☁️Chapter 16
မှတ်စုစာရွက်လေးမှာ စာအုပ်တစ်အုပ်မှစာရွက်ကိုဖြဲပြီး ရေးထားသည်မှာ သိသာလှပေ၏။ စာရွက်ပေါ်မှ ကြောင်ခြစ်ထားသလိုလက်ရေးကိုဖတ်ကြည့်လိုက်သည်။
"ငါ့အမေက မင်းကို နေ့လည်ကျရင် အိမ်မှာနေ့လည်စာလာစားဖို့ ပြောခိုင်းလိုက်တယ်"
ဆရာရှောင်ကျန်းကရယ်လိုက်မိပြီး ကျိပေ့ချွန်ကိုလက်ပြကာလှမ်းခေါ်လိုက်သည်။
"ဒီကိုလာကြည့်..."
ကျိပေ့ချွန်က ဆရာရှောင်ကျန်း၏မျက်နှာကိုမြင်ပြီး တစ်ခုခုလွဲနေမှန်းသိသွားခဲ့သည်။ သူကအနားလာပြီး စာရွက်ပေါ်မှစာလုံးများကိုတွေ့လိုက်ရသည့်အခါ မျက်နှာကရှုံ့တွသွားလေတော့သည်။
ဆရာရှောင်ကျန်းကသက်ပြင်းချပြီး သူ့ကိုပြောလိုက်လေ၏။
"မင်းမှာ တခြားပြောစရာရှိသေးလား..."
ကျိပေ့ချွန်ကအံကြိတ်ပြီး ခေါင်းကို လေးပင်စွာခါယမ်းလိုက်သည်။
ဆရာရှောင်ကျန်းက ရှန့်ချန်ကိုစာရွက်ပြန်ပေးလိုက်ကာ တောင်းပန်လိုက်လေ၏။
"အဆင်ပြေသွားပါပြီ၊ ဆရာတောင်းပန်ပါတယ်၊ ဆရာ့အမှားပါ..."
"ဆရာ ကျွန်တော့်ကိုတောင်းပန်ဖို့မလိုပါဘူး..."
ရှန့်ချန်က ရှည်သွယ်သောလက်ချောင်းလေးများဖြင့် စာရွက်ကိုပြန်ယူလိုက်ပြီး မျက်ခွံကိုပင့်တင်ကာ ကျိပေ့ချွန်ကိုမော့ကြည့်လိုက်သည်။
"ကျွန်တော်ကသိချင်ရုံလေးပါ၊ သက်သေမရှိဘဲ ပါးစပ်ကနေထင်ရာပြောတတ်တဲ့လူတွေရဲ့စကားက အကျိုးအကြောင်းဆီလျော်ရဲ့လားဆိုတာကိုလေ.."
ကျိပေ့ချွန်မှာ ရှန့်ချန်က ပေါ်တင်ကြီးဝေဖန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဆရာရှောင်ကျန်းက ခဏမျှငြိမ်သက်သွားပြီးနောက် တောင်းပန်ခိုင်းလိုက်လေသည်။
"ကျိပေ့ချွန်၊ ရှန့်ချန်ကိုတောင်းပန်လိုက်စမ်း..."
ကျိပေ့ချွန်က အတန်းကိုယ်စားလှယ်ကိုကြည့်လိုက်ပြီး သူသဘောကျနေသောမိန်းကလေးကိုကြည့်လိုက်သည်။ သို့ထိတိုင် သူသဘောကျနေသောမိန်းကလေးက သူ့ဘက်ကိုတစ်ချက်လေးပင်ငဲ့မကြည့်လာသည့်အပြင် ရှန့်ချန်ကို စိုးရိမ်တကြီးကြည့်နေသည်ကိုသာတွေ့လိုက်ရလေ၏။
သူက ရေခဲရေဖြင့် ပုံးလိုက်လောင်းချခံလိုက်ရသလိုခံစားလိုက်ရလေသည်။ သူကရှန့်ချန်ထက်တော့မဆိုးသေးပါဘူး၊ ဒါတောင်မှ လူတွေအများကြီးရဲ့ရှေ့မှာ ရှန့်ချန်ကိုတောင်းပန်ရမှာလား။ သူ့ကိုသတ်ပစ်လိုက်တာထက်တောင် ပိုဆိုးတယ်။
သူက ဆဲရန်ပြင်နေစဥ် ရှန့်ချန်ပြောလာသည့်စကားကိုကြားလိုက်ရသည်။
"တောင်းပန်ခံရမှာငါမဟုတ်ဘူး..."
အားလုံးက အနောက်မှကျန်းရှီဝူကိုလှမ်းကြည့်လိုက်ကြသည်။
သူက ထိုနေရာလေးတွင်ရပ်နေသည်။ လူတိုင်းထံမှအကြည့်ခံရသည့်အခါ သူကခေါင်းကုတ်လိုက်ပြီး ပြုံးကာပြောလိုက်လေ၏။
"ရိုးရိုးသားသားပြောရရင် ကျိပေ့ချွန်၊ ငါအရမ်းဝမ်းသာတယ်၊ ငါမှတ်မိသလောက်ဆိုရင် စာမေးခန်းထဲမှာ မင်းကငါ့အရှေ့မှာထိုင်တာလေ၊ ဒါတောင် မင်းကငါ့ကိုဂရုစိုက်ပေးနေတာပဲနော်၊ ကျေးဇူးတင်စရာပဲ.."
သူ့စကားဆုံးသွားသည့်အခါ တစ်တန်းလုံး အူလှိုက်သည်းလှိုက်ရယ်ကြလေတော့သည်။
ကျိပေ့ချွန်မှာ မျက်နှာနီလာသလိုခံစားလိုက်ရပြီး ဘေးဘက်တွင် လက်သီးကိုတင်းတင်းဆုပ်ထားခဲ့လေ၏။ သူတို့က ပြဇာတ်ကောင်းတစ်ပုဒ်ကိုကြည့်နေကြသည့်အတိုင်း လူတိုင်း၏မျက်လုံးများက သူ့အပေါ်တွင်ကျနေခဲ့သည်။ သူ့မာနက လုံးဝစကားမပြောနိုင်အောင်ဖန်တီးနေလေ၏။
ဆရာရှောင်ကျန်းက သူ့ကိုခဏမျှစောင့်နေသော်လည်း ကျိပေ့ချွန်၏မတောင်းပန်ချင်သောပုံစံကိုတွေ့ရသည့်အခါ သက်ပြင်းချပြီးပြောလိုက်လေသည်။
"ကျိပေ့ချွန်၊ ကိုယ့်ခုံကိုယ်ပြန်သွားတော့.."
ကျိပေ့ချွန်က နှုတ်ခမ်းကိုကိုက်ပြီးပြန်သွားလေသည်။
သို့သော်လည်း ဆရာကျန်းက ဆရာမဟွမ်လိုမဟုတ်ပေ။ သူက ဆရာတစ်ယောက်၏တာဝန်ကိုထမ်းဆောင်ပြီး ရုံးခန်းကိုပြန်ရောက်သည့်အခါ ထိုမတော်တဆဖြစ်ရပ်ကို အတန်းပိုင်ထံပြောပြလိုက်တော့သည်။
ယင်းကိုနားထောင်ပြီးသွားသည့်အခါ ဆရာမဟွမ်က ငြီးတွားလာခဲ့သည်။
"ကျွန်မလည်း ကျိပေ့ချွန်နဲ့ပတ်သက်လာရင် ခေါင်းကိုက်ရတယ်ရှင်..."
ဆရာကျန်းက အကြံပေးကြည့်လိုက်သည်။
"ကျွန်တော်ကတော့ ဒီကလေးမှာ ပြဿနာတစ်ခုရှိနေတယ်လို့ထင်တယ်ဗျ၊ သူ့မိဘတွေနဲ့တွေ့ပြီး အေးအေးဆေးဆေးစကားပြောကြည့်ကြပါလား..."
အတန်းပိုင်က ဘယ်ရီသီးလက်ဖက်ရည်ကိုတစ်ငုံသောက်ပြီး ပြန်ပြောလိုက်သည်။
"တကယ်တော့ အရင်တစ်ခါကလည်း ကျွန်မသူ့မိဘတွေကိုဆက်သွယ်ကြည့်ပါသေးတယ်၊ ဒါပေမဲ့ သူတို့ပေးထားခဲ့တဲ့ဖုန်းနံပါတ်က မိသားစုနာနီဆီကဖြစ်နေတယ်၊ ကျွန်မမေးကြည့်တော့ သူ့အဖေက တစ်နှစ်လုံး နိုင်ငံခြားကိုအလုပ်ခရီးထွက်နေရတယ်တဲ့၊ ကလေးကိုလည်း အိမ်မှာ နာနီကပဲကြည့်ပေးရတာတဲ့.."
ဆရာကျန်းတွင် ပြောစရာစကားမရှိတော့ပေ။
ဆရာမဟွမ်က သူ့ကိုချွေးသိပ်ပေးလိုက်သည်။
"ဒါပေမဲ့ ကျွန်မဒီနေ့ သူ့ကိုထပ်ပြီးဆက်သွယ်ကြည့်လိုက်ပါ့မယ်၊ မပူပါနဲ့..."
ထို့နောက် ဆရာကျန်းက သက်ပြင်းချလိုက်သည်။ "
"အခုခေတ်လူချမ်းသာတွေကိုတော့ တကယ်နားမလည်နိုင်တော့ဘူး၊ သူတို့က ကလေးတွေကို ပိုက်ဆံလောက်တောင်ဂရုမစိုက်ကြတော့ဘူး..."
ဆရာမဟွမ်က သူမနှုတ်ခမ်းကိုဖိထားမိပြီး စိုးရိမ်နေလေသည်။ သူတို့အတန်းမှကလေးများ၏မိသားစုများတွင် အခက်အခဲကိုယ်စီရှိကြသည်။ မိဘများနှင့်တွေ့ဆုံခြင်းက အခွင့်အရေးတစ်ရပ်ဖြစ်ပြီး သူတို့အနေဖြင့် စကားကောင်းကောင်းပြောရလိမ့်မည်။
..........
ညနေပိုင်း။
ကျိပေ့ချွန်က ဒရိုင်ဘာ၏ကားဖြင့်အိမ်ပြန်လာလေသည်။ ကားတံခါးကိုဖွင့်လိုက်သည့်အခါ ယနေ့ အိမ်၏အခြေအနေက ထူးဆန်းနေသည်ကိုသတိထားမိသွားလေ၏။
နာနီက ဧည့်ခန်းထဲတွင် ရိုကျိုးသောအမူအရာဖြင့်ရပ်နေပြီး ဆိုဖာပေါ်တွင် အမျိုးသားတစ်ယောက်ထိုင်နေလေသည်။ အမျိုးသားက ပုခုံးကျယ်ပြီး သေသပ်သောဝတ်စုံပြည့်ကိုဝတ်ထားကာ ခါးကလည်းသေးလေသည်။ ထိုသူက အသက်လေးဆယ်နားကပ်နေပြီဟုထင်ရသော်လည်း အသက်ကြီးသည့်ပုံစံမပေါ်ဘဲ တည်ငြိမ်သောအမျိုးသားတစ်ယောက်၏ခန့်ညားမှုမျိုးရှိနေလေသည်။ ထိုသူကအေးစက်နေပြီး အသံကြားရသည့်အခါ မော့ကြည့်လာလေသည်။ မျက်နှာအမူအရာက တစ်စက်လေးပင်မပြောင်းသွားခဲ့ပေ။
ကျိပေ့ချွန်ကနှုတ်ဆက်လိုက်သည်။
"ကျွန်တော်ပြန်လာပါပြီ..."
ကျိပေ့ချွန်က သူ၏မောက်မာတတ်သောအမူအရာကိုဘေးချိတ်ပြီး သတိဖြင့်ကပ်သွားလေသည်။
"အဖေ..."
"အင်း..."
ကျိယွမ်ရှန်းက လက်ထဲမှစာရွက်စာတမ်းများကိုကြည့်ကာ သူ့ကိုမေးနေကျအတိုင်းမေးလာလေသည်။
"အခုတလော ကျောင်းမှာဘယ်လိုနေလဲ..."
ကျိပေ့ချွန်က ဒိတ်ခနဲရင်ခုန်သွားပြီး နာနီကိုလှမ်းကြည့်လိုက်သည်။ နာနီကမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်ကိုတွေ့လိုက်ရသည်နှင့် အခြေအနေကဆိုးနေပြီမှန်းသိလိုက်လေ၏။ သူ့ခေါင်းကို မြေကြီးထဲတွင်မြုပ်ထားမိတော့မည်အထိဖြစ်နေပြီး အမျိုးသား၏မျက်လုံးများကိုပင် စေ့စေ့မကြည့်ရဲတော့ပေ။
"တောင်းပန်ပါတယ်အဖေ၊ ကျွန်တော် ကောင်းကောင်းမလုပ်ခဲ့မိဘူး...."
ကျိယွမ်ရှန်းက မျက်ခွံပင့်လိုက်ပြီး သူ့အရှေ့တွင်ရပ်နေသောကလေးကို မနှစ်မြို့မှုများဖြင့် မျက်လုံးမှေးပြီးကြည့်လိုက်လေသည်။ ထို့နောက် သူက အသာလေးသက်ပြင်းချလိုက်လေ၏။ ရံဖန်ရံခါတွင် ဤကလေးက သူ့ဇနီး၏မျက်နှာတဝက်ကိုပင် အမွေဆက်ခံထားခြင်းမရှိကြောင်း မဆီမဆိုင်တွေးမိတတ်သည်။ ရှန်းယို့ထင်က ထိုကိစ္စများကိုလုံးဝဂရုမစိုက်ခဲ့သော်လည်း ထိုကလေးကသူနှင့်တူသော စရိုက်လေးတစ်ခုပင်မရှိလာပေ။
သတ္တိမရှိ၊ ယှဥ်ပြိုင်လိုစိတ်ကင်းမဲ့ပြီး သာမန်လောက်သာ။
သူ့ဘက်မှကလေးကို အသေအချာမသင်ပြပေးချင်၍မဟုတ်ပေ။ သူက အကြောင်းအရင်းကိုမပြောပြတတ်ဘဲ ဤကလေးနှင့်မရင်းနှီးချင်ဖြစ်နေခဲ့သည်။ ဤကလေးနှင့်ပတ်သက်လာပါက သူ့နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာကိုမခံစားမိပေ။
သူ့မျိုးရိုးက ကျိဖြစ်နေပြီး ထိုသူက သူ၏တစ်ဦးတည်းသောသားဖြစ်နေရုံသာရှိလေ၏။
ကျိယွမ်ရှန်း စာရွက်စာတမ်းဖိုင်ကိုပိတ်လိုက်ပြီး အေးအေးလူလူပင်ပြောလိုက်သည်။
"စားကြရအောင်.."
ကျိပေ့ချွန်မှာ နဖူး၌ချွေးများစိုနေပြီး တိုးတိုးလေးတုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ အဖေ..."
"ငါဒီတစ်ခါပြန်လာတာက ကြာကြာနေဖြစ်လိမ့်မယ်.."
ကျိယွမ်ရှန်းက ထရပ်လိုက်ပြီး သူ့ကိုအထက်စီးမှပြောလာလေသည်။
"ငါဒီတစ်ပတ်လုပ်မယ့် မိဘဆရာတွေ့ဆုံပွဲကိုလာတက်မယ်..."
ကျိပေ့ချွန်ကသူ့ကို အံ့ဩသွားသလိုကြည့်လိုက်သော်လည်း ကျိယွမ်ရှန်း၏မျက်လုံးတို့က ထူးဆန်းနေခဲ့သည်။ သူကထိုသို့သောအကြည့်မျိုးကို တစ်နေရာ၌မြင်တွေ့ဖူးသလို တဒင်္ဂမျှခံစားလိုက်ရသော်လည်း မမှတ်မိတော့ပေ။
နောက်ဆုံး ကျိပေ့ချွန်က အသံတိုးတိုးဖြင့် အမြန်လေးတုံ့ပြန်လိုက်ရတော့သည်။
"ဟုတ်ကဲ့..."
***
တဖက်တွင်မူ။
ဟောင်းနွမ်းဆွေးမြည့်နေသောအဆောက်အအုံတစ်ခုတွင် မာကျောက်ကစားရသည်ကိုကြိုက်နှစ်သက်သောကောချန်က ရှားရှားပါးပါး အိမ်ကိုအစောကြီးပြန်ရောက်နေလေသည်။ ဒုက္ခိတလူကြီးမင်းရှန့်ပင် ထမင်းစားစားပွဲတွင် ထိုင်စောင့်နေလေ၏။
ရှန့်ချန်ကသော့ဖြင့် တံခါးကိုဖွင့်လိုက်သည့်အခါ အဝင်ဝတွင် လူနှစ်ယောက်ကိုတွေ့လိုက်ရသော်လည်း စကားတစ်ခွန်းမှမပြောပေ။
ကောချန်က သူမလက်ကိုယမ်းပြလာလေသည်။ "ရှောင်ချန် ပြန်လာပြီလား..."
ရှန့်ချန်က သူမလက်ကိုရှောင်လိုက်သည်။
"ဘာလဲ.."
ကောချန်၏လက်က လေကိုသာစမ်းမိလိုက်သော်လည်း သူမကဒေါသမဖြစ်ဘဲ စူပုပ်သွားသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာလေသည်။
"ရှောင်ချန် ဗိုက်ဆာပြီလား၊ ဒီနေ့ အမေက သားအကြိုက်ဆုံးဟင်းတွေကို သီးသန့်ချက်ထားတယ်၊ လက်ဆေးပြီးလာစားလှည့်တော့..."
ရှန့်ချန်က စားပွဲပေါ်မှဟင်းများကို လှမ်းကြည့်လိုက်သည်။ သူက စားသောက်ဆိုင်တွင် အကြာကြီးလုပ်လာခဲ့သူဖြစ်လေရာ မည်သည့်ဟင်းက ပါဆယ်မှာထားပြီး မည်သည့်ဟင်းကအိမ်ချက်ဖြစ်မှန်း အနံ့ခံနိုင်သည်။ ရယ်စရာကောင်းလှပါ၏။ ကောချန်ကသူ့အပေါ် တာဝန်ကျေချင်စိတ်ရှိနေသေး၍ ဝမ်းသာရမည့်ပုံပင်။
ရှန့်သာ့ရှန်းက ခက်ခက်ခဲခဲဖြင့်လမ်းလျှောက်လာရသည်။ မုတ်ဆိတ်များဖြင့်မျက်နှာကပေါ်လာပြီး အုံ့မှိုင်းနေသောမျက်ဝန်းတစ်စုံက ရှန့်ချန်ကိုကြည့်လာခဲ့သည်။
"ရှောင်ချန် လာစားချေလေ..."
ရှန့်ချန်ကမသွားပေ။
"ကျွန်တော် စားခဲ့ပြီးပါပြီ.."
ကောချန်နှင့်ရှန့်သာ့ရှန်းက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး အမျိုးသမီးကပြောလာခဲ့သည်။
"အမေဒီနေ့ကတ်ကစားနေတုန်းက အမေကြားခဲ့ရတယ်၊ မင်းတို့ကျောင်းမှာ မိဘဆရာတွေ့ဆုံပွဲရှိတယ်၊ အမေနဲ့အဖေကသွားရမယ်ဆို.."
ရှန့်ချန်က သွားနေရင်းရပ်သွားလေသည်။
သူထွက်သွားမည်ကိုကြောက်ပြီး ကောချန်က ခပ်မြန်မြန်ပြောလိုက်လေ၏။
"အမေတို့တခြားဘာမှမလုပ်ပါဘူး၊ တကယ်ပါ၊ ဒီတိုင်းလာတက်မှာပါ..."
ရှန့်သာ့ရှန်းကပင် ဝင်ပြောလာလေသည်။
"ဟုတ်တယ်၊ အရင်နှစ်တွေကလိုပဲ၊ လာပြီး ဆရာတွေစကားပြောတာကိုနားထောင်မယ်လေ၊ ရှောင်ချန် မင်းမိဘတွေကြောင့် မင်းအရှက်မရစေရပါဘူး.."
"မလိုပါဘူး.."
ရှန့်ချန်က နေရာတွင်ရပ်နေပြီး လှည့်ပင်မကြည့်ဘဲ အခန်းဘက်သို့ဆက်လျှောက်သွားလေတော့၏။ စကားတစ်ခွန်းကိုသာချန်ထားခဲ့သည်။
"ခင်ဗျားတို့မသွားရဘူး..."
ကောချန်၏အပြုံးကအေးခဲသွားပြီး စေ့စေ့ပိတ်သွားသောတံခါးကိုကြည့်ပြီး ဆဲလေတော့သည်။
"ငါကနင့်အမေဟဲ့၊ ဘာလို့သွားလို့မရမှာလဲ၊ နင့်ကိုယ်နင်ဘယ်လောက်မြင့်မြတ်နေတယ်လို့ထင်နေတာလဲ၊ နင်ဘယ်လောက်ကြီးကျယ်နေပါစေ နင့်မျိုးရိုးနာမည်ကရှန့်ပဲ၊ ဒီဒုက္ခိတရဲ့သားပဲ၊ ဒီမွေးရကျိုးမနပ်တဲ့ဟာလေး၊ နင်...."
"ဂျောက်..."
တံခါးကပွင့်လာပြီး ရှန့်ချန်ကတံခါးဝတွင်ရပ်နေကာ သူမကိုကြည့်နေလေသည်။ မီးများကိုဖွင့်ထားလေ၏။ သူကအမှောင်ထဲတွင်ရပ်နေပြီး သူမကိုကြည့်နေခဲ့သည်။ သူ၏နက်မှောင်သောမျက်လုံးတို့က မှင်ရည်ကဲ့သို့မည်းနက်နေပြီး အေးစက်သောမျက်နှာက အဆုံးမရှိသောအေးစက်မှုတို့ကို သယ်ဆောင်ထားခဲ့သည်။ သူစကားတစ်ခွန်းမှမပြောသော်လည်း ကောချန်ကို ရှက်စိတ်ဖြင့်တိတ်ဆိတ်သွားစေသည်။ ထို့အပြင် သူမက အခုထိ ရှန့်ချန်ကိုကြောက်နေဆဲပင်။
နောက်တစ်နေ့။
မိဘဆရာတွေ့ဆုံပွဲကျင်းပသောနေ့တွင် တစ်တန်းလုံးမှကျောင်းသားများက ဆရာများ၏လမ်းညွှန်ချက်ကိုနားထောင်ကြရသည်။ အတန်းကိုသန့်ရှင်းရေးစလုပ်ရပြီး လာကြမည့်မိဘများအတွက် စာတစ်စောင်ရေးပေးရသည်။ သူတို့ကိုယ်တိုင် အသေးစားလက်ဆောင်အမျိုးမျိုးကိုပြင်ဆင်ပေးရသည်။ ယခုဆိုလျှင် မိဘအများအပြားက ခန်းမထဲသို့ရောက်နှင့်နေကြသည်။ ကျောင်းသားအများစုကမထွက်သွားကြသေးပေ။ အချို့သောကျောင်းသားများက မိဘများလာကြိုသွား၍ ထွက်သွားကြပြီဖြစ်လေသည်။
ကျန်းရှီဝူအံ့ဩသွားရသည့်တစ်ခုတည်းသောအချက်မှာ ယနေ့၌ ကျိပေ့ချွန်က ပြဿနာမရှာသည့်အပြင် အလွန် စည်းနှင့်ကမ်းနှင့်ဖြစ်နေခြင်းပင်။
လျိုဟန်က အနားကိုရောက်လာပြီး သတင်းပေးလာခဲ့သည်။
"ငါကြားတာတော့ သူ့အဖေ ကျိယွမ်ရှန်းကလာမှာတဲ့..."
"ကျိယွမ်ရှန်း ဟုတ်လား.."
ကျန်းရှီဝူက ထိုနာမည်ကို ကျိန်းသေပေါက်ကြားဖူးသည်။ နာမည်ကျော် သတင်းအချက်အလက်ရှာဖွေရေးကုမ္ပဏီ ဝမ်ရှန်းအုပ်စု၏ဥက္ကဌမှာ မိုဘိုင်းဖုန်း၊ တီဗွီနှင့် အိမ်သုံးပစ္စည်းအမျိုးမျိုးနှင့် အင်တာနက်သုံးထုတ်ကုန်လုပ်ငန်းများကိုလည်း ပိုင်ဆိုင်ထားလေသည်။ ၎င်းတို့၏ဌာနချုပ်က အမေရိကန်ပြည်ထောင်စုတွင်ရှိပြီး သူတို့သူဌေးက တစ်နှစ်ပတ်လုံး ကိုယ်ပျောက်နေသည်ဟုသူကြားဖူးခဲ့သည်။ ယခင်ဘဝက ကျိပေချွမ်မှာ ဂျူနီယာအထက်တန်းကျောင်းမှကျောင်းပြီးသည်နှင့် နိုင်ငံခြားထွက်သွားပြီး တစ်မိသားစုလုံး နိုင်ငံခြားသို့ပြောင်းရွှေ့သွားကြသည်။
လျိုဟန်က တိုးတိုးလေးပြောပြလာလေသည်။
"ကျိပေ့ချွန် မပျော်ရတဲ့အကြောင်းအရင်းကိုမင်းသိလား..."
ကျန်းရှီဝူကမေးလိုက်သည်။
"ဘာလို့လဲ..."
"ငါကြားတာတော့ ကျိယွမ်ရှန်းကသူ့သားနဲ့အဆင်မပြေဘူးတဲ့..."
လျိုဟန်က အသံကိုနှိမ့်လိုက်သည်။
"မင်းလည်းမကြာခင်သိရလိမ့်မယ်..."
ကျန်းရှီဝူက ယခုလိုအခြေအနေမျိုးရှိနေမည်ဟု လုံးဝမမျှော်လင့်ထားပေ။
သူတို့မိဘများကိုသွားကြိုရန် လမ်းပေါ်မှလျှောက်လာခဲ့ကြသည်။ ကျိပေ့ချွန်ကလည်း သူ့အဖေကိုကြိုရန် ကျောင်းဂိတ်ဝတွင်ရပ်နေခဲ့သည်။ သူကပန်းခင်းဘေးတွင်ရပ်နေပြီး စောင့်ဆိုင်းနေခဲ့သည်။ ကျိပေ့ချွန်၏ကားမလာမီ ခေါင်းကိုပုဝါအုပ်ထားသောအမျိုးသမီးတစ်ယောက်ကို သူတွေ့လိုက်ရသည်။ အမျိုးသမီးက တီရှပ်အပွကိုဝတ်ထားလေရာ အဝတ်အစားကိုကြည့်ရုံဖြင့် သူမကိုမခန့်မှန်းနိုင်ပေ။ သူ့ကိုစိုက်ကြည့်နေပုံက အနည်းငယ်ခြောက်ချားစရာကောင်းပြီး သူမဘေးတွင် ခြေတစ်ဖက်ဆာနေသောအမျိုးသားတစ်ယောက်ပါလာသည်။
ကောချန်က မီးတောက်နေသောမျက်လုံးများဖြင့်သူ့ကိုကြည့်နေရင်း ဖြည်းဖြည်းချင်းအနားကပ်လာလေသည်။
ကျိပေ့ချွန်က မျက်မှောင်ကြုတ်သွားပြီး အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။
"ခင်ဗျားကဘယ်သူလဲ..."
ကောချန်က မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ အနည်းငယ်ထိတ်ပျာသွားပုံရလေသည်။ သို့သော်လည်း သူမကထိုနေရာတွင်ရပ်နေပြီး ထွက်မသွားသေးဘဲ သူ့ကိုကြည့်၍မဝသလို ကျိပေ့ချွန်ကိုငေးကြည့်နေလေသည်။
ထို့နောက် ရှန့်ချန်က ကျောင်းမှထွက်လာပြီး မဝေးလှသောနေရာတွင်ရပ်သွားလေသည်။
ကျိပေ့ချွန်က ရှန့်ချန်ကို လှည့်ကြည့်ပြီး သူ့အရှေ့မှနှစ်ယောက်ကိုကြည့်လိုက်ကာ နားလည်သွားလေသည်။ သူက နှာခေါင်းရှုံ့ကာ တမင်လှမ်းပြောလိုက်သည်။
"ရှန့်ချန် မင်းရဲ့မိဘတွေလား..."
ရှန့်ချန်က နေရာတွင်ရပ်နေပြီး ကောချန်နှင့်လူကြီးမင်းရှန့်ကိုကြည့်နေလေသည်။
ကောချန်မှာ အပြစ်ရှိစိတ်ကို မဖော်ပြနိုင်အောင်ခံစားလိုက်ရသော်လည်း ကျိပေ့ချွန်ကို အမြတ်တနိုးကြည့်နေပြီး ထွက်သွားရန်တွန့်ဆုတ်နေလေသည်။
ကျိပေ့ချွန်မှာ ရှန့်ချန်၏မိဘများကိုယခုလိုမြင်တွေ့ရသည့်အခါ စိတ်ကြီးဝင်မှုက မတိုင်းတာနိုင်လောက်အောင်မြင့်တက်သွားလေတော့သည်။ ထို့နောက် ရှန့်ချန်ကမည်မျှတော်သည်ဖြစ်စေ၊ သူ့မိသားစုနောက်ခံက သူနှင့်မယှဥ်နိုင်ပေ။ သူထပ်ပြီး ပျော်သွားရပြန်သည်။ သူကလူကြီးမင်းရှန့်ကို ကြောက်လန့်နေသောမျက်နှာဖြင့်ပြောလိုက်သည်။
"မင်းမိဘတွေက မျက်လုံးသိပ်မကောင်းဘူးပဲ၊ ငါ့ကိုသူတို့သားနဲ့မှားနေကြတယ်..."
သူ၏မူလရည်ရွယ်ချက်က ရှန့်ချန်ကိုအရှက်ခွဲရန်ဆိုသော်လည်း သူ့အသံထွက်လာသည်နှင့် လက်ရှိလူများ၏မျက်နှာက တစ်မျိုးပြောင်းလဲသွားခဲ့သည်။
ကျိပေ့ချွန်က ကျေနပ်အားရနေစဥ်မှာပင် သူ့အနောက်မှအသံတစ်သံပေါ်လာလေ၏။
"အဲဒီကိစ္စဖြစ်မယ်..."
☁️☁️