Chapter 13
Viewers 642

☁️Chapter 13




နောက်ဆုံး၌ ရှန့်ချန်ကို ကားထဲသို့ ဆွဲသွင်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။


သူတို့အိမ်က နီးနီးလေးတွင်ဖြစ်ပြီး ကားမောင်းသွားရန် အချိန်ကြာကြာမယူခဲ့ရပေ။ ကျန်းရှီဝူ၏အိမ်က သုံးထပ်အိမ်ဖြစ်ပြီး ကျန်းမေ့လီကလည်း သန့်ရှင်းရေးလုပ်ရာတွင် အလွန်တော်သောအမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ ပန်းခြံလေးက ပန်းများနှင့်ပြည့်နေကာ ခြံထဲတွင်လည်း အသေးစား ငါးကန်လေးတစ်ကန်ပင်ရှိနေခဲ့သည်။ အရာအားလုံးက နွေးထွေးသည့်လေထုနှင့် လွှမ်းခြုံထားလေ၏။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် အခန်းကို အနုပညာဆန်သောပုံစံဖြင့် ပြင်ဆင်ထားသည်ကိုတွေ့နိုင်သည်။ သစ်သားကြမ်းခင်းနှင့်ပရိဘောဂ၊ နွေးထွေးသော အဝါရောင်မီးများက အိမ်အတွင်းခန်းကို အလွန်အမင်းနွေးထွေးစေလေသည်။


ကျန်းရှီဝူမှာ တံခါးမှဝင်လိုက်သည်နှင့် ပြောလိုက်မိလေသည်။ 


"အနံ့လေးကိုတောင်ရနေပြီ.."


ကျန်းမေ့လီက အခြားကလေးနှစ်ယောက်၏ဖိနပ်ကိုယူကာ ပြောလိုက်လေသည်။


 "အိမ်မှာ ရေချိုးခန်းက အပေါ်ထပ်ရော အောက်ထပ်မှာရောရှိလို့ နှစ်ခန်းရှိတယ်။ မင်းတို့တွေ တလှည့်စီရေချိုးဖို့ပြင်ဆင်ကြတော့..."


လျိုဟန်ကကျန်းရှီဝူ၏အိမ်တွင် မကြာခဏ လာကစားတတ်သောကြောင့် သူ့ထံတွင် အဝတ်အစားအပိုက အမြဲတမ်းရှိနေခဲ့သည်။ သူတို့ရောက်သည်နှင့် သူက အရင်ဆုံးရေဝင်ချိုးလိုက်လေ၏။


ကျန်းရှီဝူကမူ ရှန့်ချန်ကို သူ့အခန်းထဲသို့ခေါ်သွားလိုက်သည်။ သစ်သားကြမ်းခင်းမှာ အရုပ်များဖြင့် နေရာအနှံ့ပြန့်ကျဲနေလေ၏။ နံရံပေါ်တွင် စတစ်ကာအမျိုးမျိုးရှိနေကာ မနီးမဝေးတွင်စားပွဲခုံတစ်ခုံရှိနေသည်။ ထိုနေရာတွင် စာအုပ်မျိုးစုံဖြင့်ရှုပ်ပွနေပြီး ဗီရိုအတွင်းမှ အဝတ်များမှာလည်း မွှေနှောက်ခံထားရလေသည်။


ကျန်းရှီဝူမှာ အနည်းငယ်မျှထိတ်လန့်သွားရလေသည်။


ဤမြင်ကွင်းက အပျော့စားအသန့်ကြိုက်ရောဂါစွဲကပ်နေသော ရှန့်ချန်အတွက် ကပ်ဘေးကြီးတစ်ခုပင်ဖြစ်လေ၏။ သူတို့လက်ထပ်ကြပြီးနောက် ရှန့်ချန်ခမျာ သူ၏စည်းကမ်းမဲ့မှုကို သည်းခံခဲ့ရသည်မှာ မည်မျှခက်ခဲခဲ့ပုံနှင့် သူ့ကိုယ်သူမည်မျှ အထပ်ထပ်သတိပေးခဲ့ရပုံများကို သူမှတ်မိနေသေးသည်။


တစ်လုံးမကျန် မှတ်မိနေခဲ့သည်။


သူကရှန့်ချန်ကို ဖျတ်ခနဲခိုးကြည့်လိုက်ပြီး ရှန့်ချန်၏မျက်နှာကအေးခဲနေသည်ကို တွေ့ရသည့်အခါမအံ့သြတော့ပေ။


ကျန်းရှီဝူက သူလဲရန်အတွက် အဝတ်အစားရှာပေးမည့်စကားခေါင်းစဥ်ကိုအမြန်ပြောင်းလိုက်သည်။


 " ငါ့အဝတ်အစားတွေက ဆိုဒ်ကြီးတွေဆိုတော့ ဝတ်လို့ရမှာသေချာတယ်၊ အတွင်းခံကတော့ ငါ့မှာ အသစ်တစ်ထည်ရှိတယ်၊ ဒါပေမဲ့ အရွယ်အစားက မင်းနဲ့မတော်မှာစိုးတယ်၊ ငါက နည်းနည်း..."


ကျန်းရှီဝူကပြောနေရင်း ရှန့်ချန်နှင့်တိတ်တိတ်လေး အကြည့်ချင်းဖလှယ်လိုက်သည်။ အခြားနည်းတစ်မျိုးဖြင့်ပြောင်းပြီးပြောကြည့်ရန်ကြိုးစားနေလေ၏။


ရှန့်ချန်၏အသံက ဓားကဲ့သို့ ပြတ်သားလှလေသည်။ 


"ကျန်းရှီဝူ..."


"အဟမ်း.."


ကျန်းရှီဝူမှာ ပြင်းပြသောအသက်ရှင်လိုစိတ်တို့ရှိနေလေသည်။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပြီးနောက် ၎င်းက ရှန့်ချန်အမျက်ထွက်လာတော့မည့် ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း သူအတိအကျသိနေသည်။ သူနားလည်ပေးနိုင်ပါသည်။ ယခုက ယောက်ျားတစ်ယောက်၏ဂုဏ်သိက္ခာပင်ဖြစ်သောကြောင့် သူ့ခမျာ တွန့်ဆုတ်ဆုတ်ဖြင့် ပြေရာပြေကြောင်း ပြုံးပြရတော့သည်။


 "မင်းဝတ်လို့ရမှာပါ၊ ဒီအသစ်တစ်ထည်ကိုပဲဝတ်လိုက်..."


ရှန့်ချန်ကယူသွားလေ၏။


ကျန်းရှီဝူက တစ်ဖန်ရှင်းပြရပြန်သည်။ 


"ဒီရေချိုးခန်းရဲ့ တံခါးသော့ကပျက်သွားလို့ အထဲကနေ သော့ခတ်လို့မရဘူး၊ ဒါကြောင့် မင်းရေချိုးချင်ရင်ဖြစ်ဖြစ်၊ တစ်ခုခုဆိုရင်ဖြစ်ဖြစ် တံခါးခေါက်လိုက်..."


ရှန့်ချန်က သူ့ကိုငုံ့ကြည့်လာသည်။ သူ့မျက်လုံးတို့က မျက်တောင်ခတ်သွားခြင်းမျိုးလုံးဝမရှိပေ။ 


"မင်းက မင်းရေချိုးနေတာကို ငါချောင်းကြည့်မှာစိုးရိမ်နေတာပဲ..." 


ကျန်းရှီဝူ၏မျက်နှာလေးက ရဲတွက်သွားလေသည်။


"ငါ အဲဒီသဘောနဲ့ပြောတာမဟုတ်ဘူး.." 


"ပြီးတာပဲ..."


ရှန့်ချန်၏နက်မှောင်သောမျက်လုံးများထဲတွင် အပြုံးတစ်စက ဖျတ်ခနဲပေါ်လာသလိုပင်။ 


"မင်းစိတ်ချထားလို့ရပါတယ်..."


"မင်း..."


ကျန်းရှီဝူမှာ အလွန်တရာမှ စိတ်ထိခိုက်သွားရရှာသည်။ ယုံကြည်ချက်အပြည့်ဖြစ်နေသောဖက်တီးလေးက သူ့မျက်နှာကိုပြန်ရရန် ခက်ခက်ခဲခဲကြိုးစားနေရရှာလေသည်။ သူ၏ဝိုင်းစက်ပြီးနူးညံ့သောမျက်နှာလေးက နှင်းဆီရောင်သန်းလာကာ သူ့အသံက ချွဲပျစ်နေလေသည်။ 


"ငါ့ခန္ဓာကိုယ်ကို သဘောကျတဲ့သူတစ်ယောက်တော့ရှိမှာပါ.."


ရှန့်ချန်က လက်မခံနိုင်သလိုမျိုး မျက်ခုံးပင့်လာလေသည်။


ပြောပြီးမှ ကျန်းရှီဝူမှာ သူက အလွန်တရာမှစိတ်ကြီးဝင်နေသူဖြစ်သွားသလို ခံစားလိုက်ရသည်။ ယခုအခြေအနေတွင် သူက ရှန့်ချန်ကို တဖက်လှည့်ဖြင့် တစ်ခုခုအားအတည်ပြုချင်နေသည့်ပုံစံဖြစ်နေခဲ့သည်။ ဒါပေမဲ့ ဘာကိုအတည်ပြုရမှာလဲ။ ရှန့်ချန်ကသူ့ကို မကြိုက်ဘူးလေ။ မျှော်လင့်နေစရာလည်းမလိုတော့ဘူးမလား။


ခဏအကြာတွင် လျိုဟန်၏အသံက အောက်ထပ်မှထွက်လာလေသည်။


 "ကျန်းရှီဝူ ငါ့ကိုတဘက်ပေးဦး..."


ကျန်းရှီဝူက အမြန်ပြန်ပြောလိုက်သည်။


 “မင်းအရင်ရေချိုးနှင့်လိုက်၊ ငါမင်းကိုတဘက်လာပေးမယ်.."


သူက ချာခနဲလှည့်ထွက်သွားတော့သည်။


"ရေချိုးတဲ့အသုံးဆောင်တွေနဲ့ သွားတိုက်တံတွေကို ဒီတိုင်းပဲသုံးလိုက်၊ ဒုတိယထပ်က အံဆွဲထဲမှာ ငါ့အမေ အရင်ကဝယ်ထားပြီး မသုံးရသေးတဲ့ ပစ္စည်းနည်းနည်းရှိတယ်၊ မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်၊ ငါတံခါးလာခေါက်လိုက်မယ်..." 


ပြောပြီးနောက် လှေကားထစ်မှအမြန်ပြေးဆင်းလာသော်လည်း သူ့အနောက်မှ အသံတစ်ခုထွက်လာခဲ့သည်။ ရှန့်ချန်၏အသံက တိုးလျပြီးသံလိုက်ဓာတ်အပြည့်ရှိနေလေ၏။ 


"ကျန်းရှီဝူ..." 


ကျန်းရှီဝူ၏ခြေလှမ်းတို့က ရပ်တန့်သွားပြီး သူ့နှလုံးက လည်ချောင်းသို့ရောက်လာလေသည်။ 


ရှန့်ချန်: "မင်း တဘက်မယူလာဘူး.." 


"....." 


ကျန်းရှီဝူမှာ ရှက်လွန်း၍ အောက်သို့သာ တန်းပြီးခုန်ချလိုက်ချင်တော့၏။


သုံးယောက်လုံး ရေချိုးသန့်စင်ပြီးသည့်အခါ အောက်ထပ်မှ စားစရာများကလည်း အဆင်သင့်ဖြစ်နေလေပြီ။ ကျန်းမေ့လီက ကလေးသုံးယောက်ကို ညစာစားရန်ခေါ်လိုက်လေ၏။ ကျန်းရှီဝူနှင့်လျိုဟန်က ညစာစားရန် စားပွဲတွင် အသင့်ထိုင်နေကြသည်။ ရှန့်ချန်ကသာ မီးဖိုခန်းတံခါးဝတွင်ရပ်နေလေသည်။ 


"အန်တီ ကျွန်တော် ပန်းကန်တွေကိုကူချပေးပါ့မယ်..."


ကျန်းမေ့လီ: “အရမ်းပူတယ်၊ အန်တီပဲကိုင်လိုက်မယ်..." 


အမြုပ်ထနေသောကြက်စွပ်ပြုတ်မှာ ပွက်ပွက်ဆူနေလေ၏။ ရှန့်ချန်က လျှောက်လာပြီး လက်ခုဝတ်နှင့်ဂရုတစိုက်ကိုင်လိုက်သည်။ သူလမ်းလျှောက်ပုံကညင်သာပြီး လှုပ်ရှားပုံကလည်းကျွမ်းကျင်မှုရှိသည်။ ရှန့်ချန်၏ လုပ်နိုင်စွမ်းက အိမ်တွင် မကြာခဏချီးကျူးခံရလောက်သည်အထိ ကျွမ်းကျင်နေခြင်းမျိုးမဟုတ်သော်လည်း အဆင့်အရဆိုပါက စားပွဲထိုးများတွင်ရှိသင့်သော အပြုအမူမျိုးဖြစ်လေသည်။


ဒါပေမဲ့....


ဒီကလေးက ဆယ့်လေးနှစ်ပဲရှိသေးတာလေ။


ညစာစားနေချိန်တွင် ကျန်းမေ့လီက ယခုညတွင် ဖြစ်ပျက်ခဲ့ပုံတို့ကိုမေးလာခဲ့သည်။ ကျန်းရှီဝူနှင့်လျိုဟန်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြလေ၏။ ယခုကဲ့သို့ ထိရှလွယ်သောစကားခေါင်းစဉ်အပေါ် သူတို့မှာ မည်သည့်စကားမျိုးပြောရမှန်း မသိသောကြောင့် ရှန့်ချန်စကားပြောလာမည့်အချိန်ကိုသာ စောင့်နေခဲ့ကြလေသည်။


ကျန်းမေ့လီက သူတို့ကို ဆိုးသွမ်းသည်ဟုထင်နေလေ၏။


 "ညဘက်ကို မင်းတို့ကဒီမှာရှိနေရင် မင်းတို့မိဘတွေက မင်းတို့ကိုအရမ်းစိတ်ပူနေမှာပေါ့၊ အခု ငါကြည့်လိုက်တာ ဆယ်နာရီတောင်ရှိနေပြီ၊ ငါသူတို့ကိုဖုန်းခေါ်ပြီးပြောလိုက်မယ်၊ ရှန့်ချန် မင်းက ဒီကို အခုမှရောက်လာတာ၊ အန်တီ့မှာ မင်းမိဘတွေရဲ့ဖုန်းနံပါတ်မရှိဘူး၊ မင်းအလွတ်ရလား..."


ကျန်းရှီဝူနှင့်လျိုဟန်က ရှန့်ချန်ကိုကြည့်လိုက်ကြပြီး နားလည်သွားသောကြောင့် သူတို့မှာ အလွန်စိုးရိမ်သွားကြလေ၏။


ရှန့်ချန်က သူ၏ ထမင်းစားတူများကို ချလိုက်လေ၏။ 


"အိမ်မှာ ဖုန်းမရှိပါဘူး.."


"ဘာ..."


ကျန်းမေ့လီကစိုးရိမ်သွားလေသည်။ 


"ဒါဆို မင်းမိဘတွေ စိတ်ပူနေမှာပေါ့"


ရှန့်ချန်က ခဏတိတ်ဆိတ်သွားပြီးမှ ပြောလိုက်လေသည်။ 


"ကျွန်တော် စားပြီးတာနဲ့ပြန်မှာပါ..."


ကျန်းရှီဝူနှင့်လျိုဟန်က အော်လိုက်ကြသည်။


 "မင်းကပြန်ဦးမယ်..."


ရှန့်ချန်က သူတို့ကိုလှမ်းကြည့်လာလေသည်။


ထိုအချိန် ပြတင်းပေါက်အပြင်ဘက်တွင် ရုတ်တရက် လျှပ်စီးလက်သွားပြီ လေတိုက်လာလေ၏။ ဧည့်ခန်း၏ကြမ်းပြင်နှင့်မျက်နှာကြက်ဆက်နေသော ပြတင်းပေါက်များမှ ယိမ်းထိုးနေသောသစ်ပင်များနှင့် အုံ့မှိုင်းနေသည့်ကောင်းကင်ကို မြင်တွေ့နိုင်လေသည်။


ကျန်းမေ့လီက ဖြောင်းဖျလာ၏။ 


"ဒီည မိုးကြီးမှာ၊ မင်းဘယ်လိုပြန်မှာလဲ။ အိမ်မှာနေလိုက်ပါ မင်းမိဘတွေ မင်းကိုရှာတွေ့ဖို့လောနေရင်..."


လျိုဟန်ကကြားဖြတ်ပြောလိုက်သည်။ 


"အန်တီ စိတ်မပူပါနဲ့၊ ရှန့်ချန်ရဲ့မိဘတွေကလေ သူ့ကိုစိတ်ပူဖို့ အချိန်မရှိကြဘူး၊ ပြောရရင် သူတို့ကိုယ်သူတို့တောင် ဂရုစိုက်နိုင်တာမဟုတ်ဘူး.."


ကျန်းရှီဝူက သံယောင်လိုက်ပြောလာသည်။


 "ဟုတ်တယ်၊ အရမ်းစိတ်ပျက်စရာကောင်းတယ်၊ ဒီနေ့လည်း..."


ရှန့်ချန်က ရုတ်တရက်ထရပ်လိုက်သည်။


ကျန်းရှီဝူက သူ့ကို အံ့အားသင့်စွာကြည့်လိုက်မိပြီး ထိုသူ၏ဒေါသထွက်ကာ ရေခဲတမျှအေးစက်နေသော အကြည့်နှင့်ဆုံတွေ့သွားခဲ့သည်။ ကျန်းရှီဝူက ထိုမာကျောလှသောအခွံကို ရုတ်တရက်ဖောက်ထွင်းလိုက်နိုင်ပြီး ရှန့်ချန်၏ ရန်လို၍ ထိတ်လန့်နေကာ ခေါင်းမာလှသော နှလုံးသားကို ဖျတ်ခနဲမြင်လိုက်ရသည်ဟုထင်လိုက်မိလေသည်။


ဤလူက ဒုက္ခတို့ကို မပြတ်တမ်းခံစားနေရသော်လည်း ဝံပုလွေတစ်ကောင်တွင်ရှိသင့်သော မောက်မာမှုတို့ကလည်း ရှိနေသေးပြန်သည်။


ကျန်းရှီဝူ ခဏရပ်လိုက်ပြီး သူ့အမေဘက်သို့လှည့် သူ့ပြောလိုက်သည်။ 


"အမေ၊ အတန်းကိုယ်စားလှယ်က ကျွန်တော်တို့နဲ့လာကတည်းက စိတ်ပူစရာဘာမှမရှိတာကို ကျွန်တော်တို့ အကုန်လုံးသိပါတယ်၊ အများကြီးမမေးနဲ့တော့၊ အိုးထဲမှာ နံရိုးတွေရှိသေးလား၊ ကျွန်တော်နံရိုးစားချင်တယ်...."


ကျန်းမေ့လီ၏ပါးစပ်ထောင့်က တွန့်သွားလေသည်။ 


"စားပဲစားစမ်းပါ..."


"ဗိုက်ဆာလို့သေတော့မယ်၊ ဗိုက်ဆာလို့သေတော့မယ်..."


ဖက်တီးလေးက ပွစိပွစိလုပ်နေ၍ ကျန်းမေ့လီ ကျိန်ဆဲမိပြီး နံရိုးရှာရန် မီးဖိုခန်းထဲသို့ဝင်သွားရလေသည်။ သူက သိမ်မွေ့စွာဖြင့် စကားလမ်းကြောင်းကိုပြောင်းလိုက်သည်။ သူက လက်ကိုဆန့်ကာ ရှန့်ချန်ကိုထိုင်လာရန် ဆွဲချပြီး စကားဖြတ်လိုက်သည်။


 “ငါ့အမေရဲ့နံရိုးတွေက အရသာရှိတယ်ကွ၊ မင်းနောက်မှသိရလိမ့်မယ်.."


ရှန့်ချန်က ဘာမှပြန်မပြောပေ။


မကြာခင် ကျန်းမေ့လီ ပြန်ရောက်လာခဲ့သည် ။ သူမကဖြစ်ပျက်နေသည့်အရာများကို သတိထားမိပြီး ဘာကိုမှ ထပ်မပြောတော့ဘဲ ကလေးသုံးယောက်ကို ညစာဖြင့်ဧည့်ခံခဲ့သည်။ ကျန်းရှီဝူက နံရိုးယူရန် တူဖြင့်လှမ်းသည့်အခါ သူ့အမေက အကောင်းဆုံးအသားအားလုံးကို ရှန့်ချန်ပန်းကန်ထဲသို့ထည့်လိုက်လေသည်။ 


"လာ၊ ရှန့်ချန် မင်းက အရမ်းပိန်တာပဲ၊ များများစားနော်..."


လျိုဟန်: ?


ရှန့်ချန်: "ကျေးဇူးတင်ပါတယ် အန်တီ..."


"ရပါတယ်ကွယ်..." 

ကျန်းမေ့လီက ယောက်ချိုဇွန်းဖြင့် စွပ်ပြုတ်ကို တဖန်ခပ်လိုက်သည်။ 


"ဒီမှာ မင်း ဒါကိုကြိုက်လား၊ ဒါက ကြက်မည်းစွပ်ပြုတ်လေ၊ အန်တီ့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ဟင်းချက်နည်း၊ မြည်းကြည့်..."


ရှန့်ချန်က တစ်ငုံသောက်ပြီး အသာခေါင်းညိတ်ပြလိုက်သည်။


ကျန်းမေ့လီက ဝမ်းသာအားရဖြင့်ပြုံးလိုက်လေသည်။


 "တော်ပါသေးရဲ့၊ မင်းကြိုက်မယ်ဆိုတာ အန်တီသိတယ်၊ အဲဒါကြောင့်သောက်လိုက်.."


စွပ်ပြုတ်သောက်ချင်နေသောကျန်းရှီဝူ: "..."


ညစာစားနေသည့်တလျှောက်လုံး သူနှင့်လျိုဟန်တို့မှာ မတည်ရှိနေ၍ မမြင်နိုင်သောလူများလိုပင်။ ရံဖန်ရံခါမှ ကျန်းမေ့လီမှာ ကျန်းရှီဝူနှိုက်တော့မည်ဟုထင်ရသည့်ဟင်းကို လျိုဟန်ပန်းကန်ထဲသို့ထည့်ပေးလေ၏။


သုံးယောက်သား ထမင်းစားပြီးသောအခါ ရှန့်ချန်ကထပြီး ပန်းကန်များကို ရှင်းပေးလေသည်။


ကျန်းမေ့လီမှာ အကြီးအကျယ် စိတ်ဓာတ်ကျသွားရသည်။ ဒီလိုသိတတ်တဲ့ကလေးမျိုးရှိသေးတာလား။


"ထားလိုက်၊ ထားလိုက်၊ ဒီနေရာကို အန်တီပဲရှင်းလိုက်မယ်၊ ရှန့်ချန် သူတို့ကိုအိမ်စာလုပ်ဖို့ အပေါ်ထပ်ကိုခေါ်သွားလိုက်တော့..."


ကျန်မေ့လီက ကျန်းရှီဝူကို တဖန်စိုက်ကြည့်လိုက်သည်။


 "မင်းဘာလုပ်နေတာလဲ၊ မသွားသေးဘူးလား..."


ကျန်းရှီဝူ: "..."


ငါဒီမှာရှိမနေသင့်ဘူး။


ကလေးသုံးယောက်စလုံး အပေါ်ထပ်သို့ တက်သွားကြသည်။ ပါပါးကျန်းပြန်ရောက်လာချိန်၌ ဖိနပ်စင်ပေါ်၌ ဖိနပ် များနေသည်ကိုမြင်ပြီး ကလေးများရောက်နေသည်ဟု ခန့်မှန်းဆလိုက်သည်။ သူ လှေကားရှိရာသို့အသွား၌ အလင်းရောင်က ရှန့်ချန်အပေါ်သို့ကျလာခဲ့သည်။ သူခေါင်းမော့လိုက်ပြီး မျက်လုံးချင်းဆုံသွားကြသည်။ ခဏအကြာတွင် ထိုမျက်လုံးများအတွင်းမှ တိတ်ဆိတ်သောအကြည့်တို့က ပါပါးကျန်းကို ကြာမြင့်ခဲ့ပြီးသောကာလတစ်ခု၌ တစ်နေရာရာတွင်မြင်တွေ့ခဲ့ဖူးသလို ခံစားလိုက်ရစေသည်။


ရှန့်ချန်ကနှုတ်ဆက်လိုက်၏။ 


"ဟယ်လို ဦးလေး...."


ပါပါးကျန်းက ခပ်သွက်သွက်ပြောလိုက်သည်။


 "ဒါက မူကြိုတုန်းက အတန်းဖော်လား..."


 သူက ကျန်းရှီဝူ၏မူကြိုကျောင်းတွင် ကောင်လေးကိုမြင်ဖူးခဲ့၍ဖြစ်မည်ဟု ထင်လိုက်သည်။


ကျန်းမေ့လီက အနောက်မှရောက်လာပြီးကလေးများကိုပြောလိုက်သည်။ 


"အပေါ်တက်ပြီးစာကျက်ကြတော့၊ အန်တီ ပြီးရင်အသီးတွေယူလာပေးမယ် .." 


ထိုအခါမှ ကျန်းရှီဝူက လျိုဟန်နှင့်ရှန့်ချန်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလေတော့သည်။


ကလေးသုံးယောက်ထွက်သွားမှ ကျန်းမေ့လီ၏ မျက်နှာပေါ်မှ အပြုံးကပျောက်သွားပြီး ပြောလိုက်လေသည်။ 


"လောင်ကျန်း ကျွန်မရှင့်ကို ပြောချင်တာရှိတယ်..." 


ပါပါးကျန်းက သူမအသည်းအသန်ဖြစ်နေပုံကို တော်ရုံမမြင်ခဲ့ရဖူးပေ။ 


"ဘာဖြစ်လို့လဲ..."


ကျန်းမေ့လီက သူ့ကို အပေါ်ထပ်မှ သူတို့အိပ်ခန်းထဲသို့ ခေါ်သွားခဲ့သည်။ အမျိုးသမီးက အံဆွဲကိုဖွင့်ပြီး လှန်လှောရှာဖွေနေ၏။ အံဆွဲမှာ တစ်နှစ်ပတ်လုံး သော့ခတ်ခံထားခဲ့ရသည်။ ထိုမတော်တဆဖြစ်ပြီးနောက်ပိုင်း ပါပါးကျန်းက သူမ ၎င်းအား ဖွင့်ကြည့်သည်ကို မမြင်ရတော့ပေ။ နှစ်များစွာကြာပြီးသည့်အခါ သူလည်း ထိုစိတ်မကောင်းစရာကိစ္စကို ထပ်မပြောချင်တော့ပေ။ သို့သော်လည်း ယနေ့တွင် ကျန်းမေ့လီက ထိုအံဆွဲအား တဖန်ဖွင့်လိုက်သည်ကို သူတကယ်တွေ့လိုက်ရလေသည်။


အံဆွဲကိုဖွင့်လိုက်သည်နှင့် နှစ်ပေါင်းများစွာကြာ ဖုန်တောထဲရောက်နေခဲ့သော ပစ္စည်းများကပေါ်လာခဲ့သည်။


ပါပါးကျန်းက တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရလေ၏။


 "ဘာဖြစ်နေတာလဲ..."


ကျန်းမေ့လီ ဓာတ်ပုံအယ်လ်ဘမ်ဟောင်းကိုထုတ်ပြီး စတင်လှန်ကြည့်လိုက်သည်။ သူမက အလွန်တိတ်ဆိတ်နေပြီး အလေးအနက်ထားနေခဲ့၏။ ဓာတ်ပုံအယ်လ်ဘမ်က စာမျက်နှာတစ်ခုသို့ရောက်သောအခါ သူမကရပ်သွားပြီး ဓာတ်ပုံဟောင်းထဲမှလူများကို စိုက်ကြည့်နေခဲ့သည်။ အမြဲတစေ တက်ကြွနေခဲ့သောအမျိုးသမီး၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုတစ်ခုက ပေါ်လာခဲ့လေ၏။ သူမက အသက်ပြင်းပြင်းရှူကာ ဓာတ်ပုံကိုထုတ်လိုက်ပြီး ပါပါးကျန်းကိုပြလိုက်သည်။ 


"ယောကျ်ား ကြည့်၊ ဒါ ကျွန်မငယ်ငယ်တုန်းကဓာတ်ပုံ..."


ပါပါးကျန်းကယူကြည့်လိုက်သည်။ ဓာတ်ပုံမှာ ချောမောလှသောမိန်းကလေးတစ်ဦး၏ ဓာတ်ပုံဖြစ်လေ၏။ နေဝင်ရီတရောအချိန်ဖြစ်၍ အလင်းရောင်ကအနည်းငယ်မှိန်နေလေသည်။ ကလေးမလေးက မိုးမခပင်ကိုမှီကာ မျက်လုံးထောင့်မှအပြုံးဖြင့် လည်ပြန်ကြည့်ကာ ပျိုရွယ်မှုကိုဆောင်ကျဥ်းထားခဲ့လေသည်။


ပါပါးကျန်းက တွေဝေသွားခဲ့သည်။


 "ဒါက ရှန်းယို့ထင် ငယ်ငယ်တုန်းက ဓာတ်ပုံလား..."


ကျန်းမေ့လီက ဖြည်းဖြည်းချင်းခေါင်းညိတ်ပြလိုက်သည်။ 


"ဟုတ်တယ်..."


ပါပါးကျန်းက ရှန်းယို့ထင်ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း သူမကဓာတ်ပုံထဲမှ မိန်းကလေးကဲ့သို့ပင် လှပနေပါသေးသည်။ မျက်နှာအသွင်အပြင်က ကြီးရင့်လာခဲ့ပြီမှာကြာပြီဆိုသော်လည်း အလွန်လှပနေပါသေးသည်။ ဤအမျိုးသမီးက ကျိယွမ်ရှန်း၏ဇနီးဖြစ်သောကြောင့်ဖြစ်ပြီး အမည်ကျော်ကြားပြီး သူမ၏ဂုဏ်သတင်းမှာ ကျယ်ပြန့်နေခဲ့သည်။ ကျိမိသားစုသမိုင်းတလျှောက်တွင် အလွန်အမည်ကျော်ကြားခဲ့လေ၏။


ကျိယွမ်ရှန်းက ရှန်းယို့ထင်ကို အလွန်ချစ်မြတ်နိုးခဲ့သည်။ ချစ်လွန်းသောကြောင့် သူမကို အခြားသူများထံမှ တစ်စက္ကန့်ပင်ကြည့်ခွင့်မပြုဘဲ သူ၏ရွှေရောင်လွှမ်းသောအိမ်တွင် ဝှက်ထားခဲ့သည်။ သူတို့၏ ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုကို အခြားသူများက မနာလိုအားကျခဲ့ရသည်။ သို့ထိတိုင် ရှန်းယို့ထင်က အသက်တိုခဲ့သည်။ သူမက မီးဖွားပြီးနောက် ဆုံးပါးသွားခဲ့ကာ ကျိမိသားစု၏တစ်ဦးတည်းသောအမွေဆက်ခံသူ တစ်ဦးတည်းသောသား ကျိပေ့ချွန်ကိုချန်ထားရစ်ခဲ့သည်။


ပါပါးကျန်းက အူတိအူကြောင်ဖြင့်မေးလိုက်သည်။ 


"မင်းကဘာလို့ ဒါကိုထုတ်လိုက်တာလဲ..."


သူ့ဇနီးက ရှန်းယို့ထင်နှင့် ငယ်သူငယ်ချင်းများအဖြစ် နက်ရှိုင်းသော ဆက်ဆံရေးရှိကြောင်း သူသိသော်လည်း ဆယ်နှစ်ကျော်ပင်ကြာခဲ့ပြီဖြစ်သည်။ ကျန်းမေ့လီမှာ ထိုနှစ်များမှ ပူဆွေးဝမ်းနည်းမှုတို့ကြောင့် အမြဲစိတ်မကောင်းဖြစ်ခဲ့ရသည့်တိုင် ဖြည်းဖြည်းချင်းအနည်ထိုင်သွားခဲ့သည်။ ယခုမူ အဘယ်ကြောင့် ထပ်ပြီးအစဖော်လာပြန်ပါသနည်း။


ကျန်းမေ့လီက သူ့ကို အလေးအနက် ကြည့်လိုက်သည်။ 


"ရှန့်ချန်နဲ့ ယိုယိုက အရမ်းတူတယ်လို့ ရှင်မထင်မိဘူးလား..."



☁️☁️