Chapter 6
Viewers 685

☁️Chapter 6



ကျန်းရှီဝူမှာ ခက်ခဲစွာဖြင့်ပင် ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရသည်။


သူစိတ်လှုပ်ရှားနေရသည်မှာ အကြောင်းအရင်းရှိလေ၏။ သူအိမ်စာလုပ်နေရင်းဖြင့် အချိန်ကိုကြည့်ရန်မေ့သွားခဲ့ပြီး နောက်ကျနေပြီဖြစ်ကာ နံနက်ပိုင်းအတန်းချိန်မှာ ကျော်သွားတော့မည်ကိုသိလိုက်ရသည်။ ရှန့်ချန် သူ့အားစောင့်နေခဲ့သည်ကိုလည်း မသိခဲ့ပေ။ သူ၏နောက်ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲလာသလိုခံစားလိုက်ရလေသည်။


"ဟိုလေ..."


ကျန်းရှီဝူက စာအုပ်ကိုကမ်းပေးလိုက်သည်။


 "အတန်းကိုယ်စားလှယ်၊ ငါ့ရဲ့အိမ်စာစာအုပ်ကိုလာထပ်တာ.."


ရှန့်ချန်က ဒုတိယအတန်း၏ဘေးဘက် လျှောက်လမ်းနားမှခုံတွင်ထိုင်နေလေသည်။ ထိုသူက ကျောကိုဆန့်ထားရင်း သွယ်လျသောလက်ချောင်းများအကြားတွင် ဘောပင်ကိုကိုင်ထားကာ မေးခွန်းတစ်ခုကိုဖြေရှင်းနေလေသည်။ 


"အဲဒီမှာထားခဲ့လိုက်..."


ထိုအခါမှ ကျန်းရှီဝူမှာ အနောက်ဘက်တွင် လေ့ကျင့်ခန်းစာအုပ်များ အထပ်လိုက်ရှိနေသည်ကိုတွေ့လိုက်ရသည်။ တစ်အုပ်မှ ဆရာ့ထံမတင်ရသေးပေ။


သူက အိမ်စာစာအုပ်ကိုထပ်လိုက်ချိန်မှာပင် ရှန့်ချန်၏ထိုင်ခုံဖော်က အပြုံးလေးဖြင့်ပြောလာသံကို ကြားလိုက်ရသည်။ 


"ကျန်းရှီဝူ တစ်တန်းလုံးမှာ မင်းတစ်ယောက်ပဲအိမ်စာစာအုပ်ထပ်ဖို့ကျန်နေတာ..."


ကျန်းရှီဝူက အိမ်စာစာအုပ်ကိုထပ်ပြီးသည့်နောက် ရှန့်ချန်ကိုတစ်ချက်မျှလှမ်းကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အမှားပင်။ 


"ဆောရီး..."


ရှန့်ချန်က မည်သည့်တုံ့ပြန်မှုမှမပြဘဲမေးလာခဲ့သည်။ 


"မေးခွန်းတွေအကုန်လုံးကိုဖြေထားရဲ့လား..."


ကျန်းရှီဝူမှာ တခဏမျှတောင့်တင်းသွားပြီးမှ ခေါင်းအသာညိတ်ပြလိုက်လေသည်။ 


"အင်း..."


ရှန့်ချန်က ဘောပင်ကိုချပြီးရှင်းပြလာလေသည်။ 


"အဲဒီလိုပုစ္ဆာမျိုးက အတန်းမှာသင်ဖူးပြီးသား သင်္ချာဖတ်စာအုပ်ထဲမှာပဲ ရှိတာမဟုတ်ဘူး..."


"ဘာကို..."


ကျန်းရှီဝူ ပါးစပ်ကလေးဟပြီး စိတ်ရှပ်ထွေးမှုများဖြင့် မျက်တောင်ခတ်လိုက်သည်။ အချိန်အတန်ကြာမှ ရှန့်ချန်၏စကားကိုနားလည်သွားခဲ့သည်။ ယင်းမှာ နောက်တစ်ခါ သူနားမလည်သောပုစ္ဆာကိုတွေ့ခဲ့လျှင် သင်္ချာဖတ်စာအုပ်ထဲ၌သာ ရှာမနေသင့်ဘဲ လေ့ကျင့်ခန်းစာအုပ်ထဲတွင်လည်း ရှာသင့်ကြောင်း သတိပေးလိုက်ခြင်းပင်ဖြစ်လေ၏။


နားလည်သွားသည့်အခါ ကျန်းရှီဝူက ပြန်ပြောလိုက်သည်။


 "ငါသိပြီ၊ ကျေးဇူးပဲ..."


ဤတကြိမ်တွင် ရှန့်ချန်ကပြန်မဖြေတော့ပေ။ ကောက်ထားသည့် လေ့ကျင့်ခန်းစာအုပ်များကိုယူပြီး ထွက်သွားခဲ့သည်။ ကံကောင်း၍ ကျန်းရှီဝူက ရှက်မနေပေ။ သူတစ်ယောက်တည်း အိမ်စာပြီးအောင်လုပ်နိုင်ခဲ့၍ အလွန်အမင်းပျော်နေခဲ့သည်။ ရှန့်ချန်၏ထိုင်ခုံဖော်ကသာ မဖြစ်နိုင်သည့်အရာတစ်ခုကိုတွေ့သွားသည့်နှယ် အလွန်တရာအံ့အားသင့်နေခဲ့သည်။


ထိုထိုင်ခုံဖော်က ခဏမျှငြိမ်နေပြီး နောက်ဆုံး၌ ရှန့်ချန်ပြန်လာသည်အထိစောင့်နေလိုက်လေသည်။


ထိုပုဂ္ဂိုလ်ကပြန်ရောက်လာပြီး ထိုင်ချလိုက်သည့်အခါ သူက ထိုသူအားငေးကြည့်နေမိသည်ကိုမရပ်နိုင်တော့ပေ။ နောက်ဆုံး၌သူမေးချင်စိတ်ပေါက်လာချိန်တွင် ရှန့်ချန်ကမေးလာခဲ့သည်။ 


"ဘာဖြစ်လို့လဲ..."


"မင်းဒီနေ့ အရင်နေ့တွေနဲ့မတူဘူးပဲ..."


သူ၏ထိုင်ခုံဖော်ဝမ်ပင်းက သူ့ဘက်သို့မှီလာပြီး ခပ်တိုးတိုးပြောလာလေသည်။ 


"မင်းတကယ်ကြီး ကျန်းရှီဝူ အိမ်စာပြီးတဲ့အထိစောင့်နေပေးတယ်နော်..."


ရှန့်ချန်ကခေါင်းငုံ့ပြီး ပုစ္ဆာတွက်နေခဲ့သည်။ သူ၏ဘောပင်ထိပ်ဖျားလေးက အသာရပ်သွားခဲ့ပြီး အရေးစိုက်စရာမလိုသည့်နှယ် ပြန်ဖြေလိုက်လေ၏။ 


"ငါ့တာဝန်က အိမ်စာစာအုပ်တွေကို ကောက်ပေးဖို့လေ..."


ဆိုလိုသည်မှာ သူ့အနေဖြင့် ကျန်းရှီဝူကိုစောင့်နေစရာမလိုပေ။ သူက အိမ်စာစာအုပ်များကိုသယ်သွားပြီး ဆရာထံပေးရမည်ဖြစ်၍သာ စောင့်နေခဲ့ခြင်းဖြစ်လေ၏။


ဝမ်ပင်းက အကြောင်းသိနေသလိုပြုံးကာ ထပ်ပြောလိုက်သည်။ 


"အရင်က သူနောက်ကျလည်း မင်းမစောင့်တတ်ပါဘူး၊ ဒီနေ့ကျမှ ထူးခြားနေပါလား..."


ရှန့်ချန်၏မျက်နှာပေါ်တွင် အထွေအထူးခံစားချက်မရှိပေ။ 


"ဟုတ်လား..."


ဝမ်ပင်းက ချောင်းဖွဖွဟန့်ကာ ဆက်ပြောလိုက်သည်။ 


"ပြောတော့မှ ကျန်းရှီဝူလည်း အခုရက်ပိုင်းထဲမှာ အများကြီးပြောင်းလဲသွားတာပဲ၊ သူမင်းအနောက်ကို ထပ်မလိုက်တော့သလိုပဲ၊ သူကအတန်းပြီးတိုင်းနဲ့ကျောင်းဆင်းတိုင်း မင်းနောက်ကိုလိုက်နေကျလေ၊ အခုကျတော့မလိုက်တော့ဘူး၊ သူလိုက်ဖို့ စိတ်ကုန်သွားတာလား.."


ရှန့်ချန်ကသူ့ကိုတစ်ချက်မျှကြည့်လိုက်ပြီး သူထိုင်နေသည့်နေရာမှ ဒုတိယအတန်းကိုကြည့်လိုက်သည်။ စားသောက်ရန် ပေါင်မုန့်ထုတ်နေသောကျန်းရှီဝူ၏နောက်ကျောကို ကြည့်နေမိလေ၏။ သူက ခိုးစားနေရ၍ တစ်ကြိမ်တည်းနှင့် ပါးစပ်ထဲသို့ အကုန်ထည့်နေရလေသည်။ ပါးစပ်ထဲတွင်ပေါင်မုန့်များရှိနေသေးသောကြောင့် ဖက်တီးလေး၏ပါးမှာ ဖောင်းကားနေခဲ့သည်။


မကြာမီမှာပင် ကျန်းရှီဝူ၏လုပ်ပုံကို သူ့ထိုင်ခုံဖော်ကတွေ့သွားခဲ့သည်။


သူ၏ပြဿနာကိုဖြေရှင်းပုံက ရိုးရှင်းပါသည်။ သူက လက်ထဲမှပေါင်မုန့်ကိုတစ်ဖဲ့ဖဲ့ပြီး သူမထံပေးလိုက်သည်။ သူမက အရသာရှိသောအစားတစ်လုတ်၏ဖြားယောင်းမှုကို မခုခံနိုင်ဘဲ ပါးစပ်ထဲသို့ ခပ်သွက်သွက်ထိုးထည့်လိုက်သည်။ သူမကလည်း သူမ၏မုန့်ကိုထုတ်လိုက်ပြီး ပေါင်မုန့်တစ်ဖဲ့ကိုကျွေးလိုက်ပြန်သည်။ ကျောင်းသားနှစ်ယောက်က အလွန်တရာမှရင်းနှီးနေပုံရပြီး မုန့်ခွံ့ကျွေးနေပုံက မသင်္ကာစရာဖြစ်နေလေသည်။


ရှန့်ချန်၏ကျန်သည့်စကားလုံးက စာရွက်ကိုဖြဲလိုက်မိခြင်းနှင့်အဆုံးသတ်သွားတော့သည်။


ကျန်းရှီဝူက သူ့အတွက်မူ အစားအသောက်ဝယ်ပေးခဲ့ရုံသက်သက်သာဖြစ်ပြီး အခြားသူများကိုမူ သူ၏မုန့်အား မျှပေးနေခဲ့သည်။ သူ့ကိုမူ ယဥ်ကျေးသောအပြုံးကိုသာပြုံးပြပြီး အခြားသူများနှင့်မူ စည်းလွတ်ဝါးလွတ် ရယ်မောနေနိုင်သည်။


"ငါက ရှန့်ချန်ကိုသဘောအကျဆုံးပဲ..."


"ငါကရှန့်ချန်ကို တစ်သက်လုံးကြိုက်သွားမှာ.."


တစ်သက်လုံးတဲ့လား။


ဟာသပဲ။


ရှန့်ချန်က ဘောပင်ကို သွယ်လျသောလက်ချောင်းများကြား၌ကိုင်ထားပြီး စာဆက်ရေးနေသော်လည်း ရေးနေသည့်အရှိန်က မြန်ပြီးရင်းမြန်လာကာ သူ့မျက်လုံးတို့ကလည်း တဖြည်းဖြည်းနှင့်အုံ့မှိုင်းလာလေတော့သည်။


ကြည့်ကောင်းသောကစားစရာအရုပ်လေးလိုပင်၊ ခဏမျှကစားကြည့်ပြီး ပျင်းလာသည်နှင့် အဝေးသို့လွှင့်ပစ်လိုက်သည်။ အရုပ်လေးကို ရွေးချယ်ခွင့်ပေးရန်မလိုအပ်ပေ။


ဘာကြောင့်လဲ။


သူသိနေခဲ့သည်။


ရှန့်ချန်၏ တည်ငြိမ်နေသောအပြင်ပန်းပုံသဏ္ဍာန်အောက်ဝယ် နှလုံးသားကမူ လှိုင်းထန်နေခဲ့သည်။ သူ့အရှေ့မှမှတ်စုစာအုပ်မှ လက်ရေးမှာ အစပိုင်းတွင် သပ်ရပ်နေသေးသော်လည်း သိသိသာသာရွဲ့စောင်းလာခဲ့သည်။ သူက စာရွက်ကိုဖြဲကာ ဘောလုံးလိုလုံးချေပစ်ပြီး အဝေးသို့လွှင့်ပစ်လိုက်လေသည်။


သူ လက်ရှိခံစားချက်ကို မနှစ်သက်သလို မည်သူ့ကိုမှလည်း ချွင်းချက်မထားပေးတော့ပေ။


........


မိဘများအနေဖြင့်ကျောင်းသားများကို အကြိုအပို့လုပ်ပေးရမည့် စည်းမျဥ်းအသစ်ချမှတ်ပြီး တစ်လကြာခဲ့ပြီဖြစ်သည်။ စည်းမျဥ်းကိုဖျက်လိုက်ပြီးပထမဆုံးနေ့မှာပင် ကျောင်းသားအများစုက ဝမ်းသာအားရဂုဏ်ပြုခဲ့ကြသည်။ ကြီးကျယ်သောလွတ်လပ်ရေးကိုရသွားသလိုပင် အတန်းပြီးသည်နှင့် ပျော်ပါးရန်ထွက်လာကြလေတော့၏။


ကျန်းရှီဝူကို လျိုဟန်ကဆွဲခေါ်သွားခဲ့သည်။


သူက ကျောင်းလွယ်အိတ််အလေးကြီးကိုသယ်ထားရပြီး တွေဝေနေခဲ့သည်။ 


"ငါအိမ်ပြန်ပြီး အိမ်စာလုပ်ရဦးမယ်..."


လျိုဟန်က မျက်လုံးလှိမ့်လိုက်သည်။ 


"သားကြီးရှီဝူရေ၊ မေ့သွားပြီလား၊ ငါတို့တို့ အခုလွတ်လပ်သွားပြီလေ၊ ဘာလို့အိမ်စာကိုအပြေးအလွှားသွားလုပ်နေမှာလဲ၊ မနက်ဖြန်မှကူးရေးလိုက်..."


......


ကျန်းရှီဝူအတွက် သဘောတူရခက်နေလေသည်။


သူ့စရိုက်က အလွန်ခေါင်းမာခြင်းပင်ဖြစ်လေ၏။ သူတစ်ခုကိုဆုံးဖြတ်လိုက်ပြီဆိုသည်နှင့် မုချကြိုးစားတတ်သည်။ သူ ဂျုနီယာအထက်တန်းမှအိမ်စာအများစုကိုမေ့နေပြီဖြစ်သလို အခုချက်ချင်းလုပ်ရန်မှာ အလွန်ခက်ခဲနေလေသည်။ သူကြိုးစားချင်စိတ်ရှိနေသရွေ့ ပြဿနာမရှိဟုသာတွေးထားခဲ့သည်။


လျိုဟန်ကသူ့လက်ကိုဆွဲလာလေ၏။ 


"သွားရအောင်၊ ငါမင်းကိုပျော်ဖို့ကောင်းတဲ့နေရာဆီခေါ်သွားပေးမယ်.."


"ဘယ်ကိုလဲ.."


ကျန်းရှီဝူမှာ မကောင်းသည့်အရာတစ်ခုဖြစ်လာတော့မည်ဟု နမိတ်ရနေလေသည်။


လျိုဟန်က ခန့်မှန်းရခက်သောအပြုံးဖြင့် သူ့ကိုကျောင်းဂိတ်ဝမှဆွဲခေါ်သွားပြီး အသံတိမ်တိမ်ဖြင့်ပြောလာလေ၏။ 


"အင်တာနက်ကဖေး.."


လက်ရှိကာလတွင် အင်တာနက်က အလွန်အမင်းမထွန်းကားလာသေးပေ။ လူများအသုံးပြုနေကြသော မိုဘိုင်းဖုန်းအများစုက နောက်ခံတီးလုံးပါသော ပထမမျိုးဆက်ဖုန်းများသာရှိသေးသည်။ အိမ်သုံးကွန်ပျူတာများကိုပင် တွင်တွင်ကျယ်ကျယ် မသုံးကြသေးပေ။ အွန်လိုင်းဂိမ်းများကမူ အလွန်လူကြိုက်များနေခဲ့သည်။ သို့သော်လည်း ကလေးအများစုမှာ မိဘများမှထံမှ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းခံထားရသောကြောင့် ကစားရန်အခွင့်အရေးမှာ ရှားပါးနေခဲ့သည်။


လမ်းကျဥ်းလေးများနှင့် ဆူညံနေသောလူအုပ်ကြီးကိုကျော်လာပြီးသည့်အခါ လူစည်ကားသောနေရာမှ မှောင်ခို အင်တာနက်ကဖေးဆိုင်ကို ဆိုင်းပုတ်ငယ်လေးတစ်ခုနှင့်အတူတွေ့လိုက်ရလေသည်။ တံခါးဝတွင် ကားအများအပြားရပ်ထားလေ၏။


လျိုဟန်ကသူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ 


"လာခဲ့.."


ကျန်းရှီဝူက လွယ်အိတ်ကိုသယ်ထားရင်း လေလုံးမကွဲဘဲပြောလိုက်လေသည်။ 


"ဆရာတွေ့သွားရင် ငါတို့သေလိမ့်မယ်.."


"မတွေ့ပါဘူးကွာ..."


လျိုဟန်က ရှေ့မှဦးဆောင်သွားလေသည်။ 


"ဒီလို မှောင်ခိုနေရာမှာ ဆရာကငါတို့ကိုဘယ်လိုလုပ်တွေ့မှာလဲ၊ ငါတို့ကျောင်းက တခြားကောင်တွေတောင်မသိကြဘူး..."


ကျန်းရှီဝူမှာ စကားတစ်လုံးမှမပြောတော့ပေ။ တကယ်တမ်းတွင် ကျန်းမေ့လီကသူ့ကို အလွန်ချစ်သောကြောင့် ဆက်သွယ်ရန်အတွက် ဖုန်းအဟောင်းတစ်လုံးကိုဝယ်ပေးထားခဲ့သည်။ သို့သော်လည်း သူမက ကွန်ပျူတာတစ်လုံးကိုလည်းဝယ်ပေးရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ၎င်းကဖုန်းအဟောင်းကဲ့သို့ စစ်ဆေးရန် မသင့်တော်ပေ။ ကျန်းရှီဝူက လက်ရှိခေတ်အခါနှင့်ပတ်သက်ပြီး ပိုသိချင်နေခဲ့သည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူစာလေ့လာရာတွင်တိုးတက်ချင်သည့်အပြင် အနာဂတ်အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားချင်လေသည်။


အင်တာနက်ကဖေးတွင် အပူသုံးမှိန်ပျပျမီးအိမ်များကိုထွန်းထားပြီး စက်များအရှေ့တွင် လူအချို့ထိုင်နေကြလေသည်။


လျိုဟန်ကသူ့လက်ကိုဆွဲကာ အထဲသို့ဝင်လာခဲ့လေ၏။ 


"ဘာမှမပူနဲ့၊ ဒီနေရာကိုဘယ်သူမှမသိဘူး၊ ဒီမှာခဏလောက်ကစားနေတုန်း ငါတို့ကိုဘယ်သူမှမတွေ့ဘူးဆိုတာအာမခံ..."


စကားက တဝက်မှာတင်ရပ်သွားလေသည်။


မဝေးလှသောကောင်တာရှေ့တွင် လူငယ်လေးတစ်ယောက်ရပ်နေခဲ့သည်။ အမှောင်ကျသောရပ်ဝန်းတွင် အသံများကလည်းဆူနေလေ၏။ နံရံများကိုဆေးမှုတ်ထားပြီး ကောင်တာမှာလည်း သုတ်ရခက်သောအမဲဆီများက စွန်းနေသလိုပင်။ ရှန့်ချန်က ရိုးရှင်းသောအဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး ထိုနေရာတွင် တိတ်တဆိတ်ဖြင့် သန့်သန့်ရှင်းရှင်းရပ်နေကာ မှောင်ခိုကဖေးနှင့် မအပ်စပ်ဘဲဖြစ်နေလေသည်။


လျိုဟန်မှာ ပါးစပ်အဟောင်းသား။ 


"မဖြစ်နိုင်ဘူး၊ စာတော်တဲ့ကျောင်းသားတွေက ဒီနေရာကိုလာပြီး မကစားတတ်ကြပါဘူး..."


ကျန်းရှီဝူက ပို၍ပင်ထိတ်လန့်နေပြီး နှလုံးသားထဲတွင် ခန့်မှန်းချက်အဆိုးတစ်ခုကိုရလိုက်သည်။


သို့သော် လျိုဟန်ပင်မတုံ့ပြန်ရသေးခင် သူက ရှန့်ချန်ရပ်နေသောကောင်တာထံ ထိုသူကိုဆွဲခေါ်သွားပြီး နှုတ်ဆက်လိုက်လေသည်။ 


"အတန်းဖော်ရှန့်၊ တိုက်ဆိုင်လိုက်တာ၊ မင်းလည်းဒီကိုလာကစားတာလား.."


သူတို့က ကောင်တာအပြင်တွင်ရပ်နေပြီး ရှန့်ချန်က အတွင်းဘက်တွင်ရပ်နေခဲ့သည်။ သူတို့မဝင်လာခင်ကထက်ပင် ပိုပြီးမြင်လွယ်နေခဲ့သည်။ ရှန့်ချန်က သန့်ရှင်းရေးလုပ်နေလေ၏။


လူတစ်ယောက်ကလည်း အနောက်မှခုန်ထွက်လာပြီးပြောလာခဲ့သည်။ 


"ငါက တစ်ညလုံးဆော့မှာနော်.."


ရှန့်ချန်က အိုင်ဒီကတ်ကိုယူကာ မျက်လွှာချလိုက်ပြီး ဆရာကျစွာဖြင့်စာရင်းသွင်းလိုက်ကာ သူ့ကိုကတ်တစ်ကတ်ပေးလိုက်သည်။ 


"စက်နံပါတ်သုံး..."


ဧည့်သည်က ဆေးလိပ်သောက်နေပြီး ရိုင်းပျသောအမူအရာဖြင့် အမိန့်ပေးလိုက်သည်။ 


"ခဏနေရင် ခေါက်ဆွဲတစ်ပွဲလာပို့ပေး..."


ယခုလို အမိန့်ပေးသံပေါက်သော ခပ်ပြတ်ပြတ်လေသံကိုကြားရသူမည်သူမဆို အစေခံတစ်ယောက်ပမာခံစားရပြီး စိတ်ကျဥ်းကျပ်သွားစေနိုင်သည်။ ဤလူ၏မျက်နှာကခက်ထန်နေကာ သူ့နောက်မှကလေးနှစ်ယောက်ကလည်း အသံမထွက်ရဲကြပေ။ ရှန့်ချန်တစ်ယောက်တည်းကသာ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်မရဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာလေသည်။ 


"ခင်ဗျား ပိုက်ဆံထပ်ပေးမှရမယ်.."


"ဘယ်လောက်လဲ..."


ရှန့်ချန်က ဘောပင်ကို အသာလေးကောက်ကိုင်ပြီး ရေးမှတ်နေလေသည်။ ပြီးနောက် ထင်ရှားမည်းနက်သောစာလုံးတို့က စာရင်းအင်းစာရွက်ပေါ်တွင် အတည်ပြောထားသလိုပင်။ 


"စုစုပေါင်းဆယ်ယွမ်ကျပါတယ်..."


စကားပြောပြီးသည့်နောက် ရှန့်ချန်ကသူ့ဘေးမှနှစ်ယောက်ကိုကြည့်လိုက်သည်။ ထိုမည်းနက်သောမျက်လုံးတို့က ကျန်းရှီဝူကိုတည်ကြည်စွာဖြင့် ကြည့်နေခဲ့သည်။ သူစကားမပြောသော်လည်း အကျပ်ကိုင်မည့်ပုံစံအပြည့် ဖြစ်နေလေ၏။


ကျန်းရှီဝူမှာ ဖော်ပြရခက်သောအပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။ 


"တိုက်ဆိုင်လိုက်တာနော်..."


လျိုဟန်မှာလည်း နားမလည်နိုင်တော့ပေ။ သူတို့နှစ်ယောက်လုံးက ရောက်လာရဲကြပြီး အင်တာနက်ကဖေးကိုခိုးကြောင်ခိုးဝှက်ဝင်လာကြသည်။ သို့သော်လည်း ရှန့်ချန်ကိုတွေ့လိုက်ရသည့်အခါ အပြစ်ရှိစိတ်ကို ဖော်ပြမရသည်အထိခံစားလိုက်ရသည်။


"ပြန်ကြတော့..."


ရှန့်ချန်က သူ့ကိုမကြည့်တော့ပေ။ 


"ဒီနေရာက မင်းတို့ရှိနေသင့်တဲ့နေရာမဟုတ်ဘူး.."


သူတို့ကရွယ်တူများဖြစ်နေသော်လည်း ရှန့်ချန် သူတို့ကိုပြောနေသည့်ပုံစံမှာ ပြောစကားနားမထောင်သောကလေးဆိုးလေးများက အပြင်ကိုခိုးထွက်လာပြီးကစားနေကြ၍ ရင့်ကျက်ပြီးသားလူကြီးတစ်ယောက်က ဆုံးမနေသလိုပင်။


ကျန်းရှီဝူက ချောင်းဟန့်လိုက်ပြီး သူ့သူငယ်ချင်းကိုဆွဲလိုက်သည်။ 


"ပြီးတာပဲ၊ သွားကြမယ်.."


လျိုဟန်က ကြောင်ရပ်နေလေသည်။


နောက်စက္ကန့်တွင် ကျန်းရှီဝူကသူ့ကိုထွက်ပေါက်အထိဆွဲခေါ်သွားပြီး အင်တာနက်ကဖေးဆိုင်နှင့်ဝေးရာရောက်သည််အထိမရပ်သေးပေ။ ကျန်းရှီဝူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ 


"ပြန်ရအောင်..."


နောက်ဆုံး၌ လျိုဟန်ကပေါက်ကွဲလေတော့၏။


 "ပြန်တော့မယ်လား၊ ဒီလိုမျိုးပဲလား၊ ငါတို့မကစားရသေးဘူးလေ..."


"မင်းကဘာအတွက် ကစားချင်နေသေးတာလဲ၊ ရှန့်ချန်က ငါတို့ကိုရှိမနေသင့်ဘူးလို့ပြောလိုက်တယ်လေ.."

 ကျန်းရှီဝူက သူ့ကိုရိုက်ပုတ်လိုက်သည်။ 


"တစ်ညလုံးအတွက်ပိုက်ဆံပေးထားတဲ့လူတွေကိုကြည့်ဦး၊ သွားရှုပ်လို့ရမယ့်လူတွေမဟုတ်ဘူး၊ အဲဒီ မှောင်ခိုအင်တာနက်ကဖေးကိုကြည့်စမ်း၊ လုံခြုံရေးကို ဘယ်လောက်တောင်တင်းကျပ်ထားလိုက်လဲ၊ ငါတို့သာအန္တရာယ်ရှိတဲ့လူတစ်ယောက်နဲ့တွေ့သွားရင် ငါတို့နှစ်ယောက် ဘယ်လိုရှင်းကြမလဲ..."


သူပြောလိုက်မှ လျိုဟန်ကကြောက်လန့်သွားပြီး သတိရသွားလေသည်။ 


"ရှန့်ချန်ကလည်းအဲဒီမှာအလုပ်လုပ်နေတာလေ၊ သူ့မိသားစုကအဲဒီလောက်ခက်ခဲနေတာလား၊ သူကကျူရှင်ခအတွက် ကျောင်းရဲ့ပညာသင်ဆုနဲ့အခြားဟာတွေကို မှီခိုနေရတယ်တဲ့၊ ငါကတော့အဲဒါကိုအကုန်လို့မထင်ဘူး၊ သူကဒီမှာအလုပ်လုပ်နေတုန်းပဲဆိုတော့ အဲဒီမှာတစ်ယောက်တည်းကျန်နေခဲ့တာက အန္တရာယ်မများဘူးလား..."


ကျန်းရှီဝူ နေရာတွင်ရပ်သွားခဲ့သည်။


အခြားသူများကမသိသော်လည်း ရှန့်ချန်က အားမနည်းမှန်းသူသိသည်။


ဤနေရာက မည်မျှမလုံခြုံသည်ဖြစ်စေ၊ ရှန့်ချန်က လူတိုင်းထက်ပိုသိသည်။ ဤနေရာတွင်အချိန်ပိုင်းအလုပ်လုပ်နေခြင်းက နောက်ဆုံးအားကိုးရာဖြစ်နိုင်သည်။ ခက်ခဲနေ၍သာမဟုတ်လျှင် ထိုနေရာမျိုး၌ မည်သူကမှ အလုပ်လုပ်ချင်မည်မဟုတ်ပေ။ ကျန်းရှီဝူက သူ့အလုပ်ကိုမနှောင့်ယှက်ချင်ပေ။ ၎င်းအပြင် ထိုသူက သူ့အင်အားကိုဖုံးကွယ်ထားလျှင်အတော်ဆုံးဖြစ်ပြီး တစ်ခုခုဖြစ်လာလျှင်လည်း ဒုက္ခရောက်မည်မဟုတ်ပေ။


နောက်တနေ့နံနက်ပိုင်းအတန်းချိန်ပြီးသည့်အခါ အတန်းပိုင်ဆရာမဟွမ်ကျားက ချက်ချင်းမထွက်သေးဘဲ အပူခံကိုကိုင်ရင်း အတန်းကို စိုးရိမ်တကြီးကြည့်လာခဲ့သည်။


"မနေ့က စည်းမျဥ်းကိုဖြေလျှော့ပေးလိုက်တဲ့ ပထမဆုံးရက်ပဲ.." 


ဟွမ်ကျားက ခွက်ကိုချကာ စူးစိုက်ကြည့်လာလေသည်။ 

"ကျောင်းက မင်းတို့ကိုတင်းကျပ်ဖို့နဲ့အချိန်မီအိမ်ပြန်ဖို့ ငါ့ကို သေချာမှာထားတယ်၊ ပြီးတော့ မင်းတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက်လည်း တာဝန်ယူပေးဖို့ပြောထားတယ်.."


နောက်တစ်စက္ကန့်တွင် ဟွမ်ကျားအသံက မြင့်လာလေ၏။ 

"ဒါပေမဲ့ အချို့ကတော့ ကျောင်းစည်းကမ်းကိုဂရုမစိုက်ဘဲ မှောင်ခိုအင်တာနက်ကဖေးကိုသွားကစားကြသေးတယ်.."


တစ်တန်းလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။


"ဘယ်သူတွေလဲ၊ ထရပ်စမ်း..."


ဟွမ်ကျားက အေးအေးဆေးဆေးသုံးသပ်ပြလာခဲ့သည်။ 


"ငါတို့အတန်းရဲ့ယူနီဖောင်းဝတ်ထားတဲ့သူတွေကို တွေ့လိုက်တဲ့သူတွေရှိတယ်၊ ဘယ်သူတွေလဲ၊ ကိုယ်ဟာကိုယ်မတ်တပ်ရပ်လိုက်၊ ငါ့ကိုလူကိုယ်တိုင်ခေါ်ထုတ်ရအောင်မလုပ်နဲ့.."


တစ်တန်းလုံးရှိလူတိုင်း အပြန်အလှန် အံ့ဩတကြီးကြည့်နေခဲ့ကြသည်။


အောက်တွင်ထိုင်နေသောကျန်းရှီဝူမှာ တောင့်တင်းနေလေ၏။ သူက အနောက်တန်းမှလျိုဟန်ကိုဘေးတိုက်ကြည့်လိုက်သည်။ အတိအကျပင် ထိုကောင်၏နဖူးတပြင်လုံးက ချွေးပြန်နေလေ၏။


ကျန်းရှီဝူက ရှန့်ချန်ကိုကြည့်လိုက်သေးသော်လည်း ထိုယောကျ်ားပျို၏ ဖြောင့်တန်းနေသောကျောပြင်ကိုသာမြင်နေရပြီး မျက်နှာအမူအရာကိုမမြင်ရပေ။


ရုတ်တရက်ပင် မနေ့ကလျိုဟန်ပြောခဲ့သည့်စကားတို့က သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။


"ရှန့်ချန်က ကျူရှင်ခတွေပေးဖို့ ပညာသင်ဆုကိုအားကိုးနေရတာလေ.."


မနေ့က ရှန့်ချန်မှာ ကျောင်းဝတ်စုံမဝတ်ထားပေ။ သူနှင့်လျိုဟန်ကသာဝတ်ထားခဲ့သည်။ ပြောရလျှင် သူတို့နှစ်ယောက်လုံးက ရှန့်ချန်ကို သွယ်ဝိုက်ပြီးဖော်ထုတ်လိုက်သလိုဖြစ်သွားခဲ့သည်။ ရှန့်ချန်သာဖော်ထုတ်ခံလိုက်ရပါက ကျောင်းစည်းကမ်းကိုချိုးဖောက်ရာကျသွားလိမ့်မည်။ ပညာသင်ဆုကိုဆုံးရှုံးလိုက်ရနိုင်ပြီး အားလုံးကသူနှင့်လျိုဟန်ကြောင့်သာဖြစ်ခဲ့ရခြင်းပင်။ သို့သော်လည်း ကျန်းရှီဝူကသူတို့နှစ်ယောက်အားတိုင်လိုက်သူကို ပိုပြီးသိချင်နေမိလေ၏။



☁️☁️