Chapter 1
Viewers 639


☁️Chapter 1



"ကျန်းရှီဝူ နင်တော့သေချင်နေပြီပဲ..."


လက်တစ်စုံက သူ့ပုခုံးကိုခပ်ကြမ်းကြမ်းဆွဲခါလာပြီး အော်ဟစ်ငေါက်ငမ်းသံကပါ တွဲလျက်လိုက်ပါလာခဲ့သည်။


ယခုလိုအသံမျိုးနှင့်သာဆိုပါက သေပြီးသားဝက်ပင်ပြန်ထလာနိုင်သည်။ ကျန်းရှီဝူ အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်လိုက်ရာ သူရင်းနှီးသလိုလိုနှင့် မရင်းနှီးသောမျက်နှာတစ်ခုကို အနီးကပ်မြင်လိုက်ရသည်။


ကျန်းရှီဝူ မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ တွန့်သွားလေ၏။


 "အမေ..."


ကျန်းမေ့လီမှာ ယုံပင်မယုံနိုင်တော့ပေ။ 


"နင်အိပ်ပျော်သွားပြီးတော့ နင်အမေကိုတောင်မမှတ်မိတော့ဘူးလား.."


ကျန်းရှီဝူ ရင်းနှီးနေသောမျက်နှာကိုကြည့်ပြီး ဗလုံးဗထွေးရေရွတ်လိုက်သည်။ 


"အမေ မသေသေးဘူးလား..."


ဖြောင်း....


ရိုက်ချက်ကြမ်းကြမ်းက သူ့ခန္ဓာကိုယ်အပေါ်သို့ကျလာပြီး ဆယ်ကျော်သက်လေး၏ အော်ဟစ်သံက ကားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကားအနောက်ခုံတွင် အကြိမ်အနည်းငယ်မျှ ရှေ့နောက်လှိမ့်ပြီး နောက် ကျန်းရှီဝူမှာ သူအိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သိသွားခဲ့သည်။ အတိတ်ဘဝမှဖြစ်ရပ်ဟောင်းများက သူ့ခေါင်းထဲသို့ ရုတ်တရက်ဝင်လာခဲ့ကာ မျက်စိထဲတွင် ပြတ်ပြတ်သားသားပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအေးစက်သွားစေခဲ့သည်။


သေခြင်းတရားက သူ့ကို ဤလောကမှာဝတ္ထုတစ်ပုဒ်ပင်ဖြစ်ကြောင်းနှင့် သူကအရေးမပါသောဇာတ်ပို့တစ်ယောက်သာဖြစ်ကြောင်း အမှတ်မထင်သိရှိစေခဲ့သည်။ သူက အမျိုးသားဇာတ်လိုက်ကို ဖိအားပေး၍လက်ထပ်ခဲ့ပြီး သူ့မိသားစုစည်းစိမ်ကိုအားကိုးကာ သူ့အတွက် အများအပြားလုပ်ခိုင်းခဲ့သည်။ ထို့နောက် ကားအက်စီးဒင့်ဖြစ်ကာသေသွားခဲ့သည်။


သူက သူ့အမေမြည်တွန်တောက်တီးနေသံကိုကြားလိုက်ရသည်။ 


"နောက်နှစ်ဆိုရင် ဂျူနီယာအထက်တန်း တတိယနှစ်ဖြစ်ပြီနော်၊ မင်းစာကြိုးစားပြီး ပြဿနာမရှာသင့်တော့ဘူး၊ ကြားလား..."


"ငါလည်း ဆရာ့ဆီကအခေါ်မခံချင်တော့ဘူး..."


"မင်းစာမလုပ်ချင်လည်းရတယ်၊ အတန်းဖော်တွေကိုအနိုင်မကျင့်နဲ့တော့..."


"မင်းဘယ်လောက်ဝနေပြီလဲဆိုတာ ကြည့်ဦး..."


ကျန်းရှီဝူ အသိစိတ်ပြန်ကပ်သွားပြီး ရင်တုန်ပန်းတုန်ဖြင့် သူ့ကိုယ်သူငုံ့ကြည့်လိုက်သည်။ သူ့လက်နှင့်ခြေထောက်တို့က လုံးဝိုင်းနေပြီး ဖြူဖွေးလုံးကစ်နေလေသည်။ ဤခန္ဓာကိုယ်မှာ ခွဲခွာနေခဲ့ရသည်မှာကြာခဲ့ပြီဖြစ်သော အမှတ်တရလေးတစ်ခုဖြစ်လေသည်။ ဤအလေးချိန်၊ ဖက်တီးပုပ်ကိုယ်လေးကို သူတကယ်လွမ်းနေခဲ့ရသည်။


ကျန်းမေ့လီက ထပ်ဖြည့်ပြောလိုက်၏။ 


"ကျောင်းရောက်ပြီ၊ မြန်မြန်သွားတော့၊ နောက်ဆုံးနှစ်ဝက်လေးကိုတန်ဖိုးထားစမ်းပါ၊ မင်းစာမကြိုးစားရင် နောင်တရလိမ့်မယ်..."


ကျန်းရှီဝူ သူမ ကြည့်သည့်အတိုင်း ကားပြတင်းအပြင်ကို လိုက်ကြည့်လိုက်သည်။ ကျုံးဝူအထက်တန်းကျောင်း ဆိုသော ကျောင်းဆိုင်းဘုတ်က နေရောင်ထဲတွင်တောက်ပနေလေ၏။ လူများက တံခါးမကြီးကို ဝင်လိုက်ထွက်လိုက်နှင့်ဖြတ်သန်းနေကြသည်။ ကျောင်းသားများက ယူနီဖောင်းများကို အတန်းလိုက် ဝတ်ထားကြသည်။ ကျောင်းစောင့်ကလည်း သူမှတ်မိထားသည့်အတိုင်း ပန်းခင်းဘေးတွင်ရပ်ကာ မိဘများကိုနှုတ်ဆက်နေလေသည်။


သူ မသေခင်နှစ်များတွင် အေးစက်သောလေများနှင့်ခါးသီးစရာနောင်တတရားတို့ကသာ သူ့ကိုအဖော်ပြုပေးခဲ့ကြသည်။


သူ့အမေ၏စကားကမှန်သည်။ နှစ်များကြာလာသည်နှင့်အမျှ သူနောင်တရသည့် အကြိမ်ရေကများလာခဲ့သည်။


ကျန်းရှီဝူက ကားတံခါးကိုဖွင့်ကာ ကားအပြင်ဘက်သို့ထွက်လိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်သို့ကျလာသော နေရောင်ခြည်၏အနွေးဓာတ်ကို ခံစားလိုက်လေ၏။ သူက အသက်ကိုပြင်းပြင်းလေးရှူလိုက်ပြီး တဖက်လှည့်ကာသူ့အမေကို လက်ယမ်းပြလိုက်သည်။ 


"အမေ စိတ်မပူပါနဲ့၊ ကျွန်တော် နောက်နှစ်ဝက်မှာ သေချာပေါက်စာကြိုးစားပြီး နေ့တိုင်းတိုးတက်အောင်လုပ်သွားမယ်၊ ပြီးရင် လူသစ်တစ်ယောက်ဖြစ်လာမှာပါ..."


ကားတံခါးအရှေ့တွင်ရပ်နေသောလူငယ်လေးက အနည်းငယ်ဝပြီး ခေါင်းပြားပြားနှင့် မျက်နှာဝိုင်းဝိုင်းလေးဖြစ်လေသည်။ သူ၏အညိုရောင်မျက်လုံးအိမ်က ကြီးမားဝိုင်းစက်နေသည်။ နေရောင်ခြည်ကပက်ဖြန်းထားပြီး အနည်းငယ်ချောမောနေကာ အားပြည့်အင်ပြည့်ဖြစ်နေလေ၏။


"ငပျင်းလေးရဲ့..." 

ကျန်းမေ့လီက သူ့အိတ်ကိုပစ်ပေးလိုက်သည်။ 

"နင်ပြောသလိုပဲ ကောင်းကောင်းလုပ်စမ်းပါ၊ မြန်မြန်သွားတော့.."


ကျန်းရှီဝူက အိတ်ကိုဖမ်းလိုက်ပြီး ကျောတွင်လွယ်ရင်း ကျောင်းရှိရာဘက်သို့လှည့်လိုက်လေသည်။


နွေဦးအစောပိုင်းကာလမှာ အနည်းငယ်နွေးနေသေးသည်။ ကလေးငယ်တစ်ယောက်၏ယန်ဓာတ်စွမ်းအင်က သိပ်သည်းနေ၍ဖြစ်နိုင်ပြီး သူ့အနေဖြင့် အအေးဓာတ်ကိုအလွန်အမင်းမခံစားရပေ။ သူ့ကျောပိုးအိတ်ထဲတွင် စာအုပ်အများကြီးမပါလာခဲ့ပေ။ သူကလူအုပ်ကြားထဲတွင်လျှောက်နေရင်း သူ့အတန်းရှိသည့်နေရာကို မှတ်မိအောင်ကြိုးစားနေခဲ့သည်။


သူလမ်းလျှောက်နေစဥ် လူတစ်ယောက်ကသူ့ကျောကိုလာပုတ်လေသည်။


"အစ်ကိုရှီ..."


အသံပိုင်ရှင်က ငဖောင်ရိုးမျောက်တစ်ကောင်နှင့်တူနေသည်။ အထူးသဖြင့် သူရယ်လိုက်သည့်အချိန်တွင် မျောက်နှင့်ပိုတူသွားခဲ့သည်။


ကျန်းရှီဝူက မှင်သက်သွားလေသည်။ 


"မင်းက..."


လျိုဟန်က သူ့ရင်ဘတ်ကိုပုတ်ပြလာလေ၏။


 "အိုး...အစ်ကိုရှီ ကျွန်တော်လျိုဟန်လေ၊ ကျွန်တော့်ကိုတောင်မေ့သွားပြီလား..."


လျိုဟန်...။


ဤရင်းနှီးနေသည့်အသံ။ အထူးသဖြင့် မျက်နှာပုံစံက ကျန်းရှီဝူ၏မှတ်ဉာဏ်ကို ဖြည်းဖြည်းချင်းဖော်ပေးလိုက်သည်။ ထိုသူမှာ သူကျောင်းတက်ခဲ့ချိန်က သူငယ်ချင်းများအနက်မှတစ်ယောက်ဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ထိုသူတွင်လည်း ကောင်းမွန်သော မိသားစုနောက်ခံရှိလေသည်။


ကျန်းရှီဝူက ပြုံးပြလိုက်သည်။ 


"ငါမှတ်မိတာပေါ့၊ ငါမင်းကိုနောက်တာပါ.."


"လန့်သွားတာပဲ.." 

လျိုဟန်က ခေါင်းခါပြလိုက်သည်။ 

"ငါကတော့ မင်းခန္ဓာကိုယ်ကို နတ်ဆိုးတစ်ကောင်ကဝင်စီးသွားပြီလို့ထင်သွားတာ..."


ကျန်းရှီဝူမှာ သူငယ်ချင်းဖြစ်သူ၏ရင်းနှီးမှုကြောင့် စိတ်လှုပ်ရှားသွားရပြီး အမှန်တကယ် အသက်ပြန်ရှင်လာခြင်းက ယခုမူ သူ့ကိုစိတ်လေးလာစေခဲ့သည်။ သူက ခံစားချက်များကိုခါထုတ်ပစ်လိုက်ပြီး မျောက်နှင့်တူသောကောင်လေးနှင့်အတူ ပူးပေါင်းလိုက်သည်။


ဖက်တီးတစ်ယောက်နှင့် ငဖောင်ရိုးတစ်ယောက်က အတူလမ်းလျှောက်လာခဲ့ကြသည်။ ကျန်းရှီဝူက ကျန်းမေ့လီ သူ့ကိုပစ်ပေးလိုက်သည့်အိတ်ကို သယ်ထားဆဲဖြစ်လေ၏။ သူအနည်းငယ်ဗိုက်ဆာနေသောကြောင့် စားစရာရလို့ရငြား မွှေနှောက်ရှာဖွေနေမိလေသည်။


လျိုဟန်က သူ့ဘက်သို့မှီလာပြီးပြောလိုက်လေ၏။ 

"အဲဒါဘာလဲ၊ ရှန့်ချန်အတွက် လက်ဆောင်လား..."


ရှန့်ချန်။


ကျန်းရှီဝူ၏လက်ကတုန်သွားပြီး မုန့်ထုပ်ကိုမှောက်လိုက်မိသောကြောင့် မုန့်အကုန်လုံးနီးပါးက အိတ်ထဲမှထွက်ကျကုန်သည်။ သူ့စိတ်ထဲမှအကြောက်တရားက သူ့ကိုတားဆီးထားပြီး နေရာတွင်ပင်ရပ်နေမိစေလေ၏။


လျိုဟန်က အံ့ဩသွားခဲ့သည်။ 


"ဘာဖြစ်တာလဲ..."


ကျန်းရှီဝူက ဘေးမှဖြတ်သွားကြသောကျောင်းသားများကိုလှမ်းကြည့်ပြီး သူ့ရင်ဘတ်က နှစ်ကြိမ်ခန့်တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ထို့နောက် သူလျိုဟန်ကို ပြန်ပြီးငေးကြည့်လိုက်သည်။ 


"ရှန့်ချန်အကြောင်းကို ဘယ်တော့မှ ထပ်မပြောနဲ့တော့..."


"ဘာလို့လဲ..."


လျိုဟန်ကစိတ်ရှုပ်ထွေးနေဟန်ဖြင့် သူ့ခေါင်းကိုပုတ်နေလေသည်။ 


"မင်းပဲ ရှန့်ချန်ကိုသေတဲ့အထိချစ်...အင့်..."


စာသင်ဆောင်သို့သွားသည့်လမ်းတွင် ငဖောင်ရိုးမျောက်လေးခမျာ သူ့သူငယ်ချင်းထံမှ အချုပ်ခံလိုက်ရပြီး နာနာကျင်ကျင်ဖြင့်အော်လိုက်မိသည်။


"ပါးစပ်ပိတ်ထား၊ ငါမင်းကို ရှန့်ချန်အကြောင်းကိုမပြောနဲ့လို့ ပြောနေတယ်နော်..."


သူတို့ဖြစ်ပျက်နေပုံက အသေးအဖွဲလေးဆိုသော်လည်း အခြားသူများထံမှ အာရုံစိုက်ခံနေရဆဲဖြစ်လေ၏။


နောက်ဆုံး၌ လျိုဟန်မှာလွတ်သွားခဲ့ပြီး အသက်ကိုဝအောင်ရှုနိုင်ခဲ့သော်လည်း ကျန်းရှီဝူကသူ့ကို ထောင့်ချိုးလေးရှိရာသို့ ဆွဲခေါ်သွားခဲ့သည်။


ကျန်းရှီဝူ၏ဖက်တီးပုပ်ကိုယ်လေးက အပြင်းအထန်လှုပ်ခါနေပြီး ဒေါသအနည်းငယ်ထွက်နေလေသည်။ 


"ငါအခု ရှန့်ချန်ကိုမကြိုက်တော့ဘူး၊ ပြီးခဲ့တာတွေကပြီးသွားပြီ၊ နောက်ကျရင်သူ့အကြောင်းကိုထပ်မပြောနဲ့တော့..."


ရှန့်ချန်က သူ့နှလုံးသားမှ အရိပ်မည်းတစ်ခုဖြစ်လာခဲ့သည်။


ငါသူ့ကိုအရင်ကကြိုက်ခဲ့တယ်။ ဒါပေမဲ့ ငါသူ့ကိုဘယ်လောက်သဘောကျခဲ့လဲ။ ဘယ်အချိန်ကတည်းကလဲ။


မူလတန်းကျောင်းတွင် ပထမဆုံးတွေ့ခဲ့ချိန်ကဖြစ်လိမ့်မည်။ ကျန်းရှီဝူကသူ့ကို နတ်သားလေးဟုထင်ခဲ့ပြီး အလွန်အမင်းသဘောကျခဲ့သည်။ သူက ရှန့်ချန်အနောက်ကို ခွာရခက်သော ကပ်စေးစေးသကြားလုံးလေးနှယ် လိုက်နေခဲ့သည်။


ယခင်ဘဝကဆိုလျှင် သူ့မိသားစု၏အဆက်အသွယ်ကိုသုံးပြီး ရှန့်ချန်ကိုသူနှင့်လက်ထပ်ရန်ဖိအားပေးခဲ့သည်။ သူကရူးမိုက်ပြီး ထင်ရာစိုင်းခဲ့သည်။ အမြှောက်စာဇာတ်ကောင်တစ်ယောက်အနေဖြင့် သူက ဝတ္ထုထဲတွင် အခန်းအနည်းငယ်လေးပင်မပါလိုက်ရဘဲ စာကြောင်းအနည်းငယ်တွင်သာပါခဲ့ရသည်။ သူ့အမေက ကားအက်စီးဒင့်ကြောင့်သေသွားပြီး သူ့အဖေကလည်းအကြွေးများကြောင့် တိုက်ပေါ်မှ ခုန်ချသွားခဲ့သည်။ အားလုံးက သူရှန့်ချန်ကိုသဘောကျခဲ့သောကြောင့်ပင်။


သူ ရှန့်ချန်ကိုသဘောမကျခဲ့သင့်ပေ။


ယင်းအတွက်နှင့် သူ့မှာ တနင့်တပိုးပေးဆပ်ခဲ့ရသည်။


လျိုဟန်က ကျန်းရှီဝူ၏ပုခုံးကို ဖွဖွလေးပုတ်လိုက်သည်။ 


"အစ်ကိုကြီး၊ ဒီမနက်ဘာတွေဖြစ်နေတာလဲ၊ ဒါကလည်းနောက်တာပဲလား..."


ကျန်းရှီဝူက သူ့မှတ်ဉာဏ်များအတွင်းမှထွက်လိုက်ပြီး တိုင်၏အစွန်ကိုမှီလိုက်သည်။ သူက အရိပ်ထဲတွင်ရပ်နေခဲ့သည်။ သူ၏ဝိုင်းစက်နေသည့်မျက်နှာက အနည်းငယ် သိက္ခာရှိနေပုံရလေ၏။ ထိုမျက်လုံးများက လျိုဟန်ကိုကြည့်နေခဲ့ပြီး အသံတိမ်တိမ်ဖြင့်ပြောလိုက်သည်။ 


"နောက်နေတာမဟုတ်ဘူး..."


လျိုဟန် တောင့်တင်းသွားခဲ့သည်။ သူတို့က နှစ်များစွာသူငယ်ချင်းဖြစ်ခဲ့ကြသော်လည်း သူ့အနေဖြင့် ကွာခြားချက်ကို ပြောနိုင်သေးသည်။ ဤတစ်ကြိမ်တွင် ကျန်းရှီဝူက အမှန်အတိုင်းပြောနေသည်ဟု သူခံစားနေရလေ၏။


လျိုဟန်ကမျက်မှောင်ကြုတ်လိုက်သည်။ 


"အစ်ကိုရှီ...ငါတို့ကျောင်းမှာ ရှန့်ချန်ထက်ပိုပြီးကြည့်ကောင်းတဲ့သူရှိလို့လား၊ အဲဒါကြောင့် နှစ်တွေအကြာကြီးကြိုက်လာတဲ့ ရှန့်ချန်ကိုလက်လျှော့လိုက်တာလား..."


ကျန်းရှီဝူက သူ့ကိုခပ်တိုးတိုးဆဲလိုက်သည်။ 


"မင်းမျက်လုံးထဲမှာ ငါကအဲဒီလောက်တောင် နှာဘူးထနေတာလား..."


"မဟုတ်လို့လား..."


"...."


ကျန်းရှီဝူ လက်သီးဆုပ်ထားသည့်အားက တင်းလာလေသည်။


နှစ်ယောက်သား လုံးထွေးသတ်ပုတ်နေခဲ့ကြပြီး နောက်ဆုံးမှ လျိုဟန်မှာ ကျန်းရှီဝူက ငန်းသားကိုတကယ်မစားချင်တော့ကြောင်း အကြိမ်ကြိမ်အတည်ပြုလိုက်လေသည်။ ဖြေရှင်းကြပြီးနောက်ဆုံး၌ သူတို့မှာ စာသင်ခန်းသို့သာ တိုက်ရိုက်ပြန်လာခဲ့ကြသည်။


လမ်းလျှောက်နေရင်းမှ သူပြောလိုက်သည်။ 


"ခဏနေဦး..."


ကျန်းရှီဝူက သူ၏ဝတုတ်နေသောခြေထောက်နှစ်ချောင်းကိုရပ်လိုက်သည်။ 


"ဘာဖြစ်တာလဲ..."


"အဲဒါကလေ..အစ်ကိုရှီ..."

လျိုဟန်က ခေါင်းထောင်လာလေသည်။ 


"မင်း မနေ့က ရည်းစားစာရေးပြီး ရှန့်ချန်ခုံအောက်ထဲကိုထိုးထည့်ခဲ့တယ်လေ၊ ငါတို့ ဒီကိုအတူလာခဲ့ကြတယ်၊ မင်းပဲ ရှန့်ချန်ကို နှစ်ဝက်မှာ အံ့ဩသွားအောင်လုပ်မယ်လို့ပြောခဲ့တာလေ၊ ဆိုတော့ သူကျောင်းလာရင် မင်းရဲ့သဘောထားကိုသူတွေ့ရမှာပဲ..."


ကျန်းရှီဝူမှာ နေရာတွင်ပင် အေးခဲသွားခဲ့သည်။


လျိုဟန်က သူ့ကို သနားစရာကိုယ်လုပ်တော်လေးပမာ ကြည့်နေပြီးပြုံးလိုက်လေ၏။ 

"မင်းက ဒီနေ့ မင်းတော့ကျောင်းနံရံကိုကျော်နိုင်မှာမဟုတ်တော့ဘူးဆိုပြီးကြောက်နေတာပဲ၊ အဲဒါဆိုလည်း ငါ့ကိုအဖော်လိုက်ခဲ့ပေးဖို့ အကူအညီတောင်းလည်းရပါတယ်..."


နွေဦးလေက အနည်းငယ်အေးနေသေးသည့်တိုင် ကျန်းရှီဝူကျောမှာ ချွေးများဖြင့်ရွှဲလာခဲ့လေသည်။


ကျန်းရှီဝူက ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လာလေသည်။


 "မ..မနေ့ကလား.."


"ဟုတ်တယ်..." 

လျိုဟန်က သိပ်မဝေးလှသောစာသင်ဆောင်ကို လက်ညိုးထိုးပြလိုက်သည်။ 


"မင်းလက်နဲ့မင်း သူ့ရဲ့စာရေးခုံထဲကိုထိုးထည့်ခဲ့တာလေ၊ မေ့သွားပြီလား..."


ဖာ့ခ်။


ကျန်းရှီဝူ၏နှလုံးက ဒုန်းစိုင်းခုန်လာပြီး ယခုမူ သူ့ကိုယ်သူဆဲပစ်လိုက်ချင်နေသည်။


သူက ရှန်းချန်နှင့်ဝေးဝေးနေရန်စီစဥ်ထားခဲ့သည်။ ရှန့်ချန်သာသူ၏ မိုက်မဲလှသောရည်းစားစာကိုရှာတွေ့သွားပါက သူ့အစီအစဥ်အားလုံးက အချည်းနှီးဖြစ်သွားတော့မည် မဟုတ်ပါလော။


သူ၏ယခုလိုပုံစံကိုကြည့်နေရင်း လျိုဟန်ကပြောလာပါသည်။


 "မင်းသူ့ကို တကယ်သဘောမကျတော့ဘူးဆိုရင်လည်း ပြန်ယူလိုက်လို့ရတာပဲ..."


ကျန်းရှီဝူ: "ပြောတော့သာလွယ်တာဟ၊ သူကျောင်းကိုရောက်နေပြီဆိုရင် ဘယ်လိုလုပ်မလဲ..."


ထိုစကားထွက်လာသည်နှင့် သူ့ဘေးတွင် ရယ်သံပေါ်လာလေသည်။


လျိုဟန်၏မျက်နှာက သေးသွယ်သည်။ သူ၏အမြင်ကပ်စရာပုံစံက အလွန်အမင်းလေးနက်နေလေ၏။ 


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါတို့အကုန်လုံးကကားနဲ့လာတာလေ၊ ရှန့်ချန်က သူ့ကို ကျောင်းလိုက်ပို့ပေးမယ့်သူမရှိဘူး၊ သူ့အမေက နေ့တိုင်းမာကျောက်ကစားနေတာ၊ တစ်ညလုံးပြန်မလာတတ်ဘူး၊ သူ့အဖေက ဒုက္ခိတလေ၊ ဟား ဟား ဟား သူကလမ်းတောင်မလျှောက်နိုင်တာ သူ့သားကိုကျောင်းလိုက်ပို့ကတော့ ဝေးလာဝေးပဲ.."


ကျန်းရှီဝူလည်း တွေးမိသွားခဲ့သည်။


 "ဒါဆို ငါ့ရဲ့ရည်းစားစာကို ပြန်ယူဖို့အချိန်ရှိသေးတာပဲ.."


"အမှန်ပဲ..."


လျိုဟန် အသိပြန်ဝင်လာချိန်တွင် ကျန်းရှီဝူက စာသင်ဆောင်ဘက်သို့ပြေးသွားပြီဖြစ်လေသည်။ သူက ကောင်လေး၏ အပြေးမြန်ပုံကို လေးစားနေရုံရှိသေးစဥ် ခြေလှမ်းအနည်းငယ်သာပြေးရသေးသောကျန်းရှီဝူက ဆတ်ခနဲပြန်လှည့်လာပြီး သူ့ကို နို့လက်ဖက်ရည်ခွက်ဖြင့် တည့်တည့်ကြီးပက်ထည့်လိုက်သည်။ ခွက်နှင့်ပက်လိုက်သည့်အားက မသေးလှပေ။ နာကျင်မှုက လျိုဟန်ကိုစူးစူးဝါးဝါးအော်ဟစ်မိစေပြီး သူ့လက်ဖြင့်ကာလိုက်မိလေသည်။ 


"ဘာလုပ်တာလဲ..."


ကျန်းရှီဝူ: "လက်ဖက်ရည်တိုက်တာ..."


လျိုဟန်က ရှီးခနဲအသံလုပ်လိုက်ပြီး ကျန်းရှီဝူထပ်ပြောလာသည့်စကားကိုကြားလိုက်ရသည်။ 


"မင်းရဲ့အနံ့ထွက်နေတဲ့ပါးစပ်ကိုသွားဆေးလိုက်ဦး..."


လျိုဟန်၏အကြည့်အောက်မှာပင် ဖက်တီးပုပ်လေးကလှည့်ပြေးသွားတော့သည်။


သူက မီတာတစ်ရာမျှအထိအရှိန်တင်ပြီး. စာသင်ခန်းထဲသို့ပြေးဝင်သွားခဲ့သည်။ သူ အချိန်မီရောက်လာခဲ့ပုံရသည်။ လူပင်အများအပြားမရောက်သေးပေ။ ကျန်းရှီဝူက နဖူးပေါ်မှချွေးများကိုသုတ်ပစ်လိုက်သည်။ သူက ကလေးအရွယ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး ဤပြေးနှုန်းက သူပြေးလာခဲ့သမျှတလျှောက်လုံးတွင် အများဆုံးဖြစ်လေ၏။ သူက စားပွဲရှေ့တွင်ဆောင့်ကြောင့်ထိုင်ချလိုက်ကာ စာအုပ်များကြားကိုရှာဖွေရန် လက်လှမ်းလိုက်သည်။


"အဲဒီ သောက်ကျိုးနည်းရည်းစားစာက ဘယ်မှာလဲဟ..."


စားပွဲပေါ်တွင် အရင်နှစ်ဝက်မှစာအုပ်အများအပြားကရှိနေသေးသည်။ ၎င်းတို့က ရှန့်ချန်အတိုင်း စတိုင်ကျပြီး အဆင့်အတန်းမြင့်စွာဖြင့် သပ်သပ်ရပ်ရပ်ဆင့်ထားခဲ့သည်။ သူ ရှန့်ချန်ကိုနားလည်ထားပုံအရဆိုလျှင် သူစိမ်းများက သူ့ခွင့်ပြုချက်မရှိဘဲ သူ့ပစ္စည်းများအားထိပါက မုန်းတီးတတ်သည်။ ထို့ကြောင့် သူအမြန်လုပ်မှဖြစ်မည်။ မဟုတ်ပါက သူ တစ်ခါလောက်အမိခံလိုက်ရသည်နှင့် ရှန့်ချန်နှင့်သူ သေခန်းပြတ်သွားမည်ထက် ရှန့်ချန်၏ရွံတတ်သည့်စိတ်က ပိုဆိုးသွားမည်ကို ကြောက်မိလေ၏။


ကျန်းရှီဝူမှာ ချွေးဒီးဒီးကျနေပြီး အဝတ်အစားကိုလက်ဖြင့်သုတ်လိုက်သည်။ ထို့နောက် စာအုပ်တို့ကိုထပ်ပြီးလှန်လှောရပြန်၏။ သူက ခပ်တိုးတိုးပင့်သက်ရှိုက်လိုက်ကာ ရည်းစားစာကိုရှာရန်အတွက် စာအုပ်များကိုလှန်လှောရမည့်အစား သူ့ခေါင်းကိုသာထိုးထည့်လိုက်ချင်နေသည်။ စာအုပ်အချို့ကိုလှန်လှောကြည့်ပြီးနောက်ဆုံးတွင် ပန်းရောင်ကတ်လေးတစ်ကတ်က ထွက်ကျလာခဲ့သည်။ သူကစိတ်အေးသွားပြီး သက်ပြင်းချလိုက်လေ၏။ 


"တွေ့ပြီ..."


သူ့ရင်ထဲကအလုံးကြီးက ကျသွားခဲ့ပြီး တလောကလုံးကပိုပြီးသာယာလာခဲ့သည်။ ကျန်းရှီဝူကပြုံးလိုက်ပြီး လှည့်ထွက်တော့မည့်အချိန်မှာပင် အေးစက်စက်အသံက သူ့နောက်ကျောဘက်မှထွက်လာခဲ့လေ၏။ 


"ကျန်းရှီဝူ..."


ကျန်းရှီဝူ၏ကိုယ်လေးက ချက်ချင်းတောင့်သွားခဲ့သည်။ လာနေသည့်လူကိုတွေ့လိုက်ရသည်နှင့် သူ၏သူငယ်အိမ်ကကျယ်လာပြီး အသားများသောကိုယ်လေးမှာ လှုပ်ခါသွားတော့သည်။


ရှန့်ချန်။


အချိန်များက ကြာခဲ့ပြီဖြစ်ပြီး သူကထိုသူနှင့်နှစ်များစွာ အတူနေခဲ့လျှင်ပင်၊ ထိုသူကိုနောက်တစ်ကြိမ်ထပ်တွေ့ရ၍ ကြောက်နေခဲ့လျှင်ပင် သူက ရှန့်ချန်၏ပေါ်ထွက်လာမှုကြောင့် အံ့အားသင့်နေရဆဲဖြစ်လေသည်။ သူက ထိုနေရာတွင် ရပ်နေရုံသာဆိုသော်လည်း သူ့တကိုယ်လုံးက အေးစက်သည့်လေအေးတလွှာဖြင့် ရစ်ပတ်ခံထားရပြီး ၎င်းက မိုင်ပေါင်းများစွာကို ပျံ့နှံ့နေသလိုခံစားရလေသည်။


ထိုအခိုက်အတန့်မှာပင် ရှန့်ချန်က စားပွဲတွင်ရပ်နေပြီး ခံစားချက်ကင်းမဲ့သော မျက်ဝန်းနက်များဖြင့် သူ့ကိုငုံ့ကြည့်လာခဲ့လေသည်။


 "ဘာလုပ်နေတာလဲ.."



☁️☁️