အပိုင်း ၂၁.၂
Viewers 11k

Chapter 21.2

ယီဟွေ့က တစ်စုံတစ်ရာထပ်ပြောချင်နေသော်လည်း ပါးစပ်ဟလိုက်ပြီးသည့်နောက်တွင် ထိုလူက ကျိုးကျင့်ဟမ်မဟုတ်ဟု မပြောနိုင်တော့ပေ။ သူ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် ပါးစပ်ပိတ်ထားလိုက်ပြီး သူ့တက်ဘလက်ဖြင့် ပုံဆွံနေလိုက်သည်။ 

သူက အာရုံစိုက်နေပုံရသော်လည်း အမှန်တွင် သူ့ဝိညာဉ်က လျှောက်သွားနေသည်။ နာရီဝက်ခန့်ကြာသည်အထိ မျဉ်းတစ်ကြောင်းဖြင့် သေချာမဆွဲနိုင်ပဲ ထိုင်နေခဲ့သည်။ 

ယနေ့ညတွင် သူ့စိတ်အခြေအနေက အားနည်းနေပြီး ပုံဆွဲရန် မသင့်တော်ဟု တွေးကာ ချည်ထိုးရန် ပြင်လိုက်သော်လည်း ပထမဆုံးချည်စနှင့်အပ်ကညိပြီး သူ့လက်တွင် စူးသွားသည်။ 

" အစ်ကိုကြီးဘာဖြစ်နေတာလဲ... ညီမလေးထက်တောင်ပိုပြီး စိတ်လှုပ်ရှားနေတာလား..."

ကျန်းယီမန့်က သူမအခန်းထဲ ပြန်ပြေးဝင်သွားပြီး ပါာစတာယူလာသည်။

" ညီမလေးပုံကို မဆွဲချင်ရင်လည်း မဆွဲပါနဲ့ ကိုယ့်ကိုကိုယ်နာအောင် လုပ်စရာမလိုပါဘူး..."

ယီဟွေ့ ခေါင်းခါပြလိုက်သောအခါ ကျန်းယီမန့်က ပြုံးလိုက်သည်။

" ညီ‌မလေးပြောထားတဲ့အချက်တွေက နည်းနည်းခက်မှန်းတော့ သိပါတယ် ဒါပေမဲ့ ကိုယ့်အရည်အချင်းတွေကို ပိုထက်လာအောင် သွေးလို့ရတယ်လေ ဟုတ်တယ်မလား..."

ယီဟွေ့က ဘာမှမပြောပဲ ပြုံးနေလိုက်သည်။

သူ ယခင်က တစ်ကြိမ်တစ်ခါမှ မလိမ်ညာခဲ့ဖူးသော်လည်း ယခုအခါတွင် တစ်ကြိမ်ပြီးတစ်ကြိမ် လိမ်ညာနေရသည်။ ပထမဦးစွာ သူ ထိုလူကိုမသိကြောင်း ပြောခဲ့ပြီး ယခုအခါတွင်လည်း ထိုလူက ကျိုးကျင်ဟမ့်မဟုတ်ဟု ပြောလိုက်မိပေသည်။ အမှန်တွင်မူ သူ ပြန်လည်မွေးဖွားလာပြီး ကျန်းယီဟွေ့အဖြစ် ဟန်ဆောင်နေစဉ်တည်းက အားလုံးကိုသာမက သူ့ကိုယ်သူပါ လိမ်ညာနေခဲ့ရခြင်းဖြစ်သည်။

ကျိုးကျင်ဟမ့် ပေါ်လာခြင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့်တူပြီး အခြားလူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်နေလိုက်သည်နှင့် ထိုလူဖြစ်မလာနိုင်ဟု ပြောနေသည်နှင့် တူပေသည်။ သူ ကြုံတွေ့ခဲ့သည်အရာများနှင့် တွေ့ဆုံခဲ့သည့်လူများက သူမေ့ပစ်ချင်သော်လည်း အလွယ်တကူ မေ့မရနိုင်သည့်အရာများဖြစ်သည်။ 

 သူက အိပ်မရနိုင်သည်အထိ စိုးရိမ်ပူပန်လာသည်

......

ယီဟွေ့ မနက်စောစောအိပ်ရာနိုးလာချိန်တွင် ကျန်းယီမန့် အပြင်ထွက်သွားသည်ကိုကြည့်ပြီး စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။ အပြင်ဘက်တွင်လည်း ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို မတွေ့ရတော့ပေ။

ထိုလူ တံခါးအပြင်ဘက်တွင် ရှိမနေနိုင်တော့ကြောင်း သူသိသည်။ ထိုလူက အထူးသဖြင့် သူနှင့် ပက်သက်လာပါက စိတ်ရှည်သည်းခံခြင်း မရှိပေ။ သူက ရံဖန်ရံခါတွင် အော်ဟစ်တတ်ပြီး စကားတစ်ခွန်းဆုံးအောင်ပင် ပြောခွင့်မပေးပေ။ 

မနေ့က တံခါးပိတ်ခံလိုက်ရပြီးတာတောင်မှ မထွက်သွားပဲ နေမယ်တဲ့လား...

ထိုအပြင် သူ့ကိုယ်သူ ယီဟွေ့မဟုတ်ကြောင်း ပြောပြခဲ့ပြီးပြီဖြစ်သည်။

ယ‌မန်နေ့က ဖြစ်ပျက်ခဲ့သည့်အရာများက သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်ရာ ယီဟွေ့ ကြက်သီးထလာမိပြန်သည်။ သူ့ ကိုယ်သူ စောင်ဖြင့်တင်းကြပ်စွာပတ်ထားလိုက်ပြီး အခန်းထဲပြန်ဝင်ကာ တံခါးလော့ချထားလိုက်သည်။ ကျန်းရွှယ်မေ့က တံခါးလာခေါက်ပြီး အဘယ့်ကြောင့် ခြံထဲတွင် ပုံဆင်းမဆွဲသည်ကို မေးလာသည်။ သူက တံခါးမဖွင့်ပဲ ဖြေလိုက်သည်။

" ဒီနေ့အေးတယ် သားအပြင်မထွက်ချင်ဘူး..."

ကျန်းရွှယ်မေ့က ငယ်စဉ်ကတည်းက ချူချာသော သားဖြစ်သူကို အချစ်ပိုခဲ့ရသည်။ သူမက စွပ်ပြုတ်ချိုချိုလေး ပြုတ်ထားခဲ့ပေးပြီးမှ အလုပ်သို့ ထွက်သွားပေသည်။ အလုပ်လုပ်နေစဉ်တွင်လည်း ယီဟွေ့ကို စွပ်ပြုတ်သောက်ရန် ဖုန်းခေါ်ပြီး သတိပေးလိုက်သေးသည်။ 

ယီဟွေ့က နေ့လယ်ခင်းအချိန်ထိ အခန်းထဲတွင် တစ်ယောက်တည်း နေခဲ့သည်။ သူ ဗိုက်ဆာလာသည့်အခါမှသာ အခန်းတံခါးဖွင့်၍ အပြင်ထွက်လာပြီး စွပ်ပြုတ်တစ်ပန်းကန်သောက်သည်။ သောက်နေစဉ်တွင်လည်း ခြံဝင်းပြင်ဘက်ကို လှမ်းကြည့်လိုက်သည့်အခါ မည်သူမှ မရှိနေကြောင်း သေချာသွားသည်။ သူ တိတ်တခိုးရယ်လိုက်ပြီး သူ့ကိုယ်သူကြောက်စိတ်ဖြစ်လာအောင် စိတ်ကူးယဉ်နေသည်အထိ အားနေလွန်းသည်ဟု တွေးလိုက်မိသည်။ စွပ်ပြုတ်သောက်ပြီးသည့်နောက်တွင် လက်ပ်တော့နှင့် တက်ဘလက်ကို အပြင်သယ်လာပြီး ခြံဝင်းထဲတွင် ပုံဆွဲရန် ပြင်လိုက်သည်။

ညနေဘက်ရောက်သည့်အခါ ယီဟွေ့က ပန်းချီဆွဲနေခြင်းတွင် အလွန်စိတ်နှစ်သွားမိ၍ မနက်အိပ်ရာနိုးစဉ်က စိုးရိမ်ပူပန်ခဲ့သည့်အရာကို လုံးဝမေ့သွားခဲ့သည်။ အချိန်ကျသည့်အခါ ရှူးဖိနပ်ကိုလဲလိုက်ပြီး အပြင်ထွက်၍ ငန်းများကို လမ်းလျှောက်ထွက်ပေးရန် ပြင်ဆင်နေသည်။ 

ခြံဝန်းတံခါးကို ဖွင့်လိုက်သောအခါ သူက အင်္ကျီကြယ်သီးတပ်နေဆဲဖြစ်၍ ခေါင်းငုံ့ထားမိသည်။ ကျန်းရွှယ်မေ့က သူ့အတွက် ကြယ်သီးများစွာပါဝင်သော ဂျာကင်မျိုးကို ဝယ်ပေးလေ့ရှိပြီး ဇစ်နှင့်အင်္ကျီများထက်ပို၍ လေလုံသည်ဟု ပြောတတ်သည်။ ယီဟွေ့က အသားမကျသေး၍ သူအပြင်ထွက်တိုင်း ကြယ်သီးတပ်ရန် အလွန်အချိန်ယူရသည်။ 

သူ အန်တီချိုး၏အိမ်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသည်ဖြစ်ရာ မျက်လုံးမှိတ်ထားလျှင်ပင် ကောင်းကောင်းလျှောက်သွားနိုင်သည်။ သို့ဖြစ်၍ လူတစ်ယောက်နှင့် တိုက်မိသောအခါ လန့်သွားရသည်။ 

ယခင်ကလည်း ဤကဲ့သို့တွေ့ကြုံခဲ့ဖူးသည်ကို သူ မှုန်ဝါးဝါးမှတ်မိနေသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က စတိုးတစ်ခုမှ ထွက်လာစဉ် သူကောက်ခဲ့သော အရုပ်ကို ကိုင်ထားခဲ့သည်။ သူ အလွန်ပျော်ရွှင်နေခဲ့၍ လမ်းကို အာရုံမစိုက်မိသောကြောင့် လူတစ်ယောက်၏ပခုံးဖြင့် ဝင်တိုက်မိသွားသည်။

 ကွာခြားခဲ့သည်မှာ ထိုအချိန်ကမူ သူ ခြေချော်ပြီး လဲကျမတတ်ဖြစ်သွားသော်လည်း ဤတစ်ကြိမ်တွင်မူ တစ်စုံတစ်ယောက်က သူ မလဲကျသွားအောင် ထိန်းပေးခဲ့ပြီး ဂရုစိုက်ရန် သတိပေးလိုက်ပေသည်။ 

ယီဟွေ့က ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ပြေးထွက်သွားပေသည်။ 

သူ သုတ်သီးသုတ်ပျာဖြစ်ပြီး အိမ်ပြန်ရမည့်လမ်းကို မရွေးချယ်မိပဲ မြစ်ဘက်သို့ ဦးတည်သွားသည့် လမ်းတစ်ခုဘက်ကို ပြေးသွားမိသည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် ယိမ်းနွဲ့နေသော ကျူပင်များကို သူ့ကို ရှင်းရှင်းလင်းလင်းမြင်ခွင့်မရပေ။ သူ့အာရုံက ရှေ့တွင်သာရှိနေပြီး ဆက်လက်ထွက်ပြေးနေသည်။ ဝေးလေကောင်းလေဟူသည့်သဘောဖြင့် အဝေးဆုံးကို ပြေးနေမိတော့သည်။ 

သူ့အနောက်မှလိုက်လာသည့် ခြေသံများကို မကြားသကဲ့သို့ သူ အဖမ်းခံရတော့မည်ကိုလည်း မသိပေ။ ထိတ်ထိတ်ပျာပျာဖြင့် လမ်းပေါ်မှ ချိုင့်ခွက်တစ်ခုကို နင်းမိပြီး ခြေချော်ကျသွားချိန်တွင် သူ့နောက်မှလူ၏ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။

ယီဟွေ့က ရုန်းကန်ရန် အခွင့်အရေးမရလိုက်သော်လည်း တွန်းထုတ်နေမိသည်။ သူ့ရှေ့မှလူ၏ရင်အုပ်ကို တွန်းနေသော်လည်း သူ့ကိုမလွတ်ပေးပေ။ သူတို့နှစ်ယောက်လုံး မြေပြင်ပေါ် လဲကျသွားရတော့သည်။ ယီဟွေ့က လက်ကောက်ဝတ်မှ ဖမ်းဆုပ်ခံလိုက်ရ၍ ထိုလူ့အပေါ် ဖိမိသွားသည်။ သူ့မျက်လုံးကို မှိတ်ထားပြီး အသည်းအသန် မတ်တပ်ထရပ်လိုက်သော်လည်း ထိုလူ၏ရင်ဘတ်ပေါ်ရောက်နေသည့် သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံထားရပေသည်။

ထိုလူက သူ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ယီဟွေ့ ထမသွားအောင် အတင်းဆွဲထားသည်။

" ဟွေ့ဟွေ့မျက်လုံးဖွင့်ပါဦး..."

ယီဟွေ့က မျက်လုံးကို ခပ်တင်းတင်းမှိတ်ထားသည်။ သူ ရုန်း၍မရသည့်အခါ အခြားလက်တစ်ဖက်ဖြင့် လူချင်းကွဲသွားအောင် တွန်းနေသည်။ ထိုလူ၏ လက်ဖမိုးကို ထိမိသည့်အခါ အသားအရည် မညီညာ‌ဖြစ်နေသည်ကို ခံစားမိသွားသည်။ ၎င်းက သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဖြင့် ကွဲပြားနေပြီး ယမန်နေ့က သူ လျစ်လျူရှု့ခဲ့သည့်မြင်ကွင်းက ခေါင်းထဲပြန်ရောက်လာသည်။ 

ထိုလူ၏နှဖူးထက်တွင် ‌ဒဏ်ရာတစ်ခုရှိနေပြီး လက်ဖမိုးတွင်လည်း အမာရွတ်ကြီး ရှိနေသည်။ ယီဟွေ့မှာ ကြောက်လန့်ဖွယ်ရာ အိမ်မက်ကြီးတစ်ခုထဲကို ပြန်ဆွဲခေါ် ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ အလွန်ကြောက်လန့်နေမိ၍ မည်သည့်အရာကိုမှ မမြင်ချင် မကြားချင်ပေ။ မြေပြင်ပေါ်မှ ခြေထောက်များကို ကန်ကြောက်နေပြီး သူ့ခန္ဓာကိုယ်ကို ပြန်ဆွဲနေသည်။ ကြောက်အားလန့်အားဖြင့် လက်ကို ပြန်ဆွဲယူထားလိုက်စဉ် အရှိန်မထိန်းနိုင်ဖြစ်သွားပြီး တစ်ခုခုကို ရိုက်မိသံက သူ့နားထဲရောက်လာသည်။ 

ယီဟွေ့ စိုးရိမ်တကြီးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့အကြည့်က ရှေ့တည့်တည့်မှ မျက်နှာပေါ် ရောက်သွားသည်။ မျက်နှာပေါ်တွင် နီရဲနေပြီးအစင်းရာများပေါ်လာသည်ကိုပါ တွေ့လိုက်ရသည်။ 

ကျိုးကျင်ဟမ့်က ပါးရိုက်ခံလိုက်ရမည်ဟု မထင်ခဲ့မိ၍ သူ့ပါးကိုသူ ပွတ်နေမိသည်။ မူလက ပူနွေးသွားသည်ဟု ခံစားလိုက်ရသော်လည်း သူ့စိတ်ထဲတွင် စိတ်ဝင်တစားဖြစ်မိသွားသည်။ 

တစ်နေ့နေ့မှာ သူပါးရိုက်ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ...

နာကျင်သွားသည့်နှုတ်ခမ်းကို ကော့ညွတ်လိုက်ပြီး ပြုံးလိုက်ချင်သော်လည်း သူ့ရှေ့မှ လူကိုမြင်သည့်အခါ မပြုံးနိုင်တော့ပေ။ 

ယီဟွေ့က ကြမ်းပြင်တွင် ဒူးထောက်နေပြီးဘောလုံးလေးတစ်လုံးသဖွယ် ကိုယ်ကိုကျုံ့ထားကာ မျက်လုံးမှိတ်ထားပြီး စကားတစ်ခွန်းမှ မပြောပေ။ သို့ရာတွင် တောင့်တင်းစွာ‌ဖြင့် သူ့ခေါင်းကိုမော့ထားပြီး မျက်နှာတစ်ခုလုံးကို ဖော်ထားသည်မှာ ပြန်အရိုက်ခံရရန် စောင့်ဆိုင်းနေသည့်နှယ် ဖြစ်နေသည်။

မှတ်ဉာဏ်များက ဒီရေကဲ့သို့ တစ်ဟုန်ထိုးဝင်ရောက်လာပြီး ကျိုးကျင်ဟမ့်က သူလုပ်ခဲ့သမျှ အရာအားလုံးကို ချက်ချင်းပြန်တွေးမိသွားသည်။ သူ ယီဟွေ့ကို ဟားတိုက်ရယ်မောကာ အားလုံးရှေ့တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး သူ့လိုအင်ဆန္ဒများ ပြည့်ဝရန်အတွက်သာ အိပ်ရာပေါ်ဆွဲခေါ်ပြီး အတူနေခဲ့မိသည်။

သူ့နှလုံးသားက ဒယ်အိုးထဲမှ ဆီများသဖွယ် ဆူပွက်လာမိသည်။ ကျိုးကျင်ဟမ့် လက်သီးတင်းတင်းဆုပ်ပြီး အံကြိတ်ထားလိုက်မိသည်။ 

လောကကြီးမှာ ဝဋ်ဆိုတာ မရှိဘူးလို့ ဘယ်သူပြောလဲ...တစ်ချိန်ချိန်မှာတော့ ကိုယ်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရတာပဲလေ...

အချိန်ကြာသွားသည်အထိ ယီဟွေ့က ထိုပုံစံအတိုင်းထိုင်နေပြီး စောင့်ဆိုင်းနေခဲ့သည်။ 

သူ အလွန်စိတ်ဂနာမငြိမ်ဖြစ်နေခဲ့၍ အသက်ရှုသံများ မြန်ဆန်နေခဲ့သည်။

သို့ရာတွင် သူမျှော်လင့်ထားသည့် နာကျင်မှုက မရောက်ရှိလာခဲ့ပေ။ ထိုအစား နွေးထွေးသောလက်တစ်ဖက်က တဖြည်းဖြည်းလှုပ်ရှားလာပြီး သူ့ကို ငြင်သာစွာ ပွတ်သပ်ပေးနေခဲ့သည်။

" မကြောက်ပါနဲ့ ဟွေ့ဟွေ့... ကိုယ့်ကို မကြောက်ပါနဲ့..."

ကျိုးကျင်ဟမ့်က သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး ‌မေးစေ့ကို မော့လိုက်စေကာ အေးသက်နေသည့် ပါးပြင်လေးနှင့် မှိတ်ထားသည့် မျက်ဝန်းများအထက်မှ တုန်ယင်နေသည့်မျက်တောင်လေးများကို ထိလိုက်သည်။

" မျက်လုံးဖွင့်ပါဦး ကိုယ်တို့အိမ်ပြန်ကြမယ်လေ..."

Xxxxxx