Chapter 14
Viewers 622

☁️Chapter 14




ပြတင်းအပြင်ဘက်တွင် မိုးကသည်းကြီးမည်းကြီးရွာသွန်းနေပြီး ကလေးသုံးယောက်က အခန်းထဲတွင် စာလေ့လာနေခဲ့ကြသည်။


ကျန်းရှီဝူနှင့်လျိုဟန်က စားပွဲရှည်ပေါ်တွင် စာရေးနေကြပြီး ရှန့်ချန်က သူတို့အခန်းဘေးမှစာဖတ်ခန်းလေး

တွင် သူ့အိမ်စာသူလုပ်နေခဲ့သည်။ ကျန်းမေ့လီက သူတို့အား ရှန့်ချန်စာလေ့လာနေသည်ကို မနှောင့်ယှက်ရန်ပြောလာပြီး ကျန်းရှီဝူမှာ သူ့အမေ၏ ထူးဆန်းသည့်အကျင့်များက တဖြည်းဖြည်းနှင့်ပြဿနာဖြစ်လာကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်၏။ သူ့အနေဖြင့် ၎င်းကို အကျင့်ဖြစ်အောင်လုပ်ကာ လက်ခံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။


စားပွဲရှည်ပေါ်တွင် သင်္ချာစာမေးပွဲစာရွက်များက ပြန့်ကျဲနေပြီး သူတို့နှစ်ယောက်၏ခေါင်းများက တေ့ဆိုင်ထားကြသည်။ ခေါင်းတစ်လုံးက အခြားတစ်လုံးထက် ပို၍ကြီးနေလေသည်။


လျိုဟန်ကမေးလာခဲ့သည်။ 


"အစ်ကိုရှီ၊ မင်းတကယ်ကို အိမ်စာမကူးဘဲ က်ိုယ်တိုင်လုပ်ချင်တာလား..."


ကျန်းရှီဝူက သင်္ချာစာအုပ်ကိုလှန်ကြည့်ပြီး ဘောက်ဆတ်ဆတ်တုံ့ပြန်လိုက်လေ၏။ 


" အဓိပ္ပာယ်မရှိတာ၊ ငါအခု အိမ်စာကူးလိုက်ရင် စာမေးပွဲမှာ ဘာသွားဖြေရမှာလဲ၊ ပြီးတော့ ငါကဘာမှသိသေးတာမဟုတ်ဘူး၊ မင်းကငါ့ကို ကျိပေ့ချွန်ဆီမှာရှုံးစေချင်လို့လား၊ ပြီးတော့ ခွေးလိုဟောင်ရမှာလား..." 


အပြောခံရပြီးသည်နှင့် လျိုဟန်ခမျာ ကျန်းရှီဝူ၏စိတ်အားထက်သန်မှုကြောင့် တန်ပြန်ရန် ရှက်သွားရပြီး ကျန်းရှီဝူက သူ၏အစမ်းမေးခွန်းအဖြေလွှာကိုအပြီးသတ်ပြီး ကြည့်ရန်ကမ်းပေးလာသည်ကိုသာ ထိုင်ကြည့်နေရလေတော့သည်။


ကျန်းရှီဝူ: "ငါတွက်တာမှန်တယ်လို့ထင်လား..."


လျိုဟန်က တွန့်ဆုတ်နေခဲ့သည်။


 "ဘာမှားနေလဲတော့မပြောတတ်ပေမဲ့ ငါကတော့ တစ်ခုခုကမှားနေတယ်လို့ အမြဲခံစားရတယ်..."


"ဘာပဲဖြစ်ဖြစ် အနည်းဆုံးနှစ်ပုဒ်လောက်တော့မှန်မှာပါ..."


လျိုဟန်က သူ့လက်မောင်းကိုပုတ်ကာ အနားကပ်လာပြီးမေးလာခဲ့သည်။ 


"အတန်းကိုယ်စားလှယ်ကိုမေးကြည့်ပါလား.."


ကျန်းရှီဝူက အသံတိတ်ချောင်းကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။


 "ရှန့်ချန်က ငါတို့ကို သင်ပေးပါ့မလား..."


"မပြောတတ်ဘူး..."


နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြပြီး ခဏမျှငြိမ်သွားကြလေသည်။


နောက်ဆုံးတွင် လျိုဟန်ကပြောလိုက်သည်။


 "မင်းသွားမေးကြည့်လိုက်..."


"ဘာလို့ငါကသွားမေးရမှာလဲ..."


လျိုဟန်ကယုံကြည်ချက်အပြည့်ဖြင့် ဖြေလာခဲ့သည်။


 "ငါကအတန်းကိုယ်စားလှယ်နဲ့မှမရင်းနှီးတာ..." 


ဘာပြောတယ်။


ကျန်းရှီဝူမှာ ရှော့ခ်ရသွားလေ၏။


 "ငါကရော သူနဲ့ရင်းနှီးနေလို့လား..."


လျိုဟန်က တစ်မျိုးပြင်ပြောလာပြန်သည်။ 


"သူ့ကို မှားနေတဲ့နေရာပဲ စစ်ခိုင်းမယ်လေ၊ ငါတို့ကိုသင်ပေးဖို့ တကယ်ကြီးသွားပြောမှာမှမဟုတ်တာ၊ စမ်းကြည့်ရအောင်...."


ကျန်းရှီဝူကတွေးကြည့်ပြီး အဓိပ္ပါယ်ရှိသည်ဟုယူဆလိုက်သည်။


လက်ထဲတွင် စာမေးပွဲစာရွက်ကိုကိုင်ထားရင်း ကျန်းရှီဝူ အသက်ပြင်းပြင်းရှူလိုက်သည်။ လျှောက်လမ်း၏အကွာအဝေးအတိုင်းလျှောက်သွားလိုက်ပြီး ကြမ်းပြင်နှင့် မျက်နှာကျက်တစ်ဆက်ထဲဖြစ်နေသည့်ပြတင်းပေါက်နှင့် မဝေးသောနေရာမှ ရှန့်ချန်ထံသို့သွားလိုက်သည်။ 


"အတန်းကိုယ်စားလှယ်...."


ရှန့်ချန်က သူ့ကိုမော့ကြည့်လာသည်။


ကျန်းရှီဝူမှာ ရှန့်ချန်က အိမ်စာမလုပ်ဘဲ စာအုပ်ဖတ်နေခြင်းဖြစ်ကြောင်း သတိထားမိသွားပြီး စပ်စုလိုက်လေသည်။


 "မင်းအိမ်စာလုပ်နေတာမဟုတ်ဘူးလား...."


ရှန့်ချန်: "ပြီးသွားပြီ..."


........?


ကျန်းရှီဝူမှာ ရှန့်ချန်ကဉာဏ်ကောင်းမှန်းသိထားခဲ့သည်မှာကြာပြီဆိုသော်လည်း ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူနှင့်လျိုဟန်က သင်္ချာအိမ်စာကိုအပြီးမလုပ်ဘဲ နေ့တစ်ဝက်လောက် ဖင်လှည့်ခေါင်းလှည့်လုပ်နေတုန်း ရှန့်ချန်ကတော့ ဘာသာရပ်အကုန်လုံးပြီးသွားပြီတဲ့လား။


စာမေးပွဲစာရွက်ကို ကိုင်ထားရင်း ကျန်းရှီဝူ၏လက်တို့မှာ တဖြည်းဖြည်းတုန်လာလေသည်။


ရှန့်ချန်ကမေးလာခဲ့သည်။


 "တစ်ခုခုမှားနေလို့လား...."


“အင်း...အဲဒါက…” 

ကျန်းရှီဝူက ခွေးဟောင်နည်းကိုမသင်ချင်သောကြောင့် ရဲတင်းစွာဆိုလိုက်လေ၏။

 “ငါပုစ္ဆာတွေတွက်ပြီးသွားပြီ၊ ငါမင်းကို တစ်ချက်လောက်စစ်ပေးစေချင်လို့၊ မင်းအလုပ်များနေတယ်ဆိုရင်လည်း ထားလိုက်လို့ရပါတယ်..."


သူက ရှန့်ချန်ငြင်းလိုက်မည်ကို စိုးရိမ်နေခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုသူက လက်ခံပေးလိုက်သည်။


ရှန့်ချန်က သူ့လက်ထဲမှ စာမေးပွဲစာရွက်ကိုလှမ်းယူပြီး အကြမ်းဖျင်းစစ်ပေးနေသောကြောင့် ကျန်းရှီဝူမှာ အလွန်စိတ်လှုပ်ရှားသွားရသည်။ သူက ရှန့်ချန်ကို ဖျတ်ခနဲခိုးကြည့်လိုက်သည့်အခါ ထိုသူ၏မျက်နှာက သိပ်မကောင်းသည်ကိုတွေ့လိုက်ရလေ၏။ သူက စိုးရိမ်တကြီးဖြင့်မေးလိုက်မိသည်။ 


"အမှားတွေအများကြီးပဲလား..."


ရှန့်ချန်က မျက်ခုံးပင့်လိုက်သည်။ 


"မများပါဘူး...."


ကျန်းရှီဝူ သက်မချလိုက်သည်။


"တစ်ပုဒ်ပဲမှန်တယ်..."


"......"


ကျန်းရှီဝူ၏ပါးစပ်ထောင့်က တွန့်သွားခဲ့သည်။ 


"ဘယ်တစ်ပုဒ်ကမှန်တာလဲ...."


ရှန့်ချန်က ဓမ္မဓိဌာန်ကိုထောက်ပြလိုက်သည်။ 


"ဒီတစ်ပုဒ်တော့မှန်တယ်၊ အောက်ကတစ်ပုဒ်နဲ့အတူတူလောက်ပဲ၊ အဲဒါကို ဘာဖြစ်လို့အောက်ကပုစ္ဆာကမှားရတာလဲ...."


ကျန်းရှီဝူခမျာ သူ့မျက်နှာကအရှက်ကွဲမှုကြောင့် ပူနေသလိုခံစားလိုက်ရလေသည်။ 


"ဘာလို့လဲဆိုတော့ ငါ အပေါ်ဆုံးကတစ်ပုဒ်ကိုပဲတွက်တတ်လို့...."


ရှန့်ချန်၏ရှည်သွယ်သောလက်ချောင်းက စားပွဲကိုခေါက်နေခဲ့သည်။ ထိုသူ၏အကြည့်က အစမ်းမေးခွန်းစာရွက်ပေါ်သို့ကျနေ၍ ကျန်းရှီဝူမှာ နှိပ်စက်ခံနေရပြီး သိက္ခာကျသလိုခံစားရစေလေသည်။


တခဏမျှကြာသွားခဲ့သည်။


ရှန့်ချန်က အစမ်းမေးခွန်းစာရွက်ကိုချပြီးပြောလာခဲ့သည်။ 


"မင်းကဒီပုံစံနဲ့ ထိပ်ဆုံးအယောက်သုံးဆယ်ထဲကို ဝင်ချင်သေးတာလား..."


ကျန်းရှီဝူမှာ မည်သည့်စကားကိုပြောရမှန်းပင်မသိတော့ပေ။


 "ငါနဲ့ကျိပေ့ချွန်လောင်းထားတာကို မင်းလည်းသိနေတာလား..."


ထိုမေးခွန်းကိုမေးပြီးတစ်ချိန်တည်းမှာပင် ကျန်းရှီဝူ၏ နှလုံးသားလေးက လှပ်ခနဲခုန်သွားခဲ့သည်။ ရှန့်ချန်ကသူ့ကိုမမုန်းတော့ဘူးလား။ ဒါမှမဟုတ် သူ့ရဲ့ကျောင်းစာတွေနဲ့ပတ်သတ်ပြီး တိတ်တိတ်လေးဂရုစိုက်ပေးနေတာလား။


ရှန့်ချန်က ဘောပင်ကိုကောက်ကိုင်ပြီး စာရွက်ပေါ်တွင်ချရေးလိုက်သည်။ 


"မင်းရဲ့အသံကကျယ်လွန်းလို့ ဒုတိယတန်းကတောင်ကြားရတယ်..."


"အိုး...."


စာရွက်ဖြူပေါ်တွင်ရှိနေသည်က ရှန့်ချန်၏ အဖြေရေးထားသော လက်ရေးပင်။ သူက ကျန်းရှီဝူကိုပေးလိုက်ပြီး အသံကိုနှိမ့်ကာပြောလိုက်လေသည်။ 


"ဒီပုစ္ဆာအတွက် ဖော်မြူလာသုံးစရာမလိုဘူး၊ ပြီးခဲ့တဲ့နှစ်ဝက်က အခြေခံပုံသေနည်းတွေကို ငါတို့နည်းနည်းသင်ခဲ့ရတယ်လေ၊ မှတ်မိလား...."


ကျန်းရှီဝူ အပြစ်ရှိစိတ်ကိုခံစားလိုက်ရသည်။


 "မမှတ်မိဘူး..."


ရှန့်ချန်ကခေါင်းငုံ့ပြီး နောက်ထပ်မေးခွန်းတစ်ခုကိုဆွဲထုတ်လိုက်သည်။ သူပုစ္ဆာပြောင်းလိုက်သည်။ ချရေးပြီးသည်နှင့် သူအဖြေကို ကျန်းရှီဝူထံပြလိုက်သည်။ 


"ဒါဆိုရင်ရော..."


ကျန်းရှီဝူမှာ ခေါင်းကိုကြမ်းပြင်နှင့်စိုက်တော့မည်အထိငုံ့ချလိုက်လေ၏။


 "မမှတ်မိသေးဘူး..."


“…....”


တိတ်ဆိတ်မှုက လေထုထဲတွင် အခိုက်အတန့်တစ်ခုစာမျှကြီးစိုးသွားခဲ့သည်။


အချိန်မှာ အတန်ငယ်ကုန်သွားခဲ့သည်။


ရှန့်ချန်ကတံခါးရှိရာဘက်သို့ လှမ်းပြောလိုက်သည်။ 


"ဝင်လာခဲ့..."


ကျန်းရှီဝူ အံ့ဩတကြီးလှည့်ကြည့်လိုက်ရာ လျိုဟန်ကလည်း အစမ်းမေးခွန်းစာရွက်ကိုကိုင်ထားရင်း တံခါးဝတွင်ဇွဲနပဲကြီးစွာဖြင့် ချောင်းကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူ့ကိုတွေ့သွားကြပြီမှန်းသိသွားသည့်အခါ သူက အခန်းထဲသို့ နှေးတိနှေးကန်ဖြင့်လမ်းလျှောက်ဝင်လာပြီး ကို့ရို့ကားယားဖြင့်နှုတ်ဆက်လာလေသည်။ 


"ဟိုင်း၊ တိုက်ဆိုင်လိုက်တာ..."


ရှန့်ချန်က သူတို့နှစ်ယောက်ကို သူ့ဘေးတွင်ရပ်ခိုင်းလိုက်သည်။ သူကဘောပင်ကို ကောက်ကိုင်လိုက်ပြီး ပုစ္ဆာ၏အသေးစိတ်တွက်ချက်ပုံကို စာရွက်ပေါ်တွင် ချရေးပြလိုက်သည်။ နားလည်လွယ်စေရန် အရန်မျဥ်းများကိုပါဆွဲပြလိုက်လေ၏။ ထို့နောက် သူမေးလိုက်သည်။


 “နားလည်ပြီလား....” 


ကောင်လေးနှစ်ယောက်ကအကြာကြီးကြည့်နေကြပြီးနောက် ဝမ်းသာအားရဖြစ်သွားကြသည်။ 


“နားလည်ပြီ..."


လျိုဟန်က ဟင်းခနဲ သက်ပြင်းချလေသည်။


 "တကယ့်ကို လူရည်ချွန်ပီသပါတယ်၊ မသိတာမရှိဘူး..."


ကျန်းရှီဝူ: "ရှန့်ချန်၊ မင်းက အရမ်းတော်တာပဲ၊ ငါခွေးလိုဟောင်နည်းကိုသင်စရာမလိုတော့ဘူးထင်တယ်...." 


ရှန့်ချန်ကသူ့ကို အစမ်းမေးခွန်းစာရွက်အားပေးလိုက်သည်။


 "မင်းအခုသိသွားပြီပဲ၊ နောက်ပုစ္ဆာကို စမ်းတွက်ကြည့်..."


ယုံကြည်မှုအပြည့်ရှိနေသော ကျန်းရှီဝူက အားအင်အပြည့်ဖြစ်နေလေ၏။ 


"ကောင်းပြီ..."


ငါးမိနစ်ကြာပြီးနောက်။


အကြမ်းစာရွက်များမှာ တွက်ထားသောသင်္ချာပုစ္ဆာများဖြင့် ပြည့်ကျပ်နေလေ၏။ ကောင်လေးနှစ်ယောက်က လုံးဝကွာခြားနေသောအဖြေနှစ်ခုရလာပြီး အဖြေမှန်သူကိုဆုံးဖြတ်ရန်အတွက် ရှန့်ချန်ထံသို့ယူလာပြီးပြကြလေသည်။ 


ရှန့်ချန်က အစမ်းမေးခွန်းစာရွက်ကိုယူကြည့်လိုက်သည်။ 


"မဆိုးပါဘူး...."


ကျန်းရှီဝူနှင့်လျိုဟန်တို့က ပြုံးဖြီးနေခဲ့ကြသည်။


ရှန့်ချန်က လုံးဝမညှာတာပေ။


 "ပုစ္ဆာတွက်တာကို ဒီလောက်အများကြီးတွက်ထားတော့ ဆရာက အဖြေလွှာပေါ်မှာ သနားတဲ့အနေနဲ့ အနည်းဆုံး သုညတစ်ဒဿမငါးမှတ်တော့ပေးလောက်ပါတယ်။"


"...…”


စာနာစိတ်ကိုမရှိဘူး။


အပြင်ဘက်တွင် မိုးသည်းနေခဲ့သည်။ မိုးခြိမ်းသံတို့မြည်ဟည်းနေပြီး လျှပ်စီးတို့ကတဝင်းဝင်း။ စာဖတ်ခန်းထဲမှ မီးရောင်တို့က လင်းထိန်နေပြီး စကားစမြည်ပြောဆိုသံကို အချိန်နဲ့အမျှ ကြားနေရလေသည်။ ယခင်ရက်များတွင် ၎င်းက ဂိမ်းကစားရာမှ သို့မဟုတ် တီဗီကြည့်ရာမှထွက်လာသော ဖျော်ဖြေရေးအသံများသာဖြစ်နိုင်သော်လည်း ယခုတစ်ကြိမ်တွင် မီးများကိုဖွင့်ထားပြီး စာရွက်လှန်သံတို့ကသာ တရစပ် ထွက်ပေါ်နေလေ၏။


ဆယ့်တစ်နာရီကျော်တွင် ကျန်းမေ့လီလာကြည့်သည့်အခါ အခန်းထဲမှသုံးယောက်မှာ အိပ်ပျော်နေခဲ့ကြသည်။ စာကျက်ခန်းတွင် နူးညံ့သောကော်ဇောကိုခင်းထားခဲ့သည်။ ကျန်းရှီဝူက ကော်ဇောပေါ်တွင်ကွေးကွေးလေးဖြစ်နေခဲ့သည်။ မျက်နှာပေါ်တွင် အစမ်းမေးခွန်းစာရွက်ရောက်နေ၏။ ဘေးမှ လျိုဟန်က ဘောပင်ကိုဝါးစားနေလေ၏။ ရှန့်ချန်က စာရေးစားပွဲခုံမှ ကျောမှီပါသောကုလားထိုင်ပေါ်တွင်ထိုင်ကာ တရေးအိပ်နေလေသည်။


"မင်းဘာလို့ဒီမှာအိပ်နေ..."


ကျန်းမေ့လီဝင်သွားချင်သော်လည်း အနောက်ဆုတ်လိုက်ရသည်။


ပါပါးကျန်းက သူမကိုပြုံးပြကာ ခပ်တိုးတိုးပြောလိုက်သည်။


 "စောင်သွားယူ၊ အိမ်ထဲက လေအေးပေးစက်ကိုဖွင့်လိုက်၊ အဲဒါမှသူတို့အအေးမမိမှာ၊ ကလေးက ပင်ပန်းနေတယ်၊ သူအိပ်ချင်နေတာ အိပ်ပါစေ၊ သူတော်တော်လေးခက်ခဲခဲ့ရတာလေ...” 


ကျန်းမေ့လီက အသံပေးပြီးတုံ့ပြန်လိုက်သည်။


ခဏအကြာ၌ ကျန်းမေ့လီမှာ လေးလံနေသည့်စိတ်ဖြင့် အတွင်းထဲမှထွက်လာပြီး ပါပါးကျန်းကိုပြောလိုက်သည်။ 


"ရှန့်ချန်ဆိုတဲ့ကလေး အိပ်ပျော်နေတဲ့အချိန် သူ့မျက်ခုံးတွေကကုပ်နေတာ၊ ကျွန်မသူ့ကိုကြည့်ရတာစိတ်မချမ်းသာဘူး၊ ရှင် သူ့အိမ်ကအခြေအနေကိုစုံစမ်းကြည့်ဦး၊ ကျွန်မစိတ်လေးနေတယ်..."


ပါပါးကျန်းက သူမကို အပေါ်ထပ်တက်ရာတွင် ကူညီပေးခဲ့သည်။


 "စိတ်မပူပါနဲ့၊ ဒါက ကိစ္စကြီးမဟုတ်ပါဘူး၊ ကိုယ်စုံစမ်းလိုက်ပါ့မယ်.."


ကျန်းမေ့လီမှာ သက်ပြင်းသာချလိုက်မိလေတော့၏။


.......


နောက်တနေ့။


မိုးကြီးကျပြီးနောက်တစ်ရက်တွင် နေသာနေခဲ့သည်။


ကောင်းကင်တွင် တိမ်ကင်းစင်နေခဲ့သည်။ အပူချိန်က တဖြည်းဖြည်းမြင့်တက်လာပြီး ပြတင်းပေါက်အပြင်ဘက်တွင် သဘာဝဆန်၍ အေးချမ်းဖွယ်ကောင်းသောငှက်ကလေးများ၏ကျီကျီကျာကျာအသံတို့ထွက်ပေါ်နေခဲ့သည်။


ကျန်းရှီဝူနိုးလာသောအခါ ဆတ်ခနဲထထိုင်လိုက်ပြီး လျှပ်တပြက်လှုပ်ရှားလိုက်မိ၍ လျိုဟန်၏ခေါင်းကိုပင် ကန်မိလုနီးပါးဖြစ်သွားခဲ့ပြီး နှစ်ယောက်စလုံး အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့ကြသည်။


လျိုဟန်က တွန့်ဆုတ်ဆုတ်ဖြင့်မေးလိုက်သည်။


 "မင်းဘာလုပ်နေတာလဲ..."


ကျန်းရှီဝူက သူ့ပခုံးကိုလှုပ်ခါလိုက်သည်။


 "ထဦး၊ ရှန့်ချန်ရော..."


လျိုဟန်က အိပ်ချင်မပြေသေးသောမျက်လုံးများကိုဖွင့်လိုက်ကာ အခန်းလှည့်ပတ်ကြည့်ရင်း အံ့သြသွားလေ၏။ 


"သူထွက်သွားပြီ...."


နှစ်ယောက်သား အိပ်ရာမှထပြီး တံခါးဖွင့်လိုက်ကြသည်။ ဗီလာက အလွန်တိတ်ဆိတ်နေလေ၏။ ကျန်းရှီဝူ ရေချိုးခန်းတံခါးကိုဖွင့်လိုက်သောအခါ အသုံးပြုထားပြီး နေရာတကျပြန်ထားခဲ့သော အ၀တ်တစ်စုံကိုတွေ့လိုက်ရသည်။ ရှုပ်ပွနေခဲ့သော စားပွဲခုံမှာ ရှင်းထားပြီးသားဖြစ်နေပြီး သူတို့အောက်ထပ်သို့ဆင်းလာသည့်အခါ ဖိနပ်စင်ပေါ်တွင် ရှန့်ချန်၏ဖိနပ်ကမရှိတော့ပေ။ 


ထိုသူက ထွက်သွားခဲ့ပြီ။


သန့်သန့်ရှင်းရှင်း၊ ရည်ရည်မွန်မွန်နှင့် မည်သည့်အစွဲအလန်းမှမထားခဲ့ပေ။


လျိုဟန်ကတောက်ခေါက်လိုက်သည်။ 


"မနေ့ညက ငါနဲ့ရှန့်ချန် ငြိမ်းချမ်းရေးရပြီလို့ထင်ခဲ့တာ၊ သူက မနေ့ညက ငါတို့ကို အိမ်စာတွေတောင်သင်ပေးခဲ့တယ်လေ..."


ကျန်းရှီဝူမှာ စိတ်ထဲမှသာ မင်း ရှန့်ချန်ကိုနားမလည်ပါဘူးဟု ပြောလိုက်သည်။


သူ၏ယခင်ဘဝတွင် ရှန့်ချန်က စီးပွားရေးလောက၌ လူပြောအများဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထိုသူက ရက်စက်ကြမ်းကြုတ်ပြီးပြတ်သားကာ အားနည်းချက်လည်းမရှိပေ။ သူ့ပန်းတိုင်ရောက်ရန် အေးစက်သောနှလုံးသားဖြင့် မည်သည့်အရာကိုမဆိုလုပ်ခဲ့သည် ။ ထိုချောမောပြေပြစ်သောမျက်နှာအောက်တွင် အေးစက်သောနှလုံးသားဖြင့် အာဏာပါးကွက်သားတစ်ယောက်ရှိနေခဲ့လေ၏။


ကိုယ့်နေရာကိုယ်မသိဘဲ အိပ်မက်မက်နေမည်ဆိုပါက နောက်ဆုံးတွင် မိမိကသာအရှုံးသမားဖြစ်သွားရပေလိမ့်မည်။


........


မနက်ကျောင်းတက်ချိန်ဖြစ်သည်။


ကျန်းရှီဝူနှင့်လျိုဟန်မှာ ကျောင်းကိုစောပြီးမရောက်လာသလို နောက်လည်းမကျခဲ့ပေ။ ကျောင်းသားလေးနှစ်ယောက် မနက်စာစားပြီးအပေါ်ထပ်တက်လာသည့်အခါ လှေကားထစ်နားအရောက်၌ ရင်းနှီးနေသောပုံရိပ်ကိုမြင်လိုက်ရသည် ။


ရှန့်ချန်က လှေကားထစ်ပေါ်တွင်ရပ်နေပြီး သူ့အရှေ့တွင်မူ ရှက်တတ်သော မိန်းကလေးတစ်ယောက်က ခေါင်းငုံ့ကာရပ်နေခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် ရှန့်ချန်က အမူအရာမဲ့နေခဲ့သည်။ သူ့မျက်နှာက အေးစက်နေပြီး ဂရုစိုက်ခြင်းမရှိပေ။ သို့သော် ကျန်းရှီဝူ၏ နှစ်အများအပြားအတူနေခဲ့ဖူးသောကျေးဇူးကြောင့် ကောင်းစွာဖုံးကွယ်ထားနိုင်သောစိတ်မရှည်မှုတို့ကို ချက်ချင်းတွေ့လိုက်ရလေသည်။


လျိုဟန်က တီးတိုးပြောလာခဲ့သည်။


 "ဖွင့်ပြောနေတာပဲ..."


ကျန်းရှီဝူက ပျော်ပျော်ကြီးဖရဲသီးစားနေလေ၏။ 


"အောင်မြင်မှာမဟုတ်ဘူး၊ ငါလောင်းရဲတယ်..."


"မဖြစ်နိုင်တာ၊ သူက လှပါတယ်..."


ကျန်းရှီဝူ၏ဖောင်းကားနေသောမျက်နှာက သူ့ကိုယ်သူဇောက်ချယုံကြည်နေခဲ့သည်။ ရှန့်ချန်က သူမကို သဘောကျရန်မှာ မဖြစ်နိုင်ပေ။ သူမ၏လှပမှုအဆင့်က နိမ့်လွန်းနေသည်။ ယခင်ဘဝတွင် ရှန့်ချန်က ထိပ်တန်းအလှပဂေးများအားလုံးကို မြင်ဖူးခဲ့ပြီး တစ်ယောက်မှ မအောင်မြင်ခဲ့ပေ။


သူတွေးနေစဥ်မှာပင် မိန်းကလေးက ငိုယိုပြီးထွက်ပြေးသွားခဲ့သည်။ ကံဆိုးစွာပင် ဖရဲသီးစားနေသည့်မျက်နှာဖြင့် ကျန်းရှီဝူနှင့်လျိုဟန်ကိုဝင်တိုက်မိလေတော့၏။


မိန်းကလေး၏ပုလဲသွယ်မျက်ဝန်းလေးက ခက်ထန်သွားလေသည်။


 "ဘာလဲ ဖက်တီးကောင်၊ နင်လည်း အငြင်းခံရတာပဲမဟုတ်လား၊ သူက နင့်ကိုလည်း မကြိုက်ပါဘူး...."


"…...."


ဘလိုင်းကြီးပါလားဟ။


ကျန်းရှီဝူမှာ ဒေါသကိုမျိုသိပ်မထားနိုင်တော့ဘဲ ရင်ဘတ်ကိုကော့လိုက်သည်။ 


"နေဦး...."


မိန်းကလေးကသွားနေရာမှရပ်သွားလေသည်။


"ဟုတ်တယ်၊ သူကငါ့ကိုဂရုမစိုက်ဘူး...." 


ကျန်းရှီဝူ ကျောမတ်လိုက်သည်။ နောက်ဆုံးတွင် သူကိုယ်တိုင်အတွက် သူ့နာမည်ကို ရှင်းလိုက်နိုင်လေသည်။ 


"ဒါပေမဲ့ ငါကလည်း သူ့ကိုမကြိုက်တော့ပါဘူး...." 


မိန်းကလေးရော လျိုဟန်ပါ အံ့အားသင့်သွားကြသည်။


မိန်းကလေးမှာ အံ့သြရလွန်း၍ ငိုရန်ပင်မေ့သွားလေ၏။ ကျန်းရှီဝူကရှန့်ချန်ကို နှစ်အတန်ကြာကြိုက်ခဲ့မှန်း မသိသူမရှိပေ။ သူဘယ်လိုလုပ်ပြီးစိတ်ပြောင်းနိုင်ရတာလဲ။ သူမက ထိုအကြောင်းကို အဆုံးထိလိုက်ချင်ခဲ့သည်။ 


"ဒါဆိုနင်ကဘယ်သူ့ကိုကြိုက်တာလဲ....."


ကျန်းရှီဝူကနှာခေါင်းရှုံ့လိုက်သည်။


"နင်ဂရုမစိုက်စရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် သူကရှန့်ချန်ထက်ပိုတော်ပြီး ဉာဏ်လည်းပိုကောင်းတယ်...."


တဒင်္ဂမျှ မိန်းကလေး၏အာရုံက ကျန်းရှီဝူ၏ခန္ဓာကိုယ်ပေါ်မှ အဝေးရှိလှေကားထစ်ပေါ် သို့ရောက်သွားလေသည်။ အနည်းငယ်သာဝေးနေပြီး သူမ၏အမြင်အာရုံကအလွန်ကောင်းမွန်သော်လည်း ရှန့်ချန်၏မျက်နှာကို တွေ့သည်ဆိုရုံမျှသာ။ သူမ ထင်ယောင်ထင်မှားဖြစ်နေ၍လားမသိ၊ ထိုနေရာတွင်ရပ်နေသောလူငယ်လေးက အုံ့မှိုင်းနေသောမျက်နှာမျိုးဖြစ်နေပြီး သူမအား ငြင်းပယ်လိုက်သော အေးတိအေးစက်မျက်နှာနှင့် ပကတိကွဲပြားနေခဲ့လေသည်။


............


မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်။


အိမ်စာမထပ်ရသေးခင် ကျန်းရှီဝူက သူ့ထိုင်ခုံတွင်ထိုင်ကာ အစမ်းအဖြေလွှာကို နောက်ဆုံးအကြိမ်စစ်ကြည့်လိုက်သည်။ မနေ့က ရှန့်ချန်ကသူ့ကို ပုစ္ဆာအများစုသင်ပေးခဲ့ပြီး ကျန်းရှီဝူက ပုစ္ဆာတစ်ပုဒ်ကိုသာတွက်ခဲ့သည်။ သို့ရာတွင် ရှန့်ချန်မစစ်ပေးရသေးခင်မှာပင် သူအိပ်ပျော်သွားခဲ့လေ၏။ တွေးကြည့်လိုက်သည့်အခါ ရှန့်ချန်ကိုစစ်ခိုင်းလိုက်ခြင်းကပိုကောင်းလိမ့်မည်။


စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ကျန်းရှီဝူက အစမ်းအဖြေလွှာကိုယူကာ ထွက်သွားသည်လေသည်။


"အတန်းကိုယ်စားလှယ်..." 

ကျန်းရှီဝူက ဒုတိယအတန်းသို့ ရောက်လာလေသည်။ 

"ဒီပုစ္ဆာကို တစ်ချက်လောက်ကြည့်ပေးလို့ရမလား၊ ငါတွက်ထားတာမှန်ရဲ့လား"


ရှန့်ချန်က ခါးကိုမတ်မတ်ထိုင်ပြီးစာအုပ်ဖတ်နေခဲ့သည်။ ခေါင်းမမော့လာသည့်အပြင် အသံကလည်းစိတ်မဝင်စားသည့်ပုံစံဖြစ်နေလေ၏။ ထိုသူက တိုးလျစွာဖြင့်ပြောလာလေသည်။ 


"အိမ်စာကိုစစ်ပေးဖို့က ဆရာလုပ်လိမ့်မယ်..." 


လိမ်တာ။ မနေ့က ငါ့အိမ်စာကိုစစ်ပေးတာ မင်းပဲမဟုတ်ဘူးလား။


ဘာဖြစ်သွားတာလဲ၊ မနေ့ညက အိပ်နေရင်းဟောက်မိလို့ သူစိတ်တိုသွားတာများလား။


ကျန်းရှီဝူမှာကြောက်လန့်သွားလေသည်။ 


"ဘာလို့လဲဆိုတော့...တကယ်တော့ ငါတွက်ထားတာမှန်ရဲ့လားဆိုတာလောက်ပဲ မင်းကိုကြည့်စေချင်တာပါ...."


ရှန့်ချန်ကကျန်းရှီဝူ၏ ကလေးဆန်ပြီးတိုးတိမ်သောအသံကိုကြားလိုက်ရသည်။ သူကခေါင်းမော့ကာ ထိုသူကိုစိုက်ကြည့်လိုက်လေ၏။ 


"ဒီထက် ပိုတော်ပြီး ဉာဏ်ပိုကောင်းတဲ့လူကိုသွားစစ်ခိုင်းပါလား..."



☁️☁️