Chapter 17
Viewers 721

☁️Chapter 17




လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြသည်။ ကျန်းမေ့လီက သူမ၏အမျိုးသားလက်ကိုတွဲထားရင်း ပန်းခင်းဘေးတွင်ရပ်နေကာ ပြုံးနေပြီး လူတိုင်းထံမှ မျက်တောင်မခတ်ဘဲအကြည့်ခံနေရသည်ကို တည်တည်ငြိမ်ငြိမ်ဖြင့်လက်ခံနေလေ၏။


ကျိပေ့ချွန် လူများကိုမှတ်မိသွားပြီး ခေါ်လိုက်လေသည်။


"အဒေါ်ကျန်း၊ ဦးလေးကျန်း..."


ကျန်းမေ့လီက သူ့ကိုကြည့်လာခဲ့သည်။ 


"ပေ့ချွန် မင်းတောင် အခုအရွယ်ရောက်နေပြီပဲ၊ မင်းငယ်ငယ်တုန်းက ငါမင်းကိုချီခဲ့တာလေ..."


ကျီပေ့ချွန် အနေခက်စွာဖြင့်ပြုံးလိုက်လေ၏။


ကျန်းမေ့လီက သူမခင်ပွန်းကို အဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်လိုက်သည်။ 


"အဲဒီအချိန်က သူဘယ်လောက်လိမ္မာခဲ့လိုက်လဲ၊ နော် ယောကျ်ား..."


သူအလွန်ကိုအရှက်ကွဲနေရပြီ။ အရေးမကြီးသောလူများသာဆိုလျှင် သူယခုလို ငြိမ်နေမည်မဟုတ်ပေ။ သို့ထိတိုင် ကျန်းအိမ်က မိသားစုငယ်လေးမဟုတ်ပေ။ သူတို့က သူ့အဖေ၊ ထို့နောက် ဆုံးပါးသွားပြီးဖြစ်သောအမေဖြစ်သူတို့နှင့် ခင်မင်ကြသည်။ သူ့ဘက်မှ ရိုင်းပျလိုက်၍မဖြစ်ပေ။


ပါပါးကျန်းကလည်းခေါင်းညိတ်ကာ ကျိပေ့ချွန်ကိုမေးလိုက်လေသည်။ 


"မင်းကဒီမှာဘာလို့ရပ်နေရတာလဲ၊ ဒီနေ့ ယွမ်ရှန်းလည်း ဒီကိုလာမှာလား..."


ကျိပေချွန်က အမြန်ရှင်းပြလိုက်ရသည်။ 


"အဖေကလည်း ဒီနေ့လာမယ်လို့ပြောပါတယ်..."


သူ့စကားထွက်လာချိန်တွင် အခြားသူများမတုံ့ပြန်ရသေးခင် ကောချန်ကအရင်ဆုံး အိန္ဒြေမရဖြစ်သွားလေသည်။ ထိုပုဂ္ဂိုလ်ကပါလာလိမ့်မည်ဟု သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။ သူမက တုန်လှုပ်နေပြီး ဘေးပတ်လည်ကို အလန့်တကြားဖြင့်ကြည့်နေကာ သူမ၏ဒုက္ခိတခင်ပွန်းသည်ကိုထားခဲ့ပြီး ရှန့်ချန်ထံသို့ တည့်တည့်သွားလိုက်လေသည်။ 


"ရှောင်ချန် ပြန်ရအောင်..."


ရှန့်ချန်က အေးစက်စက်ဖြင့်မျက်မှောင်ကြုတ်လိုက်သည်။


ကျန်းမေ့လီက ၎င်းကိုသတိထားမိပြီး သူမ၏အမျိုးသားကို အဓိပ္ပါယ်ရှိသောအကြည့်တစ်ချက်ပေးလိုက်၏။ သူမကဒေါက်မြင့်ဖိနပ်ဖြင့် လျှောက်သွားလိုက်ကာ အသံကိုမြှင့်ပြောလိုက်လေသည်။ 


"အိုက်ယား ရှန့်ချန်ရဲ့အမေလား၊ မိဘဆရာတွေ့ဆုံပွဲတောင်မစရသေးဘူးလေ၊ ပြန်တော့မလို့လား..."


ကောချန်ကတောင့်တင်းနေပြီး လှည့်ကြည့်လာလေသည်။


"ရှင်ကဘယ်သူလဲ..."


ကျန်းမေ့လီက သူမနှုတ်ခမ်းများကိုကြည့်လိုက်ပြီး လက်ကိုဆန့်ပေးလိုက်သည်။ 


"မိတ်ဆက်ပါရစေ၊ ကျွန်မက ကျန်းရှီဝူရဲ့အမေ ကျန်းမေ့လီပါ၊ ရှင်ကတော့ကျွန်မကိုမသိလောက်ပေမဲ့ ကျွန်မကတော့ ရှင့်ကိုသိချင်ပါတယ်.."


ကောချန်က ဆောက်တည်ရာမရဖြစ်နေသည်။ ရှန့်ချန်နှင့်ကျိယွမ်ရှန်းတို့တွေ့သွားကြမည်ကိုစိုးရိမ်နေလေရာ လက်ကိုဖြစ်သလိုဆန့်ထုတ်လိုက်ပြီး ဆွဲခါလိုက်လေသည်။ 


"ကျွန်မတို့မှာပြောစရာစကားမရှိပါဘူး..."


သူမ၏တုံ့ပြန်ပုံက ကို့ရိုးကားရားဖြစ်နေပြီး အလွန်တရာမှသံသယဝင်စရာကောင်းနေလေသည်။


ရှန့်ချန်၏မျက်လုံးတို့ကမှေးသွားသော်လည်း သူပါးစပ်မဟရသေးခင် သူ့ဘေးမှကျိပေ့ချွန်က ဖုန်းကိုင်လိုက်ရပြီး တဖက်လူနှင့်စကားပြောပြီးသည့်နောက် ဖုန်းချလိုက်လေသည်။ 


"ဦးလေး ကျွန်တော့်အဖေရဲ့အတွင်းရေးမှူးက အခုလေးတင်ဖုန်းခေါ်တယ်၊ အစည်းအဝေးမပြီးသေးဘူးတဲ့၊ သူကနောက်ကျမယ်လို့ပြောတော့ ကျွန်တော်တို့ တံခါးမှာစောင့်နေစရာမလိုတော့ဘူး.."


ထိုစကားပြောလိုက်သည်နှင့် လူတိုင်း၏အမူအရာများကပြောင်းလဲသွားကြသည်။


သူ့စကားကြောင့် အခုလေးတင် ပျာယာခတ်နေခဲ့သောကောချန်က ချက်ချင်းထွက်သွားတော့မလိုလုပ်နေရာမှ ပြောင်းလဲသွားပြီး တဖန်လောကွတ်ချော်လာလေသည်။ 


"မိဘဆရာတွေ့ဆုံပွဲကစတော့မယ်၊ အထဲဝင်ကြရအောင်လေ..."


လူကြားထဲတွင်တော့ ရှန့်ချန်ကသူမကို ကလန်ကဆန်မလုပ်ပေ။ မဟုတ်ပါက ကျောင်းမှအတင်းအဖျင်းများနှင့်ကောလဟလများက သူ့ကို ဆွဲချသွားလိမ့်မည်။ ရှန့်ချန်က ဤသို့ ဂုဏ်သိက္ခာကိုအလေးထားသူဖြစ်ပြီး သူသာဝေဖန်စကားများကိုသည်းခံနိုင်ပါက အဆင်ပြေလိမ့်မည်။


တွေးနေရာမှ ကောချန်က သူမကိုယ်သူမပိုပြီးကျေနပ်သွားလေသည်။


သို့သော်လည်း နောက်တစ်စက္ကန့်တွင် တစ်ယောက်ကထအော်လာလေသည်။ 


"အန်တီ မပူဘူးလား..."


ကောချန်၏နှုတ်ခမ်းထက်မှအပြုံးကအေးခဲသွားလေ၏။


ကျန်းရှီဝူက လုံးလုံးကစ်ကစ်နှင့်ရှန့်ချန်ဘေးတွင်ဝင်ရပ်လိုက်သည်။ ဆန့်ကျင်ရန်ခက်ခဲသောကောင်းကင်ဘုံမှတမန်တော်တစ်ပါးနှယ် ကာကွယ်ပေးတတ်သောပုံစံတဝက်ဖြင့် ကောချန်ကိုကြည့်လိုက်သည်။ သူ၏ ဖောင်းကားနေသောမျက်နှာလေးက မော့လာလေ၏။ 


"အမေကပြောတယ်၊ အန်တီဒီလိုမျိုး တင်းတင်းကြီးစည်းထားတော့ ပူလိမ့်မယ်တဲ့၊ အန်တီချွေးတွေထွက်လာလိမ့်မယ်၊ ပြီးတော့ဒီမှာ အဲဒီလိုလူတွေရှိတတ်တယ်...."


ကောချန်၏ပါးစပ်က မဲ့ရွဲ့သွားလေသည်။ 


"ဘယ်လိုလူတွေလဲ..."


ကျန်းရှီဝူကပြုံးပြီး ပြန်ဖြေပေးလိုက်သည်။ 


"ဓားပြတွေနဲ့လူကုန်ကူးသူတွေပါခင်ဗျာ..."


ကောချန်၏အနာပေါ်တုတ်ကျသွားသည်မှာ မည်သည့်အခြေအနေအထိရောက်သွားသည်မသိ။ သူမမျက်နှာက တဒင်္ဂမျှမဲ့သွားပြီး ပါးစပ်မှထွက်သွားခဲ့သည်။ 


"ဘာတွေပြောနေတာလဲ၊ ဒီမိမဆုံးမဖမဆုံးမလေးတော့..."


သူမစကားကိုအဆုံးအထိမပြောရသေးခင် ရှန့်ချန်က ကျန်းရှီဝူကို အနောက်သို့ဆွဲသွင်းလိုက်သည်။ မတိုင်ခင်က အရုပ်လိုရပ်ကြည့်နေခဲ့သောရှန့်ချန်မှာ ကျန်းရှီဝူ အဆဲခံရတော့မည့်အသံကိုကြားသည်နှင့် တုံ့ပြန်လာလေသည်။ သူမအရှေ့တွင်ရပ်နေသောကောင်လေးက အေးစက်နေပြီး သူမကိုသူစိမ်းတစ်ယောက်ပမာ ခပ်စိမ်းစိမ်းကြည့်နေခဲ့သည်။ သူက အနောက်မှဖက်တီးပုတ်လေးကိုကာကွယ်ပေးထားသည်။ မျက်လွှာပင့်ပြီးကောချန်ကို သတိပေးမှုအပြည့်ဖြင့်ကြည့်နေလေသည်။


ရှန့်သာ့ရှန်းက သူ့အနောက်မှရောက်လာသည်။ ခြေတစ်ဖက်ဆာနေသောအမျိုးသား၏မျက်နှာတွင် နှစ်လိုဖွယ်အပြုံးတစ်ပွင့်ရှိနေခဲ့သည်။ 


"မဆူနဲ့၊ မဆူကြပါနဲ့၊ အထင်လွဲတာပါ၊ အကုန်လုံးအထင်လွဲတာပါ၊ မင်္ဂလာပါကွယ် ကောင်လေး၊ ဦးလေးတို့ကဓားပြတွေမဟုတ်ပါဘူး၊ ရှန့်ချန်ရဲ့မိဘတွေပါ..."


ကျန်းရှီဝူမှာ ကျောက်ရုပ်ဖြစ်သွားခဲ့သည်။


သူ့ဘေးမှလျိုဟန်က ရှန့်ချန်ဘေးတစ်ဖက်တွင်ဝင်ရပ်ပြီး ညည်းတွားလေသည်။ 


"ဆောရီးပါ အန်ကယ်၊ မလန့်သွားပါနဲ့၊ ကျွန်တော်တို့က ကျောင်းဖွင့်ကတည်းက ဦးလေးတို့ကိုမတွေ့ခဲ့ရဘူးလေ၊ ပြီးတော့ ကျောင်းစဖွင့်ကတည်းက ကျောင်းသားတွေကိုလာကြိုဖို့ မိဘတွေကိုမှာထားခဲ့တယ်၊ အတန်းထဲကိုမိဘတွေက နေ့တိုင်းလာကြပေမဲ့ ဦးလေးတို့ကိုတော့ တစ်ခါမှမတွေ့ခဲ့ရဖူးဘူး၊ မိုးကြီးတဲ့နေ့တုန်းကလည်း အခြားမိဘတွေက ကလေးတွေကိုလာကြိုသွားကြတယ်၊ ဦးလေးတို့ကိုတော့မတွေ့ဘူးလေ၊ ကျောင်းရုံးခန်းမှာ လစာလာသွင်းတုန်းကလည်းမတွေ့သေးဘူး..."


ကောချန်၏မျက်နှာမှာ ဖြူတလှည့်၊ ပြာတလှည့်။


သို့ရာတွင် အနောက်မှကျန်းမေ့လီက ကလေးများကိုမဆုံးမသည့်အပြင် အနားသို့ရောက်လာပြီးပြောလာခဲ့လေသည်။ 


"ရှန့်ချန်ရဲ့အမေရှင့်၊ ကျွန်မကြားတာတော့ ရှင်တို့မိသားစုကရှန့်ချန်က အခုနှစ်မှာပထမတဲ့၊ ရှင်ကလေးကိုဘယ်လိုသင်ပေးလဲ၊ ရှင်ကအရမ်းတော်တာပဲနော်၊ ကျွန်မကိုလည်းနည်းလမ်းကောင်းလေးပေးပါဦး..."


ကောချန်မှာ အလွန်အရှက်ရနေပြီဖြစ်သည်။ သူမက ရှန့်ချန်ကို မည်သည့်နည်းလမ်းနှင့်မှအားမပေးခဲ့ပေ။ သူမမှာ အချီးမွမ်းခံနေရသည်ထက် သရော်ခံနေရသည်ဟုသာ ခံစားနေရလေ၏။


လူကြီးမင်းရှန့်က အင်တင်တင်ဖြင့်ပြုံးပြရသည်။ 


"ကလေးက သူ့အသိစိတ်နဲ့သူလုပ်တာပါဗျာ.."


ကျန်းမေ့လီက 'ကျစ်' သပ်ကာ ဝမ်းနည်းသွားသည့်မျက်နှာဖြင့်ပြောလာလေသည်။ 


"ကျွန်မတကယ်ပဲမနာလိုဖြစ်နေရပြီ၊ ကျွန်မတို့သားက အရမ်းဆိုးတာ၊ ရှန့်ချန်လို လူတော်လေးသာ ကျွန်မတို့မိသားစုကနေမွေးတာဆိုရင်လေ နေ့တိုင်းကိုလာကြိုဦးမှာ၊ နှမြောဖို့ကောင်းလိုက်တာနော်..."


ကျန်းရှီဝူ၏ပါးစပ်ထောင့်က တွန့်သွားခဲ့သည်။ "အမေ.." 


သူက ရှန့်ချန်စိတ်မကောင်းဖြစ်သွားမည်ကိုစိုးရိမ်ပြီး ကြောက်နေမိသည်။


ရှန့်ချန်ကို သတိထားပြီးလှမ်းကြည့်လိုက်သည့်အခါ လူငယ်လေး၏ ကျောက်စိမ်းနှယ်မျက်နှာကိုတွေ့လိုက်ရသည်။ နေဝင်ဆည်းဆာအချိန်၏ တိမ်တောက်နေသောအရောင်က သူ့အပေါ်သို့ကျနေခဲ့သည်။ ဖုံးကွယ်ထားသောအထီးကျန်မှုများဖြင့်ထိုသူက စကားမပြောလာသော်လည်း ကျန်းရှီဝူကို အနည်းငယ်ဝမ်းနည်းသွားစေခဲ့သည်။


ကျန်းမေ့လီက အရှေ့တိုးလာပြီး သတိပေးလိုက်သည်။ 


"မိဘဆရာတွေ့ဆုံပွဲကစတော့မယ်၊ မင်းတို့တွေကအပြင်ကဆိုင်တစ်ဆိုင်ကိုရှာပြီး အိမ်စာလုပ်နေကြ၊ အမေတို့သွားတော့မယ်.."


ကျန်းရှီဝူ လက်ရှိကာလကိုပြန်ရောက်လာခဲ့သည်။ 


"အိုး..ဟုတ်ပြီ.."


၎င်းက မိဘနှင့်ဆရာများအကြား ရင်တွင်းစကားဖလှယ်ပွဲဖြစ်ပြီး သူတို့လိုက်သွားလည်း မထူးခြားပေ။


ကောချန်ကမေးလိုက်သည်။ 


"ကျောင်းသားတွေကမလိုက်ရဘူးလား..."


ဘေးမှလျိုဟန်ကပြုံးကာပြောလိုက်လေ၏။ 


"ဒီနှစ်မိဘဆရာတွေ့ဆုံပွဲကို ကျွန်တော်တို့မသွားရဘူးလေ၊ အန်တီ ဒါတောင်မသိထားဘူးလား..."


ကောချန်က ထပ်ပြီးအရှက်ရသွားပြန်သည်။ ရှန့်ချန်ကသူမကိုလုံးဝမပြောပြထားပေ။ သူမက သူမကိုယ်သူမအရှက်ကွဲအောင် တမင်လုပ်ချင်ခဲ့ခြင်းမဟုတ်ပေ။ ဘာကြောင့်မှန်းမသိ။ သူမနှင့်ဤလူများက တစ်ကြိမ်မှမဆုံဖူးခဲ့ကြသော်လည်း လူတိုင်းကသူမကို ပစ်မှတ်ထားနေသည်ဟုခံစားနေရသည်။ ဤခံစားချက်က အလွန်အမင်း စိတ်ကျဥ်းကျပ်စေလေသည်။


သူမကထွက်သွားချင်သော်လည်း ရှန့်သာ့ရှန်းကသူမလက်မောင်းကိုကိုင်ထားရင်း ပြောလာခဲ့သည်။ 


"အားလုံးရောက်နေကြပြီ၊ သွားရအောင်..."


ကောချန်က အံ့ဩသွားပြီး အနည်းငယ်မပျော်မရွှင်ဖြစ်သွားရသော်လည်း သူမအနေဖြင့် အရေးကြီးသည့်အချက်ကိုသိထားခဲ့သည်။ ယနေ့ သူမထွက်သွားလိုက်ပါက သူမနောက်ကျောကိုမည်သည့်နည်းဖြင့် ဓားထိုးခံရမှန်းမသိနိုင်ပေ။ သူမအနေဖြင့် ထိုကောင်စုတ်လေးအတွက် မိဘဆရာတွေ့ဆုံပွဲကိုတက်လာရန်လည်း စိတ်မဝင်စားသည့်တိုင် ဆရာမက ကျိပေ့ချွန်အကြောင်းပြောလာသည်ကိုကြားလိုက်ရသည်။


စိတ်ထဲမှတွေးနေရင်း ကောချန်ကပြုံးပြီး ရှန့်ချန်ကိုပြောလိုက်သည်။ 


"ရှောင်ချန်၊ မင်းလည်းအိမ်ပြန်တော့၊ အမေတို့သွားတော့မယ်.."


ရှန့်ချန်ကသူမကိုကြည့်ပင်မကြည့်ပေ။ စကားတစ်လုံးမှလည်းပြန်မပြောတော့ဘဲ ခြေထောက်ကိုကြွပြီး အဝေးသို့လျှောက်သွားလေတော့သည်။ လူအများအပြားရှေ့တွင် သူမမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။


ကောချန်ကသူ့ကျောပြင်ကိုကြည့်နေရင်း သူမမျက်နှာက အခိုက်အတန့်တစ်ခုခန့်ရှုံ့မဲ့သွားလေတော့သည်။ အနားမှလူများကိုပြုံးပြပြီး သိက္ခာဆယ်လိုက်ရလေ၏။ 


"အားနာလိုက်တာရှင်၊ ကလေးကိုသေချာမသင်ထားမိတော့လေ မြင်တဲ့အတိုင်းပဲ..."


ကျန်းမေ့လီက လက်ကိုယမ်းပြလိုက်သည်။ 


"ထားလိုက်ပါ၊ အဲဒါတွေမပြောပါနဲ့တော့..."


ကောချန်က စိတ်အေးသွားသလိုသက်ပြင်းချလိုက်သည်။ 


နောက်တစ်စက္ကန့်တွင် ကျန်းမေ့လီက သူမအားပြုံးပြီးကြည့်လာသည်ကိုတွေ့လိုက်ရလေသည်။ 


"သားသမီးဆိုတာ မိဘကမသင်ပေးလို့ပါ၊ ကလေးကိုအပြစ်မပြောပါနဲ့..."


"......"


☁️


အပြင်ဘက်လမ်းပေါ်တွင်မူ ကျန်းရှီဝူနှင့်လျိုဟန်တို့က နှစ်ယောက်တည်းလမ်းတကာကို လှည့်သွားနေကြသည်။


နှစ်ယောက်သားက ယနေ့ဖြစ်ခဲ့သမျှကို ပြန်ပြောဖြစ်ခဲ့ကြသည်။ အနည်းငယ်နောက်ကျနေပြီး ဗိုက်ဆာလာသောကြောင့် အဆာပြေမုန့်ဆိုင်များကိုပတ်သွားနေကြလေ၏။


လျိုဟန်ကမေးလာလေသည်။ 


"ရှန့်ချန်ရဲ့အမေက တစ်ခုခုပဲနော်..."


ကျန်းရှီဝူက ပါးစပ်ထဲတွင် ကြံချောင်းကိုကိုက်ထားလေသည်။ 


"သူလုပ်ခဲ့သမျှမှာ ရှက်စရာမကောင်းတာမရှိလို့လား..."


လျိုဟန်က တုံ့ခနဲရပ်သွားပြီး ဝါးလုံးကွဲရယ်လာလေသည်။ 


သူတစ်ခုခုပြောတော့မည်အလုပ်တွင် ခဏမျှတန့်သွားခဲ့ပြီး ကျန်းရှီဝူ၏အင်္ကျီလက်စကိုဆွဲလိုက်သည်။ 


"ဟိုကိုကြည့် ရှန့်ချန်မလား..."


ကျန်းရှီဝူကလှမ်းကြည့်လိုက်ပြီး စားသောက်ဆိုင်ထဲမှ ရှန့်ချန်၏ပုံရိပ်ကိုမှန်ပြတင်းမှတဆင့်မြင်လိုက်ရသည်။ ထိုသူက ပိုက်ဆံရှင်းသည့်ကောင်တာအနားတွင်ရပ်နေပြီး သူ့အရှေ့တွင် မိန်းကလေးအတန်းရှည်ကြီးရှိနေခဲ့သည်။


လျိုဟန်က စုပ်သပ်လိုက်လေ၏။ 


"သူတို့အစားအသောက်အပေါ်လုံးဝစိတ်မဝင်စားဘူးလို့ထင်တာပဲ..."


ကျန်းရှီဝူ ပြတင်းပေါက်မှတဆင့် အထဲမှလူငယ်လေးကိုကြည့်လိုက်သည်။ ရှန့်ချန်၏ပုံပန်းသဏ္ဍာန်က ထက်မြက်သန့်ပြန့်ပြီး အထက်တန်းဆန်နေသည်မှာ ငြင်းစရာမရှိပေ။ ထိုသူတွင် လုလင်ပျိုတစ်ယောက်၏တက်ကြွမှုနှင့် မိန်းကလေးတစ်ယောက်၏သန့်ရှင်းမှုမျိုးရှိသည်။ ထိုသို့အမွှမ်းတင်စရာဖြစ်နေသည်မှာ လူအများကသူ့ကို ဘေးကင်သောပန်းလေးတစ်ပွင့်ဟု သတ်မှတ်ထားကြ၍ပင်ဖြစ်လေသည်။


အမှန်၌ ကျန်းရှီဝူမှာ ယခုလိုမြင်ကွင်းမျိုးကို အကြိမ်ပေါင်းမနည်းမြင်ဖူးထားပြီးဖြစ်လေသည်။


ဤတစ်ကြိမ်တွင် ရှန့်ချန်က တကယ်ကိုအန္တရာယ်ကင်းနေသည်ဟုပြောနိုင်သည်။ ယခင်ဘဝက သူအထက်တန်းသို့ဝင်သည့်အချိန် ရှန့်ချန်ပြောင်းလဲသွားခဲ့ပုံကိုမှတ်မိနေသေးသည်။ သူက လူတိုင်း၏မျက်လုံးထဲတွင် လူဆိုးလေးတစ်ယောက် စတင်ဖြစ်လာခဲ့သည်။ သူဝင်ထွက်သည့်နေရာများက စားသောက်ဆိုင်များမဟုတ်တော့ဘဲ ဘားနှင့်ကလပ်များဖြစ်လာခဲ့သည်။ သူ့အနားမှသူငယ်ချင်းများကလည်း ကျောင်းသားများမဟုတ်တော့ဘဲ လူမှုပတ်ဝန်းကျင်ကမချဥ်းကပ်ရဲသည့်သူများဖြစ်လာခဲ့သည်။ သို့သော်လည်း သူပိုဆိုးလာလေ၊ မိန်းကလေးများကပိုပြီးသဘောကျလာလေပင်။


လျိုဟန်က သူ့လက်ကိုလှမ်းဆွဲလာလေသည်။ 


"ငါတို့လည်းကိတ်သွားဝယ်ရအောင်..."


ကျန်းရှီဝူ: "ဘာလို့သွားနှောင့်ယှက်မှာလဲကွာ..."


လျိုဟန်ကသူ့ကိုဆွဲခေါ်သွားခဲ့လေရာ ကျန်းရှီဝူမှာ စားသောက်ဆိုင်ထဲသို့ တရွတ်တိုက်ပါသွားလေတော့သည်။ ဖုန်းနှင့်ဓာတ်ပုံရိုက်နေကြသောမိန်းကလေးအတန်းလိုက်ကြီးနှင့် အချိန်တိုင်းအရှေ့မှခိုးကြည့်နေကြသူများလည်းရှိနေလေသည်။ သူတို့နီးလာသည်နှင့်အမျှ သူတို့ပြောသောစကားများကိုကြားလာရသည်။


"သူအခုလေးတင် ငါ့ကိုကြည့်လိုက်သလိုပဲ.."


"သူကငါ့ကိုကြည့်လိုက်တာပါနော် အိုကေလား.."


"သူကအရမ်းချောတာပဲဟယ်၊ ငါသူနဲ့တကယ်အိပ်ချင်လိုက်တာ..."


"စိတ်တောင်မကူးနဲ့၊ ဖုန်းနံပါတ်တောင်းပြီး အငြင်းခံလိုက်ရတာဘယ်သူလဲ.."


ကျန်းရှီဝူမှာ အနောက်မှတီးတိုးပြောသံကိုကြားလိုက်ရသည်။


လူတန်းက တဖြည်းဖြည်းတိုလာပြီး နောက်ဆုံးတွင် သူတို့ကအရှေ့သို့ရောက်လာလေသည်။ သူက ဤနေရာသို့ရောက်လာရသည့်အကြောင်းအရင်းကိုရှင်းပြရန်ကြံရုံရှိသေးစဥ် ရှန့်ချန်ကသူ့ကိုတွေ့သည်နှင့် မည်သည့်အပိုတုံ့ပြန်ချက်မှမရှိဘဲ သာမန်ဝယ်သူများအတိုင်းကြည့်ကာ မေးလာလေသည်။ 


"ဘာမှာမလဲ..."


ကျန်းရှီဝူက အနောက်မှ ဖျော်ရည်နှင့်ကိတ်မုန့်များအားပြထားသော ဘုတ်ကြီးကိုကြည့်လိုက်ပြီး မှာလိုက်လေသည်။ 


"ငါ လီမွန်ကီဝီလက်ဖက်ရည်သောက်မယ်..."


တကယ်တမ်းတွင် သူအနည်းငယ်ဗိုက်ဆာနေသော်လည်း ဝိတ်လျှော့ရမည်ဖြစ်သောကြောင့် ကယ်လိုရီများသော အစားအသောက်များကိုစား၍မရပေ။



☁️☁️