Chapter 10
Viewers 688

☁️Chapter 10


........


ညနေပိုင်း။


ရှန့်ချန် အိမ်ပြန်ရောက်လာခဲ့သည်။


အိမ်က မည်းမှောင်ပြီး ပျက်ဆီးနေလေသည်။ အံဆွဲအများအပြားပွင့်နေ၏။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ရှုပ်ပွနေသောဆံပင်များဖြင့် ကြမ်းပြင်တွင်ထိုင်နေသည်။ ခပ်မှိန်မှိန်မီးရောင်လေးသာထွန်းထားသောနေရာတွင် ရုတ်တရက်ဝင်လာပါက သာမန်လူများအနေဖြင့်ကြောက်လန့်သွားကြလိမ့်မည်။ သို့သော်လည်း ရှန့်ချန်ကပုံမှန်အတိုင်းဝင်လာလေ၏။


ဧည့်ခန်းကိုဖြတ်သွားချိန်တွင် အသံတိတ်နေသောကောချန်က လှုပ်လာလေသည်။ သူမကရှန့်ချန်ကိုမော့ကြည့်ကာ အက်ကွဲနေသောအသံဖြင့်ပြောလိုက်၏။


 "ပြန်လာပြီလား.."


ရှန့်ချန်က သူမကိုဥပေက္ခာပြုထားလိုက်သည်။


သို့သော်လည်း ကောချန်က စွေ့ခနဲထခုန်ပြီး ရှန့်ချန်၏ခြေထောက်ကို တကယ်ကြီးဖက်ထားလေတော့သည်။ 


"ရှန့်ချန် မင်းဒီတစ်ခါတော့ အမေ့ကိုကူညီရမယ်.."


ရှန့်ချန်၏ကျောက ဆန့်သွားပြီး သူမကိုအရေးမစိုက်နေပေ။ 


"လွှတ်ပေး..."


"မလွှတ်ဘူး၊ ငါမလွှတ်ပေးနိုင်ဘူး.." 

ကောချန်က သူမကိုတင်းတင်းဖက်ထားပြီး တောင့်တင်းနေသည်။ 


"သူတို့ကအမေ့ကိုအကြွေးပြန်ဆပ်ခိုင်းနေတယ်၊ ဒီတစ်ခါမှမဆပ်ရင် သူတို့ကအိမ်ကိုလာပြီး အမေတို့ပစ္စည်းတွေကိုယူသွားလိမ့်မယ်၊ မင်းအမေအတွက်မဟုတ်ဘူးဆိုရင်တောင် ငါတို့မိသားစုအတွက်တော့တွေးပေးရမယ်.."


သူမက ခေါင်းငုံ့ထားပြီး ရှန့်ချန်၏မျက်လုံးထဲမှအရိပ်မည်းတို့ကိုရှောင်နေလေသည်။ သူကဖြည်းဖြည်းချင်းကိုင်းလိုက်သည်။ သူ၏သွယ်လျသောလက်တို့က သူမပုခုံးပေါ်သို့ကျလာပြီး ညစ်ပတ်သည့်အရာတစ်ခုနှင့်ထိတွေ့လိုက်ရသည့်နှယ် သူ့အမေကိုတွန်းထုတ်လိုက်လေ၏။ ကောချန်က ရှန့်ချန်၏အင်အားကြောင့်အံ့ဩသွားပြီး ကြမ်းပြင်ပေါ်မှ စူးစူးရဲရဲကြည့်နေလေသည်။


 "နင် ငါ့ကိုသတ်တော့မလို့လား..."


ကလစ်...


အိပ်ခန်းတံခါးပွင့်လာလေသည်။


ခြေတစ်ဖက်ကျိုးထားသောပါပါးရှန့်မှာ အရိုးပေါ်အရေတင်ဖြစ်လေသည်။ သူကတံခါးကိုမှီထားရင်း အားအင်ချိနဲ့စွာဖြင့်အသက်ရှူနေလေသည်။ 


"ကောချန်၊ ဘာလုပ်နေတာလဲ၊ မင်းကအမေနဲ့ရောတူသေးရဲ့လား၊ ရှောင်ချန်ကအခု ဘယ်အသက်အရွယ်ရောက်နေပြီလဲ..."


ကြမ်းပြင်ပေါ်မှအမျိုးသမီးမှာ မျက်လုံးများကသွေးနီရောင်သန်းနေလေ၏။ သူမက ထိုစကားကိုကြားရသည့်အခါ ဒေါသတကြီးလှည့်ကြည့်လိုက်လေသည်။ 


"ကျွန်မကိုသတိပေးနေလို့ ဘာထူးတော့မှာလဲ..."


"ရှင့်အတွက်သာမဟုတ်ဘူးဆိုရင်..."


သူမမှာ ရူးတော့မလိုဖြစ်သွားခဲ့သည်။


"ရှင့်လို အလုပ်အကိုင်မရှိ ပိုက်ဆံမရှိတဲ့ ဒုက္ခိတကများ ကျွန်မကရှင့်သားဆီကနေပိုက်ဆံတောင်းတာ ဘာမှားနေလို့လဲ၊ ရှင့်သားကပိုက်ဆံရှာနိုင်တယ်၊ သူ့မှာအလုပ်တွေအများကြီးပဲ၊ အခုပဲဆယ့်တစ်နာရီထိုးနေပြီ၊ သူအပြင်ကနေပြန်လာတယ်ဆိုမှတော့ ပိုက်ဆံတွေအများကြီးရှာလာလို့ပဲ.."


ကောချန်က ရှန့်ချန်အနားကိုထပ်ရောက်လာပြန်ပြီး မျက်ရည်များကဝိုင်းနေလေ၏။ 


"ရှောင်ချန် ဒီတစ်ခါနောက်ဆုံးပါပဲ၊ အမေ့ဆီကပြန်တောင်းလို့ရပါတယ်၊ အမေ နောက်ဆိုရင် မာကျောက်သွားမဆော့တော့ပါဘူး..."


ရှန့်ချန်က ဧည့်ခန်းထဲတွင်ရပ်နေခဲ့သည်။ ဖြစ်စဥ်တစ်ခုလုံးကို ဟာသပြဇာတ်တစ်ပုဒ်ပမာ ကြည့်နေခဲ့သည်။


ကောချန်: "မင်းဘာမှမပြောတော့ဘူးလား..."


ရှန့်ချန်ကသူမကိုငုံ့ကြည့်လိုက်သည်။ 


"ဒီတစ်ခါရော ဘယ်လောက်အကြွေးတင်လာတာလဲ.."


"သိပ်မများပါဘူး.." 


သူမကပြုံးလိုက်ပြီး ခေါင်းငုံ့ကာရေတွက်နေလေသည်။ ပြီးနောက် သူမခန္ဓာကိုယ်ကတုန်ယင်လာလေ၏။


 "တကယ်တော့များတယ်၊ အမေက အဲဒီလောက်အများကြီးမလောင်းရဲပါဘူး၊ မင်းမှာပိုက်ဆံရှိတယ်ဆိုတာအမေသိတယ်၊ အမေ့ကိုပေးပါနော်.."


ရှန့်ချန်က အမူအရာမဲ့နေလေသည်။ 


"မပေးဘူး..."


"မပေးဘူး ဟုတ်လား..." 


ကောချန်က အသံကိုမြှင့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမကပြေးလာသော်လည်း ရှန့်ချန်က ရှောင်လိုက်လေ၏။ သို့ထိတိုင် သူမက ရှန့်ချန်ကိုလက်ညိုးထိုးကာပြောလိုက်သည်။ 


"နင်က ပလာစတာတောင်ဝယ်ဖို့စိတ်ပါနေတာကိုတောင် မရှိဘူးလို့ပြောတယ်ပေါ့လေ.."


ရှန့်ချန်: "ကျွန်တော်ဝယ်လာတာမဟုတ်ဘူး..."


ကောချန်က တစ်ခုခုကိုသိသွားပုံရပြီး ချက်ချင်းမေးလာလေသည်။


 "ဘယ်သူလဲ၊ မင်းသူငယ်ချင်းလား၊ အခြားတစ်ယောက်လား၊ ရှောင်ချန် မင်းမှာပိုက်ဆံမရှိရင် မင်းသူငယ်ချင်းမှာရှိမှာပဲ၊ မင်းကိုနည်းနည်းလောက်ချေးပေးဖို့ပြောလိုက်ပါလား၊ ရှက်မနေပါနဲ့၊ မဟုတ်လည်း အမေသွားချေးလိုက်မယ်၊ မနက်ဖြန် အမေ ကျောင်းကိုသွားလိုက်မယ်၊ သူ့နာမည်ကဘာလဲ..."


ရှန့်ချန်က သူမစကားကိုဖြတ်ပြောလိုက်သည်။ 


"ကျွန်တော့်မှာသူငယ်ချင်းမရှိဘူး.."


ဂျူနီယာအထက်တန်းကျောင်းဆိုသည်မှာ သာမန်ကလေးများအတွက် ပျော်စရာကောင်းပြီး ပုန်ကန်တတ်ကြသောအရွယ်လေးများပင်ဖြစ်လေသည်။ ကျောင်းထဲမှဤပုဂ္ဂိုလ်မှာ သဘောကျစရာရုပ်ရည်ရှိသည်။ ဉာဏ်ရည်ထက်မြက်ပြီး သာမန်ထက်ထူးကဲသောစွမ်းရည်များရှိသည်။ သို့တစေ ဤသို့သောပုဂ္ဂိုလ်တွင် သူငယ်ချင်းတစ်ယောက်မှမရှိပေ။


"ခင်ဗျား ကျောင်းကိုမလာရဘူး၊ ကျောင်းသားတွေဆီကနေလည်း ပိုက်ဆံမချေးရဘူး..." 

ရှန့်ချန်က သူမကိုသတိပေးလိုက်သည်။ 


"နားလည်လား..."


ပြောရလျှင် ထိုစကားကိုကြားလိုက်ချိန်၌ ကောချန်မှာ ရုတ်တရက်ဝမ်းသာသွားခဲ့ရသည်။ ယခင်က သူမတွင် ဤသံမဏိနံရံကြီးနှင့်ရင်ဆိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ ယခုမူ သူမအမှားတစ်ချက်ကြောင့် ဖြတ်ကျော်နိုင်တော့ပေမည်။


အမျိုးသမီးက သူမကိုကြည့်လိုက်သည်။


 "ငါကမင်းအမေပါ၊ ငါမင်းကိုဂရုစိုက်နေပါသေးတယ်၊ မင်းသူငယ်ချင်းကိုတောင်မတွေ့ရဘူးလား...".


ရှန့်ချန်က ထိုစကားကိုလျစ်လျူရှုလိုက်ပြီး အခန်းကိုသာတည့်တည့်သွားလိုက်သည်။ 


အသံတစ်သံက အနောက်မှထွက်လာလေသည်။


 "ငါသွားခဲ့ရင်ဘာဖြစ်မှာလဲ.."


ရှန့်ချန်ကသွားနေရာမှရပ်သွားသည်။ အချိန်အတန်ကြာမှ လှည့်ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် ထိုသူ၏အရှိန်အဝါက ခဏတွင်းချင်းပြောင်းလဲသွားသလိုဖြစ်နေ၍ ကောချန်၏ခန္ဓာကိုယ်တစ်ကိုယ်လုံးက အေးခဲသွားခဲ့သည်။ ရှန့်ချန်၏ထက်ရှသောမျက်ခုံးတို့က ဖြည်းဖြည်းချင်းကုပ်ဝင်သွားခဲ့သည်။ ကောချန်အရှေ့သို့ တစ်လှမ်းချင်းလျှောက်လာခဲ့၏။ အခန်းထဲမှမီးတို့ကမှုန်မှိုင်းနေလေသည်။ သူကသူမကို ငရဲမှတက်လာသောတစ္ဆေတစ်ကောင်ကဲ့သို့ကြည့်လိုက်လေ၏။ 


"စမ်းကြည့်လေ..."


တရားလွန်ခြိမ်းခြောက်နေခြင်းမဟုတ်ပေ။ စကားတစ်ခွန်းတည်းကပင် ကောချန်ကိုပါးစပ်ပိတ်သွားစေခဲ့သည်။ ထိုအခိုက်အတန့်လေးမှာပင် ထိတ်လန့်ဖွယ်ရာအေးစက်မှုကိုခံစားလိုက်ရသလိုပင်။ ခဲသွားမတတ်အေးစက်မှုဆိုသော်လည်း နောက်တစ်စက္ကန့်တွင် သူမကအရူးတစ်ယောက်လိုရယ်လိုက်လေသည်။


နင်ဘယ်လောက်တော်တတ်နေပါစေ၊ ဒီလိုနေရာမျိုးမှာ တသက်လုံးနေသွားလို့မဖြစ်ဘူးလေ။


ဟုတ်တယ်။ သူကျရှုံးသွားရင်တောင် အဲဒီလူရဲ့သားကို တသက်လုံး ငရဲမှာနေခိုင်းမယ်။


.......


မည်းမှောင်သေးနုပ်သောအခန်းလေးထဲတွင် ရှန့်ချန်က တံခါး၌ရပ်နေလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် ဆင်းရဲသားအိမ်နီးနားချင်းတို့က ဆူညံနေကြသည်။ အစားအသောက်အနံ့ကိုပင် ဖျော့ဖျော့လေးရနေလေ၏။ ပြတင်းမှအလင်းရောင်အချို့က သူ့ဘက်သို့ကျနေသည်။ မည်းမှောင်နေသောအခန်းကို ဖောက်ထွင်းနေလေသည်။ အလင်းရောင်ကိုအသုံးချပြီး ရှန့်ချန်က ပလာစတာပတ်ထားသောလက်ညိုးကိုငုံ့ကြည့်လိုက်သည်။


အောက်ခံတစ်လွှာကြောင့် အနာကပ်ပလာစတာက ပုံပျက်နေပြီး ယခုတော့ စေးကပ်ကာကြေမွနေလေသည်။


ကြည့်လေ။ ဘယ်လောက်လှတဲ့ဟာဖြစ်ဖြစ် သူ့ကိုထိလိုက်တာနဲ့ ပျက်စီးသွားတာပဲ။


သူက မကာကွယ်ပေးနိုင်ရုံတင်မဟုတ်ဘဲ တဖက်လူကိုပါသူနှင့်အတူ ငရဲအထိဆွဲချသွားနိုင်သည်။


ရှန့်ချန်က ၎င်းကို ခဏမျှစိုက်ကြည့်နေပြီး ပါးစပ်ထောင့်တွင်လှောင်ပြုံးလေးတစ်ခုပေါ်လာလေသည်။ သိပ်မဝေးလှသောနေရာမှအမှိုက်ပုံးထဲသို့ ပလာစတာလေးကိုလွှင့်ပစ်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။


........


ညအချိန်။ ကျန်းအိမ်တွင်ဖြစ်သည်။


ကျန်းရှီဝူက အစားအသောက်အနံ့ရ၍ အပြင်ထွက်လာခဲ့သည်။ စားပွဲပေါ်တွင် အသင့်စား စားစရာများဖြင့်ပြည့်နေလေ၏။ နံရိုးပေါင်းအနံ့၊ ရှာလကာရည်စိမ်ထားသော ငါးအကောင်လိုက်၊ ဝက်သားကင်နှင့် ကျန်းမေ့လီ၏အထူးဟင်းလျာ အမဲခါးပတ်တို့ဖြစ်လေ၏။ ကြည့်ရုံနှင့်ပင် သူ့အစာအိမ်ကတဂျုတ်ဂျုတ်မြည်လာခဲ့သည်။


ကျန်းရှီဝူက အပြေးအလွှားရောက်လာလေသည်။ "မွှေးနေတာပဲ..."


ကျန်းမေ့လီက မီးဖိုချောင်ထဲမှလှမ်းအော်လိုက်သည်။


 "ဒီကိုလာပြီး အမေ့ကို ထမင်းခူး ကူပေးချေ..."


ကျန်းရှီဝူက မိဘနှစ်ပါးအတွက် ပန်းကန်လုံးတစ်လုံးစီကိုင်ကာရောက်လာလေ၏။ သို့သော် သူ့အတွက်ကိုမူ ပန်းကန်လုံးတဝက်စာသာထည့်သွားလေသည်။ ကြည့်နေသောသူ့အမေက စပ်စုလာခဲ့သည်။ 


"မင်း အဲဒီလောက်နည်းနည်းလေးပဲစားမှာလား..."


"ကျွန်တော်ဗိုက်မဆာလို့ပါ.." 

ကျန်းရှီဝူက ပြုံးလိုက်လေသည်။ 


"ပြီးတော့ ကျွန်တော်ဝိတ်ချသင့်ပြီထင်လို့.."


?!


ရှော့ခ်ရစရာစကားကြားလိုက်ရ၍ ကျန်းမေ့လီ မျက်လုံးပြူးသွားတော့သည်။


မာမားကျန်းက သူမနဖူးကိုလာစမ်းကြည့်သည်။ 

"မင်းဖျားနေတာတော့မဟုတ်ဘူးမလား..."


ကျန်းရှီဝူက စားစရာတို့ကိုယူသွားလေသည်။ 


"ကျွန်တော်မဖျားပါဘူး၊ အမေ ဘာတွေလုပ်နေတာလဲ.."


ပါပါးကျန်းမှာ တရားဝင်ကုမ္ပဏီမှပြန်ရောက်လာပြီး ထိုစကားကိုကြားလိုက်ရသည့်အခါ သဘောတကျဖြင့်ရယ်လာလေ၏။


 "ဘာလဲ၊ အဖေတို့သားလေးက ခန့်ချောကြီးဖြစ်ချင်လာပြီလား..."


ကျန်းမေ့လီက အိမ်အကူအဒေါ်ကို မီးဖိုချောင်မှအစားအသောက်များအားယူလာခိုင်းလိုက်သည်။ သူမက ထမင်းစားစားပွဲတွင်ဝင်ထိုင်ကာပြောလိုက်လေ၏။


 "အဓိပ္ပါယ်မရှိတာတွေမပြောစမ်းပါနဲ့ရှင်၊ ဒီခန္ဓာကိုယ်ကိုဝိတ်ချတော့ရော၊ ဆရာမဟောင်က ကျွန်မကိုဒီနေ့လှမ်းခေါ်တယ်၊ ရှင်သိလား၊ သူ့ဆရာမလေ၊ သူဘာတွေပြောနေမှန်းလည်း ကျွန်မလည်းမသိသေးဘူး၊ ဒါပေမဲ့ ဒီ ငမိုက်သားလေးက သင်္ချာပုစ္ဆာမတွက်တတ်လို့ အင်တာနက်ကဖေးအထိသွားပြီး အတန်းတာဝန်ခံကိုရှာတယ်တဲ့လေ.."


?!


ဤတစ်ခေါက် ရှော့ခ်ရသွားရသူမှာ ပါပါးကျန်းပင်ဖြစ်လေ၏။ 


အဖေနှင့်သားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အတူရယ်လိုက်ကြသည်။ ပါပါးကျန်းက ကုမ္ပဏီတွင် စည်းကမ်းကြီးသောအလုပ်ရှင်ဆိုသော်လည်း အိမ်တွင်ဆိုလျှင် ချစ်စရာကောင်းပြီး သူ့သားကို အလွန်တရာအလိုလိုက်ထားသူဖြစ်လေသည်။


 "ဒါကကောင်းတာပဲမဟုတ်ဘူးလား၊ လာ..လာ စားကြမယ်..."


ကျန်းမေ့လီကမကျေနပ်သေးပေ။ 


"အဲဒါပြောတာလေ၊ ရှင့်သားကဘယ်လိုလူလဲဆိုတာ ရှင်မေ့သွားပြီလား၊ သူ့ဆရာမမျက်လုံးထဲမှာတော့ သူက ဘယ်လိုသူတော်ကောင်းလေးဖြစ်နေလဲတော့မသိဘူး၊ ဒါပေမဲ့ မေးခွန်းထုတ်စရာတော့ဖြစ်နေပြီ၊ သူက ဂိမ်းကစားရတာကို အသေအလဲကြိုက်တာလေ..."


"......"


ကျန်းရှီဝူ၏ ပါးစပ်ထောင့်က တွန့်သွားခဲ့လေသည်။


သို့သော်လည်း သူ့သိက္ခာကို ကာကွယ်သင့်သေးသည်ဟုခံစားနေရလေ၏။ 


"အမေ အမေ့သားကအမေ့မျက်လုံးထဲမှာ ဒီလောက်တောင်ဆိုးသွမ်းနေတာလား.."


ကျန်းမေ့လီမှာ သိချင်လွန်း၍ အရူးတပိုင်းဖြစ်လာလေ၏။ 


"ဒါပေမဲ့ ဆရာမကပြောတယ် မင်းကအရင်ကနဲ့နည်းနည်းလေးတောင်မတူတော့ဘူးတဲ့၊ မင်းကစာကြိုးစားနေတယ်၊ လိမ္မာလာပြီတဲ့၊ အဲဒါဆိုအမှန်ပဲပေါ့၊ အဲဒီတာဝန်ခံနဲ့ တစ်ခုခုပတ်သက်နေလို့လား.."


"......"


ဟုတ်တယ်လို့ပြောလိုက်သင့်လား။ မဟုတ်ဘူးလို့ပြောလိုက်သင့်လား။


ကျန်းရှီဝူက ခဏမျှတွေဝေနေပြီးမှ ရိုးရိုးရှင်းရှင်းပင် ပြန်ပြောလိုက်လေ၏။


 "အတန်းကိုယ်စားလှယ်က တကယ်ကူညီပေးလို့ပါ..."


ကျန်းမေ့လီက သူ့ကိုအသီးအရွက်နည်းနည်းထည့်ပေးပြီး ပြောလိုက်သည်။ 


"လိမ္မာတဲ့ကလေးတွေက မင်းနဲ့ကစားချင်စိတ်ရှိတယ်ဆိုတာ ရှားပါးကိစ္စပဲ၊ လွယ်တော့မလွယ်ပေမဲ့ ကျေးဇူးတင်စရာပဲ..."


သူမထံမှ ထိုစကားမျိုးကြားလိုက်ရသည့်အခါ ကျန်းရှီဝူမှာ နောက်ထပ်ထွက်လာမည့်စကားကို ကြောက်လန့်သွားရသည်။


[ဒါမှမဟုတ် နှစ်ယောက်သား စေ့စပ်လိုက်ကြလေ]


ထိုစကားကိုတွေးကြည့်မိပြီး ကျန်းရှီဝူမှာ နေ့လည်စာပင်မစားနိုင်တော့ဘဲ အမြန်ပြောလိုက်ရသည်။ 


"အတန်းကိုယ်စားလှယ်ကသဘောကောင်းပါတယ်၊ ပြီးတော့ ဘာမှလည်းပြန်မတောင်းတတ်ဘူး၊ အမေ ကိုယ့်သဘောနဲ့ကိုယ်မဆုံးဖြတ်ပါနဲ့..."


ကျန်းမေ့လီက သူ့ကို ဗလာသက်သက်ကြည့်လိုက်သည်။ 


"အမေနားမလည်ဘူး..."


ပါပါးကျန်းကမူ နားလည်နေလေသည်။ 


"လူကောင်းတွေဆိုတာ ကောင်းကိုကောင်းကြတယ်၊ ဒါကြောင့် သားဘက်ကနေ သူတို့ရဲ့ကြင်နာမှုကိုပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး၊ သူကငယ်သေးပြီး အဲဒီလိုလူတွေနဲ့လည်းအဆင်ပြေတယ်၊ အဆက်အသွယ်ရှိနေဖို့အရေးကြီးတယ်.."


ကျန်းရှီဝူက နားလည်သလိုနှင့်နားမလည်လိုက်ပေ။


ကျန်းမေ့လီက ခဏမျှစဥ်းစားခန်းဝင်နေလေသည်။ 


"အမှန်ပဲ၊ ဒီရက်ပိုင်းအတွင်း အမေ့မှာလုပ်စရာသိပ်မရှိလို့ ကိတ်နဲ့ အချိုမုန့်တွေအများကြီးလုပ်ထားတယ်၊ မနက်ဖြန် သူ့အတွက် နည်းနည်းလောက်ယူသွားပေးလိုက်.."


သူ ရှန့်ချန်ကို လက်ဆောင်ပေးတော့မလို့လား။


ကျန်းရှီဝူမှာ တဒင်္ဂမျှ ရင့်ဘတ်အောင့်သွားပြီး မည်သည့်စကားမှမပြောလာတော့ပေ။ သူက ထိုသူကိုမနှောင့်ယှက်တော့မည့်အကြောင်းပြောထားပြီးကာမှ သူ့အနောက်ကိုလိုက်ပြီးကိတ်မုန့်ပေးနေလျှင် ရှန့်ချန်ကသူ့ကိုပိုပြီး သဘောမကျဘဲဖြစ်သွားလိမ့်မည် မဟုတ်ပါလား။


ကျန်းရှီဝူက ကြိုးစားပြီးငြင်းနေဆဲ။ 


"အမေ မုန့်အချိုတွေက..."


ကျန်းမေ့လီက သူ့ကို ခြိမ်းခြောက်သောအကြည့်တစ်ချက်ပေးလိုက်သည်။


ဖိအားကပြင်းထန်လွန်းလှသည်။ သူ့အိတ်ကပ်ထဲမှမုန့်ဖိုးလေးများ မကြာခင်ပါသွားမည်ကိုမူ ကြောက်ရွံ့လေ၏။


ကျန်းရှီဝူမှာ စကားကိုပြောင်းပြောလိုက်ရသည်။ 


"သိပါပြီ..."


သူ့ဘက်မှ အငြင်းအခုံမလုပ်တော့၍ ကျန်းမေ့လီက စိတ်အခြေအနေကောင်းသွားခဲ့သည်။ ထို့အပြင် ဤတစ်ယောက်က ကျန်းရှီဝူ၏ ပထမဆုံးသူငယ်ချင်းဖြစ်နေ၏။ သူမမှာ နောက်ဆုံးတော့ သူမ၏ဝက်ကလေးက ဂေါ်ဖီထုပ်ကိုဆွဲနိုင်ပြီဖြစ်၍ ကြည်နူးသလိုခံစားနေရလေသည်။ ထို့ကြောင့် ပထမဆုံးလက်ဆောင်ပေးပြီး ချည်နှောင်ထားရန်မှာ အရေးအကြီးဆုံးဖြစ်လေ၏။


နောက်တစ်နေ့တွင် သူမက ၎င်းကိတ်အားလုံးကိုထုပ်ပိုပြီး ကျန်းရှီဝူ၏အိတ်ထဲသို့ထည့်ပေးလိုက်လေသည်။


....


မနက်ပိုင်း အလုပ်သွားကြချိန်ဖြစ်နေပြီး ကလေးများကိုကျောင်းပို့ရသည့်လမ်းတွင် မီးပွိုင့်အများအပြားရှိနေသည်။


ကျန်းရှီဝူက ခရီးသည်ခုံတွင်ထိုင်ပြီး သူ့ခေါင်းကိုပွတ်သပ်နေသည်။ မနေ့ကညဦးပိုင်းတွင် သူ၏ခေါင်းကိုက်ရောဂါကစလာပြန်၏။ ပြီးခဲ့သောနှစ်ကြိမ်ကထက် ပိုကောင်းလာသည့်တိုင် ကိုက်ခဲနေဆဲပင်။ ဘာဖြစ်နေတာလဲ။ ရှန့်ချန်နဲ့ပတ်သက်နေတာများလား။


ကျန်းမေ့လီက တစ်ခုခုဖြစ်နေမှန်းသိနေလေ၏။ 


"ဘာဖြစ်နေတာလဲ..."


"ဘာမှမဟုတ်ပါဘူး၊ အိပ်ရာထကာစမလို့ပါ.."


ကျန်းရှီဝူက မျက်နှာကိုတဖက်လှည့်လိုက်ပြီး ခဏခန့် အနားယူချင်သော်လည်း သူလှည့်လိုက်သည်နှင့် လမ်းဘေးဘက်မှလျှောက်လာသောပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ မနက်ခင်းမြူများက မကွဲသွားသေးပုံပင်။ တစ်ယောက်တည်းလမ်းလျှောက်လာသူမှာ ရှန့်ချန်ဖြစ်လေသည်။


အချို့သောအကြောင်းပြချက်များကြောင့် ထိုသူကိုတစ်ညသာမမြင်လိုက်ရသော်လည်း သူ့အနေဖြင့် ရှန့်ချန်က အများအပြား ပြောင်းလဲသွားသလို ခံစားနေရလေသည်။ မည်သည့်အရာပါဟု အတိအကျမပြောနိုင်ပေ။ ကျန်းရှီဝူမှာ ရှန့်ချန်အကြောင်းကို ကောင်းကောင်းမသိသေးဘဲ အတိတ်မှထက်ပိုပြီး ဆက်နွယ်လာမိသည်။ သူ့ဘက်မှ ရှန့်ချန်ကို တကယ်သဘောကျသည်ဟုပြောခဲ့သော်လည်း သူ့အတွက်သူသာ ကြည့်ခဲ့မိသည်။ သူက သူ့အချစ်ကိုဖော်ပြရန် လက်ဆောင်နှင့်အချစ်စာလွှာများကိုအသုံးချခဲ့သော်လည်း ပိုမိုအားထုတ်လိုစိတ်နှင့် ရှန့်ချန်ကိုနားလည်လာရန်အချိန်ယူချင်စိတ်မရှိခဲ့ပေ။ရှန့်ချန်၏အေးစက်မှုနှင့် ရန်လိုမှုတို့ကို မျက်စိစုံမှိတ်ဆန့်ကျင်ခဲ့သော်လည်း သူ့ခံစားချက်များမှတဆင့်ပြောင်းလဲသွားသော သူ၏သဘောထားတို့က တကိုယ်ကောင်းဆန်မှုနှင့်ဆန္ဒဟုတ်မဟုတ်ကို မသိခဲ့ပေ။ ရှန့်ချန်ကိုဖိအားပေးရန် သူ့မိသားစုကိုအားကိုးနေချိန် တဖက်လူကလည်း သူ၏သေးနုပ်မှုနှင့်အကျည်းတန်မှုတို့ကိုလက်ခံပေးရန်လိုနေသေးသည်။ လောကကြီးတွင် တကိုယ်တည်းရပ်တည်နေသည့် ထိုသို့သောပုဂ္ဂိုလ်မျိုး။ သူကရှန့်ချန်ကို သဘောကျပါတယ်လို့ပြောဖို့တန်ရဲ့လား။


........


ကျောင်းမှ မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်က ထမင်းစားချိန်မတိုင်ခင် စတင်လေသည်။ ရှန့်ချန် အခန်းထဲကိုဝင်လာချိန်တွင် တခန်းလုံးကအစားအသောက်အနံ့များဖြင့်ပျံ့နေလေ၏။ သူ့အတွက်က အကျင့်တစ်ခုလိုပင်ဖြစ်နေပြီ။ ထိုသို့သောအရာမျိုးနှင့်ကြုံရတိုင်း သူအချိန်အကြာကြီးလျစ်လျူရှုထားနိုင်သည်။ ကိစ္စမရှိတော့ပါချေ။


ထိုင်ပြီးသည့်နောက် သူကစာရွက်နှင့်ဘောပင်ပို ဆရာတကျထုတ်လိုက်ချိန် သူ၏စားပွဲခုံထောင့်တွင် အသေအချာတင်ထားသော ဘူးလေးတစ်ဘူးကို တွေ့လိုက်ရသည်။ ယင်းကပုံမှန်ပင်။ ရှန့်ချန်ကိုသဘောကျသူများက များပြားလှလေရာ သူ့အနေဖြင့် ထိုသို့သောလက်ဆောင်မျိုးကို မကြာခဏရတတ်သည်။ သို့သော်လည်း ရှန့်ချန်က တစ်ခါမှမယူခဲ့ပေ။ ၎င်းတို့၏နောက်ဆုံးသွားရာနေရာက အမှိုက်ပုံးဖြစ်ပြီး ဤဘူးလေးလည်း ချွင်းချက်မရှိအသေအချာပင်။


ရှန့်ချန်က ကြည့်ပင်မကြည့်ပေ။


ဝမ်ပင်းကပြုံးလိုက်သည်။ 


"မကြည့်တော့ဘူးလား..."


"မကြည့်တော့ဘူး..."


"ဒါဆို ငါစားလို့ရလား..."


"လွှင့်ပစ်လိုက်..."


"တကယ်ပစ်ရမှာလား..." 

ထိုင်ခုံဖော်က စနောက်လာလေသည်။ 


"အဲဒါ ကျန်းရှီဝူ လာပေးထားတာ..."


ယခင်အတိုင်းပြောလိုက်ခြင်းပင်ဆိုသော်လည်း ရှန့်ချန်၏ စာရွက်လှန်သလိုအပြုအမူက ခဏရပ်သွားသည်ကိုတွေ့လိုက်ရမှန်း ဝမ်ပင်းကျိန်ပြောရဲလေသည်။ ခဏလေးအတွင်းပုံမှန်အတိုင်းပြန်ဖြစ်သွားသော်လည်း တွေ့ရှိမှုအကြီးစားဖြစ်နေလေသည်။


သူက ပြုံးလိုက်ပြီး ဘူးကိုပြန်ဆွဲသွားလေသည်။


ရှန့်ချန် အနောက်လှည့်ကြည့်လိုက်လေရာ အနောက်တန်းမှ ကျန်းရှီဝူကလည်း ထိုင်စားနေသည်ကိုတွေ့လိုက်ရသည်။ သူ့ပါးစပ်ထဲတွင်ရှိနေသည်က နှမ်းကပ်ဆန်ကိတ်ဖြစ်နိုင်သည်။ မျက်နှာက တောင်တန်းနှင့်ပင်လယ်တို့ကို အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့၍ အားရနေသလို ကျေနပ်ဝမ်းမြောက်နေလေ၏။


သူအကြည့်ကိုပြန်ရုတ်လိုက်သည်။ ဘူးလေးကိုပြန်ကြည့်လိုက်သည့်အခါ မျက်နှာဝိုင်းဝိုင်းလေးတစ်ခုကိုတွေ့လိုက်ရသည်။ ချစ်စရာကောင်းသောပုံက စိတ်ဝင်စားစရာဖြစ်နေသည်။ အလွန်လည်းရယ်စရာကောင်းနေခဲ့သည်။


သူမစားဘူး။ ကြည့်ပဲကြည့်မယ်။


ရှန့်ချန် သူ့ကိုယ်သူပြောလိုက်သည်။


သူ ဘူးကိုဖွင့်လိုက်ပြီး အဖြူရောင်ဆန်ကိတ်လေးများကို အတန်းလိုက်တွေ့လိုက်ရသည်။ ၎င်းတို့က ဝက်ကလေးများနှင့်တူလေ၏။ ၎င်းက အလွန်ချစ်စရာကောင်းကာ လူများကိုပျော်ရွှင်စေသည်။ ရှန့်ချန်မှာ ၎င်းကိုကြည့်နေရင်း သူ့မျက်လုံးထဲမှနွေးထွေးသွားမှုကို သတိမပြုမိလိုက်ပေ။


ဘေးမှထိုင်ခုံဖော်ကပြောလာခဲ့သည်။ 


"ကောင်းမယ့်ပုံပဲ..."


သူကထပ်လောင်းပြောလိုက်သည်။ 


"အဲဒါကပိုပြီးတောင်အရသာရှိသေးတယ်၊ ငါမြည်းကြည့်ပြီးပြီ၊ အရသာရှိတယ်၊ ကျန်းရှီဝူအမေရဲ့လက်ရာက လက်ဖျားခါလောက်တယ်၊ ငါအရင်က

မသိခဲ့ပေမဲ့ သူကတကယ်ကိုလူကောင်းပဲ၊ ငါတို့ဒီနေ့လာတော့ ထိုင်လိုက်တာနဲ့ လူတိုင်းကို ကိတ်မုန့်လေးတွေနဲ့ဘီစကစ်လေးတွေပေးနေတာ၊ အရသာတွေအများကြီးရှိသေးတယ်၊ မင်းပြော...."


သူက ဆက်ပြီး ပေါက်ပေါက်ဖောက်နေသည်။ ရှန့်ချန်၏ မည်းမှောင်လာသောမျက်နှာကို သတိမထားမိပေ။


ဖတ်။


ဘူးလေးမှာ ခပ်ကြမ်းကြမ်းပင် အပိတ်ခံလိုက်ရတော့သည်။



☁️☁️