကောင်းမွန်ပြီး ထိုမှသာ ထိုလူ ပြန်သွားသည့်အချိန် တစ်ယောက်တည်း နေထိုင်ရသည့် ရှည်လျားသော နေ့ရက်များမှာ များစွာ ခက်ခဲတော့မည် မဟုတ်ချေ။

ငန်းများကို ပြန်ပို့ပြီးနောက် ယီဟွေ့က ခွဲခွာနှုတ်ဆက်ရန် အနည်းငယ် ဝန်လေးနေမိသည်။ သူက ခြံစည်းရိုးကို ဖြတ်ပြီး အငယ်ဆုံးငန်းလေး၏ ခေါင်းကို ထိလိုက်သည်။ ထိုစဉ် ဘေးနားတွင် ရှိနေသော အန်တီချုံက တအံ့တဩ ပြောလိုက်လေသည်။

“လူစိမ်းတွေကို တွေ့ရင် အဒေါ်တို့ငန်းတွေ အထူးသဖြင့် ဒီကောင်လေးက နောက်ကလိုက်ဆိတ်တတ်တာ… သူက အရမ်းဒေါသကြီးလွန်းလို့ ဦးလေးချုံတောင် သူ့နားမကပ်ရဲဘူး… မင်းတစ်ယောက်ပဲ သူ့ခေါင်းကို ထိလို့ ရတယ်…”

ယီဟွေ့မှာ သေဆုံးပြီးနောက် အခြားသော ခန္ဓာကိုယ်တစ်ခုနှင့် နေရာချင်းလဲ၍ ဘဝသစ်တစ်ခုကို စတင်နိုင်သည့် အကျိုးကျေးဇူးအတွက် ဤကံကြမ္မာနှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။

အရာအားလုံးမှာ သစ်လွင်နေပြီး သူက အနာဂတ်တွင် လုပ်စရာ အများအပြား ကျန်နေသည့်အပြင် ရှေ့ဆက်သွားရမည့် ခရီးလမ်းမှာလည်း ရှည်လျားလှသည်။

အိမ်ပြန်လမ်းတွင် ယီဟွေ့၏ ခြေလှမ်းများမှာ ပေါ့ပါးနေခဲ့သည်။ သူက တံခါးဆီသို့ လျှောက်လာရင်း အတွင်းမှ ရယ်မောသံများကို ကြားနေရသည့်အပြင် မွှေးပျံ့သော စားကောင်းသောက်ဖွယ် ရနံ့များကိုပါ ရှူရှိုက်မိလိုက်သည်။ ယနေ့ မြို့ထဲသို့ အပြင်လူများ ရောက်လာပုံရကြောင်း အန်တီချုံ ပြောလိုက်သည်ကို သူ ချက်ချင်းပင် မေ့သွားပုံ ရသည်။

မိန်းကလေးကျန်းယီမန့်ထံ ပုံကြမ်းကို ပြသ၍ အတည်ပြုချက် ရယူကာ ချီးကျူးခံရပြီးနောက် ယီဟွေ့က ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး ပန်းချီကားများကို အွန်လိုင်းတွင် ရောင်း၍ ပိုက်ဆံရှာရန် ရည်ရွယ်ချက်ကို ထုတ်ပြောရန် ပြင်ဆင်နေပြီး စကားလုံးများကို တိတ်တဆိတ် အစီအစဉ်တကျ ပြင်ဆင်နေသည်။

ကျန်းမိသားစု၏ ငွေရေးကြေးရေး အခြေအနေမှာ သာမန်မျှသာ ဖြစ်သည်။ သူ့မိသားစုမှာ သူ့ကျန်းမာရေးအတွက် ငွေကြေးများစွာ ကုန်ဆုံးခဲ့ရပြီး ယခုအခါ သူ့တာဝန်ကို ကိုယ်တိုင် ထမ်းရန် အချိန်ကျပြီ ဖြစ်ပေသည်။ 

လက်ဖြင့်ဆွဲသည်နှင့်မတူဘဲ ဒီဂျစ်တယ်ပန်းချီဆွဲခြင်းမှာ ကွဲပြားသော ကိုယ်ပိုင်စတိုင် ရှိနိုင်ချေ နည်းပါးပြီး အသိအမှတ် ပြုခံနိုင်ရချေ မရှိပေ။

ဟင်းပွဲများကို စားပွဲပေါ်တွင် ခင်းကျင်းထားပြီး အပူပေးထား၏။ ယီဟွေ့က စကားပြောရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင် သတ္တုတံခါး အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

“ဘယ်သူလဲ…” ကျန်းရွှယ်မေ့က ပြတင်းပေါက်မှတစ်ဆင့် မေးလိုက်သည်။

တံခါးအပြင်ဘက်ရှိလူက ပြန်မဖြေဘဲ တံခါးကိုသာ နောက်ထပ် သုံးကြိမ် ခေါက်လိုက်လေသည်။

“သမီးရဲ့အတန်းဖော် ထင်တယ်… သူ နောက်နှစ်ရက်နေရင် သမီးအိမ်လာပြီး ကစားမယ်လို့ သူ ပြောဖူးတယ်…”

တံခါးဖွင့်ရန် အလောတကြီးဖြင့် ကျန်းယီမန့်က ဇွန်းကို ပစ်ချလိုက်ရာ ဟင်းချိုခပ်မိသလို ဖြစ်သွားပြီး ထိုစွပ်ပြုတ်ပူပူကြောင့် သူမ၏လက်မှာ အပူလောင်လုနီးပါး ဖြစ်သွားလေသည်။

ယီဟွေ့က မတ်တပ်ထပြီး ပြောလိုက်၏။ “အစ်ကို တံခါးသွားဖွင့်လိုက်မယ်… ထိုင်နေ သတိထားဦး…”

သူက တံခါးဆီသို့ လမ်းလျှောက်သွားပြီး သူ့လက်ကို တံခါးလက်ကိုင်ပေါ် ကိုင်လိုက်သည့်အချိန်တွင် ယီဟွေ့မှာ သူ့အကြံအစည်ကို ကျန်းရွှယ်မေ့အား လက်ခံလာအောင် မည်သို့ ပြောရမည်နှင့် ဒေါက်တာလျှို့အား မည်သို့ ပြောဆိုရမည်ကို သူ စဉ်းစားနေဆဲ ဖြစ်သည်။ သူ ပိုက်ဆံရှာရန်အတွက် ပန်းချီကား ရောင်းမည်ကို ခွင့်ပြုပါမည်လောဟု သိချင်နေသည်။

သူက တံခါးကို သတိလက်လွတ်ဖြင့် ဖွင့်လိုက်ပြီးနောက် တံခါးဘောင်မှတစ်ဆင့် ဖြာကျနေသော ခပ်မှိန်မှိန် လမ်းမီးရောင်အောက်တွင် ပထမဆုံးသူမြင်လိုက်ရသည်မှာ အရပ်မြင့်မြင့် ခပ်တောင့်တောင့် ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။

သူက မျက်လုံးကို မော့၍ ချွန်ထက်သော မေးရိုးများ၊ အနည်းငယ် ဟနေသည့် ပါးလွှာသော နှုတ်ခမ်းနှင့် ခန့်ညားနက်မှောင်သော မျက်ခုံးတို့ကို ကြည့်လိုက်သည်။

ထိုလူက လမ်းပေါ်တွင် တစ်ညတာလုံး အချိန်ကုန်ဆုံးခဲ့ပုံရသည်။ သူ၏ သပ်ရပ်ခြောက်သွေ့သော ကုတ်အင်္ကျီမှာ ကြေမွနေပြီး သူ့ပုခုံးပေါ်တွင် ပါးလွှာသော ညနှင်းမှုန်ကလေးများ ဖုံးလွှမ်းထားလေသည်။

အမြဲလိုလို အလင်းရောင် တောက်ပလေ့ရှိသော မျက်လုံးများမှာ ယခုအခါ ပင်ပန်းနွမ်းနယ်နေပြီး နှင်းရည် စိုစွတ်နေသည့် အနက်ရောင်ဆံနွယ်အချို့က ဓားသွားပုံမျက်ခုံးပေါ် ဝဲကျနေသဖြင့် သူ့နဖူးပေါ်ရှိ အနာမကျက်သေးသော ဒဏ်ရာကို ပို၍ အာရုံစိုက်မိစေသည်။

သူက အတတ်နိုင်ဆုံး ရှောင်လွှဲရန် ကြိုးစားသည့်တိုင်အောင် ယီဟွေ့မှာ သူ့ကို ညပေါင်းများစွာ အိပ်မက်ဆိုးများအဖြစ် ခြောက်လှန့်စေသော သူ့မျက်နှာပေါ်မှ ဒဏ်ရာများကို တွေ့လိုက်ရသည်။ သူ့အိပ်မက်များမှာ မျက်နှာမမြင်ရသော အမျိုးသားတစ်ယောက်က အလွန် မြင့်မားသော အမြင့်မှ ပြုတ်ကျလာသည့် မြင်ကွင်းများနှင့် ပြည့်နှက်နေပြီး သူ အိပ်ရာနိုးလာသောအခါ သူ့နှလုံးသားမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်ကာ အချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူ အသိစိတ် မလွတ်အောင် မဆွဲထားနိုင်တော့ပေ။ 

ယခုအခါတွင်မူ ထိုလူက သူ့ရှေ့တွင် ရပ်နေသဖြင့် ယီဟွေ့၏ စိတ်မှာ ဗလာကျင်းသွားပြီး မည်သည့်ကိစ္စကိုမှ မစဉ်းစားနိုင်တော့ပေ။

ထိုလူ၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်လာသည်ကို ယီဟွေ့ မြင်လိုက်ရပြီး အလွန်တရာ စိတ်အေးသက်သာရာ ရသွားဟန်ဖြင့် ပြုံးကာ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားပုံ ရလေသည်။ လေပွေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး သူ့ကို ကြီးမားသော ခွန်အားဖြင့် ရှေ့သို့ အဆွဲခံလိုက်ရကာ ထိုလူ၏ ရင်ခွင်ထဲသို့ လဲကျသွားလေသည်။

အင်အားကြီးသော လက်တစ်စုံက သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီး တစ်ယောက်နှင့် တစ်ယောက် အလွန်နီးကပ်စွာ ရှိနေသဖြင့် တစ်ဖက်သား၏ ရင်ဘတ်မှာ လျင်မြန်စွာ နိမ့်လိုက် မြင့်လိုက် ဖြစ်နေခြင်းနှင့် ပူပြင်းသော ဝင်သက်ထွက်သက်တို့ သူ့နားထဲ တိုးဝင်လာသည်ကို ယီဟွေ့ အတားအဆီး မရှိ ခံစားနေရသည်။

“ငါ မင်းကို ရှာတွေ့ပြီ…” ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းထောင့်က ယီဟွေ့၏ ဆံနွယ်များကို ဖိထားရင်း အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ယီဟွေ့၏ ခန္ဓာကိုယ်မှ ရင်းနှီးနေသော ရနံ့လေးကို လောဘတကြီး ရှူရှိုက်ရင်း အသံခပ်တိုးတိုးဖြင့် မြည်တမ်းလိုက်သည်။

“ငါ မင်းကို ရှာတွေ့ပြီ…”

Xxxxxxxx