☁️Chapter 21
လူနှစ်ယောက်က လမ်းလျှောက်ကာ ဝေးပြီးရင်းဝေးသွားပြီး မြင်ကွင်းမှ ပကတိပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ထွက်သွားသည့်အခါ လူနှစ်ယောက်က ထောင့်အချိုးမှထွက်လာခဲ့သည်။ သူတို့က သတိကြီးကြီးထားနေပုံရလေ၏။ ထိုသူတို့က ရှန့်ချန်ကိုဝိုင်းပြီးအကြွေးတောင်းခဲ့ကြသောအုပ်စုမှ နှစ်ယောက်ဖြစ်လေသည်။
ညီငယ်လေးကပြောလေသည်။
"အန်ကယ်၊ ရှန့်ချန်က သူတို့ကလေးမဟုတ်ဘူးတဲ့..."
အန်ကယ်ကြီးဟု လူသိများသောအမျိုးသားက ပါးစပ်ထဲ၌ စီးကရက်တစ်လိပ်ကိုခဲထားရင်း နှာခေါင်းရှုံ့လေသည်။
"အဲဒီကောချန်ဆိုတဲ့ကောင်မက တော်တော်စိတ်အနှောင့်အယှက်ပေးတာပဲ၊ ပြောရရင် ဒီနှစ်ယောက်က ရှန့်ချန်လိုအလှလေးကို ဘယ်လိုလုပ်မွေးထုတ်ပေးနိုင်မှာလဲ..."
ညီငယ်လေးကလည်း တဒင်္ဂမျှ ငြိမ်သက်သွားလေသည်။
"ဟုတ်တယ်၊ ဆီနဲ့ရေပဲ..."
"......."
အန်ကယ်၏ပါးစပ်ထောင့်က တွန့်တက်သွားလေသည်။
"ငတုံးရဲ့..."
ညီငယ်လေးက တခဏမျှချင့်ချိန်နေကာ အသိစိတ်ပြန်ဝင်လာလေသည်။
"အန်ကယ်၊ ကျွန်တော်တို့သိထားပြီးပြီဆိုမှတော့ ကောချန်ကိုခြိမ်းခြောက်မယ်လေ၊ အခု ကျွန်တော်တို့မှာ သူ့ကိုချုပ်ထားလို့ရမယ့်အရာတစ်ခုရှိသွားပြီပဲ၊ သူပိုက်ဆံမပေးမှာကိုစိုးရိမ်စရာမလိုတော့ဘူး..."
အန်ကယ်က အသက်ကိုပြင်းပြင်းရှူကာ ဤမျှတုံးလွန်းသောလူရှိသေးမှန်း မယုံကြည်နိုင်သေးပေ။
"ဝက်ဦးနှောက်နဲ့ကောင်ရဲ့၊ ကောချန်မှာပိုက်ဆံဘယ်လောက်ရှိမှာမလို့လဲ..."
ညီငယ်လေးက အူတူတူဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ နောက်ဆုံးမှာ သတိပြန်လည်လာခဲ့သည်။ သူ့မျက်လုံးတို့ကတောက်ပသွားရကာ ပျော်ရွှင်မှုတို့ပြည့်နှက်နေလေသည်။
"အန်ကယ်၊ ပြောချင်တာက...."
အန်ကယ်က ပါးစပ်ထဲမှစီးကရက်ကိုလွှင့်ပစ်လိုက်ပြီး ဖိနပ်ဖြင့်ဖြည်းဖြည်းချင်းဖိချေလိုက်လေသည်။ အမျိုးသား၏မျက်လုံးတို့က ရက်စက်မှုများဖြင့် ဖြည်းဖြည်းချင်းသိပ်သည်းလာပြီး ပြုံးလိုက်လေ၏။
"မင်းပိုက်ဆံလိုချင်တယ်ဆိုမှတော့ လူချမ်းသာတွေရဲ့ပါတီပွဲတွေကိုလိုက်ရှာရမှာပေါ့..."
နောက်တနေ့။
ရာသီဥတုကကြည်လင်ပြီး နေအပူရှိန်ကလည်းပြင်းထန်နေသည်။ အတန်းပိုင်ဆရာမက အရှေ့တွင်ရပ်ကာ အမြှောက်ဆံတစ်လုံးကိုပစ်သွင်းလိုက်လေသည်။
"မကြာသေးခင်ကပဲ ကျောင်းအုပ်က နွေဦးရာသီခရီးစဥ်နှင့်တောင်တက်လှုပ်ရှားမှုကို နှစ်သစ်ရဲ့ပထမရက်နဲ့ဒုတိယရက်မှာ နှစ်ရက်လုပ်ဖို့စီစဥ်ထားတယ်..."
ထိုစကားကြောင့် တစ်တန်းလုံး အုတ်အော်သောင်းတင်းဖြစ်သွားတော့သည်။
ကလေးများက ကစားရခြင်းကိုနှစ်သက်ပြီး အတန်းထဲတွင်လှောင်ပိတ်ခံရကာ တစ်နေကုန်စာသင်နေရခြင်းက သူတို့၏သဘာဝကိုထိန်းချုပ်ခံထားရသလိုဖြစ်တတ်သော အရွယ်မျိုးပင်။ အားလုံးကသောင်းကျန်းကြတော့သည်။ အားလုံးကပျော်ရွှင်နေကြသည်။ အတန်းပိုင်ဆရာမက ချက်ချင်း သူတို့အားလုံးအပေါ်သို့ရေအေးတစ်ခွက်လောင်းချလိုက်ပြီး ပြောလိုက်လေ၏။
"တစ်တန်းလုံးသွားရမှာတော့မဟုတ်ဘူး..."
"......"
တစ်တန်းလုံး တိတ်ဆိတ်သွားကြသည်။
အတန်းပိုင်က အားလုံးကိုဝေ့ကြည့်လိုက်လေ၏။
"အပတ်တိုင်း တစ်တန်းလုံးမှာ အပတ်စဥ်အစမ်းစာမေးပွဲတွေရှိလိမ့်မယ်၊ ပျှမ်းမျှအမှတ် ရှစ်ဆယ်နဲ့အထက်ရတဲ့လူ(အတန်း)မှ သွားခွင့်ရလိမ့်မယ်..."
သူတို့အတန်းကို ထိပ်ဆုံးအတန်းဟုယူဆ၍မရသလို အဆင့်များကလည်းမညီကြပေ။ အမြင့်ဆုံးပျမ်းမျှရမှတ်မှာ ခုနစ်ဆယ်ဝန်းကျင်သာဖြစ်လေသည်။ ကောက်ကာငင်ကာ ရှစ်ဆယ်အထက်ရအောင်လုပ်ရမည်ဆိုပါက ခက်ခဲပေလိမ့်မည်။
အတန်းပိုင်ဆရာမ ဟွမ်ကျားကပြောလာ၏။
"မင်းတို့သွားချင်ရင် စာကြိုးစားကြ၊ အပျော်ရှာဖို့အတွက် တိုက်ခိုက်ကြ..."
ကျောင်းသားများမှာ ခံစားချက်တို့ကရှုပ်ထွေးကုန်ကြလေသည်။
"ဒီလိုကြီးတဲ့လား..."
"ငါတကယ်သွားချင်ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးအစမ်းစာမေးပွဲတုန်းက ငါ့အမှတ်က ခြောက်ဆယ်ပဲရတာ..."
"ငါတို့အတန်းအလှည့်ကရောက်ပါ့မလားမသိဘူး..."
"ကြိုးစားကြတာပေါ့..."
ဤအတန်းတင်မဟုတ်ဘဲ အခြားအတန်းများ၏သင်ကြားမှုလေထုက ရုတ်တရက်မြင့်တက်သွားခဲ့သည်။ အတိတ်တွင် ကျောင်းသားများ၏ကာယအတန်းချိန်ကိုလုလိုက်၍ အမြင်မကြည်ခံထားခဲ့ရသော ဆရာတစ်ယောက်ရှိခဲ့သည်။ ယခုမူ သူတို့က နေ့တိုင်းစာကြိုးစားချင်လာကြပြီး အတန်းများ(အားချိန်) အချင်းချင်းကြားတွင်ပင် စာကျက်နေကြလေသည်။ အခြေခံအားနည်းပြီးမတိုးတက်နိုင်သူများမှာ အချိန်တိုလေးအတွင်း အမြင့်ကိုရောက်လာရန်မှာ ခက်ခဲနေလေသည်။
ကျန်းရှီဝူက သင်္ချာတွင်အားအနည်းဆုံးဆိုသော်လည်း ယခင်က စာကြိုးစားလာသောကြောင့် ပုစ္ဆာအများအပြားကို ကောင်းကောင်းတွက်နိုင်နေပြီဖြစ်၏။
စားပွဲတစ်လုံးတည်းမှခုန်းဝမ်ကျင်းက သူ့ကိုကြည့်နေရင်း ချီတုံချတုံဖြစ်နေလေသည်။
ကျန်းရှီဝူမှာ လှမ်းမေးမိလေ၏။
"ဘာဖြစ်နေလို့လဲ..."
"ဟိုလေ........"
မိန်းကလေးကအားနည်းပုံရသည်။ သူမမျက်နှာက နှင်းဆီရောင်ဖြစ်နေ၏။ အသားအရေကပန်းရောင်သန်းနေကာ အိစက်နေပြီး ချွဲနွဲ့နွဲ့အမူအရာဖြင့်ပြောလာခဲ့သည်။
"နင်အခုလေးတင်ပဲ အစမ်းမေးခွန်းဖြေပြီးသွားပြီထင်လို့၊ ငါကဘယ်လိုမှတွက်လို့မရဘူး..."
ကျန်းရှီဝူက ခေါင်းကုပ်လိုက်သည်။
"အော်၊ ဒါဆိုလည်း နင်အစောကြီးတည်းကပြောသင့်တယ်..."
ကျန်းရှီဝူက အရှေ့ကိုအနည်းတိုးလိုက်ပြီး မေးခွန်းကိုအကျဥ်းချုံးဖတ်လိုက်သည်။ ထို့နောက် တွက်ရမည့်ပုံစံအဆင့်ဆင့်ကို သူမအားစိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြလိုက်လေ၏။ ထိုနည်းလမ်းကိုသုံးရသည့်အကြောင်းအရင်းနှင့် သုံးရမည့်ပုံသေနည်းကိုလည်းရှင်းပြလိုက်သည်။ မိန်းကလေးကနားမလည်သည့်ပုံစံဖြစ်နေလျှင် သူကစိတ်ရှည်ရှည်ထားပြီး ထပ်ရှင်းပြလိုက်သည်။
နောက်ဆုံး၌ သူပြောလိုက်လေ၏။
"ဒီလိုဆိုရင် နင်အဖြေရပြီပေါ့..."
ခုန်းဝမ်ကျင်း၏မျက်လုံးထဲတွင် ကြယ်များပေါ်လာလေသည်။
"ဒီလိုဆိုရင်တော့ ငါဘယ်လိုတွက်ရမလဲသိသွားပါပြီ၊ နင်ကစာသင်ပေးတဲ့နေရာမှာအရမ်းတော်တာပဲ၊ တကယ်ကိုအံ့ဩစရာကြီး..."
"ဟီးဟီးဟီး..."
ကျန်းရှီဝူ၏ဘဝင်မြင့်စိတ်က မိုးထိအောင်ထောင်တက်သွားပြီး မမေ့မလျော့ပြောလိုက်သေးသည်။
"ရှန့်ချန်ကငါ့ကိုသင်ပေးတာလေ၊ သူကပုစ္ဆာတွက်တဲ့နည်းကိုလေ့လာလည်း အသုံးမဝင်ဘူးတဲ့၊ ဖော်မြူလာကိုနားလည်အောင်လုပ်တဲ့၊ အဲဒါမှ အခြားမေးခွန်းပုံစံတွေနဲ့တွေ့လာရင် တွက်တတ်မှာတဲ့..."
သူ ရှန့်ချန်ကိုချီးကျူးပေးနေသည့်အချိန် မျက်လုံးထဲ၌ တဖိတ်ဖိတ်လက်နေခဲ့သည်။
ခုန်းဝမ်ကျင်း၏အပြုံးက တိခနဲရပ်သွားလေတော့၏။
"အဲဒီလိုကိုး..."
ဝရုန်းသုန်းကားအခြေအနေက အခြားကျောင်းသားများ၏အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။ ကျောင်းသားအများစုက အတန်းထဲတွင်စာလုပ်နေခဲ့ကြပြီး အများစုက အဆင့်ကောင်းသောအခြားကျောင်းသားများအရှေ့တွင် စုပြုံနေကြသည်။ ဥပမာ ယခင်ရက်ပိုင်းအတွင်းက ကျိပေ့ချွန်မှာ နာမည်ကောင်းရထားခဲ့သည်။ သူက ပုစ္ဆာတွက်နည်းကိုသင်ပြပေးရန် တောင်းပန်နေကြသောလူအုပ်ကြီးဖြင့် ပျော်ပါးနေလေ၏။
သုံးတန်းမြောက်က ကျန်းရှီဝူ၏လေးတန်းမြောက်နှင့်ကပ်နေခဲ့သည်။ ကျန်းရှီဝူပုစ္ဆာတွက်ပုံအားသင်ပေးနေသည်ကို အချို့ကကြားသွားပြီး ကျိပေ့ချွန်၏နည်းလမ်းထက် ပိုကောင်းသည်ဟု ယူဆသွားကြသည်။
တစ်ယောက်က ပြောင်ပြောင်တင်းတင်းပင်ရှေ့တိုးလာလေသည်။
"ကျန်းရှီဝူ ငါတစ်ပုဒ်မှမတွက်တတ်ဘူး၊ ငါ့ကိုသင်ပေးပါလား..."
"ငါလည်းမတွက်တတ်ဘူး..."
"ငါ့ကိုလည်းသင်ပေးနော်..."
ကျန်းရှီဝူက အနည်းငယ်ကြောင်သွားသေးသော်လည်း အားလုံးကိုအတန်းဖော်များဟု သတ်မှတ်ထားသောကြောင့် သူ့ဘက်မှတတ်နိုင်သမျှကူညီရန်ဆုံးဖြတ်လိုက်သည်။ သူလည်း ယခင်ကတွက်နည်းမသိခဲ့သည့်အချိန်တွင် ရှန့်ချန်ကသူ့ကိုကူညီပေးခဲ့သောကြောင့် သူလည်းအခြားသူများကို ပြန်ကူညီပေးရလိမ့်မည်။
ထိုသို့တွေးလိုက်ပြီး ကျန်းရှီဝူက အလွန်ဂုဏ်ယူသွားကာ သွက်သွက်လက်လက်တုံ့ပြန်လိုက်သည်။
"အိုကေ..."
သူကိုယ်တိုင်လည်း အခြေခံမပိုင်ခဲ့သူဖြစ်ပြီး သူ့အဆင့်များကလည်း သာမန်သာဖြစ်လေသည်။ သူက ပုစ္ဆာများကိုတွက်ပြရာတွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံများကိုမျှဝေပေးခဲ့သည်။ သူကအဆင့်တိုင်းကိုရှင်းပြနိုင်ခဲ့သောကြောင့် အဆင့်မကောင်းသောကျောင်းသားများပင်နားလည်သွားပြီး အခက်အခဲသိပ်မရှိကြတော့ပေ။
သူသင်ပြပေးပုံကိုနားထောင်ရန် လူများက ဖြည်းဖြည်းချင်း ကျန်းရှီဝူအနားတွင် တစ်စထက်တစ်စဝိုင်းအုံလာခဲ့ကြသည်။
ကျိပေ့ချွန်က လူနည်းလာသည်ကိုကြည့်ပြီး အားလုံးက အနောက်တန်းကိုရောက်သွားမှန်းနားလည်သွားကြသည်။ သူက အံ့အားသင့်မှုများဖြင့် အနောက်ကိုလှည့်ကြည့်လာလေ၏။
"သူတို့တွေ ရူးသွားကြတာလား..."
သူ၏ထိုင်ခုံဖော်ကပြန်ဖြေလာသည်။
"လူတိုင်းက ပုစ္ဆာတွက်ဖို့အကြံတောင်းနေကြတာ..."
ကျိပေ့ချွန်က နှာခေါင်းရှုံ့သည်။
"ကျန်းရှီဝူသိတာ ဘယ်ပုစ္ဆာရှိလို့လဲ၊ သူ့ရဲ့အစမ်းဖြေထားတဲ့အမှတ်က ငါ့ထက်တောင်ဆိုးသေးတယ်၊ ပြီးတော့ ပုစ္ဆာတွေကိုတွက်ပြဖို့မျက်နှာရှိသေးတယ်ပေါ့..."
ထိုင်ခုံဖော်က ရှက်သွားသော်လည်း သူ့ကိုပြန်မပြောရဲပေ။
"ဒါပေမဲ့ သူတွက်တဲ့ပုံစံကမြန်တယ်၊ သူတွက်ပြတဲ့ အချို့ပုစ္ဆာတွေကမှန်နေတာပဲ..."
"အဲဒီတော့ရော ဘာလုပ်ရမှာလဲ..."
ကျိပေ့ချွန်က ဟောက်လိုက်ပြီး မကျေနပ်သောအသံဖြင့်ပြောလိုက်သည်။
"မင်းတို့ကို အမှားတွေတွက်ပြလိုက်မှာကိုမကြောက်ကြဘူးလား..."
ကျန်းရှီဝူအနားမှကျောင်းသားများက ကြားသွားကြပြီး အချင်းချင်းကြည့်ကြသည်။ သူတို့က ကျိပေ့ချွန်ထံမှ ငေါက်ငမ်းခံရမည်ထက် အမှားများကိုသင်လိုက်ခြင်းကပိုကောင်းလိမ့်မည်ဟုထင်ကြသောကြောင့် သူ့စကားကိုမကြားသလိုသာဟန်ဆောင်နေလိုက်ကြသည်။
ကျိပေ့ချွန်မှာ စိတ်တိုရလွန်း၍ မျက်နှာက ရှစ်ခေါက်ချိုးဖြစ်နေလေ၏။
သူကလှည့်သွားပြီး လေ့ကျင့်ခန်းစာအုပ်ကိုဆက်ဖတ်နေလိုက်သည်။ ထို့နောက် သူအခုလေးတင်သင်ပေးလိုက်သောပုစ္ဆာကို မှားတွက်၍ ထဆဲပြန်သည်။
"ဝက်ဦးနှောက်နဲ့ကောင်၊ ဒီပုစ္ဆာလေးကိုတောင်မတွက်တတ်ဘူးလား၊ အချိန်တွေကိုဖြုန်းပစ်နေတာပဲ..."
သူ၏ထိုင်ခုံဖော်လေးမှာ တခဏမျှ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး နောက်ဆုံးမှ လေ့ကျင့်ခန်းစာအုပ်ကိုပြန်ယူသွားကာပြောလိုက်လေတော့သည်။
"ဆောရီး၊ ငါအခြားတစ်ယောက်ကိုပဲ သွားသင်ခိုင်းလိုက်တော့မယ်..."
?!
ကျိပေ့ချွန်ခမျာ မယုံကြည်နိုင်တော့ပေ။
သူ့စကားကိုအမြဲနားထောင်ခဲ့သော သူ၏ထိုင်ခုံဖော်က လေ့ကျင့်ခန်းစာအုပ်ကိုကိုင်ပြီး သူ့ကိုကျောခိုင်းသွားခဲ့သည်။ ကျန်းရှီဝူဘေးတွင်ကပ်ထိုင်ပြီး ပုစ္ဆာရှင်းပြနေသည်ကိုနားထောင်ရန် မှီကိုင်းထားလေသည်။ ၎င်းက သူ့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။
ကျန်းရှီဝူ ပုစ္ဆာအနည်းငယ်သိနေလည်း အဆင်ပြေပါသည်။ သူနားမလည်နိုင်သည့်ပုစ္ဆာမျိုးများရောက်မှ ထိုလူများကပြန်လာပြီး သူ့ကိုတောင်းပန်ကြလိမ့်မည်။ ထိုအခါမှ သူတို့မှားနေသည်ကိုသိသွားကြလိမ့်မည်။
ထိုအတွေးဖြင့်ပင် ကျိပေ့ချွန်က ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ကျန်းရှီဝူ သူဟာသူ အရှက်ကွဲမည့်အချိန်ကိုစောင့်နေလိုက်သည်။
...........
တကယ်လည်း ကျန်းရှီဝူ မတွက်တတ်သောပုစ္ဆာရှိနေခဲ့သည်။
ကျန်းရှီဝူ၏ ဖက်တီးပုပ်မျက်နှာလေးကမှုန်ကုပ်သွားခဲ့သည်။ သူက ပွင့်ပွင့်လင်းလင်းပင်ပြောလာခဲ့သည်။
"ဒါတော့ငါမတွက်တတ်တော့ဘူး..."
အခြားကျောင်းသားများလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။
"ဘယ်လိုလုပ်ကြမလဲ...."
"အခြားတစ်ယောက်ကိုသွားမေးကြမလား..."
"အာ...ငါတော့မသွားချင်ဘူး၊ တော်တဲ့လူတွေက သူတို့ပုစ္ဆာနဲ့သူတို့အလုပ်ရှုပ်နေကြတာ၊ ဒါမှမဟုတ်လည်း ငါတို့ပြန်ပြီးအဆဲ..."
လူတိုင်းစိတ်ဖိစီးနေချိန်၊ ကျဥ်းထဲကျပ်တည်းရောက်နေချိန်မှာပင် လျိုဟန်က အဓိပ္ပါယ်တစ်မျိုးပါသောအပြုံးကိုပြုံးပြလိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။
"အတန်းကိုယ်စားလှယ်သာဆိုရင် တွက်တတ်မှာပဲ..."
ထိုစကားကြောင့် တွေဝေနေသူများအားလုံး သတိရသွားကြသည်။
လူတိုင်းက ရှန့်ချန်ကို လှည့်ကြည့်လိုက်ကြသည်။ ဒုတိယအတန်းတွင်ထိုင်နေသောလူငယ်လေးတွင် အေးစက်သောကျောပြင်ရှိနေပြီး ဂရုမစိုက်တတ်သောအရှိန်အဝါနှင့်ငြင်းပယ်လိုမှုတို့ကို ထောင်ချီအဝေးမှပင်ရနိုင်လေသည်။
သို့တစေ.....
"ငါတော့ အတန်းကိုယ်စားလှယ်ကိုသွားမမေးရဲဘူး..."
"အတန်းကိုယ်စားလှယ်က စာမသင်ပေးဘူးလေ..."
"ငါက သူ့အရှေ့မှာရပ်နေရုံနဲ့တောင်ကြောက်နေတာ၊ အကြံတောင်းဖို့ဆိုရင်ပိုဆိုးသေးတယ်..."
လူတိုင်းက တစ်ယောက်တစ်ပေါက်နှင့်ပြောနေကြသည်။ မည်သူကမှမသွားရဲကြပေ။
လျိုဟန်က ကျန်းရှီဝူကိုပုတ်လိုက်သည်။
"မင်းပဲသွားပြီးတော့ မင်းရဲ့မိသားစုဝင်လေးရှန့်ချန်ကိုသွားမေးကြည့်ပါလား..."
ဘာ။
ကျန်းရှီဝူ၏မျက်နှာက တုန်လှုပ်ခြောက်ချားသွားပြီး အကြောက်အကန်ငြင်းလေတော့သည်။
"မင်းတော့ မျှော်လင့်တာများနေပြီ၊ ငါလည်းမသွားရဲဘူးဟ..."
အဲဒီညက အိမ်မှာမလို့သာ သင်ခိုင်းရဲတာ။ သူလည်း ရှန့်ချန်အနားကိုမသွားရဲဘူး။ အိုကေလား။
လျိုဟန်က ယုံကြည်မှုလွန်ကဲနေပြီး သူ့ပုခုံးကိုပုတ်နေလေသည်။
"မင်းက ဒီကလူတွေထဲမှာ သတ္တိအရှိဆုံးလူလေ၊ သေချာလေးစဥ်းစားကြည့်၊ နှစ်နှစ်ဆက်တိုက် ရှန့်ချန်ကိုရည်းစားစာပေးရဲတဲ့သူရှိလို့လား၊ အစာစားရဖို့ ရှန့်ချန်ဆီကနေပိုက်ဆံချေးရဲတဲ့သူရှိလား၊ ကျောင်းဆင်းပြီးရင်အိမ်မပြန်ဘဲ ရှန့်ချန်အနောက်ကိုလိုက်ရဲတဲ့သူရှိလား၊ မင်းပဲလုပ်တာလေ၊ ဘယ်သူလုပ်ရဲလို့လဲ..."
"....."
အကုန်လုံးကအထင်လွဲတာပါဗျာ။
ကျန်းရှီဝူမှာ သူ့ကိုယ်သူကာကွယ်ချင်သော်လည်း မည်သို့ရှင်းပြရမှန်းမသိတော့ပေ။
လျိုဟန်က နောက်တစ်ခွန်းထပ်ဖြည့်ပြောလိုက်သည်။
"ငါတို့မလုပ်နိုင်ပေမဲ့ မင်းကတော့ကျိန်းသေပေါက်လုပ်နိုင်တယ်..."
အခြားအတန်းဖော်များကလည်း ကျန်းရှီဝူကိုအားကိုးတကြီးကြည့်နေကြသည်။ သူတို့အားလုံး၏မျှော်လင့်ချက်တို့က ဖက်တီးလေးအပေါ်တွင်ကျနေခဲ့သည်။ ရှန့်ချန်ဘက်မှသူ့ကိုသင်ပေးရန် မဖြစ်နိုင်သော်လည်း ကျန်းရှီဝူကလည်း ငြင်းရန်မလိုပေ။
အားလုံး၏ဖိအားပေးနေသောအကြည့်အောက်တွင် ကျန်းရှီဝူက ဖြည်းဖြည်းချင်းထရပ်ပြီး ကျည်ဆံကိုကိုက်ထားလိုက်သည်။
"ငါကြိုးစားကြည့်မယ်၊ မအောင်မြင်တာလည်းဖြစ်နိုင်တယ်နော်..."
လူအုပ်ကြီးကလည်း အားပါးတရဖြင့်ခေါင်းညိတ်ပြကြပါသည်။
ကျန်းရှီဝူက လေ့ကျင့်ခန်းစာအုပ်ဖြင့်ထရပ်လိုက်ကာ မျှော်လင့်နေကြသော မျက်လုံးများအောက်မှာပင် ရှန့်ချန်ထံသို့လျှောက်သွားလိုက်လေသည်။
☁️☁️