အပိုင်း ၉-၁၀
Viewers 28k

Part 9


လျန့်ယင်းယင်း၏ ကျန်းရှို့ချန်အပေါ် သေးငယ်သည့် လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောကြောင့် ကျန်းယန်ရှန့် အဖွားသည် အတော်လေး စိတ်မသက်မသာဖြစ်သွားသည်။


ထို သမီးယောင်းမ အဖွားကြီးနှစ်ယောက်လုံးသည် သန်မာသောကိုယ်ရည်ကိုယ်သွေးရှိကြသူများဖြစ်ပြီး စီးပွားရေးကို ဦးဆောင်နိုင်ကြသူများဖြစ်သည်။ သူမသည် လက်ထပ်ပြီးသည့်နောက် ပြိုင်ဆိုင်မှုပြင်းထန်သောမိသားစုစီးပွားရေးတွင် ပါဝင်ခဲ့ရပြီး ကောင်းမွန်သည့် ကျောထောက်နောက်ခံရှိသည်။ ပြောရလျင် အဖွားသည် ခင်ပွန်းဖြစ်သူကိုထောက်ပံ့ပြီး ကလေးများကိုကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် တဘဝလုံးမြင့်မြတ်သည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။


အဖွားကြီးနှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေခဲ့သော်လည်း အသက်ရွယ်ကြီးပြင်းလာပြီဖြစ်၍ အရင်ကထက် ဆက်ဆံရေးပိုကောင်းလာသည်။ 


သူမ အဖွားသည် အပြောဆိုးသော်လည်း ဘဝတစ်လျောက်လုံး အသက်မွေးဝမ်းကြောင်းအပေါ် အားထုတ်နေရသည့်အတွက် သားသမီးများအပေါ် လျစ်လျူရှုခဲ့သည့် ယောင်းမဖြစ်သူ(အဖွားလေး) ကို ဝေဖန်လေ့ရှိသည်။ ထို့ကြောင့် သူမအဖွားဖြစ်သူ သည်းမခံနိုင်ဆုံးအရာမှာ သူမ၏ပြိုင်ဖက် သမီးယောင်းမဖြစ်သူအရှေ့တွင် မြေးများကြောင့် အရှက်ရခြင်းပင်ဖြစ်သည်။


ကျန်းရှို့ချန်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းကြီးပြင်းလာသော်လည်း အခြေခံအပြုအမူများ မကောင်းပေ။ အတိုချုပ်ပြောရလျင် ထိုကလေးသည် သူ၏အဖွားဖြစ်သူကို မျက်နှာရအောင် မလုပ်တတ်ချေ။ ထို့ကြောင့် သူမ၏ ထိုကလေးအပေါ် ဆက်ဆံရေးသည် သာမန်မျှသာဖြစ်သည်။


အဖွားဖြစ်သူမှ သွားကစားခိုင်းသော်လည်း ကျန်းယန်ရှန့်သည် ကျန်ဟယ်လင်းအား ‘’ ငါဒီမှာ အဖွားတွေနဲ့နေခဲ့မယ်…’’


အဖွားကြီးများသည် သွက်သွက်လက်လက် ကလေးများနှင်း စကားပြောရသည်ကို ကြိုက်နှစ်သက်ကြသည်။ သို့သော် ကလေးများသည် ထိုလူကြီးများနှင့်စကားပြောရန် စိတ်မရှည်ကြပေ။ အဖွား၏သားအရင်း ကျန်းဟွမ်ပင်လျင် သူမနှင့်အချိန်အတော်ကြာ မပြောချင်ပေ။


သူ၏ သမီးကြီးသည် ကောင်းမွန်သည့်အပြုအမူရှိပြီး ညဏ်ရည်ထက်မြတ်သည်။ သူမ အမေရှိစဉ်တုန်းကလို လိမ်မာရေးခြားရှိနေသည့်အတွက် ကျန်းဟွမ်တစ်ယောက် ဖော်မပြတတ်အောင် ဝမ်းသာသွားသည်။ ထို့ကြောင့် သူ့အားမော့ကြည့်နေသည့် ကျန်းဟယ်လင်းကို ခေါင်းငြိမ့်ပြလိုက်ရင်း ‘’ သွား သွား… သမီးမောင်လေးနဲ့ သွားကစားတော့…’’


‘ငါ သူ့ကိုလိုက်မရှာပါဘူး’ ကျန်းဟယ်လင်း စိတ်ထဲမှပြောလိုက်သည်။


လူကြီးများထံမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ကျန်းဟယ်လင်းသည် ကလေးများကစားသည့်နေရာသို့ အပြေးသွားကာ သူမနှင့်သက်တူရွယ်တူကလေးများကို အတူတူကစားရန် ရှာဖွေတော့သည်။


ကျန်းဟွမ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်း ‘’ အမေ… ဒါဆို ကျွန်တော်လည်း..’’


‘’အေပါ… ငါသိပါတယ်.. သွားတော့… သွား.. သွား…’’ အဖွားက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။


ကျန်းဟွမ် စိတ်သက်သာရာရစွာဖြင့် အလျင်အမြန် ထွက်ခွာသွားသည်။ လျန့်ယင်းယင်းသည် အိမ်မှာကဲ့သို့မောက်မာမနေဘဲ ကျန်းဟွမ်နောက်သို့ ချက်ချင်းလိုက်သွားသည်။


အဖွားက သူမဘေးတွင်ကျန်နေခဲ့သော ကျန်းယန်ရှန့်ကို ကြည့်ပြီး နွေးထွေးစွာဖြင့် ပြောလိုက်သည်။ ‘’ သမီးလဲသွားဆော့လေ… အဖွားတို့ကို စိတ်မပူပါနဲ့…’’


ကျန်းယန်ရှန့်က အပြုံးလေးနှင့် အဖွားအိုဘေးတွင် ဝင်ထိုင်လိုက်ရင်း ‘’ ကစားဖို့အတွက် သမီးအသက်က ဘယ်လောက်တောင်ရှိနေပြီမို့လို့လဲ… ‘’


အဖွားက သူမလက်မောင်းကိုဆုပ်ကိုင်ကာ သက်ပြင်းချလိုက်သည်။ ‘’ သမီး အဖွားကိုလာမတွေ့တာကြာပြီနော်… အဖွားကို မလွမ်းပဲ ဝေးဝေးနေချင်နေတာလား…’’


အဖွား‌ေလးကရယ်ရင်းပြောသည်။ ‘’ အဖွားတို့တွေက အသက်ကြီးပြီးပျင်းဖို့ကောင်းတယ်လို့ ထင်နေတာမဟုတ်လား…’’


‘’မဟုတ်ပါဘူး..’’ ကျန်းယန်ရှန့်ပြောလိုက်သည်။ ‘’ အဖွားတို့ ပြောတာတွေကို နားထောင်ရတာ သမီးကြိုက်ပါတယ်’’


သူမ ကော်ဖီစားပွဲပေါ်ရှိ အသီးပန်းကန်ထဲမှ စတော်ဘယ်ရီအသီးချောင်းကို ဖောက်ပြီး နှစ်ယောက်လုံးကိုပေးလိုက်သည်။ အဖွားနှစ်ယောက်လုံးက ကျေနပ်စွာဖြင့်ပြုံးရင်း စားလိုက်ကြသည်။


သူတို့အားလုံး စားသောက်ရင်း စကားများပြောနေကြသည်။


‘’ ရှု့ချန်ရဲ့ ဇနီးက ဘယ်တော့မွေးမှာတဲ့လဲ…’’


‘’မွေးမယ့်ရက်က ဩဂုတ်လကုန်လို့တော့ပြောတာပဲ…’’


‘’အဲ့ဒါဆို မဝေးတော့ဘူးပဲ… ဘာလေးမွေးမှာလဲကော သိပြီးပြီလား…’’


‘’သွားမစစ်ကြည့်ရသေးဘူးတဲ့… အဲ့ကလေးတွေက ငါ့ကို စပရိုက်လုပ်ဖို့ကြံနေကြတာလေ… ယောကျားနဲ့မိန်းမတွေက အတူတူပါပဲ… ငါတို့ငယ်ငယ်တုန်းကနဲ့တော့ မတူဘူးပေါ့’’


အဖွားကလည်း ‘’ ဟုတ်တယ်… ဘာပဲဖြစ်ဖြစ် အချိန်က ကွာသွားပြီလေ…’’


ထို့နောက် နှစ်ဦးသားက ကလေးများအကြောင်း ဆွေမျိုးများအကြောင်း ရောက်တတ်ရာရာများပြောဆိုခဲ့ကြသည်။ ဒီအရွယ်တွင် အချိန်က မီးခိုးငွေ့များလိုပင်။ 


ခေါင်းစဉ်ပြောင်းသွားသည်နှင့် သူတို့က ရုတ်တရက် ကျန်းယန်ရှန့်ဘက်သို့လှည့်လာကြသည်။


‘’သမီးအစ်မ ရုန်ရုန်တောင် နောက်ရက်ပိုင်းအတွင်း ဉရောပကိုသွားဖို့ရှိတယ်… လိုက်သွားပါလား…’’


ကျန်းယန်ရှန့်က ‘’ သမီးမသွားတော့ပါဘူး.. ဒီနှစ်နွေရာသီအတွက် သင်ခန်းစာတွေ လုပ်ဖို့ရှိတယ်…’’


အဖွားကြီးနှစ်ယောက်လုံး အံ့အားသင့်သွားသည်။


ကျန်းယန်ရှန့်က မျက်လွှာချလိုက်ရင်း ‘’ အမေဆုံးပြီးကတည်းက သမီးမကြိုးစားခဲ့တဲ့အတွက် … အခုတော့ သမီး အမှတ်တွေက အရင်လိုမကောင်းတော့ဘူးလေ… ဒီလိုဆို နောက်ပိုင်း အထက်တန်းကျောင်းမတက်နိုင်မှာကိုစိုးတယ်… အဲ့ဒါကြောင့် ဒီ နွေရာသီအားလပ်ရက်မှာ စာပြန်လေ့လာပြီး သေချာဖြေချင်လို့ပါ…’’


အဖွားကြီးနှစ်ယောက်လုံး သက်ပြင်းချလိုက်သည်။


ကျန်းယန်ရှန့် အဖွားဖြစ်သူက ပို၍ပင်ဝမ်းနည်းသွားသည်။


ကျန်းယန်ရှန့်သည် လိမ်မာရေးခြားရှိသောကလေးဖြစ်ပြီး သူမ မြေးများကြားတွင် သူမအချစ်ဆုံးဟု သတ်မှတ်ခံရသူဖြစ်သည်။ သို့သော် မိခင်ဖြစ်သူဆုံးပါးသွားချိန်တွင် သူမ၏ အကျင့်စရိုက်မှာ ဆိုးရွားလာပြီး အဖွားဖြစ်သူနှင့် တဖြေးဖြေးဝေးကွားသွားသည်။


ယခု သူမသည် မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပြီဖြစ်သော်လည်း ချစ်ဖို့ကောင်းပြီး ညဏ်ရည်ထက်မြက်သည့် သူမ၏ မြေးမလေးဖြစ်နေတုန်းပင်။


အဆိုးဆုံးမှာ မိသားစုထဲကို ထိုကဲ့သို့သောမိန်းမအား ခေါ်လာသည့် သူမဖခင်၏ အပြစ်များပင်ဖြစ်သည်။


သနားစရာကောင်းလိုက်တဲ့ ကလေးလေး… 


သူမသည် နှစ်ပေါင်းများစွာ ခေါင်းမာခဲ့ပြီးနောက် ယခုအချိန်တွင် ကောင်းမွန်စွာကြီးပြင်းလာပုံရသည်။


အဖွားကြီးက သက်ပြင်းချလိုက်ရင်း သူမ‌ ခေါင်းကိုပွတ်ပေးလိုက်သည်။


အဖွားက ‘’ ကျောင်းဖွင့်တာနဲ့ အထက်တန်းတက်ရတော့မှာမဟုတ်လား… ဘယ်ကျောင်းကိုသွားမှာလဲ…’’


‘’ရီ အထက်တန်းကျောင်းကိုပါ… အမေက သမီးကို အဲ့ကျောင်းမှာ အမြဲတက်စေချင်ခဲ့တာလေ…’’


သူမ ငယ်စဉ်တုန်းကဆိုလျင် သူမ၏အမှတ်များကြောင့် K မြို့တော်ရှိ ရီအထက်တန်းကျောင်းကို ဝင်နိုင်လိမ့်မည်ဟု သူမ မိခင်ဖြစ်သူက တွေးခဲ့သည်။ သို့သော် ကျန်းယန်ရှန့်သည် ဖခင်ဖြစ်သူ၏ ငွေကြေးပံ့ပိုးမှုကြောင့်သာ တက်နိုင်ခဲ့သည်။


ကျန်းယန်ရှန့်သည် ထိုခေါင်းစဉ်ကိုအသုံးပြု၍ အကြီးများနှင့် ပိုမိုနီးစပ်အောင် ကြိုးစားခဲ့သည်။


တချိန်က မိခင်ဖြစ်သူ၏ သူမအပေါ်မျှော်လင့်ချက်ကို သတိရသွားမိသည်။ သို့သော် အဆုံးမှာ ကျောင်းမှထုတ်ပယ်ခံခဲ့ရပြီး အထင်အမြင်သေးမှုများအောက်တွင် သေဆုံးခဲ့ရသည်ကို သူမ မိခင်သာသိလျင် ဝမ်းနည်းနေလောက်မည်။


ကျန်းယန်ရှန့် အမူအယာမှာ အတော်လေးဝမ်းနည်းနေသည်။


Xxxxxx


Part 10


အဖွားကြီးနှစ်ယောက်လုံးက မိခင်ဆုံးရှုံးလိုက်ရသည် ကလေးကို သနားစိတ်ဖြင့် ကြည့်လိုက်ကြသည်။


အဖွားလေးက ဒေါသတကြီးဖြင့် ‘’ အဲ့မိန်းမက အိမ်မှာ သမီးကို ခက်ခဲအောင်လုပ်သေးလား…’’


သူမ အဖွားဖြစ်သူကလည်း စိုက်ကြည့်နေသည်။ အကယ်၍ ကျန်းယန်ရှန့်သာ အိမ်မှာမိထွေးဖြစ်သူ၏ အနိုင်ကျင့်ခံရသည့်အကြောင်းကို တိုင်ပြောလိုက်မည်ဆိုလျင် အဖွားကြီးနှစ်ယောက်လုံးက သူတို့ရှိနေသည့်နေရာအနေအထားမှ ထိုအမျိုးသမီးကို သင်ခန်းစာပေးပေလိမ့်မည်။


‘’သမီး သူ့ကိုမကြောက်ပါဘူး…’’ ကျန်းယန်ရှန့် သက်ပြင်းချလိုက်သည်။


 ‘’ သမီးမောင်လေးကပဲ ထိန်းမရသိမ်းမရနဲ့ အတော်လေးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေတာ… သမီးသူ့ကို သေသေချာချာ စောင့်ရှောက်မှာပါ…’’


’သူမကို မကြောက်ဘူး ‘ ဆိုသည့်စကားမှာ ထိုမိန်းမက သူမကို အနိုင်မကျင့်ဘူးဟူ၍ပင်… သို့သော် သူမအနေဖြင့် ထိုမိန်းမကို သူမဘာသာ မကိုင်တွယ်နိုင်ဘူးဟူ၍လည်း ဆိုလိုသည်။ ထို့အပြင် မောင်ငယ်လေးအပေါ် သူမ၏ မုန်းတီးမှုကိုလည်း ဖော်ပြပြီးသားဖြစ်သည်။


ကျန်းယန်ရှန့်အဖွားဖြစ်သူက သူမကို သဘောကျစွာဖြင့်ကြည့်နေပြီး သူမခေါင်းကို အသာပွတ်ပေးလိုက်ကာ ‘’ ဟုတ်ပြီ… သမီး မထိန်းနိုင်ရင် အဖွားကိုခေါ်လိုက်’’


ကျန်းယန်ရှန့်က လေးနက်သည့်အသံဖြင့် ‘’ စိတ်မပူပါနဲ့..’’


မကြာခင်မှာပင် အဖွားနှင့် အဖွားလေး နှစ်ယောက်လုံးက သူမကို ဖိတ်ခေါ်လိုက်သည်။ ပွဲမှာ မကြာခင်စတင်တော့မည်ဖြစ်သည်။


ကျန်းယန်ရှန့်က အဖွားနှစ်ယောက်လုံး မတ်တပ်ရပ်လို့ရအောင် ကူညီပေးလိုက်သည်။ သူမ အဖွားလေးက အဖွားဖြစ်သူကို ဂုဏ်ယူစွာဖြင့် ‘’ ကြည့်စမ်း.. ယန်ယန်က ဘယ်လောက်တောင် သိတတ်လိုက်သလဲဆိုတာ’’


သူမ အဖွားက ‘’ အဲ့ဒါကြောင့်ပဲမဟုတ်ဘူး.. ဒီနေ့က နင့်ရဲ့မွေးနေ့လေ…’’


မွေးနေ့ပွဲတွင် ကျန်းယန်ရှန့်သည် အဖွားနှစ်ယောက်အနောက်မှသာ တကောက်ကောက်လိုက်နေသည်။ အဖွားကြီးနှစ်ယောက်လုံးကလည်း လှပသောမြေးမလေး၏ ဂရုစိုက်မှုကို သဘောကျနေကြသည်။


သူမတို့ထံသို့ တွန်းပို့ခံရသော တခြားကလေးများရှိသော်လည်း အဖွားနှစ်ယောက်က မငြင်းဆန်ဘဲ ပြုံးနေကြသည်။


ကျန်းယန်ရှန့်သည် သူမ၏ဝမ်းကွဲများနှင့် ရန်မဖြစ်သလို အဖွားနှစ်ယောက်နောက်မှ ဆက်လိုက်နေဆဲဖြစ်ပြီး လူကြီးများကြားတွင်ဝန်းရံခံနေရသည်။


တစ်ချိန်တည်းမှာပင် သူမ လူအုပ်ထဲမှ ကျန်းရှို့ချန်ကို လိုက်ရှာနေခဲ့သည်။


အတိတ်ဘဝတုန်းက မွေးနေ့ပွဲတွင် ကျန်းရှို့ချန်သည် ရေသေနတ်ဖြင့် သူမကိုပက်ခဲ့ပြီးသူမ စကတ်ကိုဖျက်ဆီးခဲ့သည်။ သူသည် သူမကို မျက်နှာပျက်ရအောင်လုပ်ခဲ့ပြီး သူမဒေါသကြောင့် လူကြီးများရှေ့တွင် အရှက်ကွဲခဲ့ရသည်။


နောက်ပိုင်းတွင် သူမသည် ဆွေမျိုးများနှင့် ပို၍အနေဝေးလာကာ အထီးကျန်ပြီး  ပိုမိုဆိုးရွားလာခဲ့သည်။


သူမသည် အတိတ်ဘဝကို တွေးနေပြီးနောက် ရုတ်တရက်တွင် ထောင့်တစ်ခုရှိ ကျန်းရှို့ချန်ကို လှမ်းတွေ့လိုက်ရသည်။ ထို့နောက် သူမ အကြည့်များအေးစက်သွားသည်။


ကျန်းရှို့ချန်၏ မျက်လုံးများသည် တောက်ပနေပြီး သူ တွေးနေသည့်အကြောင်းကို သူမ‌ ကောင်းကောင်းသိသည်။ ထို အကောင်စုတ်လေးသည် သူ​၏အစ်မကြီးကို မျက်နှာပျက်၊ အရှက်ရအောင် နှစ်ပေါင်းများစွာ လုပ်ခဲ့သူဖြစ်သည်။


‘ကြည့်ရတာ သူ စလှုပ်ရှားနေပုံပဲ…’


သူမ အဖွားလေးသည် လူတိုင်းရှေ့တွင် လက်ဆောင်ကိုဖွင့်နေပြီး ယန်ယန်သည် ပြုံးနေကာ ပျော်ရွှင်ဖွယ်ရာကောင်းသည့် လေထုဖြစ်နေသည်။


ကျန်းယန်ရှန့်သည် ခါးကိုင်းကာ ရေနွေးအိုးကိုကောက်ယူပြီး အဖွားနှင့်ဧည့်သည်များအတွက် ရေငှဲ့ပေးလိုက်သည်။ ဧည့်သည်များက အဖွားနှင့်အဖွားလေးကို ကြည့်ကာ ‘’ ကြည့်ဦး… ဘယ်လောက်တောင် သိတတ်လိုက်တဲ့ ကလေးလဲ’’


ကျန်းယန်ရှန့်သည် ဧည့်သည်များရှေ့တွင် ရှက်ပြုံးလေးပြုံးလိုက်ရင်း သစ်သီးဗန်းကို ရွေ့ပေးလိုက်သည်။


ကျန်းယန်ရှန့် လှုပ်ရှားမှုသည် အတော်လေးနှေးကွေးနေသည်။ ကျန်းရှို့ချန်က ပြုံးလိုက်ကာ သူ့လက်ထဲမှရေသေနတ်ကိုထုတ်ရင်း သူမကိုချိန်လိုက်သည်။


ကျန်းယန်ရှန့်သည် ရုတ်တရက်မတ်တပ်ရပ်ကာ တဖက်သို့လှည့်လိုက်သည်။ သို့သော် သူမ၏ အဖွားနှစ်ယောက်မှာ အနားတွင်ရှိနေပြီး သူမအား ကာထားသလိုဖြစ်သွားသည်။


ငါးညှီနံ့အနည်းငယ်ထွက်နေသော အေးစက်နေသည့်ရေသည် အဖွားလေးဖြစ်သူ၏ ကျောက်စိမ်းငါးကန်မှဖြစ်ပြီး ချက်ချင်းပင် မွေးနေ့ပွဲ၏ကြယ်လေးဖြစ်သူ အဖွားလေးကိုပက်ဖြန်းလိုက်သလို အနီးအနားရှိ ဧည့်သည်များကိုပါ စင်ကုန်တော့သည်။


ရုတ်တရက်မို့ လူတိုင်းအော်ဟစ်လိုက်ကြသည်။


အဖွားဖြစ်သူမှာ ရေအနည်းငယ်စင်သွားသောကြောင့် အံ့အားသင့်နေစဉ် ကျန်းယန်ရှန့်၏အသံမှာ ထွက်ပေါ်လာသည်။  ‘’ နင်ဘာလုပ်တာလဲ… ကျန်းရှို့ချန်…’’ 


သူမ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့နေလေသည်။


ကျန်းဟွမ်သည် သူ့သားဒုက္ခရောက်နေသည်ကိုမြင်သောကြောင့် ချက်ခြင်းပင်ရောက်လာပြီး ချီလိုက်သည်။ ထို့ကြောင့် ကျန်းရှို့ချန်သည် ထွက်ပြေးဖို့ရာနောက်ကျသွားပြီး ခြေလက်များကိုရုန်းကန်ကာ အော်ဟစ်နေတော့သည်။  ‘’ ငါ့ကိုလွှတ်… အခုလွှတ်..’’


သူသည် အော်ဟစ်နေရင်းဖြင့် ရုတ်တရက် ရိုင်းစိုင်းသောစကားများထွက်ပေါ်လာသည်။ 


‘’ ချီးထဲမှပဲ… ငါ့ကို လွှတ်လိုက်စမ်း…’’


ထိုကလေး၏ လူကြီးအပေါ်ပြောသည့်စကားကြောင့် လူတိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။


ကျန်ဟွမ်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်လာတော့သည်။


သူ၏သားကိုဆွဲလာကာ ခေါင်းကိုငုံ့ရင်း မွေးနေ့ရှင်အဒေါ်ဖြစ်သူရှေ့တွင် တောင်းပန်ခိုင်းလိုက်တော့သည်။


 ‘’ အန်တီ… ကျွန်တော် တောင်းပန်ပါတယ် … အဲ့ဒီကောင်စုတ်လေးကြောင့် တောင်းပန်ပါတယ်… အိမ်ရောက်တဲ့အခါ သူကိုသေအောင်ရိုက်ပြီး ဆုံးမလိုက်ပါ့မယ်…’’


ကျန်းယန်ရှန့်သည် သူမအဖွားပေါ်ရှိ ရေစက်များကို တစ်ရှုးဖြင့်သုတ်ပေးလိုက်သည်။ သူမ အဖွားလေးဖြစ်သူကိုတော့ တခြားမြေးတစ်ယောက်က ကူသုတ်ပေးနေသည်။ သိူ့သော် ထိုစကားသံကိုကြားပြီးနောက် အဖွားလေး၏ အမူအရာမှာပိုဆိုးလာခဲ့ပြီး နှာခေါင်းရှုံ့လိုက်သည်။


အဖွားက ဒေါသကိုမထိန်းနိုင်တော့ဘဲ ကျန်းဟွမ်ကို ဆူတော့သည်။ ‘’ ဒီလိုနေ့မှာမှ နင်ဘယ်လိုတောင် ပြောလိုက်တာလဲ…’’


မိသားစုထဲတွင် သေခြင်းဆိုသည့် စကားလုံးကိုတားမြစ်ထားကြောင်း ကျန်းဟွမ် ရုတ်တရက်သဘောပေါက်လိုက်ပြီး ချက်ချင်းပင် အမြန်ဖြေရှင်းရန် ကြိုးစားတော့သည်


 ‘’ အာ… ကျွန်တော်မှားသွားပါတယ်… ကောင်ဆိုးလေး အခုချက်ချင်း အဖွားလေးကို တောင်းပန်စမ်း… မြန်မြန် တောင်းပန်ပါတယ်လို့ ပြောလိုက်လေ’’


ကျန်းရှို့ချန်သည် အိမ်တွင် အလိုလိုက်ခံထားရပြီး စည်းမရှိကမ်းမရှိနေလေ့ရှိသည်။ ပွဲမသွားခင်ကတည်းက သတိပေးခြင်းခံထားရသည့်အတွက် အလွန်စိတ်လှုပ်ရှားလာကာ လွတ်မြောက်ရန် ရုန်းကန်တော့သည်။


လျန့်ယင်းယင်းသည် သူမသား ဒုက္ခရောက်နေသည်ကို မြင်သောကြောင့် ဝင်ကူညီချင်သော်လည်း အဆုံးတွင် သူမသားက မှားကြောင်းဝန်မခံမည်ကို သိသည့်အတွက် ရွေးစရာမရှိဘဲ လူအုပ်ထဲမှထွက်လာတော့သည်။ ထို့နောက် ကျန်းရှို့ချန် လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း လေသံတိုးလေးဖြင့် ‘’ တောင်းပန်ပါတယ်လို့ ပြောလိုက်လေ… မြန်မြန်…’’


ကျန်းဟွမ်သည် သူ့အားမရိုက်နှက်သော်လည်း တခါတရံတွင် သူ့အမေသည် သူ့အား ဆွဲလိမ်လေ့ရှိသည်။ သို့သော် ကျန်းရှို့ချန်သည် မတောင်းပန်ရုံသာမက နာကျင်စွာဖြင့် အော်ဟစ်ငိုကြွေးနေသည့်အတွက် သူတို့အားပို၍ပင် အရှက်ရစေတော့သည်။


‘’ တော်ပြီ… တော်ပြီ…’’ 


သူ့ အန်တီသည် ရွံ့ရှာပုံဖြင့် 


‘’ ဒီနေ့လို နေ့ကောင်းနေ့မြတ်မှာ ဘာလို့ ပြဿနာရှာရတာလဲ… အိမ်ပြန်ရောက်တဲ့အခါမှ အဲ့ကလေးကို သေချာဂရုစိုက်လိုက်တော့… နင့်ရဲ့ အဖွား.. အဖေနဲ့ အမေက ဒီကလေးကိုဘယ်လိုထိန်းသိမ်းလဲဆိုတာ ငါမသိတော့ဘူး… ဧည့်သည်တွေရှေ့မှာ ငါ့ကို ဟာသဖြစ်အောင် လာလုပ်မနေနဲ့တော့…’’


သူမသည် ထိုကဲ့သို့သောလူမျိုးဖြစ်သည်။ ‘နင့်ရဲ့အဖွား’ ဆိုသည်မှာ ကျန်းယန်ရှန့်၏အဖွားကိုဆိုလိုခြင်းဖြစ်သည်။


သူမ၏ အဖွားဖြစ်သူမျက်နှာသည် ဒေါသကြောင့်ပြာနှမ်းသွားသည်ကို တွေ့လိုက်ရသည်။


ကျန်းယန်ရှန့်သည် စကားတစ်ခွန်းမှမပြောရဲတော့ဘဲ အဖွားဖြစ်သူပေါ်မှ ရေများကုန်စင်သွားစေရန် တစ်ရှုးဖြင့် သုတ်ပေးနေလိုက်သည်။


ကျန်းယန်ရှန့် မျက်လုံးထောင်မှ အရှက်ရနေသော စုံတွဲကိုကြည့်ကာ သူမမျက်နှာပေါ်တွင် မမြင်ရသော အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။ 


ကျန်းယန်ရှန့် စိတ်ထဲမှ ရယ်မောနေမိသည်။


Xxxxxx