☁️Chapter 20
"ရှန့်ချန်က နင့်ကိုပိုက်ဆံချေးပေးတယ်ပေါ့..."
"......."
နင်တော်တော်လွန်နေပြီနော်။
ကျန်းရှီဝူလည်း စိတ်မရှည်နိုင်တော့ပေ။
"ငါကချောတာကိုး..."
မိန်းကလေးကသူကိုကြည့်ကာ တောက်တောက်ပပဖြင့် ပြုံးလာလေသည်။
"ကောင်းလိုက်တာ..."
ပြောပြောဆိုဆိုပင် သူမက အိတ်ထဲမှစာတစ်စောင်ကိုထုတ်ပြီး နေ့လည်စာဖန်ဘူးလေးတစ်ဘူးနှင့်အတူ ကျန်းရှီဝူထံကမ်းပေးလိုက်သည်။
"ဒါလေးကို ငါ့ကိုယ်စား ရှန့်ချန်ကိုပေးပေးပါနော်..."
"......"
သူသိနေတယ်။
ကျောင်းဂိတ်နှင့်မလှမ်းမကမ်းတွင်မူ။
ကျောင်းတက်ချိန်ဖြစ်ပြီး ကျောင်းသားများက ကျောင်းဂိတ်ကိုဝင်နေကြလေသည်။ ဖြစ်ချင်သည့်အခါ ရှန့်ချန် ကျောင်းဂိတ်ကိုအရောက်တွင် သူ၏ထိုင်ခုံဖော်ဝမ်ပင်းနှင့်တွေ့လိုက်ရလေ၏။
ဝမ်ပင်းက နှုတ်ဆက်လာသည်။
"Good morning..."
ရှန့်ချန်ကသူ့ကို ခေါင်းညိတ်ပြလာလေ၏။
နှစ်ယောက်ကဘေးချင်းယှဥ်ပြီး ကျောင်းထဲသို့ဝင်လာခဲ့ကြသည်။ ဝမ်ပင်းက လမ်းတလျှောက်လုံး ရှန့်ချန်ကိုပြောလာခဲ့သည်။
"မနေ့က ငါတို့ကျောင်းရဲ့ဖိုရမ်လေးမှာ အရမ်းကိုစည်ကားသွားတာကွ၊ မင်းနဲ့ကျန်းရှီဝူက ခင်ကြတာပဲဆိုပြီးတောင်ပြောနေကြတယ်၊ မင်းတို့ကညစာလည်းအတူစားကြတယ်ဆို၊ ဟုတ်လား..."
အတိတ်တွင် ရှန့်ချန်က အတင်းအဖျင်းများကိုမျက်ကွယ်ပြုထားခဲ့သည်။
ဝမ်ပင်းက အဖြေကိုမမျှော်လင့်ထားလင့်ကစား ရှန့်ချန်က "အင်း" ဟုတုံ့ပြန်လာခဲ့သည်။
"အမှန်ပဲ..."
ဝိုး။
သူမျက်လုံးပြူးသွားပြီး အတင်းပြောချင်စိတ်ကထိုးတက်သွားခဲ့သည်။ သူမေးလိုက်မိလေ၏။
"မင်းတို့နှစ်ယောက်က အခု ခင်သွားကြပြီလား..."
ရှန့်ချန်က မဖြေဘဲ သူ့လမ်းသူဆက်လျှောက်နေလေသည်။
နှစ်ယောက်က ခဏမျှလမ်းလျှောက်လာကြပြီး မဝေးသောသစ်ပင်အရိပ်အောက်တွင် လူနှစ်ယောက်ရပ်နေသည်ကိုတွေ့သွားကြသည်။ သူတို့ကမှတ်မိရန်လွယ်ကူပေသည်။ ကျန်းရှီဝူနှင့်အမည်မသိမိန်းကလေးတစ်ယောက်။ နှစ်ယောက်ကြားမှအကွာအဝေးက မဝေးပေ။ မိန်းကလေးကစာလေးတစ်စောင်နှင့် နေ့လည်စာဘူးလေးကိုကိုင်ပြီး ရှက်နေပုံရလေသည်။
ရှန့်ချန်၏ခြေလှမ်းတို့ကရပ်သွားခဲ့သည်။
ဝမ်ပင်းကလည်းအံ့ဩသွားခဲ့သည်။
"ဝိုး..."
"မင်းတွေ့လိုက်လား၊ အဲဒါကျန်းရှီဝူပဲ..."
သူ၏ထိုင်ခုံဖော်က ဝမ်းသာအားရထအော်လေသည်။
"ဈေးဗန်းခင်းတာအခြေအနေကောင်းပုံပဲ၊ ကောင်မလေးကသူ့ကိုဖွင့်ပြောနေတာလား၊ ငါတို့သူ့ကိုသွားနှုတ်ဆက်လိုက်ကြမလား...."
ရှန့်ချန်သည် ကျန်းရှီဝူက အခါခါငြင်းပြီးမှ နေ့လည်စာဘူးလေးအားလှမ်းယူလိုက်သည်ကို တွေ့လိုက်လေ၏။ သူ၏စူးရှသောမျက်ခုံးတို့က ကျဥ်းမြောင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ဘေးမှအငွေ့အသက်ကလည်း အေးစက်လာခဲ့၏။ သူ့ပါးစပ်ထောင့်တွင် လိပ်ပြာလွင့်စရာအပြုံးတစ်ပွင့်ပေါ်လာပြီး ခြေထောက်ကိုကြွကာ စာသင်ဆောင်ဘက်သို့ ဦးလှည့်သွားခဲ့သည်။
ဝမ်ပင်းက ကြောင်သွားလေသည်။
"မသွားတော့ဘူးလား..."
ရှန့်ချန်က လှည့်မကြည့်ပေ။
"ငါသူနဲ့မရင်းနှီးဘူး..."
"အော်..."
ဆယ်မိနစ်ကြာပြီးနောက် အတန်းထဲတွင်ဖြစ်သည်။
နောက်ဆုံး၌ ကျန်းရှီဝူမှာ မိန်းကလေးလက်မှလွတ်လာပြီး စာသင်ခန်းထဲသို့ဝင်လာလေသည်။ သို့သော်လည်း အခြားတစ်ယောက်ကို သွားပေးချင်စိတ်မရှိပေ။ အကြောင်းအရင်းမှာ မိန်းကလေးကသူ့ကိုမကူညီပါက သူ့ထံသို့နေ့တိုင်းလာမည်ဟုခြိမ်းခြောက်သွားသောကြောင့် သူကသာသည်းခံလိုက်ရတော့သည်။
အတန်းတံခါးဝမှဝင်လိုက်သည်နှင့် ကျန်းရှီဝူ ရှန့်ချန်ရှိရာသို့လှည့်ကြည့်လိုက်သည်။ ဒုတိယအတန်း၏ဘယ်ဘက်ခြမ်း၌ ရှန့်ချန်ကို ကျောင်းကိုစောရောက်နှင့်နေပြီး စာအုပ်တစ်အုပ်ကိုဖတ်နေလေသည်။ ထူးဆန်းစွာဖြင့် ကျန်းရှီဝူ၏စိတ်ထဲတွင် ခံစားချက်သိပ်မကောင်းပေ။
သူကဖြည်းဖြည်းချင်းအနားကပ်သွားပြီး ရှန့်ချန်၏ထိုင်ခုံဖော် ဝမ်ပင်းကိုလှမ်းကြည့်လိုက်သည်။ ထိုသူက သူ့ကိုပြုံးပြလာပြီး သူလည်းဘာမှမတတ်နိုင်ကြောင်း နှစ်သိမ့်သည့်အကြည့်မျိုးပေးလာလေ၏။
?
ကျန်းရှီဝူ ရှန့်ချန်ထံသို့ ကတုန်ကယင်ဖြင့်လျှောက်သွားလိုက်ပြီး နေ့လည်စာဘူးကိုပေးသင့်မပေးသင့်ချင့်ချိန်နေရသည်။
ရှန့်ချန်က မော့မကြည့်ပေ။
ကျန်းရှီဝူ: "ဟိုလေ..ငါ..."
စကားက ပါးစပ်ဖျားလေးတွင်ရှိနေပြီး ထွက်မလာပေ။ သူ၏ရည်းစားစာကို ကိုယ်တိုင်ပေးနိုင်ခဲ့လင့်ကစား ယခုက အခြားသူကိုယ်စားပေးရသည့်အဖြစ်မျိုးရောက်နေလေ၏။
ရပါတယ်။
ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ။
တွေးနေရင်းပင် ကျန်းရှီဝူ ကျန်းမေ့လီပေးလိုက်သော နေ့လည်စာထမင်းဘူးကို ကျောင်းလွယ်အိတ်ထဲမှထုတ်လိုက်ပြီး ရှန့်ချန်အရှေ့သို့ချပေးလိုက်သည်။
"အတန်းကိုယ်စားလှယ် မနက်စာစားပြီးပြီလား..."
ရှန့်ချန်၏ ဘောပင်ကိုင်ထားသောလက်ကရပ်သွားခဲ့သည်။ သူကမျက်လွှာပင့်ကာ နေ့လည်စာထမင်းဘူးကိုတစ်ချက်ကြည့်လိုက်လေ၏။ မတိုင်ခင်ကတွေ့ခဲ့ရသောထမင်းဘူးနှင့်မတူပေ။ သစ်ပင်အောက်မှမြင်ကွင်းကိုတွေးမိပြီး သူချက်ချင်းနားလည်သွားတော့သည်။ ကျန်းရှီဝူက အလွန်တော်ပါပေ၏။ ယခုမူ အခြားသူကိုယ်စား ကူညီပြီး ပစ္စည်းပို့ပေးရသည့်အလုပ်ကိုပင်လုပ်ရဲနေပြီ။
တော်ပါပေတယ်။ တော်ပါတယ်။
ဘောပင်အောက်မှမှင်ချောင်းက စာရွက်ပေါ်တွင် မှင်အစက်လေးတစ်ခုကိုချန်ထားရစ်ခဲ့ပြီး ရှန့်ချန်က ခေါင်းမမော့လာပေ။
"ငါစားပြီးသွားပြီ..."
ကျန်းရှီဝူကတောင့်တင်းသွားလေ၏။
"အာ..."
ရှန့်ချန်၏မျက်လုံးတို့က သူ့ကိုကြည့်လာချိန်တွင် မည်းမှောင်ပြီးအုံ့မှိုင်းနေလေသည်။
ကျန်းရှီဝူက ထိုနေရာတွင်ရပ်နေရင်း အနည်းငယ်ရှက်နေလေသည်။ နှစ်ပေါင်းများစွာသိလာသောအချက်များအရ ရှန့်ချန်က မနက်စာစားလေ့မရှိပေ။ ယခင်ကဝယ်လာပေးစဥ်ကလည်းမစားခဲ့ပေ။ သို့သော်လည်း မကြာခင်ရက်ပိုင်းလေးက သူတို့ကြားရှိဆက်ဆံရေးမှာ အနည်းငယ်တိုးတက်လာခဲ့သလိုပင်။ စိတ်ထင်နေတာများလား။
အမှန်ပင်။ နေရောင်ခြည်အနည်းငယ်လောက်လေးကလည်း နေမင်းကိုတောက်ပစေသည်။ ရှန့်ချန် သူ့ကိုမုန်းနေသည်ဆိုသည့်အချက်ကို သူမေ့သွားခဲ့သည်ပင်။
ကျန်းရှီဝူ: "ပြီးရောလေ၊ ဒါဆိုလည်း ငါအိမ်ကိုပဲပြန်ယူသွားလိုက်တော့မယ်..."
သူက နေ့လည်စာဘူးကိုပြန်သိမ်းတော့မည်အလုပ်တွင် ရှန့်ချန်၏မျက်ဝန်းများနှင့်မတော်တဆဆုံမိသွားခဲ့သည်။ သူ့ကိုမကြည့်ခဲ့သည့်ကောင်လေးက ခေါင်းမော့လာလေ၏။
"အန်တီလုပ်ပေးလိုက်တာလား..."
ကျန်းရှီဝူ၏ ဖက်တီးပုပ်မျက်နှာက အနည်းငယ် အလိုမကျဖြစ်သွားခဲ့သည်။
"မဟုတ်ရင်..."
ရှန့်ချန်၏မျက်နှာက စာအုပ်ကိုလှန်လိုက်သလိုပြောင်းလဲသွားကာ လက်ဆန့်ပေးလိုက်လေသည်။
"ငါ့ကိုပေး..."
ဘာပြောတယ်။
ကျန်းရှီဝူကသူ့ကို သံသယမျက်လုံးဖြင့်ကြည့်သည်။
"မင်းပဲစားခဲ့ပြီးပြီဆို..."
ဘေးမှဝမ်ပင်းက အားလုံးကိုတွေ့ပြီး အသံကျယ်ကြီးနှင့်အော်ရယ်ကာ ဝင်နှောင့်လိုက်လေသည်။
"သူ မဝသေးလို့နေမှာပေါ့..."
ရှန့်ချန်က သူ့ကိုဆတ်ခနဲကြည့်လိုက်သည်။
အေးစက်စက်အကြည့် ပစ်လွှတ်ခံလိုက်ရသောဝမ်ပင်းက ချောင်းဟန့်လိုက်ပြီး ကျန်းရှီဝူထွက်သွားသည်အထိစောင့်ပြီးမှ အလွန်အမင်းလောဘကြီးဟန်ဖြင့်ပြောလိုက်လေသည်။
"ကျန်းရှီဝူအမေရဲ့ဟင်းချက်လက်ရာက တအားအရသာရှိတာနော်၊ ငါ့ကိုလည်းကျွေး..."
ရှန့်ချန်ကဘူးကိုဖွင့်လိုက်သည်။
"မင်းမှဗိုက်မဆာတာ..."
"ဘယ်ကလာ..."
ဝမ်ပင်းက မကျေနပ်ပေ။
"မင်းပဲစားခဲ့ပြီးပြီလို့ပြောတာလေ..."
"မင်းခုနကလေးတင်ပြောလိုက်ပြီးတော့..."
ရှန့်ချန်ကသူ့ကိုယ်သူပြောလိုက်သည်။
"ငါမဝသေးဘူး..."
"....."
ဝမ်ပင်းက ရှန့်ချန်၏အေးတိအေးစက်ပုံစံကိုကြည့်ပြီး သူ၏ထိုင်ခုံဖော်လေးက လက်စားချေလိုစိတ်ပြင်းပြနေသည်ဟု အရှိအတိုင်းခံစားနေရလေသည်။ သို့ထိတိုင် မည်သည့်အရာက ရှန့်ချန်၏စိတ်ကိုပိုပြီးနက်ရှိုင်းသွားအောင်လုပ်နေမှန်းမသိပေ။
ညနေခင်းအချိန်။ မာကျောက်ကစားရုံ။
မိုးသည်းနေပြီး မာကျောက်ကစားရုံအပြင်ဘက်တွင် မိုးရေတို့ကပိတ်ဖုံးထားလေသည်။ ကောင်းကင်နှင့်မြေကြီးတို့ ထိခတ်မိသည့်အသံတို့သာကျန်ရစ်နေခဲ့၏။
တစ်ယောက်က ကောချန်ကိုပြောလာသည်။
"ငါမလာတော့ဘူး၊ ငါ့ယောက္ခမက ကလေးကိုသွားကြိုခိုင်းနေလို့..."
ကောချန်က စိတ်မရှည်စွာဖြင့်လက်ယမ်းပြလိုက်သည်။
အမျိုးသားတစ်ယောက်ကပြောလာပြန်၏။
"နင်ကဆော့နေတုန်းပဲလား၊ ရှန့်ချန်ကိုသွားမကြိုတော့ဘူးလား..."
ကောချန်က နှာခေါင်းရှုံ့သည်။
"ဒီကောင်လေးက ဒီလောက်မာတာ၊ သူမသေပါဘူး၊ လေ့ကျင့်ခန်း လုပ်နေရတယ်လို့ပဲတွေးမှာ..."
"......"
အမျိုးသားက ကောချန်ကို ကြည့်ပြီး ဆွံ့အနေသည်။
အပြင်ဘက် မိုးကြီးနေသည့်အထဲမှ ပြန်ရောက်လာသူကပြောလာခဲ့သည်။
"ဟေ့ အစ်မကြီး၊ အပြင်မှာခြေကျိုးရောက်နေတယ်၊ နင့်ယောကျ်ားတဲ့၊ အပြင်ထွက်ပြီးကြည့်လိုက်ဦး..."
ကောချန်က စိတ်မရှည်လက်မရှည်ဖြင့်လှည့်ကြည့်လိုက်ပြီး သိပ်မဝေးလှသောနေရာတွင် အမျိုးသားတစ်ယောက် ထီးဖြင့်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ခြေတစ်ဖက်ဆာနေပြီး စုတ်ပြတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ဒေါသထွက်နေသလိုပင်။
ရယ်သံများက ပလုံစီပြီးထွက်လာလေ၏။
"အဲဒါ နင့်ယောကျ်ားလား..."
"ဒီလောက်မိုးသည်းနေတာကို ထွက်လာတာဖြစ်ပါ့မလား..."
"ရို့ ကောချန် နင်အခုသွားကြည့်သင့်တယ်..."
စကားတိုင်းက လှောင်ရိပ်သန်းနေပြီး ကောချန်မှာ ကြားရသည်နှင့်ဒေါသဖြစ်လာလေသည်။ သူမကခပ်တိုးတိုးဆဲကာ တံခါးကိုတွန်းဖွင့်ပြီးအပြင်ထွက်သွားလေသည်။
ရှန့်သာ့ရှန်း၏အဝတ်အစားတို့က ပါးလွှာပြီး အားနည်းပုံမှာ လေဖြင့်လွင့်ပါသွားတော့မည်ဟုထင်ရလေသည်။ ထိုသူက အဆုတ်ကွဲမတတ်ချောင်းဆိုးနေပြီး သူမကိုပြောလာခဲ့သည်။
"မင်းဒီမှာပဲကတ်ကစားနေတာသုံးရက်ရှိပြီ၊ အိမ်ရှင်ကဒီနှစ်ရဲ့အိမ်ငှားခကိုတောင်းဖို့ရောက်လာပြီ၊ မင်းငါ့ခေါင်းအုံးအောက်က ပိုက်ဆံတွေယူသွားသေးလား..."
ကောချန်ကစိတ်မရှည်တော့ပေ။
"ဘာပိုက်ဆံလဲ၊ ကျွန်မ မသိဘူး...."
"မင်း၊ မင်းရူးသွားပြီလား၊ အဲဒါ ငါတို့အိမ်ငှားခပေးရမယ့်ပိုက်ဆံကွ..."
ရှန့်သာ့ရှန်း၏ရင်ဘက်က မောက်လာလိုက်၊ ပြန်ကျသွားလိုက်ဖြစ်နေခဲ့သည်။
"ငါတို့မိသားစု လမ်းဘေးထွက်နေရမှ မင်းကျေနပ်မှာလား၊ ငါကတံတားအောက်မှာအိပ်နိုင်သေးတယ်၊ ရှန့်ချန်ကအခုထိကျောင်းတက်နေရတုန်း၊ မင်းသူ့ကိုဘယ်လိုဖြစ်စေချင်နေတာလဲ၊ ကောချန် မင်းဒီနေ့ ပိုက်ဆံကိုပြန်ပေးရမယ်..."
မိုးရေထဲတွင်ရပ်နေသောအမျိုးသမီး၏မျက်လုံးတို့က သွေးရောင်သန်းနေခဲ့သည်။ သူမ၏ကျောက မိုးရေတို့ဖြင့်စိုရွှဲနေလေ၏။ ယခုအချိန်ရောက်နေပြီဖြစ်၍ သူမက ဟန်မဆောင်နေတော့ပေ။
"ကျွန်မပိုက်ဆံယူပြီး အကြွေးပေးလိုက်ပြီ၊ ဘာပိုက်ဆံမှမရှိတော့ဘူး..."
လူကြီးမင်းရှန်၏မျက်လုံးတို့ကပြူးထွက်သွားခဲ့သည်။
"မရှိတော့ဘူးဟုတ်လား.."
"မင်း...မင်းရူးသွားပြီ.."
သူ ဒေါသထွက်လွန်းလှ၍ ထီးကိုပင်မကိုင်နိုင်တော့ပေ။ ဒေါသက သူ့နှလုံးသားကိုလွှမ်းမိုးသွားခဲ့ပြီး ခေါင်းမော့ကာ တဖက်ကိုပါးရိုက်လိုက်သည်။
ကောချန်မှာ မယုံကြည်နိုင်သလို ဒေါသလည်းဖြစ်သွားရသည်။
"ရှန့်သာ့ရှန်း၊ နင်ကငါ့ကိုရိုက်ရဲသေးတယ်၊ နင့်မှာဘာအစွမ်းအစမှမရှိဘူး၊ နင့်မှာ အိမ်ငှားခပေးစရာပိုက်ဆံလည်းမရှိဘူး၊ နင်ကငါ့ကိုရိုက်တယ်၊ ငါနင့်လိုဒုက္ခိတကောင်ကိုယူခဲ့ရတာ ရှစ်ဘဝစာလောက်ကံဆိုးသွားတာပဲ၊ ဟုတ်တယ် ငါကရူးနေတာ၊ ငါဆက်ပြီးအသက်မရှင်တော့ဘူး၊ နင်ငါ့ကိုအိမ်ပြန်ဖို့ခေါ်စရာအကြောင်းမရှိဘူး၊ ငါပြန်သွားရင်နင့်ကိုမြင်ရမှာကိုစိတ်ပျက်တယ်၊ နင့်သားကိုမြင်ရရင် ပိုတောင်စိတ်ပျက်သေးတယ်.."
ရှန့်သာ့ရှန်းက ဒေါသကြောင့်တုန်နေလေသည်။
"ကောချန်..."
ကောချန်က မဲ့ပြုံးပြုံးလိုက်သည်။
"အော်...ဟုတ်တာပဲ၊ သေချာပြောရရင် ရှန့်ချန်ကလည်းနင့်သားမှမဟုတ်တာ၊ နင့်မှာသားမှမရှိတာ..."
ဂျိန်း။
ကောင်းကင်တွင်လျှပ်စီးလက်သွားပြီး မိုးကြိုးသွားကကျဆင်းလာသည်။ တစ်လောကလုံး ရက်စက်သောမိုးရေများဖြင့်ပစ်ပေါက်ခံနေရပြီး မိုးရေထဲမှလူများကို အေးစိမ့်နေစေသည်။ ရှန်းသာ့ရှန်း၏မျက်လုံးတို့က နီမြန်းလာပြီး အရိုးပေါ်အရေတင်အမျိုးသားက အံကြိတ်ထားပုံရသည်။ သူကပြောလိုက်လေ၏။
"အဲဒီတုန်းက မင်းသာကလေးကိုမလဲခဲ့ရင် သူဘယ်လိုလုပ်..."
ကောချန်၏မျက်လုံးတို့က စူးရှနေလေသည်။
"ကျွန်မကြောင့်သာမဟုတ်ရင် ကျိပေ့ချွန်က သေသွားတာကြာလောက်ပြီ၊ ရှင်က ကားအက်စီးဒင့်ကြောင့် ခြေထောက်တစ်ဖက်ကျိုးသွားတယ်၊ မိသားစုရဲ့စုထားသမျှပိုက်ဆံတွေအကုန်လုံးကိုဖြုန်းပစ်ခဲ့တယ်၊ ကျွန်မကကိုယ်ဝန်ကြီးနဲ့၊ အစားမစားရ၊ နို့ကမထွက်၊ မိသားစုက နို့မှုန့်လေးတောင်မတတ်နိုင်ဘူး၊ သူကနေမကောင်းဖြစ်လာတယ်၊ ကျွန်မကြောင့်သာမဟုတ်ရင် သူသေသွားတာကြာပြီ၊ ဆင်းရဲပြီး ထမင်းငတ်ပြီး ရှင်သတ်ပစ်လိုက်လို့လေ.."
သည်းထန်စွာရွာကျနေသောမိုးထဲတွင် သူမကထီးမကိုင်ထားခဲ့ပေ။ သူမမျက်နှာက မိုးရေများဖြင့်အုပ်နေပြီး နီရဲနေသောမျက်လုံးများဖြင့်သူမမှာ မိုးရေစက်များကြောင့်လား၊ မျက်ရည်များကြောင့်လား မသိနိုင်ပေ။
"အဲဒီနှစ်က ရှင်ဘာလို့စက်ဘီးစီးခဲ့ပြီး ကားအက်စီးဒင့်ဖြစ်ခဲ့တာလဲဆိုတာ ကျွန်မမသိဘူးမထင်နဲ့နော်၊ မိန်းမတစ်ယောက်ကိုလိုက်ရှာရုံပဲမလား.."
ကောချန်၏အသံက ကွဲအက်နေခဲ့သည်။ သူမက ရှန့်သာ့ရှန်းကို တခဏမျှငုံ့ကြည့်နေပြီး တစ်လုံးချင်းစီပြောလိုက်လေ၏။
"ကျွန်မရှင့်ကိုမုန်းတယ်၊ ရှင်ကကျွန်မရဲ့ဘဝကိုဖျက်ဆီးခဲ့တာ..."
မိုးကြီးလေကြီးထဲတွင် လူနှစ်ယောက် မတ်တပ်ရပ်နေခဲ့သည်။ ထီးကျိုးတစ်လက်က လေကိုအံမတုနိုင်တော့ပေ။ နှစ်များစွာမျိုသိပ်ထားခဲ့ရသောဒဏ်ရာဟောင်းတို့က ပြန်လည်ပေါ်ထွက်လာခဲ့ပြီး နာကျင်မှုမှာပြင်းထန်လွန်းလှပေသည်။
ရှန့်သာ့ရှန်း၏မျက်လုံးတို့ကနီရဲနေလေသည်။ ထိုသူ၏ အိုမင်းပြီးချောင်ကျနေသောမျက်နှာက နာကျင်မှုများဖြင့်ပြည့်နှက်နေခဲ့လေ၏။
"ငါကကားမောင်းရတဲ့လူလေ၊ အဲဒီနေ့မှာအလုပ်ရှိလို့ ငါကားမောင်းခဲ့ရတာ..."
ကောချန်က မဲ့ပြုံးပြုံးကာတုံ့ပြန်လာခဲ့သည်။
"အလုပ်တဲ့လား..."
"ရှန်းယို့ထင်က မီးဖွားရခက်နေတယ်ဆိုတာ ရှင်ကြားလိုက်လို့မဟုတ်ဘူးလား၊ အဲဒါနဲ့ပဲ ရှင်ပျာယာတွေခတ်ပြီး ကားတိုက်မိတာမဟုတ်ဘူးလား..."
ကောချန်က တင်းမာခက်ထန်စွာဖြင့်ပြောလာလေ၏။
"ရှင်ကကျိအိမ်အတွက်အလုပ်လုပ်ပေးခဲ့တာ၊ ကျွန်မ မသိဘူးမထင်နဲ့၊ ရှင် ရှန်းယို့ထင်ကိုသဘောကျနေတော့ရောဘာဖြစ်လဲ၊ သူက ကျိယွမ်ရှန်းရဲ့မယားဖြစ်နေတုန်းပဲ၊ သူကကျိယွမ်ရှန်းရဲ့ကိုယ်ဝန်ကိုလွယ်ထားရတာ၊ သူသေသွားခဲ့ရင်တောင် ရှင့်လိုဒရိုင်ဘာကိုလှည့်ကြည့်မှာမဟုတ်ဘူး..."
ရှန်းသာ့ရှန်းက ပြောစရာစကားမဲ့သွားခဲ့သည်။
သူကစကားပြောရန်ကြိုးစားလေရာ နှုတ်ခမ်းတို့ကတုန်ယင်နေခဲ့သည့်တိုင် မည်သည့်စကားမှထွက်မလာနိုင်ပေ။
"ကျွန်မက ဆေးရုံမှာ လမစေ့ပဲမွေးခဲ့ရတာ၊ ကလေးကအားနည်းပြီးပိန်လှီနေတာပဲ၊ ရှင်ကတော့ အခြားမိန်းမတစ်ယောက်အကြောင်းကိုတွေးနေတယ်၊ ကားတိုက်မိပြီး ကျွန်မတို့မိသားစုရှာထားသမျှတွေကိုဖြုန်းပစ်လိုက်တယ်..."
ကောချန်က ကယောင်ကတမ်းရေရွတ်နေလေသည်။
"သူကသေသင့်တယ်၊ ရှင်လည်းသေသင့်တယ်၊ ရှင်တို့အကုန်လုံးသေသင့်တယ်..."
မိုးချုန်းသံ ခပ်အုပ်အုပ်က ကောင်းကင်ကိုဖြိုခွဲပစ်လိုက်သည်။ ကမ္ဘာမြေတခွင် ရုတ်ချည်းလက်ခနဲဖြစ်သွားခဲ့သော်လည်း မိုးရေထဲမှလူများက အမှောင်ထုထဲတွင် ကျုံ့ဝင်သွားသလိုပင်။
ရှန့်သာ့ရှန်းက သူ့အရိုးများအားလုံးကြေမွသွားသည့်နှယ် ခေါင်းငိုက်စိုက်ကျသွားခဲ့လေသည်။
"တောင်းပန်ပါတယ်ကွာ..."
ကောချန်က နှာမှုတ်လိုက်သည်။
ရှန့်သာ့ရှန်းက ထီးကိုလှည့်ယူပြီး သူမကိုပြောလိုက်လေသည်။
"အိမ်ပြန်တော့၊ ငါအိမ်ငှားခပေးဖို့အတွက် နည်းလမ်းရှာလိုက်မယ်..."
ထိုသူက သူ့အားနည်းချက်ကိုထုတ်ပြလာပြီး ကောချန်ကလည်း သူ့ကိုအဆုံးအထိ ဖိအားမပေးတော့ပေ။
☁️☁️