Chapter 21.1
ယီဟွေ့၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ရင်းနှီးနေသော်လည်း မရင်းနှီးဟုထင်ရသည့် ရင်ခွင်ထဲ ပွေ့ဖက်ခံထားရ၍ အလွန်အမင်းကြောက်ရွံ့သွားပြီး ရေနက်နက်ထဲပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ပိုရုန်းကန်လေ ပိုနစ်လေဖြစ်သည်။ ဆားငန်ရေက သူ့ခန္ဓာကိုယ်တွင်းသို့ ပါးစပ်နှင့် နှာခေါင်းထဲမှတစ်ဆင့် ဝင်ရောက်လာသကဲ့သို့ အသက်မရှုနိုင်လုနီးပါးပင် ဖြစ်သွားရသည်။
သို့ရာတွင် သူဖက်ထားသောအရာက အသက်ကယ်ပေးမည့် သစ်သားတုံးမဟုတ်ပဲ သူ့ကို ငရဲသို့ဆွဲခေါ်သွားမည့်နတ်ဆိုးဖြစ်နေသည်။
ရုတ်တရက် ရုန်းကန်လိုက်ခြင်းကြောင့် ယီဟွေ့က ကျိုးကျင်ဟမ့်၏ရင်ခွင်ထဲမှ လွတ်ထွက်သွားပြီး နောက်သို့နှစ်လှမ်းဆုတ်ကာ သူ့လက်ကို အမြန်မြှောက်ပြီး အနောက်ဘက်မှ သံတံခါးကိုပိတ်ရန် ပြင်လိုက်သည်။
သို့ရာတွင် သူက လက်ကိုတံခါးဖြင့်ဖိထားသော ကျိုးကျင်ဟမ့်လောက် မမြန်ဆန်သည့်အတွက် ပိတ်ခါနီးဖြစ်နေသောတံခါးက ပြန်ပွင့်လာသည်။
ယီဟွေ့က ဘာမှမပြောပဲ တံခါးကိုသာ တွန်းနေသည်။ တံခါးပွင့်နေသည်မှတစ်ဆင့် ကျိုးကျင်ဟမ့်က သူခေါင်းငုံ့ထားပြီး တံခါးဘောင်ပေါ်မှလက်ကို မြင်လိုက်ရသည်။ သူ နာကျင်အောင်တွန်းမိမည်စိုး၍ ကျိုးကျင်ဟမ့်က တံခါးမပိတ်သွားနိုင်အောင် တားရုံသာတားလိုက်သည်။
ယီဟွေ့မှာ သူ့အမေသက်ရှိထင်ရှားရှိစဉ်က သင်ကြားပေးထားခဲ့သောအရာတစ်ခုကြောင့် ထိုသို့ပြုမူနေခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ယီဟွေ့က အလွန်နိုးနိုးကြားကြားရှိပြီး အိမ်တွင်တစ်ယောက်တည်းရှိနေချိန်တွင်လည်း တံခါးလွယ်လွယ်မဖွင့်ပေးတတ်သည်ကို သူသိသည်။ တစ်ခါက သူ့အလုပ်မှ စောစောပြန်လာချိန်တွင် တံခါးကို အချိန်အတန်ကြာ ခေါက်လိုက်ရပြီးမှ ယီဟွေ့က တံခါးလာဖွင့်ခဲ့သည်။ သူ အဘယ့်ကြောင့် နှေးတိနှေးတုံ့ပြုမူနေရသည်ကို ကျိုးကျင်ဟမ့်မေးလိုက်သောအခါ ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။
" တံခါးကို လွယ်လွယ်ဖွင့်ပေးတတ်တဲ့ကလေးတွေဆိုရင် ဝံပုလွေကြီးက လာကိုက်စားတတ်တယ်လို့ မေမေက ပြောပြဖူးတယ်... ဟွေ့ဟွေ့ ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ မင်းဖြစ်နေတာနဲ့ ချက်ချင်းပြေးလာပြီး ဖွင့်ပေးတာလေ..."
ထိုအကြောင်းကို တွေးမိသွားသောအခါ ကျိုးကျင်ဟမ့်က စိတ်အေးသွားပြီး တံခါးဝတွင်ရပ်ကာ ပြောလိုက်သည်။
" ဟွေ့ဟွေ့ တံခါးမပိတ်ပါနဲ့ဦး ကိုယ်ပါ..."
ယီဟွေ့ ကြားသည့်အခါ ပို၍ပြင်းထန်စွာတုံ့ပြန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ တံခါးကိုကို လက်နှစ်ဖက်ဖြင့်သာမက ခြေထောက်ဖြင့်သာ တွန်းထားသည်။ ကျိုးကျင်ဟမ့်က သတိလက်လွတ်ဖြစ်သွား၍ တံခါးဟနေသည့်နေရာတွင် ထိုးထည့်ထားသည့်လက်မောင်းက ညှပ်သွားသည်။ သူ ပင့်သက်ရှိုက်လိုက်မိပြီး အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
တံခါးကိုတွန်းနေသည့်ယီဟွေ့က အသံကြားသောအခါ အံ့အားသင့်သွားပြီး ငုံ့ကြည့်လိုက်ရာ ကျိုးကျင်ဟမ့်၏လက်မောင်းက တံခါးကြားထဲတွင်ညှပ်နေ၍ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။
အုတ်အော်သောင်းနင်းဖြစ်သွားသောကြောင့် အနောက်ခန်းထဲမှလူများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျန်းရွှယ်မေ့နှင့် ကျန်းယီမန့်က ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။ ကျန်းယီမန့်က တူကိုကိုက်ထားဆဲဖြစ်ပြီး သတိလက်လွတ်ဖြင့် မေးလိုက်သည်။
" ဘာဖြစ်တာလဲ တံခါးကထပ်ပျက်သွားပြီး ဖွင့်မရတော့တာလား..."
တံခါးကိုမတွန်းထားသောကြောင့် တစ်ဝက်တစ်ပျက်ပွင့်နေပြီးဖြစ်သည့်တံခါးက အတွင်းဘက်သို့ တဖြည်းဖြည်းပွင့်လာ၍ အပြင်ဘက်တွင်ရပ်နေသူကို အထဲမှလူများ။မြင်လိုက်ရသည်။
ဤတစ်ကြိမ်တွင် ထိတ်လန့်သွားရသူက ကျန်းယီမန့်ဖြစ်သည်။
သူမကိုက်ထားသောတူက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ သူမ တံခါးကိုကြည့်နေပြီး ပါးစပ်ကိုအုပ်ထားမိကာ မျက်လုံးနှစ်လုံးကိုပွတ်ပြီး ပြန်ကြည့်လိုက်သည်။ သူမ အချိန်အတန်ကြာသည်အထိ မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။ သူမ စိတ်လှုပ်ရှားလွန်း၍ မူးမေ့လဲတော့မည်ဟု ထင်ရသည်။
" အိုး... ဒါ... ဒါက ကင်မရာကို တစ်နေရာရာမှာဖွက်ထားတဲ့ ရှိုးလား..."
အဆုံးတွင်မူ မည်သူကမှ သူ့ကို အထဲမဝင်ခိုင်းလိုက်ပေ။ အိမ်ထောင်ဦးစီးဖြစ်သော ကျန်းရွှယ်မေ့က ကျိုးကျင်ဟမ့်နှင့် စကားပြောဆိုပြီးနောက် သူက အိမ်မှားလာသည်ဟုထင်ကာ တံခါးကိုပိတ်လိုက်သည်။
ခဏအကြာတွင် အပြင်ဘက်နံရံမှ မီးများပိတ်သွားပြီး ခြံဝန်းအပြင်၌ရပ်နေစဉ် မီးဖိုချောင်မီးများကို မမြင်ရတော့ပေ။ နှစ်မိနစ်ခန့်ကြာသောအခါ အပေါ်ထပ်မီးများ ပွင့်လာသည်။
ကျိုးကျင်ဟမ့်က တံခါးထပ်မခေါက်တော့ပေ။ သူ တိတ်တဆိတ်သာ ရပ်နေပြီး ပြတင်းပေါက်မှ အရိပ်များကိုကြည့်ကာ မည်သည်က ယီဟွေ့၏အခန်းဖြစ်သည်ကို မှန်းဆကြည့်နေသည်။
သူ့လက်မောင်းမှ နာကျင်မှုက ဦးနှောက်သို့ရောက်လာမှသာ အသိစိတ်ပြန်ကပ်လာသည်။ လက်မောင်းကိုမြှောက်ပြီး လှုပ်ရှားကြည့်သောအခါ အနည်းငယ်ယောင်ကိုင်းသွားသော်လည်း အကြောနေရာနှင့် အရိုးများက မထိခိုက်သွား၍ ရေးကြီးခွင်ကျယ်ဟုတ်ပုံမရပေ။
သူ့စိတ်ထဲရောက်လာသည်မှာ အစောပိုင်းက ယီဟွေ့၏ တုံ့ပြန်မှုဖြစ်သည်။ သူ့မျက်ဝန်းများထဲမှ ထိတ်ပျာမှု၊ မျက်နှာထက်မှ ကြောက်ရွံ့တုန်လှုပ်မှု၊ ရှောင်တိမ်းလိုသည့် အပြုအမူများကို တွေးမိသည့်အခါ သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်လုနီးပါးဟု ဆိုရပေမည်။
ကျိုးကျင်ဟမ့်က နာကျင်မှုကြောင့် သွေးဆုတ်ဖြူရော်လာပြီး နဖူးပြင်တွင် ဇောချွေးပြန်လာသော်လည်း နှုတ်ခမ်းကိုကော့ညွတ်ပြီး ပြုံးလိုက်သည်။
ဒီအရူးလေးက အဲ့လိုပဲ တုံ့ပြန်တာမလား... ပန်းချီပြခန်းမှာရော လေဆိပ်မှာတုန်းကရော သူအဲ့လိုပဲ တုံ့ပြန်ခဲ့တာကို မမှတ်မိပဲ နေမလား...
သူ့နည်းသူ့ဟန်ဖြင့် အတည်ပြုပြီးသည့်အခါ သူ့နှလုံးသားထဲမှ ကျောက်တုံးကြီးက မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
သူ ယမန့်နေ့က အိမ်လိပ်စာကို သိရပြီးသည်နှင့် ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်သည်။ သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးသော ဤမြို့ငယ်လေးကို သွားလာရခြင်းက သက်တောင့်သက်သာမရှိပေ။ ဤမြို့သို့ရောက်သည့် တစ်စင်းတည်းသောလေယာဉ်က နောက်နေ့မနက်အစောတွင်မှ ရှိခြင်းဖြစ်သည်။ သူ မစောင့်နိုင်တော့သဖြင့် ဆယ်နာရီကျော်စီးရသည့် ကျည်ဆန်ရထားကို တစ်ညလုံးစီးပြီးမှ ရောက်လာခဲ့ရပေသည်။
ဤနယ်မှ မြို့တစ်မြို့သို့ရောက်သည့်အခါတွင်လည်း ဤမြို့ငယ်လေးသို့ရောက်အောင် မနည်းလာခဲ့ရသည်။ သူက ခရီးသွား ဘက်စ်ကားကို အချိန်ကြာမြင့်စွာ မစီးခဲ့ဖူးပေ။ ကားဂိတ်ကိုရှာရသည်မှာလည်း နေ့တစ်ဝက်ခန့်ကြာခဲ့သည်။ နောက်မြို့တစ်မြို့ကို ရောက်သည့်အခါတွင်လည်း ဘက်စ်ကားတစ်စီး ထပ်ပြောင်းစီးရပြန်သည်။ သို့ရာတွင် ဘက်စ်ကားက လမ်းတစ်ဝက်တွင်ပျက်ပြီး ထပ်မသွားနိုင်တော့ပေ။ ကံကောင်းသည်မှာ သူက မြို့သို့သွားရန်အလျင်လိုနေသည့်လူတစ်စုက ကားတစ်စီးကိုတားနေသည်ကိုမြင်၍ ထိုလူများနှင့်အတူ ကားကြုံလိုက်ခဲ့ရပေသည်။ ထိုသို့မဟုတ်ပါက ယခုအချိန်ထိ လမ်းတွင်သာ ရှိနေဦးမည်ဖြစ်သည်။
ကားတူတူစီးလာချိန်တွင် သူနှင့်အတူ ပါလာသူများက သူ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ တစ်ညလုံးမအိပ်ရသေး၍ ညိုမည်းနေသည့်မျက်လုံးများနှင့် မျက်နှာကိုအုပ်ထားသည့်မက်စ်ဖြင့် အကောင်းဆုံးမဖုံးကွယ်ထားခဲ့ပါက ဤကမောက်ကမဖြစ်ရပ်များက မည်သည့်အချိန်အထိ ဆက်ဖြစ်နေမည်ကို မသိတော့ပေ။
ထိုအကြောင်းများတွေးမိသောအခါ ကျိုးကျင်ဟမ့်က ခါးသက်သက်ဖြင့်ပြုံးလိုက်ပြီး ဤစိတ်ဒုက္ခများဖြစ်လာရန် ထိုက်တန်သည်ဟု တွေးနေမိသည်။ အနည်းဆုံး သူ့ကိုရှာတွေ့ခဲ့ပေသည်။ ယခုအခါ ကျိုးကျင်ဟမ့်က သူ့အိမ်ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။ သူက ညစာစားပြီး ခဏအကြာတွင် အိပ်ပျော်သွားတော့မည်ဖြစ်သည်။
ဤရက်ပိုင်းအတွင်း စိတ်မလုံမခြုံဖြစ်ခဲ့ရသည်များ ပျောက်ကွယ်သွားပြီးနောက် စိတ်အေးလက်အေးဖြစ်သွားရသည်။
သူ့ဖုန်းကို ထုတ်ကြည့်လိုက်ပြီး ဖန်သားပြင်ပေါ်မှ ပြုံးနေသောမျက်နှာနှင့် အစောပိုင်းက သူ့ကို တံခါးအနားတွင်တွေ့စဉ်က ရှောင်ဖယ်သွားခဲ့သောမျက်နှာလေးကို ပြန်တွေးကြည့်မိပြီး စိတ်အားတက်ကြွသွားမိသည်။
ကျိုးကျင်ဟမ့် ခေါင်းငုံ့လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသည့်မျက်လုံးများကိုမှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
သူ့ကိုရှာတွေ့တာ တော်ပါသေးရဲ့...
သူ့ကိုရှာတွေ့ပြီဆိုတော့ အိမ်ပြန်ခေါ်သွားလို့ရပြီ...
အိမ်အပြင်ဘက်မှ အမျိုးသား၏ နှလုံးသားထဲတွင် ဗြောင်းဆန်သွားသော်လည်း အိမ်ထဲမှလူများက အေးအေးလူလူသာဖြစ်သည်။
ခြံဝန်းတစ်ဖက်ခြမ်းကို မျက်နှာမူထားသော ယီဟွေ့အခန်း၏ပြတင်းပေါက်ကိုဖွင့်ထားပေသည်။ ကျန်းယီမန့်က ညစာစား၊ ရေချိုးပြီးသည့်နောက်တွင် သူ့အခန်းထဲသို့ ဝင်လာသည်။ သူမ ပြတင်းပေါက်ဘောင်အောက်ခြေတွင်မှီပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေသည်။
" သူ မထွက်သွားသေးဘူးထင်တယ်... ဟေး အဲဒါ သူ့အရိပ်မလား... ညီမလေး အောက်ထပ်ဆင်းသွားပြီး အပြင်ဘက်ကမီး ဖွင့်လိုက်ရမလား... မဟုတ်ရင် သေချာမမြင်ရဘူး..."
စားပွဲတွင်ထိုင်နေသောယီဟွေ့က သူမကို ဟန့်တားလိုက်သည်။
" အမေ အိပ်ပျော်နေပြီ သူ့ကိုမနှောင့်ယှက်နဲ့တော့လေ...*
သူက ပြောပြောဆိုဆိုနှင့် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
" အဲ့လူထွက်သွားလောက်ပါပြီ အိမ်မှားလာတယ်လို့ ပြောလိုက်တာပဲ..."
ကျန်းယီမန့်က နှုတ်ခမ်းမဲ့ပြီး ပြန်ထိုင်လိုက်သည်။
" ဟမ့်ဟမ့်နဲ့တူတဲ့လူကိုတွေ့ဖို့က ရှားတယ် ညီမလေး နောက်တစ်ခါ သွားကြည့်လို့ မရတော့ဘူးလားဟင်..."
Xxxxxx