Chapter 4
Viewers 689


☁️Chapter 4




မိုးကြီးခဲ့သည်။


မြို့လေးမှာ မိုးရေတို့နှင့်ကာဆီးခံထားရပြီး အိုဟောင်းနေသောလမ်းကြားတို့တွင် ရေတက်နေပေပြီ။ မှောင်နေပြီဖြစ်ပြီး အိမ်တိုင်းက နွေးထွေးသောအဝါရောင်မီးလုံးများကို ထွန်းထားကြသည်။ အစားအသောက်ချက်ပြုတ်နေသည့်မီးခိုးများက တလူလူလွင့်နေလေ၏။ မှိန်ဖျော့သောလမ်းမီးရောင်ကြောင့် ရေမြုပ်နေသောလမ်းကြားထဲတွင် အမှိုက်ပုံးတို့ကိုမြင်နိုင်လေသည်။ အမှိုက်အိတ်အမြောက်အများဖြင့် ပြည့်သိပ်နေပြီး စုပုံထားသည့်အပေါ်ဆုံးမှအိတ်တို့က အောက်တွင်ကျနေလေသည်။ အထဲမှအချို့အရာများကရေစိုနေပြီး အမှိုက်ပုံးကို ပို၍ညစ်ပတ်ကာရှုပ်ပွနေစေခဲ့သည်။


မိုးကာအင်္ကျီဝတ်ထားပြီး စက်ဘီးစီးလာသောအိမ်နီးချင်းတစ်ယောက်က မိုးရေများဖြင့်ရွှဲနင့်နေသော ကျောင်းသားလေးကိုတွေ့ပြီး ရပ်သွားကြကာ မေးမြန်းလာကြလေ၏။


"ရှန့်ချန် ကျောင်းဆင်းပြီလား..."


"မင်းအမေကတော့ မာကျောက်ကစားရုံမှာ ပိုက်ဆံတွေ ထပ်လောင်းနေပြန်ပြီထင်တယ်..."


"မင်းကိုတစ်ယောက်မှ လာမကြိုကြဘူးလား.."


ရှန့်ချန်ကမူ တစ်လုံးမှပြန်မဖြေဘဲ အရှေ့သို့ဆက်လျှောက်သွားခဲ့သည်။ ယိုင်နဲ့နဲ့ လူနေအဆောက်အအုံရောက်မှ ရပ်သွားပြီး ဒုတိယထပ်သို့တက်သွားခဲ့သည်။ အိတ်ကပ်ထဲမှသော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည်။ 


အိမ်ထဲမှမီးရောင်က မှိန်မှိန်လေး လင်းနေလေ၏။


ရှန့်ချန်က ရေချိုးခန်းရှိရာသို့ တန်းပြီးသွားတော့မည်အပြုတွင် အခန်းထဲမှစကားများနေသံကိုကြားလိုက်ရသည်။ အမျိုးသားတစ်ယောက်၏ ချောင်းဆိုးရင်းစကားပြောနေသောအသံက ပေါ်လာခဲ့သည်။ 


"အဲဒါရှောင်ချန်ရဲ့ကျူရှင်ခလေ၊ ဘယ်လိုလုပ်မလဲ..."


"ကျူရှင်ခ ဟုတ်လား၊ သူနွေရာသီအလုပ်လုပ်နေတုန်းက ရထားတဲ့ပိုက်ဆံတွေရှိသေးတယ်ဆိုတာ ကျွန်မမသိသေးဘူးလို့မထင်နဲ့..."


 အမျိုးသမီး၏အသံကခက်ထန်နေလေ၏။ 

"ကျွန်မကို ပိုက်ဆံပဲမြန်မြန်ထုတ်ပေးစမ်းပါ.."


အမျိုးသားက ချောင်းပိုဆိုးလာပြီး တိုးလျစွာဖြင့်ငြင်းနေလေသည်။ 

"ကောချန်၊ ငါ့မှာပိုက်ဆံမရှိဘူး၊ ပိုက်ဆံတွေကလည်းငါ့လက်ထဲမှာမရှိဘူး..."


"ရှင့်မှာမရှိဘူး ဟုတ်လား..."


တံခါးပွင့်သွားပြီး ကောချန်က အိုဟောင်းနေသောအိပ်ခန်းထဲမှထွက်လာသည်။ အလင်းရောင်ကိုကွယ်ကာ တံခါး၌ရပ်နေပြီး ရှန့်ချန်ကိုစောင်းကြည့်လိုက်သည်။


 "ပြန်လာပြီလား..."


ရှန့်ချန်ကသူမကိုလျစ်လျူရှုထားခဲ့သည်။ ရေစက်လက်ဖြစ်နေသောခန္ဓာကိုယ်ဖြင့် အခန်းထဲမှ သန့်ရှင်းသောအဝတ်နှစ်ထည်ကိုယူကာ ဆေးကြောရန်ထွက်လာခဲ့သည်။


ကောချန်က ဧည့်ခန်းထဲမှမီးကိုပိတ်ပြီး အရှေ့တိုးလာကာ သူ့ရှေ့မှပိတ်ရပ်လိုက်လေသည်။ 


"အမေ သားကိုမေးဦးမယ်၊ မင်းအဖေ ဦးထုပ်ချုပ်တာကနေရတဲ့ပိုက်ဆံတွေကို မင်းသိမ်းထားသေးလား..."


ရှန့်ချန်၏မျက်နှာက အေးစက်တောင့်တင်းသွားခဲ့သည်။ ရေများက သူ့ဆံပင်မှစီးကျနေခဲ့၏။ ရေစိုနေသောအဝတ်အစားက သူ့ခန္ဓာကိုယ်တွင်ကပ်နေခဲ့သည်။ သူ့အရှေ့မှအမျိုးသမီးက "အမေ" ဟုပြောနေသော်လည်း သူမအရှေ့မှ သနားစရာကောင်းသောပုဂ္ဂိုလ်ကို မြင်ပုံမရပေ။ ထိုအစား သူမအရှေ့တွင်ရပ်နေသူက သူမ၏သွေးသားရင်းမဟုတ်ဘဲ ATM စက်တစ်လုံးဖြစ်နေသည့်နှယ် သူမပါးစပ်က ငွေဆိုသည့်စကားများဖြင့်ပြည့်နေခဲ့သည်။ 


"မသိဘူး..."


ထိုသို့ပြောလိုက်ပြီးသည်နှင့် ရှန့်ချန်က စကားဆက်မပြောနေတော့ဘဲ သူမကိုကျော်ပြီးရေချိုးခန်းဘက်သို့လျှောက်သွားခဲ့သည်။


ကောချန်မျက်နှာက အကျည်းတန်သွားခဲ့၏။ သူမက ရှန့်ချန်ကို ဆောင့်ဆွဲလိုက်လေသည်။ 


"ငါမင်းကိုစကားပြောနေတယ်လေ၊ ဘယ်သွားမလို့လဲ..."


ရှန့်ချန်က ရပ်လိုက်ပြီးသူမကိုလှည့်ကြည့်လိုက်သည်။ စူးရှသောမျက်ဝန်းတစ်စုံက အနည်းငယ်ကျဥ်းနေလေ၏။ သူ့ဆံပင်များနှင့်တစ်ကိုယ်လုံးက မိုးရေတို့ဖြင့်ရွှဲစိုနေလျှင်ပင် ရှက်ရွံမှုအနည်းငယ်ပင်မရှိဘဲ သဘာဝအတိုင်းဖြစ်နေသောကြီးမြတ်မှုတစ်ခုရှိနေသည့်နှယ် တိတ်ဆိတ််စွာဖြင့်ရပ်ရုံသာရပ်နေခဲ့သည်။ ဤမျှနီးကပ်သောအကွာအဝေးတွင် သူမစိတ်ထဲ၌ မျက်နှာတစ်ခုကရိပ်ကနဲပေါ်လာခဲ့လေ၏။


ရှန့်ချန်က ကောချန်ကိုမေးလိုက်သည်။ 

"တစ်ခုခုရှိလို့လား..."


ကောချန်က လန့်ဖျတ်သွားသည့်နှယ် အလိုလိုလက်ပြန်ရုတ်လိုက်ပြီး အနည်းငယ်မျှကြောက်ရွံ့သွားမိလေသည်။


တကယ်တမ်း၌ သူမမှာ မခံချင်ဖြစ်သွားခဲ့သည်။ မည်သည့်အချိန်ကစတင်ခဲ့မှန်းမသိပေ။ သူကလေးအရွယ်တွင်ရှိသေးသည့်အချိန်က သူမမှာ သူ့ရုပ်ရည်အပေါ်စိတ်မဝင်စားခဲ့ပေ။ သို့ရာတွင် ရှန့်ချန်က အရွယ်ရောက်လာသည်နှင့်အတူ တဖြည်းဖြည်းနှင့်ရင့်ကျက်လာခဲ့သည်။ သူမ သူ့မျက်နှာပုံစံကိုနေ့တိုင်းကြည့်နေရာမှ တဖြည်းဖြည်းနှင့် ပိုပြီးအာရုံစိုက်လာရသည်။ ၎င်းတို့က ထိုလူနှင့်တူလာလေ၊ ကောချန်၏နှလုံးသားက တဖြည်းဖြည်းချောက်ချားလာရလေပင်။


သူမကဒေါသဖြင့်ပြောဆိုလိုက်မိသည်။ 

"မိသားစုက နင့်ကိုကျွေးမွေးဖို့ ကြိုးစားပြီးပိုက်ဆံရှာထားရတာ မျက်လုံးဖြူဝံပုလွေကောင်ရဲ့၊ နင့်မိဘတွေရဲ့ပိုက်ဆံကိုခိုးဖို့မဟုတ်ဘူးဟဲ့.."


"ကြိုးစားပြီးတော့..."


ကောင်းကင်ကြီးက သည်းညည်းမခံနိုင်တော့သည့်နှယ် ပြတင်းအပြင်ဘက်တွင် လျှပ်စီးလက်သွားခဲ့သည်။ တခန်းလုံး ခဏတဖြုတ်ခန့် လင်းကနဲဖြစ်သွားခဲ့လေ၏။


ယခုလေးတင် မိုးသည်းထဲမှပြန်လာခဲ့ရသော ရှန့်ချန်၏မျက်လုံးတို့မှာအေးစက်နေသော်လည်း သူ့ခန္ဓာကိုယ်မှာ မိုးရေထဲတွင်နေခဲ့ရစဥ်ကထက် ပိုမိုအေးစက်လာလေ၏။ ကျောချမ်းစရာအပြုံးက သူ၏ပါးစပ်ထောင့်စွန်းတွင်ပေါ်လာခဲ့သည်။ သူက ကောချန်ကို ကြည့်လိုက်သည်။


ကောချန်မှာ ဆဲဆိုမည့်စကားတို့ပင် လည်ချောင်းထဲတွင်တစ်စို့သွားခဲ့ရသည်။ 


သူမမျက်နှာက ကြောက်ရွံမှာများဖြင့် ရုတ်တရက်ကြည့်ရဆိုးလာခဲ့သည်။ သူမမှာ ကြမ်းတမ်းခက်ထန်မှုတို့ကို ကြိုးစားဖုံးကွယ်ထားရလေ၏။ သူမခမျာ အကြည့်တစ်ချက်နှင့်ပင် စိတ်ဆိုးလွန်း၍ ခုန်ပေါက်နေသည့်ကျီးကောင်တစ်ကောင်နှင့် တူသွားခဲ့သည်။


ရှန့်ချန်: "ကျွန်တော့်ကိုလွှတ်ပေး..."


သူက အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး အမျိုးသမီးကိုဆက်ကြည့်နေရန် တုံ့ဆိုင်းနေဟန်ဖြင့် ရေချိုးခန်းထဲသို့လှမ်းဝင်သွားလိုက်သည်။ အဖြူရောင်တံခါးလက်ကိုင်မှာ ဟောင်းနွမ်းပြီးမှိုတက်နေလေပြီ။ တံခါးပိတ်သွားမှ ကောချန်မှာ အပြင်မှနေပြီး တီးတိုးဆဲရေးလိုက်လေသည်။ 


"ခွေးသားလေး၊ မိမဆုံးမဖမဆုံးမကောင်၊ အခုထိ အပြင်မှာမသေနိုင်သေးဘူး..."


ရေနွေးက ရေပန်းမှ ဖြည်းဖြည်းချင်းကျလာခဲ့သော်လည်း သူ နွေးထွေးမှုကိုမခံစားရပေ။ ရှန့်ချန်ကမျက်လုံးမှိတ်လိုက်သည်။ ဤအချိန်တွင် ပြတင်းအပြင်မှ မိုးရွာသံမှာ နာကျင်မှုနှင့်အငြိုးကြီးမှုသက်သက်ဖြင့် ဟိန်းဟောက်လိုက်သလိုပင်။


ညတာမှာ ရှည်လျားပြီးကြမ်းတမ်းခဲ့လေ၏။


........


မနက်အစောပိုင်းတွင် ကျောင်းသားများက မနက်ခင်းစုဝေးပွဲ၌ဆုံကြရသည်။ ယနေ့က ပထမဆုံးကျောင်းတက်ရက်၏တရားဝင်တွေ့ဆုံပွဲဖြစ်လေသည်။ ကျောင်းက ကျောင်းသားများကိုယူနီဖောင်းဝတ်ရန်ညွှန်ကြားထားခဲ့သည်။


လျိုဟန်က သူရှိရာဘက်သို့ကိုင်းလာပြီး မေးလာခဲ့လေသည်။ 

"အစ်ကိုရှီ၊ အရိုက်ခံရတာလား.."


"ဘာလဲ..."


ကျန်းရှီဝူမှာအသက်ရှူမှားသွားခဲ့သည်။ မနေ့ညက တစ်ညလုံး သူခေါင်းကိုက်နေခဲ့သည်။


လျိုဟန်က သူ့မျက်လုံးကိုလက်ညိုးထိုးပြလာလေသည်။


 "ပြာနှမ်းပြီးခရမ်းရောင်သန်းနေတဲ့ မျက်လုံးကြီးနှစ်လုံးလေ၊ မနေ့ညကဘာလုပ်နေခဲ့တာလဲ..."


ကျန်းရှီဝူက သူ့လက်ကိုပုတ်ထုတ်လိုက်သည်။ 


"ငါကဘာလုပ်ရ..."


လူတစ်ယောက်က သူ့ဘေးမှဖြတ်သွားလေရာ ကျန်သည့်စကားတို့က သူ့နှုတ်ခမ်းနှင့်သွားကြားထဲတွင်ရပ်သွားခဲ့သည်။ ကျန်းရှီဝူကအလိုလိုနေရင်း ထိုသူအနောက်ကိုလိုက်ကြည့်မိပြီး နောက်ဆုံး၌ သူ့မျက်လုံးတို့က ရင်းနှီးနေသောပုံရိပ်အပေါ်သို့ကျသွားခဲ့သည်။ နံနက်ခင်းနေရောင်ခြည်က ရှန့်ချန်၏ပုခုံးပေါ်သို့သက်ဆင်းနေခဲ့သည်။ သူ့ကျောကဖြောင့်တန်းနေလေ၏။ အေးတိအေးစက်ပုံစံနှင့် မနေ့ကကျောင်းဝတ်စုံကိုသာဝတ်ထားခဲ့သည်။


ရေစိုနေတဲ့အဝတ်အစားက တစ်ညတည်းနဲ့ခြောက်တာလား။


သူအအေးမပတ်ဘူးလား။


ကျန်းရှီဝူ၏မျက်ခုံးတို့က အလိုလိုကုပ်သွားခဲ့သည်။ လုံးဝိုင်းသောမျက်နှာလေးက ရှန့်ချန်၏ကျောပြင်ကိုကြည့်နေရင်း ဝမ်းနည်းမှုများဖြင့်ပြည့်နေပြီး သက်ပြင်းဖွဖွချလိုက်လေ၏။


သို့သော်လည်း ရှန့်ချန်၏မျက်နှာထားက ပုံမှန်မဟုတ်ပေ။ မနက်ခင်းကာယချိန်မပြီးခင်အထိ ကျန်းရှီဝူမှာ ထိုသူကို မည်မျှပင်ချောင်းကြည့်ပါစေ၊ အမျိုးသားဇာတ်လိုက်၏ မသက်မသာဖြစ်နေပုံကို တွေ့ရရန်ခက်ခဲနေခဲ့သည်။


ပထမဆုံးကာယချိန်စရုံရှိသေးစဥ် သူတို့အနောက်မှကောင်လေးများ၏ လှောင်ရယ်သံကိုကြားလိုက်ရလေသည်။


 "ဖက်တီး၊ မနက်ပိုင်းအချိန်ဆိုရင် ငါမင်းနောက်မှာရပ်နေမှာ၊ ငါ့မျက်လုံးက မင်းနောက်စေ့မှာကပ်နေမှာ၊ ဒီတော့ မင်း ရှန့်ချန်ရဲ့ခန္ဓာကိုယ်ကို မငမ်းတာကောင်းလိမ့်မယ်..."


ဂိုက်ပေးကြမ်းသောသခင်လေးကျန်းရှီဝူက အညံ့မခံပေ။ 


"အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ ကျိပေ့ချွန်ရဲ့..."


သူတို့နှစ်ယောက်က ရန်ဖက်များဖြစ်လေ၏။


ကျန်းရှီဝူက ချမ်းသာသောသခင်လေးဖြစ်သလို ကျိပေ့ချွန်ကလည်း အတူတူပင်ဖြစ်လေသည်။ ဤသခင်လေးက မိသားစုထံမှအလိုလိုက်ခံထားရလေ၏။ သူ့အမေက သူ့ကိုမွေးပြီးသည့်နောက် သေသွားခဲ့သည်။ ကလေးနှင့်ဇနီးအပေါ်အပြစ်ရှိသည့်စိတ်ကြောင့် ကျိမျိုးနွယ်က သူ၏တစ်ဦးတည်းသောသားလေးကို အလွန်ချစ်ရှာလေသည်။ ပြောရမည်ဆိုပါက ကျိမိသားစုမှာ ပညာတတ်ပြီးချမ်းသာသောမိသားစုဖြစ်သော်လည်း ကျိပေ့ချွန်ကမူ ချမ်းသာသောသခင်လေးနှင့်လုံးဝမတူပေ။


ထိုသူ၏သာမန်ဆန်သောပုံစံကိုအသာထား၊ ထိုသူ၏အဆင့်နှင့်စွမ်းဆောင်ရည်တို့ကလည်း သာမန်ပင်ဖြစ်လေသည်။ ပိုပိုသာသာလေးပြောရမည်ဆိုပါက ထိုသူမှာစိတ်ကြီးဝင်နေသူဖြစ်လေ၏။ ကျန်းရှီဝူကြည့်လိုက်တိုင်း ရှန့်ချန်ကမှ သခင်လေးတစ်ယောက်နှင့်ပိုတူနေခဲ့သည်။ မည်သို့ပင်ပြောပါစေ၊ ထိုသူက ကျိပေ့ချွန်ထက်ပိုပြီး ကြည့်ပျော်ရှုပျော်ရှိသည်။


ကျိပေ့ချွန်က သူ့ခါးကိုလာညှစ်လေသည်။ 


"မင်း အရမ်းယုံကြည်ချက်တွေရှိနေခဲ့တာမလား၊ မင်း ဒီနေ့ မှန်ရောကြည့်လာသေးလား၊ ရှန့်ချန်ကို တစ်ညလုံးအိပ်မက်ဆိုးမက်အောင်လုပ်မလို့လား..."


ကျန်းရှီဝူကသူ့ကိုမကြောက်ပေ။ 


"မင်းတောင်အပြင်ထွက်လာပြီး မင်းမျက်နှာနဲ့လူတွေကို လိုက်ခြောက်ရဲသေးတာပဲ၊ ငါကဘာလို့ယုံကြည်ချက်မရှိရမှာလဲ..."


"မင်း..."


"ငါကဘာဖြစ်လဲ..."


ကျိပေ့ချွန်မှာ ကျန်းရှီဝူကို ဘာမှမလုပ်နိုင်ပေ။ သူက ရန်ပွဲနှင့်ပတ်သတ်လာလျှင် ကျန်းရှီဝူ၏ပြိုင်ဘက်မဟုတ်ပေ။ သူကလူများကိုဆဲဆိုသည့်နေရာတွင် ကျန်းရှီဝူကဲ့သို့ အရေမထူတတ်ပေ။


ရုတ်တရက် သူနည်းလမ်းတစ်ခုကိုရှာတွေ့သွားလေသည်။


"ဟေ့ ဖက်တီး..." 

ကျိပေ့ချွန်က ဘတ်စကတ်ဘောလုံးကိုကောက်ပြီး ကျန်းရှီဝူ၏ကျောကိုပေါက်လိုက်သည်။ 


"ကစားဦးမလား..."


အဝေးမှတဆင့် ဘတ်စကတ်ဘောလုံးနှင့်အပစ်ခံရပါက တကယ်ကိုအသားနာရသည်။


ကျန်းရှီဝူက ပင့်သက်ရှိုက်ကာ လှည့်ကြည့်လိုက်သည်။ ယခုလေးတင်သူရှိရာဘက်သို့ပစ်လိုက်သောဘောလုံးက မြေကြီးပေါ်တွင်ခုန်နေလေသည်။


ကျိပေ့ချွန်ကပြုံးပြလာခဲ့သည်။ 


"သတ္တိရှိလား..."


သူက ကျန်းရှီဝူစိတ်ဆိုးလာသည်အထိစောင့်နေခဲ့ပြီး လူကြားထဲတွင် သူ့ကိုယ်သူအရူးဖြစ်အောင်ဖန်တီးနေခဲ့သည်။ သူက ဘတ်စကတ်ဘောကစားရာတွင် ကျန်းရှီဝူထက်သာပြီး သူ့ဘက်က အပြတ်အသတ်အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။


သို့ရာတွင် ကျန်းရှီဝူက ဘတ်စကတ်ဘောကိုကောက်လိုက်သည်နှင့် အဓိပ္ပါယ်တစ်မျိုးဖြင့်ပြုံးပြလိုက်သည်။ သူ ဘတ်စကတ်ဘောကို မ လိုက်၏။ ကျောင်းမှဘတ်စကတ်ဘောလုံးများက သိပ်မကြီးဘဲ အလွန်တရာ ပျော့ပျောင်းလေသည်။ ကျိပေ့ချွန်၏ မာန်တက်နေသောမျက်နှာကိုကြည့်ပြီး ကျန်းရှီဝူကလက်မြှောက်ကာ ဘတ်စကတ်ဘောကို သူ့ထံပစ်ပေးလိုက်သည်။ သူကအရှိန်ဖြင့်ပစ်ပေးလိုက်ခြင်းဖြစ်ရာ ထိုသူကိုသတိလက်လွတ်ဖြစ်သွားစေခဲ့သည်။


ဘတ်စကတ်ဘောလုံးက တန်းတန်းမတ်မတ်ပြေးဝင်လာပြီး ကျိပေ့ချွန်၏မျက်နှာထက်မှအပြုံးက အေးခဲသွားခဲ့သည်။


"သတိထား..."


ဘတ်စကတ်ဘောလုံးကသူ့ကိုပွတ်တိုက်သွားပြီး မဝေးလှသောနေရာမှ နေရာလွတ်တစ်ခုတွင်ကျသွားခဲ့သည်။


ကျန်းရှီဝူက ကျိပေ့ချွန်၏ကြောက်လန့်နေသောမျက်နှာကိုကြည့်ပြီး "ဟားတိုက်" လိုက်ကာ တုံ့ပြန်လိုက်လေ၏။ 


"ငါမင်းကိုခြောက်လိုက်တာပါ..."


ကျန်းရှီဝူမှာ ဤနည်းလမ်းဖြင့်ကောင်လေးကိုခြောက်ကာ နောက်မှဖြေရှင်းလိုခြင်းပင်။ ကျိပေ့ချွန်က လူပုံအလယ်တွင်အရှက်ကွဲသွားသည့်အခါ တကယ်ကိုစိတ်ရှုပ်ထွေးသွားခဲ့လေရာ ဘတ်စကတ်ဘောကိုကောက်ကိုင်ပြီး ကျန်းရှီဝူကိုပစ်လိုက်လေသည်။


 "ငါ့ကိုလာနောက်နေတာပဲ.."


တကယ်တမ်းတွင် ဘတ်စကတ်ဘောက လမ်းကြောင်းမှားနေ၍ ကျန်းရှီဝူက အသာလေးပုတ်ထုတ်နိုင်လေသည်။ 


သူကဘေးဘက်ကိုပုတ်ထုတ်လိုက်ပြီးမှ ဘတ်စကတ်ဘောက အားကစားပစ္စည်းများထားသည့်နေရာ၏ အရှေ့ကိုကျော်ပြီးဘယ်ဘက်အခြမ်းကိုကျသွားခဲ့သည်။ အားကစားပစ္စည်းများထားရာဘေးတွင် မျက်လုံးမှိတ်ပြီးရပ်နေသောလူငယ်လေးတစ်ယောက်ရှိနေခဲ့သည်။


"သတိထား..."


ကျန်းရှီဝူ၏နှလုံးမှာ ခဏတွင်းချင်း လည်ချောင်းသို့ခုန်တက်လာတော့မလိုပင်။


သူက ဘတ်စကတ်ဘောမှာရှန့်ချန်ရှိရာသို့မရောက်ခင် မီတာတစ်ရာအရှိန်နှုန်းဖြင့် မြန်နိုင်သလောက်အမြန်ပြေးသွားခဲ့သည်။ သွက်လွန်းသောကောင်လေးက ဘောလုံးပျံကို တိုက်ရိုက်ဖမ်းမိလိုက်သည့်တိုင် လှုပ်ရှားမှုက စက္ကန့်ပိုင်းမျှသာကြာခဲ့သည်။ ဘောလုံးကိုဖမ်းမိရန်အတွက် မြေဆွဲအားကိုထိန်းချုပ်နိုင်မှုကို လက်လွှတ်လိုက်ရရှာသည်။ သူကဘောလုံးကိုဖမ်းမိသည်နှင့် ဘေးဘက်သို့လှိမ့်လိုက်ပြီး ခန္ဓာကိုယ်ကိုပက်လက်လှန်လိုက်သည်။ မတော်တဆမှုက ချက်ချင်းဖြစ်ပျက်သွားခဲ့ပြီး ကျန်းရှီဝူမှာ အထိနာသွား၍ အံကြိတ်ပြီးညည်းလိုက်မိသည်။


ကျန်းရှီဝူမှာ နာကျင်နေရင်း မျက်လုံးဖွင့်လိုက်သည့်အခါ ရှန့်ချန်၏မျက်လုံးနက်များဖြင့်ဆုံတွေ့သွားခဲ့သည်။ တဖက်လူ၏မျက်ဝန်းနက်တို့မှာ ထုံးစံအတိုင်းရှိခဲ့ဖူးသော အေးစက်မှုတို့မှသွေဖယ်နေပြီး အနည်းငယ်အံ့အားသင့်နေခဲ့သည်။


ကျန်းရှီဝူက လေလုံးမကွဲဘဲပြောလိုက်သည်။ 


"ရှန့်ချန်၊ ဆောရီးကွာ.."


နောက်တစ်စက္ကန့်တွင် ကျန်းရှီဝူကပြောသင့်သည့်အရာကိုစဥ်းစားနေမိသည်။ လျိုဟန်က အနောက်မှနေပြီး အထိတ်တလန့်ဖြင့်ပြောလာလေသည်။ 


"သူ သတိလစ်သွားပြီထင်တယ်..."


?!


ကျန်းရှီဝူက အနားတိုးပြီးကြည့်လိုက်သည်။ ရှန့်ချန်က သူ့ဘေးတွင်လှဲနေခဲ့သည်။ သူ၏ခန့်ညားလှသောမျက်နှာလေးမှာ ကြောက်စရာကောင်းလောက်အောင်ဖြူဖျော့နေ၏။ မျက်လုံးတို့ကို တင်းတင်းစေ့ထားလေရာ တကယ်ပင်မေ့မြောသွားပြီဖြစ်လိမ့်မည်။


ကျိပေ့ချွန်ကလည်းပြေးလာပြီး မှင်သက်သွားလေ၏။ 


"ကျန်းရှီဝူ မင်းလူတစ်ယောက်ကိုမေ့လဲသွားတဲ့အထိ ဝင်တိုက်လိုက်တာလား..."


ကျန်းရှီဝူ ရှန့်ချန်၏နဖူးကို စမ်းကြည့်လိုက်ပြီး ထိတ်လန့်ဖွယ်ရာပူပြင်းနေမှန်းသိလိုက်ရသည်။ သူ့နှလုံးက တမဟုတ်ချင်းတင်းကျပ်သွားကာ ချက်ချင်းပြောလိုက်လေသည်။ 


"မင်းဦးနှောက်လေးကိုလည်းသုံးဦး၊ သူဖျားနေတာ၊ ကာယဆရာကိုအကြောင်းကြားလိုက်၊ ငါသူ့ကို ကျောင်းကဆရာဝန်ဆီခေါ်သွားလိုက်ဦးမယ်..."


ရုတ်တရက်ပေါ်လာသောအပြောင်းအလဲကြောင့် အခြားကလေးများမှာ ကြောင်နေကြလေသည်။


လူတိုင်းကြက်သေသေနေစဥ် ကျန်းရှီဝူကပြေးသွားနှင့်ပြီး ကျောင်းမှဆရာဝန်ရုံးခန်းသို့ အမောတကောပြေးဝင်လာလေသည်။ 


"ဆရာ သူ့ကိုကြည့်ပေးပါဦး..."


လှုပ်ရှားသံကကျယ်လွန်းလှလေရာ ကျောင်းမှဆရာဝန်ပင် ကြောင်နေလေသည်။


သူက ထိုကောင်လေးကို ကြမ်းကြမ်းလေးဆုံးမရန်ပြင်လိုက်သော်လည်း ကျန်းရှီဝူကျောပေါ်မှ သတိလစ်နေသောကလေးကိုတွေ့သွားချိန်တွင် အမြန်ပြေးလာလေသည်။


 "ဘာဖြစ်လာတာလဲ..."


ကျန်းရှီဝူကအမြန်ပြောလိုက်သည်။ 


"သူဖျားနေလို့ပါ..."


ကျောင်းမှဆရာဝန်ကသူ့နဖူးကိုစမ်းကြည့်ပြီး မေးမြန်းလာခဲ့သည်။ 


"တော်တော်ပူနေတာပဲ၊ ဘယ်လိုဖြစ်တာလဲ၊ မိဘတွေကမသိဘူးလား၊ ချစ်ချစ်တောက်ပူနေတာပဲ..."


ကျန်းရှီဝူမှာ သူ့စကားကိုကြားရသည့်အခါ ဖြေရခက်သွားလေသည်။ 


"ဆရာ သူ့ကိုအမြန်ကြည့်ပေးပါဗျာ.."


ကောင်လေးက အလျင်လိုနေပြီး မျက်လုံးများပင်နီလာခဲ့သည်။ သူက ဒယ်အိုးပြားပေါ်မှ ပုရွက်ဆိတ်လေးနှယ် ရှန့်ချန်ကို တနင့်တပိုးသယ်ထားရရှာ၏။ ယခုလို စိတ်ရင်းမှန်ပုံနှင့် ဖြူစင်ရိုးသားမှုအား မည်သူကမှငြင်းနိုင်မည်မဟုတ်ပေ။ ကျောင်းမှဆရာဝန်ကလည်းဝမ်းသာသွားခဲ့သည်။ 


"သူအသက်အန္တရာယ်မရှိပါဘူး၊ ဘာအန္တရာယ်မှလည်းမရှိဘူး၊ စိတ်မပူပါနဲ့၊ အရင်ဆုံး မင်းသူ့ကို အပူကျသွားအောင်လုပ်ပေးရမယ်၊ ငါသူ့ကို အဖျားကျဆေးထိုးပေးထားမယ်၊ ဒါနဲ့ မင်းကသူ့အတွက်ဂရုစိုက်တယ်ဆိုတော့ မင်းနဲ့သူကဘယ်လိုပတ်သက်ကြလဲ..."


ကျန်းရှီဝူမှာ တောင့်တင်းသွားရလေတော့၏။



☁️☁️