Chapter 24.1
" မင်း မဟုတ်ဘူးပေါ့လေ... မဟုတ်ဘူးလို့ ထပ်ပြောလိုက်ပါဦး..."
ကျိုးကျင်ဟမ့်၏အသံက တိုးညှင်းလွန်းလှပြီး ခံစားချက်တစ်စုံတစ်ရာ မပါဝင်နေပေ။ တဆတ်ဆတ်တုန်ယင်နေသည့်ပါးပြင်နှင့် တစ်စုံတစ်ခုကိုာသည်းခံထားဟန်ဖြင့် အံကြိတ်နေသည်ကို မမြင်ပါက သူ လုံးဝစိတ်မဆိုးပဲ အဖြေအတိအကျရရန် ပြန်လည်အတည်ပြုနေသည်ဟုသာ ထင်ရပေမည်။
ယီဟွေ့ အသက်ပြင်းပြင်းရှုလိုက်သည်။
" ငါက ယီဟွေ့မဟုတ်ဘူး..."
စကားဆုံးသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ တင်းမာနေသည်များကို လွှတ်ချလိုက်ပြီး လိမ်ညာရသည်ကလည်း မခက်ခဲလှကြောင်း သိလိုက်ရသည်။
တစ်ကြိမ်လိမ်ညာပြီးသည်နှင့် ထပ်ခါထပ်ခါလိမ်ညာရန် ပိုမိုလွယ်ကူပေသည်။ ထို့အပြင် ကျိုးကျင်ဟမ့်၏ လှောင်ပြောင်သရော်သံကလည်း သူ့ကို ကြောက်လန့်သွားအောင် မပြုလုပ်နိုင်တော့ပေ။
ကျိုးကျင်ဟမ့်က ခပ်တိုးတိုးရယ်ပြီး မေးလိုက်သည်။
" လေဆိပ်မှာတုန်းကနဲ့ ပန်းချီပြခန်းတုန်းကကိစ္စကိုရော အဲ့တုန်းက မင်း တုံ့ပြန်ခဲ့တဲ့ပုံတွေကို ဘယ်လိုရှင်းပြမလဲ..."
" ငါက လူကြောက်တတ်တယ်... ပြီးတော့ လေဆိပ်မှာလည်း လူအရမ်းများတော့ ရှောင်ချင်လို့လေ..."
ယီဟွေ့က တစ်ချက်ချင်းစီ ပြန်ရှင်းပြလိုက်သည်။
" လူအများကြီးရှိတဲ့ ပန်းချီပြခန်းလို နေရာမျိုးမှာ သိူစမ်းတစ်ယောက် လာတားခံရရင် သာမန်လူတွေကတော့ စိတ်လှုပ်ရှားမိမှာပဲလေ..."
ထိုအဖြေများက ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း ဟာကွက်ရှာမရသည်အထိ ဖြစ်သွားသောကြောင့် ကျိုးကျင်ဟမ့်စိတ်ထဲတွင် ပို၍ သံသယဝင်လာသည်။ နောက်မေးခွန်းတစ်ခု မေးမည့်အချိန်တွင် ယခင်ကလိုယုံကြည်ချက်မရှိတော့ပေ။
" ဒါဆိုရင်... မင်း ဘာလို့ ငါ့ပုံဆွဲတာလဲ..."
သူက ပြိုင်ပွဲတွင် အနိုင်ရခဲ့သောပန်းချီနှင့် ပန်းချီပြခန်းမှပုံတူကို ပြောခြင်းဖြစ်သည်။
ယီဟွေ့က ထိုမေးခွန်းကို မျှော်လင့်ထားပြီးသားဖြစ်၍ သူ ပြင်ဆင်ထားခဲ့သည့် ဖြေရှင်းချက်ကိုသာ ကတိုက်ကရိုက်ရွတ်ပြလိုက်သည်။
" ငါ့ညီမလေးက မင်းရဲ့ပရိသတ်လေ... ငါပြိုင်ပွဲဝင်တဲ့အချိန် မင်းနဲ့တူနဲ့ လူတစ်ယောက်ပုံကို မတော်တဆဆွဲမိသွားတယ်... နောက်မှ Copyright ကိစ္စနဲ့ သံသယဝင်ခံရမှာစိုးလို့ စာချုပ်ချိုးဖောက်တာအတွက် လျော်ကြေးအရင်ပေးလိုက်ပြီး အဲ့ပန်းချီကို မဆွဲတော့တာ..."
ထိုအဖြေက ယခင်တစ်ခုထက်ပိုပြီး အပြစ်အနာအဆာကင်းမဲ့သည်ဖြစ်ရာ ကျိုးကျင်ဟမ့်က ခဏတာ အံ့အားသင့်သွားရသည်။
သူ မယုံကြည်နိုင်သေးပေ။ သို့သော်လည်း နောက်ထပ်ရယ်သံတစ်ခုဖြင့် ထိုကိစ္စကို ကျော်သွားရန် မဖြစ်နိုင်ပေ။
" မတော်တဆတဲ့လား... တော်တော်လေးကောင်းတဲ့ မတော်တဆပဲ..."
ယီဟွေ့က သူနှင့် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။ သူ၏ ဗြောင်ကျကျအကြည့်တစ်ချက်က ကျန်ရှိနေသော ယုံကြည်ချက်များကို အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲလိုက်သည်။
ကျိုးကျင်ဟမ့်၏ လည်ချောင်းထဲ ဆို့နင်လာပြီး အသက်ရှုသံများက လေးလံလာသည်။
" ကိုယ့်ကို မလိမ်နဲ့... လိမ်ဖို့လည်း မကြိုးစားနဲ့... မင်း ဘာပဲဖြစ်သွားဖြစ်သွား ကိုယ်မင်းကို မှတ်မိသေးတယ်..."
.....
ယီဟွေ့ အိမ်ပြန်လာပြီး အိပ်ရာပေါ် လှဲချလိုက်ချိန်အထိ သွေးရောင်ကဲ့သို့နီရဲနေသည့် မျက်ဝန်းတစ်စုံနှင့် ထိုမျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်နေသော သူ့ပုံစံဖြစ်သည်။
သူ အိပ်ရာပေါ်လှိမ့်လိုက်ပြီး ခေါင်းကိုစောင်ဖြင့် အုပ်ထားလိုက်သည်။ တင်းကြပ်စွာဖိညှစ်ခံထားလိုက်ရသည့်လက်နှစ်ဖက်က ယခုချိန်ထိ နာကျင်နေဆဲဖြစ်သည်။ သူထိုလက်ကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်မိသည်။ မူလက အေးစက်စက်ဖြစ်နေခဲ့သော်လည်း နောက်ပိုင်းတွင် ပို၍သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။
သူ အိပ်မောကျခါနီးအချိန်တွင် ကျန်းယီဟွေ့အဖြစ် ဟန်ဆောင်ထားသည့် မျက်နှာဖုံးကို ယာယီခွာချလိုက်သည်။ ငိုက်မျဉ်းလာချိန်တွင် ယီဟွေ့၏စိတ်ထဲ၌ လိုလားတောင့်တစွာ တွေးလိုက်မိသည်။
မင်း ဘာလို့ အဲ့လိုမျိုး မဆုပ်ကိုင်ထားခဲ့ရတာလဲ... ဟွေ့ဟွေ့ရဲ့လက်ကိုလည်း ဒီနေ့လိုမျိုး ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့သင့်တယ်... အဲဒါဆိုရင် မင်းက လူကောင်းတစ်ယောက်ဆိုတာ သိလာမယ့်အချိန်ထိ သူ ရှိနေခဲ့မှာပဲ... သူ့ကို မင်းဂရုစိုက်လာမယ့်အချိန်ထိ ရှိနေခဲ့မှာ...
တစ်ညတာလုံး အိမ်မက်မက်နေပြီးသည့်နောက်တွင်မူ ယီဟွေ့ အိပ်ရာနိုးလာပြီး ခုတင်ပေါ်တွင် အချိန်အတန်ကြာသည်အထိ ထိုင်နေခဲ့မိသည်။ မူးဝေနေသည့်ခေါင်းကိုပွတ်ကာ အိမ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည်အားလုံးကို မမှတ်မိနိုင်ပဲ ထူးဆန်းသည့် တစ်ပိုင်းတစ်စကိုသာ သတိရနေခဲ့သည်။
ဥပမာဆိုရသော် ကျန်းယီမန့်က သူ အချစ်ဆုံးငန်းလေးကို သတ်လိုက်ပြီး ကြွေပန်းကန်ပြား ငါးချပ်ဖြင့်ပင် ထည့်၍ မလောက်နိုင်သည်အထိ ငန်းသားနှပ် ပြုလုပ်လိုက်ခြင်းမျိုးဖြစ်သည်။
အိမ်မက်ထဲမှပုံရိပ်က အမှန်တကယ်ဖြစ်ပျက်နေသည်နှင့်တူ၍ ထိတ်လန့်သွားရသည်။ သူ အန်တီချိုးထံသို့ ဖုန်းခေါ်လိုက်သည့်အခါ ငန်းများက ခြံစည်းရိုးထဲတွင်သာ ရှိနေကြောင်း သိလိုက်ရသည်။ သူ ဖုန်းမချမီတွင် စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ ကျန်းယီမန့်က အားပါးတရဟားတိုက်ရယ်မောနေ၍ သူ ပုန်းစရာတွင်း ရှာမတွေ့တော့ပေ။
" ညီမလေးသာ အဲ့ငန်းတွေကို တကယ်သတ်မယ်ဆိုရင် အစ်ကိုကြီးကို သိခွင့်ပေးပါ့မလား... အဲ့ငန်းသားတွေစားလို့ကုန်သွားမှ ပြောပြမှာပေါ့..."
ကျန်းယီမန့်က ထိုအကြောင်းကိုတွေးလေ သဘောကျမိလာလေဖြစ်သည်။ သူမ ဗိုက်ကိုအုပ်ထားပြီး ဝါးလုံးကွဲရယ်မောနေသည်။
" အစ်ကိုကြီးကတော့ မနက်စောစောစီးစီး ရယ်သေအောင် လုပ်နေတာပဲ... ညီမလေးရဲ့ မပြီးသေးတဲ့ သင်္ချာအိမ်စာတွေ လုပ်ပေးပါလား..."
ကျန်းရွှယ်မေ့က အခန်းထဲမှထွက်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
" ဘာ သင်္ချာအိမ်စာလဲ..."
ကျန်းယီမန့်က ယီဟွေ့ကို ဒိုင်းကာအဖြစ်အသုံးပြုပြီး အလျင်အမြန်တုံ့ပြန်လိုက်သည်။
" သမီးက သူ့ငန်းကိုသတ်လိုက်တယ်ထင်လို့ အစ်ကိုကြီးက အန်တီချိုးကိုဖုန်းဆက်ပြီး ငန်းက ဘေးကင်းလားမကင်းလား အတည်ပြုနေတာ..."
ကျန်းရွှယ်မေ့ကြားသည့်အခါ ပြုံးလိုက်မိသည်။
" လမ်းတစ်ဖက်ခြမ်းမှာ ရှိနေတာပဲ ပြတင်းပေါက်ဖွင့်ပြီး အော်ပြောလိုက်ရင် ရတယ်လေ ဖုန်းဆက်စရာမလိုပါဘူး..."
ခြုံထဲတွင် ပုန်းအောင်းနေသည့်တစ်ယောက်ယောက်ယောက်က ကြားသွားမည်ကိုကြောက်သည်ဟု ယီဟွေ့မပြောနိုင်ပေ။ သူ့မျက်နှာကြီး နီရဲနေလျက် ပြောလိုက်သည်။
" ဖုန်းဆက်လိုက်တာက ပိုမြန်လို့ပါ..."
မိသားစုသုံးယောက်က ပျော်ရွှင်စွာဖြင့် မနက်စာစားလိုက်ကြသည်။ ယီဟွေ့က အဝတ်လှန်းနေချိန်တွင်ပင် ခြံဝင်းထဲကို လှမ်းမကြည့်ပေ။ အိမ်ထဲပြန်ဝင်လာချိန်တွင် သူဝယ်ထားသည့် ပန်းပွင့် မြေဩဇာများ ရောက်မရောက်စစ်ဆေးရန် ဖုန်းကိုထုတ်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းများက မက်ဆေ့နှစ်စောင်ပေါ်သို့ မတော်တဆ ထိမိသွားသည်။ သူ တမင်တကာ မမြင်ချင်ယောင်ဆောင်ထားခဲ့သော မက်ဆေ့နှစ်စောင်က သူ့ရှေ့တည့်တည့်တွင် ပွင့်လာသည်။
စာတစ်စောင်ကမူ ယမန်နေ့ နေ့လယ်ခင်းက ဖြစ်သည်။
[ ဘယ်သွားတာလဲ... ဘယ်အချိန် ပြန်လာမှာလဲ ]
တစ်ခုကမူ ယမန်နေ့ညက ဖြစ်သည်။
[ ကိုယ့်ကိုစာပြန်ပါဦး... ကိုယ် အရမ်းစိတ်ပူနေလို့ပါ ]
ထိုစာကြောင်းနှစ်ကြောင်းကြောင့် ယီဟွေ့ မှင်သက်ငေးငိုင်သွားမိသည်။
သူက ဘာကိစ္စစိုးရိမ်နေတာလဲ...
သူ ဘယ်လိုပြန်ဖြေရမှာလဲ...
သို့ရာတွင် ထိုလူက ယနေ့တွင် စာထပ်မပို့တော့သဖြင့် ယီဟွေ့စိတ်အေးသွားပြီး ဒေါက်တာလျှိုအကြံပြုခဲ့သည့် လူချင်းတွေ့ဆုံကာ ငြင်းဆန်လိုက်ခြင်းက အမှန်တကယ်ပင် သက်ရောက်မှုရှိကြောင်း ခံစားလိုက်ရသည်။
ထို့အပြင် သူက ကျန်းယီဟွေ့ဖြစ်နေခဲ့ပြီးဖြစ်သည်။ အပြောင်းအလဲများက ကမ္ဘာမြေကြီး လှုပ်ခတ်သွားစေသည်အထိ မဟုတ်သော်လည်း အနည်းဆုံးတွင် သူက ယခင်နှင့် ကွဲပြားသွားခဲ့ပြီဖြစ်သည်။ ကျန်းရွှယ်မေ့နှင့် ကျန်းယီမန့်ကမူ မည်သည့်အရာကိုမှ သတိမပြုမိကြပေ။
အဲ့လူက ဘယ်လိုလုပ်ပြီး သူ့ကိုမှတ်မိသွားရတာလဲ...
ထိုလူက သူ့ကို လာရောက်ခြောက်လှန့်နေခြင်းဟု ယီဟွေ့တွေးလိုက်မိသည်။ ထိုလူက သူတုံးအသည့်အတွက် အမြဲအနိုင်ကျင့်ခဲ့ပြီး အမြဲတစေ သူ့ကို စနောက်ကျီစယ်ခဲ့သည်။ ယခုအခါတွင်လည်း ယီဟွေ့ကို ယခင်ကဲ့သို့ သူပြောသမျှယုံသည့်အရူးဟုထင်တကာ တူညီသောနည်းလမ်းကို ဆက်လက်အသုံးပြုနေခြင်း ဖြစ်ပေမည်။
အမြဲတည်ငြိမ်နေခဲ့သောယီဟွေ့က ရှားရှားပါးပါး စိတ်အနှောင့်အယှက်ဖြစ်သွားမိပြီး နေ့ခင်းဘက်တွင် ငန်းများကျောင်းမည့်အချိန်၌ စက်ဘီးကိုပါ ထုတ်လာသည်။
စက်ဘီးစီးခြင်းက လမ်းလျှောက်ခြင်းထက် ပိုမြန်သည်ဟု သူတွေးလိုက်မိသည်။ အကယ်၍ တူညီသောအခြေအနေနှင့် ထပ်မံကြုံတွေ့ခဲ့ပါကလည်း အဖမ်းခံရမည်မဟုတ်ပေ။
ဤတစ်ကြိမ် ကြိုတင်ကာကွယ်မှုက လိုအပ်သည်ထက် ပိုမိုနေခဲ့သည်။
ယီဟွေ့က စက်ဘီးစီးနေကျလူမဟုတ်ပေ။ သူ စက်ဘီးကို တဖြည်းဖြည်းဖြင့် သတိထားစီးနေသည်။ အဖြူရောင်ငန်းကြီးသုံးကောင်က သူ့ကိုကျော်တက်သွားကာ စက်ဘီးစီးလာသောသူက နောက်တွင် ကျန်ရစ်ခဲ့သည်။ ထိုနေ့က ဖြစ်သကဲ့သို့ ချိုင့်ခွက်ကိုနင်းမိပြီး ခြေချော်ကျမည်စိုး၍ စက်ဘီးကိုလိပ်နှုန်းဖြင့်စီးနေခြင်းဖြစ်သည်။
အပြန်လမ်းတွင်မူ ငန်းများက အားအင်တက်ကြွနေပြီး ယခင်ထက် ပိုမိုလျင်မြန်စွာပြေးကြကာ အတောင်များ တဖျတ်ဖျတ်ခတ်နေကြသည်မှာ တာဝေးအပြေးပြိုင်ပွဲစံချိန်ကို ချိုးတော့မည်ကဲ့သို့ ထင်ရသည်။
ယီဟွေ့က သူတို့နှင့် အမှီမလိုက်နိုင်သောကြောင့် ငန်းများ ထွက်ပြေးပြီး ပျောက်သွားမည်စိုး၍ ခြေနင်းကို အမြန်နင်းကာ အရှိန်တင်လိုက်သည်။
အရှိန်မြှင့်လိုက်သည်နှင့် အရှေ့ပိုင်းကို ငြိမ်အောင်မထားနိုင်တော့ပေ။ ရှေ့ဘီးက လမ်းပေါ်မှ ချိုင့်ခွက်ကြီးတစ်ခုအပေါ် လိမ့်ကျတော့မည့်အချိန်တွင် နောက်ဘီးက ထိုနေရာမှ ရုတ်တရက် ဆက်မရွေ့တော့၍ စက်ဘီးကစောင်းသွားပြီး ချိုင့်ခွက်၏ဘေးကို ဦးတည်ချက်ပြောင်းသွားသည်။
Xxxxxx