☁️Chapter 5
"အတန်းဖော်တွေပါ.."
ကျန်းရှီဝူ ပူလောင်နေသောလည်ချောင်းဖြင့် ပြန်ဖြေလိုက်ရသည်။
ကျောင်းဆရာဝန်က သူ၏တောင့်တင်းနေပုံကိုသတိမထားမိဘဲ အလုပ်များနေဆဲပင်ဖြစ်လေ၏။
"ဒါက အပြင်းဖျားတာပဲ၊ လုပ်ရမှာတွေရှိသေးတယ်၊ မင်း ဟိုကဘေစင်ကိုသွား၊ ရေအေးယူလာခဲ့၊ ပြီးရင် ပုဝါနဲ့သူ့နဖူးကိုဖိပေးနေ..."
ထိုစကားကိုကြားသည်နှင့် ကျန်းရှီဝူမှာ သူ့အိတ်ကပ်ထဲမှ ကြေမွနေပြီးသော အဖျားကျဆေးကပ်ခွာလေးကိုထုတ်ပြီး ပြန်မေးလိုက်လေသည်။
"ဒါနဲ့ဆိုရင်ရော သက်သာသွားနိုင်လား..."
ကျောင်းဆရာဝန်က အလုပ်လုပ်နေရာမှရပ်သွားပြီး လှည့်လာလေသည်။
"အဲဒါကိုဘယ်ကရလာတာလဲ..."
ကျန်းရှီဝူက ဆတ်ခနဲခေါင်းမော့လာလေ၏။
"အမေကယူသွားခိုင်းလို့ပါ..."
သူ မနေ့ညကခေါင်းကိုက်နေခဲ့သော်လည်း သာမိုမီတာရော ဆရာဝန်၏စစ်ဆေးချက်ကပါ ကျန်းရှီဝူတွင် မည်သည့်နေရာမှပြဿနာမရှိကြောင်းပြောခဲ့ကြသည်။ ကျန်းရှီဝူက သာမန်ခေါင်းကိုက်ရုံသာဖြစ်ပြီး သူ၏ဖြူဖတ်ဖြူရော်မျက်နှာမှာ ထူးဆန်းနေခဲ့သည်။
မနက်ရောက်၍ သူကျောင်းသွားတော့မည့်အချိန်တွင် ကျန်းမေ့လီကပြောလာခဲ့သည်။
"ဒီဆေးကိုယူသွားလိုက်၊ နေမကောင်းဖြစ်လာရင် အမေ့ကိုဖြစ်ဖြစ် မင်းအဖေကိုပဲဖြစ်ဖြစ် ဖုန်းခေါ်လိုက်ချေ..."
၎င်းက အအေးမိခြင်းနှင့်ဖျားနာခြင်းအမျိုးမျိုအတွက် ဆေးဖြစ်လေသည်။ ကျန်းရှီဝူမှာ မသိစိတ်အရ ပြောချင်သွားခဲ့သည်။
"ကျွန်တော်မှ မိုးမမိခဲ့တာ၊ ဘယ်လိုလုပ်အအေးမိ..."
ထို့နောက် စကားကရပ်သွားခဲ့သည်။
ပုံရိပ်လေးတစ်ခုက မထင်မှတ်ဘဲ သူ့စိတ်ထဲ၌ပေါ်လာခဲ့ပြီး မည်သည့်အကြောင်းပြချက်ပင်ရှိနေပါစေ ပါးစပ်ပိတ်ထားရန်သာ ဆုံးဖြတ်ခဲ့လေသည်။
ကျောင်းဆရာဝန်၏အသံက ဘေးမှပေါ်လာခဲ့လေ၏။
"တစ်ခုရှိနေမှတော့ သူ့ကိုမြန်မြန်လေးကပ်ပေးလိုက်တော့..."
ကျန်းရှီဝူက တိုးလျစွာဖြင့်ပင်ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့...."
သူက အိတ်ကပ်ထဲမှအဖျားပျောက် ဆေးကပ်ခွာကိုထုတ်လိုက်ပြီး ဖောက်လိုက်သည်။ ၎င်းက မျက်စိအေးစေသောအပြာရောင်ရှိလေ၏။ သူကအိပ်ရာဘေးကိုလျှောက်သွားပြီး စတစ်ကာကို ရှန့်ချန်၏နဖူးပေါ်တွင် အသေအချာကပ်လိုက်သည်။
ခဏအကြာတွင် ကျန်းရှီဝူ၏လှုပ်ရှားမှုတို့က ရုတ်တရက်ရပ်သွားခဲ့လေ၏။
သူခေါင်းမကိုက်တော့ပေ။
အဖျားပျောက်ကပ်ခွာကို ရှန့်ချန်၏နဖူးပေါ်တွင်ကပ်လိုက်သည်နှင့် ဆရာဝန်ပင် အဖြေရှာရခက်စေခဲ့သောခေါင်းကိုက်ဝေဒနာကပျောက်သွားခဲ့သည်။
ဘယ်လိုဖြစ်တာလဲ။
ရှန့်ချန်ကိုဂရုစိုက်ပေးလိုက်တာနဲ့ သူဘာလို့ ခေါင်းမကိုက်တော့တာလဲ။
အရာအားလုံးကထူးဆန်းနေခဲ့သည်။ ထူးဆန်းလွန်း၍ သူပင် ချက်ချင်းနားမလည်နိုင်တော့သလို မေးခွန်းအတွက်အဖြေကိုလည်း ချက်ချင်းရှာမတွေ့နိုင်ခဲ့ပေ။
ဆရာဝန်၏အသံက အနောက်မှထွက်လာပြန်သည်။
"ကျောင်းသားလေး၊ အူကြောင်ကြောင်နဲ့ရပ်မနေနဲ့လေ၊ ငါ့ကိုလာကူညီပေးဦး..."
ကျန်းရှီဝမ်ကသတိပြန်ဝင်လာပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့..."
အစကမူ သူကရှန့်ချန်ကိုပို့ပြီးသည်နှင့်ပြန်ရန်စီစဥ်ထားခဲ့သည်။ သို့သော်လည်း ဆရာဝန်ကသူ့ကို လက်ထောက်တစ်ယောက်နှယ် ချက်ချင်းသတ်မှတ်လိုက်လေရာ ရောက်လာပြီးသည်နှင့် ထွက်သွားရန်ခက်နေခဲ့သည်။ အားလုံးပြီးသွားသည့်အခါ ကျန်းရှီဝူမှာ ရှန့်ချန်ကရုတ်တရက်နိုးလာပြီး သူ့ကိုရှာတွေ့သွားမည့်အဖြစ်ကို စိုးရိမ်နေခဲ့သည်။ ယခုအချိန်တွင် သူကထိုသူနှင့်ဝေးရာ၌မနေချင်သလို ထိုသူကိုလည်းသူ့အား မမြင်သွားစေချင်ပေ။
ကျန်းရှီဝူက တောင်းဆိုလိုက်သည်။
"ဆရာ၊ လုပ်စရာမရှိတော့ဘူးဆိုရင် ကျွန်တော်အရင်သွားနှင့်ပါတော့မယ်..."
ဆရာဝန်က တုံ့ပြန်လာခဲ့သည်။
"အင်းလေ၊ သွားတော့၊ ဒါနဲ့ မင်းသူငယ်ချင်းမေ့လဲသွားတာက ဖျားတာတင်မဟုတ်ဘူး၊ အပြင်းဖျားတာနော်၊ ဘာလို့လဲဆိုတာ မင်းသိထားလား..."
ကျန်းရှီဝူက တုံ့ဆိုင်းသွားခဲ့သည်။
"သွေးတွင်း သကြားဓာတ်နည်းသွားလို့များလား..."
ဆရာဝန်က လက်ကို သူ့ကုတ်အင်္ကျီထဲသို့ထည့်ပြီးသက်ပြင်းချလိုက်လေသည်။
"ငါမှန်းတာမမှားဘူးဆိုရင်တော့ ဒါက ကာလရှည်အာဟာရချို့တဲ့ပြီး အစားပုံမှန်မစားလို့ပဲ.."
"?!"
ကျန်းရှီဝူမှာအလိုလိုနေရင်း အိပ်ရာကိုလှမ်းကြည့်မိသွားခဲ့သည်။ လှဲနေသောလူငယ်လေးမှာဖြူဖျော့နေပြီး အနားကပ်ရန်ခက်ခဲသောအရှိန်အဝါကို ထုတ်လွှင့်နေခဲ့သည်။ သို့ထိတိုင် ထိုအခိုက်အတန့်လေးတွင်ပင် နေမကောင်းဖြစ်နေသောကြောင့် သူ၏ပြတ်သားတင်းမာမှုတို့ကပျောက်ဆုံးနေပြီး ဆယ့်လေးနှစ်အရွယ်ကလေးတစ်ယောက်နှင့်လိုက်ဖက်သော အားနည်းမှုနှင့် ပျော့ပျောင်းမှုတို့က ပေါ်နေခဲ့သည်။ မည်သူကမှထိုသူကို နောင်အနာဂတ်တွင် စကားတည်သည့် ကြောက်စရာကောင်းသော စီးပွားလုပ်ငန်း၏အရှင်သခင်ဖြစ်လာမည်ဟု ယူဆကြမည်မဟုတ်ပေ။
နောက်ပိုင်း၌ လူအချို့က ရှန့်မျိုးရိုးကို ဝံပုလွေတစ်ကောင်နှင့်တူသည်။ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သွေးအေးကာရက်စက်သည်ဟု သမုတ်ခဲ့ကြသည်။ သို့သော်လည်း သူဆယ်ကျော်သက်အရွယ်တွင် သွေးတွင်းသကြားဓာတ်နည်း၍ မေ့လဲခဲ့ဖူးကြောင်း မည်သူကမှမသိခဲ့ကြသလို ကျန်းရှီဝူပင်ဤအကြောင်းကို ယခင်ဘဝက မသိခဲ့ရပေ။
မနေ့က တစ်နေ့လုံးမိုးရွာနေခဲ့ပြီး ရှန့်ချန်က မိုးရေထဲတွင်အကြာကြီးလမ်းလျှောက်ခဲ့ရသည်။ ထို့ကြောင့် အပြင်းဖျားသွားခဲ့ခြင်းဖြစ်လိမ့်မည်။
ထိုသူက အစားလည်းမစားခဲ့ပေ။
တဒင်္ဂလေးအတွင်း ကျန်းရှီဝူမှာ ရှန့်ချန်တစ်ယောက် မနေ့ညကမည်မျှခက်ခဲခဲ့မှန်း မတွေးရဲတော့ပေ။
ကျောင်းမှဆရာဝန်ကမေးလာခဲ့သည်။
"ဒီအခြေအနေကို မင်းသိထားသေးလား.."
ကျန်းရှီဝူ ခဏငြိမ်နေပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်းသာ ယမ်းပြလိုက်လေသည်။
ကျောင်းဆရာဝန်ကသက်ပြင်းချပြီးပြောလိုက်သည်။
"သွားစားတော့..."
ကျန်းရှီဝူကလှည့်သွားပြီး တံခါးဝသိူ့လျှောက်သွားခဲ့သည်။ လုံးဝမတွေ့ရတော့မှ တံခါးဝတွင် ရုတ်တရက်ပြန်ပေါ်လာလေ၏။ သူက တံခါးကိုအသံထွက်အောင်ဖွင့်ပြီး ပြောလိုက်လေသည်။
"ဆရာ ရှန့်ချန်ကဘာစားလို့ရလဲ..."
ကျောင်းဆရာဝန်က တခဏမျှတောင့်တင်းနေပြီးမှ အလိုလိုပြန်ဖြေလာခဲ့သည်။
"မာတာတွေစားလို့မရဘူး၊ ရိုးရှင်းတာလောက်ပဲပေါ့..."
ကျန်းရှီဝူက ခပ်ရှင်းရှင်းပင်တုံ့ပြန်လာလေသည်။
"ဟုတ်ကဲ့ ကျွန်တော်သွားဝယ်လိုက်မယ်..."
သူက ခပ်သုတ်သုတ်ထွက်သွားခဲ့ပြီး စားစရာများဖြင့် ခပ်မြန်မြန်ပြန်ရောက်လာခဲ့သည်။ မိုးကြီးသောနေ့အပြီးတွင် ရာသီဥတုကပူနွေးနေလေရာ ပြန်လာသည့်တလမ်းလုံးတွင် သူ့ခမျာချွေးပြန်နေလေ၏။ နဖူးကစိုရွှဲနေပြီး တံခါးမှဝင်လာချိန်တွင် ခေါင်းနှစ်ခြမ်းကွဲစေလောက်သော ကိုက်ခဲမှုကြောင့် သူလဲကျလုနီးပါးဖြစ်သွားခဲ့ရသည်။ လဲကျသွားပုံက ရှက်စရာကောင်းလောက်သည်ဆိုသော်ငြား ကျန်းရှီဝူကဘောလုံးတစ်လုံးတစ်လုံးနှင့်တူပြီး သူ့ပုံစံက အနည်းငယ် မှင်သေသေဖြစ်နေသောကြောင့် လူများကို ရယ်ချင်စိတ်အားမထိန်းနိုင်အောင်ဖြစ်စေလေသည်။
ကျောင်းဆရာဝန်က စားပွဲတွင်ဝင်ထိုင်လိုက်သည်။
"ဖြည်းဖြည်းလာပါ၊ ချော်လဲနေဦးမယ်..."
ကျန်းရှီဝူက အစားအသောက်တို့ကိုချလိုက်ပြီး နဖူးပေါ်မှချွေးများကိုသုတ်လိုက်လေသည်။
"ကျွန်တော်လည်း အအေးမိမှာကြောက်နေရတယ်..."
ဖြေလိုက်ပြီးမှ ကျန်းရှီဝူမှာ ပျာယာခတ်သွားရသည်။
"ကျွန်တော့်အဒေါ်ကို အရိုးစွပ်ပြုတ်လုပ်လာခိုင်းလိုက်တယ်၊ ဆန်ပြုတ်က ဝက်သားကိုနုပ်နုပ်စင်းပြီးချက်ထားတာ၊ ကြက်ဥတစ်လုံးလည်းဝယ်လာခဲ့တယ်၊ သူနိုးလာတဲ့အထိခဏစောင့်နေပေးပါ၊ ဆရာ ကျွန်တော့်အစား ရှန့်ချန်ကိုပေးပေးပါဗျ၊ ကျေးဇူးတင်ပါတယ်..."
ကျောင်းမှဆရာဝန်က သံသယဝင်လာလေ၏။
"မင်းကမစောင့်နေဘူးလား၊ မင်းတို့ကခင်ကြမယ့်ပုံပါပဲ..."
"......"
မဖြစ်နိုင်တာပဲ။
စိတ်ဝင်စားစရာကောင်းနေလေသည်။ လူတစ်ယောက်က သူနှင့်ရှန့်ချန်ကိုခင်ကြလိမ့်မည်ဟု ပြောလာသည်ကို ယခုမှပထမဆုံးအကြိမ် ကြားရခြင်းပင်ဖြစ်လေ၏။
ကျန်းရှီဝူမှာ ယခင်ဘဝကိုတွေးမိသွားခဲ့သည်။ သူနှင့်ရှန့်ချန်က စေ့စပ်ခဲ့ကြသည်။ ရှန့်ချန်က သူ့ကိုသဘောမကျလောက်လျှင်ပင် သူ့ဘက်မှထိုသူကိုလေးစားပြီး သူ့ကိုဖြည်းဖြည်းချင်းသဘောကျလာစေမည်။ ဘဝကရှည်လျားပါသည်။ အချိန်ကအများကြီးကျန်နေသေးပြီး အခွင့်အရေးကအများအပြားရှိနေသေးသောကြောင့် သူ့အနေဖြင့် ဖြည်းဖြည်းချင်း ကြိုးစားသွားနိုင်မည်ဟုထင်ခဲ့သည်။
သို့သော်လည်း သူ၏တွက်ချက်မှုကမှားယွင်းသွားခဲ့သည်။ ရှန့်ချန်ကသူ့ကို လုံးဝသဘောမကျလာခဲ့ပေ။
အိမ်ထောင်ဖက်ဆက်ဆံရေးက အတန်းဖော်ဖြစ်နေကြစဥ်ကထက်ပင် ပိုပြီးလျော့ရဲသွားခဲ့သည်။ သူက အရှုံးကိုလက်မခံနိုင်လေရာ နည်းလမ်းအမျိုးမျိုးသုံးပြီး ရှန့်ချန် သူ့ကိုသဘောကျလာစေရန်ကြိုးစားခဲ့သည်။ သို့သော်လည်း ၎င်းက သူ့ကိုယ်သူ အခြားချောက်နက်ထဲသို့တွန်းပို့လိုက်သလိုသာဖြစ်စေခဲ့သည်။ ရှန့်ချန်က သူ့ကိုသက်ညှာပေးခြင်းမရှိခဲ့ပေ။ သူကငြိမ်သက်နေသောဝံပုလွေတစ်ကောင်ဖြစ်ပြီး သူ့ကိုကြီးမားသောတန်ကြေးကို ပြန်လည်ပေးဆပ်ခိုင်းရန်ကြိုးစားနေခဲ့သည်။
ကျန်းရှီဝူက ပြုံးလိုက်ပြီး ချိုသာသည့်အသံဖြင့်ပြောလိုက်လေသည်။
"မလိုပါဘူးဗျ၊ ကျွန်တော်အိမ်စာကိုပြီးအောင်လုပ်ရဦးမှာမလို့ပါ၊ အဲဒါကြောင့် ကျွန်တော်အရင်သွားနှင့်ပါ့မယ်.."
"အို့..ဟုတ်သားပဲ.."
ခြေလှမ်းနှစ်လှမ်းစာသွားပြီးနောက် ကျန်းရှီဝူကပြန်လှည့်လာလေ၏။
"ဆရာ ဖြစ်နိုင်ရင်လေ ဒါတွေဝယ်လာပေးတာ ကျွန်တော်ဆိုတဲ့အကြောင်းကို မပြောပါနဲ့၊ ကန်တင်းကလာပေးသွားတာလို့ပဲ ပြောပေးပါဗျ.."
ကျောင်းဆရာဝန်၏ပါးစပ်ထောင့်တို့က တွန့်သွားခဲ့ပြီး ပြန်မေးလာခဲ့သည်။
"ဘာလို့လဲ..."
ဖက်တီးကောင်လေးက တံခါးတွင်ရပ်နေခဲ့သည်။ နေ့လည်ခင်းနေရောင်ခြည်အောက်တွင် ခိုလှုံနေရင်း ထိုသူကပြုံးလာလေသည်။
"ဟီးဟီး.."
သူက လက်ကိုမြှောက်ကာ ခပ်မိုက်မိုက်ပုံစံမျိုးလုပ်ပြလာခဲ့သည်။
"ကျွန်တော် ရဲဘော်လေဖုန်း[အထင်ကရပုဂ္ဂိုလ် ရဲဘော်လေဖုန်း]ဆီကနေသင်ထားတာလေ၊ အမည်မဖော်ဘဲ ကောင်းတာလုပ်ပေးတာပါ.."
"....."
ဒီနေ့ခေတ်ကျောင်းသားတွေအကုန်လုံး ဒီလိုမျိုး အူကြောင်ကျားတွေပဲလား။
ကျောင်းဆရာဝန်က ပြန်ပြောလိုက်ရတော့သည်။
"မင်းတို့ကလေးတွေကတော့လေ၊ ဘာတွေကိုကြောက်နေတာလဲ၊ ဒီလောက် ငွေတွေ အားတွေကုန်ထားရပြီးတော့ သူ့ဆီကနေ ကျေးဇူးတင်စကားလေးတော့ လက်ခံသင့်တယ်မလား.."
ကျန်းရှီဝူက အလွန်ပျော်နေခဲ့သည်။
"ကျွန်တော်ဆိုတာသိသွားရင် သူမစားတော့မှာစိုးလို့ပါ..."
ကျောင်းဆရာဝန်က သီးသွားခဲ့သည်။
ကျန်းရှီဝူက သူ့ကိုဦးညွတ်လိုက်ပြီး ရှန့်ချန်နိုးလာမည်စိုးသောကြောင့် အမြန်ထွက်ပြေးလာခဲ့လေသည်။
နေ့လည်ခင်းနေရောင်က ပြတင်းပေါက်မှဖြာကျလာသည်။ လျှောက်လမ်းလေးက ဆူညံ့နေလေ၏။ အငွေ့တလူလူနှင့် အစားအသောက်တို့က ကျောင်းဆရာဝန်၏ ရုံးခန်းထဲမှစားပွဲပေါ်တွင် ရှိနေခဲ့သည်။ ကျန်းရှီဝူကမူ ထွက်ပြေးသွားခဲ့ပြီ။ ကျောင်းဆရာဝန်က သတိပြန်ကပ်သွားပြီး မျက်လုံးထောင့်မှတဆင့် အနောက်ကိုလှမ်းကြည့်လိုက်ကာ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သည်။
"ကျောင်းသားလေး နိုးလာပြီလား..."
ရေတစ်ငုံမျှသောက်ရန်နိုးလာသောရှန့်ချန်က အိပ်ရာပေါ်တွင် အနည်းငယ်မျှလှုပ်ရှားလာပြီး ထထိုင်ရင်း ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်ပြလာလေသည်။
ကျောင်းဆရာဝန်ကမေးလိုက်သည်။
"စားပွဲပေါ်မှာစားစရာတွေရှိတယ်၊ မင်းဗိုက်ဆာရင်နည်းနည်းလောက်စားလိုက်..."
ရှန့်ချန်က အိပ်ရာကိုမှီထားပြီး စားပွဲပေါ်မှအစားအသောက်များကိုလှမ်းကြည့်ကာ တိုးလျစွာဖြင့်မေးလာခဲ့သည်။
"သူဝယ်လာတာလား.."
"သူဝယ်လာတာမဟုတ်ဘူး..."
ကျောင်းဆရာဝန်က ခပ်သွက်သွက်လေးပြောလိုက်သည်။
"ငါကန်တင်းကနေမှာလိုက်တာပါ.."
"တကယ်လား..."
ရှန့်ချန်က ခေါင်းမော့ပြီး ပါးစပ်ထောင့်မှခပ်ဖျော့ဖျော့အပြုံးလေးဖြင့် ကျောင်းဆရာဝန်ကိုကြည့်လိုက်သည်။
"ကျွန်တော် ဘယ်သူဝယ်လာတာလဲလို့ မမေးရသေးပါဘူး.."
လေထုထဲတွင် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။
ဤအချိန်လေးအတွင်း ကျောင်းဆရာဝန်မှာ ဆယ့်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်နှင့်မျက်နှာချင်းဆိုင်နေရင်း ဘဝတလျှောက်တွင်ပထမဆုံးအကြိမ်အဖြစ် အရှက်ရသွားခဲ့သည်။ ရှန့်ချန်ကိုကြည့်နေရင်း ခေါင်းငုံ့ပြီး သူ့မျက်နှာကိုထိန်းထားရလေသည်။ ရှင်းပြရခက်စွာဖြင့် ဤကောင်လေးက လိုက်လျောညီထွေရှိပြီး ဉာဏ်ရည်ထက်မြက်သော စီးပွားရေးသမားတစ်ယောက်ဟု ခံစားလိုက်ရသည်။ ထိုသူက စစ်တုရင်ခုံပေါ်တွင်ရပ်နေပြီး ဂိမ်းထဲမှလူအားလုံးကိုကြည့်နေခဲ့သည်။ အချိန်ကိုက်လှုပ်ရှားပြီး တိတ်ဆိတ်နေခဲ့လေသည်။
........
မတ်လ၏ရာသီဥတုမှာ ခန့်မှန်းရခက်လေသည်။
မနက်ပိုင်းဆိုလျှင်အေးသည်။ နေ့လည်ပိုင်းတွင်ပူပြီး ညဘက်တွင်အေးနေပြန်သည်။ နောက်တနေ့တွင် ရာသီဥတုကသာယာပြီး တိမ်ထူသည်။ မျက်နှာပြောင်းသွားပုံက စာအုပ်လှန်သည်ထက်ပင်မြန်သေးသည်။
မနက်အစောပိုင်းတွင် ကျန်းရှီဝူကနားစွင့်ရင်းထိုင်နေခဲ့သည်။
လျိုဟန်ကပြောလာလေ၏။
"အစ်ကိုရှီ၊ မေးခွန်းကူးဖို့ တစ်ယောက်ယောက်ကိုရှာရအောင်၊ ဘာလို့ဒုက္ခခံနေမှာလဲ..."
ကျန်းရှီဝူက လေ့ကျင့်ခန်းစာအုပ်မှ မေးခွန်းများကိုကြည့်ပြီး မျက်လုံးတို့က နီရဲမလိုဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဖက်တီးကောင်လေးကငြင်းဆန်လာခဲ့သည်။
"မရှာတော့ဘူး၊ ငါဒါတွေကိုတစ်ဝက်လောက်အထိ လုပ်ထားပြီးပြီ၊ ကူးမယ်ဆိုရင် ငါကြိုးစားထားတာတွေက ဘာအတွက်ဖြစ်သွားမလဲ..."
"......"
လျိုဟန်က သူ့စကားကိုဂရုမစိုက်ပေ။
"ဒါဆိုလည်း ငါပဲသွားရှာတော့မယ်၊ ငါဘာမှမရေးရသေးဘူး.."
ကျန်းရှီဝူက လျစ်လျူရှုထားလိုက်ပြီး ဖော်မြူလာကို နောက်တစ်ကြိမ်နားလည်အောင်ကြိုးစားရန် သို့မဟုတ် ဆင်တူမေးခွန်းရှာတွေ့ရန် သင်္ချာစာအုပ်ကိုလှန်လိုက်ပြီး ကယ်တင်ရှင်က ရုတ်တရက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် ကျောင်းသားတစ်ယောက်ကသူ့အရှေ့တွင်လာရပ်လေသည်။
"အိမ်စာစာအုပ်..."
ကြိုးစားနေသောကျန်းရှီဝူက ယောင်ဝါးဝါးဖြင့်ပြောလိုက်သည်။
"ခဏလေး ခဏလေးစောင့် ဟုတ်ပြီလား၊ ငါအကြံရပြီလို့ထင်တာပဲ..."
ထိုသူက ခဏမျှတိတ်ဆိတ်နေပြီး စကားမပြောလာသေးပေ။
ကျန်းရှီဝူက အချိန်အကြာကြီး စာရွက်တို့ကိုလှန်လှောနေပြီး နောက်ဆုံးတွင် တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ သူခေါင်းမော့လိုက်မှ ရှန့်ချန်ကသူ့ခုံဘေးတွင်ရပ်ကာ သူ့အိမ်စာစာအုပ်ကိုယူရန် စောင့်နေသည်ကိုတွေ့လိုက်ရလေ၏။ အိမ်စာစာအုပ်များအားလုံးကိုကောက်ပြီးပြီဖြစ်ကာ ခုံများကြားမှလမ်းကျဥ်းလေးက ပြတင်းပေါက်မှ နေရောင်ခြည်နှင့်ပြည့်နေပြီး ရှန့်ချန်ကထိုနေရာတွင် လူကြီးလူကောင်းဆန်၍ တိတ်ဆိတ်စွာဖြင့်စောင့်ဆိုင်းနေခဲ့သည်။
"အဲ...ငါက..."
ရှန့်ချန်က သူ့လက်ကိုလှုပ်လိုက်ပြီး သင်္ချာပုစ္ဆာ၏တတိယအဆင့်ကိုလက်ညိုးထိုးပြလိုက်သည်။
"ဒီနေရာမှာ တွက်တာမှားနေတယ်..."
"ဘာ..."
ရှန့်ချန်က ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ သူ၏အေးစက်သောမျက်နှာက တည်ကြည်နေပြီး တိုးတိမ်လှသောအသံဖြင့် ပြောလာခဲ့သည်။
"နောက်ထပ်မျဥ်းတစ်ကြောင်းဆွဲလိုက်၊ အလျားနဲ့အနံကို ဒီကနေတွက်၊ ပြီးရင်ပေါင်းလိုက်..."
ကျန်းရှီဝူက အိမ်စာစာအုပ်ကို ကြောင်ကြည့်နေပြီး ခဏကြာမှ ရုတ်တရက်နားလည်သွားလေသည်။
"ဆိုတော့ ဒီလိုကိုး..."
ရှန့်ချန်က ခန္ဓာကိုယ်ကိုပြန်မတ်လိုက်သည်။
ကျန်းရှီဝူက ပျော်ရွှင်နေရန်အချိန်မရှိသေးပေ။ မေးခွန်းများအကြားတွင် သူ့ကိုယ်သူစိတ်နှစ်ထားလိုက်သည်။ ရှန့်ချန်ပြောသည့်အတိုင်းတွက်ကြည့်ပြီးနောက် အဖြေကချက်ချင်းရသွားသည်ကို တွေ့လိုက်ရလေ၏။ မနေ့ညကတည်းက သူ့ကိုစိတ်အနှောင့်အယှက်ပေးနေခဲ့သောပုစ္ဆာမှာ ရှန့်ချန် စကားနှစ်ခွန်းပြောလိုက်သည်နှင့် ဖြေရှင်း၍ရသွားခဲ့သည်။ ယခု သူအိမ်စာစာအုပ်ထပ်ရန် အချိန်ကျသွားပြီဖြစ်လေ၏။
သူက ထိုင်ခုံမှ ပျော်ပျော်ကြီးထရပ်ရန်ပြင်လိုက်ပြီး စိတ်အလိုအလျောက် ရှန့်ချန်၏မျက်နှာကိုကြည့်လိုက်သည်။ သို့ရာတွင် သူအခု ရေးနေသည်ကိုရပ်လိုက်ပြီးနောက် ကျန်းရှီဝူမှာ တောင့်တင်းသွားရလေ၏။ အခု...အခုလေးတင် ရှန့်ချန်ကသူ့ကိုသင်ပေးနေတာလား။ အရင်ဘဝတွင် ရှန့်ချန်ကသူ့ကို သင်္ချာပုစ္ဆာဖြေရှင်းရန် တစ်ခါမှမသင်ပြခဲ့ဖူးပေ။
ထိုသို့မပြောနှင့်။ စကားပင်အရင်လာမပြောဖူးပေ။
အခုကျတော့ သူက သင်္ချာပုစ္ဆာကိုဒီလောက်တွက်စေချင်နေတာ၊ သူပဲထင်ယောင်ထင်မှားတွေဖြစ်နေတာလား။
☁️☁️