Chapter 19
Viewers 643

☁️Chapter 19



ရှန့်ချန်က အကြာကြီးလမ်းမလျှောက်လိုက်ပေ။ မကြာမီမှာပင် ဟော့ပေါ့ဆိုင်တံခါးတွင်ရပ်လိုက်လေသည်။ ဆိုင်၏အတွင်းပိုင်းအပြင်အဆင်က အလွန်ခမ်းနားလေသည်။ လူအများအပြားကဝင်ထွက်နေကြပြီး အစားအသောက်၏ရနံ့က လူများကိုပို၍ပိုကာဆာလောင်လာစေသည်။


ကျန်းရှီဝူက အံ့ဩသွားပြီး ပျော်လည်းပျော်သွားခဲ့သည်။ 


"ငါတို့ ဒီဆိုင်မှာစားမှာလား..."


ရှန့်ချန်က ဆိုင်အဝင်ဝကိုကြည့်လိုက်သည်။ 


"မင်းကိုယ်တိုင်စားရမှာ၊ စားလို့ပြီးရင်ထွက်သွားရုံပဲ..."


တကယ်တမ်းတွင် ရှန့်ချန်ကသူ့ကိုသတိပေးချင်ခဲ့ပြီး သူနှင့် သခင်လေးကျန်းရှီဝူ၏ဘဝကကွာခြားကြောင်း ပြောပြချင်ခဲ့သည်။ သူနှင့်လျိုဟန်က စားသောက်ဆိုင်များတွင်စားတတ်ပြီး နေ့လည်ခင်းလက်ဖက်ရည်သောက်ချိန်တွင် ဈေးကြီးသောကိတ်မုန့်များဝယ်စားတတ်သည့်တိုင် သူကမူ ကွာခြားနေသည်။ သူတို့နှစ်ယောက်က မတူညီသောကမ္ဘာများမှလာကြပြီး ထိုသူကို အလိုလိုက်ထားမည်မဟုတ်ပေ။


သူကျန်းရှီဝူလှည့်ထွက်သွားမည်ကို စောင့်နေခဲ့သည်။ သို့မဟုတ် ထိုသူကို လှည့်ကွက်များသုံးပြီး သူ့ကိုယ်သူအတင်းဖိအားမပေးရန် သတိပေးချင်ခဲ့သည်။ သည့်အပြင် လှည့်ကွက်များအားလုံးက ကျန်းရှီဝူကျွမ်းကျင်သည့်အရာများပင်။ 


သို့သော်လည်း မျက်နှာဝိုင်းဝိုင်းလေးထက်တွင် အံ့ဩစရာအပြုံးတစ်စပေါ်လာခဲ့သည်။ 


"ငါဟော့ပေါ့စားချင်နေတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ၊ ဘုရားရေ၊ ငါဗိုက်ဆာလွန်းလို့အူတွေတောင်လိမ့်နေပြီ..."


ရှန့်ချန်ကသူ့ကိုမျက်ခုံးပင့်ပြီးကြည့်လိုက်မိသည်။


ကျန်းရှီဝူက ရှန့်ချန်၏လက်ကို ဆွဲသွားလေတော့၏။ 


"ငါအခုလေးတင်စားချင်နေခဲ့တာ၊ မွှေးနေတာပဲ၊ မြန်မြန်ဝင်ရအောင်၊ ထိုင်ခုံတွေလူမပြည့်သွားခင်..."


လမ်းဘေးမှဟော့ပေါ့ဆိုင်လေးတွင် ရိုးရှင်းသောထမင်းစားစားပွဲလေးများကိုချခင်းထားခဲ့သည်။ နှစ်ယောက်မှသုံးယောက်အထိဝိုင်းထိုင်နိုင်သည်။ ထမင်းပန်းကန်လုံးထဲမှ ပါဝင်ပစ္စည်းများက ဈေးကြီးသည့်အရာလည်းရှိပြီး ဈေးသက်သာသည့်အရာလည်းရှိသည်။ အားလုံးပေါင်းလိုက်သည့်အခါ အရသာရှိသောဟင်းတစ်ပွဲဖြစ်လာလေ၏။ ဤနေရာတွင် အဆင့်အတန်းခွဲခြားမှုများမရှိဘဲ နွေးထွေးမှုလေးသာရှိလေသည်။


စားပွဲထိုးလေးက လာမေးလေ၏။ 


"ဧည့်သည်တို့နှစ်ယောက် နံနံပင်ရောယူကြမလားဗျ..."


ကျန်းရှီဝူက စားပွဲကို တစ်ရှူးစဖြင့်သုတ်နေပြီး ပုံမှန်အတိုင်းပြောလိုက်လေသည်။ 


"ကျွန်တော်က ပါတာတစ်ခု မပါတာတစ်ခုမှာချင်ပါတယ်..."


ရှန့်ချန်က နံနံပင်မစားတတ်ပေ။ ယင်းမှာ ကျန်းရှီဝူနှစ်များစွာကျင့်ယူလာခဲ့သော အကျင့်တစ်ခုပင်ဖြစ်လေသည်။ သူအပြင်ထွက်စားသည့်အခါ အိုးနှစ်မျိုးမှာလေ့ရှိသည်။ သူက၎င်းကို ပုံမှန်အတိုင်းမှာခဲ့ပြီး မှားနေသည့်အရာမရှိဟုထင်ခဲ့သည်။ သို့သော်လည်း ရှန့်ချန်က စားပွဲတစ်ဖက်မှနေပြီး ရုတ်တရက်သူ့ကိုလှမ်းကြည့်လာလေသည်။


ကျန်းရှီဝူမတုံ့ပြန်သည့်တိုင် စိတ်ရှုပ်ထွေးသွားရသည်။


"ဘာဖြစ်လို့လဲ..."


ရှန့်ချန်ကအကြည့်ပြန်လွှဲသွားပြီး မဖြေလာပေ။


အချိုနှင့်အစပ် ဟော့ပေါ့အိုးရောက်လာပြီးသည့်အခါ ကျန်းရှီဝူကဆွဲယူလိုက်ပြီး သူ၏လုံးဝိုင်းသောမျက်နှာလေးက ကျေနပ်အားရမှုတို့ဖြင့်ပြည့်သွားလေသည်။ 


"အနံ့လေးကမွှေးနေတာပဲ.."


ဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်သီးမှုန့်၊ ရှာလကာရည် စားပွဲပေါ်တွင်စုံလင်နေလေသည်။ ကျန်းရှီဝူက ရှန့်ချန်အစပ်မစားမှန်းသိနေသောကြောင့် ရှာလကာရည်ကို ရှန့်ချန်ထံသို့တွန်းပေးလိုက်ပြီး သူ့အတွက်သူ ငရုတ်သီးမုန့်ထည့်လိုက်သည်။


ရှန့်ချန်က သူ့ဘက်သို့တွန်းပေးလာသော ရှာလကာရည်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။ 


"ရှာလကာရည်မစားဘူးလား..."


ကျန်းရှီဝူက ဟော့ပေါ့အစပ်အိုးကိုမွှေနေရင်း ပြောလိုက်လေ၏။ 


"မင်းအရင်ထည့်လိုက်..."


ပြောပြီးနောက်ဆုံးမှ တစ်ခုခုမှားနေသည်ကို သူသဘောပေါက်သွားလေတော့သည်။ တူကိုလှုပ်နေသည့်လက်ကအရှိန်လျော့သွားသည်။ ကျန်းရှီဝူ၏မျက်နှာပေါ်မှအပြုံးကအေးခဲသွားလေ၏။ သူ့နှုတ်ခမ်းတို့ကိုဖိထားမိပြီး အနည်းငယ်စိတ်လှုပ်ရှားသွားပုံရသည်။


ကျန်းရှီဝူက အရှက်ပြေပြောလိုက်ရလေ၏။ 


"ငါ..ငါကမင်း ရှာလကာရည်ထည့်မယ်ထင်လို့ပါ..."


ရှန့်ချန်က သူ့ကိုတဒင်္ဂခန့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးတို့က အမဲဖျက်တော့မည့်ဟန်ဖြင့် ကျန်းရှီဝူ၏ခန္ဓာကိုယ်အပေါ်သို့ကျလာလေသည်။ ကျန်းရှီဝူမှာ ကြောက်လွန်းလှ၍ အရသာရှိသောဟော့ပေါ့ပင် အနံ့မမွှေးတော့သလို ခံစားနေရလေသည်။


အတန်ငယ်ကြာသွားခဲ့သည်။


ရှန့်ချန်က အကြည့်ပြန်လွှဲသွားတော့သည်။ 


"စားရအောင်.."


ကျန်းရှီဝူမှာ သက်ပြင်းချလိုက်ရလေ၏။


 "အိုကေ..."


ရှန့်ချန်က သူ့အရှေ့မှကောင်လေးကိုအသေအချာကြည့်နေမိသည်။ သူအသေးစိတ်မှတ်မိနေသေးသည်။ သူ ကျန်းရှီဝူနှင့် ထမင်းအတူစားသည့်အကြိမ်ရေကမရှိသလောက်ပင်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူ့ဘက်မှ ကျန်းရှီဝူကိုရှောင်နေခဲ့သော်လည်း သူ ဤကောင်လေးကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ သူကအခြားသူများနှင့်ပတ်သက်လာလျှင် အလေးအနက်မထားသည့်တိုင် ထိုသူကိုမူ အလွန်အမင်းအာရုံစိုက်နေခဲ့မိသည်။


ကျန်းရှီဝူက အသားလုံးကိုတစ်ကိုက်ကိုက်ရင်း အစမ်းအဖြေလွှာကိုသတိရသွားလေသည်။ 


"နှမြောစရာကြီးကွာ၊ ငါတစ်ဝက်လောက်ရေးပြီးနေမှ..."


ရှန့်ချန်: "ဝမ်းနည်းမနေနဲ့..."


ကျန်းရှီဝူ အနည်းငယ်မျှအံ့ဩသွားခဲ့သည်။ ရှန့်ချန်ကသူ့ကိုနှစ်သိမ့်ပေးလာမည်ဟု မထင်ထားခဲ့ပေ။ ၎င်းက အံ့အားသင့်စရာပင်။ မဟုတ်မှ...


နောက်တစ်စက္ကန့်၌ ရှန့်ချန်ဆက်ပြောလာခဲ့သည်။


 "မင်းလည်း ပုစ္ဆာနည်းနည်းတောင်မှန်တာမှမဟုတ်တာ..."


"......."


မိုက်ရိုင်းချက်။


ကျိအိမ်တော်၏ ပထမထပ်မှ ဧည့်ခန်းတွင်ဖြစ်သည်။


ကျိပေ့ချွန် ပြန်ရောက်လာပြီ။ အိမ်တွင်မီးများထွန်းထားပြီး ညစာစားပွဲအရှေ့တွင် အိမ်အကူများကစုပြီးရပ်နေကြသည်။ သူပြန်လာသည်ကိုမြင့်အခါ သူတို့က တလေးတစားဖြင့်ဖိတ်ခေါ်ကြလေ၏။ 


"သခင်လေး..."


ကျိပေ့ချွန်က အပေါ်ထပ်ကိုလှမ်းကြည့်ပြီး မည်သည့်မေးခွန်းကိုမျှမမေးပေ။


ဤအိမ်အကူအုပ်စုတွင် အစ်မလီဟုခေါ်သော အကြီးအကဲတစ်ယောက်ရှိသည်။ ကျိမိသားစုမှဇနီး ရှန်းယို့ထင် မီးဖွားပြီးနောက်ဆုံးပါးသွားသည့်အခါ သူမတစ်ယောက်တည်း ကျိပေ့ချွန်ကိုပျိုးထောင်လာခဲ့ရပြီး သူနှင့်သူမက နက်ရှိုင်းသောသံယောဇဥ်ရှိကြသည်။


အစ်မလီက ကျိပေ့ချွန်၏လွယ်အိတ်ကိုလှမ်းယူပြီး တိုးလျစွာဖြင့်ပြောလာပါသည်။ 


"လူကြီးမင်း စိတ်ဆိုးနေပါတယ်၊ သူစာဖတ်ခန်းထဲမှာပါ..."


ကျိပေ့ချွန်ခေါင်းညိတ်ပြလိုက်သည်။


သူ၏ တုံဏှိဘာဝေပုံစံကြောင့် အစ်မလီမှာ သက်မချရသည်။ 


"ခုနကလေးတင် ထမင်းချက်ကို ခေါက်ဆွဲတစ်ပွဲလုပ်ခိုင်းထားတယ်၊ ယူသွားပြီး သားသမီးဝတ္တရားကိုပြပေးလိုက်ပါ..."


ကျိပေ့ချွန်မှာ ကျိယွမ်ရှန်းအကြောင်းတွေးမိရုံနှင့် ကြောက်လန့်လာခဲ့သည်။ သူကခေါင်းကို တရစပ်ခါယမ်းလိုက်လေ၏။ 


"အစ်မလီ၊ သားကြောက်တယ်၊ အစ်မပဲပို့ပေးလိုက်ပါ..."


အစ်မလီမှာ သက်ပြင်းချမိပြီး မည်သည့်စကားကိုပြောရမှန်းမသိတော့ပေ။


ယနေ့က ကျိယွမ်ရှန်းနှင့်ရှန်းယို့ထင်တို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်နေခဲ့သည်။ သခင်မဆုံးသွားခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။ နေ့ထူးနေ့မြတ်တိုင်း ထိုသူက အရိုးထဲအထိစွဲနေအောင်မှတ်သားထားပုံရပြီး ကျိယွမ်ရှန်းကို မမေ့နိုင်အောင်ဖြစ်နေစေခဲ့သည်။ အစ်မလီမှာ နှစ်များစွာ ၎င်းကိုမြင်တွေ့လာခဲ့ရလေ၏။


"အဲဒါက သခင်လေးအဖေလေ၊ ဘာတွေကိုကြောက်နေတာလဲ..."


ကျိပေ့ချွန်က တခဏမျှရပ်နေကာ ပြောလိုက်လေသည်။ 


"ကျွန်တော် ရေအရင်သွားချိုးလိုက်ဦးမယ်၊ ပြီးမှ အောက်ထပ်ကိုဆင်းလာခဲ့မယ်..."


အစ်မလီက လက်ခံသလိုခေါင်းညိတ်ပြလိုက်သည်။


ကျိပေ့ချွန်က အပေါ်ထပ်သို့ပြေးတက်သွားပြီး သူ့ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ မက်ဆေ့ချ်အများအပြားဝင်နေလေ၏။ သူက နှစ်အများအပြား အထက်တန်းစားလူကြီးများနှင့် သူတို့၏သားများကိုတွေ့ခဲ့ရသည်။ သူတို့အများစုက နာမည်ကြီးကောလိပ်များကိုတက်ကြပြီး တစ်ယောက်နှင့်တစ်ယောက်မတွေ့ဖြစ်ကြပေ။


လွတ်သွားသောဖုန်းအချို့ ဝင်ထားခဲ့သည်။ တစ်ယောက်က သူ့သူငယ်ချင်းထံမှဖြစ်လေ၏။ ကျိပေ့ချွန်က တုံ့ဆိုင်းနေပြီးနောက် ပြန်ခေါ်လိုက်သည်။


ကျိပေ့ချွန်က ဖုန်းတဖက်ကိုပြောလိုက်လေ၏။ "ဟယ်လို၊ ဘယ်လိုလဲ..."


ဝမ်းဝမ်၏အသံက တဖက်မှပြန်ထွက်လာလေသည်။ 


"ပေ့ချွန်၊ ငါမင်းကိုပြောစရာရှိတယ်၊ မနှစ်ကငါ့ကို ငါ့အဖေကဆေးရုံတွေအများကြီးဆီလွှတ်တယ်လေ၊ မင်းသိတယ်မလား..."


ကျိပေ့ချွန်: "သိတယ်လေ..."


"မင်းကတိုက်ဆိုင်တာလို့ပြောလိမ့်မယ်၊ ငါဒီနေ့လည်း ဆေးရုံကို ကြုံတောင့်ကြုံခဲ သွားလည်ဖြစ်တယ်၊ ငါဘယ်သူ့ကိုတွေ့ခဲ့လဲသိလား၊ ကျန်းဇစ်ချန်ကွ..."


ကျိပေ့ချွန်မှာ မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့သည်။ 


"ကျန်းရှီဝူရဲ့အဖေလား.."


သူ့သူငယ်ချင်းကပြုံးပြီးပြောလာခဲ့သည်။


"အေး၊ အဲဒီတုန်းကငါမှတ်မိသေးတယ်၊ ကျန်းရှီဝူနဲ့သူ့ကိုဆေးရုံမှာသွားပြီးစုံစမ်းခိုင်းနေတဲ့သူ့အဖေရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး မင်းဘဝင်မကျဘူးလို့ ငါတို့ကိုအမြဲပြောခဲ့တယ်လေ၊ ရလဒ်ကတော့စိတ်လှုပ်ရှားစရာပဲ၊ သူက ကလေးအဖေကိုစစ်နေတာ..."


ကျိပေ့ချွန်မှာ တဒင်္ဂမျှ တောင့်တင်းသွားကာ ဝမ်းသာသွားလေသည်။ 


"ကျန်းရှီဝူက ကျန်းဇစ်ချန်ရဲ့သားအရင်းမဟုတ်ဘူးလား..."


ကျိပေ့ချွန်မှာ စကားဖြင့်ဖော်မပြနိုင်လောက်သည်အထိ ဤကိစ္စအပေါ်၌ စိတ်ဝင်စားလာမိလေသည်။


တစ်ဖက်မှသူငယ်ချင်းကပြောလာလေ၏။ 


"တကယ်တော့ ပြောရမှာ တော်တော်ထူးဆန်းတယ်ကွ၊ သာမန်သားအဖမှန်ကန်ကြောင်းစစ်ဆေးတာမျိုးမဟုတ်ဘူး၊ ဒါပေမဲ့ သတင်းနည်းနည်းရခဲ့တယ်၊ အများကြီးလည်းမမေးလိုက်ရပါဘူး၊ နည်းနည်းပါးပါးနောက်ယောင်ခံလိုက်ခဲ့ရုံပဲ၊ ကြည့်ရတာ ကျန်းဇစ်ချန်က လွန်ခဲ့တဲ့ဆယ့်လေးနှစ်ကကိစ္စကိုစုံစမ်းနေတာနဲ့တူတယ်..."


ကျိပေ့ချွန်ကမျက်မှောင်ကြုတ်လိုက်မိသည်။ 


"လွန်ခဲ့တဲ့ဆယ့်လေးနှစ်ကကိစ္စတဲ့လား.."


"အေး..."


သူငယ်ချင်းဖြစ်သူကလည်း အံ့ဩသွားခဲ့သည်။ 


"စစ်ဆေးကြည့်လိုက်တော့ ထူးဆန်းနေတာတစ်ခုရှိတယ်၊ ကျန်းရှီဝူက ဒီဆေးရုံမှာမွေးတာမဟုတ်ဘူးတဲ့၊ မင်းပြောကြည့် သူဒီကိုဘာအကြောင်းလာမေးတာလို့ မင်းထင်လဲ..."


ကျိပေ့ချွန်က တိတ်ဆိတ်နေသည်။ ကိစ္စများက အနည်းငယ်ထူးဆန်းနေသလိုထင်ရသည်။ ၎င်းတို့က သူနှင့်မသက်ဆိုင်သည့်တိုင် သူကမူ ရှင်းမပြတတ်လောက်အောင် စိတ်ဝင်စားနေမိလေသည်။


သူငယ်ချင်း: "တရားမဝင်ကလေးတို့ ဘာတို့များလား..."


ကျိပေ့ချွန်မှာ အနည်းငယ်ငြီးငွေ့သွားကာ ပြောလိုက်လေ၏။ 


"ကျေးဇူးပြုပြီး ငါ့အတွက်စောင့်ကြည့်ပေးထားပါ၊ တစ်ခုခုသိလာရရင် ငါ့ကိုချက်ချင်းလာပြောချည်..."


"ကောင်းပြီ..."


............


နောက်တနေ့။


ကျန်းရှီဝူ အိပ်ရာမှနိုးလာသည့်အခါ သူ့အမေက ယနေ့၌ အရသာရှိသောအစားအသောက်များ ချက်ထားသည်ကိုတွေ့လိုက်ရလေ၏။ သလင်းကဲ့သို့ကြည်လင်နေသောဖက်ထုပ်များ၊ မွှေးကြိုင်ပျစ်နှစ်နေသည့်ဆန်ပြုတ်နှင့် နူးညံ့သောသစ်သီးဝလံများ စသဖြင့်။


ကျန်းရှီဝူက စိတ်လှုပ်ရှားသွားလေသည်။ 


"အမေ မနေ့က ကျွန်တော့်ကိုဆရာက ချီးကျူးလိုက်လို့ ဒီနေ့ ကျွန်တော့်ကိုဆုချတာလား..."


ကျန်းမေ့လီကမီးဖိုချောင်ထဲမှထွက်လာလေ၏။ 


"ဘာတွေပြောနေတာလဲ၊ မင်းကတော့နည်းနည်းပဲစားရမယ်၊ ကျန်တာကိုထုပ်ပိုးပြီး ရှန့်ချန်ဆီကိုယူသွားပေးလိုက်.."


?!


အမေ နိုးထလိုက်တော့။ ကျွန်တော်ကမှအမေ့ရဲ့သားလေ။


အရာအားလုံးက ယခင်ဘဝနှင့်ကွဲလွဲသွားခဲ့သည်။ ဂျူနီယာအထက်တန်းကျောင်းတွင် ရှန့်ချန်ကသူ့ကိုမုန်းနေလေရာ ကျန်းမေ့လီက ရှန့်ချန်နှင့်တွေ့ရန် အခွင့်အရေးမရခဲ့ပေ။ သူမက ထိုသူကို အထက်တန်းကျောင်းတွင်စတွေ့ခဲ့ပြီး ထိုစဥ်အချိန်ကလည်း လက်ရှိနှင့်ကွာခြားနေခဲ့သည်။


လက်ရှိရှန့်ချန်က ချောမောသန့်ပြန့်သည့်တိုင် အထက်တန်းကျောင်းမှ ထိုသူ၏မျက်နှာက ပိုမိုအေးစက်ပြီးယောကျ်ားဆန်နေသည်။ ထိုအချိန်က မိသားစုကုမ္ပဏီတွင်လည်း အခက်အခဲအများအပြားရှိနေခဲ့သည်။ အဖေနှင့်အမေက အလုပ်များနေခဲ့ကြပြီး ကလေးများကိုဂရုစိုက်ပေးရန်အချိန်မရခဲ့ကြပေ။ ၎င်းက ကျန်းမေ့လီနှင့်ရှန့်ချန်ကို စကားပြောရန်အခွင့်အရေးမရဖြစ်စေခဲ့သည်။


ကျန်းရှီဝူက ထိုင်ခုံ၌ ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။


"အဖေရော..."


ကျန်းမေ့လီက နွားနို့ပူပူလေးတစ်ခွက်နှင့်အတူ ပြောလာခဲ့သည်။ 


"အစောကြီးထွက်သွားလေရဲ့..."


"Oh."


ကျန်းရှီဝူက နွားနို့ကိုယူကာ တစ်ငုံစုပ်သောက်လိုက်သည်။ 


"အဖေက အခုတလော အတော်လေးအလုပ်များနေသလိုပဲနော်၊ တစ်ခုခုဖြစ်နေလို့လား..."


ကျန်းမေ့လီ: "လူကြီးတွေကိစ္စကိုစိတ်မပူပါနဲ့၊ လိမ္မာလိုက်တဲ့ကလေး..."


".........."


ကျန်းရှီဝူမှာ အနည်းငယ်မျှစိုးရိမ်နေမိသော်လည်း ကုမ္ပဏီတွင် ပြဿနာများစဖြစ်လာရန်အတွက် နှစ်နှစ်သုံးနှစ်ခန့်လိုသေးကြောင်းတွေးလိုက်မိပြီး အလောတကြီးမလုပ်တော့ဘဲ အချိန်ကျလာသည့်အခါ ပြင်ဆင်ထားနိုင်ရန် အစီအစဥ်များကို စောစောချထားရုံသာရှိလေသည်။


သူနွားနို့သောက်ပြီးမှ ကျန်းမေ့လီကသူ့ကို ကျောင်းလိုက်ပို့ပေးလေ၏။


"အတန်းဖော်..." 


သူ ကျောင်းဂိတ်ဝမှဝင်လိုက်သည်နှင့် မိန်းကလေးတစ်ယောက်အသံက အနောက်မှပေါ်လာခဲ့လေသည်။


ကျန်းရှီဝူကလှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ 


"ဘာများလဲ.."


သူ့အရှေ့မှမိန်းကလေး၏မျက်နှာထက်တွင် ရှက်ရွံ့နေသောအရိပ်အယောင်များဖြင့်ပြည့်နေလေ၏။ 


"နင်ကကျန်းရှီဝူလား..."


ကျန်းရှီဝူကခေါင်းညိတ်ပြလိုက်သည်။


မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။ ကောင်မလေးတစ်ယောက်က တကယ်ကြီးသူ့ကိုလာရှာတယ်။ သူ့ကိုကြိုက်ရလောက်တဲ့အထိ မျက်လုံးကန်းနေတဲ့သူရှိနေသေးတယ်ဆိုတာမဖြစ်နိုင်ဘူး။ ဒါဆို အကြွေးလာတောင်းတာ။ ဒါပေမဲ့ ငါလည်းဘယ်သူ့ကိုမှအကြွေးမတင်ထားပါဘူး။


မိန်းကလေးက နှုတ်ခမ်းကိုက်လိုက်သည်။ 


"ငါ နင့်အကြောင်းတွေကိုကြားဖူးတယ်.."


ကျန်းရှီဝူက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်လေ၏။ 


"ဘာ...ဘာတွေကြားထားတာလဲ..."


"နင်နဲ့ရှန့်ချန်အကြောင်းတွေပေါ့.." 


မိန်းကလေးက ခေါင်းမော့လိုက်သည်။ 


"သူတို့ကပြောတယ်၊ မနေ့က ကျောင်းအနောက်လမ်းထဲမှာ နင်နဲ့ရှန့်ချန်က ထမင်းအတူစားခဲ့ကြတယ်တဲ့.."


"........"


ကျောင်းကပါပါရာဇီတွေက နေရာတကာမှာပဲ။


ယခင်က ကျန်းရှီဝူသာဆိုပါက ရှန့်ချန်နှင့်မပတ်သက်ရမည်ကို သေမလောက်ကြောက်နေမည်ဆိုသည့်တိုင် ယခုမူ သူကအလွန်အမင်းရင့်ကျက်လာပြီဖြစ်သည်။ 


"ဟုတ်တယ်လေ..."


မိန်းကလေး၏မျက်နှာက ပြောင်းလဲသွားတော့မည့်အချိန်မှာပင် ကျန်းရှီဝူပြောလာသည်ကိုကြားလိုက်ရသည်။ 


"ဒါပေမဲ့ ငါ့ကိုအထင်မလွဲပါနဲ့၊ ငါနဲ့သူကဘာမှမဆိုင်ပါဘူး၊ ငါကဗိုက်ဆာလာလို့ သူ့ဆီကပိုက်ဆံချေးပြီးစားလိုက်တာ.."


မိန်းကလေးကမယုံသေးပေ။ 


"ရှန့်ချန်က နင့်ကိုပိုက်ဆံချေးပေးတယ်ပေါ့..."



☁️☁️