Chapter 12
Viewers 620

☁️Chapter 12




လျိုဟန်က ဆက်လက်ငြီးတွားနေဆဲ။ 


"ပြောတော့မှ အရင်တစ်ခါကကိစ္စအတွက် ငါတကယ်စိတ်မကောင်းပါဘူး၊ မင်းရော၊ အတန်းတာဝန်ခံကိုရော၊ အင်တာနက်ကဖေးကိစ္စတစ်ခုလုံးအတွက်ကိုရောပေါ့၊ ငါကသူငယ်ချင်းကောင်းမပီသခဲ့ဘူး၊ ငါကမင်းတို့နှစ်ယောက်ကို ထမင်းတစ်နပ်ဝယ်ကျွေးဖို့ ပြောချင်နေခဲ့တာ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ရှန့်ချန်က အေးစက်စက်နဲ့၊ ငါမပြောရဲဘူး၊ မင်း..."


ကျန်းရှီဝူက အစမ်းအဖြေလွှာကို လွှင့်ပစ်လိုက်ပြီး လျိုဟန်ကိုလှည့်ကြည့်လာသည်။ သူကခပ်မြန်မြန်ပြေးထွက်သွားခဲ့လေ၏။ 


"သွားမယ်..."


လျိုဟန်က မျက်လုံးပြူးသွားခဲ့သည်။ 


"ဘယ်သွားမှာလဲ..."


"မင်းဘက်က ကျေးဇူးပြန်ဆပ်ဖို့အချိန်ရောက်ပြီ..."


"......."


ညအချိန် ကန်းယွမ်မြို့၏ကောင်းကင်တွင် ကြယ်အပြည့်ဖြစ်နေလေသည်။ ဤခေတ်တွင် ကြိုးမဲ့ကွန်ရက်စနစ်ကမထွန်းကားသေးပေ။ အိမ်သုံးတီဗွီများမှာ ထုတ်လွှင့်လာသောသတင်းများကိုကြည့်ရန်အတွက် စလောင်းများကို အသုံးပြုနေရသေးသည်။ လူများက သူတို့၏ထိုင်ခုံလေးများကိုယူလာရသည်။ မဟုတ်ပါက စူပါမားကတ်အရှေ့တွင်ရပ်ကာ ရုပ်ရှင်ကြည့်ကြရသည်။


ညကိုးနာရီ။ ရှန့်ချန်က စားသောက်ဆိုင်မှပြန်လာပြီး အိမ်ကိုဦးတည်ကာပြန်လာလေသည်။


လမ်းကြားလေးထဲတွင် ညအချိန်လည်း လူအချို့ရှိနေဆဲဖြစ်ပြီး အချိန်တိုင်း ပုရစ်လေးများ၏အော်သံကိုကြားရတတ်သည်။ သူက လမ်းမပေါ်တွင် အနက်ရောင်ကျောပိုးအိတ်ကိုလွယ်ရင်းလျှောက်လာလေ၏။ သူ့ခြေလှမ်းတို့က တည်ငြိမ်နေခဲ့သည်။ လမ်း၏နှစ်ဖက်စလုံးတွင် ဆေးလိပ်သောက်နေကြသော အနက်ရောင်သားရေဂျက်ကပ်နှင့်လူအများအပြားရပ်နေပြီး မသာမယာမျက်နှာတို့ဖြင့်စောင့်မျှော်နေကြလေသည်။


ရှန့်ချန်ကသူတို့ကို အေးအေးလူလူပင်ကြည့်လိုက်ပြီး အရှေ့သို့ဆက်လျှောက်သွားလေသည်။


သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အရင်ဆုံးပြောလာလေသည်။ 


"မင်းက ကောချန်ရဲ့သားမဟုတ်လား..."


ရှန့်ချန်က လမ်းလျှောက်နေရာမှရပ်လိုက်ပြီး သူတို့ကိုလှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားငါးယောက်က ဆယ်ကျော်သက်လေးထက်အရပ်ပိုရှည်ပြီး သူ့ထက်ပိုသန်မာကြသော်လည်း ရှန့်ချန်က အကြောက်အလန့်မရှိဘဲ ထိုနေရာတွင်ပင် အေးအေးဆေးဆေးရပ်နေခဲ့သည်။


"ကျစ် မဆိုးဘူးပဲ..."


သက်လတ်ပိုင်းအရွယ်အမျိုးသားက ပါးစပ်ထဲတွင် စီးကရက်ကိုက်ထားရင်း ဖြည်းညှင်းစွာဖြင့်လျှောက်လာကာ မျက်ခုံးပင့်လိုက်သည်။ 


"ငါတို့မင်းကိုဘာလို့လိုက်ရှာနေတာလဲဆိုတာ သိလား..."


ဘေးမှအမျိုးသားအချို့ကလည်း ဝိုင်းလာပြီး သူတို့ပါးစပ်မှစပြောလာသည့်စကားမှာ:


"မင်းအမေက ငါတို့အပေါ်အကြွေးတင်နေတယ်ဆိုတာ မင်းသိလား..."


"သူကမင်းမှာ ပိုက်ဆံရှိတယ်လို့ပြောတယ်.."


"ညီအစ်ကိုလေး ငါတို့မင်းကိုအရှက်မကွဲစေချင်ပါဘူး၊ ပိုက်ဆံပဲထုတ်ပေးလိုက်တာနဲ့ ငါတို့ကထွက်သွားမှာပါ.."


ရှန့်ချန်က ခပ်အေးအေးပင်ပြန်ပြောလိုက်သည်။ 


"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး..."


သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆဲရေးလေတော့၏။


 "အဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေတာကိုရပ်လိုက်၊ မင်းမှာပိုက်ဆံမရှိရင် ကျူရှက်တက်ဖို့ပိုက်ဆံကိုဘယ်ကရမှာလဲ..."


ရှန့်ချန်ကမပြောနေတော့ဘဲ ခေါင်းလှည့်ပြီး တဖက်ကိုလျှောက်သွားလေသည်။ အခြားသူများက သူ့ရည်ရွယ်ချက်ကိုသိသွားပုံရပြီး သူ့ကိုဝိုင်းထားလိုက်ကြလေတော့၏။


"ညီလေး ငါတို့ကိုပိုက်ဆံမပေးဘူးဆိုရင် ငါတို့ကိုရိုင်းလို့ဆိုပြီးအပြစ်မတင်ပါနဲ့..."


"အိတ်ထဲမှာလား..."


"ငါတို့ကြည့်ရအောင် ပြစမ်းပါဦး.."


တစ်ယောက်က ရှန့်ချန်၏အိတ်ကိုရှာချင်သည့်ဟန်ဖြင့် လက်ဆန့်လာသည်။ ရှန့်ချန်၏မျက်ဆံနက်တို့က သူ့ပုခုံးပေါ်မှကျော်ကာ စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းလက်သီးဆုပ်လိုက်သည်။ ရှန့်ချန်၏ ခုခံကာကွယ်သည့်ပုံစံက အလွန်ပေရာ်ဖက်ရှင်နယ်ကျနေလိမ့်မည်ဟု မည်သူကမှ အနည်းငယ်ပင်မသိထားခဲ့ကြပေ။ ပြိုင်ဘက်ကသာ သတိမထားဘဲ ရှေ့တိုးလာပါက သူ့ဘက်မှ တစ်ချက်ထိုးမိလိမ့်မည်မှာ ဧကန်မုချပင်။


"အတန်းတာဝန်ခံ..."


လမ်းကြားလေးအဆုံးမှ အော်သံတစ်သံထွက်လာခဲ့လေ၏။


ကျန်းရှီဝူက ကျောပိုးအိတ်ကိုလွယ်ထားရင်း လေတိုက်လိုက်သလိုရောက်လာလေသည်။ သူက ခပ််မြန်မြန်ပင်ရောက်လာခဲ့ပြီး ရှန့်ချန်ထံသို့လက်ဆန့်ထားသူထံ တန်းတန်းမတ်မတ်ပြေးဝင်သွားခဲ့သည်။ အမြောက်ဆံလိုပင် သူ့ခန္ဓာကိုယ်အလေးချိန်နှင့်အရှိန်ကိုသုံးပြီး လူများကိုလွင့်သွားအောင် တိုက်ထုတ်ပစ်လိုက်သည်။ အနောက်မှဆေးလိပ်သောက်နေသောအစ်ကိုကြီးခမျာ ကြားဖြတ်အနှောင့်အယှက်ဝင်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့လေရာ သတိလက်လွတ်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားလေတော့သည်။


"အား..."


မြင်ကွင်းကရှုပ်ထွေးနေခဲ့သည်။ ဤကလေးက မည်သည့်နေရာမှရောက်လာမှန်း သူတို့လည်းမသိကြတော့ပေ။


ကျန်းရှီဝူ ကြမ်းပြင်ပေါ်မှထကာ ရှန့်ချန်ကို အမြန်လှည့်ပြောလိုက်သည်။ 


"ငါရဲကိုဖုန်းခေါ်ပြီးသွားပြီ၊ ရဲတွေရောက်လာတော့မယ်၊ သူတို့ကိုမကြောက်နေနဲ့..."


ခေါင်းဆောင်အစ်ကိုကြီးက ဒေါသတကြီး ဆဲဆိုလေသည်။


 "အား....အကောင်စုတ်လေး၊ မင်းယုံယုံမယုံယုံ အား...."


ကျန်းရှီဝူ ထိုသူ၏မျက်နှာကို လွယ်အိတ်နှင့်အားကုန်သုံးပြီး ပစ်ပေါက်လိုက်သည်။


 "ခင်ဗျားကြီး ထပ်ပြောကြည့်၊ ထပ်ပြောကြည့်..."


အသက်ကြီးကြီးနှင့်အမျိုးသားကိုရိုက်နှက်နေစဥ် ရဲကားသံကို အဝေးမှ ပျပျလေးကြားလိုက်ရလေ၏။ ညအချိန်ဖြစ်နေ၍ အချက်ပြမီးရောင်ကို မဝေးလှသောသစ်ပင်ရိပ်များမှအောက်မှ မြင်နိုင်လေသည်။ ရဲကားအသံတို့က ဖြည်းဖြည်းချင်းနီးကပ်လာခဲ့သည်။


အသက်ကြီးကြီးနှင့်အမျိုးသားက အနည်းငယ်ပျာယာခတ်သွားလေတော့သည်။ 


"အစ်ကိုနှစ် ရဲကားသံထင်တယ်..."


ခေါင်းဆောင်ဖြစ်သူမှာလည်း အခြားသူများကြောင့် ဤအလုပ်ကိုစွန့်စားပြီးလုပ်ကိုင်နေရခြင်းဖြစ်လေ၏။ တကယ်တမ်းတွင် သူလည်းရဲစခန်းကိုမသွားချင်ပေ။ သူ့ခမျာ မနည်းအားယူကာရပ်လိုက်ရပြီး ကျန်းရှီဝူကို စိမ်းစိမ်းကားကားဖြင့်ကြည့်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန့်ချန်ကအခြားသူများ၏အတွေးကိုခန့်မှန်းကြည့်လိုက်ပြီး ကျန်းရှီဝူကို သူ့ဘေးသို့ဆွဲလိုက်ကာ ဒေါသထွက်နေသောအမျိုးသားကို ပိတ်ရိုက်လိုက်သည်။


ကျန်းရှီဝူ ရှန့်ချန်၏လက်မောင်းနှင့်တိုက်မိသွားပြီး ခါးကိုအဖက်ခံလိုက်ရသည်။


အမျိုးသားအုပ်စု၏ ဆဲဆိုရင်းထွက်ပြေးသွားကြသံများက သူ့နားထဲတွင် ဝေ့ဝိုက်နေခဲ့ပြီး ရှန့်ချန်သုံးနေကျဆပ်ပြာနံ့ဖျော့ဖျော့ သူ့နှာသီးဝသို့ရောက်လာခဲ့လေသည်။ လတ်ဆတ်ပြီးသင်းပျံ့သည်။ ထိုရနံ့လေးက ရှန့်ချန် အင်အားကြီးသောအမျိုးသားမဖြစ်လာခင် လွတ်လပ်သောလူငယ်လေးအဖြစ်ရှိခဲ့သောကာလများမှ နေ့ရက်များထံသို့ သူ့အားပြန်ခေါ်သွားခဲ့သလို မြင်ကွင်းနှင့်အမှတ်တရတို့ကပေါင်းစည်းသွားခဲ့သည်။


သူအတွေးထဲ၌ လမ်းပျောက်နေစဥ်မှာပင် ရှန့်ချန်၏အသံက သူ့ခေါင်းပေါ်မှထွက်လာခဲ့သည်။ 


"မင်းငါ့ကိုမလွှတ်ရင် ငါမင်းကိုလွှတ်လိုက်မှာနော်.."


!! 


သူက စိတ်လှုပ်ရှားလွန်းသွားလေရာ အနောက်ကိုတစ်လှမ်းဆုတ်လိုက်မိပြီး ဟန်ချက်ပျက်မလိုပင်ဖြစ်သွားခဲ့သည်။ ကံကောင်း၍ သူအသက်ရှင်ရန်အတွက် မှီစရာလမ်းမီးတိုင်ရှိနေသေးသည်။ သူက ကြောက်ကြောက်လန့်လန့်ဖြင့်ရင်ဘတ်ကိုပုတ်ကာ ဆင်ခြေပေးလိုက်သည်။


ရှန့်ချန်က ငုံ့ကိုင်းကာမြေကြီးပေါ်မှကျောင်းလွယ်အိတ်ကိုကောက်လိုက်သည်။


 "မင်းကဘာလို့ ဒီနေရာကိုရောက်နေရတာလဲ..."


ကျန်းရှီဝူ လွယ်အိတ်ကိုကောက်လိုက်သည်။


 "ငါလျိုဟန်နဲ့လာတာ..."


မဝေးလှသောတစ်နေရာမှ လျိုဟန်က အမောတကောပြေးလာသည်။ လက်ထဲတွင်လည်း ညဘက်သုံးသော အနီနှင့်အပြာရောင်လျှပ်စစ်မီးချောင်းတစ်ချောင်းပါလာလေ၏။ ထိုသူကမေးလာခဲ့လေသည်။ 


"မင်းတို့ကောင်တွေ ရရဲ့လား..."


ရှန့်ချန်က လျိုဟန်လက်ထဲမှဖုန်းကိုကြည့်လိုက်သည်။ ဖွင့်ထားသောတီးလုံးမှာ အခုလေးတင် ထွက်လာသောရဲကားအသံဖြစ်နေ၏။


ကျန်းရှီဝူက အူတူတူဖြင့်ပြုံးပြလိုက်သည်။ 


"ငါကရပါတယ်၊ ငါကဘာဖြစ်မှာလဲ..."


လျိုဟန်က သူ့ကိုယ်သူခပ်ကြမ်းကြမ်းပုတ်ပြလိုက်ပြီး လမ်းမီးတိုင်ကိုမှီထားကာ စိတ်ကိုလျှော့ချလိုက်လေသည်။ 


"တကယ်ပဲ ငါသေတော့မယ့်အထိလန့်သွားတာ၊ မင်းတို့သိရဲ့လား၊ အိုက်ယိုး ငါဒါမျိုးလုပ်ရမယ်ဆိုတာသာသိခဲ့ရင် ငါကိုယ်တိုင်လာပြီးအသေမခံပါဘူး..."


ရှန့်ချန်က မျက်မှောင်တင်းတင်းကြုတ်ပြီး ကျန်းရှီဝူကိုကြည့်လိုက်သည်။ 


"ငါဒီမှာရှိနေတယ်ဆိုတာ မင်းတို့က ဘယ်လိုသိကြတာလဲ..."


"ဝိုး..ငါတို့ကအခုလေးတင် မင်းအသက်ကိုကယ်လိုက်တာနော်၊ မင်းကကျေးဇူးတင်ရမယ့်အစား ပြန်တောင်စစ်မေးနေလိုက်သေးတယ်..." 


ကျန်းရှီဝူကလွယ်အိတ်ကိုပိုက်ပြီး လေထုကိုပျော်စရာကောင်းအောင်ဖန်တီးလိုက်သည်။ 


"ငါတို့ကဖြတ်သွားရင်းနဲ့ကူညီပေးလိုက်တာပါ..."


လျိုဟန်ကလည်း သံယောင်လိုက်သည်။ 


"ငါတို့သာမရှိနေရင် မင်း အခုဒုက္ခရောက်နေပြီ..."


လမ်းမီးတိုင်၏ဖျော့တော့သောအလင်းရောင်က ပြန့်ကျဲနေလေသည်။ ရှန့်ချန်၏နောက်ကျောက ဆန့်ထွက်လာသည်။ ပုံမှန်အေးစက်နေတတ်သောမျက်နှာက တဒင်္ဂမျှနူးညံ့သွားခဲ့သော်လည်း မကြာမီမှာပင် ထုံးစံအတိုင်းမျက်နှာသေနှင့်အေးစက်သောမျက်နှာပြန်ဖြစ်သွားသည်။ စိမ်းကားမှုအပြည့်ဖြင့် စကားပြောလာသံမှာလည်းကျောချမ်းစရာကောင်းနေလေ၏။


 "ဒီတော့ မင်းတို့မှာ ဦးနှောက်မပါကြဘူးလား.."


ကျန်းရှီဝူနှင့်လျိုဟန်တို့မှာ အေးခဲသွားခဲ့သည်။


"ဒီနေ့ လှည့်စားတာကို သူတို့ယုံသွားတာကထားပါတော့၊ မယုံခဲ့ရင်ရော.." 


ဤတစ်ကြိမ်က ရှန့်ချန် သူတို့အပေါ် အေးတိအေးစက်မပြုမူတော့သည့်ပထမဆုံးအကြိမ်ပင်ဖြစ်လေ၏။ သို့သော်လည်း ဒေါသထွက်နေခဲ့သည်။ 


"အကျိုးဆက်ကဘယ်လောက်ကြောက်စရာကောင်းမလဲဆိုတာ မင်းတို့တွေးမိကြရဲ့လား..."


ရှန့်ချန်မှာစိတ်မထိန်းနိုင်လောက်အောင် ဒေါသထွက်နေရသော်လည်း သူ့ပုံစံကို အမြန်ပြန်ရသွားခဲ့သည်။ သူကလွယ်အိတ်ကိုကိုင်ထားရင်း စူပုပ်နေသောမျက်နှာဖြင့်ပြောလာခဲ့လေ၏။ 


"ငါမင်းတို့ရဲ့ကျေးဇူးကြွေးကိုပြန်ဆပ်မှာပါ..."


ထို့နောက် ရှန့်ချန်ကလှည့်သွားပြီး အိမ်ဘက်သို့ပြန်သော လမ်းကြားထဲသို့ဝင်သွားလေတော့သည်။


ကျန်းရှီဝူက အရင်ဆုံးတုံ့ပြန်လာခဲ့သည်။ 


"သူတို့ကအရှေ့မှာစောင့်နေလောက်ဦးမယ်၊ ဒီလမ်းက အခု တော်တော်အန္တရာယ်များတယ်၊ မင်း...."


ရှန့်ချန်ကသွားရာမှရပ်သွားပြီး ကျန်းရှီဝူ၏ မပြီးမြောက်သေးသောစကားမှာလည်း တန့်သွားလေတော့သည်။


ခဏအကြာမှ ရှန့်ချန်ကပြန်လှည့်လာသည်။ သူရပ်နေသောနေရာက လမ်းမီးတိုင်ကြောင့် အရိပ်မထင်ပေ။ ကျန်းရှီဝူနှင့်လျိုဟန်တို့က အလင်းထဲတွင်ရပ်နေခဲ့ကြသည်။ ထိုသူကမူ အဆုံးမရှိသောအမှောင်ထုကိုကျောပေးထားရင်း တစ်ကိုယ်တည်းရပ်နေခဲ့လေ၏။ လူများကိုမြိုချပစ်တော့မည်အထိ ပါးစပ်ကိုကျယ်ကျယ်ဟကာ သူကပြောလာခဲ့သည်။ 


"အန္တရာယ်များတာသိရဲ့သားနဲ့ မြန်မြန်မပြန်သေးဘူးလား..."


ကျန်းရှီဝူ မှင်သက်သွားသည်။


လျိုဟန်ကလည်း ဝင်ပြောလာခဲ့သည်။ 


"ငါတို့ပြန်သွားပြီးမှ မင်းကပြန်လို့မရရင်ဘယ်လိုလုပ်မလဲ..."


အမှောင်တဝက်ကျသောနေရာတွင်ရပ်နေရင်း ရှန့်ချန်က ကြောက်စရာကောင်းသောအပြုံးမျိုးကို ပြုံးပြလာလေသည်။ 


"အဲဒါဆိုငါကဘယ်သွားရမှာလဲ..."


လမ်းမီးတိုင်အောက်မှ ကျောင်းသားလေးနှစ်ယောက်က တိတ်ဆိတ်သွားပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။ သူတို့အတွက်မူ အရှေ့မှလမ်းက အလွန်အန္တရာယ်များနေခဲ့သည်။ ပျက်စီးယိုယွင်းနေပြီး မှောင်လွန်းသည်။ သို့သော် ရှန့်ချန်အတွက်မူ ၎င်းကအိမ်ပြန်ရာလမ်းလေးဖြစ်လေ၏။ သူတို့တွင်ရွေးချယ်စရာရှိသည့်တိုင် ရှန့်ချန်တွင်ရွေးချယ်စရာမရှိပေ။


ခဏအတွင်းမှာပင် ကျန်းရှီဝူက ရှန့်ချန်၏အတွေးကိုသိမြင်သွားခဲ့သည်။ ထိုသူက တကယ်တမ်းတွင် ရိုင်းပြနေခြင်းမဟုတ်ပေ။ ထိုသူတို့က သူနှင့်လျိုဟန် ထိခိုက်အောင်လုပ်မိမည်ကို စိုးရိမ်နေခြင်းဖြစ်ပြီး ထိုသူတို့ကြောင့် သူကလည်းထိုသူနှင့်လိုက်သွား၍မရပေ။


ဘာလုပ်မှာလဲ။


ငါတို့ ရှန့်ချန်ကို တကယ်ပဲ တစ်ယောက်တည်းထားခဲ့ရတော့မှာလား။


သူ့ခေါင်းက မဆိုသလောက်ကိုက်ခဲလာပြန်ပြီး ကျန်းရှီဝူမှာ စိုးရိမ်စိတ်ကြောင့် နှလုံးနှင့်အဆုတ်တို့ကပူလောင်နေလေသည်။


"ဝေါ"


ကားတစ်စီးက ခပ်လှမ်းလှမ်းမှမောင်းလာပြီး သူတို့အနားတွင်ရပ်သွားလေသည်။ ကျန်းမေ့လီက ကားထဲမှထွက်လာလေ၏။


သူမသားကိုတွေ့သည်နှင့် သူမကအပြေးလေးရောက်လာလေသည်။ 


"ကျန်းရှီဝူ..."


"မင်းက လာကြိုပါဆိုပြီး မသိတဲ့နေရာကို မက်ဆေ့ချ်ပို့လိုက်တယ်၊ မင်းတို့ကဘယ်ရောက်သွားမှန်းလဲမသိဘူး၊ အခုဘယ်အချိန်ရှိနေပြီလဲ၊ မင်းတို့တွေအသက်မရှင်ချင်ကြတော့ဘူးလား မင်း.."


ကျန်းမေ့လီက ဆဲဆိုနေရာမှ ရှန့်ချန်မျက်နှာကိုတွေ့ပြီးရပ်သွားလေသည်။ အမျိုးသမီးက ကြောင်ကြည့်နေပြီး စကားတစ်လုံးမှမပြောနိုင်တော့ပေ။


ကျန်းရှီဝူမှာ သံသယဖြစ်လာရလေ၏။ 


"အမေ..."


ကျန်းမေ့လီ: "ဒီ...ဒီတစ်ယောက်က.."


"ရှန့်ချန်လေ..." 

လျိုဟန်က မိတ်ဆက်ပေးလိုက်သည်။ 


"ဒီတစ်ယောက်က ကျွန်တော်တို့အတန်းရဲ့တာဝန်ခံ၊ ကျွန်တော်တို့နှစ်ရဲ့ ထိပ်ဆုံးကျောင်းသားလေး..."


သူတို့နှစ်ယောက်ကို ခက်ထန်နေခဲ့သောရှန့်ချန်က လူကြီးနှင့်တွေ့သည့်အချိန်တွင် အလွန်လေးစားမှုရှိပါသည်။ ရှန့်ချန်က အသာခေါင်းညိတ်ပြီး အနည်းငယ်မျှခေါင်းငုံ့လိုက်သည်။ 


"ဟယ်လို အန်တီ..."


အလင်းရောင်ကမှိန်လှပြီး လူငယ်လေးက တခဏမျှကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ သူ့မျက်နှာက ကျောက်စိမ်းတစ်တုံးနှင့်တူနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျန်းမေ့လီ၏မှတ်ဉာဏ်ထဲ၌ ပြစ်မျိုးမှဲ့မထင်သောမျက်နှာတစ်ခုက ၎င်းအပေါ်မှထပ်ပြီးပေါ်လာသလိုပင်။ သူမက ခဏမျှယိမ်းယိုင်သွားကာ မျက်လုံးထဲ၌ မျက်ရည်စတို့ကပြည့်လာလုနီးပါးဖြစ်လာခဲ့သည်။ ရှန့်ချန်ကိုယ်ကို ပြန်မတ်လိုက်မှ သူမကအသိစိတ်ပြန်ဝင်လာခဲ့သည်။


တူလိုက်တာ။


ဘာလို့ ဒီလောက်တောင်တူရတာလဲ။


သူမက အိန္ဒြေပျက်သွားသည်မှာ ရှားပါးလှသည်။ ယခုမူ သူမကသတိပြန်ဝင်လာပြီဖြစ်ရာ သူမ၏အကောင်းမြင်တတ်မှုကို စကားနှင့်ပင်မပြောနိုင်တော့ပေ။ 


"ရှန့်ချန်မလား၊ အန်တီ မင်းကိုမှတ်မိပါတယ်၊ အန်တီ့သားကို မေးခွန်းတွေနဲ့ပတ်သက်လာရင် စာပြပေးတယ်မလား၊ တော်လိုက်တာကွယ်၊ အန်တီလည်းမင်းကိုတွေ့ချင်နေတာ၊ အိမ်မှာနံရိုးစတူးချက်ထားတယ်၊ မင်းနဲ့လျိုဟန် လိုက်စားကြပါလား.."


ထိုအချိန်တိုလေးအတွင်း ကျန်းရှီဝူမှာ သူ့အမေက တကယ်ကို အံ့ဩစရာကောင်းသည်ဟုခံစားလိုက်ရသည်။


ရှန့်ချန်: "မလိုတော့ပါဘူး၊ အန်တီ ကျေးဇူးတင်ပါတယ်..."


ကျန်းရှီဝူနှင့်လျိုဟန်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး၏အတွေးကို အပြန်အလှန်သဘောပေါက်လိုက်ကြသည်။


လျိုဟန်က ခပ်သွက်သွက်ပြေးသွားပြီး ရှန့်ချန်ကိုအရင်ဖက်လိုက်ကာ ပြောလိုက်လေ၏။


 "အားနာမနေပါနဲ့၊ အန်တီ့ရဲ့ဟင်းချက်လက်ရာကကောင်းပါတယ်၊ လိုက်ခဲ့စမ်းပါ၊ ငါလည်းသူတို့အိမ်ကိုမရောက်ဖြစ်တာကြာပြီ၊ အန်တီ ဒီနေ့ အန်တီတို့အိမ်မှာ အိပ်လို့ရတယ်မလား..."


ကျန်းရှီဝူက ခဏခန့်တွေဝေနေသေးသော်လည်း အခုလေးတင်ထွက်ပြေးသွားသောလူမိုက်အုပ်စုအကြောင်းကိုတွေးမိပြီး ယခင်ဘဝက ရှန့်ချန်တစ်ယောက် ကျောင်းတွင် ဝေဖန်ခံရပြီးအဆုံးသတ်သွားခဲ့ရသည်ကိုမှတ်မိလိုက်သည်။ သူကအံကြိတ်လိုက်ကာ အပြေးလေးသွားပြီး ရှန့်ချန်ကိုကိုင်လိုက်သည်။ 


"သွားကြမယ်၊ သွားကြမယ်၊ ငါဗိုက်ဆာနေပြီ၊ ငါ့အမေရဲ့ဝက်နံရိုးကင်က အရသာရှိတယ်လို့ပြောဖူးတယ်လေ၊ မင်းလုံးဝကြိုက်သွားစေရမယ်..."


သူ ရှန့်ချန်နှင့် ဝေးရာတွင် တကယ်နေချင်သော်လည်း လက်ရှိတွင်တော့ ရှန့်ချန်ကို လူမိုက်အုပ်စု၏လက်ထဲမှကယ်ခဲ့မိပြန်သည်။ ၎င်းက အလွန်တရာမှ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ သူ မလုပ်ခဲ့သင့်ခြင်းလည်း ဖြစ်နိုင်သည့်တိုင်

သူ၏နိမ့်ကျလွန်းလှသည့် အမြှောက်စာဇာတ်ကောင်ဥာဏ်ရည်လေးက လုပ်သင့်မလုပ်သင့်ကို ဘယ်တော့မှ မှန်မှန်ကန်ကန် မခွဲခြားနိုင်ခဲ့ချေ။


သို့တစေ ယနေ့ ဤအခိုက်အတန့်လေးတွင် မည်သည့်ရလဒ်များဖြစ်လာပါစေ ရှန့်ချန်၏ကြိုးစလေးကို ဆွဲထားရမည်ဟုသာ တွေးနေမိလေတော့သည်။


☁️☁️