☁️Chapter 9
ကျန်းရှီဝူက ငေးမောနေရင်း ထိုသို့သောမျက်ဝန်းများအောက်တွင် အတိတ်ကိုပြန်ရောက်သွားသလိုပင်။ လူတိုင်းကသူ့ကိုစနောက်ခဲ့ကြသည့် မရေတွက်နိုင်တော့သောနှစ်များထံပြန်ရောက်သွားခဲ့သည်။ ဖုန်တစ်လွှာထပ်နေပါသောအတိတ်တို့က ဒီရေလှိုင်းများပမာ။ အခိုက်အတန့်တစ်ခုစီတိုင်းကို သူအသေအချာမှတ်မိနေသေးသည်။
"ဟားဟားဟား မင်းကဘောလုံးကြီးလိုပဲ.."
"ဝက်ပုတ်ကောင်..."
"ကျန်းရှီဝူက ရုပ်ဆိုးလေး..."
အစကမူ သူ ရှန့်ချန်ကိုသဘောမကျခဲ့ပေ။ ရယ်မောနေသောလူပင်လယ်အကြားတွင် ရှန့်ချန်တစ်ယောက်တည်းကသာ မရယ်ဘဲ ရှိနေခဲ့၏။ မှန်သည်။ သူတစ်ယောက်တည်းကသာ မရယ်ခဲ့ပေ။ သူ့ကို အခြားသူများနှင့်မတူဘဲ ဆက်ဆံပေးခဲ့သည်။
ထိုအချိန်က ရင်ခုန်သံကို သူမမေ့နိုင်ခဲ့ပေ။
ထိုပုဂ္ဂိုလ်က သူ၏ကလေးဘဝကိုကုစားပေးခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံးတွင် ၎င်းပုံရိပ်လေးက စွဲကျန်နေခဲ့သည်။ ထိုပုဂ္ဂိုလ်က သူ့ကိုအခြားသူနှင့်မတူဘဲ ဆက်ဆံပေးခဲ့သည်။ သူ ရှန့်ချန်နှင့်နီးစပ်ရန် အလွန်တရာမှ စိတ်အားထက်သန်လာခဲ့သည်။ ကောက်ရိုးမျှင်လေးတစ်ချောင်းကိုဆွဲထားရသလို၊ စိတ်ဝိညာဥ်ရေးရာအထောက်အပံ့တစ်ခုလို၊ ရေငတ်ပြေရန် အဆိပ်ရည်ကိုသောက်နေခဲ့သလို။
တီ.....
ဓာတ်လှေကား၏အသံက သူ့ကိုမှတ်ဉာဏ်များထဲမှဆွဲထုတ်လိုက်သည်။
ကျန်းရှီဝူမှာ လူတစ်ယောက်ကသူ့ကို နူးညံ့သည့်အသံဖြင့်ဖျောင်းဖျနေသလိုခံစားနေရသည်။
"အတန်းဖော် ငိုင်မနေနဲ့တော့လေ၊ ဆင်းလိုက်တော့၊ ငါတို့အကုန်လုံး အပေါ်ထပ်ကိုတက်ဖို့စောင့်နေတယ်..."
ဖျောင်းဖျနေသံက ဖိအားပေးနေပုံမရသည့်တိုင် သူ့ကိုအပြင်ထွက်ခိုင်းရန်အတွက် သူမတွင် အခွင့်အရေးရှိနေသလိုပင်။
သူ့ဘေးတွင်ရပ်နေသောရှန့်ချန်က သူလှုပ်ရှားသည်ကိုမြင်လိုက်ပြီး မျက်လုံးကိုအသာလေးမှေးလိုက်သည်။ သူ့ခန္ဓာကိုယ်တဝိုက်မှအရှိန်အဝါက အနည်းငယ်ပိုပြီးအေးစက်လာခဲ့သည်။
ကျန်းရှီဝူပင် မပြောရသေးခင် ရှန့်ချန်၏အေးစက်သောအသံကိုကြားလိုက်ရသည်။
"သွားရအောင်..."
သူပါးစပ်ဟလိုက်သည်နှင့် ဓာတ်လှေကားထဲမှလူအားလုံးက သူ့ကိုကြည့်လာကြလေသည်။
အချို့လူများက ဆွဲဆောင်နိုင်သောအရှိန်အဝါတစ်ခုဖြင့်မွေးဖွားလာကြသည်။ သူအသံထွက်လိုက်သည့်အခါ သူတို့အားလုံး အားလျော့သွားကြသည်။
ကျန်းရှီဝူက တဒင်္ဂမျှ တောင့်တင်းသွားပြီး တုံ့ဆိုင်းနေရင်းသူ့ကိုယ်သူလက်ညိုးထိုးပြလိုက်သည်။
"ငါလား.."
ရှန့်ချန်က ဓာတ်လှေကားထဲမှအရင်ထွက်သွားပြီး ကျန်းရှီဝူကိုလှည့်ကြည့်လာလေသည်။
"ငါတို့သွားမှာ..."
တကယ်တမ်း၌ သူတို့ထွက်လိုက်သည်နှင့် ဓာတ်လှေကားက ဝန်မများတော့ပေ။
ကျန်းရှီဝူက တွေဝေနေပြီးနောက် အပြင်သို့ထွက်လိုက်၏။
"အိုကေ..."
ရှန့်ချန်က သူ့ကို နောက်ထပ်ဓာတ်လှေကားတစ်ခုကိုစောင့်ရန်ခေါ်သွားပေးမည်ဟုထင်လိုက်သော်လည်း ရှန့်ချန်က ဘေးမှလှေကားပေါ်သို့ တိုက်ရိုက်တက်သွားလေတော့သည်။ အစောက ကတ်ကိုဖြတ်လိုက်ရာတွင် အကျုံးမဝင်သေးဘဲ ပြန်စရန်အတွက် တစ်စုံတစ်ယောက်မှ ကတ်ဖြတ်ရန်လိုသေးသောကြောင့် ဓာတ်လှေကားတံခါးက ပွင့်နေဆဲသာရှိသေးလေသည်။
ဓာတ်လှေကားထဲမှလူများက ကြောင်နေကြလေသည်။
သူတို့ကအပြန်အလှန်ကြည့်နေကြ၏။
"နင့်လက်ထဲမှာ ကတ်ရှိလား..."
"ထပ်ဖြတ်လိုက်လေ.."
"ဘယ်သူ့ဆီမှာရှိသေးလဲ.."
ဓာတ်လှေကားထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။နောက်ဆုံး၌ လူတစ်ယောက်ကတုံ့ပြန်လာလေသည်။ ယခုလေးတင်ဆင်းသွားသောလူနှစ်ယောက်တွင် ဖြတ်ရမည့်ကတ်ရှိနေပြီး သူတို့ကမောင်းထုတ်လိုက်ကြသည်။ ယခုမူ သူတို့ အငြိမ်မနေနိုင်ကြတော့ပေ။ သူတို့၏မကျေမချမ်းမျက်လုံးများကို နောက်ဆုံးမှဝင်လာသောမိန်းကလေးထံပို့လိုက်ကြသည်။
မိန်းကလေးမျက်နှာကအကျည်းတန်သွားပြီး မကြာမီမှာပင် သူမကနှာမှုတ်လိုက်လေ၏။
"ဘာလို့ငါ့ကိုလာကြည့်နေကြတာလဲ၊ အခုလေးတင်ပြောလိုက်တာက ငါတစ်ယောက်တည်းမှမဟုတ်တာ..."
ထိုစကားထွက်လာသည်နှင့် လူတိုင်း၏မျက်နှာများက ရုပ်ဆိုးသွားကြတော့သည်။
အခြားတစ်ဖက်၌။
ခြောက်ထပ်လုံးကိုတက်လာပြီးနောက် ကျန်းရှီဝူမှာ အမောဖောက်နေပြီး သူ့ခြေထောက်များကလည်း တုန်နေလေပြီ။
"ငါအရမ်းမောနေပြီ.."
ရှန့်ချန်က မျက်နှာထားမပြောင်းသွားသလို မောနေပုံလည်းမပြပေ။ သူကနံရံလက်ရန်းကိုကိုင်ကာ အလွယ်လေးအပေါ်သို့တက်သွားပြီး နောက်ဆုံး၌ လိုက်တက်လာပြီဖြစ်သောဖက်တီးလေးကို အေးစက်စက်ဖြင့်ကြည့်လိုက်သည်။
ကျန်းရှီဝူမှာ မျက်နှာလေးနီနေပြီး နဖူးတွင်လည်းချွေးများဖြင့်စိုနေကာ ဗလုံးဗထွေးဖြင့်ရေရွတ်လာလေသည်။
"မင်းမမောဘူးလား.."
"မင်းက လေ့ကျင့်ခန်းမှမလုပ်တာ.."
ကျန်းရှီဝူမှာ အမှန်ပင် ပင်ပန်းနေပြီဖြစ်သောကြောင့် နံရံကိုမှီကာ အမောဖြေနေလေသည်။ သူဓာတ်လှေကားကို ဖြည်းဖြည်းချင်းအမှတ်ရလာသည်။ တွေးကြည့်ပြီးနောက် တစ်ခုခုမှားနေသည်ဟုခံစားလိုက်ရသည်။ ဖြစ်နိုင်ချေတစ်ခုရှိသော်လည်း သူ မခန့်မှန်းရဲပေ။ သို့တစေ သူ တုံ့ဆိုင်းနေမိသည်။ မမေးလျှင်လည်း သိချင်လွန်း၍သေသွားနိုင်လောက်သည်။
နောက်ဆုံး၌ အကြိမ်ရေအချို့မျှ တွေဝေနေပြီးမှ ကျန်းရှီဝူကမေးလာလေ၏။
"ငါမင်းကိုတစ်ခုလောက်မေးချင်တာရှိတယ်..."
ရှန့်ချန်က သူပြောလာမည်ကိုစောင့်နေသလိုမျိုး တိတ်ဆိတ်နေလေသည်။
ကျန်းရှီဝူက ချွေးသုတ်လိုက်သည်။
"ငါထွက်လာရင်တောင် ဝန်ကများတော့မှာမဟုတ်ဘူး၊ ဘာလို့မင်းကပါ..."
သူ ရှန့်ချန်၏နှလုံးသားကို ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ပေ။
နံရံကိုမှီထားသူက တိုးလျစွာဖြင့်ပြောလာခဲ့သည်။
"မသိဘူး..."
ကျန်းရှီဝူက သူ့ကိုကြည့်နေလိုက်သည်။
ရှန့်ချန်၏မျက်ခုံးတို့က အေးစက်နေပြီး သူကစကားတစ်ခွန်းကိုသာပြန်ဖြေလာခဲ့သည်။
"ဆူလို့..."
"....."
ကျန်းရှီဝူမှာ လှေကားတက်နေရသောကြောင့် မောနေဆဲဖြစ်လေသည်။ ချွေးများကစီးကျနေပြီး သူ့ခံစားချက်ကိုဖုံးကွယ်ရန် မျက်လွှာချထားခဲ့သည်။ သူ့ရင်ဘတ်က စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေသလိုမျိုး ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပြီး နောက်ဆုံး၌ အသံတုန်တုန်နှင့်ပြောလိုက်လေသည်။
"ကျေးဇူးပဲ..."
နောက်ဆုံး၌ သူပြောလိုက်နိုင်ပြီ။
ဒီနေ့အတွက်ပဲကျေးဇူးတင်တာမဟုတ်ဘူး။ အခိုက်အတန့်တွေအများကြီးအတွက်ကျေးဇူးပါပဲ။
လှောင်ပြောင်ခဲ့ကြတဲ့အထဲမှာ ငါ့အတွက် သိက္ခာဆယ်ပေးတာရော။ အကြောင်းပြချက်တိုင်းအတွက်ရော။
ရှန့်ချန်က အသံတိတ်နေပြီး တဖက်လှည့်သွားလေသည်။
"ငါနားပြီးမှ ပစ္စည်းတွေရွှေ့ကြမယ်..."
"အိုး..."
လူနှစ်ယောက်က စာရွက်စာတမ်းများကိုယူပြီး ပြန်လာခဲ့ကြသည်။ နောက်ဆုံး၌ သူတို့ဓာတ်လှေကားသို့ ရောက်လာခဲ့ကြ၏။ ကျန်းရှီဝူ၏မျက်လုံးတို့ကစူးရှသော်ငြား သူ့လက်တို့ကတွဲလောင်း(ချ)ဖြစ်နေသောကြောင့် မတိုင်ခင်ကသတိမထားမိသေးပေ။ ယခုမူ သူကိုင်ထားသည့် မေးခွန်းစာအုပ်များကိုတွေ့လိုက်ရ၏။ ရှန့်ချန်၏ဘယ်ဘက်လက်ညိုးက ဆန့်နေလေ၏။ သွေးထွက်နေသည်ကိုရပ်သွားစေရန်လုပ်ထားမှန်း သိသာသော်လည်း ဒဏ်ရာက အလွန်မြင်သာနေဆဲပင်ဖြစ်လေသည်။
?!
ကျန်းရှီဝူက တောင့်တင်းသွားခဲ့သည်။ သူဘယ်တုန်းက ဒဏ်ရာရသွားတာလဲ။
သူ့စိတ်ထဲတွင် ချက်ချင်းနောက်ကြောင်းပြန်ရစ်လိုက်သည်။ နောက်ဆုံးတွင် ရှန့်ချန် ကတ်ထူပုံးကိုဖမ်းလိုက်ချိန်ကအကြောင်းကိုပြန်စဥ်းစားမိသွားသည်။ သူ မတော်တဆထိခိုက်မိသွားခြင်းပင်ဖြစ်လိမ့်မည်။ လက်တွေ့တွင် လက်တွင်ဒဏ်ရာရသည်က အခြားနေရာများတွင်ဒဏ်ရာရသည်ထက်ပိုပြီး ထိရှလွယ်တတ်သည်။ မတွေ့လျှင် သတိထားမိမည်မဟုတ်ပေ။
သူတို့ပြန်ရောက်သွားချိန်တွင် အတန်းစနေပြီဖြစ်ပြီး အမြန်နေရာယူလိုက်ကြသည်။ နေ့လည်ပိုင်းအတန်းချိန်အဆုံး၌ ကျန်းရှီဝူကရှန့်ချန်အနောက်မှလိုက်ကာ ရုံးခန်းသို့မေးခွန်းစာအုပ်များကိုပို့ပေးလိုက်ပြီး နေ့လည်စာသွားစားကြသည်။ သူတို့ထွက်လာချိန်တွင် အတန်းထဲ၌လူမရှိတော့ပေ။
လမ်းတွင် သူ ရှန့်ချန်ကိုလှမ်းပြောလိုက်သည်။
"ငါ့ကိုစောင့်ဦးလေ..."
နေ့လည်ပိုင်းနေရောင်က အလွန်နွေးထွေးပြီး ရှန့်ချန်က သစ်ပင်၏အရိပ်အောက်၌ရပ်နေခဲ့သည်။ သိပ်မဝေးတော့သောကန်တင်းမှပြေးလာခဲ့သော ကျန်းရှီဝူလက်ထဲတွင် အစားအသောက်အထုပ်တစ်ထုပ်ပါလာလေသည်။ သူက သူ့ကိုအဝေးမှလက်ယမ်းပြလိုက်ပြီး စိတ်အားထက်သန်မှုနှင့် ခွန်အားအပြည့်ဖြင့် လက်ယမ်းပြပြီးအော်လိုက်သည်။
"ငါဒီမှာ..."
အခိုက်အတန့်တစ်ခုစာအတွက် နေရောင်ကပူပြင်းလွန်းနေ၍ဖြစ်လိမ့်မည်။ ရှန့်ချန်မှာအနည်းငယ်မူးဝေသလိုခံစားနေရသည်။ အမှောင်ရိပ်ထဲတွင် အချိန်အတန်ကြာရှင်သန်ခဲ့ရသော သက်ရှိတစ်ကောင်က တောက်ပသောအရာတစ်ခုနှင့် ရုတ်တရက်တွေ့ဆုံလိုက်ရသည့်အခါ မသက်မသာဖြစ်သွားခဲ့သည်ထင်၏။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ကျန်းရှီဝူလက်ထဲမှအစားအသောက်များကိုမြင်လိုက်ရချိန်တွင် ရှန့်ချန်၏မျက်လုံးတို့က ထပ်ပြီးမည်းမှောင်သွားရပြန်သည်။ သူ အစားအသောက်ကိုမလိုအပ်သလို သနားကြင်နာမှုကိုလည်းမလိုအပ်ပေ။
ကျန်းရှီဝူက ခြေလှမ်းစိပ်စိပ်ဖြင့်သူ့အရှေ့ကိုပြေးလာသည်။ ရှန့်ချန်၏ပြောင်းလဲသွားပုံကိုသတိမထားမိသေးဘဲ သူပြောလိုက်သည်။
"ငါစားစရာဝယ်လာတယ်..."
ရှန့်ချန်၏ငြင်းတော့မည့်စကားတို့က သူ့နှုတ်ခမ်းဖျားပေါ်တွင်ရောက်နေလေပြီ။
ကျန်းရှီဝူက အိတ်ကပ်ထဲမှ ခပ်သေးသေးပစ္စည်းတစ်ခုကိုထုတ်လိုက်၏။
"မင်းအတွက်.."
တုတ်တုတ်ခိုင်ခိုင်နှင့် ဖြူဖွေးနူးညံ့သောလက်ဖဝါးပေါ်တွင် အနာကပ်ပလာစတာတစ်ခုရှိနေသည်။ အနည်းငယ်အကြမ်းဆန်ပြီး သူကိုင်လာ၍တွန့်ကြေနေပြီ။
ကျန်းရှီဝူက အူတူတူလေးပြုံးပြလိုက်လေသည်။
"အနာကိုရေနဲ့ထိရင် ပိုးဝင်သွားလိမ့်မယ်.."
တကယ်တမ်းတွင် သူ အလွန်ကြောက်နေဆဲဖြစ်ပြီး ရှန့်ချန်လက်ထဲမှထွက်ပြေးချင်နေခဲ့သည်။ အနာဂတ်တွင်ဖြစ်လာမည့်ရှန့်ချန်ကိုတွေးမိလျှင် သူ့မှာ ကြောက်လွန်း၍တုန်လာရ၏။
သို့သော်လည်း မည်သူကမှ အစပိုင်းတွင် ထိုအတိုင်းမဟုတ်မှန်း သူ ခပ်ရေးရေးမျှနားလည်ထားခဲ့သည်။
အနည်းဆုံး လက်ရှိရှန့်ချန်မှာ ထင်တိုင်းကြဲတတ်သော ဘုရင်တစ်ပါးမဟုတ်သေးပေ။
သူက ကတ်ထူပုံးများပြုတ်ကျတော့မည့်အတန်းဖော်ကိုကူညီပေးခဲ့သည်။ အခြားသူများကိုအဖော်လုပ်ပေးပြီး ခြောက်လွှာကိုတက်ပေးခဲ့သည်။ အတန်းဖော်မတွက်တတ်သည့်ပုစ္ဆာကိုလည်းကူညီပေးသည်။ လက်ရှိရှန့်ချန်မှာ ကျိကျိတက်မချမ်းသာသေးသလို အလုပ်များစွာကို ကိုယ်တိုင်လုပ်ရန်လိုအပ်နေသေးသည်။ အိမ်ပြန်ဖို့ရာ ငါးကီလို၊ ခြောက်ကီလိုခန့်လမ်းလျှောက်ရန်လိုအပ်နေသေးသည်။ ပိုက်ဆံကိုသန်းနှင့်ချီကာရှာရဦးမည်ဖြစ်ပြီး အနာဂတ်တွင်အင်အားကြီးလာရန်အတွက် ယခုလိုငယ်ရွယ်သန်စွမ်းနေသည့်အချိန်တွင် အလုပ်ကြိုးစားရဦးမည်။ ဒဏ်ရာက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေမည်သူကမှ မမှန်းဆနိုင်သောနာကျင်မှုတို့ကို ခံစားနေရလျှင်ပင်၊ ဘဝတလျှောက်လုံး ဝမ်းနည်းမှုတို့နှင့်အတူ ကာယကံရှင်ကိုယ်တိုင်က တလျှောက်လုံးတိတ်ဆိတ်နေခဲ့ရသည်။
ကျန်းရှီဝူမှာ အနည်းဆုံးတော့ ယခုရှန့်ချန်နှင့်မျက်နှာချင်းဆိုင်ရချိန်၌ သိပ်မကြောက်မိတော့ပေ။
နွေဦးလေပြေလေးက လျှောက်လမ်းလေးတလျှောက်တိုက်ခတ်သွားခဲ့သည်။ [wisteria]ခရမ်းနုရောင်ပန်းပွင့်လေးများ၏ချိုမြိန်လတ်ဆတ်သောရနံ့တို့က ပျံ့လွင့်နေလေသည်။
ရှန့်ချန်က ပြတ်ပြတ်သားသားငြင်းလိုက်သည်။
"ငါ့အတွက်မလိုပါဘူး..."
ကျန်းရှီဝူကမလှုပ်ပေ။
"ဒဏ်ရာသေးသေးလေးပါ..."
ရှန့်ချန်က အသံတိမ်တိမ်ဖြင့်ငြင်းနေလေ၏။
"မလိုဘူး..."
သူထွက်သွားတော့မည်ကို ကျန်းရှီဝူကမြင်သည်နှင့် အံကြိတ်လိုက်သည်။
"ဒဏ်ရာကိုဂရုမစိုက်ရင် ပိုးဝင်သွားလိမ့်မယ်၊ ငါကစာမတော်ပေမဲ့ ဒါက ဘဝအတွက်သိသင့်တာလေ၊ ဒီတစ်ခါတော့ငါ့စကားကိုနားထောင်ပါကွာ..."
ရှန့်ချန်ကမျက်ခုံးပင့်လိုက်သည်။
"ဘဝအတွက်သိသင့်တာ ဟုတ်လား..."
ကျန်းရှီဝူက ရေခဲတုံးကိုခွဲလိုက်နိုင်၍ အနည်းငယ်မျှဂုဏ်ဆာသွားခဲ့သည်။
"အေးလေ..."
ရှန့်ချန်က ကျန်းရှီဝူလက်ထဲမှအိတ်ကို မှင်သေသေဖြင့်ကြည့်ပြီးမေးလိုက်သည်။
"အတန်းထဲကရေပူတွေကိုသောက်ပြီးတော့ ရေခဲမုန့်တစ်ထုပ်ကြီးဝယ်စားတာက မင်းရဲ့အသိစိတ်လား..."
ကျန်းရှီဝူက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ထိုနေရာတွင် အဆာပြေမုန့်ထုပ်များဖြင့် ငူငူကြီးရပ်နေလေ၏။ သူ၏စိတ်ပျက်အားလျော့သွားသောပုံစံက တုံးအပြီး ချစ်စရာကောင်းနေလေသည်။
ထိုအူတူတူပုံစံလေးကြောင့် ရှန့်ချန်၏စိတ်ထဲတွင် အတိုင်းအဆမသိပျော်ရွှင်သွားရသည်။ သူကလှည့်သွားပြီး စကားတစ်ခွန်းကိုသာပြောလိုက်လေသည်။
"မင်းဗိုက်နာလိမ့်မယ်..."
ကျန်းရှီဝူက အိတ်ကိုငုံ့ကြည့်ပြီး နေရင်းထိုင်ရင်းရှက်လာမိသည်။ နောက်ဆုံး၌ သူသတ္တိအလုံအလောက်ပြန်ရလာခဲ့သော်လည်း ခပ်မြန်မြန်ပင်ပျက်စီးသွားရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ ရှန့်ချန်ကထွက်သွားမည်ကိုတွေ့လိုက်ရသည့်အခါ သူအပြေးတပိုင်းလှမ်းသွားပြီး ဒဏ်ရာကပ်ခွာကို သူ့အိတ်ကပ်ထဲသို့ထိုးထည့်လိုက်ကာ ခပ်သွက်သွက်လေးပြောလိုက်လေ၏။
"အဲဒီလိုဆိုရင်တောင် ရေနဲ့ထိရင်ပိုးဝင်သွားမှာပဲ၊ ငါကဝယ်လာပြီးပြီဆိုတော့ ယူထားလိုက်တော့..."
သူက ပလာစတာပြန်ရောက်လာမည်စိုး၍ အလျင်စလိုပြောလိုက်မိသည်။ ယခင်ကဆိုလျှင် ယခုလိုလုပ်ရန် မဖြစ်နိုင်လုနီးပါးပင်။ ယခုလို အလေးအနက်ထားနေပုံက သဘောကျနေသည့်ပုံစံဖြစ်နေ၏။ ထိုစဥ်က ကျန်းရှီဝူမှာ သူ့ကိုထပ်ပြီးနှောင့်ယှက်တော့မည်မဟုတ်ကြောင်းပြောခဲ့သည်။ သူတကယ်သိချင်မိသည်။ ထိုသူက တကယ်ပြောခဲ့သည်လား။ သို့မဟုတ် ဥာဏ်ကောင်းပြီး ဗျူဟာပြောင်းနေသည်လား။
ရှန့်ချန်ကမျက်လွှာချပြီး လက်ထဲမှပလာစတာလေးကိုငုံ့ကြည့်လိုက်သည်။ ခဏမျှအသံတိတ်နေပြီးနောက် ၎င်းကိုဖြဲပြီး ဒဏ်ရာရှိနေသည့်နေရာတွင်ကပ်လိုက်သည်။ ကွန်ပျူတာတစ်ခါမှမကိုင်ဖူးသူက ရုတ်တရက်ကြီး ကီးဘုတ်ကိုထိတွေ့ရသည့်အတိုင်းပင်။ ပလာစတာကပ်ထားပုံကအဆင်မပြေဘဲ ဖြစ်ကတတ်ဆန်းနိုင်နေတော့သည်။
☁️☁️