Chapter 2
Viewers 680

☁️Chapter 2



လေထုက ကို့ရို့ကားယားနှင့် ရှက်စရာကောင်းလာလေသည်။ 


ကျန်းရှီဝူက စာရေးစားပွဲခုံနှင့်ထိုင်ခုံကြားမှ တိုးထွက်လိုက်သည်။ ချွေးများက သူ့နဖူးမှစီးကျနေလေ၏။ သူ၏အသက်ရှူသံက မတည်ငြိမ်ပေ။ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး မျက်နှာဝိုင်းဝိုင်းလေးမှာလည်း ပျာယာခတ်နေလေသည်။


ကျန်းရှီဝူက ရည်းစားစာကို အနောက်တွင်ဝှက်ထားလိုက်သည်။ 


"ရှန့်...ရှန့်ချန်..."


ရှန့်ချန်၏သွယ်လျသောမျက်ခုံးလေးများက အနည်းငယ်ကုပ်သွားပြီး အေးစက်စွာဖြင့် ပြောလာလေသည်။


 "မင်းငါ့ဆီက ပစ္စည်းတစ်ခုခုကိုလာခိုးတာလား..."


"မဟုတ်ပါဘူး..."


မတရားခံရတာ။ မတရားခံရတာပါ။


သူက သူ့ပစ္စည်းလေးကို ပြန်လာယူရုံပဲဆိုတာ အသိသာကြီးပဲလေ။


ကျန်းရှီဝူ၏ အညိုရောင်မျက်လုံးဝိုင်းကြီးများက ရှန့်ချန်၏ ခံစားချက်မဲ့သောမျက်လုံးနက်များနှင့်ဆုံတွေ့သွားခဲ့သည်။ သူ့စိတ်ထဲမှ အေးစိမ့်လာသည့်ခံစားချက်က သူ့ကိုအနည်းငယ်တုန်ယင်သွားစေခဲ့ပြီး သူက အပြစ်ရှိစိတ်ဖြင့် မျက်လုံးလွှဲလိုက်လေ၏။ 


"ငါ တကယ်ကို မင်းဆီကနေ ဘာမှမခိုးပါဘူး..."


သူက ခေါင်းငိုက်စိုက်ချထားရင်း မတရားစွပ်စွဲခံရသည့်ဟန်ဖြင့်ပြောလိုက်သည်။ သူက ရှန့်ချန်ထက်အရပ်ပုပြီး ယခုမူ တောကြက်လေးနှင့်ပင် ပိုပြီးတူသွားခဲ့သည်။


ရှန့်ချန်က အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်သည်။


အတိတ်မှကျန်းရှီဝူမှာ အလွန်အမင်း ဒေါသကြီးခဲ့သည်။သူတို့ကြားရှိ အတိတ်မှရန်ငြိုးများဆိုလျှင် ပြောနေစရာပင်မလိုပေ။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် လူယုတ်မာတစ်ယောက်လို အော်ဟစ်မည့်အစား ငြင်းခုန်နေပေလိမ့်မည်။


သို့သော်လည်း ၎င်းက သူနှင့်မပတ်သက်ပေ။


ခုံဘေးတွင်ရပ်နေရင်း ရှန့်ချန်က အေးစက်စက်ဖြင့်ပြောလိုက်သည်။ 


"ရှေ့ကနေဖယ်စမ်း..."


ကျန်းရှီဝူ တောင့်တင်းသွားလေသည်။


ရှန့်ချန်က သူနှင့်ရှည်ရှည်ဝေးဝေး စကားမပြောချင်ပေ။ 


"ငါအထဲဝင်ချင်တယ်..."


ကျန်းရှီဝူက ဘေးဖယ်ပေးလိုက်ပြီး ရှန့်ချန်ကိုအထဲဝင်ခိုင်းလိုက်သည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက်ဖြတ်သွားကြချိန်တွင် ရုတ်တရက်ကြီး အလွန်တရာသေးငယ်လှသော လက်ထဲမှရည်းစားစာက အပေါ်ယံမှချော်ပြီး ကြမ်းပြင်ပေါ်သို့ကျသွားခဲ့သည်။ 


ဖက်...


၎င်းတွင် အနီရောင်တောက်တောက်နှင့် အသည်းပုံစံကြီးတစ်ခုပါနေ၏။ မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းက မည်သည့်အရာဖြစ်မှန်းပြောနိုင်လေ၏။


ရှက်စရာကောင်းလိုက်လေခြင်း။ သူက ရှန့်ချန်မလာခင် ရည်းစားစာကိုယူသွားရန်သာ တွေးထားခဲ့သည်။ သူက ရှန့်ချန်ကို သဘောကျတော့မည်မဟုတ်ကြောင်းနှင့် နောင်တွင် ထိုသူကိုနှောင့်ယှက်တော့မည်မဟုတ်ကြောင်း ရှန့်ချန်သိသွားစေရန်မျှော်လင့်ခဲ့သည်။ ဤအစုတ်အပြတ်ရည်းစားစာက ခုန်ထွက်လာလိမ့်မည်ဟု မည်သူကများသိခဲ့ပါမည်နည်း။


ပြီးသွားပြီ။ သူ့ခံစားချက်များကိုဆေးကြောရန် မြစ်ဝါမြစ်ထဲသို့ခုန်ချမှဖြစ်တော့မည်။


မရဘူး။


ရှန့်ချန်ကို သူကချစ်နေတုန်းပဲဆိုပြီး ပေးမသိနိုင်ဘူး။


ကျန်းရှီဝူက စာရွက်ကိုကောက်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းလေးရှူလိုက်သည်။ 


"တကယ်တော့ ဒီစာက ငါရေးတာမဟုတ်ဘူး..."


ရှန့်ချန်က ခုံတွင်ပြန်ထိုင်နေသည်။ သူ့မျက်နှာက ဂရုမစိုက်သလိုပင်။ သူက ကျန်းရှီဝူကိုပင်မကြည့်ဘဲ အသံကလည်းခံစားချက်မဲ့နေလေသည်။ 


"ဟုတ်လား..."


"ဟုတ်တယ်..."


ကျန်းရှီဝူက အကြံရလာလေသည်။ 


"ဟုတ်တယ်၊ လျိုဟန်ရေးထားတာ၊ သူကမင်းရဲ့ခုံအောက်ထဲကိုထိုးထည့်သွားတာ ငါမြင်လိုက်တယ်၊ ငါကတော့ ဒီအရွယ်မှာ စာကြိုးစားသင့်တယ်လို့ပဲမြင်တယ်၊ လျိုဟန်က ဘယ်လိုလုပ်ပြီး ဒီလိုနည်းနဲ့ မင်းကို စာကျက်ပျက်အောင်လုပ်ရတာလည်းမသိဘူး..."


နောက်ဆုံးတွင် သူ့ကိုတစ်ခါပင်မကြည့်လာသည့်ရှန့်ချန်က ခေါင်းလှည့်လာခဲ့သည်။


ကျန်းရှီဝူက သက်ပြင်းချကာ ဝမ်းနည်းသလိုဟန်ဆောင်ပြီး သူ့လက်ထဲမှကတ်ကိုကြည့်လိုက်သည်။


 "ငါပြောတာက ဒီလျိုဟန်ဆိုတဲ့ကောင်က တကယ်ပါပဲ၊ စာမကျက်ဘဲ တနေကုန်ဘာတွေတွေးနေမှန်းကိုမသိပါဘူး.."


ရှန့်ချန်က အသာလေးမျက်လုံးမှေးလိုက်သည်။


သူနှင့်တစ်မီတာအကွာတွင်ရပ်နေသော ဖက်တီးလေးက ခါးကိုဆန့်ထားခဲ့သည်။ သူ၏လုံးကစ်နေသောမျက်နှာက သေချာနေပုံရသည်။ မျက်လုံးများကတောက်ပနေ၏။ လက်တို့ကို ကျောအနောက်တွင်ထားပြီး သူ့မျက်လုံးများနှင့်ဆုံရသည့်အခါ အနည်းငယ်အပြစ်ရှိနေပုံရသည်။ သူ့အကြည့်ကိုရှောင်နေပုံက သူ့အရှေ့တွင် အပြင်းအထန်ကြိမ်းမောင်းခံနေရသော ပြဿနာရှာထားသည့်ကျောင်းသားလေးလိုပင်။


နောက်ဆုံး၌ ကျန်းရှီဝူက မှတ်ချက်ချလိုက်သည်။


 "မစိုးရိမ်ပါနဲ့၊ ငါနောက်ကျရင် လျိုဟန်ကို သေချာပြောပြလိုက်ပါ့မယ်၊ အဲဒါမှ သူ့စိတ်ကိုသူပြောင်းလဲနိုင်မှာ၊ လူသစ်ဖြစ်လာပြီး မင်းကိုလည်း နောက်ကျရင်နှောင့်ယှက်တော့မှာမဟုတ်ဘူး..."


ထိုစကားလုံးများက အာမခံချက်အပြည့်ရှိနေသည်။ မသိလျှင် ယခင်ကရှန့်ချန်ကိုနှောင့်ယှက်ခဲ့သူမှာ သူမဟုတ်သည့်အတိုင်းပင်။


ဖွီး...


ရှန့်ချန်ထံမှတုံ့ပြန်သံမရသေးခင် ကျန်းရှီဝူမှာ သူ့အနောက်မှရယ်သံကိုကြားလိုက်ရသည်။


လျိုဟန်က ကျောင်းလွယ်အိတ်ဖြင့်ရောက်လာပြီး သူ၏သူငယ်ချင်းဖြစ်သူက သူ့ကိုအပြစ်တင်နေသည့်အစီအစဥ်ကို ဖျက်ဆီးပစ်လိုက်သည်။ 


"အစ်ကိုကြီးရေ၊ ငါမှတ်မိသလောက်ကတော့ ရှန့်ချန်အနောက်ကို တကောက်ကောက်လိုက်နေခဲ့တာက မင်းပဲမဟုတ်ဘူးလား..."


"....."


ကျန်းရှီဝူ၏နှုတ်ခမ်းထောင့်လေးက ဆတ်ခနဲတွန့်သွားပြီး လျိုဟန်ကို ခပ်စူးစူးကြည့်လိုက်သည်။


လျိုဟန်က ပုခုံးတွန့်ပြလိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်ပါ၏။ 


"မင်းကမှ အသစ်ပြန်အစချင်ဆုံးသူ မဟုတ်ဘူးလား..."


ကျန်းရှီဝူက လျိုဟန်ကိုကြည့်လိုက်သည်။ ထိုသူ၏ မျောက်မျက်နှာကို ရည်းစားစာဖြင့်ပစ်ပေါက်လိုက်ချင်သော်လည်း စဥ်းစားကြည့်လိုက်သည်။ ဒါက ရှန့်ချန်ကို စိတ်ရှင်းသွားအောင်လုပ်နိုင်မယ့် အခွင့်ကောင်းပဲမဟုတ်လား။


"အဲဒါက...."


ကျန်းရှီဝူကလှည့်သွားလေသည်။ ရူးကြောင်ကြောင်မျက်နှာမျိုးလုပ်ထားပြီး မျက်ခုံးတို့ကိုလည်းတွန့်ချိုးထားသေးသည်။ 


"ငါရောပဲ..."


ရှန့်ချန်က မျက်လွှာပင့်ကာ သူ့ကိုကြည့်လာလေ၏။


ကျန်းရှီဝူကသူ့ကိုမကြည့်ရဲတော့ပေ။ သူ့လက်ဖဝါးတွင်ချွေးများဖြင့်ရွှဲနေပြီး နှလုံးက တဒိုင်းဒိုင်းခုန်နေသည်။ မစဥ်းစားနေတော့ဘဲ အချို့သောစကားတို့ကိုထုတ်ပြောလိုက်လေ၏။


 "မင်းကစာကြိုးစားတယ်လေ၊ နောက်ကျရင် ငါမင်းကိုမနှောင့်ယှက်တော့ပါဘူး..."


"......"


ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။


လျိုဟန်က အရူးနှင့်တူနေသော သူ၏သူငယ်ချင်းကောင်းကို ကြည့်လိုက်မိသည်။


ရှန့်ချန်ကိုတောင်းပန်နေပြီး မရတဲ့အဆုံး အသိစိတ်လွတ်သွားတာများလား။


ထိုစကားထွက်သွားပြီးသည့်နောက် ကျန်းရှီဝူကိုယ်တိုင်လည်း အနည်းငယ်ရှက်သွားခဲ့သည်။ သူ ရှန့်ချန်၏ တုံ့ပြန်ပုံကိုတွေ့ရရန် ခေါင်းကို နှေးကွေးစွာဖြင့်မော့လိုက်မိလေ၏။ သူ့အရှေ့မှလူငယ်လေး၏ပါးစပ်မှာ လှောင်ပြုံးတစ်ခုကို သယ်ဆောင်ထားခဲ့သည်။ ရှန့်ချန်၏မျက်နှာက အေးစက်နေတတ်လေ၏။ ပထမဆုံးအကြိမ်အဖြစ် ထိုသူက ကျန်းရှီဝူကိုပြုံးပြလာပြီး သူ့အသံကလည်းတိုးလျညင်သာနေခဲ့သည်။


"စာကြိုးစားတယ်.."


ကျန်းရှီဝူကလည်း သွက်သွက်လေးတုံ့ပြန်လိုက်လေသည်။ 


"အင်း..."


"မင်းကစာကြိုးစားဖို့လိုတယ်.."


ရှန့်ချန်၏မျက်လုံးတို့က ကျန်းရှီဝူ၏ နှင်းကဲ့သို့ဖွေးဥနေသော အသားပြည့်နေသည့်လက်ကိုကြည့်ကာ အမှန်ပြင်ပေးလိုက်လေသည်။ 


"အဲဒါကို love လို့ရေးရမှာ loev မဟုတ်ဘူး..."


ကျန်းရှီဝူမှာ ချက်ချင်းမျက်လုံးပြူးသွားရပြီး သူ့လက်ထဲမှ ဖျင်ယင်းဖြင့်ရေးထားသော ရည်းစားစာအား မယုံကြည်နိုင်မှုများဖြင့်ငုံ့ကြည့်လိုက်သည်။ စာလုံးပေါင်း တကယ်မှားနေမှန်းသိလိုက်ရမှ အရှက်ရသွားမိလေ၏။


စကားပြောပြီးသွားသည့်နောက် ရှန့်ချန်ကခေါင်းလှည့်သွားပြီး သူ့ကိုစကားထပ်မပြောချင်တော့ဟန်ဖြင့် စာကိုဆက်လက်ဖတ်နေလေသည်။ 


"မင်းသွားလို့ရပြီ..."


ကျန်းရှီဝူ၏ ရည်းစားစာကိုင်ထားသောလက်တို့က အနည်းငယ်တုန်ယင်နေခဲ့သည်။ သူက အရေးမပါသောရည်းစားစာကို မကျေမနပ်ဖြင့်ကြည့်လိုက်မိလေ၏။ အရှက်ရမှုတို့က သူ့မျက်နှာကိုဖုံးအုပ်ထားခဲ့သည်။


မဟုတ်သေးပေ။ ဤတစ်ကြိမ်တွင် သူကပြန်လည်မွေးဖွားလာခဲ့သည်။ သူပြဿနာမရှာတော့ဘဲ စာကြိုးစားပြီး လူသစ်တစ်ယောက်ဖြစ်လာရမည်။ စကားနှင့်ပြောနေရုံတင်မရပေ။


လျိုဟန်ကလည်း ရောက်လာပြီး သူ့ကိုပြန်ဆွဲခေါ်သွားခဲ့သည်။ 


"သွားမယ်...သွားမယ်...သွားမယ်..."


ကျန်းရှီဝူမှာ လမ်းလျှောက်နေသောဖုတ်ကောင်သဖွယ် လျိုဟန်ထံမှဆွဲခေါ်ခံသွားရပြီး ထိုင်မည့်နေရာအထိလမ်းလျှောက်လာခဲ့ကြသည်။ သူ အလွန်အမင်းကြောက်လန့်နေမိသည်။ သူ ရှန့်ချန်နှင့်မျက်နှာချင်းဆိုင်ရရုံရှိသေးစဥ်မှာပင် သူက စစ်ပွဲထဲသို့ရောက်နေသလိုခံစားရပြီး သူ၏ခွန်အားများကိုလည်း ရုတ်တရက်ဆုံးရှုံးလိုက်ရသည်။ ရှန့်ချန်မျက်လုံးထဲမှ သရဲစီးနေသလိုအကြည့်ကြောင့် သူ့ခမျာ စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ပေ။


လျိုဟန်က သူ့ဘေးတွင်ထိုင်ချလိုက်သည်။ 


"ညီအစ်ကိုရှီ၊ ငါ့အထင်တော့မင်းမှာအခွင့်အရေးရှိလောက်သေးတယ်..."


ကျန်းရှီဝူမှာ ရုတ်တရက် စိတ်သက်သာရသွားခဲ့သည်။ 


"ဘယ်လိုမျိုးလဲ..."


"ရှန့်ချန်လေ..."


လျိုဟန်က ခုံတွင် အရူးတစ်ယောက်ပမာထိုင်နေပြီး ခေါင်းငုံ့ကာပြောလာခဲ့သည်။ 


"သူ ဒီနေ့ မင်းကို ဆက်ဆံတဲ့ပုံစံက နည်းနည်းမတူသလိုပဲ.."


"ဘယ်နားကမတူလို့လဲ..."


သူကမူ ရှန့်ချန်ကို လုံးဝအထင်မသေးရဲပေ။


ယခင်ကအတိုင်းသာဆိုလျှင် ထိုစကားကိုကြားရသည့်အခါ အံ့ဩဝမ်းသာဖြစ်သွားလိမ့်မည်ဆိုသော်လည်း ယခုမူ သူ့ခမျာ ကြောက်နေမိလေ၏။ လျိုဟန်က စိတ်လှုပ်ရှားစွာဖြင့်ပြောလာခဲ့သည်။


 "အရင်ကဆိုရင် သူက မင်းရဲ့ရည်းစားစာကိုမဖတ်ဘူးလေ၊ အခုကျတော့ မင်းကိုစာလုံးပေါင်းမှားနေတာကိုတောင် ပြင်ပေးလိုက်သေးတယ်..."


"......"


"သူကမင်းကို ကြွက်စုတ်ကိုကြည့်နေသလိုမျိုး ကြည့်နေကျ၊ ဒါပေမဲ့အခုတော့ မတူတော့ဘူး..."


ကျန်းရှီဝူက သူ၏စိတ်လှုပ်ရှားနေမှုကို ထိန်းထားလိုက်သည်။


 "ဘယ်လိုမတူတော့တာလဲ..."


"ငပေါတစ်ကောင်ကိုကြည့်နေသလိုပဲ..."


နောက်တစ်စက္ကန့်အကြာတွင် တိတ်ဆိတ်နေခဲ့သောစာသင်ခန်းအတွင်း၌ အော်ညည်းလိုက်သံက ပေါက်ကွဲပြီးထွက်လာခဲ့သည်။ စာသင်ခန်းထဲသို့ဝင်လာသောကျောင်းသားများက နောက်တန်းကိုတစ်ချက်ကြည့်ပြီးနောက် ကျော်သွားကြလေ၏။ မည်သို့ပင်ဖြစ်စေ ချမ်းသာသောမိသားစုမှကလေးများက လောကကြီး၏ဒုက္ခများကိုခံစားနေစရာမလိုအပ်ပေ။


နောက်တစ်နာရီအကြာတွင် အတန်းပိုင်ဆရာမ ဝင်လာခဲ့သည်။


ဟွမ်ကျားက အနက်ရောင်အားကစားဝတ်စုံကိုဝတ်ထားပြီး ဆံပင်ကိုပိုနီတေးစတိုင်ချည်ထားလေသည်။ သူမက အပူခံခွက်တစ်လုံးနှင့် အခန်းထဲသို့ ကြွကြွရွရွလျှောက်ဝင်လာလေ၏။ ဤနှစ်တွင် သူမက အသက်သုံးဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး အတန်းပိုင်ဟောင်းလည်းဖြစ်လေသည်။ သူမက စင်မြင့်အရှေ့တွင်ရပ်နေရင်း သူမ၏လေးလံသောမျက်မှန်ဘောင်ကိုပင့်တင်လိုက်ကာ လည်ချောင်းရှင်းလိုက်လေသည်။


 "လူစုံပြီလား.."


ကျောင်းသားများကို အတန်းမခွဲထားပေ။ အားလုံးက မနှစ်မှ တန်းခွဲကပင်ဖြစ်လေ၏။


ရှေ့ဆုံးတန်းမှအတန်းခေါင်းဆောင်က ပြန်ဖြေပေးလိုက်သည်။


 "အားလုံးရောက်ပါပြီ ဆရာမ..."


ဟွမ်ကျားက ခေါင်းကိုအသာညိတ်ပြလိုက်သည်။ သူမက အင်္ကျီလက်ကိုခေါက်တင်ကာ ခန္ဓာကိုယ်ပုံစံကိုပြောင်းလဲလိုက်၏။ 


"စာသင်နှစ်ဝက်အသစ်မှာ ထိုင်ခုံပြောင်းရမယ့် စည်းကမ်းရှိတယ်၊ ငါ မင်းတို့အားလုံးရဲ့ ထင်မြင်ချက်ကိုမေးချင်တယ်၊ ဘယ်သူပြောင်းချင်လဲ..."


ဂျူနီယာအထက်တန်းမှပထမနှစ်ဝက် တစ်ခုလုံးတွင် အတန်းမှလူအားလုံးက ခံစားချက်တို့ကိုထိန်းသိမ်းထားရပြီး ထိုင်ခုံဖက်နှင့် ရင်းနှီးသောဆက်ဆံရေးကို တိုးတက်အောင်လုပ်ထားရသည်။ ထို့ကြောင့် သူတို့မပြောင်းလောက်ပေ။


ဟွမ်ကျားကပြောလာလေ၏။ 


"ဘယ်သူမှမပြောင်းချင်ဘူးမလား..."


အတန်းလေးကတိတ်ဆိတ်သွားပြီး လူတိုင်းငြိမ်နေကြသည့်အချိန် အသံတစ်ခုကထွက်လာခဲ့သည်။ 


"ဆရာမ ကျွန်တော်ခုံပြောင်းချင်တယ်.."


ကျောင်းသားအားလုံးက လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတန်းမှကျန်းရှီဝူက သူ၏အသားပြည့်နေသောလက်အားမြှောက်ထားသည်ကိုတွေ့လိုက်ရလေ၏။


ဟွမ်ကျားက အနည်းငယ်အံ့ဩသွားခဲ့သည်။


 "ကျန်းရှီဝူ..."


ကျန်းရှီဝူက မတ်တပ်ရပ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်လေသည်။ 


"ဆရာမ ကျွန်တော် အရှေ့ခုံကိုပြောင်းချင်ပါတယ်..."


အတန်းထဲတွင် ကျိတ်ရယ်နေသံများနှင့် တီးတိုးစကားသံတို့ကထွက်လာခဲ့သည်။


ဤလျစ်လျူရှုခံထားရသောသူဌေးသားလေး လုပ်သမျှအရာတိုင်းဆိုလျှင် အားလုံးက ကလေးဆန်သည့်ဒရမ်မာ၊ လှည့်စားမှု စသဖြင့်ထင်ထားခဲ့ကြသည်။ သူတို့က အပျော်သဘောဖြင့်သာထိုင်ကြည့်တတ်ကြလေ၏။


သိသာစွာဖြင့် အတန်းပိုင်ကလည်း ထိုအတိုင်းတွေးနေခဲ့သည်။


ဟွမ်ကျားက စိတ်ထဲမှသာသက်ပြင်းချလိုက်လေ၏။


 "ကျန်းရှီဝူ အရှေ့တန်းကဘယ်သူနဲ့လဲမှာလဲ.."


စကားပြောသံတိတ်သွားသည်နှင့် အတန်းထဲမှရယ်သံများက ပို၍ပင်ကျယ်လာခဲ့သည်။


တစ်ယောက်က ကောက်ကာငင်ကာ ဝင်ပြောလာခဲ့သည်။


 "ဆရာမ သူရှန့်ချန်နဲ့ထိုင်ချင်နေတာ သေချာတယ်..."


ထို့နောက် ကျန်းရှီဝူကလည်း မဖုံးကွယ်နေတော့ပေ။ သူက ရှန့်ချန်ကို ခွေးကပ်ပလာစတာကဲ့သို့ လိုက်ကပ်နေခဲ့သည့်အကြောင်းကို တတန်းလုံးတွင်မသိသူမရှိပေ။ သူတို့က ကျောင်းစတက်သည့်ရက်မှာပင် အဆိုးဆုံးဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။


ဟွမ်ကျားက ရှန့်ချန်ကိုကြည့်လိုက်သည်။ ဒုတိယတန်း၏ပြတင်းပေါက်နားတွင်ထိုင်နေသောကောင်လေးက ခေါင်းငုံ့ပြီး စာအုပ်ဖတ်နေခဲ့သည်။ နေရောင်ကသူ့ကိုယ်ပေါ်သို့ဖြာကျနေခဲ့သော်လည်း သူ၏ပုံရိပ်က ရေခဲပန်းပုရုပ်တစ်ခုလိုပင်။ အခြားသူများကိုတစ်ချက်ပင်မကြည့်သလို အမူအရာပြောင်းလဲသွားခြင်းလည်းမရှိပေ။ သူ့နာမည်မပါလာသရွေ့ သူနှင့်မသက်ဆိုင်သလိုပင်။ ပိန်ပါးသောကောင်လေးက ခါးမတ်ကာထိုင်နေပြီး ပြင်ပလောကနှင့်သီးခြားခွဲနေကာ အဆက်အဆံလုပ်ရန်ငြင်းဆန်နေလေသည်။


ထိုကလေးက ဆယ့်လေးနှစ်သာရှိသေးသော်လည်း လောကကြီး၏ဝန်များကို ထမ်းပိုးထားရသလိုပင်။


ထိုသူက သူမဂုဏ်အယူရဆုံးကျောင်းသားဖြစ်သလို အားမရဆုံးသောကျောင်းသားလည်း ဖြစ်လေသည်။


ဟွမ်ကျားက သူမအကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းရှီဝူကိုထပ်ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် ဆုံးဖြတ်ထားပြီးဖြစ်လေ၏။ ကျန်းရှီဝူသာ တကယ်ကို သူ့ထိုင်ခုံဖော်အား အနိုင်ကျင့်မည်ဆိုပါက သူမ ယခုကတည်းက ခွင့်ပြုမည်မဟုတ်ပေ။


သူမကလည်ချောင်းရှင်းလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေကြသော ကျောင်းသားအုပ်စုအရှေ့တွင်ပင် ကျန်းရှီဝူကိုမေးလိုက်လေသည်။





☁️☁️