Chapter 15
Viewers 619

☁️Chapter 15




စာရွက်ကိုကိုင်ထားသော ကျန်းရှီဝူ၏လက်တို့က အနည်းငယ်တုန်ယင်လာလေသည်။


ရှန့်ချန်က အကြည့်လွှဲသွားလေ၏။ သူ့ဘေးတွင်ကျန်းရှီဝူကဲ့သို့ လူတစ်ယောက်မှမရှိနေသည့်အတိုင်း စာအုပ်ကို ဆက်လက်ဖတ်နေခဲ့သည်။


“အဲဒါက…”


သူမေးမြန်းကြည့်ရန်ကြိုးစားလိုက်သည်။ 


"မင်းအကုန်လုံးကိုကြားလိုက်လား..."


ရှန့်ချန်ကပြန်မဖြေပေ။


ကျန်းရှီဝူမှာ ရှန့်ချန်၏မိမိကိုယ်ကိုအထင်ကြီးလေးစားမှုက အလွန်မြင့်မားနေပြီး ကျောင်းတွင် သူ့ထက် ဉာဏ်ကောင်းသူမျိုးထပ်ရှိလာမည်ကို သည်းမခံနိုင်ဘဲဖြစ်နေမည်ဟု တစ်ခါမှမတွေးထားခဲ့ပေ။ အမျိုးသားဇာတ်လိုက်က မိသားစုနောက်ခံကြောင့် အလွန်အကဲဆတ်သူ ဖြစ်ကောင်းဖြစ်သွားနိုင်၏။ ယခုအချိန်တွင် ထိုသူ၏ဉာဏ်ရည်ဉာဏ်သွေးကိုငြင်းပယ်လိုက်မိပါက ရှန့်ချန်ကို စိတ်တိုသွားစေမည်ဖြစ်ပြီး သူစိတ်ဆိုးသွားသည်မှာလည်း သဘာဝကျနေသည်မဟုတ်ပါလား။


ကျန်းရှီဝူမှာ သူပြန်လည်မွေးဖွားလာခြင်းက အချည်းနှီးမဖြစ်သေးကြောင်း တဖန်ခံစားလိုက်ရပြန်သည်။ သူ အရင်ဘဝက မိုက်မဲခဲ့မိသည်။ ဤဘဝတွင် သူ့ဘက်မှ ရှန့်ချန်ကို ဘယ်သောအခါမှစော်ကားတော့မည်မဟုတ်ပေ။


ထိုအကြောင်းကိုတွေးမိပြီး ဖက်တီးပုပ်လေးက အလေးအနက်ထားကာပြောလိုက်လေသည်။ 


"ရှန့်ချန် မင်းနားလည်မှုမလွဲသွားဖို့တော့ ငါမျှော်လင့်ပါတယ်"


ရှန့်ချန်၏ စာရေးနေသောဘောပင်ကရပ်သွားပ်ြီး ကျန်းရှီဝူကိုမော့ကြည့်လာခဲ့သည်။


ကျန်းရှီဝူမှာ စိတ်ရင်းအမှန်ဖြင့်ပြောနေခဲ့လေ၏။


 "ငါ့အမြင်အရတော့ မင်းက အရမ်းဉာဏ်ကောင်းတယ်၊ တကယ်ပြောတာ၊ ပိုပြီးတော့လည်း ယုံကြည်မှုရှိတယ်...."


စကားပြောနေစဥ် ကျန်းရှီဝူ၏ ငွေ့ရည်ဖွဲ့နေသောမျက်လုံးလေးများက ရှန့်ချန်ကို စက္ကန့်ပိုင်းမျှစိုက်ကြည့်နေခဲ့သည်။ ငယ်ရွယ်ဖြူစင်သောမျက်နှာတွင် အပြုံးဖျော့ဖျော့လေးရှိနေခဲ့သည်။ တောက်ပပြီးနွေးထွေးနေ၏။ ရှန့်ချန်၏ နှလုံးသားလေးက မဆိုသလောက် လှုပ်ခတ်သွားခဲ့သည်။ သူတွေးလိုက်မိသည်။ သေချာသည်။ ကျန်းရှီဝူက သူ့ကို သဘောကျနေသေးသည်။ ရည်းစားစာများ သို့မဟုတ် တစ်ခုခုဖြင့် ဆက်တိုက်နှောင့်ယှက်ခံရသည်ကို သူ မကြိုက်မှန်းသိလာသည့်အခါ ထိုသူကနည်းဗျူဟာကို ပြောင်းလဲပစ်လိုက်ရုံသာဖြစ်လေ၏။


ယခင်ကဲ့သို့ စိတ်အနှောက်အယှက်မဖြစ်တော့သည်မှာ အမှန်ပင်။ တကယ်တမ်း၌ မတရားချစ်စရာကောင်းသောအချိန်များလည်းရှိခဲ့ပေသည်။


ရှန့်ချန်၏မျက်လုံးများက အလွန်အေးစက်နေခဲ့ပြီး မည်သူကမှ သူ့အတွင်းစိတ်ကိုဖတ်ရန်မဖြစ်နိုင်ပေ။ မဟုတ်၍ ကျန်းရှီဝူသာ သူ့အတွေးတို့ကိုသိသွားပါက သွေးအန်သွားနိုင်သည်။ သူက လက်ဆန့်လိုက်လေ၏။ 


“ဒီကိုယူလာခဲ့...”


ကျန်းရှီဝူ: "ဟင်..."


ရှန့်ချန်က သူ့လက်ထဲမှ အစမ်းအဖြေလွှာကိုယူပြီး ကြည့်လိုက်သည်။ 


"မင်း ထပ်မှားပြန်ပြီ...." 


! !


ကျန်းရှီဝူမှာ အနည်းငယ်ထိတ်ပျာသွားပြီး သူပြောခဲ့သမျှစကားတို့ကိုပင်မေ့သွားခဲ့သည်။ သူကအနားကိုကပ်သွားလိုက်လေ၏။ 


"ဘယ်နေရာမှားနေတာလဲ...."


ရှန့်ချန်က ဘောပင်ဖြင့် လမ်းညွှန်မျဉ်းတစ်ကြောင်းဆွဲပြလိုက်သည်။ တွက်ရမည့်ပုံသေနည်းကိုအစားထိုးရေးပေးလိုက်ပြီး ကျန်းရှီဝူမှားနေသည့်နေရာကို အမှတ်အသားပြလိုက်သည်။ 


"ဒီနေရာ၊ ပြန်တွက်..."


"သိသွားပြီ...."


ကျန်းရှီဝူ ခေါင်းကုတ်လိုက်သည်။


 "သေစမ်း၊ ငါဘာလို့ မင်း ပုစ္ဆာတစ်ပုဒ်ကို တွက်ပြတိုင်း လွယ်တယ်လို့ ဘာလို့ထင်မိရတာလဲ၊ ဒါပေမဲ့ ငါကိုယ်တိုင်တွက်ရတဲ့အခါကျတော့ အရမ်းခက်နေတယ်..."


"ပြန်သွားပြီး ပုစ္ဆာတွေပြန်တွက်ကြည့်လိုက်..."


ရှန့်ချန်က သူ့ကို အဖြေလွှာပြန်ပေးလိုက်သည်။


 "ဒီမှာရပ်နေရုံနဲ့ တွက်လို့ရမလား..."


"အာ..."


ကျန်းရှီဝူက အဖြေစာရွက်လေးနှင့်ပြန်ထွက်သွားလေသည်။ သူ့ခမျာ မကြာသေးခင်က စာလုပ်ရာတွင်အလွန်တက်ကြွနေခဲ့သည်။ တတိယတန်းကိုဖြတ်သွားရသောအခါ ကျိပေ့ချွန်ကသူ့ကို သဘောမတွေ့သောအကြည့်ဖြင့်စိုက်ကြည့်နေလေ၏။ သူက ပါးစပ်ကိုဟပြီးပြောလိုက်မိသည်။ 


"ရို့ တကယ်ကြီး တက်ကြွနေတာပဲ၊ စာမေးပွဲမှာ အမှတ်ဘယ်လောက်များများရမလဲတော့ငါမသိဘူး၊ အတန်းကိုယ်စားလှယ်က မင်းကိုသင်ပေးချင်စိတ်တော့ရှိသားပဲ၊ သေချာပါတယ်၊ နောက်ဆုံးကရေရင်တော့ အနည်းဆုံး ဒုတိယဖြစ်အောင်ကြိုးစားပေါ့..."


ကျန်းရှီဝူကထိုင်ချလိုက်ပြီး နားမလည်ဟန်ဆောင်ကာ ထိုင်ခုံဖော်ကိုမေးလိုက်သည်။ 


"မနက်စောစောစီးစီး ငါဘာလို့ ခွေးဟောင်သံတွေကြားနေရတာလဲ"


ထိုင်ခုံဖော်က ဝါးလုံးကွဲအော်ရယ်လေ၏။


ကျိပေ့ချွန်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူဒေါသထွက်သွားခဲ့သည်။ 


"ကျန်းရှီဝူ..."


ကျန်းရှီဝူက ပုစ္ဆာတွက်နေပြီး သူ့ကိုလျစ်လျူရှုထားလိုက်သည်။


"မင်းနားလေးနေလား..."


"ဆောရီး၊ ငါ ခွေးစကားနားမလည်ဘူး...."


ကျိပေ့ချွန်၏မျက်နှာက ဒေါသကြောင့်နီရဲသွားသော်လည်း မကြာမီမှာပင် သူ၏ စိတ်ကြီးဝင်မှုထံပြန်ရောက်သွားလေသည်။ 


"ရှန့်ချန် မင်းကိုသင်ပေးတာက အရမ်းကောင်းနေပြီလို့မထင်နဲ့၊ ငါ့အဖေက ငါ့အတွက် သီးသန့်ဆရာတစ်ယောက်ငှားထားတယ်၊ ပြီးတော့ အတန်းတစ်ခုစီအတွက် အထူးဆရာတစ်ယောက်ချင်းစီသင်ပေးနေတာ..."


ကျန်းရှီဝူကခွန်းတုံ့ပြန်လိုက်သည်။ 


"ဒါဆို မင်းက တော်လေးတုံးတာပဲ၊ လူတွေအများကြီး မင်းကိုသင်ပေးနေတာတောင် မင်းက ပထမမရဘူး၊ အမလေးနော်..."


"မင်း..."


ကျိပေ့ချွန်မှာ ဒေါသထွက်လွန်း၍ သေတော့မည်ဟုပင်ခံစားလိုက်ရသည် ။


သူက ထိုသူပြောသည့်စကားကိုမချေပနိုင်ရုံသာဖြစ်ပြီး ချဥ်ဖတ်ဆင်းရဲသားလေးရှန့်ချန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်လေသည်။ သူထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုပြီးစိတ်ရှုပ်လာရလေပင်။ 


"အဆင့်ကောင်းတော့ဘာလုပ်ရမှာလဲ၊ အနာဂတ်မှာ ငါဘယ်ကျောင်းတက်ကိုတက်ချင်ပါစေ ငါ့မိသားစုက တတ်နိုင်ပေမဲ့ မင်းကရောဖက်တီး၊ မင်းက စာရင်းရဲ့အောက်ဆုံးမှာရှိနေတဲ့အချိန် ငါ့ကို ဆဲဆိုနေဖို့အရည်အချင်းမရှိဘူး..."


ကျန်းရှီဝူက ဒေါသမထွက်ပေ။ ခေါင်းလှည့်လိုက်သည်။


 "ငါက နောက်ဆုံးဆိုတာဟုတ်ပါတယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ နောက်ဆုံးဖြစ်မနေဘူး၊ ကျိပေ့ချွန်၊ မင်းက အခုဂုဏ်ယူနေရလည်း အမြဲတမ်း ဂုဏ်ယူနေရမှာမဟုတ်ဘူး.."


ပြောပြီးနောက် သူမျက်နှာရသွားလေသည်။


 "မင်းခွေးလိုဟောင်တာကို ငါကြားဖို့စောင့်နေမယ်နော်..."


ကျိပေ့ချွန်: "မင်း..."


သူ ပြောချင်နေသေးသော်လည်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးသွားသောခေါင်းလောင်းသံက အစောကြီးထွက်လာပြီး တာဝန်ကျဆရာက အစမ်းအဖြေလွှာများအကြောင်းပြောရန် အတန်းထဲသို့ဝင်လာလေသည်။ ကျိပေ့ချွန်မှာနှောင့်ယှက်ခံလိုက်ရလေ၏။ သူစိတ်ဆိုးနေသေးသည့်တိုင် အခဲမကျေစွာဖြင့် နောက်ပြန်ဆုတ်လိုက်ရသည်။


သို့သော် မမျှော်လင့်ဘဲ ဆရာ၏နောက်ထပ်ပြောလာသောစကားများက သူ့ကိုပြုံးသွားစေခဲ့သည်။


"နှစ်ပတ်အတွင်း ဆရာတို့ကျောင်းက မိဘဆရာတွေ့ဆုံပွဲကို စီစဉ်ပေးထားတဲ့အတွက် အစကစီစဥ်ထားတဲ့လပတ်စာမေးပွဲကို ရှေ့တိုးလိုက်ရတယ်၊ လာမယ့်တနင်္လာနေ့၊ ပြင်ဆင်ဖို့ ရက်ပိုင်းပဲ လိုတော့တာမလို့ အဆင်သင့်ပြင်ထားကြတော့..."


ထိုစကားထွက်လာသည်နှင့် ကျောင်းသားများအားလုံး တမျိုးစီဖြစ်သွားကြသည်။


ကျိပေ့ချွန်ကအပျော်ဆုံးဖြစ်နေလေ၏။ သူက ကျန်းရှီဝူကို ဂုဏ်ယူနေသောပုံစံဖြင့်လှည့်ကြည့်လိုက်သည်။ ဟာသတစ်ပုဒ်ကိုကြည့်ရရန်အသင့်ဖြစ်နေသလို ပြီတည်တည်မျက်နှာနှင့်ဖြစ်နေ၏။


ကျန်းရှီဝူ၏ စားပွဲဖော် ခုန်းဝမ်ကျင်းက အလောင်းအစားအကြောင်းကိုသိထား၍ စိုးရိမ်စိတ်ဖြင့်မေးလာခဲ့သည်။



"အဆင်ပြေရဲ့လား...." 


အန္တရာယ်များလိုက်တာ။ ဒီဂြိုလ်ဆိုးကောင်။


ကျန်းရှီဝူက သက်ပြင်းဖွဖွချသည်။ 


“ရုတ်တရက်ကြီးပဲ..."


သူ့မျက်နှာမှာ စိတ်ပျက်မှုကြောင့် မျက်မှောင်ကြုတ်ကာရှုံ့တွသွားခဲ့သည်။ သူက ကျောင်းလွယ်အိတ်ထဲမှ သင်္ချာစာအုပ်ကိုထုတ်ကာ ကိုယ်တိုင်လေ့လာရာတွင်ပြင်ဆင်ရန် ဒေါသတကြီးဖွင့်လိုက်သော်လည်း စာအုပ်ကိုဖွင့်လိုက်သောအခါ သူအံ့အားသင့်သွားရပြန်သည်။ ပထမတွင် ယူနစ်၊ အချို့သော ဥပမာများနှင့် ဖော်မြူလာများကို မှတ်ချက်များဖြင့် ဂရုတစိုက်အမှတ်အသားပြုပေးထားလေသည်။


အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အနားသတ်များတွင်ရေးထားပြီး ဖော်မြူလာတစ်ခုပြီးသွားတိုင်း ဆရာပေးထားသည့် ဥပမာတစ်ပုဒ်စီလည်းပါသည်။ ဖြေရှင်းချက်များက ရှင်းလင်းသည်။ အရူးတစ်ယောက်ပင် နားလည်နိုင်လောက်မည့် လေ့ကျင့်ခန်းများပင်ဖြစ်လေ၏။ စာမျက်နှာတိုင်းတွင် အခန်းများမှလေ့ကျင့်ခန်းများကိုပင် မှတ်သားထားခဲ့သည်။ ရေးသည့်သူက တစ်ချက်ပင်မနားဘဲ ဆက်တိုက်ရေးခဲ့ရလိမ့်မည်။ ထင်ရှားသော စကားလုံးများက ပိုင်ရှင်ကဲ့သို့ပင် ယုံကြည်မှုရှိပြီး ပြတ်သားပုံပေါ်သည်။


ရှန့်ချန်ပဲ။


သူ မနေ့ညက လျိုဟန်နှင့်အိပ်ခဲ့သော်လည်း ရှန့်ချန်က သူတို့ကို သင်ပေးရန် ညဥ့်နက်သည်အထိနေခဲ့ရှာသည်။


ကျန်းရှီဝူက ခေါင်းကိုခါယမ်းလိုက်ပြီး ရှန့်ချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း ဒုတိယတန်းတွင် ထိုင်နေသူက အေးစက်သောကျောပြင်ကိုသာပေးထားပြီး အနောက်ကိုလှည့်မလာခဲ့ပေ။


သူ့နောက်တွင်ထိုင်နေသောလျိုဟန်က ကျန်းရှီဝူ၏ နောက်ကျောကို လှမ်းဆွဲလိုက်သည်။


 "ဟေး...."


ကျန်းရှီဝူ သူ့ကို လှည့်ကြည့်လိုက်သည်။


လျိုဟန်က သူ၏လေ့ကျင့်ခန်းစာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ 


"မင်းရောပဲလား...."


ကျန်းရှီဝူမှာ လျိုဟန်၏လေ့ကျင့်ခန်းစာအုပ်က သူ့စာအုပ်နှင့်ကွဲပြားနေသည်ကိုတွေ့လိုက်ရပြီး သူနှင့်လျိုဟန်က အားနည်းချက်မတူသောကြောင့်ဖြစ်မည်ဟုတွေးမိကာ ခေါင်းညိတ်ပြလိုက်လေသည်။


 "ငါရောပဲ..."



လျိုဟန်ကရှန့်ချန်ကို ထူးခြားသည့်မျက်လုံးဖြင့်ကြည့်လိုက်ပြီး တခဏမျှနှုတ်ဆိတ်နေပြီးမှ လက်မထောင်ပြလိုက်သည်။ 


"ရှန့်ချန် ထာဝရနတ်ဘုရားပဲ..."


ကျန်းရှီဝူက အသက်မပါစွာဖြင့်ရယ်လိုက်သည်။

ဒါက ရှန့်ချန်ကူညီပေးလို့လား၊ ဒါမှမဟုတ် သူတို့ပဲစာညံ့တာလား။


မည်သည့်အရာကိုမျှဂရုမစိုက်သောနောက်ကျောကိုကြည့်ရင်း ကျန်းရှီဝူမှာ ရှန့်ချန်ကို ပိုပြီးနားလည်လာပြီဟု ခံစားလိုက်ရသည်။ အတိတ်တွင် ရှန့်ချန်က ရက်စက်ပြီး အကြင်နာတရားကင်းမဲ့သည်ဟု သူမြင်ခဲ့သည်။ သို့ရာတွင် အခြားသူတစ်ယောက်အပေါ်အန္တရာယ်ပေးပြီး လက်တုံ့ပြန်သူက ကောင်းသည့်အရာများကိုလည်း ကောင်းသည့်စိတ်ဖြင့် ပြန်ပေးခဲ့လောက်သည်။


ရှန့်ချန်က သူထင်ထားသလို အေးစက်ပြီး ရက်စက်မှုမရှိသည်မှာဖြစ်နိုင်သော်လည်း၊ သူ့နှလုံးသားအောက်ခြေတွင် အကြင်နာတရားများရှိနေသေးသော်လည်း၊ ၎င်းတို့က နက်ရှိုင်းသည့်နေရာတွင်တိမ်မြုပ်နေခဲ့သည်။သူ၏ယခင်ဘဝတွင် ၎င်းကို မထိတွေ့နိုင်ခဲ့ပေ။

.......


ငါးရက်ကြာပြီးနောက်။


လပတ်စာမေးပွဲကို တရားဝင်စတင်ခဲ့သည်။ ဤတစ်ကြိမ်မှာ စာသင်နှစ်စတင်ပြီးနောက် ပထမဆုံး လပတ်စာမေးပွဲ ဖြစ်လေ၏။ လပတ်စာမေးပွဲပြီးသောအခါ မိဘဆရာ တွေ့ဆုံပွဲကို ကျင်းပလိမ့်မည်။ ကျောင်းသားများက ယင်းအပေါ်တွင် အလွန်အလေးထားကြသည်။ ယင်းအပြင် ၎င်းက သူတို့ အရိုက်ခံရ၊ မခံရနှင့်စပ်ဆက်နေလေ၏။


စာမေးပွဲခန်းထဲမဝင်ခင် ကျန်းရှီဝူ သန့်စင်ခန်းမှထွက်လာပြီး ရှန့်ချန်နှင့်ဆုံလိုက်ရသည်။

ရှန့်ချန်ကဘေစင်တွင်ရပ်ကာ သူ့လက်များကိုဆေးကြောနေပြီး ကျန်းရှီဝူကပြောလိုက်သည်။


 "အတန်းကိုယ်စားလှယ်၊ ကျေးဇူးတင်ပါတယ်...."


ရှန့်ချန်က ဘေးတိုက်ကြည့်လိုက်သည်။ 


"ဘာအတွက်ကျေးဇူးတင်တာလဲ..."


"ငါစာအုပ်ထဲကမေးခွန်းတွေအကုန်လုံးကို နားလည်

ပြီး လေ့လာခဲ့တယ်..." 


ကျန်းရှီဝူ၏မျက်နှာက အလေးအနက်ဖြစ်နေလေ၏။ 


"မင်းရဲ့အကူအညီမပါရင် ငါဒီလောက်အချိန်တိုလေးအတွင်းမှာ အကုန်လုံးကိုရမှာမဟုတ်ဘူး..."



ရှန့်ချန်ကရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး တစ်ရှူးကိုထုတ်ကာ သူ့လက်ကိုဖြည်းဖြည်းချင်းသုတ်နေလေသည်။


 "မင်းငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊ ဒီတိုင်း အချိန်ကိုအသုံးချလိုက်တာလောက်ပဲ..."


ကျန်းရှီဝူမှာ ထိုနေ့ညက သူနှင့်လျိုဟန်တို့ထိုလမ်းကြားလေးထဲတွင်ရှိနေရသည့်အကြောင်းအရင်းကို ရှန့်ချန်မေးလာချိန်က သူလည်း "ဒီတိုင်းဖြတ်သွားတာ" ဟုဖြေခဲ့သည်။


အမှန်ပင်။ ရှန့်ချန်က အခြားသူများအပေါ် ကျေးဇူးကြွေးတင်ရသည့်အဖြစ်ကိုမနှစ်သက်ပေ။

ကျန်းရှီဝူစကားပြောတော့မည့်အချိန် သူ့ရှေ့မှလူက အသံကိုနှိမ့်ကာပြောလာခဲ့သည်။ 


"ပြီးတော့ ကျိပေ့ချွန်က ငါ မင်းကိုသင်ပေးလိုက်တယ်ဆိုတာ သိနေတယ်...."


"ဟမ်..."


ရှန့်ချန်က သူ့လက်များကိုသုတ်ပြီးနောက် တစ်ရှူးကို လွှင့်ပစ်လိုက်သည်။ အေးစက်သောမျက်နှာကို အေးစက်သောအလွှာက ဖုံးအုပ်ထားသလိုပင်။ သူက လှမ်းထွက်လိုက်ပြီး သူတို့ပုခုံးများကပွတ်တိုက်သွားကြသည်။


 “ငါ့ကိုမျက်နှာပျက်အောင် မလုပ်နဲ့...”


သူထွက်သွားသည့်တိုင် ကျန်းရှီဝူမှာနေရာတွင်အေးခဲနေဆဲ။ သူ့နှုတ်ခမ်းများကတုန်ခါနေပြီး ရင်ထဲမှကြုံးဝါးနေသံကိုလည်းမရှင်းပြနိုင်ပေ။ ကျိပေ့ချွန်က ရှန့်ချန်ကို စော်ကားလိမ့်မည်ဟု တစ်ကြိမ်လေးပင်မမျှော်လင့်ထားသော်လည်း ဤလူက သူ၏နာကျည်းနေမှုကို မှတ်မိနေသေးပြီး လက်စားချေရန်ကူညီရာတွင်လည်း မတွန့်ဆုတ်ခဲ့ပေ။ သူ့နှလုံးသားထဲတွင် မုန်တိုင်းထန်နေပြီး နောက်ဆုံး၌ သူ့ကိုယ်သူ ပုတ်လိုက်ကာ ရှန့်ချန်ကို ဘယ်တော့မှ မစော်ကားတော့ပါဟု ကတိပေးလိုက်သည်။ ထိုသတိကြီးကြီးထားတတ်သူက မည်မျှကြာသည်အထိမှတ်မိနေနိုင်မှန်းမသိနိုင်ပေ။


......


သုံးရက်လောက်ကြာပြီးနောက်။


နေသာသည့်နေ့လေးဖြစ်ပြီး ရာသီဥတုကောင်းနေသည်။ ပထမလပတ်စာမေးပွဲကပြီးဆုံးသွားခဲ့ပြီး ယနေ့က အမှတ်စာရင်းကြေညာမည့်နေ့ဖြစ်လေသည်။ ကျောင်းသားများမှာ ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေကြလေ၏။


သင်္ချာအတန်း၏ ခေါင်းလောင်းသံ မြည်လာသောအခါ ဆရာက အဖြေလွှာများကို လက်ထဲတွင်ကိုင်လာရင်း စာသင်ခန်းထဲသို့ဝင်လာလေသည်။ 


"ဒီတစ်ခါလပတ်စာမေးပွဲမှာ ဆရာတို့ အတန်းရဲ့ ရလဒ်တွေ အများကြီး ပြောင်းလဲသွားတယ်၊ တချို့လူတွေဆို ဆရာ့ကို အံ့ဩသွားစေတယ်၊ အားလုံးရဲ့ရလဒ်ကိုကြေငြာပေးပါ့မယ်.."


ဆရာရှောင်ကျန်းက အဖြေလွှာစာရွက်များကိုဖွင့်လိုက်လေ၏။


 "နာမည်ခေါ်ရင် စာရွက်ကို လာယူပါ။ ကျင်းချန်ချန် ၈၉ မှတ်၊ ကျန်းစန် ၇၀၊ ကျိပေ့ချွန် ၉၇၊ ဒီတစ်ခါ မင်းအရမ်းတိုးတက်လာပြီပဲ ပေ့ချွန်..."


တစ်တန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

အမှတ်ပြည့်က ၁၂၀ အထိသာရှိသည်။ ကျိပေ့ချွန်၏အဆင့်များက ခုန်ပျံကျော်လွှားပြီးတိုးတက်လာခဲ့၏။ တစ်ဦးချင်း ကျူရှင်ဆရာများနှင့်သင်ရန်ထိုက်တန်ပြီး ဆရာကလည်းချီးကျူးနေခဲ့သည်။ တကယ်ကို အားကျစရာပင်။


ကျိပေ့ချွန်က ဂုဏ်ယူမှုအပြည့်ဖြင့် ကျန်းရှီဝူကို အထင်အမြင်သေးစွာစိုက်ကြည့်ကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ လူအုပ်ကြီး၏ အထင်ကြီးလေးစားမှုကို ခံရသော်လည်း ဂုဏ်ယူမဆုံးမီမှာပင် ဆရာရှောင်ကျန်းက ဆက်ကြေညာလာခဲ့သည်။ 


"ရှန့်ချန် ၁၁၈.၅ မှတ်..."


အတန်းထဲကလူတချို့က အော်လိုက်ကြပြီး အားလုံးက ရှန့်ချန်ကို လေးလေးစားစားကြည့်လိုက်ကြသည်။ ညဏ်စမ်းမေးခွန်းလေးတစ်ခုသာမှားသွားခဲ့ကြောင်းဖော်ပြနေလေ၏။ မြင့်မားလွန်းသောအမှတ်အရ နံပါတ်တစ်ဆိုသောအရည်အချင်းကို ဖုံးကွယ်ထား၍မရပေ။


ရှန့်ချန်က စင်ပေါ်ကို လျှောက်သွားသည့်တိုင် ဆရာကျန်းထံမှ အပြောခံလိုက်ရသေးသည်။ 


"ရှန့်ချန်၊ မင်း ဒီမေးခွန်းကို မမှားသင့်ဘူး၊ ဒီ ၁.၅ ကိုထားလိုက်တော့၊ နောက်တစ်ခါကျ သတိထား.."


ရှန့်ချန်: "ဟုတ်ကဲ့ပါ..."


အတန်းဖော်များက မနာလိုဖြစ်နေကြသော်လည်း ကျိပေ့ချွန်၏အပြုံးကပျောက်ကွယ်သွားခဲ့သည်။ သူက ၉၇ မှတ်ဖြင့် ဆရာထံမှချီးကျူးခံခဲ့ရသော်လည်း ရှန့်ချန်က ၁၁၈.၅ မှတ်ဖြင့်အပြစ်ပြောခံလိုက်ရသည်။ သူက ကွဲပြားစွာဖြင့်ဆက်ဆံခံရသည်မှာ သိသာထင်ရှားလှသော်လည်း အပြည့်အဝမပျော်နိုင်ပေ။

ထို့နောက် ဆရာရှောင်ကျန်းက ကြေညာလိုက်သည်။ 


"ကျန်းရှီဝူ ၉၂ မှတ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီတစ်ခေါက် ကျန်းရှီဝူက အကောင်းဆုံးလုပ်ခဲ့တာပဲ၊ သူကအတန်းထဲက ထိပ်ဆုံးအယောက်နှစ်ဆယ်ကိုဝင်နိုင်တယ်၊ အားလုံးပဲသူ့ကိုလက်ခုပ်တီးပေးလိုက်ကြပါဦး..."


ယခုအောင်မြင်မှုက အကြီးအကျယ်ရှော့ခ်ရစရာပင်။

နွေးထွေးသောလက်ခုပ်သံများဖြင့် ကျန်းရှီဝူကထိုင်ခုံမှထပြီး အစမ်းအဖြေလွှာကိုသွားယူလိုက်သည်။ ဆရာ ရှောင်ကျန်းက သူ့ကိုအားပေးချင်နေခဲ့သည်။ သူ့ကို ချီးကျူးရုံသာမက သူမိဘများအတွက်လည်းဝမ်းသာသည်ဟုပြောခဲ့သည်။ ဤမြင်ကွင်းက ကျိပေ့ချွန်၏မျက်လုံးထဲသို့ဝင်လာလေ၏။ ၎င်းကမျက်စိစူးစရာဖြစ်နေပြီး သူလည်းတိုးတက်လာသည့်တိုင် ဆရာက သူ့လောက်ပင်မကောင်းသောရလဒ်ရလာသူကို ချီးကျူးပေးနေခဲ့သည်။


ကျိပေ့ချွန်က လက်မြှောက်လိုက်သည်။ 


"ဆရာ၊ ကျွန်တော် တိုင်ချင်လို့ပါ..."


အတန်းကငြိမ်ကျသွားပြီး သူ့ကိုပြန်ကြည့်လာကြသည်။


ကျိပေ့ချွန်က ထရပ်လိုက်ကာ ကျန်းရှီဝူကိုကြည့်လိုက်လေ၏။


 "စာမေးပွဲမှာ ကျွန်တော်နဲ့ကျန်းရှီဝူက စာမေးပွဲခန်းတူပါတယ်။ သူရှန့်ချန်ကို စာရွက်တစ်ရွက်ကမ်းပေးလိုက်တာ ကျွန်တော်မြင်လိုက်တယ်၊ သူကတော့ ဘယ်သူမှမမြင်လောက်ဘူးထင်ပါလိမ့်မယ်၊ မယုံရင် စောင့်ကြည့်ကင်မရာတွေကိုစစ်ကြည့်လို့ရပါတယ်..."


ဆရာရှောင်ကျန်းက အနည်းငယ်အံ့သြသွားခဲ့သည်။ ရှန့်ချန်ကတစ်နှစ်တာလုံး၏ စာရိတ္တအကောင်းဆုံး ကျောင်းသားဖြစ်လေ၏။ အခြားသူတစ်ယောက်စာခိုးချရာတွင် ကူညီပေးရန်အတွက်နှင့် ယခုလိုကိစ္စမျိုးကို မည်သို့များလုပ်နိုင်ပါမည်နည်း။


ကျန်းရှီဝူ မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။


ကျိပေ့ချွန်ကသူ့မျက်နှာကိုမြင်ရသည့်အခါ ဝမ်းသာသွားလေသည်။ 


"ဆရာ၊ ကျွန်တော်မပြောချင်ပေမယ့် မပြောရင် တခြားကျောင်းသားတွေအတွက်တော့ မတရားရာကျသွားပါလိမ့်မယ်၊ ကျွန်တော်တို့အားလုံး အမှတ်ကောင်းကောင်းရအောင် ကြိုးစားခဲ့ရတာကို၊ ဒီလိုယုတ်မာတဲ့နည်းလမ်းနဲ့လူတွေနဲ့ ဘယ်လိုယှဥ်နိုင်ပါ့မလဲ..."


ဆရာရှောင်ကျန်းက သက်ပြင်းချလိုက်သည်။


 "ရှန့်ချန် ကျန်းရှီဝူက မင်းကို စာရွက်တစ်ရွက်ပေးခဲ့တာလား..."


နောက်ဆုံးအချိန်အထိ သူ့ဘက်မှ ကျောင်းသားအပေါ်ယုံကြည်ချင်နေသေးသည်။ အထူးသဖြင့် ရှန့်ချန်ပင်ဖြစ်လေ၏။ သူ ဤကလေးမိသားစုအခြေအနေကို ကောင်းကောင်းသိထားသည်။ ရှန့်ချန်က အခြားသူတစ်ယောက်ခိုးချမည့်ကိစ္စတွင် မကူညီနိုင်လောက်ပေ။

သို့သော် သူ မမျှော်လင့်ထားသည့်အရာမှ ရှန့်ချန်က ခေါင်းညိတ်ပြလာခြင်းပင်။ 


"ပေးခဲ့ပါတယ်..."


ဘာ...


တစ်တန်းလုံး ဝေါကနဲအော်လိုက်သံက ရေလှိုင်းတစ်လုံးရိုက်ခတ်သွားသလိုပင်။

ကျီပေချွန်က အလွန်ဂုဏ်ယူသွားပြီး ကောင်းကင်ဘုံသို့ပင်တက်သွားတော့မယောင်ဖြစ်နေလေသည်။


 "ဆရာ၊ ရှန့်ချန်ကဝန်ခံလိုက်ပြီ..."


ဆရာ ရှောင်ကျန်းလည်း မျက်မှောင်ကြုတ်လိုက်သည်။ 


"ရှန့်ချန်၊ စာမှာဘာရေးထားလဲ"


ကျန်းရှီဝူ၏ ပါးစပ်ထောင့်မှာ တွန့်သွားသည်။ သူကိုယ်တိုင် ဝန်ခံသင့်မခံသင့် မတုံ့ဆိုင်းနေချိန်မှာပဲ ရှန့်ချန်က စာအုပ်ထဲမှ မှတ်စုတစ်ခုကိုထုတ်ပြီး ဆရာကို ပေးလိုက်လေ၏။ 


"ဒီမှာပါ..."


ဆရာရှောင်ကျန်းက ရောက်လာပြီးစာကိုယူလိုက်သည်။ အစပိုင်း၌ ဒေါသနည်းနည်းထွက်လာသေးသော်လည်း မှတ်စုထဲမှ အကြောင်းအရာကိုမြင်ပြီးနောက် ရယ်ရမလား ငိုရမလားမသိတော့ပေ။



☁️☁️