☁️Chapter 3
"မင်းကဘာလို့ထိုင်ခုံပြောင်းချင်ရတာလဲ..."
ကျန်းရှီဝူက တလေးတစားဖြင့်ပြောလိုက်သည်။
"ဒီလိုပါဆရာမ အနောက်တန်းကနေဆိုရင် ကျောက်သင်ပုန်းကိုမမြင်ရလို့ပါ၊ အရှေ့တန်းမှာလည်း ဘယ်သူမှမထိုင်ကြဘူးလေ၊ ကျွန်တော်ထိုင်လို့ရလား..."
သူတို့အတန်းကိုပြောင်းလာသောကျောင်းသားတစ်ယောက်မှမရှိသေးသောကြောင့် အရှေ့တန်းမှခုံနှစ်ခုံကလွတ်နေခဲ့သည်။
ဟွမ်ကျားလည်း အံ့ဩသွားခဲ့ရသည်။
"အရှေ့ခုံလား..."
အခြားသောအတန်းဖော်များလည်း အနည်းငယ်မျှအံ့အားသင့်သွားကြသည်။ သူတို့အားလုံးက ကျန်းရှီဝူအနေဖြင့် ရှန့်ချန်ဘေးတွင်ထိုင်ချင်လိမ့်မည်ဟုထင်ထားခဲ့ကြသည်။
ကျန်းရှီဝူက ထပ်မေးလိုက်သည်။
"ဆရာမ ရမလားဗျ..."
"ရတာပေါ့၊ မင်းပြောင်းထိုင်လို့ရပါတယ်.."
ကျန်းရှီဝူက လိမ္မာကျိုးနွံစွာဖြင့်တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာမ..."
သူက စိတ်ထဲရှိသည့်အတိုင်းထုတ်ပြောခဲ့ပြီး ပေးလိုက်သည့်အကြောင်းပြချက်မှာလည်း ပုံမှန်ဖြစ်လွန်းနေခဲ့သည်။ လေးတန်းမြောက်မှထိုင်ခုံမှာ ရှန့်ချန်၏ခုံနှင့် ဝေးနေလေ၏။ မည်သူကပင်ကြည့်ပါစေ၊ မရိုးဖြောင့်သောအကြောင်းပြချက်ဟု မြင်ကြမည်မဟုတ်ပေ။
ဒါပေမဲ့ ပုံမှန်ဖြစ်နေတာကိုက ပုံမှန်မဟုတ်တာပဲလေ ဟုတ်တယ်မလား။
ဒါကဘယ်သူပါလိမ့်။ ဘာမှမလုပ်တတ်တော့တဲ့ကျန်းရှီဝူက နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်တာလား။ မနက်ပိုင်းစုဝေးချိန်တိုင်း ပြဿနာကောင်လေးလို့နာမည်တပ်ခံရပြီး ဝေဖန်ခံနေရတဲ့ကောင်လေးက တကယ်စာကြိုးစားချင်တာလား။
ပြောစရာများကပေါ်လာခဲ့သည်။
"လခွမ်း..."
"သူဘာလုပ်ဖို့ကြံနေတာလဲ.."
"အတန်းဖော်ရှန့်ကို အရှက်ခွဲဖို့ နည်းလမ်းအသစ်ရှာနေတာထင်တယ်.."
"ဖားပြုတ်ကများ ငန်းသားစားချင်သေးတယ်.."
"ဟား ဟား ဟား နင့်အသံကိုလျှော့စမ်းပါ.."
အတန်းထဲတွင် ပွက်ပွက်ညံနေခဲ့သည်။
ဟွမ်ကျားက စားပွဲခုံကိုပုတ်လိုက်လေ၏။ "တိတ်တိတ်နေကြ..."
အတန်းလေးက ခဏမျှငြိမ်သွားခဲ့သည်။
"ငါတို့ကျောင်းရှေ့က ကျူရှင်မှာ မတော်တဆမှုတစ်ခုဖြစ်သွားတယ်..."
ဟွမ်ကျားက လည်ချောင်းရှင်းလိုက်သည်။
"ဆောင်းရာသီကျောင်းပိတ်ရက်ထဲမှာ ကလေးတစ်ယောက်က လူကုန်ကူးသူတစ်ယောက်ဆီမှာ ပြန်ပေးဆွဲခံရမလိုဖြစ်သွားခဲ့တယ်၊ လူကုန်ကူးတဲ့သူက အဖမ်းခံလိုက်ရပြီဆိုပေမဲ့ ကြံရာပါမရှိဘူးလို့လည်းမပြောနိုင်ဘူး၊ ဒီတော့အားလုံးရဲ့လုံခြုံရေးအတွက် ရဲဦးလေးကြီးတွေကိုကူညီပေးလိုက်ကြပါ၊ ဒီတစ်လလုံးကို ကျောင်းသားတွေအားလုံး မိဘတွေလာကြိုမှအိမ်ပြန်ကြဖို့ ကျောင်းက သတ်မှတ်လိုက်တယ်..."
စကားဆုံးသွားသည်နှင့် စာသင်ခန်းတစ်ခန်းလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်။
ဟွမ်ကျားကပြောလိုက်လေ၏။
"ဒီလောက်ပဲ၊ အတန်းခေါင်းဆောင်၊ ကိုယ်ပိုင်စာကြည့်ချိန်ကိုစီစဥ်လိုက်၊ ငါရုံးခန်းကိုပြန်သွားတော့မယ်၊ နေ့လည်မှပဲပုံမှန်အတန်းကိုစကြတာပေါ့..."
အတန်းပိုင်ထွက်သွားသည်နှင့် အတန်းက ကျွက်ကျွက်ညံသွားခဲ့သည်။ ကလေးများက သူတို့၏မိဘများကို နောင်တွင် ကျောင်းသို့အကြိုအပို့လုပ်ပေးရမည့် ကျောင်း၏စည်းမျဥ်းအသစ်အကြောင်းပြောပြရန် တိုင်ပင်နေကြသည်။ ဤကိစ္စက အားလုံးနှင့်သက်ဆိုင်နေသောကြောင့် လူတိုင်းကထိုအကြောင်းကိုသာပြောနေကြပြီး လျိုဟန်ပင် ဝင်ပြောနေခဲ့သည်။ သူကခေါင်းကိုခါယမ်းကာပြောလိုက်လေ၏။
"နောက်ကျ ကျောင်းဆင်းတာနဲ့ ငါမလွတ်လပ်တော့ဘူး..."
ကျန်းရှီဝူက ကိုယ်ပိုင်စာကြည့်ချိန်အတွက် အသစ်ထုတ်လိုက်သောစာအုပ်ကိုစူးစမ်းနေလေသည်။
"ဘာလို့မလွတ်လပ်တော့တာလဲ..."
"ငါ့အမေသာ ငါ့ကိုကျောင်းလာကြိုရင် ကျောင်းဆင်းတာနဲ့ ငါကစားရမှာမဟုတ်တော့ဘူး၊ ငါ့ကိုအိမ်ပြန်ရောက်တာနဲ့စာလုပ်ဖို့ပြောလိမ့်မယ်..."
လျိုဟန်က ငြီးငြူနေလေသည်။
"စိတ်ရှုပ်စရာကြီးပါကွာ..."
ကျန်းရှီဝူက အင်းဟုသာပြောပြီး စာအုပ်ကိုဆက်လှန်နေခဲ့သည်။
လျိုဟန်က သူ၏အသားပြည့်နေသောလက်မောင်းကို ပုတ်လိုက်သည်။
"မင်းအတည်ကြီးလား..."
"ဘာကိုလဲ..."
"မင်းတကယ်ပဲ စာကြိုးစားချင်တာလား..."
လျိုဟန်မှာ မယုံကြည်နိုင်သေးပေ။
"ဆောင်းရာသီကျောင်းပိတ်ရက်မှာကတည်းက မင်းကိုတစ်ခုခုဝင်ပူးနေသလိုပဲ၊ ပြီးတော့ မင်းရဲ့စိတ်ကလည်းမရှင်းမလင်းနဲ့.."
ကျန်းရှီဝူမှာ သူငယ်ချင်း၏ ပြူးတူးပြဲတဲအော်လိုက်သံကြောင့် နားအူသွားလေသည်။
"မအော်နဲ့ဟ..."
လျိုဟန်၏အသံကျယ်လွန်းသွားသောကြောင့် လူအများစုက သူတို့ကိုလှမ်းကြည့်လာကြသည်။
ကျန်းရှီဝူက အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လျိုဟန်ကိုတုံ့ပြန်လာချိန်တွင် အသားပြည့်နေသောဖက်တီးကောင်လေး၏မျက်နှာမှာ အလေးအနက်ဖြစ်နေခဲ့သည်။
"ငါအရမ်းကိုတက်ကြွနေတာ၊ တစ်ခါမှအခုလိုမျိုး မတက်ကြွဖူးသေးဘူး.."
လျိုဟန်က ကြက်သေသေနေခဲ့သည်။
"မင်း..."
သူ ကျန်းရှီဝူကိုကြည့်လိုက်သည်။
"ရှန့်ချန်အတွက်လား..."
ကျန်းရှီဝူကမတုံ့ပြန်လာခဲ့ပေ။
ဤမေးခွန်း၏အဖြေက အမှန်လည်းဖြစ်နိုင်ပြီး အမှန်မဟုတ်ခြင်းလည်းဖြစ်နိုင်သည်။
နောက်ဆုံး၌ သူတစ်ခွန်းသာဖြေလိုက်တော့သည်။
"ငါအခု ငါကိုယ်တိုင်အတွက် စာကြိုးစားနေတာပါ.."
လျိုဟန်က သူ့အရှေ့မှကောင်လေးကို မျက်နှာသေဖြင့်စိုက်ကြည့်နေမိပြီး မျက်လုံးချင်းဆုံသွားခဲ့သည်။ ကျန်းရှီဝူမှာ လျိုဟန်က သူ၏အသိတရားဝင်လာသောလက်ရှိအခြေအနေကြောင့် ဝမ်းမြောက်ဝမ်းသာဖြင့်စိတ်လှုပ်ရှားသွားပြီဖြစ်မည်ဟုတွေးလိုက်ချိန်မှာပင် လျိုဟန်ကသူ့မျက်နှာကိုပွတ်သုတ်နေပြီး ပြောလာသည်ကိုမြင်လိုက်ရသည်။
"ရပြီ ရပြီ၊ မင်းကအပြစ်ပြောခံရတာများသွားတော့ အဓိပ္ပါယ်မရှိတဲ့စကားတွေတောင် စပြောလာပြီ..."
"......."
ကျန်းရှီဝူ လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ထိုသူကိုလျစ်လျူရှုထားရန်ဆုံးဖြတ်လိုက်လေ၏။
မနက်ပိုင်းတွင် နေသာပြီး အနည်းငယ်ပူနေသည်မှာသေချာသော်လည်း ကျောင်းဆင်းချိန်တွင် မိုးကစတင်ပြီး သည်းကြီးမည်းကြီးရွာလာခဲ့သည်။
မိုးကမရပ်သွားခဲ့ဘဲ အာရုံကြောများကိုပင်ဖျက်ဆီးပစ်နိုင်လောက်သည့် လျှပ်စီးလက်ခြင်းနှင့် ဆက်တိုက်မိုးကြိုးပစ်ခြင်းတို့ကပါ အတူပါလာခဲ့သည်။ ကံကောင်း၍ မိဘများကသူတို့ကလေးများကိုလာကြိုရန်သတိပေးခံထားရလေရာ သူတို့အားလုံးက ထီးများဖြင့်ရောက်လာခဲ့ကြသည်။
ကလေးများက ညွှန်ကြားထားသည့်အတိုင်း ထီးများဖြင့်လာကြိုမည့်မိဘများကို အောက်ထပ်တွင်စောင့်နေကြလေသည်။ စည်းကမ်းအသစ်ကြောင့် ကျောင်းသားများမှာခွင့်ပြုချက်မရှိဘဲ ကျောင်းမှထွက်၍မရပေ။ မိဘများကလာကြိုမှ သူတို့သွားနိုင်မည်ဖြစ်သည်။
ကျန်းရှီဝူနှင့်လျိုဟန်က စာသင်ဆောင်၏အတွင်းအကျဆုံးနေရာတွင်ရပ်နေကြလေသည်။
လျိုဟန်ကပြောလာခဲ့သည်။
"ငါ့ဒရိုင်ဘာပြောတာတော့ အဲဒီမှာမီးပွိုင့်ရှိတယ်တဲ့၊ ရောက်ဖို့က တစ်နာရီခွဲလောက်ကြာမယ်တဲ့၊ မင်းမိဘတွေကရော.."
မိဘအများအပြားက သူတို့ကလေးများကိုလာကြိုသွားခဲ့ကြသည်။ တတန်းလုံးတွင် လူငါးဆယ်မှခြောက်ဆယ်အထိရှိသော်လည်း ယခုမူ အတန်းရှေ့တွင်ရပ်စောင့်နေကြသူများက အယောက်နှစ်ဆယ်ပင်မရှိတော့ဘဲ တစ်နေရာစီကွဲနေကြလေသည်။
ကျန်းရှီဝူက ပြန်ဖြေလိုက်သည်။
"ငါ့အဖေပြောတာတော့ အကြာကြီးစောင့်ရမယ်တဲ့..."
ကျန်းရှီဝူမှာ အနည်းငယ်ထူးဆန်းနေသည်ဟုခံစားနေရလေသည်။ အတိတ်ဘဝတွင် သူ့အဖေက သူ့ကိုလာကြိုခဲ့ပြီး သူက အစောဆုံးထွက်ခွာရသူများအနက် တစ်ယောက်ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုမူ ထိုသူကနောက်ကျနေလေ၏။
မှတ်မိထားသည့်အရာများနှင့်ကွဲလွဲနေခြင်းက သူ့ကိုနေရခက်စေပြီး တစ်ခုခုကမှားနေခဲ့သည်။
လျိုဟန်က သူ့ပုခုံးကိုပုတ်လိုက်သည်။
"ဟိုကိုကြည့်လိုက်..."
သူတို့နှစ်ယောက်က အနည်းငယ်မြင့်သည့်နေရာတွင်ရပ်နေခဲ့ပြီး တစ်ချက်မျှလှမ်းကြည့်ရုံဖြင့် အတန်းရှေ့မှလူများကြား ရှိနေသောရှန့်ချန်ကိုမြင်နိုင်လေသည်။
ထိုနေရာတွင်လူအများအပြားရှိနေခဲ့ပြီး မိုးရွာနေသောကြောင့် ထိုနေရာက စိုထိုင်းဆမြင့်ကာ ပူနွေးနေခဲ့သည်။ လူအုပ်ကြီးက အော်ကြီးဟစ်ကျယ်စကားပြောနေပြီး ဆူညံပွက်လောရိုက်နေလေသည်။
မဝေးလှသောနေရာတွင် လူငယ်လေးတစ်ယောက်က ပန်းခင်းဘေးမှ တံစက်မြိတ်အောက်တွင် နံရံကိုမှီထားရင်း တိတ်တဆိတ်ရပ်နေခဲ့သည်။ သူက အပြာရောင်နှင့်အဖြူရောင် ကျောင်းယူနီဖောင်းကိုဝတ်ထားပြီး သန့်ရှင်းကာအေးစက်သည့်အသွင်ရှိနေလေသည်။ သူ့မျက်နှာထက်တွင် အထူးတလည်အမူအရာမျိုးမရှိသလို စကားလည်းမပြောပေ။
ထိုသူက ဘယ်တော့မှလွှမ်းမိုးမခံသလို ကြွားလုံးထုတ်သူလည်းမဟုတ်ခဲ့ပေ။
လျိုဟန်ကသူ့ဘက်သို့မှီကိုင်းလာရင်းပြောလာခဲ့သည်။
"ဟိုကမိန်းကလေးတွေကိုကြည့်ပါဦး၊ သူတို့အကုန်လုံးက ရှန့်ချန်ကိုကြည့်ဖို့လာခဲ့ကြတာလေ..."
ကျန်းရှီဝူ လှမ်းကြည့်လိုက်သည်။ သိပ်မဝေးလှသောနေရာမှ မိန်းကလေးအချို့က ရှက်နေကြပြီး ထိုသူကိုခိုးကြည့်နေကြသည်ကို မြင်လိုက်ရသည်။ စကားပြောရန် စိတ်အားထက်သန်နေပုံရသော်လည်း ကံဆိုးစွာဖြင့် ရှန့်ချန်က ရိုင်းပျပြီး အစမှအဆုံးအထိ သူတို့ကိုတစ်ချက်ပင်မကြည့်လာခဲ့ပေ။ သို့သော်လည်း သူ၏သီးသန့်ဆန်မှုနှင့်အေးစက်မှုကြောင့် ထိုသူကပိုပြီးဆွဲဆောင်မှုရှိနေခဲ့သည်။
"ကျစ်.."
လျိုဟန်က တိုက်တွန်းလာလေ၏။
"မင်းရောသွားမကြည့်ဘူးလား..."
ကျန်းရှီဝူက ထိတ်လန့်သွားခဲ့သည်။
"ငါကအဲဒီကိုဘာသွားလုပ်ရမှာလဲ.."
သူ နှစ်နည်းနည်းလောက်တော့ အသက်ပိုရှည်ချင်တယ်နော်။ ဟုတ်ပြီလား။
"အာ သူ့ကိုကားကြုံလိုက်စီးဖို့ခေါ်လိုက်လေ.."
လျိုဟန်ကပြုံးကာ အကြံပေးလာခဲ့သည်။
"မင်းသိလား၊ သူ့မိသားစုကတစ်ယောက်မှသူ့ကိုလာမကြိုကြဘူး၊ သူ့အမေက မာကျောက်ကစားရင်းအလုပ်များနေတာ၊ တနေကုန်လောင်းနေပြီး ရှန့်ချန်ကိုဂရုစိုက်တာမဟုတ်ဘူး၊ သူ့အဖေကလည်းဒုက္ခိတဆိုတော့ လမ်းလျှောက်ဖို့တောင် မနည်းအားယူနေရတာ၊ ဒီရာသီဥတုနဲ့ သူဘယ်ကိုမှသွားလို့ရမှာမဟုတ်ဘူး..."
ကျန်းရှီဝူက အလိုလိုနေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ခြေထောက်တို့က အနည်းငယ်ရွေ့သွားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး နေရာတွင်ပင်အေးခဲနေလေတော့သည်။
လျိုဟန်က မေးလိုက်လေ၏။
"ဘာဖြစ်လို့လဲ.."
ကျန်းရှီဝူ၏မျက်လုံးတို့က ရှန့်ချန်ကို တဒင်္ဂမျှကြည့်နေလိုက်သေးသည်။ သူ့နှလုံးသားက ဆုပ်ညှစ်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူ့လည်ချောင်းကလည်း အနည်းငယ်ခြောက်ကပ်သွားခဲ့သည်။
"ဘာမှမဟုတ်တော့ဘူး.."
ယနေ့နံနက်ကတင် ထိုသူကိုလိုက်မရှုပ်တော့ပါဟု ပြောခဲ့ပြီးမှ ယခုမူ သူ့ကတိကိုမေ့လုနီးပါး ဖြစ်သွားခဲ့သည်။
ယခင်ဘဝက သူအစောကြီးထွက်သွားခဲ့သောကြောင့် လျိုဟန်က သူ့ကို ယခုလိုမေးခွန်းမျိုးမမေးခဲ့သလို မိုးသည်းလာလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
ဒီတော့ ရှန့်ချန်ဘယ်လိုနည်းနဲ့ ပြန်သွားခဲ့လဲ။ ဘာတွေဖြစ်သွားခဲ့လဲ။ ဘာကြောင့်ပြောင်းလဲသွားခဲ့တာလဲ။
ကျန်းရှီဝူက မမျှော်လင့်ဘဲ မျက်လုံးပင့်လိုက်ပြီး မဝေးသောနေရာမှ ရှန့်ချန်ကို ကြည့်လိုက်မိသည်။
ရေငွေ့များကဖုံးလွှမ်းနေခဲ့သည်။ လူငယ်လေး၏မျက်နှာက ဘေးဘက်သို့အနည်းငယ်လှည့်နေခဲ့သည်။ ထိုချောမောလှသောမျက်နှာထက်တွင် မည်သည့်အမူအရာမှရှိနေရန်မလိုအပ်ပေ။ သူ၏မျက်ဝန်းနက်တို့မှာ ခန့်မှန်းရခက်ခဲလှသည်။ ကျောပြင်ကဖြောင့်တန်းနေလေ၏။ ရေငွေ့များကြားသို့ ဖြည်းဖြည်းချင်းဖြတ်သန်းသွားရင်း ကျန်းရှီဝူမှာ နောက်ဆယ်စုနှစ်အကြာတွင်ဖြစ်လာမည့် ရက်စက်ပြီးအကြောက်တရားကင်းမဲ့သော စီးပွားရေးလောက၏ ပြတ်သားသောဘုရင်ရှန့်ချန်ကို မြင်နေရသလိုပင်။ ယခုမူ ထိုသူက ဆယ့်လေးနှစ်အရွယ်သာရှိသေးသောကလေးတစ်ယောက်ဖြစ်ပြီး အထီးကျန်နေရကာ သူ့အကြောင်းကိုဂရုစိုက်နေသူလည်းမရှိပေ။
"အန်းရှီ..."
ရင်းနှီးနေသောအသံတစ်ခုက မဝေးလှသောနေရာမှထွက်လာခဲ့သည်။
ပါပါးကျန်းက ထီးတစ်ချောင်းနှင့်ရောက်လာပြီး လူကြားထဲမှ သူ့သားဖက်တီးလေးကိုတွေ့သွားခဲ့သည်။
"ဆောရီး အဖေနောက်ကျသွားတယ်ကွာ.."
ကလေးငယ်၏ လက်သေးသေးလေးကိုကိုင်ထားရင်း ပါပါးကျန်းက လျိုဟန်ကိုတွေ့သည့်အခါ ကြင်ကြင်နာနာဖြင့်ပြုံးပြလိုက်သည်။
"လျိုဟန်ပါလား၊ ဦးလေးက ကားနဲ့လာတာ၊ အတူပြန်ကြမလား..."
လျိုဟန်က ချက်ချင်းငြင်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး၊ ကျွန်တော့်ဒရိုင်ဘာက မကြာခင်ရောက်လာတော့မှာပါ..."
ထိုအခါမှ ပါပါးကျန်းက ကျန်းရှီဝူကိုလက်ဆွဲပြီးထွက်လာခဲ့လေသည်။ သူတို့သွားရမည့်လမ်းကျဥ်းလေးတွင် ရှန့်ချန်ကိုဖြတ်သွားရလေ၏။ မိဘအများစုကဝင်လာပြီး သူတို့၏ကလေးများကိုလာရှာကြသည်။ အချို့ကလေးများကမူ မိဘများရောက်မလာကြသေး၍ ဖုန်းဖြင့်ဆက်သွယ်နေကြလေ၏။ အပြန်အလှန်ပြောဆိုနေကြသည့် အချက်ပေးသံတို့က ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။
၎င်းတို့အားလုံးက ရှန့်ချန်နှင့်မသက်ဆိုင်ပေ။
စောင့်နေသောကလေးက ဘေးဘီကိုမကြည့်ဘဲ ထိုနေရာတွင်သာ တိတ်တိတ်လေးရပ်နေခဲ့သည်။ မည်သူ့ကိုမှလည်းမစောင့်နေခဲ့သလို ရောက်လာမည့်သူကိုလည်းမမျှော်နေခဲ့ပေ။
မိုးချုန်းသံကမြည်ဟည်းသွားခဲ့သည်။ ကောင်လေး၏မျက်နှာက အမူအရာကင်းမဲ့နေဆဲပင်။ လေတိုက်လိုက်သောကြောင့် မိုးရေစက်တို့က အဆောက်အအုံထဲသို့ပင်ရောက်လာပြီး သူ့အဝတ်အစားကို တစ်ဝက်မျှအထိစိုသွားစေခဲ့သည်။
"ရှန့်...ချန်..."
ကျန်းရှီဝူက ချက်ချင်းလှည့်လိုက်သည်။ မိုးရေကန့်လန့်ကာကိုဖြတ်ပြီး ထိုသူ၏မျက်နှာကိုမမြင်နိုင်ပေ။
ပါပါးကျန်းက ဖက်တီးလေးကိုဆွဲခေါ်သွားပြီး ကားရှိရာသို့အမြန်လျှောက်ခိုင်းလိုက်သည်။ ကျန်းရှီဝူကို ကြာကြာရပ်နေခွင့်မပေးပေ။ မိုးရေစက်တို့က ထီးကိုရိုက်ခတ်မိပြီး နားမခံသာလောက်အောင်ဆူညံနေလေသည်။ ပါပါးကျန်းက ကားကိုစထွက်လာခဲ့သော်လည်း မီးပွိုင့်ကြောင့် အိမ်ကို တစ်နာရီခွဲကြာမှ ပြန်ရောက်ကြလေသည်။
ကျန်းရှီဝူက ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်။ အပြင်ထွက်လာသည့်အခါ သူ့မျက်နှာက အလွန်အမင်းကြည့်ရဆိုးနေပြီး သူ့အဖေပင်မှင်သက်သွားခဲ့သည်။
"သား အအေးမိနေလို့လား..."
ကျန်းရှီဝူကခေါင်းယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး..."
ယနေ့တွင် ကျန်းမေ့လီက ဈေးဝယ်ထွက်ခဲ့သည်။ သူမပြန်ရောက်လာပြီးနောက်တွင် ရိုးရှင်းသောအသားဟင်းတစ်ခွက်ကိုသာချက်ခဲ့လေ၏။ အပြင်တွင် မိုးကမစဲတမ်းရွာသွန်းနေပြီး တိတ်မည့်ပုံမပေါ်ပေ။ မိသားစုက ထမင်းစားပွဲဝိုင်းတွင် ဝိုင်းထိုင်ကာ အတူစားခဲ့ကြသည်။
စားနေစဥ် ကျန်းမေ့လီက ပါပါးကျန်းကိုမေးနေလေသည်။
"ကျွန်မကားနဲ့အိမ်ပြန်လာတော့ ဘာတွေ့ခဲ့လဲသိလား..."
သူ့အဖေက နူးညံ့သောအသံဖြင့် ပြန်မေးလိုက်သည်။
မာမားကျန်းက ဝမ်းနည်းနေသည့်ပုံစံဖြင့် ငြီးတွားလာလေ၏။
"ကျွန်မ ဟုန်ရှီလမ်းကနေပြန်လာတော့လေ သူတို့ကျောင်းယူနီဖောင်းနဲ့ကောင်လေးတစ်ယောက် ထီးမပါဘဲမိုးရေထဲမှာလမ်းလျှောက်လာတာကိုမြင်ခဲ့ရတာ..."
ကျောင်းက ဟုန်ရှီလမ်းမှဆိုလျှင် ငါးကီလိုမီတာ၊ ခြောက်ကီလိုမီတာမျှဝေးပြီး တစ်နာရီကျော်ကြာလမ်းလျှောက်ရလေသည်။ ခရီးကရှည်ပြီး ယနေ့မှ မိုးကလည်း အသည်းအထန်ရွာနေခဲ့သည်။
ခပ်မြန်မြန်စားနေသည့်ကျန်းရှီဝူက ချက်ချင်းမျက်လုံးပြူးသွားပြီး ငိုင်နေခဲ့ကာ ခေါင်းက နှစ်ခြမ်းကွဲသွားမတတ်ကိုက်ခဲလာခဲ့သည်။ ပုံရိပ်တစ်ခုက သူ့စိတ်ထဲတွင်ပေါ်လာလေ၏။
"အမေ..."
သူ ထမင်းပန်းကန်လုံးကိုချလိုက်သည်။ ကျန်းရှီဝူ၏သွေးများပင် အနည်းငယ်ပျစ်ခဲသွားသလိုပင်။
"အဲဒီကျောင်းသားလေးက အပြာရင့်ရောင်ယူနီဖောင်းကိုဝတ်ထားတာလား..."
မာမားကျန်းကအံ့ဩသွားလေသည်။
"ဟုတ်မယ်ထင်တယ်..."
အခန်းထဲမှလေထုကပူနွေးနေခဲ့သော်လည်း ကျန်းရှီဝူမှာ ခဏတွင်းချင်း အေးစိမ့်သွားသလိုပင်။ ခဏမျှအချိန်လေးအတွင်း လောကကြီးကမိုက်မှောင်သွားသလိုခံစားလိုက်ရသည်။ လူတိုင်းက နောက်ဆုံးနှစ်ဝက်အတွက် ယူနီဖောင်းအသစ်များကိုဝယ်ထားကြပြီး ရှန့်ချန်တစ်ယောက်တည်းသာ အဟောင်းတစ်ထည်ကို ဆက်ဝတ်နေခဲ့သည်။
ကျန်းမေ့လီက တစ်ယောက်တည်းရေရွတ်နေခဲ့သည်။
"အခု မင်းဘယ်လောက်ကံကောင်းလဲဆိုတာသိပြီလား၊ ဒီနေ့လိုမိုးနဲ့ဆိုရင် အဲဒီကလေးအိမ်က ဘယ်မှာပါလိမ့်၊ မင်းသူ့ကိုသိလား..."
ပြတင်းအပြင်မှ မိုးချုန်းသံသဲ့သဲ့ကိုကြားလိုက်ရသည်။ မိုးနတ်မင်းကြီးက ပိုပြီးပင် ရွာသွန်းလာခဲ့၏။ လောကကြီးကဆူညံပြီး ဝရုန်းသုန်းကားဖြစ်နေခဲ့သော်လည်း ကျန်းရှီဝူမှာ စကားတစ်ခွန်းပင်မပြောမိပေ။
ရာသီဥတုကအေးနေပြီး သည်းထန်သောမိုးက အရိုးထဲအထိအေးခဲနေခဲ့သည်။ ရှန့်ချန်မှာ မိုးကြီးနေသည့်အထဲတွင် တစ်ယောက်တည်းလမ်းလျှောက်နေခဲ့ပြီး အစမှအဆုံးအထိ မည်သူကမှသူ့ကို ကားဖြင့်တင်ကာ မခေါ်သွားခဲ့ကြပေ။
☁️☁️