☁️Chapter 7
ယခု ကျန်းရှီဝူအရှေ့တွင် လမ်းနှစ်သွယ်ရှိနေလေသည်။
ဝန်ခံမလား။ ငြိမ်နေမလား။
သူသာဝန်ခံလိုက်လျှင် အပြင်းအထန်ကြိမ်းမောင်းခံရနိုင်ပြီး မိဘလည်းအခေါ်ခံရလိမ့်မည်။
မကြာသေးခင်ကပင် ကျန်းမေ့လီက ယခုပထမနှစ်ဝက်တစ်ဝက်လုံးတွင် ဆရာထံမှအခေါ်မခံရချင်ကြောင်းပြောခဲ့သည်။ သူမက သူ့ကို ကွန်ပျူတာတစ်လုံးလည်းဝယ်ပေးဦးမည်။ သူသာ အခုအချိန်တွင် အပြစ်ဝန်ခံလိုက်ပါက ကွန်ပျူတာရမည့်မျှော်လင့်ချက်လေးမှာ ပျက်စီးသွားမည်ဖြစ်ပြီး သူဝန်မခံလျှင် ရှန့်ချန်က ပညာသင်ဆုကိုဆုံးရှုံးရလိမ့်မည်။
ကျန်းရှီဝူမှာ လျိုဟန်ပြောခဲ့သည့်စကားကို မှတ်မိနေသေးသည်။ ထိုသို့ စုတ်ပြတ်နေသောပတ်ဝန်းကျင်မှကော်ဖီဆိုင်တွင် ရှန့်ချန် အချိန်ပိုင်းအလုပ်လုပ်နေပုံကိုမြင်တွေ့ခဲ့သည့်အဖြစ်ကိုလည်း သူမှတ်မိနေသေးသည်။
သူက ကွန်ပျူတာကိုလက်လွှတ်လိုက်ရလျှင် အပန်းဖြေစရာတစ်ခုဆုံးရှုံးသွားရုံသာဖြစ်ပြီး ရှန့်ချန်သာ စကော်လာရှစ်ကိုဆုံးရှုံးလိုက်ရပါက မည်သို့ဖြစ်သွားမည်နည်း။
၎င်းအလုပ်၏နောက်ကွယ်တွင် မည်မျှကြိုးစားခဲ့ရလောက်မည်နည်း။
ပြီးတော့....
ကျန်းရှီဝူမှာ ကိုက်ခဲလာရသောကြောင့် ခေါင်းကိုအုပ်ကိုင်ထားမိသည်။ အချို့အကြောင်းအရင်းများကြောင့် သူ့ခေါင်းက ထပ်မံကိုက်ခဲလာပြန်သည်။ သူ့အသက်ရှူသံကလည်းမြန်လာခဲ့ပြီး နှလုံးနေရာကလည်းအောင့်လာခဲ့သည်။ အားလုံးက ထူးဆန်းသောလက္ခဏာများပင်ဖြစ်လေ၏။
ဂွပ်...
အပူခံခွက်က ကြမ်းကြမ်းတမ်းတမ်း ပင့်မခံလိုက်ရပြီး ပြန်လည်ဆောင့်ချခံလိုက်ရသောကြောင့် ကျယ်လောင်လှသောအသံတစ်သံကထွက်လာခဲ့သည်။
ဟွမ်ကျားက အသံကျယ်ကျယ်ဖြင့်ငေါက်ငမ်းလာလေ၏။
"မင်းတို့တွေ အခုထိထွက်မလာကြသေးဘူးလား..."
တစ်တန်းလုံး ဝရုန်းသုန်းကားဖြစ်နေလေသည်။
ကျန်းရှီဝူ၏လက်ဖဝါးတို့မှာ ချွေးစိုနေပြီး ဒုတိယတန်းမှရှန့်ချန်၏နောက်ကျောကို အလိုလိုကြည့်မိသွားခဲ့သည်။ မျက်မှောင်ကြုတ်ထားသောရှန့်ချန်က ထရပ်တော့မည့်ပုံဖြင့် အတန်းပိုင်အားမော့ကြည့်လိုက်သည်ကိုတွေ့လိုက်ရလေ၏။
တွေဝေနေရန်အချိန်မရှိတော့ပေ။
ကျန်းရှီဝူက "ဝုန်း" ခနဲထရပ်လိုက်သည်။
"ဆရာမ ကျွန်တော်ပါ..."
အလွန်ဒေါသထွက်နေခဲ့သောဆရာမမှာ သိသိသာသာထိတ်လန့်သွားခဲ့သည်။ သူက ဖိအားများအောက်တွင် သူ့အပြစ်ကိုဝန်ခံလိုက်၍မဟုတ်ဘဲ ကျန်းရှီဝူက သေမင်းတံခါးဝမှ လေးစားစရာသူရဲကောင်းပုံစံဖြစ်နေသောကြောင့် အားလုံးကရှော့ခ်ရသွားကြလေ၏။
ဟွမ်ကျားက သူ့ကိုရယ်မိတော့မလိုဖြစ်သွားခဲ့သည်။ သူမက စိတ်တည်ငြိမ်အောင်ကြိုးစားနေလေရာ သူမရင်ဘတ်က မို့မောက်လာပြီးနောက်ပြန်ကျသွားလေသည်။ ထို့နောက် ကျန်းရှီဝူကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်းငါနဲ့ရုံးခန်းကိုလိုက်ခဲ့၊ အခြားသူတွေက အတန်းဆက်တက်ကြ..."
အတန်းဖော်များက ကျန်းရှီဝူ၏ ကြောက်ရွံ့ပြီးပျာယာခတ်နေသောမျက်နှာကို မြင်ချင်ကြသည့်တိုင် သူက အလွန်တည်ငြိမ်နေခဲ့ပြီး သူ့အနောက်တွင်ထိုင်နေသောလျိုဟန်ကို စိတ်ချထားရန်အမူအရာဖြင့် ထိုင်ခုံကို အနောက်သို့တွန်းသွားခဲ့ကာ အတန်းတံခါးဝကို ခပ်သွက်သွက်လေးသွားလိုက်သည်။
လမ်းတွင် သူ ရှန့်ချန်ဘေးမှဖြတ်သွားရလိမ့်မည်။
ရှန့်ချန်က စားပွဲခုံအရှေ့တွင်ထိုင်နေခဲ့သည်။ ကောင်လေးခန္ဓာကိုယ်က အေးစက်ကာအသံတိတ်နေပြီး ကျောပြင်ကလည်းဖြောင့်တန်းနေခဲ့သည်။ သူကခေါင်းငုံ့ကာ စက်ရွက်ပေါ်တွင်တစ်ခုခုရေးနေပြီး မော့မကြည့်လာပေ။
ကျန်းရှီဝူ သူ့အနားရောက်လေ ခေါင်းကိုက်ဝေဒနာက တဖြည်းဖြည်းချင်းပျောက်သွားလေဖြစ်သွားသည်ကို သတိထားလိုက်မိသည်။
ထိုရှာဖွေတွေ့ရှိချက်က သူ့ကိုအနည်းငယ်ထိတ်လန့်သွားစေခဲ့သည်။ လောကကြီးတွင် အလကားရသည့်စားစရာဟူ၍မရှိပေ။ သေချာပေါက် သူပြန်လည်မွေးဖွားလာခြင်းက အလကားမဟုတ်ပေ။ လက်ရှိတွင် သူ၏ခေါင်းကိုက်ရောဂါက ရှန့်ချန်နှင့်ပတ်သက်နေလောက်၏။ ဖြစ်ရသည့်အကြောင်းအရင်းကိုမူ ဖြည်းဖြည်းချင်းအဖြေရှာရပေမည်။
........
ရုံးခန်းတွင်ဖြစ်သည်။
ကျန်းရှီဝူ အထဲသို့ဝင်လိုက်သည့်အခါ ကျောင်းသားကသူတစ်ယောက်တည်းမဟုတ်ဘဲ ကျိပေ့ချွန်လည်း ရှိနေသည်ကိုတွေ့လိုက်ရလေ၏။
ကျန်းရှီဝူ အထဲဝင်လာသည်ကိုတွေ့သည့်အခါ ကျိပေ့ချွန်က မဲ့ပြုံးတစ်ချက်ပြုံးပြလာပြီး အတန်းပိုင်၏ခုံဘေးတွင် လိမ္မာရေးခြားရှိစွာဖြင့်ရပ်နေခဲ့သည်။
ဟွမ်ကျားကပြောလာခဲ့သည်။
"ကျန်းရှီဝူ၊ အမှန်အတိုင်းပြော၊ မင်းတစ်ယောက်တည်းလား..."
"......."
ကျိပေ့ချွန်ကဲ့သို့ဂြိုလ်ကောင်ကိုတွေ့ရသည်က ကောင်းသည့်လက္ခဏာမဟုတ်ပေ။
ကျန်းရှီဝူကပြန်ဖြေလိုက်သည်။
"ဆရာမ၊ ကျွန်တော်တစ်ယောက်တည်းပါ..."
ဟွမ်ကျားက စားပွဲကိုဗြန်းခနဲရိုက်ကာ ဒေါသတကြီးငေါက်လာလေ၏။
"မင်းလိမ်ရဲသေးတယ်နော်.."
"ကျိပေ့ချွန်ရဲ့ဖုန်းထဲမှာ သက်သေဗွီဒီယိုရှိတယ်၊ မင်းတစ်ယောက်တည်းမဟုတ်ဘူး..."
ဖုန်းက စားပွဲပေါ်သို့ပစ်တင်ခံလိုက်ရပြီး ခပ်ဝါးဝါးဗွီဒီယိုတစ်ခုရှိနေလေသည်။
ဟွမ်ကျားက ထပ်ပြီး ခြောက်လှန့်လိုက်သည်။
"မင်းအမှန်အတိုင်းပြောဖို့အသင့်ပဲလား..."
ကျန်းရှီဝူ ခေါင်းမော့ပြီး ကျိပေ့ချွန်ကို အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်သည်။
ကျန်းရှီဝူအကြည့်ကြောင့် ခေါင်းမွှေးများပင်ထောင်သွားမတတ် ရှင်းပြရခက်သည်အထိရှော့ခ်ရသွားသော ကျိပေ့ချွန်မှာ ချက်ချင်းကျောမတ်သွားလေသည်။
"ငါကကျောင်းသားသမ္မဂကလေ၊ ကျောင်းသားတွေကို စည်းကမ်းနဲ့မညီတာတွေ့ရင် ကြီးကြပ်ပေးရမှာက ငါ့တာဝန်ပဲ၊ မင်းကအဲဒီလိုနေရာကိုသွားတယ်ဆိုမှတော့ ငါကမင်းကောင်းဖို့အတွက် ဆရာမကိုပြော...."
ကျန်းရှီဝူက နှာမှုတ်လိုက်သည်။
"ဒါဖြင့်ရင် မင်းကရောဘာလို့အဲဒီလိုနေရာမျိုးကိုရောက်နေတာလဲ၊ မင်းကရော မင်းကိုယ်မင်း လူလိမ္မာလေးလို့ထင်နေတာလား..."
ကျိပေ့ချွန် မည်သည့်အတွက်ကြောင့် ယခုလိုလုပ်ရသည်ကို သူမတွေးနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ကျောင်း၏အလှလေးများအနက်မှတစ်ယောက်ကိုသဘောကျနေခဲ့သော်လည်း ကျန်းရှီဝူသိထားချက်အရဆိုလျှင် ကျောင်း၏အလှလေးကသူ့ကိုပြန်မကြိုက်သည့်အပြင် ရှန့်ချန်ကိုသဘောကျ၍ ရည်းစားစာပေးနေသူများအနက်မှ တစ်ယောက်ဖြစ်နေခဲ့သည်။
စိတ်ကြီးဝင်နေသောကျိပေ့ချွန်က မည်သို့များသည်းခံနိုင်ပါမည်နည်း။
သူက ရှန့်ချန်ကိုမုန်းသလို ရှန့်ချန်ကိုသဘောကျနေသူများကိုလည်းမုန်းတီးနေခဲ့သည်။ အခွင့်အရေးရပြီဆိုသည်နှင့် ထိုလူများကိုသူ့ခြေထောက်အောက်တွင် ဖိနင်းထားလိမ့်မည်။ ယနေ့၌ ထိုသူက အခွင့်အရေးတစ်ခုကိုအမိအရဖမ်းဆုပ်ရန် လမ်းစတွေ့သွားခဲ့လေ၏။
"ကျန်းရှီဝူ မင်းနားလည်ပြီမလား..."
ကျိပေ့ချွန်က ကျောကိုဆန့်ထားခဲ့ပြီး အနည်းငယ်မကြည်မသာဖြစ်နေပုံနှင့် နှာမှုတ်လိုက်သည်။
"ငါ့မိသားစုကပိုက်ဆံရှိတယ်၊ ငါ့မှာကွန်ပျူတာလည်းရှိတယ်၊ ဘာလို့ ငါက အင်တာနက်ကဖေးကိုသွားမှာလဲ၊ ငါကအဲဒီနေရာကိုသွားစရာမလိုဘူး၊ သွားလည်းမသွားဘူး၊ လူတိုင်းကမင်းလိုမဟုတ်ဘူး၊ သဘောပေါက်လား..."
ကျန်းရှီဝူ၏အသည်းနှလုံးထဲမှမီးစက တဖျစ်ဖျစ်မြည်လာလေပြီ။
သူက စိတ်တည်ငြိမ်အောင်ထားနေကျလူမဟုတ်လေရာ သူ့လက်ချောင်းတို့ကို ချက်ချင်းဆုပ်လိုက်မိသည်။
ဒေါက် ဒေါက် ဒေါက်။
ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေတွင် အပြင်မှတဆင့် တံခါးခေါက်လိုက်သံထွက်လာခဲ့သည်။
အခန်းထဲမှလူတိုင်းကြည့်လိုက်လေရာ ရှန့်ချန်က တံခါးအပြင်၌ရပ်နေသည်ကိုတွေ့လိုက်ရလေ၏။
"ဆရာမ ကျွန်တော် ဝင်လာလို့ရမလား..."
အတန်းပိုင်က တဒင်္ဂမျှ အေးခဲနေပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
"ဝင်ခဲ့လေ.."
ကျန်းရှီဝူမှာ ဒေါသထွက်နေခဲ့သော်လည်း ရှန့်ချန်ကိုတွေ့လိုက်ရပြီးနောက် သူ၏ဖော်ပြရခက်နေသောဒေါသတို့က ပြိုကွဲသွားခဲ့ပြီး ဤအချိန်တွင် ထိုသူရောက်လာသည့်အတွက် အံ့ဩသွားခဲ့ရသည်။
ရှန့်ချန်က အထဲဝင်လာပြီး ကျန်းရှီဝူဘေးတွင်ရပ်နေလိုက်သည်။ သူ့နောက်ကျောပြင်က ဖြောင့်မတ်နေပြီး သဘောထားကလည်းအေးစက်နေလေသည်။ သူ့ကိုကြည့်မိကြသည့်မည်သူမဆို သူ့ကိုကျောင်းသားကောင်းတစ်ယောက်ဟုထင်ကြလိမ့်မည်။ ထိုအခိုက်အတန့်လေးတွင် သူကတည်ငြိမ်အေးဆေးနေလေ၏။
"ဆရာမ၊ ကျွန်တော်လည်း မနေ့က အင်တာနက်ကဖေးမှာရှိနေခဲ့ပါတယ်..."
!!??
ကျန်းရှီဝူက ရှန့်ချန်ကို မယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်သည်။
သူက ပညာသင်ဆုကိုလိုအပ်နေတာမဟုတ်ဘူးလား။
သူကတော့ သူ့အတွက် အဆင်ပြေအောင်ကြိုးစားပေးလိုက်ရတာ။
ကျန်းရှီဝူနှင့်ရှန့်ချန်၏မျက်လုံးတို့က ဆုံတွေ့သွားခဲ့သည်။ ကောင်လေး၏ နက်မှောင်သောမျက်လုံးတို့က ခန့်မှန်းရခက်နေလေ၏။
အစက ကျန်းရှိဝူမှာစိုးရိမ်နေသော်လည်း ရှန့်ချန်ပြောသည့်စကားကို နားထောင်လိုက်ရသည့်အခါ မှင်သက်သွားခဲ့သည်။
အတန်းပိုင်ဆရာမလည်း ကြောင်အသွားလေ၏။
"ဘာပြောတယ်..."
ရှန့်ချန်က တိုတိုတုတ်တုတ်ပင် ပြောလာခဲ့သည်။
"ကျွန်တော့်ဦးလေးက အင်တာနက်ကဖေးမှာအလုပ်လုပ်တာပါ၊ သူကညဆိုင်းဆင်းရပါတယ်၊ အဲဒါကြောင့် ကျွန်တော်ကသူ့ကို အစားအသောက်သွားပို့ပေးတာပါ..."
ဤတစ်ကြိမ်တွင် လူတိုင်း၏အမူအရာက ထုံပေပေဖြစ်သွားခဲ့သည်။
ရှန့်ချန်ကအရှေ့တိုးလာပြီး ဆရာမဟွမ်၏ခုံပေါ်ကို စာရွက်ပိုင်းလေးတစ်ရွက်တင်ပေးလိုက်သည်။ ထိုသူက ရိုင်းပျခြင်းလည်းမရှိသလို ရိုကျိုးခြင်းလည်းမရှိပေ။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အင်တာနက်ကဖေးကိုသွားခဲ့တာပါပဲ၊ ဒါက ကျွန်တော့်ရဲ့သုံးသပ်စာပါ၊ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ..."
ဆရာမဟွမ်က ခဏတဖြုတ်မျှသတိလက်လွတ်ဖြစ်သွားခဲ့သည်။
ကျိပေ့ချွန်က ချက်ချင်းဝင်ပြောလာလေ၏။
"ရှန့်ချန် ရှင်းပြမနေနဲ့တော့၊ ကျန်းရှီဝူကရော ဘယ်လိုပြောမှာလဲ၊ သူကရော ဘာလို့အဲဒီမှာရှိနေတာလဲ၊ သူကလည်း သူ့ဦးလေးအတွက် စားစရာလာပို့ပေးတာလား.."
ရှန့်ချန်ကသူ့ကိုလှည့်ကြည့်လိုက်သည်။ ကျိပေ့ချွန်က လေကျယ်နေဆဲဆိုသော်လည်း ရှန့်ချန်ကသူ့ကိုကြည့်လာသည့်အခါ နှလုံးသားအောက်ခြေမှတဆင့် အေးစိမ့်လာမှုကိုရှင်းပြရခက်စွာဖြင့် ခံစားလိုက်ရသည်။ အဆိပ်ပြင်းမြွေတစ်ကောင်ထံမှအကြည့်ခံလိုက်ရ၍ ပေါ်လာသောအကြောက်တရားလိုပင်။
ရှန့်ချန်ကအေးအေးဆေးဆေးပင်ပြောလိုက်လေသည်။
"သူက သင်္ချာပုစ္ဆာတစ်ပုဒ်ကိုဘယ်လိုတွက်ရမလဲမသိဖြစ်နေတာ၊ အဲဒါကြောင့် ငါ့ကိုတွက်ခိုင်းဖို့ အပြင်မှာစောင့်နေတာ..."
ကျိပေ့ချွန်မှာ မျက်လုံးပြူးသွားလေ၏။
"လိမ်နေတာ၊ မင်း ကျန်းရှီဝူကိုသဘောမကျတာကို ဘယ်သူကမသိဘဲနေလို့လဲ၊ မင်းကသူ့ကိုသင်္ချာပုစ္ဆာကူတွက်ပေးမယ်ပေါ့၊ ဘယ်ပုစ္ဆာလဲ..."
ကျန်းရှီဝူ၏နှုတ်ခမ်းထောင့်က တွန့်ခနဲ။ အမှန်အတိုင်းပြောနေသည်ဆိုလျှင်ပင် ယခုလိုအကျယ်ကြီးထုတ်ပြောစရာမလိုပေ။
သူ ရှန့်ချန်ကိုလှည့်ကြည့်လိုက်သည်။ အမျိုးသားဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ဆိုသောဂုဏ်ပုဒ်နှင့်လိုက်ထက်ပါပေ၏။ သူလိမ်နေသည်ဆိုလျှင်ပင် အပြစ်ကင်းနေဆဲပင်။ ထိုသူက မျိုးဆက်၏ အစစ်အမှန်စံပြပုဂ္ဂိုလ်ပင်ဖြစ်လေသည်။
ရှန့်ချန်ကသူ့ကိုပြောလာလေ၏။
"မနေ့ကပုစ္ဆာကိုဘယ်လိုတွက်ရမလဲဆိုတာသိသွားပြီလား.."
ကျန်းရှီဝူက ပြန်မေးမိသည်။
"ဘယ်အပုဒ်လဲ..."
ခဏမျှကြောင်အနေပြီးနောက် ကျန်းရှီဝူမှာ ရှန့်ချန် သူ့အိမ်စာကိုစောင့်နေရင်းသင်ပေးခဲ့သည့်ပုစ္ဆာကိုသတိရသွားခဲ့သည်။ ထို့နောက် ခပ်မြန်မြန်ပြန်ပြောလိုက်ရလေ၏။
"ခဏလေးပဲကြာလိုက်တယ်၊ မင်းကသောက်ရမ်းတော်နေတုန်းပဲနော်၊ ငါ့ကိုနည်းနည်းလေးပြောပြလိုက်တာနဲ့ တွက်တတ်သွားတော့တာပဲ..."
ဟွမ်ကျားက ကလေးနှစ်ယောက်ကို ဘယ်ပြန်ညာပြန်ကြည့်ပြီး အသာချောင်းဟန့်လိုက်သည်။
"ဒီတော့ အင်တာနက်ကဖေးကိုသွားတာက ဂိမ်းကစားဖို့မဟုတ်ဘူးပေါ့၊ အကုန်လုံးကအထင်လွဲတာပါပေါ့..."
ကျန်းရှီဝူက ခပ်မြန်မြန်ပင်ပြောလိုက်လေ၏။
"ဆရာမ၊ ကျွန်တော်အင်တာနက်မသုံးခဲ့ဘူးဆိုတာ ကျိန်ပြောရဲပါတယ်ဗျာ..."
အတန်းပိုင်၏မျက်နှာက အလွန်အမင်းနူးညံ့သွားရကာ ပြောလာခဲ့လေသည်။
"ပြီးတာပဲ.."
ဤကိစ္စက ပြည်ဖုံးကာချခံလိုက်ရတော့မည်မှန်းသိသည်နှင့် ကျိပေ့ချွန်ကပြောလိုက်သည်။
"ဆရာမ၊ ရှန့်ချန်ရဲ့တစ်ဖက်သက်စကားတွေကိုပဲနားထောင်နေလို့မဖြစ်ဘူးလေ၊ သူတို့ကဇာတ်တိုက်ထားတာ၊ သူက အစားအသောက်ပို့တာမဟုတ်ဘဲ အချိန်ပိုင်းအလုပ်သမားပါ၊ ဆရာမ အင်တာနက်ကဖေးကိုသွားပြီး တစ်ယောက်ယောက်ကိုမေးသင့်တယ်၊ ဆရာမလည်းသိမှာပါ..."
ဟွမ်ကျားက ရှန့်ချန်ကို မျက်မှောင်ကြုတ်ပြီးကြည့်လာလေသည်။
ရှန့်ချန်က ထူးထူးခြားခြားအမူအရာမျိုးမပြလာဘဲ အေးစက်နေသည့်မျက်နှာက နဂိုအတိုင်းဖြစ်နေလေသည်။ သူက ကျိပေ့ချွန်ကိုကြည့်လိုက်လေ၏။
"မင်းကဖြတ်သွားရုံပဲမဟုတ်ဘူးလား၊ ငါအလုပ်လုပ်နေတာကိုဘယ်လိုလုပ်သိတာလဲ..."
"ငါက...."
ကျိပေ့ချွန်က နင်သွားလေသည်။ သူက ထိုသူ၏အနောက်ကို တစ်ချိန်လုံးလိုက်နေခဲ့တာပါဟုလည်းမပြောနိုင်ပေ။ သူကတုံ့ဆိုင်းနေပြီးမှပြောလာခဲ့သည်။
"ငါက သူများတွေပြောနေတာကိုကြားခဲ့တာ၊ မင်းကအဲဒီက ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တယ်တဲ့..."
ရှန့်ချန်က အမူအရာမပြောင်းသွားသေးပေ။
"ငါ့ဦးလေးက အဲဒီကဝန်ထမ်းလေ၊ ငါကသူ့ကိုဧည့်ကြိုကောင်တာမှာ နည်းနည်းပါးပါးကူလုပ်ပေးပြီး မပြန်ခင် ကောင်တာကိုဖုန်သုတ်ပေးတာလေ၊ ပြဿနာရှိလို့လား..."
ဒီ......
ကျိပေ့ချွန်မှာ ဒေါသထွက်လာ၍ မျက်နှာကနီရဲလာသည့်တိုင် ဆွံ့အနေရလေသည်။ သူ့ခမျာခွန်းတုန့်ပြန်နိုင်စွမ်းပင်မရှိချေ။
"မင်းဦးလေးကအဲဒီမှာအလုပ်လုပ်တယ်ဆိုတာကို ငါကဘယ်လိုလုပ်သိမှာလဲ..."
အတန်းပိုင်ဆရာမက မျက်လုံးမှေးလိုက်သည်။ သူမ ဆရာမဖြစ်လာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး အားလုံးကိုမြင်တွေ့ခဲ့ရပြီးပြီ။ သူမအနေဖြင့် ဤကလေးများအကြားမှအခြေအနေကို ကောင်းကောင်းသိနေသည်။ သူမက ရှန့်ချန်၏မိသားစုအခြေအနေကို သေချာသိသည်။ ဟွမ်ကျားကိုယ်တိုင်က မိခင်တစ်ယောက်ဖြစ်နေ၏။ ထိုအချိန်က သူမမှာ ကလေးအတွက်နှင့်စိတ်မကောင်းဖြစ်ခဲ့ရသည်။
သူ ဘက်လိုက်တယ်လို့ပြောလည်း ပြောကြပါစေတော့။
ဟွမ်ကျား: "ငါကတော့ နားလည်မှုလွဲတယ်လို့ပဲမြင်တယ်၊ မြဲမြဲမှတ်ထားကြ၊ မင်းတို့တွေ အင်တာနက်ကဖေးကိုလုံးဝမသွားရဘူး၊ ရှန့်ချန် မင်းက မိသားစုအတွက် အစားအသောက်သွားပို့ပေးတာပဲ၊ ဒီတစ်ခါတော့ထားလိုက်တော့၊ ကျန်းရှီဝူ..."
ကျန်းရှီဝူ အခေါ်ခံလိုက်ရသည်။
"ဟုတ်ကဲ့.."
ဟွမ်ကျားက ခေါင်းကိုက်လာ၍ သူမနှာရိုးကိုညှစ်လိုက်သည်။
"မင်းကဂိမ်းဆော့တာမဟုတ်ပေမဲ့ အမှားလုပ်ခဲ့တာပဲ၊ မင်းတို့သုံးယောက် တစ်ပတ်လုံး ကျောင်းစင်္ကြံကိုသန့်ရှင်းရေးလုပ်ဖို့အပြစ်ပေးတယ်.."
!?!?
ကျိပေ့ချွန်မှာ မယုံနိုင်တော့ပေ။
"ဆရာမ သုံးယောက်ဆိုတော့..."
"အေး၊ မင်းလည်းပါတယ်..."
ဟွမ်ကျားက မျက်လွှာပင့်ကြည့်လိုက်သည်။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ကျန်းရှီဝူပြောတာမှန်တယ်၊ မင်းအဲဒီမှာရှိမနေသင့်ဘူး..."
ကျိပေ့ချွန်မှာ သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
အစကမူ သူက ရှန့်ချန်၏အပြစ်ကိုဖော်ထုတ်ပြီး ထိုသူ၏ပညာသင်ဆုကို ဆုံးရှုံးသွားအောင်လုပ်ချင်ခဲ့သည်။ သို့သော်လည်း သူပါအတူအပြစ်ပေးခံရမည်ဟုမထင်ထားခဲ့ပေ။
ဟွမ်ကျားကလက်ထဲမှဖုန်းကိုကြည့်ပြီး ထပ်ပြောလိုက်သည်။
"ဒီဖုန်းကိုလည်းသိမ်းတယ်၊ ဖုန်းကိုကျောင်းမှာ ယူခွင့်မပေးထားဘူးဆိုတာမသိဘူးလား..."
ကျိပေ့ချွန်မှာ မျက်လုံးပြူးသွားပြီး သူ့နှလုံးမှာ အောင့်မျက်သွားရသည်။
"ဆရာမ ဒါက ကျွန်တော်ဝယ်ထားတာမကြာသေးတဲ့ နောက်ဆုံးပေါ်ဖုန်းဗျ၊ အရမ်းဈေးကြီးတာ၊ ကျွန်တော်ကဖုန်းနဲ့ဂိမ်းဆော့တာမဟုတ်ပါဘူး၊ ကျွန်တော့်လုံခြုံရေးအတွက် အိမ်ကိုအကြောင်းကြားဖို့ပါ.."
ဟွမ်ကျားမပြောရသေးမီ ဘေးတွင်ရပ်နေသောကျန်းရှီဝူက အော်ရယ်လိုက်လေသည်။
"မင်းလုံခြုံရေးအတွက် အကြောင်းကြားတာကိုတော့ငါမသိဘူး၊ မင်းကဖုန်းတစ်လုံးနဲ့ အတန်းဖော်ကို တနေကုန်ဓာတ်ပုံလိုက်ရိုက်နေတာမလား..."
ကျိပေ့ချွန်: "မင်း...."
အတန်းပိုင်ကဖုန်းကိုသိမ်းကာ လက်ကိုဝှေ့ယမ်းလိုက်သည်။
"သန့်ရှင်းရေးပစ္စည်းတွေက သိုလှောင်ခန်းထဲမှာ၊ အတန်းချိန် ခဏနားတဲ့အထိ မင်းတို့လုပ်နေလို့ရတယ်..."
သုံးယောက်က တစ်ယောက်ပြီးတစ်ယောက်ထွက်လာခဲ့သည်။ စာသင်ဆောင်များကို ကျောင်း၏လျှောက်လမ်းနှင့်ဆက်ထားလေသည်။ ၎င်းတလျှောက်တွင် ခရမ်းနုရောင်ပန်းလေးများစိုက်ထားပြီး ပန်းအနံ့လေးများက လေသင့်သွားတိုင်း မွှေးပျံ့နေလေ၏။
ကျန်းရှီဝူက တံမြက်စည်းတစ်ချောင်းဖြင့် တွေးရင်းလှည်းကျင်းနေခဲ့သည်။ သူတို့ရုံးခန်းထဲမှထွက်လာချိန်တွင် ရှန့်ချန်က ကြမ်းပြင်ပေါ်သို့ တစ်ခုခုချခဲ့သည်ကို သူတွေ့လိုက်ရသည်။ သူတားချင်သော်လည်း ရှန့်ချန်က သူ့ကိုအကြည့်တစ်ချက်ဖြင့်ပင် တားလိုက်သည်။
"ကျန်းရှီဝူ..."
ကျိပေ့ချွန်က အော်ဆဲလာလေသည်။
"သစ်ရွက်တွေအကုန်လုံးကို ငါ့ဘက်ပဲလှည်းနေတော့တာပဲ၊ မင်းတမင်လုပ်နေတာလား.."
ကျန်းရှီဝူက သိပ်မဝေးလှသောနေရာတွင်ရပ်နေပြီး အပြစ်မရှိသလိုပြောလိုက်သည်။
"အာ..ငါလည်းမသိတော့ဘူး၊ လေနဲ့လွင့်သွားတာဖြစ်မယ်၊ မင်းများများလှည်းရတော့လည်း အတော်ပဲဖြစ်သွားတာပေါ့၊ သူဌေးသားလေးက အခြားလုပ်စရာမှမရှိတာ၊ 'ငွေအသုံးလွန်သွားပြန်ပြီဆိုပြီးလည်း ထပ်ဖြုန်းမိပြန်တယ် တပ်ကလည်းခေါက်သွားပြီ'တဲ့..."
မဝေးလှသောနေရာတွင် ရပ်နေသောရှန့်ချန်က မတ်မတ်ရပ်ရင်း အမှန်ပြင်ပေးလိုက်သည်။
"ဘာလို့လဲဆိုတော့ငါက ဇနီးလည်းဆုံး တပ်လည်းဆုံးသွားလို့လေ..."
[မြွေပါလည်းဆုံး၊သားလည်းဆုံးဆိုတဲ့ စကားပုံလိုပါပဲ၊ရှီဝူက စကားပုံမသိပဲပေါက်ရပြောနေတာ]
ကျန်းရှီဝူက ခေါင်းကုပ်လာလေသည်။
"အေး ဟုတ်တယ်၊ အဲဒီသဘောပဲ..."
ကျောင်းသားနှစ်ယောက်က နာမည်ကြီးသော မင်ခေတ်ကဇာတ်လမ်းကို တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်ကြသည်။
ကျိပေ့ချွန်၏မျက်နှာကရှုံ့မဲ့သွားပြီး တစ်ခုခုကိုတွေးမိသွားပုံရကာ ဝမ်းသာအားရပြောလိုက်လေသည်။
"ငါကဖုန်းတစ်လုံးကြောင့် သောကရောက်နေမယ်လို့် မင်းတို့ကထင်နေတာလား..."
ကျန်းရှီဝူ: "ဟမ်..."
သူတို့အရှေ့မှာပင် ကျိပေ့ချွန်က အနိုင်ရသည့်မျက်နှာပေးဖြင့် နောက်ထပ်ဖုန်းတစ်လုံးကို အိတ်ကပ်ထဲမှထုတ်ပြလာခဲ့သည်။
"ငါ့မိသားစုက ငါ့ကိုအရမ်းအလိုလိုက်တာ၊ ငါကဒီဖုန်းကို အရောင်နှစ်ရောင်ဝယ်ထားတာ၊ တစ်လုံးသိမ်းခံလိုက်ရလည်း ကိစ္စမရှိဘူး..."
ထိုသူကသူ့ဖုန်းကိုဂုဏ်ယူနေပြီး အောင်နိုင်သူမျက်နှာကိုထုတ်ကြွားနေသေးသည်။
ကျန်းရှီဝူက အဝေးတစ်နေရာကိုလှမ်းကြည့်ပြီး ချောင်းဖွဖွဆိုးလိုက်သည်။
"တကယ်ကြီးလား၊ မိုက်တာပေါ့၊ ဆရာမဆီကအသိမ်းခံရမှာမကြောက်ဘူးလား..."
"ငါကဘာလို့ကြောက်ရမှာလဲ..."
ကျိပေ့ချွန်က ဂုဏ်ယူမဆုံးဖြစ်နေဆဲပင်။
"ငါ့မှာ ဒါမျိုးရှိသေးတယ်ဆိုတာ သူ မသိလောက်..."
ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ ယခုပင် ရှန့်ချန်ရုံးခန်းတွင် ကျန်ခဲ့သည့်ပစ္စည်းကို ပေးရန် အောက်သိုဆင်းလာသည့် ဟွမ်ကျားက မတော်တဆမြင်သွားလေ၏။ သူမက အပူခံခွက်ကိုင်ကာ ကော်ရစ်တာဘေးတွင်ရပ်နေပြီး မပွင့်တပွင့်ပြုံးကာပြောလာလေသည်။
"ငါတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး..."
☁️☁️