Chapter 8
Viewers 623

☁️Chapter 8 



ထိုအခိုက်အတန့်လေးအတွင်း ကျန်းရှီဝူမှာ လူတစ်ယောက်၏ ထိုသို့တည်တန့်သွားပုံမျိုးကို တစ်ခါမှမမြင်ဖူးကြောင်း ပြောနိုင်သွား၏။ 


ကျိပေ့ချွန်မှာ နေရာတွင်ပင်အေးခဲနေပြီး မလှုပ်နိုင်တော့ပေ။ 


ဟွမ်ကျားက လက်ထဲတွင် အပူခံခွက်တစ်ခွက်ကိုင်ရင်း လျှောက်လာပြီး လှမ်းခေါ်လာလေသည်။ 


"ကျိပေ့ချွန်..." 


ကျိပေ့ချွန်မှာ သိပ်မကြာခင်ကကဲ့သို့ လက်ထဲမှဖုန်းကို သေချာမကိုင်ထားနိုင်တော့ပေ။ သူက ဖုန်းကိုချက်ချင်းဝှက်လိုက်သည်။ 


"ဆရာမ..." 


ဟွမ်ကျားကပြုံးပြလိုက်သည်။ 


"မင်းမှာငါမသိသေးတဲ့ အံ့အားသင့်စရာလေးတွေကျန်သေးလား..." 


ကျိပေ့ချွန်၏မျက်နှာက ရဲတွက်သွားလေသည်။ 


"မရှိတော့ပါဘူး..." 


"ကြည့်ရတာ မင်းမိသားစုကမင်းအပေါ်မှာ တော်တော်ရက်ရောတယ်ထင်တယ်.." 

ဟွမ်ကျားကလက်ဖြန့်ပြလိုက်သည်။ 


"ဒီကိုယူလာခဲ့..." 


ကျိပေ့ချွန်က နှုတ်ခမ်းတို့ကိုဖိလိုက်ပြီး ခပ်ရွံ့ရွံ့ပြောလာလေသည်။ 


"ဆရာမ အခြားကျောင်သားတွေမှာလည်းဖုန်းတွေရှိတာကို ဘာလို့ကျွန်တော့်ဖုန်းကိုပဲသိမ်းရတာလဲ..." 


သူကပြောနေရင်းမှ ကျန်းရှီဝူကိုလှမ်းကြည့်လိုက်သည်။ 


ဟောင်ကျားကဖုန်းကိုယူပြီးပြောလိုက်လေ၏။ 


"ကျောင်းသားတွေက ကျောင်းစာကိုပဲအာရုံစိုက်သင့်တယ်၊ အရမ်းပြိုင်လွန်းနေရင် စာကိုသေချာလေ့လာနိုင်မှာမဟုတ်ဘူး၊ ငါနဲ့ရုံးခန်းကိုပြန်လိုက်ခဲ့၊ ပြီးရင် မင်းမိဘတွေကို ငါနဲ့လာတွေ့ဖို့ပြောလိုက်..." 


ကျိပေ့ချွန်မှာ ကြောင်အရင်း ရပ်နေမိသည်။ 


ချမ်းသာသောမိသားစုမှသခင်လေးအနေဖြင့် ဖုန်းအသိမ်းခံရလည်း ကိစ္စမရှိပါချေ။ အသိမ်းခံရလည်း သူ့အစ်မထံမှ နောက်တစ်လုံးထပ်ရလိမ့်မည်။ မဟုတ်လျှင်လည်း မုန့်ဖိုးထဲမှပြန်ဝယ်နိုင်သည်။ သို့သော်လည်း မိဘအခေါ်ခံရမည်ကိုအကြောက်ဆုံးဖြစ်လေ၏။ 


ကျိပေ့ချွန်က သူ့အမှားကိုသူဝန်ခံလိုက်သည်။ 


"ဆရာမ၊ မိဘကိုမခေါ်လို့မရဘူးလားဗျာ.." 


ဟွမ်ကျား: "မင်းရဲ့ဆရာမက ဒီဖုန်းကိုသိမ်းပေးထားရတဲ့အထိမတတ်နိုင်ဘူး၊ မင်းမိဘတွေကိုခေါ်ပြီးလာယူခိုင်းလိုက်ချေ.." 


"......." 


ရှန့်ချန်အနားမှဖြတ်သွားသည့်အခါ ဟွမ်ကျားက ကောက်လာသော ရှန့်ချန်၏အစားအသောက်ကတ်ကိုထုတ်ပြီး ပြောလိုက်သည်။ 


"ငါရုံးခန်းထဲကထွက်လာတော့ တံခါးအပြင်မှာ ဒီကတ်ကိုတွေ့ခဲ့တယ်၊ ကံကောင်းလို့ ကတ်မှာနာမည်ပါနေတယ်၊ ဖြစ်ချင်တော့ ငါ့ရဲ့နောက်အတန်းကလည်း ကော်ရစ်တာကနေဖြတ်သွားရတာ..." 


ရှန့်ချန်က ကတ်ကိုယူလိုက်ပြီး တလေးတစားဖြင့်ဦးညွတ်လိုက်လေသည်။ 


"ဆရာမကိုကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါကျရင် ကျွန်တော်သတိထားပါ့မယ်..." 


ဟွမ်ကျားက လက်ကိုယမ်းပြကာ အပန်းမကြီးကြောင်းပြလိုက်ပြီး အနောက်မှကျိပေ့ချွန်ကိုပြောလိုက်သည်။ 


"ငါ့ရုံးခန်းထဲကနေသွားစောင့်နေ၊ နောက်အတန်းကို ဆရာတစ်ယောက်နဲ့ပြောင်းပေးရဦးမယ်..." 


ကျိပေ့ချွန်ကရှန့်ချန်ကို မယုံနိုင်သည့်မျက်လုံးဖြင့် ကြည့်နေလေသည်။ 


ရှန့်ချန်၏ အစားအသောက်ကတ်ကြောင့်သာမဟုတ်လျှင် ဆရာမလည်း ဤနေရာကို နောက်တစ်ခါပြန်လာမည်မဟုတ်ပေ။ ရှန့်ချန်ကြောင့်သာမဟုတ်လျှင် သူ့ဖုန်းကအသိမ်းမခံရလောက်ပေ။ သူက တစ်ယောက်တည်းတွေးနေရင်း ရှန့်ချန်ကို စူပုပ်ပုပ်ဖြင့်ကြည့်လိုက်သည်။ ဆရာမဟွမ်လှည့်သွားသည်အထိစောင့်နေပြီး ရှန့်ချန်ကသူ့ကိုပြန်လှည့်ကြည့်လာလေသည်။ 


ကျိပေ့ချွန်မှာ ဒေါသဖြစ်သွားရသည်။ 


"မင်း..." 


ရှန့်ချန်က ရပ်နေသည့်နေရာမှာပင် တိတ်ဆိတ်စွာဖြင့်ရှိနေပြီး ချွန်ထက်နေသောမျက်ခုံးတို့က အနည်းငယ်ကျဥ်းနေလေသည်။ အခိုက်အတန့်လေးတစ်ခုအတွင်းမှာပင် ကျိပေ့ချွန်မှာ ထိုမျက်ဝန်းများအတွင်း၌ အမှောင်တစ်ခုကို ရိပ်ခနဲမြင်လိုက်ရကြောင်း ကျိန်ပြောဝံ့လေသည်။ သို့ရာတွင် အနီးကပ်ကြည့်လိုက်သည်နှင့် ရှန့်ချန်ကသူ့ကိုဂရုမစိုက်တော့ဘဲလှည့်သွားပြီး သန့်ရှင်းရေးကိုဆက်လုပ်နေလေသည်။ 


ကျိပေ့ချွန်ကဒေါသဖြင့်အံကြိတ်ကာ ပြေးထွက်သွားတော့သည်။ 


"ငါ့ကိုစောင့်နေ..." 


မဝေးလှသောနေရာမှကျန်းရှီဝူက ဤဖြစ်ရပ်ကို အစအဆုံးမြင်လိုက်ရလေသည်။ တကယ်တမ်း၌ ကျိပေ့ချွန်ထွက်ပြေးသွားသည်နှင့် သူအနည်ငယ်စိတ်ပျော်သွားခဲ့ရသော်လည်း အားလုံးဖြေရှင်းပြီးသွားသည့်အခါ အနည်းငယ်မျှကြောက်လာမိပြန်သည်။ ရှန့်ချန်က အရာရာတိုင်းကို တွက်ချက်ထားခဲ့သည်။ 


ကျိပေ့ချွန်က သူနှင့်စစ်ပြေငြိမ်းရန်လှုံ့ဆော်ပေးရာမှ စကားများကြသည်ဖြစ်စေ၊ ဆရာမဟွမ်ကဖြတ်သွားသည်ဖြစ်စေ၊ အားလုံးက သူတွက်ချက်ထားခဲ့သည့်အတိုင်း ကွက်တိဖြစ်နေခဲ့သည်။ သူအရင်က ရှန့်ချန်ကိုသေချာနားမလည်ခဲ့သော်လည်း ယခုမူ သူနားလည်လာခဲ့သည်။ ရှန့်ချန်က ကလေးအရွယ်ကတည်းက အားလုံးကိုမှတ်သားထားပြီး အချိန်ကျသည်နှင့်သားကောင်က ထောင်ချောက်အတွင်းသို့ဝင်လာနိုင်ရန် အသင့်ချထားပြီးထိုင်စောင့်နေခဲ့သည်။ 


ထို့ကြောင့်ရှန့်ချန်က လောကတွင်ထိပ်ဆုံးရောက်လာခဲ့ပြီး ထိုစဥ်က သူအပါအဝင် ထိုသူအပေါ်အနိုင်ကျင့်နှိပ်စက်ထားသူတိုင်း အဆုံးသတ်မလှခဲ့ခြင်းပင်ဖြစ်လေသည်။ 


"မင်းမျက်နှာမှာချွေးတွေချည်းပဲ..." 


သူတွေးနေစဥ် အသံတစ်သံက ဘေးမှပေါ်လာခဲ့သည်။ 


ကျန်းရှီဝူက ခဏမျှတောင့်တင်းနေလေ၏။ ရှန့်ချန်က သူ့အရှေ့သို့လျှောက်လာမှ ကျန်းရှီဝူမှာအလိုလိုနေရင်း အနောက်ကိုနှစ်လှမ်းခန့်ဆုတ်မိသွားခဲ့သည်။ 


"ဘာ..ဘာဖြစ်နေလို့လဲ.." 


ရှန့်ချန်က အောက်ကိုငုံ့ကြည့်လိုက်သည်။


"သန့်ရှင်းရေးလုပ်မယ့်ပုံစံကိုပြန်စီစဥ်ရအောင်၊ ငါတောင်ဘက်ကိုလှည်းမယ်၊ မင်းကမြောက်ဘက်ကိုလှည်းလိုက်.." 


ကျန်းရှီဝူက ခေါင်းမှချွေးစေးများကိုသုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ 


"အိုကေ..." 


ရှန့်ချန်ကမေးလာလေသည်။ 


"မင်း ပူနေတာလား..." 


"အော်...တံမြက်စည်းလှည်းနေရတော့ ပူလာတာ၊ ဟားဟားဟား..." 


မင်းကြောင့် လန့်သွားတာကွ။ 


ရှန့်ချန် ယုံမယုံကို သူမသိသော်လည်း ထိုသူကစကားထပ်မပြောတော့ဘဲ လှည့်သွားပြီး အခြားတစ်ဖက်ကိုသန့်ရှင်းရေးလုပ်နေလေသည်။ ကျန်းရှီဝူမှာ စိတ်အေးသွား၍သက်ပြင်းချလိုက်ရလေသည်။ 


သန့်ရှင်းရေးလုပ်နေစဥ် ကျောင်းသားများက ကော်ရစ်တာ၌ ဖြတ်သွားဖြတ်လာရှိနေကြသည်။ ကလပ်အများစုက ပစ္စည်းများကိုပြောင်းရွှေ့နေကြလေ၏။ ကျန်းရှီဝူက တံမြက်စည်းလှည်းနေရင်း ကျောင်းသားတစ်ယောက်ကထိုင်ခုံတစ်လုံးနှင့် ၎င်းအပေါ်တွင် ကတ်ထူပုံးများကိုတင်ပြီး သယ်လာသည်ကိုတွေ့လိုက်ရသည်။ 


"လွှတ်လို့မရဘူး၊ လွှတ်လို့မဖြစ်ဘူး.." 


သယ်လာသောကျောင်းသားခမျာ အသက်ကိုလုရှူနေရပြီး ပင်ပန်းနေသည်မှာ သိသာလှလေ၏။ 


ကျန်းရှီဝူက ခနော်ခနဲ့ထိုင်ခုံကိုကြည့်ပြီး အလိုအလျောက်လမ်းဖယ်ပေးလိုက်မိသည်။ သူစိတ်ထင်နေမိသည်လားမသိသော်လည်း ၎င်းတို့က ပြုတ်ကျတော့မည့်ပုံစံဖြစ်နေလေ၏။ 


"ဂျွတ်.." 


ခုံက သယ်လာရင်းမှ ကျိုးပဲ့သွားသောအသံကိုကြားလိုက်ရသည်။ 


ထိုအချိန် မိန်းကလေးတစ်ယောက်က လျှောက်လမ်းပေါ်မှဖြတ်သွားတော့မည့်အချိန်၊ ထိုပစ္စည်းများက ဘာကြောင့်မှန်းမသိ ရုတ်တရက်မငြိမ်တော့ဘဲ ယိုင်လာပြီး အပေါ်ဆုံးမှသေတ္တာကပြုတ်ကျလာလေသည်။ 


"ဝုန်း" 


သေတ္တာက မြေကြီးပေါ်မကျခင် အလွယ်တကူ ပင့်ယူခံလိုက်ရသည်။ 


ရှန့်ချန်က သေတ္တာကို လက်တစ်ဖက်တည်းဖြင့်ကိုင်ပြီး ပြန်တွန်းတင်ပေးလိုက်သည်။ ပြောင်းရွှေ့နေရသူက ထိတ်လန့်သွားကာ သူ့ကိုကျေးဇူးတင်စကားပြောလာလေသည်။ 


သို့သော်လည်း ရှန့်ချန်က လက်ကိုပြန်ရုတ်ပြီးပြောလိုက်လေသည်။ 


"မင်းကိုဝိုင်းသယ်ပေးဖို့ လူတစ်ယောက်ကိုရှာသင့်တယ်၊ ပစ္စည်းတွေကိုဒီလိုမျိုးရွှေ့နေတာက ဘေးမကင်းဘူး.." 


ပြောင်းရွှေ့နေသူက ဆက်တိုက်ခေါင်းညိတ်ပြပြီး လူရှာရန် ပြန်ထွက်သွားခဲ့သည်။ 


ပစ္စည်းများကို ကော်ရစ်တာအစွန်တွင်ထားရစ်ခဲ့သည်။ ကျန်းရှီဝူမှာ အခုလေးတင်လှည်းကျင်းပြီးရုံရှိသေးစဥ် လူနှစ်ယောက်ကပြန်ရောက်လာသည်။ ပြောင်းရွှေ့နေသူက နောက်ထပ်မိန်းကလေးတစ်ယောက်ကိုခေါ်လာခဲ့လေ၏။ နှစ်ယောက်လုံးက ရှန့်ချန်ကို ကျေးဇူးတင်ကြောင်းပြောကြသည်။ သူတို့၏ပါးပြင်လေးများက နီရဲနေလေ၏။ သူ့မျက်လုံးတို့နှင့်ဆုံသည့်အခါ သူမတို့၏မျက်လုံးတို့က ဘေးဘက်သို့အနည်းငယ်ရွေ့သွားတတ်ကြသည်။ ကျေးဖူးတင်စကားပြောပြီးသည့်တိုင် သူတို့က တွေဝေနေကြပြီး ထွက်သွားမည့်အရိပ်အယောင်မပြသေးပေ။ 


ကျန်းရှီဝူကသူတို့ကိုကြည့်နေရင်း စိတ်ထဲမှသက်ပြင်းချလိုက်သည်။ 


နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်း သူ့ရုပ်ရည်တွင် မျောသွားခဲ့ပြန်ပြီ။ 


ရှန့်ချန်က ကဏ္ဍအစုံတွင် ကျွမ်းကျင်မှုရှိလေသည်။ စာတော်သည်။ ခန္ဓာကိုယ်ကလည်းတောင့်တင်းသည်။ ကြည့်ကောင်းသည့်ရုပ်ရည်လည်းရှိသည်။ ယခုလိုလူမျိုးက သူ့ဘက်မှ တစ်ချက်လောက်ကြည့်မိသည်နှင့် အလွယ်တကူကြွေဆင်းသွားရလောက်သည်အထိ ဆွဲဆောင်နိုင်လေသည်။ 


သို့သော်လည်း ရှန့်ချန်က အေးစက်စက်ဖြင့် နှုတ်ဆက်စကားပြောပြီး ကျန်းရှီဝူထံ ပြန်လျှောက်လာလေသည်။ 


ကျန်းရှီဝူက ကြောင်တောင်တောင်ဖြစ်သွားလေ၏။ 


"ဘာလဲ ဘာဖြစ်တာလဲ..." 


"မင်း တံမြက်စည်းလှည်းလို့ပြီးပြီလား..." 


"လှည်းနေတယ်.." 


သူက ဆရာတစ်ယောက်ထံမှ မှတ်ချက်ပေးခံရသည့်အတိုင်း စိတ်လှုပ်ရှားနေမိပြီး ရှန့်ချန်၏အမြင်နှင့်ပတ်သတ်လာလျှင် စိတ်မဝင်စားခဲ့ခြင်းမျိုးမဟုတ်ပေ။ 


ရှန့်ချန်က သန့်ရှင်းရေးပစ္စည်းများကိုကောက်ပြီးပြောလိုက်သည်။ 


"သိပ္ပံနဲ့နည်းပညာအခန်းကိုသွားရအောင်၊ ဆရာမဟောင်က သန့်ရှင်းရေးလုပ်ပြီးရင် အသစ်ရိုက်ထားတဲ့ ဖတ်စာအုပ်တွေယူလာခဲ့ဖို့ပြောထားတယ်..." 


ကျန်းရှီဝူ: "အာ...ကောင်းသားပဲ.." 


သူတို့ကျောင်းတွင် သိပ္ပံနှင့်နည်းပညာအခန်းက စိတ်ဝင်စားရန်အတန်ဆုံးအဆောက်အဦပင်ဖြစ်လေသည်။ သိပ္ပံနှင့်နည်းပညာအဆောက်အအုံက အထပ်ဆယ်ထပ်ရှိပြီး ဓာတ်လှေကားနှစ်ခုပါသည်။ သို့သော်လည်း ကျောင်းအုပ်က အလွန်ကပ်စီးနည်းသည်ဟုဆိုရမည်။ လျှပ်စစ်မီးကိုလျှော့ထားသောကြောင့် ဓာတ်လှေကားက အချိန်အကန့်အသတ်နှင့်ဖွင့်ထားပြီး ကျန်သည့်အချိန်များတွင် ကတ်ဖြင့်ဖြတ်၍ဖွင့်ရလေသည်။ 


ကျန်းရှီဝူက လမ်းလျှောက်နေရင်းပြောလိုက်လေ၏။ 


"ငါမှတ်မိသလောက်တော့ ဓာတ်လှေကားဖွင့်တဲ့အချိန်ကကျော်သွားလောက်ပြီ၊ ဆရာမက မင်းကို ဓာတ်လှေကားဖွင့်တဲ့ကတ်ကိုပေးလိုက်သေးလား..." 


ရှန့်ချန်က အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလေသည်။ "အင်း..." 


"တော်သေးတယ်.." 


အတန်းကိုပြန်သွားရတော့မည့်အချိန်ရောက်နေပြီဖြစ်ရာ သူတို့ ဓာတ်လှေကားစီးချိန်တွင် လက်တွေ့အတန်းကိုတက်ရန်ဓာတ်လှေကားကိုအမီစောင့်နေသောကျောင်းသားအများအပြားနှင့် တွေ့လိုက်ရသည်။ ထို့ကြောင့် ကျန်းရှီဝူနှင့်ရှန့်ချန်ရောက်လာချိန်တွင် ကျပ်သိပ်သွားလေတော့၏။ 


"ဟေ့.." 


တစ်ယောက်က ဓာတ်လှေကားအပြင်မှလှမ်းအော်လာလေသည်။ 


"စောင့်ကြဦး..."


တံခါးပိတ်မည့်ခလုတ်ကိုနှိပ်နေသည့်ကျန်းရှီဝူက ခဏမျှစောင့်နေလိုက်လေ၏။ စောင့်နေချိန်မှာပင် မိန်းကလေးတစ်ယောက်က ဓာတ်လှေကားအဟကြားကို ဖျစ်ညှစ်ပြီးဝင်လာလေသည်။ ဓာတ်လှေကားထဲမှလူများက သေချာမရပ်နိုင်တော့ဘဲ အဝင်အထွက်နားမှကျန်းရှီဝူကိုတွန်းမိသွားကြသည်။


နောက်တစ်စက္ကန့်မှာပင် 


တီ....


ဝန်များနေကြောင်းအသိပေးသံထွက်လာပြီး ဓာတ်လှေကားကအလုပ်မလုပ်တော့ပေ။


ဓာတ်လှေကားထဲမှလူများက အချင်းချင်း တုန်လှုပ်စွာဖြင့်ကြည့်လိုက်ကြပြီး လူတစ်ယောက်က အနောက်မှအော်လိုက်လေသည်။ 


"ဝန်များနေပြီ၊ တစ်ယောက်ကတော့ထွက်ရမယ်..."


"နင်သွားတော့..."


"ဟုတ်တယ်၊ အချိန်ဖြုန်းမနေနဲ့.."


"မြန်မြန်သွား.."


ကျန်းရှီဝူကလည်း မိန်းကလေးကိုသွားစေချင်သည့်တိုင် သူစကားတစ်ခွန်းပင်မပြောရသေးမီ သူမဘေးမှထောင့်လေးနားတွင််ကပ်နေသောမိန်းကလေးက ပြောလာလေသည်။ 


"ဒီကအတန်းဖော် သွားလိုက်ပါ..."


ကျန်းရှီဝူက ကြောင်အမ်းသွားလေသည်။ 


"ဘာလို့လဲ..."


နင်က နောက်ကျမှရောက်လာတယ်ဆိုတာအရှင်းကြီးပဲလေ။ ဘာလို့ငါကသွားရမှာတုန်း။


မိန်းကလေးက စာအုပ်လေးတစ်အုပ်ကိုကိုင်ထားခဲ့သည်။ ကျန်းရှီဝူကို အပေါ်အောက်ကြည့်လာသည်။ ထို့နောက် မျက်လုံးထဲမှ အထင်သေးသောအပြုံးဖြင့်ပြောလာလေ၏။


 "ဓာတ်လှေကားက ရှစ်ယောက်ပဲဆန့်တာလေ၊ ငါတို့ကဒီမှာရှစ်ယောက်ဖြစ်နေပြီ၊ အကုန်လုံးကအပေါ်ကိုတက်ရမှာ၊ ဒါပေမဲ့ နင်ရဲ့ဒီအလေးချိန်နဲ့ဆိုရင် လူနှစ်ယောက်စာလောက်ရှိတယ်၊ ဓာတ်လှေကားက အလေးချိန်ကိုခံနိုင်မှာမဟုတ်ဘူး၊ နင်နောက်တစ််ခုကိုစောင့်လိုက်ပါ၊ နောက်တစ်ခုက လူနည်းမှာပါ.."


သူမစကားဆုံးသွားသည်နှင့် တိုးတစ်ခါကျယ်တလှည့်ရယ်သံများက ကျဥ်းမြောင်းသောဓာတ်လှေကားလေးထဲမှထွက်လာလေသည်။


နောက်လှည့်ကြည့်စရာမလိုဘဲ ကျန်းရှီဝူက သူ့ကိုကြည့်နေကြမည့် မျက်လုံးများနှင့်မျက်နှာထားများကို ခန့်မှန်းနိုင်သည်။ ၎င်းတို့က ကျီးကန်းတစ်ကောင်ကိုကြည့်နေရသလို လှောင်ပြောင်နေခြင်းပင်ဖြစ်ရမည်။


"အတန်းဖော်လေး ဆင်းချင်ရင်ဆင်းလို့ရပါတယ်..."


"ဟုတ်သားပဲ ငါတို့က အလျင်မလိုပါဘူး.."


ကျန်းရှီဝူက မျက်နှာကိုတစ်ဖက်လှည့်လိုက်သည်။ အချို့အကြောင်းပြချက်များကြောင့် သူက လှောင်ရယ်နေသံများအလယ်တွင် ရှန့်ချန်ကိုကြည့်လိုက်သည်။ ဓာတ်လှေကားထဲတွင် ဖြောင့်တန်းစွာရပ်နေသောလူငယ်လေးက အေးစက်နေခဲ့သည်။ ထိုသူက သူ့အကြည့်ကိုသတိထားမိပုံရပြီး သူ့ဘက်သို့လှည့်ကြည့်လာလေ၏။ နက်မှောင်သောမျက်ဝန်းတို့က သူ့ကိုတည်ငြိမ်စွာဖြင့်ကြည့်နေပြီး မည်သည့်အထူးတလည်အမူအရာမှမရှိနေခဲ့ချေ။



☁️☁️