အပိုင်း ၁၁-၁၂
Viewers 28k

Part 11


မွေးနေ့ပွဲတွင် အဆင်မပြေမှုများရှိခဲ့သောကြောင့် မွေးနေ့ရှင်သည် ရွေးချယ်စရာမရှိဘဲ အပေါ်ထပ်သို့သွားကာ အဝတ်အစားအသစ်တစ်စုံ နှင့် မြဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ပြောင်းလဲဝတ်ဆင်လိုက်ရတော့သည်။


အဖွားလေးသည် ပွဲတော်ရက်များတွင် မြ ထက် ပတ္တမြားလက်ဝတ်ရတနာအား ပိုနှစ်သက်သည်ကို လူတိုင်းသိကြသည်။


ကျန်းယန်ရှန့်အဖွားသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး သိသာစွာဆိုးရွားနေသည်။


သို့သော် အဖွားသည် မွေးနေ့ပွဲပြီးဆုံးသည်အထိဒေါသကို သည်းခံထားပြီး  ခြံထဲမှအထွက် သူမ၏ ကားပေါ်တက်ခါနီးအချိန်တွင် ‘’ မင်းရဲ့သားကို ကောင်းကောင်းမသင်ပေးနိုင်ဘူးဆိုရင် အနာဂါတ်မှာ ငါအရှက်ရအောင်လို့ သူ့ကိုထပ်မခေါ်လာနဲ့ …’’


ကျန်းဟွမ်သည် ယခုအချိန်တွင် ကျန်းရှို့ချန်ကို အနားခေါ်မထားရဲပေ။ လျန့်ယင်းယင်းကို ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်းအား သူတို့ကားပေါ်သို့အရင်ခေါ်သွားစေသည်။ ထို့ကြောင့် ယခုအချိန် သူ၏ရှေ့တွင် အဖွားနှင့် ကျန်းယန်ရှန့်သာ ရှိနေသည်။


‘’စိတ်မဆိုးပါနဲ့…’’ ကျန်းယန်ရှန့်က အဖွားလက်မောင်းကို ဆုပ်ကိုင်ရင်း နူးညံ့စွာနှစ်သိမ့်ပေးလိုက်သည်။ ‘’ အဖွားအနေနဲ့ စိတ်ဆိုးဖို့မတန်ပါဘူး…’’


သူမ၏ မြေးမလေးသည် နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည့်အတွက် ထိုမြေးမလေးမျက်နှာကိုကြည့်ပြီးနောက် ဒေါသများ အနည်းငယ်လွင့်စင်သွားသည်။ သို့သော် သူမ သားဖြစ်သူကိုကြည့်ပြီးနောက် စိတ်ညစ်သွားမိပြန်သည်။


ကျန်းယန်ရှန့်က ကျန်းဟွမ်ကို လှမ်းကြည့်လိုက်ပြီး ‘’ သမီး အဖေက ကလေးမထိန်းနိုင်ဘူးလေ… အဲ့ကလေးက တကယ့်ဘိုးဘေးလေးလို အမြဲလုပ်နေတတ်တာ…. မဟုတ်ရင် အခုလိုဘယ်ဆိုးသွမ်းနေပါ့မလဲ …’’


အဖွားက ဒေါသထွက်လာပြီး ကျန်းဟွမ်ကို လက်ညှိုးထိုးကာ ‘’ အဲ့ဒါက ကလေးကို ကောင်းကောင်းမသင်နိုင်တဲ့ အဖေလုပ်တဲ့သူရဲ့အမှားပဲ… မင်း သူ့ကိုသေချာမထိန်းနိုင်ရင် ယန်ယန်ကို ထိန်းခိုင်းလိုက်…’’


ကျန်းဟွမ် နဖူးမှ ချွေးစေးများကျဆင်းလာပြီး ခေါင်းငြိမ့်ပြကာ ‘’ ဟုတ်ကဲ့… ဟုတ်ကဲ့…’’


ကျန်းယန်ရှန့် က ဆက်ပြောလိုက်သည်။ ‘’ အဲ့ဒါအဆင်ပြေပါတယ်… ဒါပေမယ့် သမီးက သူ့ကိုဘယ်လိုထိန်းရမှာလဲ… တကယ်လို့ သူက မနာခံဘူးဆိုရင်ကော… သမီးတို့ မိသားစုက ကလေးတွေကို မရိုက်ကြဘူးလေ…’’


‘’ သမီးက ဒီမိသားစုထဲမှာ အကြီးဆုံးသမီးပဲ… အကြီးဆုံးဆိုတာ အမေတစ်ယောက်လိုပဲလေ… ဒါကြောင့် သမီးအနေနဲ့ မောင်လေး ညီမလေးတွေကို ဂရုစိုက်ဖို့တာဝန်ရှိတယ်…’’ အဖွားဖြစ်သူက အေးစက်သော မျက်နှာထားနှင့် ဆက်ပြောသည်။


 ‘’ အဖွားတို့က ကလေးကိုမရိုက်နှက်ဘူးဆိုပေမယ့် အဲ့ဒါက သမီးနဲ့ ဟယ်ဟယ် လိုမျိုး လိမ်မာတတ်တဲ့ ကလေးတွေအတွက်ပဲလေ… မျောက်လိုမျိုး သောင်းကျန်းတတ်တဲ့ ရှို့ရှို့အတွက်ကတော့ အရိုက်ခံသင့်တယ်… သူက ဘယ်အသက်အရွယ်ရောက်နေလို့ မရိုက်ရမှာလဲ… သမီး အသတ်အပုတ်တွေ သင်ထားတာဘာလုပ်ဖို့လဲ….‘’


ကျန်းယန်ရှန့်က ကျန်းဟွမ်ကို လှမ်းကြည့်လိုက်ပြီး ‘’ သမီးက သူ့ကိုနေ့တိုင်းရိုက်နှက်နေမှာ မဟုတ်ပေမယ့် သမီးအဖေက ခွင့်ပြုပါ့မလား…’’


ထိုကလေးသည် အဖေဖြစ်သူ၏ အလိုလိုက်မှုကြောင့် အတော်လေး ဆိုးသွမ်းနေပြီဖြစ်သည်။ အမေဖြစ်သူ၏ ထိန်းသိမ်းမှုအတွက်တော့ အဖွားက ဘာမှမမျှော်လင့်ထားပေ။ သူမ ခေါင်းငုံလိုက်ရင်း ‘’ အဖွားက ရိုက်လို့ရတယ်လို့ပြောရင် ရိုက်လိုက်ပေါ့… သမီး အဖေက တားရင် သမီးအစား အဖွားသူ့ကိုရိုက်မယ်… အဖွား သူ့ကို ဘယ်တုန်းကမှ မရိုက်ဖူးတာမှ မဟုတ်တာ…’’


သူ့အရှေ့တွင် အမေဖြစ်သူနှင့် သမီးဖြစ်သူတို့ပြောနေသည်ကို ကြည့်ရင်း ကျန်းဟွမ် ပြုံးရုံသာတတ်နိုင်တော့သည်။


သမီးဖြစ်သူမှ သူ့အမေစိတ်ကျေနပ်အောင်ပြောပြီး ကားထဲသို့အောင်မြင်စွာ ပို့ပေးနိုင်သည့်အတွက် ကျန်းဟွမ် အတော်လေး စိတ်သက်သာရရသွားသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး ‘’ သွားရအောင်..’’


ကျန်းယန်ရှန့် သူ့ကိုလှမ်းကြည့်ပြီးနောက် သူမတို့ကားဆီသို့ တိတ်ဆိတ်စွာ လျောက်သွားသည်။


ညအချိန်တွင် သမီးဖြစ်သူ၏မျက်လုံးများသည် သူမ မိခင်ရှိစဉ်တုန်းကလိုပင် တောက်ပနေသည်။ ထိုအကြည့်များသည် လွန်ခဲ့သည့် နှစ်နှစ်လောက်က သူမမိခင်၏ မျက်ဝန်းများနှင့် ထပ်တူကျနေသည်။ ထိုမျက်ဝန်းများသည် တည်ကြည်ပြီး ရှင်းသန့်နေသည်။


ကျန်းဟွမ် အနည်းငယ်ထိတ်လန့်လာသည်။ အကြီးဆုံးသမီးလေးသည် ဒီညတွင် တစ်ခုခုမှားနေသော်လည်း သူမသည်အလွန် တည်ငြိမ်လွန်းနေသည်။


အတိတ်တုန်းကဆိုလျင် သူမသည် အလွန်ဒေါသကြီးတတ်ပြီး တချိန်လုံးစိတ်ဆိုးနေတတ်သည်။ ယခုအချိန်တွင် သူမ၏ အပြုအမူများပြောင်းလဲသွားပြီး သူမမိခင်ဝင်ပူးနေသကဲ့သို့ပင်။


ပူပြင်းသောနွေရာသီညတွင် ကျန်းဟွမ်သည် အနည်းငယ် အေးစက်သွားသည်ဟု ခံစားလိုက်မိသည်။ ထို့နောက် ကားဆီသို့ အလျင်အမြန်လျောက်သွားသည်။


ကားထဲဝင်ပြီးနောက် လျန့်ယင်းယင်းက အထွန့်တက်တော့သည်။


 ‘’ ဘာတွေ ဒီလောက်ကြာနေရတာလဲ… ကလေးဆိုတာ နည်းနည်းတော့ ဆိုးမှာပေါ့… သူ့အသက်အရွယ်နဲ့ ကလေးနဲ့ဖက်ဖြစ်လို့ရမလား…’’


ကျန်းဟွမ်သည် ကျန်သည့်ညနေခင်းတစ်ချိန်လုံးကို အပြုံးလေးဖြင့် သူ၏ အမေနှင့်အဒေါ်ဖြစ်သူနောက်မှ လိုက်ခဲ့ပေးရသည့်အတွက် ဒေါသထွက်လာကာ ချက်ခြင်းကြိမ်းမောင်းတော့သည်။


 ‘’ မင်း ပါးစပ်ပိတ်ထားစမ်း…’’


ထို့နောက် သူက ကျန်းရှို့ချန်ကို လက်ညှိုးထိုးလိုက်ရင်း ဆက်ပြောသည်။


 ‘’ ဒီ ချီးထုတ်ကို နောက်တခါ အပြင်ထပ်ခေါ်လာကြည့် ငါ မင်းကိုသေအောင်ရိုက်ပစ်မယ်…’’


ပြောပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ကျန်းရှို့ချန်လက်ထဲမှ ရေသေနတ်ကိုယူလိုက်ပြီး ကားပြတင်းပေါက်မှ ပစ်ချလိုက်သည်။


‘’သား သေနတ်… သား သေနတ်လေး…’’ ကျန်းရှို့ချန် မျက်ရည်များဝဲလာရင်း အော်ဟစ်တော့သည်။


‘’တိတ်စမ်း…’’ ကျန်းဟွမ် သူ့ကိုအော်လိုက်ရင်း ‘’ နောက်ထပ်ငိုရဲငိုကြည့်…. မင်းကို သေအောင်ရိုက်ပစ်မယ်…’’


ကျန်းဟွမ်မှ ကျန်းရှို့ချန်အပေါ် ဒေါသထွက်သည်မှာ အလွန်ရှားပါးသည်။ ထို့ကြောင့် ထိတ်လန့်တကြားဖြင့် အငိုတိတ်သွားကာ ရှိုက်နေတော့သည်။


လျန့်ယင်းယင်း လည်းအလွန်ထိတ်လန့်သွားသလို အနောက်တွင်ထိုင်နေသော ကျန်းယန်ရှန့်လည်း ထိတ်လန့်သွားသည်။ လျန့်ယင်းယင်းက အနည်းငယ်လန့်နေသော မျက်နှာထားဖြင့် တီးတိုးပြောလိုက်သည်။ 


‘’ သူ အဲ့လိုရည်ရွယ်တာမဟုတ်..’’


‘’ ပါးစပ်ပိတ်ထားစမ်း…’’


ကျန်းယန်ရှန့်က သားအဖနှစ်ယောက်ကြားရှိ အဖြစ်အပျက်ကို အေးစက်စွာဖြင့်ကြည့်နေသည်။


ကျန်းဟွမ်က ကျန်းရှို့ချန်ကို ခြောက်လှန့်နေမှန်း သူမ သိသည်။ ကျန်းဟွမ်သည် အနည်းငယ်ရှေးရိုးဆန်သည့်အတွက် အမြဲလိုလို သားတစ်ယောက်လိုချင်ခဲ့သည်။ ထို့ကြောင့်ပင် လျန့်ယင်းယင်းကို လက်ထပ်ပြီး အိမ်ပေါ်သို့ခေါ်လာခြင်းပင်ဖြစ်သည်။


အတိတ်တုန်းက သူမသည်  အတော်လေးမိုက်မဲခဲ့သည်။ လျန့်ယင်းယင်းကို သူမအားပိတ်ပင်နေသည့် တောင်ကြီးဟုထင်မှတ်ခဲ့မိသည်။ အကျိုးရလဒ်အနေဖြင့် ကျန်းဟွမ်ကို လျန့်ယင်းယင်းအနားသို့ တွန်းပို့ခဲ့မိကာ လင်မယားဆက်ဆံရေးကို ပိုတိုးစေခဲ့သည်။


သို့သော် ယခုအချိန်တွင် ထိုစုံတွဲ၏ဆက်ဆံရေး မည်သို့ဖြစ်လာမည်နည်း….


ယခုလို သေးငယ်သည့် မတော်တဆမှုလေးကပင် သူတို့၏မူလပုံစံကိုဖော်ပြလို့နေသည်။


ကျန်းဟွမ် ဘာကြောင့်စိတ်ဆိုးရသည်ကို ကျန်းယန်ရှန့်နားလည်သည်။


ကျန်းဟွမ်သည် တစ်ဦးတည်းသောသားမဟုတ်ပေ။ သူ့နာမည်အောက်တွင် များပြားလှသော ကုမ္ပဏီများရှိသော်လည်း အဓိကစီးပွားရေးကို ချုပ်ကိုင်ထားသူမှာ သူ၏မိခင်ပင်ဖြစ်သည်။ အမေဖြစ်သူ၏ နှလုံးသားထဲမှ သူ့အပေါ် ယခုအမှတ်များသည် သူ့အတွက် အကျိုးမည်မျှပေးနိုင်မည့်အပေါ် မူတည်လေသည်။


အတိတ်တုန်းက အသက် ၁၅ နှစ်သာရှိခဲ့သော် ကျန်းယန်ရှန့်သည် ထိုကိစ္စကို တစ်ခါမှ မတွေးဖူးခဲ့ပေ။ သို့သော် လူမှုအသိုင်းအဝိုင်းတွင် အချိန်အတော်ကြာနေပြီးနောက် ပိုက်ဆံက အရာအားလုံး လုပ်နိုင်သည်ကို သူမတွေ့ခဲ့ရသည်။ ထို သန်မာသည့်အဖွားကြီးကိုကြည့်ပြီး သူမ လက်မထောင်ပေးလိုက်မိသည်။


သူမ လျန့်ယင်းယင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။


သူမ အဖေကဲ့သို့အသက်တစ်ဝက်ကြီးနေသည့် အဖိုးကြီးနှင့် တွဲနေသော  အမျိုးသမီးငယ်လေးသည် ဘာအတွက်အနားမှာရှိနေရသနည်း… ငွေကြောင့်ပင်မဟုတ်ပါလား…


ထိုသို့သောမိန်းမမျိုးကို တောင်နှင့်နှိုင်းယှဉ်ခဲ့မိသည့် သူမ အတော်လေးတုံးအခဲ့သည်မဟုတ်ပါလား…. 


သူမသည် ဒီအတိုင်းငွေမက်သည့်မိန်းမတစ်ယောက်သာဖြစ်ပြီး အဖွားရှေ့တွင် မျက်နှာတောင်မဖော်ဝံ့သည့် မိန်းမပင်ဖြစ်သည်။


ကျန်းယန်ရှန့် အတိတ်ဘဝက လုပ်ခဲ့သမျှကိုတွေးပြီးနောက် သက်ပြင်းချလိုက်မိသည်။ သူမ အမှန်တကယ်မှားယွင်းစွာ လုပ်ဆောင်ခဲ့ပြီး မည်သည့်အရာက အရေးကြီးဆုံးဖြစ်သည်ကို မသိခဲ့ပေ။


ယခုအချိန် သူမရှေ့၌ထိုင်နေသော အမျိုးသမီးသည် သူမ နှလုံးသားထဲတွင် အရေးမပါတော့ပေ။ သူမ စိတ်ထဲမှ ထင်ယောင်ထင်မှားဖြစ်ခဲ့သော တောင်ကြီးသည် ပြိုကျသွားပြီဖြစ်သည်။


သူမ အဖေဖြစ်သူပင် အဖွားရှေ့တွင် သတိအနေအထားဖြင့် နေရသူဖြစ်သည်။ သူမ မထိန်းနိုင်စွာဖြင့်ပြုံးလိုက်မိပြီး ရယ်သံသေးသေးလေးပင် ထွက်သွားလေသည်။


သူမ မျက်လုံးကိုနောက်တစ်ကြိမ်လှည့်ကြိုက်လိုက်စဉ် သူမဘေးတွင် ကျန်းဟယ်လင်းကိုတွေ့လိုက်မိသည်။


ကျန်းဟယ်လင်းသည် အနောက်တန်း အလယ်ခုံတွင်ထိုင်နေပြီး ထိတ်လန့်မှုကြောင့် မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသည်။ သူမ ငိုချင်သော်လည်း ကားပေါ်ရှိလူများ ဂရုမစိုက်ကြပေ။


သူမသည် အဖေဖြစ်ရခြင်းအတွက် ဂုဏ်ယူရသည့် အကြီးဆုံးကလေးမဟုတ်သလို မိသားစုအမွေဆက်ခံနိုင်သည့်သူလည်းမဟုတ်ပေ။ သူမသည် အလယ်မှလူဖြစ်သည့်အပြင့် မိန်းကလေးလည်းဖြစ်နေပြန်သည်။ ထို့အပြင့်သူမတွင် သားအပေါ်မှီခိုနေရသည့် မိခင်သာရှိပြီး လူတိုင်း၏လျစ်လျူရှုခြင်းကိုခံရကာ သနားစရာကောင်းသည့်ကံကြမ္မာနှင့်သူဖြစ်သည်။


သူမ၏အကြည့်များကြောင့် ကျန်းဟယ်လင်းသည် အကြည့်ကိုလွှဲကာ ခေါင်းကိုတဖက်သို့ချက်ချင်းလှည့်လိုက်သည်။ သူမ မျက်လုံးထဲတွင်မျက်ရည်များရှိနေသော်လည်း လူကြီးများကို မနှောက်ယှက်ရဲသည့်အတွက် နှုတ်ခမ်းကိုက်ကာ ငိုချင်စိတ်ကိုထိန်းသိမ်းထားသည်။


ကလေးမနှစ်ဦးလုံးသည် အကြည့်ချင်းဆုံသွားပြီး ကျန်းဟယ်လင်းမျက်ဝန်းထဲမှ မျှော်လင့်ခြင်းသေးသေးလေးကို တွေ့လိုက်ရသည့်ဟု ကျန်းယန်ရှန့် ခံစားလိုက်ရသည်။


ကျန်းယန်ရှန့် အနည်းငယ်တုန်လှုပ်သွားပြီး လျန့်ယင်းယင်းတို့သားအမိ အိမ်ထဲသို့ဝင်သွားချိန်တွင် သူမ ခဏတာစိတ်ဆိုးသွားပြီး ကျန်းဟယ်လင်းကို တွန်းလိုက်သည်။ သဘာဝကျကျဆိုရလျင် ကျန်းဟယ်လင်းသည် သူမ၏ မုန်းတီးမှုအပေါ်တွင် ကြောက်လန့်နေသင့်သည်။


သို့သော် သူမ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ထိုကလေးမလေးသည် သူမနောက်မှလိုက်မြဲဖြစ်နေကာ သူမ၏အမြီးလေးကဲ့သို့ပြုမူနေလေသည်။


Xxxxxxxxxx


Part 12


အစပိုင်းတွင် ကျန်းဟယ်လင်းကို သူမ အကြိမ်များစွာအော်ဟစ်ခဲ့သည်။ သို့သော်လည်း မျက်နှာသေးသေး ပါးဖောင်းဖောင်းလေးနှင့် ထိုကလေးမလေးသည် အတော်လေးစိတ်နုကာ  သူမကိုယ်သူမ မငိုမိအောင်ထိန်းထားသည်ကို ခဏခဏတွေ့ပြီးနောက် ကျန်းယန်ရှန့်တစ်ယောက် သူမကိုထပ်မံအော်ဟစ်ဖို့ နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့်ပင် သူမအား မရှိသည့်လူတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့လေသည်။ သူမ၏ သေဆုံးမှုကြောင့်သာမဟုတ်လျင် ထိုကလေးမလေးသည် သူမအတွက် အမှန်တကယ်ငိုကြွေးခဲ့သည်ဟု ယုံမည်မဟုတ်ပေ….


ကျလုဆဲဆဲ မျက်ရည်များပြည့်နှက်နေသည့် ထိုမျက်ဝန်းများသည် သူမအတွက် အလွန်စိတ်ဖိစီးလာသည့်အတွက် အဝေးသို့အကြည့်လွှဲလိုက်ရသည်။ 


သို့သော်လည်း ကျန်းဟယ်လင်းသည် သတိထားပြီးသူမအနားသို့ အတင်းကပ်လာသည်။ ထို့နောက် သူမ၏သေးငယ်သည့် ခန္ဓာကိုယ်လေးဖြင့်ကျန်းယန်ရှန့်ကို ထိကပ်ထားတော့သည်။


ကျန်းယန်ရှန့် တကိုယ်လုံးအေးခဲ့သွားပြီး ထိုအဖြစ်အပျက်မှ လွတ်မြောက်လိုစိတ်ဖြင့် သူမခေါင်းကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။ ကလေးများ၏ ဗီဇစိတ်သည် အရမ်းထက်သန်တတ်ကြသည်။ သူတို့စိတ်ထဲတွင် လိမ်လည်မှုများမရှိသလို အလှည့်အပြောင်းများလည်း မလုပ်တတ်ပေ။ ထို့ကြောင့် အချိန်အများစုကို သူတို့စိတ်ထဲရှိသလို ပြုမူတတ်ကြသည်။


ကျန်းယန်ရှန့်တစ်ယောက် တစ်ကိုယ်လုံးတောင့်တင်းနေသော်လည်း စိတ်မရှည်စွာဖြင့် ထိုကလေးမကို တွန်းမထုတ်ပစ်ရက်ပေ။ အတိတ်တုန်းကနှင့်ယှဉ်လျင် သူမ အဆ တစ်ရာခန့် ပိုနူးညံ့လာပြီဖြစ်သည်။


ကျန်းဟယ်လင်းသည် ပိုမိုရဲတင်းလာပြီး သူမ တကိုယ်လုံးကို ကျန်းယန်ရှန့်ဆီသို့ မှီချလိုက်လေသည်။ သူမသည် အားကိုးတကြီးဖြင့် ကျန်းယန်ရှန့် ကိုယ်ပေါ်သို့ အမှန်တကယ် မှီချလိုက်ခြင်းဖြစ်သည်။ ကျန်းယန်ရှန့် တကိုယ်လုံး ခဏမျှတောင့်တင်းသွားပြန်သည်။ သူမ ဘေးရှိခန္ဓာကိုယ်သေးသေးလေးသည် တိရိစ္ဆာလေးတစ်ကောင်နှင့်တူနေပြီး ထိုအကောင်လေးဆီမှ အမွှေးနံ့လေးပင် ရနေသည်။ ထို့အနံ့သည် ကလေးအသားအရေထိန်းသိမ်းသည့် ခရမ်င်အနံ့ဖြစ်ပြီး အရွယ်ရောက်လူကြီးများသုံးသည့် အနံ့နှင့်မတူပေ။ 


အဲ့ဒါက အတော်လေး သက်တောင့်သက်သာရှိတဲ့ အနံ့ပဲ….


သို့သော် သူမ လက်မောင်း ရုတ်တရက်စိုစွတ်လာသည်ကို သိလိုက်ရသည်။


သူမ ငိုနတောလား…


ကျန်းယန်ရှန့် တိတ်ဆိတ်စွာဖြင့် အပြင်ဘက်ရှိ ညမြင်ကွင်းကို ပြတင်းပေါက်မှတဆင့်လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ရှုးတစ်စကိုယူကာ သူမဆီသို့ လှမ်းပေးလိုက်သည်။


ကျန်းဟယ်လင်းသည် တစ်ရှုးကိုဆုပ်ကိုင်လိုက်ရင်း အံ့ဩစွာဖြင့် ကျန်းယန်ရှန့်ကို ကြည့်လိုက်သည်။ သူမ အစ်မ၏အကြည့်သည် အဝေးသို့ငေးနေသည်ကို တွေ့လိုက်ရသည်။


ကျန်းဟယ်လင်း ရုတ်တရက် ပြုံးလိုက်ပြီး မျက်ရည်များကိုသုတ်ကာ တစ်ချက်မျှရှိုက်လိုက်သေးသည်။ ငိုလိုက် ရယ်လိုက်နှင့် ကလေးများသည် အတော်လေး စိတ်ရှုပ်ဖွယ်ရာကောင်းသည်ဟု ကျန်းယန်ရှန့် တွေးလိုက်မိသည်။


သူမတို့အိမ်ပြန်ရောက်သည်အထိ ကျန်းဟွမ်၏ ဒေါသမှာ မတည်ငြိမ်နိုင်သေးပေ။ 


‘’သူ့ရဲ့ဂိမ်းတွေအကုန်လုံးကို သိမ်းလိုက်တော့…’’


 သူက လျန့်ယင်းယင်းကို အမိန့်ပေးလိုက်ရင်း ကျန်းရှို့ချန်ကို လက်ညှိုးထိုးကာ ဆူတော့သည်။


 ‘’ ဒီ နွေရာသီအားလပ်ရက်မှာ အိမ်ကိုသီးသန့်ဆရာခေါ်ပြီး သင်ခန်းစာအပိုတွေပါ လေ့လာတော့… အရင်နှစ်က မင်းရဲ့ ဆိုးရွားလွန်းတဲ့ ရမှတ်တွေကိုကြည့်စမ်း… ပြီးတော့ မင်း အခုကစပြီး ဈေးဝယ်ထွက်တာတွေ တနေကုန်မာကျောက်ဆော့တာတွေကို ရပ်လိုက်ပြီး မင်းရဲ့ ကလေးတွေစာလေ့လာတာကို စောင့်ကြည့်လိုက်တော့…. ဒီကလေးတွေက မင်းဆီကနေမွေးလာတာ…. ကလေးထိန်းဆီကမွေးလာတာမဟုတ်ဘူး….’’


 နောက်ဆုံးတွင် ဆူပူကြိမ်းမောင်းမှုက လျန့်ယင်းယင်းဆီသို့ ပြန်လှည့်လာသည်။ 


သမီးအရင်းမဟုတ်သူ၏ရှေ့တွင် အပြောခံလိုက်ရသည့် လျန့်ယင်းယင်း သည် စိတ်ပျက်သွားသည်။ သို့သော်လည်း သူမ မည်သို့ပြုမူရမည်ကိုသိသည့်အတွက် နာခံစွာဖြင့် ‘’ ကျွန်မသိပါပြီ… အခန်းထဲသွားပြီးမှာ ဆက်ပြောကြတာပေါ့…’’ဟုသာဆိုလိုက်သည်။


ကျန်းရှို့ချန်သည် လျန့်ယင်းယင်းအနောက်တွင် ပုန်းနေပြီး သူ့အတွက် ဖခင်ဖြစ်သူ၏ ဒေါသကြီးမှုကို ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။ သူ့၏မိခင်ကလည်း သူမကိုမကာကွယ်ပေးသည့်အတွက် ဘာမှမပြောရဲပေ။


ကျန်းယန်ရှန့် ပြန်လည်မွေးဖွားလာသည်မှာ နေ့တစ်ဝက်ပင်ရှိသေးသော်လည်း သူမရှေ့ရှိ ထိုလင်မယား’ အဆင်မပြေမှုများကို မြင်တွေ့ရသည်။ သူတို့ကိုကြည့်ရသည်မှာ ပျင်းဖို့ကောင်းလွန်းသည့်အတွက် အပေါ်ထပ်သို့ သူမ တက်သွားတော့သည်။


အစ်မဖြစ်သူ အပေါ်ထပ်သို့တက်သွားသည်ကို တွေ့လိုက်သော ကျန်းဟယ်လင်းသည် ချက်ချင်းပင် အမြီးလေးကဲ့သို့ အနောက်မှလိုက်သွားကာ ‘’ အစ်မ … ညီမလေးကိုလဲစောင့်ပါဦး….’’


သူမတို့ညီအစ်မနှစ်ယောက်၏ အခန်းသည် ဒုတိယထပ်တွင်ဖြစ်ပြီး တစ်ခန်းနှင့်တစ်ခန်း ကပ်လျက်ရှိသည်။ 


ထွက်သွားသော ကျန်းယန်ရှန့်နောက်မှ ပြေးလိုက်လာသော ကျန်းဟယ်လင်းသည် နောက်ဆုံး ဖမ်းမိသွားလေသည်။ 


‘’အစ်မ…’’


ကျန်းယန်ရှန့်၏ စိတ်နေသဘောထားသည် အရင်ကနှင့်မတူ ကွဲပြားနေသည်ကို ထို့ကလေးမလေးက အခွင့်ကောင်းယူကာ ‘’ အစ်မ … အခုအိပ်တော့မလို့လား… အဲ့ဒါဆို ဂွတ်နိုက်ပါနော်…’’


ကျန်းယန်ရှန့် သူမ အိပ်ခန်းဆီသို့ လျောက်သွားပြီး တံခါးဖွင့်လိုက်သည်။


နောက်ဆုံးတွင် သူမ တံခါးဝနားဤရပ်လိုက်ရင်း စိတ်မရှည်စွာဖြင့် တဖက်သို့လှည့်ကာ ကျန်းဟယ်လင်းကို စိုက်ကြည့်လိုက်သည်။ သို့သော် ကျန်းဟယ်လင်းက တောက်ပနေသည့်မျက်ဝန်းများဖြင့် သူမအား ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။


‘’ကျန်းဟယ်လင်း…’’ တည်ငြိမ်သည့်မျက်နှာထားဖြင့် ကျန်းယန်ရှန့် အော်လိုက်သည်။ 


‘’ဘာလို့ ငါ့နောက်ကနေ တချိန်လုံးလိုက်နေရတာလဲ…’’ 


‘’ဘာလို့လဲဆိုတော့… ဘာလို့…..’’ ကျန်းဟယ်လင်းက လေးလေးနက်နက်ဖြင့် ဆက်ပြောလိုက်သည်။ ‘’ ညီမလေးက အစ်မရဲ့ ညီမဖြစ်နေလို့လေ…’’


ကျန်းယန်ရှန့် ‘’ ….. ‘’


ကျန်းယန်ရှန့်က လက်နှစ်ဖက်ကိုကြက်ခြေခတ်ယှက်လိုက်ရင်း ‘’ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ နင်မေ့သွားပြီလား…’’


ကျန်းဟယ်လင်း ‘’ ဟင်…’’


‘’ ငါ့အိမ်ကို ပထမဆုံးရောက်လာတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိလား…’’


‘’ အာ…. သိပ်မမှတ်မိတော့ဘူး…’’


‘’ထားလိုက်တော့…’’ ကျန်းယန်ရှန့် အခန်းဘက်သို့ ပြန်လှည့်လိုက်သည်။ 


အစ်မဖြစ်သူမှ သူမအား တည်ငြိမ်စွာဖြင့် စကားပြောသည်မှာ အလွန်ရှားပါးလှသည်။ ထို့ကြောင့် သူမ ကျန်းယန်ရှန့် စကတ်ကို အမြန်လှမ်းဆွဲလိုက်ရင်း ‘’ မှတ်မိတယ်… ညီမလေး မှတ်မိတယ်….’’


‘’ဘာမှတ်မိတာလဲ… နင် အဲ့ဒီတုန်းက အသက် ၄ နှစ်ပဲရှိသေးတာကို…’’ ကျန်းယန်ရှန့် အော်လိုက်သည်။


အိမ်တွင် မကြာခဏအော်ဟစ်လေ့ရှိသော အသက် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်ထက် လူမှုပတ်ဝန်းကျင်တွင်ကျင်လည်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် ကျန်းယန်ရှန့်သည် အဆပေါင်းများစွာသာလွန်သည်။ ထိုအချိန် သူမ၏ အော်သံသည် မကျယ်သော်လည်း တစ်ဖက်သားအတွက် အတော်လေး ပြင်းထန်လေသည်။ 


ကျန်းဟယ်လင်း ထိတ်လန့်သွားသည်။


ကျန်းယန်ရှန့် သည် သူမထက်မြင့်သောအရပ်ဖြင့် သူမကိုစိုက်ကြည့်နေပြီး  ‘’ နင် ဘာတွေမှတ်မိလဲ…’’


ကျန်းဟယ်လင်း သူမ၏ ပြန့်ကျဲနေသော ငယ်ဘဝအမှတ်တရများကို တွေးပြီး ဖြေရခက်စွာဖြင့် ငေးငိုင်သွားသည်။ ကျန်းယန်ရှန့် အမှန်တကယ် ဘာကိုမေးနေမှန်းပင် သူမ မသိပေ။ ထို့ကြောင့် သူမ ဘာပြန်ဖြေရမှန်းမသိဖြစ်နေသည်။


ကျန်းယန်ရှန်က ဆက်မေးလိုက်သည်။ ‘’ နင့်အမေနဲ့ ရောက်လာတဲ့ နင့်ရဲ့ပထမဆုံးနေ့မှာတင် ငါနင့်ကိုတွန်းချခဲ့တယ်… အဲ့ဒါကိုမှတ်မိလား…’’


ကျန်းဟယ်လင်း ရုတ်တရက် သတိရသွားပြီး ‘’ အိုး… ဟုတ်တယ်… အဲ့ဒါကို မှတ်မိတယ်…’’


‘’ နင် တကယ်မှတ်မိတာလား…’’


‘’ ဟုတ်… ပထမထပ်က ဧည့်ခန်းထဲမှာပဲ .. အဲ့က ဆိုဖာနားမှာ ခြေခေါက်ပြီးလဲသွားတယ်လေ… ဟုတ်တယ်မဟုတ်လား…’’


ထိုအချိန်တုန်းက သူမ အရမ်းငယ်သေးသော်လည်း မမျှော်လင့်စွာဖြင့် မှတ်မိနေဆဲပင်ဖြစ်သည်။ 


ကျန်းယန်ရှန့်က ‘’ ငါက နင်မေ့သွားပြီထင်နေတာ… တကယ်လို့ နင်မှတ်မိသေးတယ်ဆိုရင် ဘာလို့ ငါ့နောက်က ဆက်လိုက်နေရတာလဲ… ငါ့ ကို မမုန်းဘူးလား… ငါ့ကို မကြောက်ဘူးလား…’’


‘’ ညီမလေး နည်းနည်းတော့ကြောက်တယ်…’’ 


နူးညံ့သည့်ကလေးမလေးက မျက်နှာကိုလက်ညှိုးဖြင့်ကုတ်လိုက်ရင်း သူမခေါင်းကိုမော့ကာ ပြောလိုက်သည်။ ‘’ ဒါပေမယ့်… အစ်မက အကျယ်ကြီးအော်နေပေမယ်… ညီမလေးမှတ်မိတာက … အစ်မလဲ ငိုနေခဲ့တယ်လေ…’’


သူမ အစ်မဖြစ်သည်သူသည် အချိန်တိုင်းအော်ဟစ်နေသော်လည်း မျက်လုံးထဲမှမျက်ရည်များမှာ ဆက်တိုက်ကျနေခဲ့သည်။


သူမ အစ်မ၏မိခင်မှာ သေဆုံးသွားပြီဖြစ်သည်။


မိခင်ဖြစ်သူသေဆုံးသွားသည်နှင့်တပြိုင်နက် တခြားတစ်ယောက်မှာ မိခင်နေရာသို့ အစားထိုးဝင်ရောက်ချင်ခဲ့သည်။ သူမတွင်လည်း ထိုကဲ့သို့သောအဖြစ်အပျက် ဖြစ်လာပါက ကျန်းဟယ်လင်းတစ်ယောက် အလွန်စိတ်ဆိုးကာ ဝမ်းနည်းမည်မှာ အမှန်ပင်။


ထို့ကြောင့် သူမ၏အစ်မကို မမုန်းနိုင်ပေ။ ထိုကလေးမလေးသည် စိတ်နှလုံးကောင်းကာ ကောင်းမွန်စွာတွေးနိုင်သည်။ 


ထိုကြီးမားသည့်မျက်ဝန်းများသည် ကြည်လင်သောနွေဦးရာသီကဲ့သို့ပင်။ ထိုကဲ့သို့သော သန့်စင်မှုမျိုးကို ကလေးများ၏အပြစ်ကင်းစင်ခြင်းဟုပင် ခေါ်ဆိုနိုင်သည်။ ကျန်းယန်ရှန့် ကလေးမလေးကိုစိုက်ကြည့်ပြီး လက်ကိုဆန့်တန်းကာ တံခါးပိတ်လိုက်တော့သည်။


xxxxxxxx