☁️Chapter 11
ကျန်းရှီဝူမှာ ကိုးရိုးကားရားအဖြစ်ကို မသိဘဲ သူ၏ထိုင်ခုံဖော်နှင့်စကားပြောနေခဲ့သည်။ သူမအမည်မှာ ခုန်းဝမ်ကျင်းဖြစ်လေ၏။ ပေးထားသည့်နာမည်အတိုင်းပင် သူမက ကျောင်းစာအရာတွင် ပျဥ်းမျှနှုန်းထားထက်ပင် ရမှတ်အလွန်နည်းသော မိန်းကလေးဖြစ်လေ၏။ သို့သော်လည်း သူမက စားသောက်ရသည်ကိုနှစ်သက်လေသည်။ ယခုလည်း မနက်ပိုင်းအတန်းချိန်မစသေးခင် သူမက ကိတ်မုန့်အနည်းငယ်ကိုစားပြီးပြီဖြစ်ကာ လက်ကိုသုတ်နေလေသည်။ သူမကမေးလာလေ၏။
"နင်မနေ့က ပေးလိုက်တဲ့အိမ်စာအတွက် အချက်အလက်တွေရှာခဲ့ပြီးပြီလား..."
ကျန်းရှီဝူက ခေါင်းညိတ်ပြလိုက်သည်။
"ပြီးသွားပြီ..."
မိန်းကလေးမှာ အံ့အားသင့်သွားရသည်။
"မြန်ချက်..."
ကျန်းရှီဝူ ခေါင်းလေးငုံ့ပြီး နောက်ဆုံးတစ်ကိုက်ကိုကိုက်လိုက်၏။
"ငါ့ကွန်ပျူတာနဲ့ဆိုရင် ရှာတာမြန်တယ်.."
ခုန်းဝမ်ကျင်းက မဆိုသလောက်လေး အံ့ဩသွားခဲ့သည်။
"နင့်အိမ်က ကွန်ပျူတာဝယ်ပေးထားတာလား.."
ကျန်းရှီဝူက ခေါင်းကိုအသာညိတ်ပြလိုက်သည်။
"အင်း ငါ့အဖေရုံးခန်းထဲက တစ်လုံးပါ၊ ငါ့အမေက အခုရက်ပိုင်း ငါ့ကိုစာလုပ်လာတယ်ဆိုပြီး ပေးထားကြတာ.."
သူက အလိုလိုက်ခံထားရသော ရွှေဘုံပေါ်မှသခင်လေးဖြစ်သည့်အကြောင်းကိုမမေ့သင့်သလို သူ၏ရက်ရောလှသောမိဘများကိုလည်းမမေ့ထားသင့်ပါချေ။ သူတို့ကသူ့ကို အပေါ်ယံတွင် စည်းကမ်းတင်းကျပ်ထားကြသည့်တိုင် သူလိုချင်သည့်အရာတိုင်းကိုလည်းပေးကြသည်။ ယင်းက သူ၏မောက်မာပြီး အထက်စီးဆန်သည့်အကျင့်ကို မြှောက်ပေးနေခဲ့သည်။ သို့သော် သူပြန်လည်မွေးဖွားလာခြင်းမရှိသေးသော မတိုင်ခင်ကာလများက သူ၏အကျင့်အချို့ကိုပြောင်းလဲလိုက်ရာ သူ့ကိုယ်သူပိုပြီးထိန်းချုပ်လာနိုင်ပြီး သူ၏စရိုက်ကလည်းပိုမိုနူးညံ့လာခဲ့သည်။
သို့သော်လည်း ယခုလေးတင် ခုန်းဝမ်ကျင်းပြောလိုက်သံက တိုးတိုးသက်သာမဟုတ်ပေ။ အရှေ့တန်းမှလူများက သိပ်မဝေးလှ၍ သူမ၏ အံ့အားတကြီးပြောလိုက်သံကိုကြားသွားကြသည်။ မကြာခင်မှာပင် အချို့က အနောက်သို့လှည့်လာကြလေ၏။
"တကယ်လား..."
"ဝိုး..ကျန်းရှီဝူ၊ မင်းအမေကမင်းကို အရမ်းချစ်တာပဲ..."
"လေးစားတယ်ကွာ.."
"ငါမင်းအိမ်ကိုလာပြီး ကွန်ပျူတာနဲ့ဂိမ်းကစားလို့ရမလား.."
ကျန်းရှီဝူက ရှက်နေပုံကိုပြလိုက်သည့်တိုင် ယဥ်ကျေးသောပုံစံဖြင့်တုံ့ပြန်လိုက်လေသည်။
"ရတာပေါ့၊ မင်းတို့ကစားချင်ရင် လာကစားလို့ရတယ်.."
လူတိုင်းက သူတို့ပြောနေသည့်စကားများကိုကြားသည်နှင့် ပိုပြီးစိတ်ဝင်စားလာကြသည်။ သူတို့စကားပြောနေကြစဥ်မှာပင် ကောင်လေးတစ်ယောက်က အတန်းတံခါးဝမှဝင်လာလေသည်။ သခင်လေးကျိပေ့ချွန်ပင်ဖြစ်လေ၏။ ဖုန်းနှစ်လုံးအသိမ်းခံရပြီးတိုင် ထိုသူက ပေါ့ပါးနေဆဲဖြစ်ပြီး ခြေလှမ်းကျယ်ကြီးများဖြင့်လျှောက်လာလေသည်။ ကျန်းရှီဝူကို လှောင်ပြောင်လိုသောသဘောဖြင့် တစ်ချက်မျှကြည့်လာသေး၏။ သို့ရာတွင် နာမည်သိပ်မကြီးသေးသောကျန်းရှီဝူက ယခုမူ လူဝိုင်းခံနေရလေသည်။ ကျောင်းသားများ၏ချီးမွမ်းခံနေရသူမှာ သူသာဖြစ်သင့်ပြီး ကျန်းရှီဝူမဖြစ်သင့်ပေ။
ကျိပေ့ချွန်က သူ့ခုံတွင်ထိုင်ကာ သူ့လက်ကောက်ဝတ်မှ အီလက်ထရောနစ်နာရီလေးကို မမြင်ကြမှာစိုးရိမ်သလိုဖြင့် လက်တို့ကိုချဲထားလေသည်။ ထိုအချိန်က ကလေးဝတ်အီလက်ထရောနစ်နာရီများက အလွန်အမင်းရှားပါးပြီး ဖုန်းထက်ပင် တွေ့ရနည်းသေးသည်။ သို့သော်လည်း သူ၏ထိုင်ခုံဖော်က သူ့ကိုစိတ်မဝင်စားပေ။ သူဝင်လာသည်ကိုတွေ့သည်နှင့် လှည့်ပြီး အားရဝမ်းသာပြောလာလေသည်။
"မှန်းကြည့်စမ်း၊ ကျန်းရှီဝူရဲ့မိဘတွေက သူ့ကိုကွန်ပျူတာဝယ်ပေးထားတယ်တဲ့..."
ကျိပေ့ချွန်၏ ကြွားဝါးလိုမှုတို့က အနည်းငယ်အေးခဲသွားခဲ့သည်။
အတန်းဖော်ကမနာလိုဖြစ်နေလေ၏။
"ငါတို့အတန်းထဲမှာ တချို့တလေပဲ ကွန်ပျူတာရှိကြတာ.."
ကျိပေ့ချွန်၏အိမ်က အတန်းထဲတွင် အကြီးဆုံးပင်ဖြစ်သည်။ သူ့အိမ်အနောက်တွင် လျိုဟန်၏အိမ်ကဒုတိယလိုက်ခဲ့သည်။ ယခု ကျန်းရှီဝူ၏အိမ်တွင် ကွန်ပျူတာရှိသွားပြန်ပြီ။ သို့သော်လည်း သူ၏မီးမောင်းက အလုခံလိုက်ရလေရာ အပျော်အပါးလိုက်စားသောသခင်လေးက သည်းမခံတော့ပေ။
ကျိပေ့ချွန်က ခပ်တိုးတိုးနှာမှုတ်လိုက်ပြီး အတန်းဖော်ကိုပြရန်အတွက် နာရီမှအလင်းထွက်သောခလုတ်ကိုနှိပ်ပြလိုက်သည်။ သူနံပါတ်တစ်ခုကိုနှိပ်လိုက်သည့်အခါ ဖုန်းခေါ်နေသောမျက်နှာပြင်ထွက်လာပြီး အတန်းဖော်တိတ်တိတ်လေးသိမ်းထားသောဖုန်းက အသံမြည်လာလေ၏။
"ဝိုး...အဲဒါဘာလေးလဲ..."
သေချာပေါက်ပင် ထိုင်ခုံဖော်က ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
ကျိပေ့ချွန်က ဂုဏ်ယူနေဟန်ဖြင့်ကြွားလေတော့၏။
"ငါ့အဖေရဲ့ကုမ္ပဏီက အသစ်ထုတ်လိုက်တာ၊ ကလေးဝတ် လျှပ်စစ်နာရီ၊ တရားဝင်မကြေညာရသေးဘူး၊ မင်းအရင်ကမမြင်ဖူးသေးတာပုံမှန်ပါပဲ၊ ဒါကနောက်ဆုံးမော်ဒယ်လေ၊ မင်းအနေနဲ့ ဖုန်းခေါ်ပြီးမက်ဆေ့ချ်လည်းပို့လို့ရတယ်..."
အားလုံးက စပ်စုချင်၍ ရောက်လာကြလေသည်။
မနက်ပိုင်းစာဖတ်ချိန်က တရားဝင်မစရသေးသောကြောင့် စကားပြော၍ရနေသေးသည်။ ကျိပေ့ချွန်က တမင်တကာ အသံကိုမြှင့်ပြောလိုက်သည်။
"ငါအခုတော့ ကွန်ပျူတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ဂရုမစိုက်တော့ဘူး..."
ဖွီး....
ကျန်းရှီဝူမှာ မရယ်ဘဲမနေနိုင်တော့ပေ။ ဒီကလေးက ဒီလောက်လည်းမဆိုးသွမ်းပါဘူး။ ပိန်းရုံလေးပါပဲ။
ကျိပေ့ချွန်က ဒေါသတကြီးလှည့်ကြည့်လေသည်။
"မင်းကဘာကိုရယ်တာလဲ...."
ကျန်းရှီဝူက စာအုပ်ကိုကောက်ကိုင်ပြီး စာရွက်တို့ကိုလှန်နေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ မင်းနားကြားမှားတာပါ၊ ငါမင်းနဲ့စကားမပြောချင်ဘူး၊ ငါ့ကိုမနှောင့်ယှက်နဲ့၊ မြင့်မြတ်တဲ့သခင်လေး..."
နောက်ဆုံးစကားနှစ်လုံးဖြစ်သော သခင်လေး ဆိုသည့်နေရာတွင် ကျန်းရှီဝူက စိတ်အနှောင့်အယှက်ဖြစ်နေမှုအပြည့်ဖြင့် တစ်လုံးချင်းပြောလိုက်သည်။
ကျိပေ့ချွန်၏မျက်နှာက တခဏမျှရှုံ့တွသွားကာ သူက "bah" ဟုလုပ်ပြလိုက်သည်။
"မင်းစာလုပ်ပြနေလည်း မင်းအဆင့်ကဘိတ်ချီးပဲ၊ အလွန်ဆုံးဖြစ်မှ နောက်ဆုံးကရေရင်ဒုတိယပေါ့၊ မင်းသုံးဆယ်အနားကိုမကပ်နိုင်ရင်တောင် စာကြိုးစားနေလည်းအပိုပဲ..."
ကျန်းရှီဝူကလှောင်ချင်လျှင်ပင် ပဲများသည့်ကောင်ဟုသာပြောတတ်သည်။ ယခင်ဘဝက သူအကြာကြီးရန်ဖြစ်ခဲ့ရပြီးပြီ။ ယခုမူ သူကခုံတွင် အေးအေးချမ်းချမ်းထိုင်နေနိုင်လေသည်။ သူတကယ်ပင် အရွယ်ရောက်သွားခဲ့ပြီ။
ဘန်း။
စာအုပ်များက စားပွဲပေါ်တွင်ထပ်သွားခဲ့သည်။
ကျန်းရှီဝူက မျက်ခုံးပင့်ကာပြောလိုက်သည်။
"ငါ ထိပ်ဆုံးအယောက်သုံးဆယ်ကိုဝင်ရင် မင်းဘာလုပ်မလဲ..."
ကျိပေ့ချွန်ကလှောင်ပြုံးပြုံးပြလိုက်သည်။
"အဲဒါဆို ငါလူတိုင်းအရှေ့မှာ ခွေးလိုဟောင်ပြမယ်.."
"မင်းစကားကို မှတ်ထားလိုက်ပြီ..."
ဆုံးဖြတ်ချက်ချလိုက်သည့်အရှိန်က ဒုံးပျံတစ်စင်းနှင့်ပင်ယှဥ်နိုင်သည်။ ကျိပေ့ချွန်ဘက်မှ မတုံ့ပြန်လာတော့၍ ထိုကိစ္စကရှင်းပြီးသားဖြစ်သွားခဲ့လေ၏။ ကိုယ်ပိုင်စာကြည့်ချိန်အတန်းကစနေပြီဖြစ်ပြီး သူ့အကြည့်ကိုသတိထားမိသွားသည်နှင့် ကျိပေ့ချွန်က မျက်ခုံးပင့်ကာ သူ့ကိုကြည့်လာသည်။ ပါးစပ်ထောင့်တွင် အပြုံးလေးတစ်ပွင့်ပေါ်လာခဲ့လေ၏။
ကျိပေ့ချွန်မှာ အလိမ်ခံလိုက်ရသလိုခံစားနေရသော်လည်း ကျန်းရှီဝူ၏စုတ်ပြတ်နေသောအဆင့်က စာကိုအသေအလဲတွန်းကျက်လျှင်ပင် တိုးတက်လာမည်မဟုတ်ကြောင်းတွေးလိုက်မိသည်။ နောက်စာမေးပွဲက လဝက်ပင်မကြာတော့ပေ။ အတန်းထဲတွင် လူခြောက်ဆယ်နီးပါးရှိသည်။ ထိပ်ဆုံးအယောက်သုံးဆယ်ကိုရောက်ရန်မှာ မည်သို့များလွယ်ကူပါမည်နည်း။
........
ကျန်းရှီဝူမှာ တနေ့လုံး ခေါင်းကိုက်နေခဲ့သည်။
သူ တစ်ခုခုကိုမေ့နေသည်ဟုခံစားရသည်။ ထိုကိစ္စက အလွန်အရေးကြီးကြောင်း ရေးရေးမျှသိနေသော်လည်း ဘာမှန်းသေချာမမှတ်မိပေ။ ထိုအရေးပေါ်အတွေးက ကျန်းရှီဝူကို တနေကုန်ခေါင်းမူးအောင်လုပ်နေခဲ့သည်။
နေ့လည်မတိုင်ခင်အထိ။
ကျန်းရှီဝူ ကော်ရစ်တာတွင် တံမြက်စည်းလှည်းနေခဲ့သည်။ မနေ့က သူနှင့်ရှန့်ချန်တို့က သူငယ်ချင်းဆက်ဆံရေးကို တည်ထောင်လိုက်နိုင်ခဲ့သည်။ တံမြက်စည်းလှည်းပြီးနောက် သူပူလာသည်။ ရှန့်ချန်ကအသန့်ကြိုက်မှန်းသူသိနေသည်။ မသုံးလျှင်ပင် သူ့ကိုယ်ပေါ်တွင် တစ်ရှူးဆောင်ထားတတ်သည်။ သူလှမ်းမေးလိုက်၏။
"ဟေ့ ငါ့ကိုတစ်ရှူးတစ်ရွက်ပေးပါလား..."
ရှန့်ချန်က သန့်ရှင်းရေးပစ္စည်းများကို လက်ထဲတွင်ကိုင်ထားရင်း အေးစက်စက်ပင်ပြန်ပြောလာလေ၏။
"ကိုယ်ဟာကိုယ်လာယူ..."
ကျစ်...ရက်စက်လိုက်ပုံများ။
ကျန်းရှီဝူက အနည်းငယ်တင်းမာနေမှုကို သတိပြုမိလိုက်သည်။ ရှန့်ချန်ကသူ့ကိုအမြဲအေးစက်စက်ဆက်ဆံတတ်သော်လည်း သူ့ဘက်မှ ၎င်းကိုနေတတ်နေပြီဖြစ်သည်။ သို့သော်လည်း ပြောရမည်ဆိုလျှင် ဤတစ်ကြိမ်ခံစားချက်ကကွဲပြားနေသည်။ ယနေ့အေးတိအေးစက်ဖြစ်နေပုံက မနေ့ကနှင့်မတူပေ။ အေးစက်ပုံက အဓိပ္ပါယ်တစ်မျိုးရှိနေသည်။
စိတ်ဆိုးနေသည့်ပုံစံပင်။
ထူးဆန်းတယ်။
သူဒီနေ့ ရှန့်ချန်ကိုရန်စလိုက်မိသေးတာလား။
မနက်က ကိတ်ပေးတာကိုမရလိုက်လို့များလား။
ကျန်းရှီဝူ အသနားခံလိုက်သည်။
"ငါယူလာဖို့မေ့သွားလို့ပါ.."
ရှန့်ချန်ကသူ့ကိုလျစ်လျူရှုနေပြီး လုပ်လက်စအလုပ်ကိုသာဆက်လုပ်နေလေ၏။ သူတို့ သန့်ရှင်းရေးသုံးပစ္စည်းများအားလုံးကို ပြန်ပို့ပေးရန်လုပ်ထားသော်လည်း ထိုသူက သူ့ပစ္စည်းကိုသာယူသွားပြီး တဗီးဗီးမြည်နေသောစက်သံထက် ပိုစိတ်ရှုပ်စရာကောင်းသောအသံက သူ့နားထဲတွင်ပေါ်လာခဲ့သည်။
"ရော့ ငါ့ပစ္စည်းတွေကိုပါယူသွားလိုက်.."
"အိုး..."
ဆယ်မိနစ်ကြာပြီး၍ ရှန့်ချန် အပေါ်ထပ်မှဆင်းလာချိန်တွင် ရှန့်ချန်က မဝေးလှသောလမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး မြေကြီးပေါ်မှပုရွက်ဆိတ်များလျှောက်သွားနေသည်ကို ထိုင်ကြည့်နေသော ကျန်းရှီဝူကိုတွေ့လိုက်ရလေသည်။ ရာသီဥတုကပူနေသောကြောင့် သူက အင်္ကျီလက်ကိုခေါက်တင်ထားခဲ့ပြီး ချစ်စရာကောင်းသောလက်မောင်းလေးက ကျပ်ထုပ်နေလေသည်။ ကြာပန်းနှင့်တူသော မျက်နှာဖြူဖြူလေးက အနီတလွှာဖုံးနေ၏။ တံမြက်စည်းလှည်းလိုက်ရပြီး ပူနေ၍ဖြစ်နိုင်ကာ အလွန်ရယ်စရာကောင်းနေခဲ့သည်။
ရှန့်ချန်က ထိုသူရှိရာသို့လျှောက်သွားလိုက်သည်။
"ဒီမှာဘာလုပ်နေတာလဲ..."
"ငါပုစ္ဆာတစ်ပုဒ်ကိုစဥ်းစားနေတာ၊ မနေ့ကအစမ်းဖြေတဲ့မေးခွန်းထဲမှာ မေးခွန်းကြီးတစ်ပုဒ်ပါလာတယ်၊ ပြီးတော့ ဘယ်လိုတွက်ရမလဲဆိုတာ ငါလည်းမသိဘူး၊ ငါကသင်္ချာညံ့တယ်ဆိုတာမင်းလည်းသိပါတယ်၊ ငါလည်းမင်းလောက်ဉာဏ်ကောင်းရင်ကောင်းမှာပဲ၊ ငါတကယ်နားမလည်တာ..."
ကျန်းရှီဝူက ရေရွတ်နေသည်။ သူကမတ်တပ်ရပ်လိုက်ပြီး ရှန့်ချန်ကိုပြောလိုက်လေ၏။
"ငါဒီမှာဆောင့်ကြောင်ထိုင်နေတာ မြင်လွယ်တယ်မလား၊ ဒီလိုဆိုတော့လည်း မင်းထွက်လာတာနဲ့ငါ့ကိုမြင်ရတာပေါ့..."
ရှန့်ချန်က တခဏမျှတိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလာခဲ့သည်။
"မျက်နှာပြောင်ကလည်းတိုက်တတ်တာပဲ၊ လမ်းဘေးမှာထီးထီးကြီးရပ်နေတာမျိုးမပြောနဲ့၊ ငါ့ရှေ့မှာရပ်နေရင်တောင် သတိမထားမိဘူး..."
"......"
ကျန်းရှီဝူ မျက်နှာပေါ်မှချွေးတို့ကို သုတ်ချင်နေပြန်သည်။
ရှန့်ချန်က အိတ်ကပ်ထဲမှ တစ်ရှူးအသန့်ကိုထုတ်ပြီး သူ့ကိုပစ်ပေးလိုက်သည်။
"သန့်သွားအောင်သုတ်လိုက်..."
ကျန်းရှီဝူက အနည်းငယ်အံ့ဩသွားခဲ့သည်။ သူငှားမယ်လို့မပြောခဲ့ပါဘူး။ ရုတ်တရက်ကြီးဘာလို့ တစ်ရှူးလာပေးနေတာလဲ။ သူ့ခမျာ အတွေးများအကြား၌မြုပ်နေပြီး ရှန့်ချန်ကိုတုံ့ဆိုင်းစွာဖြင့်ကြည့်လိုက်ကာ နေရာတွင် တုံးအစွာဖြင့်ရပ်နေမိလေ၏။
ရှန့်ချန်က မျက်လွှာပင့်ပြီး သူ့ကိုကြည့်လာသည်။
"ငါမင်းကိုသုတ်ပေးလာမယ့်အထိစောင့်နေတာလား..."
"မဟုတ်ပါဘူး.."
ကျန်းရှီဝူ တစ်ရှူးကိုယူလိုက်ပြီး ခေါင်းငုံ့ကာ သူ့မျက်နှာကိုသုတ်လိုက်လေ၏။ တစ်ရှူးကို သူ့မျက်နှာပေါ်တင်လိုက်ချိန်တွင် သူ့ဦးနှောက်က ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူတမနက်လုံး ဗျာများနေရပြီး မေ့နေခဲ့သည့်ကိစ္စက ရုတ်တရက်ပေါ်လာခဲ့သည်။ သူ တစ်ခုခုမှားနေသလိုခံစားနေခဲ့ရသည်မှာ မထူးဆန်းတော့ပေ။
ယနေ့က ထိုနေ့ဖြစ်နေခဲ့သည်။
ယခင်ဘဝက ဆယ့်လေးနှစ်အရွယ်ကောင်လေးရှန့်ချန်ရိုက်နှက်ခံထားရသည့် ဓာတ်ပုံအကြောင်း ကျောင်းတွင်ပျံ့သွားခဲ့သည့်ကိစ္စကို သူမှတ်မိလိုက်သည်။ ကောင်လေးပုံစံက အလွန်စိုးရိမ်စရာဖြစ်နေ၍ လမ်းသွားလမ်းလာအချို့က သူ့ကိုဆေးရုံပို့ပေးလိုက်ရ၏။
ထိုနေ့က ရှန့်ချန်အမေကိုရှာမတွေ့သော အကြွေးရှင်တစ်ယောက်က ကျောင်းဆင်းချိန်တွင် သူ့ကိုလမ်းပိတ်ထားခဲ့သည်။
ထိုနေ့တွင်ဖြစ်ခဲ့သည့်ကိစ္စကြောင့် ရှန့်ချန်၏မိသားစုအကြောင်းကို တကျောင်းလုံးသိသွားခဲ့၍ ကျေးဇူးတင်စရာပင်ဖြစ်လေ၏။ ကောလဟာလများနှင့်ပြောစရာများလည်းဖြစ်ခဲ့သည်။ မိဘများက သူတို့ကလေးများကို ရှန့်ချန်နှင့်ဝေးဝေးနေရန်ပြောခဲ့ကြသည်။ ကျောင်းသားများက အရှုပ်အထွေးထဲ၌ ဝင်ပါမိသွားကြမည်ကိုစိုးရိမ်နေခဲ့ကြသည်။
နှစ်ဝက်တလျှောက်လုံး ရှန့်ချန်မှာ တစ်ယောက်တည်းဖြစ်နေခဲ့သည်။
လူတိုင်းကသူ့ကို မြွေတစ်ကောင်လို၊ ကင်းကောင်တစ်ကောင်လို ရှောင်ဖယ်သွားကြသည်။ သူက အန္တရာယ်ရှိနေသည့်လူတစ်ယောက်ဖြစ်နေလျှင်ပင် အမှားလုပ်ခဲ့သူက ဤဆယ့်လေးနှစ်အရွယ်ကောင်လေး လုံးဝမဟုတ်ခဲ့သည်ကို မေ့သွားခဲ့ကြသည်။ တကယ့်မြွေနှင့်ကင်းကောင်အစစ်က သူ့အမေပင်ဖြစ်လေ၏။
ရှန့်ချန်က တစ်ကြိမ်လေးမျှ အကြောင်းပြချက်မပေးဘဲ တစ်ယောက်တည်းသည်းခံနေခဲ့ရပြီး နှစ်အကြာကြီးကို တစ်ယောက်တည်းဖြတ်ကျော်ခဲ့ရရှာသည်။
ထိုအကြောင်းကိုတွေးမိသည့်အခါ ကျန်းရှီဝူ၏နှလုံးသားကတင်းကျပ်သွားခဲ့သည်။ သူက ရုတ်တရက်လက်မြှောက်ကာ အော်ခေါ်လိုက်မိ၏။
"ရှန့်ချန်...."
ဘေးတွင်ရပ်နေသောရှန့်ချန်က သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လာသည်။
ထိုအချိန်မှပင် အတန်းခေါင်းလောင်းသံမြည်လာပြီး ကျန်းရှီဝူ၏အတွေးတို့ကိုနှောင့်ယှက်လိုက်တော့သည်။
ရှန့်ချန်: "ငါမင်းကိုပေးလိုက်တာ၊စာရွက်ကို ပြန်ပေးမနေနဲ့တော့..."
ပြောပြီးသည်နှင့် ထိုသူက စာသင်ခန်းရှိရာဘက်သို့ တန်းပြီးလျှောက်သွားလေတော့သည်။
"....."
တနေ့ခင်းလုံး ကျန်းရှီဝူ၏စိတ်အခြေအနေက ရှုပ်ထွေးနေခဲ့သည်။ တဖက်တွင် ရှန့်ချန်၏ကိစ္စများ၌ဝင်မရှုပ်တော့မည့်အကြောင်း သူ့ကိုယ်သူကတိပေးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်လိုက်၏အဝေးတွင်နေခြင်းက ပိုကောင်းပါသည်။
သူက အသားပြည့်ပြီးဖက်တီးဖြစ်နေသော်လည်း အရိုက်ခံရသည့်ကိစ္စမျိုးဆိုလျှင် သည်းမခံတတ်ပေ။ ထို့အပြင် တဖက်လူကလည်း လူတစ်စု၏အလှောင်ခံဖြစ်လာရမည့်သူ လုံးဝမဟုတ်ပေ။ သူဝင်ပါလိုက်လျှင် သူတို့ကသူ့ကိုပါ ပစ်မှတ်ထားလာကြလိမ့်မည်။
ဆရာမကိုပြောလိုက်ရမလား။ မိဘတွေကိုရှာလိုက်ရမလား။
သူတို့ကယုံပါ့မလား။
ကျန်းရှီဝူမှာ သူက ယခင်ဘဝတွင်မဟုတ်တော့ကြောင်း သူ့ကိုယ်သူသတိပေးနေရသည်။ ရှန့်ချန်လည်းအသက်ရှင်နေသေးတယ်မဟုတ်လား။
လျိုဟန်က အနောက်မှရောက်လာပြီး ကျန်းရှီဝူကိုပုတ်လိုက်သည်။
"အစ်ကိုကြီး ကျောင်းဆင်းတော့မယ်၊ ဒီမှာဘာလုပ်နေသေးတာလဲ၊ မင်းကတကယ်ငတုံးလား..."
ကျန်းရှီဝူက အသိစိတ်ပြန်ကပ်သွားပြီး လူအများအပြားက တကယ်ထွက်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူက မတ်တပ်ထရပ်လိုက်ပြီး ကျောပိုးအိတ်ကို စလွယ်လိုက်သည်။ သူ့ဘေးကလျိုဟန်က ကြမ်းပြင်ပေါ်မှအစမ်းမေးခွန်းကိုကောက်ကာပြောလာလေ၏။
"မင်းစာရွက်ကျနေတယ်..."
ကျန်းရှီဝူကပြောလိုက်သည်။
"ဘာ...."
"ဒီမနက်က ကမ်းပေးတဲ့ သင်္ချာစာရွက်..."
လျိုဟန်က စာရွက်ကိုလှန်ကြည့်ပြီး အနောက်ကိုပါကြည့်လိုက်သည်။ သူက မဆိုသလောက် အံ့အားသင့်သွားပုံရသည်။
"ဟေ့ ဒီလောက်ခက်တဲ့မေးခွန်းကို မင်းဟာမင်းမှန်အောင်တွက်နိုင်တာလား..."
?!
ကျန်းရှီဝူက ဇဝေဇဝါဖြစ်သွားခဲ့သည်။ သူက အစမ်းစာရွက်ကိုယူလိုက်ပြီး လှန်ကြည့်လိုက်သည်။ အနောက်ဘက်တွင် တကယ်ပင်ပုစ္ဆာရှိနေခဲ့၏။ သူရေးထားသည့်အဖြေကမှားနေသော်လည်း ဘေးတွင် အဖြေမှန်ကိုရေးထားခဲ့သည်။ မှင်အရာက အနည်းငယ်ပြတ်သားနေ၏။ တွက်ထားသည့်ဖော်မြူလာက ရိုးရှင်းတိကျသည်။ အစမှအဆုံးအထိ အကြမ်းသာတွက်ထားပြီး ပုံသေနည်းနှင့်အဖြေလည်း အပြည့်အစုံပါနေလေသည်။
လျိုဟန်ကပြောလာခဲ့သည်။
"အတန်းကိုယ်စားလှယ်ရဲ့လက်ရေးနဲ့တူတယ်၊ သူက ဘာလို့မင်းကိုအမှန်ပြင်ပေးထားတာလဲ..."
လက်ရေးက ၎င်း၏ပိုင်ရှင်အတိုင်းပင်ဖြစ်ပြီး ရှန့်ချန်၏လက်ရေးက သူနှင့်အတူတူပင်။ ထိမိပြတ်သားလေသည်။ သေသပ်လှသောလက်ရေးကိုကြည့်ရင်း ကျန်းရှီဝူ၏အတွေးတို့က နေ့လည်ကအချိန်ကိုပြန်ရောက်သွားခဲ့သည်။ လမ်းဘေးတွင်ရှိနေစဥ်က သူပြောခဲ့သည်။
"ငါဒီမှာဆောင့်ကြောင့်ထိုင်ပြီး ပုစ္ဆာကိုစဥ်းစားနေတာ၊ အဲဒီမှာပုစ္ဆာကြီးတစ်ပုဒ်ရှိတယ်..."
ထိုစဥ်က သူက သာမန်အတိုင်းပြောလိုက်ရုံသာဖြစ်ပြီး ရှန့်ချန်ကလည်း အလေးအနက်မတွေးခဲ့သောကြောင့် ကျန်းရှီဝူကလည်းစိတ်ထဲမထားနေတော့ပေ။
သို့သော်လည်း ရှန့်ချန်က အမှတ်ရနေလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ လူများက ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးလုပ်တတ်ကြသည်။ အချို့လူများက နွေးထွေးပြီး အပြင်တွင်ချောမောကြသည်။ သို့သော်လည်း စိတ်အတွင်းပိုင်းကမူ မည်းမှောင်ပြီးတကိုယ်ကောင်းဆန်ကြသည်။ အချို့ကမူ အေးစက်ပြီး လူသားမဆန်ကြသော်လည်း သာမန်အတိုင်းပြောလိုက်သော အသေးအမွှားကိစ္စလေးကိုပင် မှတ်မိနေကြပေလိမ့်မည်။
☁️☁️