အပိုင်း ၂၃
Viewers 11k

Chapter 23

စကားတည်သောအစ်ကိုကြီးဖြစ်သည့်ယီဟွေ့က နောက်တစ်နေ့တွင် တက်ဘလက်ဖြင့်ဆွဲထားသော အာဗာတာပုံကို ကျန်းယီမန့်၏ဖုန်းထဲ ပို့ပေးခဲ့သည်။ 

ပုံကြမ်းကို တစ်လျှောက်လုံး သေသေချာချာကြီးကြပ်ခဲ့သည့် ကျန်းယီမန့်မှာ ဖန်တီးသူထက်ပို၍ ထူးချွန်သည်ဟု ပြောရပေမည်။ သူမ ထိုအာဗာတာပုံကို သူငယ်ချင်းများရှိရာ gp chatများထဲ ပို့လိုက်ပေသည်။ အခြားသူများ မေးသည့်အခါ ဝမ်းမြောက်ဝမ်းသာဖြင့် ပြန်ဖြေသည်။

" ငါ့အစ်ကိုက ငါ့အတွက် ဆွဲပေးထားတာ..."

ယီဟွေ့ကလည်း သူမပျော်ရွှင်နေသည်ကိုမြင်ပြီး သူ့စိတ်အခြေအနေလည်း တိုးတက်လာသည်။ ခြံဝန်းထဲမှ ပန်းများကို ရေလောင်းနေပြီးနောက် ပန်းပင်များအတွက် ဓာတ်မြေဩဇာများဝယ်ရန် သတင်းအချက်အလက်များကို အင်တာနက်မှ ရှာဖွေနေသည်။ ကျန်းယီမန့်မြင်သည့်အခါ ဖုန်းများကိုလည်း online shopping လုပ်ရန် အသုံးပြုနိုင်ကြောင်း လာပြောပြသည်။ တစ်ရက်နှင့် တစ်ညတာ ပိတ်ထားခဲ့သည့်ဖုန်းကို ပြန်ဖွင့်လိုက်သည့်အခါ မက်ဆေ့ပေါင်းများစွာ တစ်ပြိုင်နက် ဝင်လာသည်။ 

[ အိပ်ပျော်သွားပြီလား ]

[ မင်းအခန်းမီးပိတ်သွားပြီပဲ အိပ်နေပြီထင်တယ် ကောင်းသောညပါ ]

[ Good morning ဒီနေ့နေသာတယ်နော် ဒါပေမဲ့ နေ့နဲ့ညက အပူချိန်ကွာခြားချက် တော်တော်များတယ် အဝတ်အစားနွေးနွေးဝတ်နော် ]

[ ခြံထဲက အရုပ်တွေက မင်းဟာလား... ကိုယ်လည်း အိမ်က အရုပ်တွေ လျှော်ထားခဲ့တယ် ]

[ ဒီနေ့ရော ငန်းတွေထွက်ကျောင်းဦးမှာလား ]

ယီဟွေ့ ထိုစာများကိုဖတ်နေစဉ်တွင် မူလက စိတ်ဂနာမငြိမ်ဖြစ်နေခဲ့ပြီး ထိုရက်က အကြောင်းများကို ပြန်အစဖော်မည်စိုးနေခဲ့သော်လည်း ထိုလူက တစ်ခွန်းမှ မပြောခဲ့ပေ။ သူ ပြောနေသည့်အရာအားလုံးကလည်း စိတ်ရှုပ်ထွေးဖွယ်ရာများသာဖြစ်သည်။ 

မက်ဆေ့များအကြားမှ အချိန်ကွာခြားချက်ကလည်း နှစ်နာရီဖြစ်၍ သူ့ကို အနှောင့်အယှက်ပေးမိမည်ကို ကြောက်လန့်နေပုံရသည်။ 

ယီဟွေ့က ထိုလူ ဤမျှ သတိကြီးကြီးနေသည်ကို တစ်ကြိမ်မှ မမြင်ဖူးခဲ့၍ ထိုစာများက်ိုဖတ်ပြီး မှင်သက်နေမိသည်။ 

သူက အခုမှ အတိတ်ကနေ တဖြည်းဖြည်း ပြန်ရုန်းထွက်နေတာလေ အဲဒါကို ဘာလို့ လာလာပြီး အစဖော်နေရတာလဲ...

အခုသူက အရင်တုန်းကသူနဲ့ မတူတော့ဘူးလေ...

ယနေ့က ရုံးပိတ်ရက်ဖြစ်နေ၍ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသမှု ခံယူရမည့်နေ့လည်း ဖြစ်နေသည်။ 

ကျန်းယီမန့်က အိမ်စာများအားလုံးပြီးသွား၍ သူနှင့်တူတူလိုက်လာသည်။ ကျန်းရွှယ်မေ့က ကားကို အန်တီချိုးတို့ အိမ်ဝင်းအတွင်းမှ သူမအိမ်ရှေ့အထိ မောင်းလာသည်။ ယီဟွေ့ကားပေါ်ရောက်ချိန်တွင် ကျန်းယီမန့်ကို ကားပေါ် အမြန်တက်ခိုင်းတော့သည်။ 

ကျန်းယီမန့်က သင်္ကာမကင်းဖြစ်သွားပြီး ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ 

" ဘာလို့ကားထဲ အတင်းဝင်ခိုင်းနေတာလဲ ဘာရှိလို့လဲ ညီမ‌လေးကွယ်ရာမှာ ပန်းပွင့်ပုံဂါဝန်တွေ ဝတ်မလို့လား..."

ပန်းချီဆွဲရန်အတွက် ပန်းပွင့်ပုံဂါဝန်များကို ကွန်ပျူတာထဲ download ဆွဲထားသောယီဟွေ့က ရှက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။ 

" မ... မဟုတ်ဘူး ဂါဝန်မဟုတ်ဘူး... မြန်မြန်သွားရအောင်ပါ စောစောသွားတော့ စောစောပြန်လာရတာပေါ့..."

အဆုံးတွက်မူ သူ‌၏ အိမ်စောစောပြန်ရန်ဆုတောင်းက မပြည့်ခဲ့ပေ။ 

ဆေးရုံသို့ရောက်သောအခါ ယီဟွေ့၏အခြေအနေက ကွဲပြားနေသည်ကို ဒေါက်တာလျှိုသိသွားသည်။ ပုံမှန် စကားစမြည်ပြောပြီးသည့်နောက်တွင် သူနှင့် စကားခဏထပ်နေခိုင်းပြီး ပြဿနာတစ်ခုခုဖြစ်နေလားဟု မေးလာသည်။ 

" အခုက ဆေးကုပေးနေတာ မဟုတ်ပါဘူး... ကိုယ်မင်းကို မိတ်ဆွေတစ်ယောက်အနေနဲ့ စိုးရိမ်လို့ပါ... မင်း ပူပန်နေတာတွေရှိရင် ကိုယ့်ကိုပြောပြလို့ရတယ်... မင်းရဲ့ ပြဿနာကို ခွဲခြမ်းစိတ်ဖြာပေးပြီး ဘေးလူတစ်‌ယောက်အနေနဲ့ အကြံပေးလို့ရတယ်လေ..."

ထိုသို့သော စိတ်ရင်းအမှန်ဖြင့်ပြောသည့်စကားများကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါ ယီဟွေ့က မငြင်းဆိုနိုင်သော်လည်း စိတ်ငြိမ်ငြိမ်ထားပြီး မရှင်းပြနိုင်ပေ။ 

" ကျွန်တော် မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်..."

ဒေါက်တာလျှိုက ပြောလာသည်။ 

" ကြည့်ရတာ မင်းက အဲဒီမိတ်ဆွေဟောင်းနဲ့ မပတ်သက်ချင်တော့ဘူးထင်တယ်..."

ဤသို့သောအကြောင်းအရာမျိုးကို ပြောဆိုရာတွင် သူ့အတွေးများကို တိုက်ရိုက်မ‌ပြောပဲ သူအလိုရှိသည့်ဦးတည်ရာကို ပြောလိုက်ခြင်းက ယီဟွေ့ကို ပို၍ စိတ်သက်တောင့်သက်သာဖြစ်စေသည်။ ယီဟွေ့က သူ့စကားများကို ‌နားထောင်ပေးမည့် တစ်စုံတစ်ယောက် လိုအပ်နေခြင်းဖြစ်သည်။ 

" သူ ကျွန်တော့်ဆီကို ရောက်လာတယ်... သူ့စိတ်ထဲ အပြစ်မကင်းဘူးလို့ ခံစားနေရတာလည်းဖြစ်နိုင်သလို သူ့မိသားစုက အတင်းတွန်းအားပေးလို့လည်းဖြစ်နိုင်တယ် ဒါပေမဲ့ တချို့အကြောင်းလေးတွေကြောင့် သူ ကျွန်တော့်မိသားစုကို နှောင့်ယှက်တာမျိုး မဖြစ်စေချင်ဘူး... ပြီးတော့ ကျွန်တော် သူ့ကို ထပ်မတွေ့ချင်ဘူး..."

ဒေါက်တာလျှိုက အကြံပြုလာသည်။ 

" မင်း ပြောပုံအရဆိုရင် တစ်ဖက်လူက တော်တော်လေး စိတ်ဓာတ်ပြင်းထန်တာပဲ... 'ယဉ်ယဉ်ကျေးကျေးငြင်းဆန်တာ' က အလုပ်ဖြစ်မှာမဟုတ်ဘူး... သူ့ကို ငြင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ လူချင်းတွေ့ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်တာပဲ... ' ငါ မင်းနဲ့ အရင်လို ပြန်မဖြစ်နိုင်တော့ဘူး ' ၊ ' ငါတို့ နောက်ကို မတွေ့ပဲ နေရအောင် ' အဲဒါမျိုးတွေ ပြောလိုက်ပေါ့..."

ထိုစကားများကို ကြားလိုက်ရသည့်အခါ ယီဟွေ့ မှင်သက်သွားသော်လည်း ခဏတာသာဖြစ်သည်။ အချိန်က အလွန်တိုတောင်းလွန်း၍ အကြောင်းပြချက်တစ်ခု စဉ်းစားရန်ပင် အချိန်မရလိုက်ပေ။ 

သူ မပြန်မီတွင် ဒေါက်တာလျှိုက ထပ်ပြောလာသည်။

" သူက စိတ်ရင်းအမှန်နဲ့ ပြောနေတာရော ဖြစ်နိုင်ချေမရှိဘူးလား... အပြစ်မကင်းတာတွေ၊ သူ့မိသားစုကြောင့်တွေမဟုတ်ပဲ သူကိုယ်တိုင်က လိုလိုလားလားနဲ့ လုပ်ချင်တာမျိုးလေ..."

ယီဟွေ့ ထိတ်လန့်သွားသော်လည်း ခေါင်းခါပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ 

" မဖြစ်နိုင်ပါဘူး..."

ထိုစကားက ယီဟွေ့ ပြန်လည်မွေးဖွားလာသည်ထက်ပို၍ ကိုးရို့ကားယားနိုင်ပေသည်။ 

သူကိုယ်က သူ သေဆုံးသွားပြီဖြစ်ကြောင်း ရှင်းလင်းစွာသိသည်။ 

ဆရာဝန်နှင့် တွေ့ဆုံကာ ကုသမှု ခံယူပြီးသည့်နောက် သူတို့မိသားစုက စူပါမားကတ်ကိုသွားပြီး ဈေးဝယ်ကြသည်။ ထို့နောက် အောက်ထက်မှ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားကြပေသည်။ ည‌၈နာရီထိုးချိန်တွင် ဗန်ကားလေးကိုမောင်းပြီး ပြန်လာကြသည်။ 

ယီဟွေ့က ဤရက်ပိုင်းများအတွင်း ကောင်းကောင်းမအိပ်ရပေ။ သူ အနောက်ခုံတွင်မှီပြီး ပြတင်းပေါက်တွင်ခေါင်းတင်ကာ အိပ်ငိုက်နေသည်။ ကျန်းယီမန့်က ဖျတ်လတ်တက်ကြွနေပေသည်။ သူမကညပြတင်းပေါက်ဖွင့်ထားပြီး ‌ခေတ်ပေါ်သီချင်းများမှအစ ရှေးသီချင်းများကိုပင် အော်ဆိုနေသည်။ ကျန်းရွှယ်မေ့ကလည်း ရံဖန်ရံခါ သူမနှင့်အတူတူ သီချင်းဝင်ဆိုလေ့ရှိကာ ချီးမွမ်းနေသည်။

" အမေ့သမီးလေးရဲ့ သီချင်းဆိုသံက နတ်သမီးလေးလိုပဲ... အချိန်မရွေးအဆိုတော်လုပ်ပြီး ပွဲဦးထွက်လို့ ရနေပြီ..."

ယီဟွေ့က မျက်လုံးများမှေးစင်းပြီး နားထောင်ကာ ရယ်ရယ်မောမောဖြင့် တွေးတောနေလိုက်သည်။

ကိုယ့်သားသမီးကို အကောင်းမြင်တဲ့ဘက်ကပဲ တွေးပေးတတ်တဲ့ မိဘမျိုးရှိတာ ကောင်းလိုက်တာ...

သူ့မှတ်ဉာဏ်ထဲတွင်မူ သူ့အမေက သန်မာသောအမျိုးသမီးဖြစ်သည်။ သူ့ကို သူမက အလွန်ချစ်သော်လည်း ယီဟွေ့က ငယ်စဉ်ကလေးဘဝတည်းက သူမရင်ထဲတွင် မြှုပ်နှံထားသော နောင်တနှင့် အမုန်းတရားများကို တွေ့မြင်ခဲ့ရသည်။ 

သို့ဖြစ်၍ မိသားစုထဲကို ယခုမှ ပြန်ရောက်လာသည့်အစ်ကိုကြီးကို ကောင်းကောင်းမဆက်ဆံပဲ သူတို့သားအမိနှစ်ယောက်ကို ဒုက္ခပေးမည့်ဗီလိန်အဖြစ် ‌မြင်ခဲ့သည်။ သို့ဖြစ်၍ သူမက ယီဟွေ့၏ ပန်းချီကားများကို ချီးကျူးအားပေးခြင်း မရှိခဲ့ပဲ သေဆုံးခါနီးအချိန်မှ နောင်တရခဲ့သည်။ ထို့နောက် သူ့လက်ကိုဆွဲထားပြီး သူမအတွက် ပန်းချီကားတစ်ချပ်ဆွဲပေးရန် တောင်းပန်ခဲ့သည်။ 

ယီဟွေ့က သူ့မိခင်၏ခုတင်ဘေးတွင် စာရွက်တစ်ရွက်နှင့် စုတ်တံကိုကိုင်ပြီး ပုံဆွဲပေးခဲ့သည့်အခါ သူမက ပြုံးပြပြီး သူ့ကိုကြည့်ကောင်းသည်ဟု ပြောခဲ့သည်ကို ယခုအချိန်ထိ မှတ်မိနေသေးသည်။ 

ထိုအကြောင်းကို တွေးမိသောအခါ ယီဟွေ့မှာ ဤအကြောင်းကို သတိရနေသေးသည့်အတွက် ပျော်ရွှင်ရမည်လား၊ မေ့ပစ်ရမည်ကို မမေ့ပစ်နိုင်သေးသည့်အတွက် ဝမ်းနည်းရမည်လားကို မသိတော့ပေ။

ကံကောင်းသည်မှာ အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်၍ သူ အတွေးလွန်နေသည်ကို မည်သူမှ မသိသကဲ့သို့ သူ့မျက်လုံးများတွင် မျက်ရည်စများ တွဲလွဲခိုနေသည်ကိုလည်း မမြင်နိုင်ကြပေ။

သူတို့ အိမ်ပြန်ရောက်သည့်အခါ ဝယ်ခြမ်းလာသော ပစ္စည်းများကို ပလက်စတစ်စဖြင့်ပတ်၍ ရေခဲသေတ္တာထဲထည့်ကြသည်။ အားလုံးပြီးစီးသွားသည့်အခါ နာရီက ည ၁၁နာရီကို ညွှန်ပြနေပြီဖြစ်သည်။ 

ကျန်းယီမန့်က နောက်တစ်နေ့မနက်တွင် ကျောင်းတက်ရမည်ဖြစ်သည်။ သူမ သမ်းဝေလျက် အပေါ်ထပ်ကို တက်သွားပြီး အိပ်တော့သည်။ ကျန်းရွှယ်မေ့က နောက်တစ်နေ့မနက် အလုပ်တွင်ဝတ်ရမည့်အင်္ကျီတွင် အပေါက်ပေါက်နေသည်ကို သတိရသွား၍ အပ်ချည်ဘူးကိုင်၍ အခန်းထဲဝင်သွားသည်။ ယီဟွေ့က ရှုပ်ပွနေသည့်ပစ္စည်းများကို ရှင်းပြီးနောက် ပလက်စတစ်ခွံများကို အမှိုက်ပုံးထဲထည့်ကာ မီးဖိုချောင် ရှင်းလင်းသွားစေရန် အမှိုက်များသွားပစ်မည်ဟု တွေးလိုက်သည်။

အမှိုက်ပုံးက လမ်းတစ်ဖက်တွင်ရှိပြီး ထိုနေရာသို့ရောက်ရန် မိနစ်အနည်းငယ်သာ လျှောက်ရမည်ဖြစ်ရာ ယီဟွေ့က ကုတ်အင်္ကျီမပါပဲ ရှပ်အင်္ကျီပါးလေးတစ်ထည်ဖြင့် အပြင်ထွက်သွားသည်။ 

ဤမြို့ငယ်လေးမှ အိမ်တိုင်းက ခြိုးခြံချွေတာကြပေသည်။ ကျန်းမိသားစုအိမ်မှလွဲ၍ အခြားအိမ်များ၏ရှေ့မှ လမ်းမီးများကို ပိတ်ထားကြပြီဖြစ်သည်။ ယီဟွေ့က လမ်းတစ်ဖက်ကို ခပ်သုတ်သုတ်လျှောက်သွားသည့်အခါမှ အမှိုက်ပုံးများကို မြင်လိုက်သည်။ သူ အမှိုက်အိတ်ကို ပုံးထဲထည့်လိုက်ပြီးနောက် ဘေးနားတွင်ချထားသည့်အဖုံးဖြင့် ပြန်ဖုံးလိုက်သည်။ 

လေပွေတစ်ချက်တိုက်ခတ်သွား‌၍ ယီဟွေ့ သိမ့်ခနဲတုန်ယင်သွားသည်။ လက်နှစ်ဖက်လုံးကို အင်္ကျီလက်ထဲ စုထည့်ထားလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပြန်ထွက်သွားတော့မည့်အချိန်တွင် မည်သည့်နေရာကမှန်းမသိ ရောက်လာသောလူတစ်ယောက်က သူ့ကိုရုတ်တရက် အားဖြင့်ဆွဲခေါ်လိုက်သည်။ သူ မအော်လိုက်နိုင်မီမှုပင် သူ့နောက်က နံရံဖြင့် ဖိကပ်ခံလိုက်ရပြီး အရပ်ရှည်ရှည်နှင့် အနက်ရောင်အရိပ်တစ်ခုက သူ့ကို အုပ်မိုးထားသည်။

" မင်း ဘယ်တွေသွားနေတာလဲ ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာရတာလဲ..."

ထိုအသံကိုကြားသည့်အခါမှ ယီဟွေ့ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။

သူပဲ တခြားလူဆိုးတစ်ယောက်ယောက် မဟုတ်တာ တော်ပါသေးရဲ့...

ကျိုးကျင်ဟမ့်မှာ သူ့ကိုယ်သူ သူခိုးဓားပြတစ်ယောက်အဖြစ် ဆက်ဆံခံလိုက်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ မျက်နှာချင်းဆိုင်လမ်းရှိ မီးရောင်ဖျော့ဖျော့မှတစ်ဆင့် ယီဟွေ့၏ ဖြူဖျော့နေသည့် နှုတ်ခမ်းကို မြင်လိုက်ရ၍ အေးနေသည်ဟု ထင်လိုက်မိသည်။ နံရံတွင်ထောက်ထားသည့်လက်ကို ပြန်ချလိုက်ပြီး ယီဟွေ့လက်ချောင်းများကို ထိကြည့်လိုက်သည်။ သူ့အမူအရာက ပို၍အကျည်းတန်သွားပေသည်။

" မင်းလက်တွေ အရမ်းအေးနေပြီ... ဘာလို့ အင်္ကျီထူထူမဝတ်ခဲ့တာလဲ..." 

ယီဟွေ့က တွန့်လိမ်ပြီး သူ့လက်ကို တွန်းထုတ်နေသော်‌လည်း ကိုင်ထားသည်ကို မလွှတ်ပေးသောကြောင့် ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

ကျိုးကျင်ဟမ့် ထွက်သွားပြီဟု သူ ထင်နေခဲ့ခြင်းဖြစ်သည်။ ဤလူက သူမြင်ခဲ့ဖူးသမျှတွင် စိတ်မရှည်ဆုံးလူဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကို အေးတိအေးစက်ဆက်ဆံရဲပါက ထိုကိစ္စကို ဆက်လက်အရေးမစိုက်တော့ပဲ နောက်တစ်ကြိမ်လည်း ထပ်မလာတော့ပေ။

သို့ဖြစ်၍ ယီဟွေ့က ယနေ့ဒေါက်တာလျှိုနှင့် စကားပြောခဲ့စဉ် သူ၏အပြုအမူအတွက် ဖြေရှင်းချက်ရှာရန် မကြိုစားခဲ့ခြင်းဖြစ်သည်။

ကျိုးကျင်ဟမ့်က အရင်တည်းက အထက်စီးဆန်တဲ့လူပဲ သူ အဲ့ကိစ္စကို ဘယ်လိုများ ဖြစ်ရှင်းရမှာလဲ...

သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ စိတ်ရှုပ်ထွေးနေမိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသူကလည်း ညီတူညီမျှဖြစ်စွာဖြင့် သံသယများဖြင့် ပြည့်နေခဲ့သည်။

" ကိုယ်မင်းကို ပြန်ခေါ်သွားချင်တယ်..."

ကျိုးကျင်ဟမ့်က သူ့စိတ်ထဲမှ အရာအားလုံးကို ရှင်းလင်းသွားပြီဟု ထင်လိုက်သော်လည်း ယီဟွေ့လက်ကို ကိုင်ထားစဉ်တွင် သူ့စိတ်ထဲရှိသည့်အရာများကိုသာ ပြောထွက်သွားမိသည်။ 

" ကိုယ်မင်းကို လာခေါ်တာ ပြီးရင် အိမ်ပြန်ကြမယ်လေ..."

ယီဟွေ့က မယုံကြည်နိုင်စွာဖြင့် ထပ်ပြောလိုက်သည်။

" အိမ်ပြန်မယ်တဲ့လား..."

ကျိုးကျင်ဟမ့်မှာ သူ ဖျောင်းဖျလိုက်သည်က အောင်မြင်သွားပြီဟု ထင်လိုက်၍ အမူအရာက အနည်းငယ် ဝမ်းသာသည့် အရိပ်အယောင်ဖြစ်သွားသည်။ 

" ဟုတ်တယ် အိမ်ပြန်ကြမယ်လေ... အိမ်က စတူဒီယိုကိုလည်း ပြန်ပြင်ထားတယ်... နေရောင်ဝင်တဲ့အခန်းကို မင်းသဘောကျမှာပဲ... အိမ်က အရုပ်တွေကိုလည်းလျှော်ပြီး မင်းအိပ်ရာပေါ် တင်ထားတယ်... မင်းကြိုက်တဲ့အရုပ်နဲ့ အိပ်လို့ရတယ်... ပြီးတော့ အိမ်အကူအသစ်တစ်ယောက် ခေါ်ထားတယ် သူ ဟင်းချက်တာ တော်တော်အရသာရှိတယ်... ပြီးတော့ သူက ချိုတဲ့မုန့်တေ‌ွလည်း လုပ်တတ်တယ်... မင်း နောက်ဆို အချိုစားချင်ရင် အပြင်ထွက်စရာမလိုတော့ဘူး အိမ်မှာပဲစားလေ..."

ကျိုးကျင်ဟမ့်၏ အားတက်သရောပြောဆိုနေသည့်ပုံစံကြောင့် သူက ယခင်နှင့်မတူပဲ ကွာခြားနေသည်ဟု ထင်လိုက်မိသည်။ သူ ထပ်ခါထပ်ခါ ပြောနေသည့် "အိမ်"ဟူသည့်စကားလုံးက သူ့ကို ပိုထူးဆန်းသွားစေသည်။ အလွန်ဆန်းကြယ်လွန်း၍ သူ့ပါးစပ်မှထွက်လာသည့်စကားဟုပင် မထင်ရပေ။

ယီဟွေ့ အသက်ပြင်းပြင်းရှုပြီး မေးလိုက်သည်။

" မင်း မှားနေပြီ ငါက မင်းရှာနေတဲ့လူမဟုတ်ဘူး..."

တိတ်ဆိတ်မှုက တစ်မိနစ်ခန့် ကြာမြင့်သွားသည်။ အနည်းငယ်ကြာမြင့်လာသည့်အခါ ကျိုးကျင်ဟမ့်က သူ့ကိုနှိပ်စက်ရန် မည်သည့်နည်းလမ်းအသုံးပြုရမည်ကိုတွေးနေသည်ဟု ယီဟွေ့ထင်လာမိသည်။ သူ မျက်လုံးတင်းတင်းမှိတ်ထားစဉ်တွင် ရယ်သံတစ်သံကို ကြားလိုက်ရသည်။

" မင်းမဟုတ်ဘူးလား... ဒါဆိုရင် မင်းက ဘယ်သူလဲ..."

ကျိုးကျင်ဟမ့်က ဟာသတစ်ခုကို ကြားလိုက်ရသည့်ပုံစံ ဖြစ်နေသည်။ 

ယီဟွေ့ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည် 

" ငါ့နာမည်က ကျန်းယီဟွေ့... မင်းရှာနေတဲ့လူမဟုတ်..."

မေးရိုးမှဖြစ်လာသော နာကျင်မှုကြောင့် နောက်ထပ်ပြောတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ ကျိုးကျင်ဟမ့်က ယီဟွေ့မျက်နှာကို လက်ဖြင့်ညှစ်လိုက်ပြီး ညအမှောင်ထဲတွင် အေးစက်စက်အလင်းရောင်များ ထုတ်လွှတ်နေသည့် သူ့မျက်လုံးများနှင့် အကြည့်ချင်းဆုံစေလိုက်သည်။ 

" ကိုယ့်ကိုကြည့်ပြီး မင်းက ဟွေ့ဟွေ့မဟုတ်ဘူးလို့ပြောလေ..."

ကျိုးကျင်ဟမ့် အံကြိတ်ထားသည်။

" ကိုယ့်ကိုကြည့်ပြီး မဟုတ်ဘူးပြောလေ..."

ယီဟွေ့ကို သူကချုပ်ထားသည်ဖြစ်ရာ မေးရိုးအနည်းငယ်နာကျင်သွားပြီး လှုပ်မရဖြစ်နေသည်။ သူနှင့် တစ်စင်တီမီတာခန့်သာ ကွာတော့သည့် ထိုလူကို မျက်လုံးများ မှေးကျဉ်းပြီး ကြည့်နေလိုက်သည်။ ဤပုံစံကသာ ကျိုးကျင်ဟမ့်အစစ်အမှန်ဖြစ်သည်ဟု သူထင်လိုက်မိသည်။ သူက ယခင်တည်းက စိတ်မရှည်တတ်သည့်လူမျိုးဖြစ်၍ လူတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံစရာအကြောင်း မရှိပေ။ သူ့ကိုမနာခံပဲ တစ်ကြိမ်ပြီးတစ်ကြိမ်ငြင်းဆန်နေ‌ခြင်းကာ ဒေါသများကို ပေါက်ကွဲထွက်လာစေတော့မည်ဖြစ်သည်။

ထို့နောက်တွင် သူ့စိတ်ထဲ ရူးနှမ်းသွားပြီး ဒေါသများကို တွေ့ရာကြုံရာပုံချတော့မည့် သားရဲကြီးတစ်ကောင်သဖွယ် ဖြစ်သွားပေမည်။ သူ့ကို ထိန်းချုပ်ထားနိုင်မည့် တစ်ခုတည်းသောအရာက သူကြားချင်သည့်အဖြေဖြစ်သည်။ 

သို့ရာတွင် ယီဟွေ့က ထိုအဖြေကို မပေးချင်ပေ။ အကယ်၍ ထိုသို့ဖြေလိုက်ပါက ညှိနှိုင်းလိုက်သည်နှင့် တူညီသွားပေလိမ့်မည်။ သူက ကြောက်လန့်နာခံတတ်ပြီး ပြောသမျှလုပ်တတ်သည့် အရူးတစ်ယောက် ပြန်ဖြစ်သွားပြီး သူ့ဘဝကို အခြားလူများအပေါ်တွင်သာ ကပ်တွယ်ပြီး နေရပေမည်။

ဘုရားသခင်က သူပြန်လာရန် အခွင့်အရေးပေးခဲ့သည်မှာ တူညီသောအမှားကို ထပ်ခါထပ်ခါ မပြုလုပ်မိစေရန်နှင့် လူရယ်စရာမဖြစ်စေရန် ဖြစ်သည်။ 

ထိုယုံကြည်မှုကြောင့် သူ့နှလုံးသားထဲတွင် ခွန်အားတစ်ခု ရရှိလာသည်။ ယီဟွေ့ မျက်လုံးဖွင့်ထားလိုက်ပြီး သူရှေ့မှလူနှင့် မျက်လုံးချင်းဆုံလိုက်သည်။ ထို့နောက် စကားတစ်လုံးချင်း ပြောလိုက်သည်။

" ငါက မင်းရှာနေတဲ့ ဟွေ့ဟွေ့မဟုတ်ဘူး..."

အကယ်၍ သူ့စိတ်ထဲတွင် မေ့ထားပစ်ချင်နေသော်လည်း ကျိုးကျင်ဟမ့်က သူ့ကို "ဟွေ့ဟွေ့" ဟု ပထမဆုံးခေါ်ခဲ့ချိန်ကို သတိရနေသေးသည်။ ၎င်းက သူတို့နှစ်ယောက်အကြားမှ အစားထိုးမရနိုင်သည့်နာမည်တစ်ခုဖြစ်ပြီး သူ ကျိုးကျင်ဟမ့်ကို "ယောက်ျား" ဟု လျှို့ဝှက်စွာခေါ်သည်နှင့် တူသည်ဟု သတ်မှတ်ထားခဲ့မိသည်။ 

အဲ့အချိန်က ဘယ်လောက်ပျော်ခဲ့တယ်ဆိုတာကို အခု ပြန်တွေးမိတော့ နာကျင်လာသလိုပဲ...

"ဟွေ့ဟွေ့" ဟူသောနာမည်စာလုံး၏ အဓိပ္ပါယ်က "နေရောင်ခြည်" ဖြစ်ပြီး "ပြာမှုန်" ဟူသော စကားလုံးနှင့် အသံထွက် မကွာခြားပေ။ သို့ရာတွင် အဓိပ္ပါယ်ကမူ လုံးလုံးလျားလျားကွဲပြားနေသည်။ တစ်မျိုးက ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသည့်အရာဖြစ်ပြီး အခြားတစ်မျိုးက မြေပြင်ပေါ်တွင် အချည်းနှီးမျောလွင့်နေသည့် ဖုန်မှုန့်ဖြစ်သည်။ 

ယီဟွေ့က ကျိုးကျင်ဟမ့်ကို တည့်တည့်ကြည့်ပြီး အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။ 

" ငါ့နာမည်က ကျန်းယီဟွေ့... မင်း ရှာနေတဲ့ ဟွေ့ဟွေ့မဟုတ်ဘူး..."

ဟွေ့ဟွေ့က တောင်ပေါ်ရှိ ရေခဲတမျှအေးစက်နေသော ရေခဲလိုဏ်ဂူတစ်ခုထဲတွင် သူ၏ သုံးနှစ်တာ အရေးမစိုက်မှုနှင့် အထင်အမြင်သေးမှုများကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။

Xxxxxx