အပိုင်း ၂၂
Viewers 11k

Chapter 22

ကျန်းယီမန့် ထိုနေ့ည အိမ်ပြန်ရောက်လာချိန်တွင် အိမ်တွင်းရှိ လေထုအခြေအနေက ပုံမှန်မဟုတ်သည်ကို ချက်ချင်းသတိပြုမိသွားသည်။

" သမီးအစ်ကိုကြီးကို သွားမနှောင့်ယှက်နဲ့‌ဦးနော်..."

သူမ ယီဟွေ့၏ အခန်းတံခါးကို သွားခေါက်တော့မည့်အချိန်တွင် ကျန်းရွှယ်မေ့က သူမလက်ကိုဆွဲလိုက်သည်။ 

" သူ စိတ်မကြည်ဘူး... သူ့ကို ခဏလောက်တော့ တစ်ယောက်တည်း ထားလိုက်နော်..."

ကျန်းယီမန့်က မပျော်မရွှင်ဖြင့် အောက်ထပ်ပြန်ဆင်းလာပြီး စားသောက်နေစဉ်တွင်လည်း အပေါ်ထပ်ကို မော့ကြည့်နေသည်။ 

" အစ်ကိုကြီးက အောက်ဆင်းလာပြီး ထမင်းမစားတော့ဘူးလား..."

" ရှူး..."

ကျန်းရွှယ်မေ့က သူမကို အသံလျှော့ခိုင်းလိုက်သည်။ 

" ပြဿနာမရှာနဲ့ဦး သူ စိတ်ငြိမ်သွားရင် အောက်ဆင်းပြီး ထမင်းလာစားမယ်ပြောတယ်..."

ကျန်းယီ‌မန့်က သူမအမေပြောချင်သည်ကို သိသွားသည်။

" စိတ်ငြိမ်သွားရင်ဆိုတော့ ဘာဖြစ်ခဲ့လို့လဲ..."

ကျန်းရွှယ်မေ့က ခေါင်းခါပြပြီး သူမလည်းမသိကြောင်း ပြောလိုက်သည်။ 

သူမသား ပြန်လာချိန်က နီရဲနေသည့်မျက်လုံးများကို ပြန်တွေးမိသွားသည့်အခါ အားလုံးထက်ပို၍ စိတ်မရှည်လက်မရှည်ဖြစ်ကာ ထိုအကြောင်းကို သိချင်ခဲ့သော်လည်း မေးလိုက်မိပါက အကျိုးသက်ရောက်မှုက ဆန့်ကျင်ဘက်ဖြစ်သွားမည်ကို သိပေသည်။ သို့ဖြစ်၍ သူမက အဆင်ပြေချင်ဟန်ဆောင်ပြီး သင့်တော်သည့်အချိန်တစ်ခုရောက်ကာမှ အေးအေးလူလူမေးမည်ဟု တွေးလိုက်မိသည်။

အပေါ်ထပ်အခန်းထဲတွင်မူ ယီဟွေ့က အ်ိပ်ရာပေါ်တွင်ထိုင်နေပြီး တစ်ကိုယ်လုံး ခေါင်းမှခြေဖျားအထိ စောင်ဖြင့် ရစ်ပတ်‌ထားပေသည်။ 

သူ့ထံတွင် အလွန်ငယ်ရွယ်စဉ်အချိန်တည်းက ထိုအကျင့်မျိုး ရှိခဲ့သည်။ သူ့မိဘများ သူ့ကြောင့် စကားများကြပြီး သူ့အမေက သူ့ကိုဖက်ထားပြီး ငိုယိုနေချိန်နှင့် အခြားကလေးများက သူ့ကိုအနိုင်ကျင့်၍ ပြန်မပြောပြချင်သည့်အခါမျိုးတွင် တစ်ကိုယ်လုံးကို စောင်ဖြင့်ပတ်ထားလေ့ရှိသည်။

အမှောင်ထုထဲ နစ်မြုပ်သွားသော စိတ်ခံစားချက်က သူ့ကို လုံခြုံမှု ပေးစွမ်းနိုင်ပေသည်။ ဤကမ္ဘာငယ်လေးထဲတွင် သူတစ်ယောက်သာရှိသည်။ မည်သူကမှ သူ့ကို ဆူပူကျိန်းမောင်းခြင်း မရှိသကဲ့သို့ မည်သူကမှလည်း သူ့ကို အထူးအဆန်းသဖွယ် မကြည့်ပေ။ သူ ပုန်းအောင်းချင်စိတ်ရှိနေသရွေ့ မည်သူမှ သူ့ကို ရှာမတွေ့ကြပော

အစောပိုင်းက သူ့အပြုအမူက အလိုလိုဖြစ်သွားခဲ့ရခြင်းပင်။ သူ ထိုလူကို မမြင်တွေ့ချင်သကဲ့သို့ ထိုလူ သူ့ကိုတွေ့သွားမည်ကိုလည်း မဖြစ်စေချင်ခဲ့ပေ။ မျက်လုံးများမှိတ်လိုက်ထားလိုက်ပြီး သူ့ခေါင်းကို သဲထဲဝင်သွားသည်အထိ မြှုပ်ထားချင်ခဲ့သည်။ သူက အမှားကို ဝန်ခံရသည်ကို အသားကျနေ၍ အပြစ်ပေးမည်ကို စောင့်ဆိုင်းနေခဲ့မိသည်။ ၎င်းက သူ့အမှားမဟုတ်ပဲ မိမိကိုယ်ကို ကာကွယ်လိုက်မှုသာ ဖြစ်သော်လည်း တစ်ကိုယ်လုံးတောင့်တင်းပြီး စောင့်ဆိုင်းနေခဲ့သည်။ 

ထိုလူထိခဲ့သောပါးပြင်က ယခုအချိန်ထိ ပူနွေးနေဆဲဖြစ်သည်။ ယီဟွေ့က လက်တစ်ဖက်မြှောက်ပြီး ပုံမှန်မဟုတ်ပဲ ပူနွေးနေသည့်အသားအရည်လေးကို ထိလိုက်သည်။ တစ်ချက်ထိလိုက်ရုံဖြင့် သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်ရပြီး သူ့ကိုယ်သူ စောင်ဖြင့်တင်းကြပ်စွာ ရစ်ပတ်ထားလိုက်သည်။ 

သူ့အမြင်အာရုံက ဝေဝါးနေသော်လည်း စိတ်ထဲတွင် လွန်စွာရှင်းလင်းနေပေသည်။ အစောပိုင်းက သု့အပြုအမူက အပိုလုပ်မိသွားသည်ကို သူသိသည်။ 

သူက အပြင်ထွက်သည်နှင့် ရင်မော့ခေါင်းကော့၍ လျှောက်လှမ်းရဲပြီး တစ်စုံတစ်ယောက်ကိုတွေ့သည်နှင့် ထွက်မပြေးပဲ ဂုဏ်သိက္ခာရှိရှိဖြင့် " ကျွန်တော့်နာမည်က ကျန်းယီဟွေ့ပါ " ဟု ဖြေရဲရမည်ဖြစ်သည်။ 

သူက ယခုချိန်၌ ကျန်းယီဟွေ့ဖြစ်နေပြီး အရာအားလုံးကို ကြောက်လန့်နေခဲ့သည့် သနားစရာယီဟွေ့မဟုတ်တော့ပေ။ 

ယခုသူ့ထံတွင် နားခိုရာအိမ်ရှိပြီး မိသားစုလည်းရှိနေပြီးဖြစ်ရာ ယခင်ကဲ့သို့ ကြီးမားအေးစက်ပြီး ပြန်လာမည့်သူမရှိသော ဗလာကျင်းနေသည့်အိမ်ကြီးထဲတွင် တစ်နေကုန်စောင့်ဆိုင်းနေရန် မလိုအပ်တော့ပေ။ 

ထိုသို့တွေးလိုက်သောအခါ ယီဟွေ့စိတ်ထဲတွင် သတ္တိရှိလာသည်။ သူ့ဖုန်းကိုယူလိုက်ပြီး သူ့အစ်ကိုနှင့် မရီးဖြစ်သူတို့ ယခုနောက်ပိုင်း မည်သို့နေထိုင်နေကြသည်ကိုလည်း သိချင်နေမိသည်။ သူ ထန်ဝမ်းရှီကိုလည်း ဖုန်းခေါ်ချင်သည်။ သူ အိမ်ပြန်လာချိန်တွင် ထန်ဝမ်းရှီက သူ့ကိုဖုန်းခေါ်ခဲ့သော်လည်း စကားတစ်ခွန်းမှမပြောပဲ ဖုန်းချပစ်ခဲ့သည်။ သူ ဖုန်းပြန်ခေါ်ပြီး အဆင်ပြေကြောင်း ပြောပြရပေဦးမည်။။

စောင်ထဲမှ သူ့လက်ဆန့်ထုတ်လိုက်ပြီး ဖုန်းကိုထိလိုက်သည်နှင့် ရုတ်ချည်းတုန်ခါသွားမှုကြောင့် သူ့လက်ချောင်းများ ထုံကျဉ်သွားသည်။ 

၎င်းက အမည်မသိနံပါတ်တစ်ခုမှ မက်ဆေ့တစ်စောင်ဖြစ်သည်။ 

[ အဆင်ပြေသွားပြီလား... ]

ယီဟွေ့ ဇဝေဇဝါဖြစ်သွားသည်။ သူ့အကြည့်များက ဖုန်းနံပတ်ပေါ်ရောက်သွားပြီး ထိုနံပါတ်အတွဲများကို မှတ်မိနေသောကြောင့် တုန်ယင်သွားပြီး ဖုန်းခေါ်ဆိုမိလုနီးပါးဖြစ်သွားရသည်။

သူ စာမပြန်သည့်အပြင် စာပြန်လိုစိတ်လည်း မရှိပေ။ သို့ရာတွင် မက်ဆေ့များက တစ်စောင်ပြီးတစ်စောင် ရောက်လာသည်။

[ ကိုယ် ခုနက မင်းကိုကြောက်အောင်လုပ်မိသွားတယ် စာပို့တာက ပိုအဆင်ပြေလားဟင် ]

[ ဒီနံပါတ်က ကိုယ်ယုံရတဲ့လူတစ်ယောက်ကို စုံစမ်းခိုင်းထားတာပါ မကြောက်သွားနဲ့နော် ]

ယီဟွေ့က ထိုစာများကို အကြိမ်ပေါင်းများစွာဖတ်နေသော်လည်း "ကြောက်တယ်" ဟူသောစကားက မည်သည့်အရာကို ဆိုလိုကြောင်း နားမလည်ပေ။

နားလည်ရန်လည်း မလိုအပ်တော့ပေ။ 

သူ ဖုန်းပိတ်လိုက်သည်။ 

ထို့နောက် ယီဟွေ့က ကျန်းယီမန့်၏ အခန်းထဲသွားကာ သူမလက်ပ်တော့ကို ငှားယူလိုက်ပြီး သူသိလိုသည်များကို အင်တာနက်ပေါ်တွင်ရှာဖွေပြီး ထန်ဝမ်းရှီအတွက် မက်ဆေ့တစ်စောင် ပို့ထားလိုက်သည်။ 

ကျန်းယီမန့်က ဘေးနားမှနေ၍ သူ့ကိုအချိန်အတန်ကြာစိုက်ကြည့်နေပြီးနောက် အနားကပ်လာကာ မေးလိုက်သည်။

" အစ်ကိုကြီး အဆင်ပြေရဲ့လား..."

ယီဟွေ့ မျက်တောင်ခတ်လိုက်သည်။

" ဘာဖြစ်လို့လဲ..."

" ဘာမှမဖြစ်ဘူးဆိုရင် တော်သေးတာပေါ့..."

ကျန်းယီမန့်က တည့်တိုးပြောလိုက်သည်။ ယီဟွေ့အဆင်ပြေသည်ဟုပြောလျှင် သူမ ယုံကြည်ပေသည်။ သူမ ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်ပြီး မျက်ခုံးပင့်ကာ လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

" ဒါဆို ညီမလေးရဲ့ အာဗာတာနတ်ဘုရားမ..."

ယီဟွေ့ သူမခေါင်းကိုပုတ်ပြီး ပြုံးပြကာ ကတိပေးလိုက်သည်။

" မနက်ဖြန်နော်... မနက်ဖြန်ဆိုရပြီ..."

နောက်နေ့မနက် သူ မျက်လုံးပွင့်လာချိန်တွင် ပြတင်းပေါက်ကိုဖွင့်ပြီး လတ်ဆတ်သောလေများ ရှုသွင်းလိုက်သည်။ ယခုအခါ ပိုမိုအဆင်ပြေသွားပြီဖြစ်သည်။ 

ယီဟွေ့မှာ ယမန်နေ့က သူအလွန်ရူးနှမ်းစွာ ပြုမူမိလိုက်သည်ဟု ခံစားလိုက်ရသည်။ ထိုလူ၏ စကားလုံးများကြောင့် စိတ်ရှုပ်ထွေးသွားပြီး ငတုံးတစ်ကောင် ပြန်ဖြစ်သွားခဲ့သည်။

မနက်စာစားပြီးနောက်တွင် ကျန်းယီမန့်ကို သူအဆင်ပြေကြောင်း ထပ်ခါထပ်ခါ အာမခံလိုက်သည်။ ယီဟွေ့က သူတစ်ယောက်တည်း အချိန်ကုန်ဆုံးလိုက်ပေသည်။ 

နေ့လည်ခင်း အပြင်ထွက်မည့်အချိန်တွင် သူ တွန့်ဆုတ်နေမိဆဲဖြစ်သည်။ တံခါးနားမှ မှန်တွင် ငါးမိနစ်ခန့် ရပ်တန့်နေခဲ့ပြီး မှန်ထဲမှလူကိုကြည့်ကာ သူက ယခင်ယီဟွေ့မဟုတ်ကြောင်း သေချာအောင်လုပ်နေခဲ့သည်။ 

သူ လမ်းမပေါ်ရောက်သည်နှင့် ထိုလူက ယမန်နေ့က အဝတ်အစားများပင် ဝတ်ဆင်ထားပြီး လမ်းထောင့်မှပေါ်လာပြီး သူ့နောက်မှ ပေါ်ပေါ်ထင်ထင်လိုက်လာသည်။

ပုန်းကွယ်နေလျှင်လည်း အသုံးမဝင်သည်ဖြစ်ရာ သူ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ 

ထိုသို့တွေးလိုက်သည့်အခါ ယီဟွေ့က အကြောက်တရားကို တွန်းလှန်နိုင်သွားပြီး လက်ဦးမှုယူ၍ ပြောလိုက်သည်။ 

" မင်းကို မနေ့ကရိုက်မိတာ တောင်းပန်ပါတယ်..."

ယီဟွေ့ဘက်မှစပြီး သူ့ကိုစကားပြောလာသည်သာမက ထိုသို့သောစကားမျိုးပြောလိမ့်မည်ဟု မထင်ထား၍ ကျိုးကျင်ဟမ့် ခဏတာထိတ်လန့်သွားသည်။

" ရပါတယ် မင်းဘက်က တမင်လုပ်တာမှ မဟုတ်တာ..."

ရုတ်ချည်းပြောလာသည့် စကားတစ်ခွန်းကြောင့် သူပြင်ဆင်လာသည့်စကားများက ကမောက်ကမဖြစ်ကုန်သည်။ ကျိုးကျင်ဟမ့်က တစ်စုံတစ်ယောက်ကို ချော့မော့ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်၍ သူ နေရထိုင်ရခက်နေသည်မှာ မလွဲဧကန်ဖြစ်သည်။ အချိန်အတန်ကြာမှသာ သူ စကားနောက်တစ်ခွန်းပြောနိုင်သည်။

" မနေ့က ကိုယ်ပို့တဲ့မက်ဆေ့တွေ ဖတ်သေးလား..."

ယီဟွေ့ သူ့ကို အကြည့်မလွှဲပေ။

" အင်း..."

" ဒါ... ဒါဆို ဘာလို့စာမပြန်တာလဲ..."

သူစိတ်ထင်လိုက်သည်က ဟုတ်မဟုတ် မသိသော်လည်း အစ်အောက်မေးနေသည့်လေသံအပြင် မခံမရပ်နိုင်ဖြစ်သွားသည့် အရိပ်အယောင်ကို ယီဟွေ့ ကြားလိုက်ရသည်။ 

သူက ကျိုးကျင်ဟမ့်ကိုမကြည့်ပဲ ‌ထိုနေရာတွင်သာရပ်နေပြီး သဘာဝကျကျလေသံဖြင့် ပြောလိုက်သည်။ 

" ငါက ဘာလို့စာပြန်ရမှာလဲ..."

ကျိုးကျင်ဟမ့် လန့်သွားပြန်သည်။ ၎င်းက သူမျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်။ ယီဟွေ့ ဒေါသထွက်ကာ ဝမ်းနည်းနေပြီး ငိုယိုနေမည်ဟု ထင်ထားခဲ့သည်။ သူက ယီဟွေ့ စိတ်တိုင်းကျရိုက်နှက်သည်ကိုခံရန်ပါ အဆင်သင့်ပြင်ထားခဲ့သည်။ သို့ရာတွင် ဤမျှ အေးစက်စိမ်းကားနေသည့်ယီဟွေ့ကို ရင်ဆိုင်ရမည်ဟု စိတ်မကူးထားခဲ့ပေ။

အလွန်အေးစက်နေသည်မှာ သူ တစ်ခါမှ မသိခဲ့သည့်လူကဲ့သို့ ဖြစ်နေသည်။ 

သူ သင်္ကာမကင်းဖြစ်နေသည်ကိုတွေ့၍ ယီဟွေ့ ချက်ချင်းပြောလိုက်သည်။ 

" ငါ မင်းကိုမသိဘူး ငါ့နောက် မလိုက်လာနဲ့..."

.....

ဆောင်းဦးနေ့လည်ခင်းနေရောင်ခြည်က လင်းလက်တောက်ပနေပြီး လေထဲတွင် တောင်ပိုင်း၏ စိုထိုင်းမှုဖြင့် ပြည့်နေသည်။

ကျိုးကျင်ဟမ့်က ဤမြို့ငယ်လေး၏ တစ်ခုတည်းသောဟိုတယ်မှ ရေအေးအေးဖြင့်သာ မျက်နှာသစ်ခဲ့ရသည်။ သူ စင်ပေါ်မှ ပဝါကိုယူပြီး မျက်နှာသုတ်ရန် ပြင်လိုက်ချိန်တွင် မှိုနံ့ပြင်းပြင်းက သူ့နှာခေါင်းဖျားအထိ ရောက်လာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပဝါကို ဘေစင်ထဲ ပစ်ချကာ ရေများစီးကျနေလျက် အပြင်ထွက်သွားပြီး ဖုန်းခေါ်လိုက်သည်။ 

တပီပီအသံပေါင်းများစွာထွက်ပေါ်လာပြီးမှ တစ်ဖက်ကလူက နှေးတိနှေးတုံ့ဖြင့် ဖုန်းကိုင်လာသည်။ 

" သခင်လေး အခုရော ဘာများအလိုရှိလဲ မေးလို့ရမလား..."

ကျိုးကျင်ဟမ့်က ယခုချိန်တွင် စိတ်မကြည်မလင်ဖြစ်နေသော်လည်း အောက်ကျနောက်ကျခံပြီး အကူအညီတောင်းလိုက်ရသည်။ 

" သူ ဖုန်းပိတ်ထားတယ်... တခြားဆက်သွယ်လို့ရမယ့်နည်းလမ်းတစ်ခုခုများ ရှိမလားလို့ ကျေးဇူးပြုပြီး စုံစမ်းပေးပါဦး..."

" ယို့... မင်း အဲဒီကို ရောက်နေတာပဲ... ဘာနည်းလမ်းနဲ့ ဆက်သွယ်ချင်သေးတာတုန်း..."

ယန်ချန့်ရွှမ်က ထူးဆန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။ 

ကျိုးကျင်ဟမ့် မျက်လွှာချလိုက်သောအခါ ရေစက်အနည်းငယ်က သူ့ပါးပြင်ပေါ်မှ စီးကျလာသည်။

" သူက ငါနဲ့ မတွေ့ချင်ဘူးထင်တယ်..."

" ဟေး ငါ့ကို မပြောပြနဲ့ဦး ငါမှန်းကြည့်မယ်..."

ယန်ချန့်ရွှမ်က စိတ်ဝင်တစားဖြစ်သွားပုံပေါ်သည်။ 

" သူက ယီဟွေ့မဟုတ်ဘူးလို့ပြောတယ် မလား..."

ကျိုးကျင်ဟမ့်က အသံခပ်အုပ်အုပ်ဖြင့် "အင်း" ဟု ပြောလိုက်ချိန်တွင် သူ့မျက်ခွံများပင် တုန်ခါသွားရသည်။ 

ယန်ချန့်ရွှမ်က စိတ်လှုပ်တရှားဖြင့် စားပွဲကိုရိုက်လိုက်သည်။ 

" ငါ မပြောခဲ့ဘူးလား... သူသာ ဟုတ်တယ်လို့ပြောရင် အဲဒါသရဲပဲ... ငါ အစတည်းက အတည်ပြုခဲ့ပြီးသားပါ... လူပုံစံက နည်းနည်းဆင်နေတဲ့အပြင် နာမည်ကလည်း တူနေလို့ပါ... တခြားလူတွေကို မယုံတာတော့ ဘာမှမဖြစ်ပေမယ့် ငါ့ကို မယုံလို့ မရဘူးလေ...မင်း မျက်စိကန်းနေတာလား ဒါမှမဟုတ် ရူးနေတာလား... ဒီလူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တစ်စက်မှ မပတ်သက်တာ‌တောင်မှ မင်းက လူတစ်ယောက်တည်းလို့ ပြောနေသေးတယ်နော်..."

ပုံမှန်အချိန်တွင်မူ ကျိုးကျင်ဟမ့်ကို မည်သူမဆို ဤသို့ ထေ့ငေါ့ပြောမိပါက သူ ဒေါသမီးတောက်နေမည်ဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင်မူ သူ သည်းခံနေရရုံသာမက ယန်ချန့်ရွှမ်ပြောလိုက်သည်များကိုပါ မကြားဟန်ပြုနေလိုက်သည်။

"ကျေးဇူးပြုပြီး တခြားဆက်သွယ်လို့ရမှာလေးတွေ ရှာပေးပါဦး ဝေ့ပေါ်ဖြစ်ဖြစ်၊ QQဒါမှမဟုတ်Wechatတို့ ဘာတို့ရော... အဲဒါတွေအားလုံးက နာမည်အရင်းနဲ့ပဲ သုံးရတာလေ..."

" ကျိုးကျင်ဟမ့်..."

ယန်ချန့်ရွှမ်က ဝါးလုံးကွဲရယ်မောနေပြီး သူပြောနေသည်ကို ဖြတ်ပြောလိုက်သည်။ 

" အိမ်မက်ကနေ နိုးလာလိုက်တော့ သူက သေသွားပြီလေ... ယီဟွေ့က သေပြီ...သူ့ကို သဂြိုဟ်စက်ထဲတောင်ထည့်ပြီး သဂြိုဟ်လိုက်ပြီလေ... မင်း အရိုးပြာလိုချင်ရင်တော့ တောင်ပိုင်းက မြေပုံပေါ်တောင်မရှိတဲ့ မြို့လေးကို သွားမယ့်အစား သူ့မိသားစုကိုတောင်းပေါ့... ငါ့ခေါင်းကိုပါ မြည်းအကန်ခံထားရတယ်လို့ ထင်နေလား... ငါ မင်းအတွက် လိပ်စာနဲ့ ဖုန်းနံပါတ် ရှာပေးလိုက်တယ်ဆိုတာ မင်း အမြင်မှန်ရပြီး ပြန်လာအောင်လေ ဒီ‌ သောက်..."

" အဲဒါသူပဲ..."

ကျိုးကျင်ဟမ့်၏ ရိုးစင်းသောစကားလုံးများက တစ်ဖက်လူ၏ဒေါသကို ဟန့်တားလိုက်သည်။

" ငါ မှားစရာအကြောင်း မရှိဘူး..."

ယန်ချန့်ရွှမ်က ဒေါသတကြီးဖြင့် ဖုန်းချလိုက်၍ ကျိုးကျင်ဟမ့်က အခြားနည်းလမ်းတစ်ခု ရှာရတော့သည်။ ယီဟွေ့ မပျောက်သွားမီက သူ့ကိုကူရှာပေးသည့်လူကို ဆက်သွယ်ပြီး ဤစုံစမ်းစစ်ဆေးမှုတွင် ကူညီပေးရန် တောင်းဆိုလိုက်သည်။

လူ့အသိုင်းအဝိုင်းထဲတွင် ဆက်ဆံရေးက အရာအားလုံးဖြစ်နေချိန်၌ လူတစ်ယောက်က စကားလုံးများကိုသာ မျက်စိစုံမှိတ်ယုံ၍ မရပေ။ ထိုလူမှာ သူနှင့်ယီဟွေ့က လက်ထပ်ထားသူများ မဟုတ်တော့ကြောင်း သိသည့်အခါ သူ့ကို မျက်နှာသာမပေးတော့ပဲ အပြုအမူကလည်း ပြောင်းလဲသွားသည်။ ကျိုးကျင်ဟမ့်က သူ့အမူအရာကို မမြင်နိုင်သော်လည်း ဝတ်ကျေတန်းတန်းကျေလေသံကို ကြားရသေးသည်။ ကျိုးကျင်ဟမ့်က ငွေပမာဏတစ်ခုကို တည့်တိုးပြော၍ ကမ်းလှမ်းလိုက်ကာမှ ထိုလူက တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။

နောက်ဆုံးတွင်လည်း သူက ကျိုးကျင်ဟမ့်ကို အကြံပြုရန် မမေ့ခဲ့ပေ။

" ငွေဆိုတဲ့အရာကို တစ်လောကလုံးကတော့ တပ်မက်ကြတာပဲ... ငါတို့မိသားစုနှစ်ခုအကြား နှစ်ပေါင်းများစွာ ဆက်ဆံရေးက ပြဿနာမဟုတ်ပါဘူး... သခင်လေးကျိုးက ကြည့်ကောင်းတဲ့လူပဲ သိပ်မကြာခင် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခု ပြန်ထူထောင်လို့ရပါတယ် အချိန်ကျလာရင်တော့ လက်လွှတ်သင့်တဲ့အရာတွေကို လက်လွှတ်နိုင်အောင် ကြိုးစားပါ..."

ဖုန်းချပြီးသောအခါ ဖုန်းမျက်နှာပြင်ပေါ်၌ ယီဟွေ့၏ ဓာတ်ပုံလေးက ပြန်လည်နေရာယူသွားသည်။ ကျိုးကျင်ဟမ့်က အိမ်မွေ့ချခံလိုက်ရသည့်နှယ် ထိုပုံကို စိုက်ကြည့်နေသည်။ 

အမှန်တွင် သူတို့နှစ်ယောက်၏ ပုံပန်းသွင်ပြင်၊ မျက်နှာ၊ အမူအကျင့်နှင့် စကားပြောပုံများက တစ်ထပ်တည်းကျနေသည်လည်း မဟုတ်ပေ။ ကျိုးကျင်ဟမ့်က အရိုက်ခံလိုက်ရသည့် မျက်နှာ‌မှနေရာကို ထိကြည့်လိုက်ပြီး ယမန်နေ့က ဖြစ်ပျက်ခဲ့သည်များက သူ၏ ဗရမ်းပတာအိမ်မက်များဟု စတင်သံသယဝင်စပြုလာသည်။ 

အကျိုးအမြတ်ကို တွက်ချက်တတ်သည့် ကုန်သည်မိသားစုတွင် ကြီးပြင်းလာသည့်အတွက် သူက မည်သည့်အရာကိုမဆို တန်ဖိုးဖြတ်တတ်သူဖြစ်သည်။ "ဘယ်လိုအလုပ်ကိုလုပ်ရင် အချိန်နဲ့ အားစိုက်ထုတ်မှတွေ ကုန်ရတာ ထိုက်တန်မလဲ" ဟူသောမေးခွန်းကာသူ့ခေါင်းထဲ အမြဲရှိနေသည်။ 

သူက ဤသို့သော အတွေးအမြင်မျိုးကို အထင်သေးသော်လည်း ဤတွေးခေါ်မှု၏ လွှမ်းမိုးမှုအောက်တွင် ကြီးပြင်းလာခဲ့ရသည်မှာ မငြင်းဆန်နိုင်ဖွယ်ရာဖြစ်သည်။ မည်သည့်နေရာတွင် ပညာတက်သင်ရမည်၊ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ရမည်၊ သူ့မိသားစုမှ စီစဉ်သည့် လက်ထပ်ပွဲကို လက်ခံရမည် အစရှိသဖြင့် သူ လုပ်သမျှအရာအားလုံး၏တန်ဖိုးကို သူ့စိတ်ထဲတွင် အလိုလိုတွက်ချက်နေခဲ့မိသည်။ 

သို့ရာတွင် ဤကိစ္စကမူ ထိုအရာများနှင့် ကွဲပြားခြားနားနေတော့သည်။ သူ ရရှိမည့် အကျိုးအမြတ်များ၊ ဆုံးရှုံးသွားမည်များကိုပင် မတွေးတောနိုင်တော့ပေ။

သူ ထိုသို့လုပ်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ယီဟွေ့မရှိပါက အသက်ရှုနေရသည်ကပင် အသုံးမဝင်တော့ချေ။

အကယ်၍ ယခုဖြစ်ပျက်နေသည်များက အမှန်ပင် အိမ်မက်ဖြစ်နေခဲ့ပါက သူ မည်သည့်အခါမှ နိုးထမလာချင်တော့ပေ။

Xxxxx