အပိုင်း ၁၃-၁၄
Viewers 22k

Part 13


အခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး သူမ မထွက်ခင်တုန်းကအဝတ်အစားများသည် နေရာတကျဖြစ်နေသည်။ ကျန်းယန်ရှန့် မွေးနေ့ပွဲတက်တုန်းကဝတ်ထားသည့်ဝတ်စုံကိုချွတ်လိုက်ပြီး ရေချိုးခန်းထဲသို့ တန်းဝင်လိုက်သည်။ ရေချိုးပြီးနောက် ခန္ဓာကိုယ်ကို သဘတ်ဖြင့်ပတ်လိုက်ပြီး အသားအရေထိန်းခရင်မ်များကို လိမ်းလိုက်သည်။ 


သူမ မှန်ကိုသန့်ရှင်းရေးလုပ်လိုက်ပြီးနောက် ၁၅ နှစ်အရွယ် မိန်းကလေး၏ပုံရိပ်ကို ပြတ်သားစွာတွေ့လိုက်ရသည်။ ထို့နောက် သူမ သဘက်ကိုချွတ်ချလိုက်ပြီး မှန်ရှေ့တွင်ထပ်ကြည့်လိုက်သည်။


သူမ၏ လည်ပင်း၊ လက်မောင်း၊ တင်ပါး၊ ပေါင်နှင့် ခြေသလုံးများတွင် မည်သည့်တက်တူးမှ ရှိမနေပေ။ မှန်ထဲမှ သန့်ရှင်းနေသည့်မိန်းကလေးကိုကြည့်ပြီး သူမဘဝတစ်ခုလုံး ပြန်လည်စတင်လာသည်ကို တွေးနေမိသည်။


ကျန်းယန်ရှန့် သဘက်ကိုပြန်ပတ်လိုက်ပြီး အိပ်ခန်းထဲသို့ဝင်ကာ ညဝတ်အကျီပြောင်းဝတ်လိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင်လှဲကာ ဒီအသက်အရွယ်ကိုမှ ပြန်ပြောင်းလာရသည့်အကြောင်းအရင်းကို  စဉ်းစားနေမိသည်။ ဒီနှစ်မှာ ဘာမှထူးထူးခြားခြားမရှိပါဘူး…


သူမ ဘာကိုမှ သေသေချာချာ မစဉ်းစားနိုင်တော့သည့်အတွက် အိပ်မရတော့ပေ။ ထို့ကြောင့် အိပ်ယာမှထကာ သူမ ဖုန်းကိုနောက်တစ်ကြိမ်ထပ်ရှာပြီး ရနိုင်မည့်အချက်အလက်များကို ရှာဖွေတော့သည်။ သို့သော် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်၏ ဒေါသကြီးမှုနင့်သက်ဆိုင်သော အချက်အလက်များမှလွဲ၍ တခြားရှာမတွေ့ပေ။ 


ကျန်းယန်ရှန့် ဖုန်းကိုပြန်ချကာ ခဏမျှထိုင်နေမိသည်။ ထို့နောက် မတ်တပ်ရပ်ကာ သန့်ရှင်းနေသည့်စာကြည့်စာပွဲလှမ်းကြည့်ပြီး လျောက်သွားသည်။ အန်တီလောသည် သူမ၏ ဘာသာရပ်စာအုပ်အားလုံးကို ပြန်ရှာပေးထားပြီး စားပွဲပေါ်တွင် သေသေသပ်သပ်တင်ထားသည်။ 


ကျန်းယန်ရှန့် ထိုင်ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်ပြီဂနောက် စာရွက်များကိုလှန်ကြည့်လိုက်သော်လည်း ဘာသာရပ်အားလုံးကို မမှတ်မိတော့ပေ။


ကျန်းယန်ရှန့် စာအုပ်အဖုံးကိုပြန်ပိတ်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။ သူမ အသက် ၁၅ နှစ်အရွယ်သို့ပြန်ရောက်ပြီဂနောက် အထက်တန်းကျောင်းပြန်တက်ရတော့မည်ဖြစ်သည်။ သူမ မလုပ်ချင်လျင်တောင် ကြိုးစားရပေတော့မည်။


ကျန်းယန်ရှန့် ကျောင်းစာအုပ်ကိုအဝေးသို့ ပို့လိုက်ရင်း ကွန်ပျူတာရှေ့သို့ ခုံကိုရွေ့လိုက်သည်။ ထို့နောက် စက်ဖွင့်ကာ အချိန်ဇယားတစ်ခု ဆွဲလိုက်သည်။


သချာ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ တိုက်ကွမ်ဒို၊ အသတ်အပုတ် ထို့အပြင့် ပီယာနို၊ ချက်စ်၊ လက်ရေးလှ၊ ပန်းချီ စသည်တို့ကို စာရင်းထဲထည့်လိုက်သည်။ မနက်ဖြန်မှစ၍ သူမ လူသစ်တစ်ယောက်ဖြစ်လာတော့မည်။


………..


နောက်တစ်နေ့တွင် ကျန်းဟွမ်အစောကြီးနိုးပြီး အောက်ထပ်သို့ဆင်းလာသည်။ သူ့အသက် တဖြည်းဖြည်းကြီးလာပြီဖြစ်၍ ငယ်စဉ်တုန်းကလို နောက်ကျသည်အထိမအိပ်နိုင်တော့ပေ။ ထို့အပြင့် သူ၏အိပ်ချိန်သည် ပို၍တိုတောင်းလာသည်။ ထိုအရာသည် အသက်ကြီးခြင်း၏ လက္ခဏာတစ်ခုပင်ဖြစ်သည်။


အိမ်ရှိ အလုပ်သမားများက သူ့အချိန်ဇယားကို သိပြီးဖြစ်သည့်အတွက် အဒေါ်ကြီးများက စောစောနိုးနေကြသည်။ အောက်ထပ်သို့ရောက်သည်နှင့် မနက်ခင်းသတင်းစာမှာ အဆင်သင့်ရောက်နေပြီဖြစ်သည်။ ကျန်းဟွမ် ကော်ဖီသောက်ပြီးနောက် သတင်းစာဖတ်နေစဉ် အပြင်ဘက်မှ ဆူညံသံကိုကြားလိုက်ရသည့်အတွက် ကော်ဖီခွက်ကိုကိုင်ရင်း ခြံဝင်းရှိရာသို့လှမ်းကြည့်လိုက်သည်။


ခြံထဲတွင် ကျန်းယန်ရှန့်သည် လေ့ကျင့်ရန်အတွက် ပစ်မှတ်တစ်ခုကိုထားရှိပြီး အဖြူရောင်အကျီဖြင့် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ 


သူမ၏ ဘေးကန်ချက်သည် ပစ်မှတ်ကို တိကျစွာထိသွားပြီး ‘ဖုန်း’ ခနဲ့ ကျယ်လောင်သံထွက်ပေါ်လာသည်။


ဒီနွေရာသီအားလပ်ရက်မှာ သူမ မအိပ်ဘူးလား… ဘာလို့ ဒီလောက်ထိကြိုးစားနေတာလဲ… 


ကျန်းဟွမ် ပဟေဠိဖြစ်သွားသည်။ သူ၏ အကြီးဆုံးသမီးသည် မနေ့ညကတည်းက တစ်ခုခုမှားနေသည်။


သူမကို နှောက်ယှက်ဖို့ မရည်ရွယ်သော်လည်း ကျန်းယန်ရှန့်ကို ငေးကြည့်ရင်း ကော်ဖီတစ်ငုံသောက်လိုက်ကာ မနက်စာစားရန် အခန်းထဲသို့ပြန်လှည့်လာသည်။ ကျန်းဟွမ် ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် အနောက်သို့တစ်ချက်ပြန်လှည့်ကာ သူမကို ခဏလောက်သေသေချာချာ ကြည့်လိုက်မိသည်။


ထို့နောက် ကျန်းဟွမ်က မှန်တံခါးကိုဖွင့်ကာ သူမဆီသို့လျောက်သွားရင်း ‘’ ယန်ယန်… သမီး ကစားတာ အရင်ကထက်ပိုကောင်းလာတယ်လို့ အဖေထင်တယ်…’’


အဖြေမှာ ရိုးရှင်းလှပေသည်။ အသက် ၂၁ နှစ်အရွယ် ကျန်းယန်ရှန့်သည် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်ထက် ၆ နှစ် ပိုလေ့ကျင့်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။


ထိုအရာကပင် ကျန်းယန်ရှန့်အနေဖြင့် လူမိုက်များနှင့်မဆင်မခြင် အပြင်ထွက်ရဲခဲ့ခြင်းပင်။ ထိုသည်ကပင် သူမကို ပညာရှိသတ္တိဖြစ်ခဲဟု ဆိုရမည်ဖြစ်သည်။ ထိုလူမိုက်များသည် သူမကို မကောင်းသည့်အရာများ လုပ်ကာ ဆေးခပ်ခဲ့ကြသည်။ 


ထိုလူယုတ်မာများနှင့် တနေကုန်ပေါင်းသင်းကာ သူမ၏ဘဝ၊ ငယ်ရွယ်မှုများကို ဖြုန်းတီးပြီး နောက်ဆုံးတွင် သူမ အသက်ပါပေးလိုက်ရသည်ကို ကျန်းယန်ရှန့် မုန်းတီးစွာ တွေးလိုက်မိသည်။ သူမ ခြေထောက်ကိုအားထည့်ကာ ပစ်မှတ်ကိုပြင်းထန်စွာ ကန်လိုက်သည့်အတွက် ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။


ကျန်းဟွမ် မသိလိုက်ဘာသာဖြင့် အနည်းငယ်ရှိန်သွားသည်။


‘’သမီးက ခါးပတ်နက်ရထားတာပါ…’’ ကျန်းယန်ရှန့် တိုတိုတုတ်တုတ်ပင်ဖြေလိုက်သည်။


ကျန်းဟွမ်အနေဖြင့် သမီးဖြစ်သူကို ထိုကဲ့သို့သောတိုက်ခိုက်ရေးသင်တန်းများတက်ခြင်းအပေါ် ရတက်မအေးခဲ့သော်လည်း သူမ၏မိခင်ဖြစ်သူကတော့ အားပေးခဲ့လေသည်။


ထို့အပြင့် ကျန်းယန်ရှန့်ကလည်း တိုက်ခိုက်ရေးသင်တန်းများအပေါ်တွင် စိတ်ဝင်စားခဲ့သည်။ ကျန်းဟွမ် အပြုံးဖြင့်ခေါင်းငြိမ့်လိုက်ရင်း ‘’ ကောင်းတယ်… အရမ်းကောင်းတယ်… သမီးက အဲ့ဒါတွေကို သေသေချာချာလေ့လာခဲ့တာပဲ’’


ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏ ယခုလိုအမူအယာမျိုးကို အတော်လေးစိတ်ကုန်နေပြီဖြစ်သည်။ ကျန်းဟွမ်မှ အရာအားလုံးကို အဆင်ပြေအောင်လုပ်ဆောင်လိုလျင် အမြဲတစေ ယခုကဲ့သိုအမူအယာမျိုး ပြုလုပ်နေကျဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ကျန်းယန်ရှန့် ဒေါသထွက်လာသည်။ သူမ၏ မနက်ခင်းလေ့ကျင့်ရေးမှာ ပြီးခါနီးဖြစ်သောကြောင့် နဖူးမှ ချွေးများကိုသုတ်ကာ ပြောလိုက်သည်။ 


‘’ သမီးသွားတော့မယ်….’’ ထို့နောက် နေရာမှ ထွက်ခွာသွားတော့သည်။


ခြံဝင်းထဲတွင် ကျန်းဟွမ် အေးဆေးစွာဖြင့် ကောက်ဖီဆက်သောက်နေသည်။


အေးချမ်းသော မနက်ခင်းတွင် သူ၏ဇနီးနှင့် တခြားကလေးနှစ်ယောက်သည် အိပ်နေဆဲဖြစ်သောကြောင့် မည်သည့်ငြင်းခုံသံကိုမှ မကြားရပေ။ ပတ်ဝန်းကျင်မှာ အတော်လေးကို တိတ်ဆိတ်ပြီး ငြိမ်းချမ်းလွန်းသည်။


ယခုအရွယ်တွင် ထိုကဲ့သို့သော အေးချမ်းမှုကိုရရန် အတော်လေးခက်ခဲလေသည်။


ကော်ဖီသောက်ပြီးနောက် ကုမ္ပဏီသို့ သွားရမည်ဖြစ်ပြီး သူ၏ရုံခန်းကပင် အေးဆေးကာ သက်တောင့်သက်သာရှိပေလိမ့်မည်။


ကျန်းယန်ရှန့် ရေချိုးပြီးနောက် တကိုယ်လုံးလန်းဆန်းစွာဖြင့် စာကြည့်စာပွဲတွင်ထိုင်လိုက်သည်။ စာအုပ်များကို အချိန်အတော်ကြာစိုက်ကြည့်ပြီး နောက်ဆုံးတွင် သချာ်စာအုပ်ကိုဖွင့်လိုက်သည်။ တကယ်တမ်း သင်ခန်းစာများက  သိပ်မခက်ပေ။ ကျန်းယန်ရှန့်အနေဖြင့် နောက်ပိုင်းတွင် ဆိုးသွမ်းလာပြီး တဖြည်းဖြည်းစာသင်ရန် ကြောက်လန့်လာခဲ့သည်။ ယခု သူမသည် ဖော်မြူလာများ သီအိုရီများကို တစ်ခုချင်းစီ ကူးယူလိုက်သည်။ သူမ စိတ်သည် အလွန်ရှင်းလင်းနေသည်။ သို့သော် အသက် ၂၀ ကျော်အရွယ်ဦးနှောက်သည် ဆယ်ကျော်သက်အရွယ် ဦးနှောက်နှင့် ယှဉ်လို့မရပေ။ 


ကျန်းယန်ရှန့် တဖြည်းဖြည်း လေ့လာပြီး အချိန်အနည်းငယ်ကြာသောအခါ ရူပဗေဒ ဘက်သို့ပြောင်းလိုက်သည်။ ထို့အချိန်တွင် အိမ်မှာ တခြားသူများ နိုးလာပြီဖြစ်သည်။


ရုတ်တရက် ဘေးခန်းမှ ကျန်းဟယ်လင်း၏ အော်သံကိုကြားလိုက်ရသည်။ 


‘’ နင် အဲ့ဒါကိုအခုချက်ချင်းချလိုက်စမ်း… အဲ့ဒါ ငါ့ဟာ’’


ကျန်းရှို့ချန်က လိမ်မာစွာပင် ‘’ အဲ့ဒါ ငါ့ကိုပေး…’’


‘’ နင့်ဟာနဲ့ သွားဆော့ပါလား’’


‘’ ငါ့ဟာက မရှိတော့ဘူး…’’


ကျန်းယန်ရှန့် ‘’ ….. ‘’


ကျန်းယန်ရှန့် လမ်းလျောက်ကာ သူမအခန်းတံခါးကို အသံမြည်အောင်ဆောင့်ပိတ်လိုက်သည်။


‘’ဘန်း…’’


xxxxxxxx


Part 14


သူမ တံခါးပိတ်လိုက်သည့်အတွက် တဖက်မှဆူညံသံများ အတော်လေးသက်သာသွားသည်။ ထိုကလေးနှစ်ယောက် ဘာအတွက်ရန်ဖြစ်ပြီး လုနေကြသည်ကို သူမ မသိပေ။ သူမအနေဖြင့် သိဖို့လိုအပ်သည်ဟုလည်း မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကလေးနှစ်ယောက်လုံးသည် အမေတစ်ယောက်တည်းဆီမှ မွေးဖွားလာခြင်းမဟုတ်ပါလား…


ထိုနှစ်ယောက်က စကားဆက်များနေတုန်းပင်။ ကျန်းဟယ်လင်း ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ကျန်းယန်ရှန့် လက်ထဲမှဘောပင်ကို အောက်ချလိုက်ပြီး စာရွက်ကိုပါဖြဲ  ပစ်လိုက်သည်။ 


ကျန်းယန်ရှန့် ‘’…..’’


အမေရေ သမီးတော့ တစ်ယောက်ယောက်ကို ရိုက်ချင်လာပြီ….


ဖြဲထားသောစာရွက်ကို လုံးခြေပြီး ခြင်းတောင်းထဲသို့ပစ်ချလိုက်သည်။ ထို့နောက် ဘောပင်အသစ်တစ်ခုကို ထပ်ယူလိုက်သည်။ ထိုအချိန်တွင် လျောက်လမ်းမှ ပြေးလွှားသံများထွက်ပေါ်လာသည်။


ကျန်းဟယ်လင်းသည် ကျယ်လောင်သောအသံဖြင့် အနောက်မှအော်ဟစ်ပြီးပြေးလိုက်နေသည်။ နားထောင်ရင်းဖြင့် ကလေးနှစ်ဦး၏ တိုက်ခိုက်သံများပိုမိုကျယ်လောင်လာသည်။ 


တစ်စုံတစ်ခုက ကြမ်းပြင်သို့ကျကွဲသွားသံကိုကြားလိုက်ရသည်။


ကျန်းယန်ရှန့် ‘’…..’’


နောက်ဆုံးတွင် ကျန်းယန်ရှန့် သည်းမခံနိုင်တော့ပေ။ သူမသည် နဂိုကတည်းက ဒေါသကြီးသူဖြစ်ပြီး ပြန်လည်မွေးဖွားလာသည့်အတွက် သူမစိတ်ကို အတော်လေးကြိုးစားထိန်းထားရသည်။ သို့သော်လည်း သူမသည် အရာအားလုံးကိုသည်းခံနိုင်သည့်သူမဟုတ်ပေ။


ကျန်းယန်ရှန့် ထိုင်ခုံကိုအဝေးသို့ ကျယ်လောင်စွာဖြင့်တွန်းဖယ်လိုက်ပြီး တံခါးဝဆီသို့လျောက်သွားကာ ဖွင့်လိုက်သည်။ ကျန်းရှို့ချန်သည် အကင်းပါးသောကလေးဖြစ်သည်။ ကျန်းယန်ရှန် တံခါးဖွင့်လိုက်သည်နှင့် သူ၏နောက်ကျောကိုသာ မြင်လိုက်ရသည်။


ကျန်းယန်ရှန့် အတော်လေးနောင်တရသွားသည်။ ကြမ်းပြင်ပေါ်တွင် ပျက်ဆီးနေသော ဂိမ်းစက်တစ်ခုကိုတွေ့လိုက်ရပြီး မျက်နှာပြင်မှာကွဲအက်နေသည်။


ကျန်းဟယ်လင်းသည် မြေပေါ်တွင်မျက်ရည်များဖြင့် ထိုင်နေသည်။ သူမ ပါးပေါ်တွင် သွားဖြင့်ကိုက်ရာတစ်ခုရှိနေပြီး နူးညံ့သည့်အသားအရေကြောင့် သွေးများထွက်လာတော့မလိုပင်။


ကျန်းယန်ရှန့် မျက်မှောင်ကြုတ်လိုက်ရင်း ထိုင်ချလိုက်ကာ ကလေးမလေး၏ မေးစေ့ကိုမကာ စစ်ဆေးလိုက်ရင်း ‘’ နင်သူ့ထက် နှစ်နှစ်တောင်ကြီးနေတာကို ပြန်မရိုက်နိုင်ဘူးလား’’


ကျန်းဟယ်လင်းက မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် ‘’ ညီမလေးသူ့ကို ငယ်ငယ်ကတည်းက မနိုင်ဘူး’’


ကျန်းယန်ရှန့် ရှင်းလင်းစွာနားလည်သွားသည်။


ဒီကလေးက ဘာလို့ ဒီလိုများဖြစ်နေရတာလဲ…. သူက သူ့မိဘတွေရဲ့စကားကြောင့် ဒီလိုဖြစ်နေတာမဟုတ်လား… 


’ သူက ကလေးပဲရှိသေးတယ်’ ၊ ‘ သူက ငယ်သေးတယ်’ ၊ ‘ကလေးနဲ့ပြိုင်မဖြစ်နဲ့’  စသည်ဖြင့် မိဘများ၏ ပြောစကားများကြောင့်ပင် ဖြစ်သည်။


သူမ၏ အဖိုးတန်သားလေးကို ကာကွယ်ရန်အတွက် လျန့်ယင်းယင်းသည် ကျန်းရှို့ချန်လုပ်သမျှ ငြိမ်ခံနေရန် ကျန်းဟယ်လင်းကို သင်ပေးထားလေသည်။ ထို့အပြင့် အစ်မဖြစ်သည့် ကျန်းဟယ်လင်းမှ မောင်ဖြစ်သူကို အမြဲလိုလိုချစ်တတ်စေရန် သတိပေးခဲ့သည်။


ကျန်းဟယ်လင်းသည် အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံတတ်သောကလေးဖြစ်သည်။ သူမ၏ ပစ္စည်းများကို ကျန်းရှို့ချန်မှ ဖျက်ဆီးနေချိန်တွင် တစ်ချက်လေးမှ ထိုကလေးကို မရိုက်ခဲ့ပေ။ သူမစိတ်ထဲမှ ထိုကလေးကို မရိုက်နှက်နိုင်ဘူးဟု စွဲမှတ်ထားလေသည်။


သို့သော် ကျန်းရှို့ချန်သည် ထိုအရာများကို ဂရုမစိုက်ပေ။ နှစ်ယောက်သား ဂိမ်းစက်ကိုလုနေရင်း ကျန်းဟယ်လင်းကို ကိုက်ချလိုက်သည့်အတွက် ကျန်းဟယ်လင်းမှ နာကျင်စွာအော်လိုက်ခြင်းဖြစ်သည်။


‘’လူကောင်းတွေက တခြားသူတွေရဲ့ လှည့်စားခြင်းကိုခံရတတ် ပြီး မြင်းကောင်းတွေက တခြားသူတွေရဲ့ စီးနင်းခြင်းကိုခံရတတ်တယ်’’ 


ကျန်းယန်ရှန့် ရယ်လိုက်ရင်း ‘’ တကယ်လို့ နင့်မောင်လေးကို အရမ်းချစ်နေရင် နောက်ထပ်နည်းနည်းလောက် ပိုအကိုက်ခံလိုက်လေ… သူ့ရဲ့သွားရာတွေနဲ့ နင့်မျက်နှာက အတော်လေးလှနေမှာပဲ…’’


ဂိမ်းစက်လေးမှာပျက်ဆီးနေပြီး သူမမျက်နှာမှာနာကျင်နေသည့်အပြင့် သူမအစ်မဖြစ်သူက မနှစ်သိမ့်ပေးပေ။ ကျန်းဟယ်လင်းသည် သူမကိုယ်သူမ ထိန်းထားသော်လည်း နှုတ်ခမ်းထောင့်လေးများမှာ တွန့်လာပြီး ငိုတော့မလိုဖြစ်လာသည်။ နောက်ဆုံး ထိန်းထားသောမျက်ရည်များမှာ တလှိမ့်ချင်းစီးကျလာပြီး အသံများပင်ထွက်ပေါ်လာတော့သည်။


မှားတယ်၊ သနားစရာကောင်းတယ်၊ ရယ်စရာလည်းကောင်းတယ် ပြီးတော့ ချစ်ဖို့လည်းကောင်းတယ်….


ကျန်းယန်ရှန့် အံကြိတ်လိုက်ပြီး မတ်တပ်ရပ်ကာ သူမကိုပြောလိုက်သည်။ 


‘’ ငိုမနေနဲ့… ဝင်လာခဲ့…’’ ပြောပြီးနောက် သူမ ချက်ချင်းပင် အခန်းထဲသို့ဝင်သွားသည်။


ကျန်းဟယ်လင်းသည် ပျက်ဆီးနေသောဂိမ်းစက်လေးကိုင်ကာ မျက်ရည်များသုတ်ပြီး ကျန်းယန်ရှန့်နောက်သို့လိုက်သွားတော့သည်။


အခန်းသည် သူမနှင့်မရင်းနှီးပေ။ အော်ဟစ်နှင်ထုတ်တတ်သည့် ကျန်းယန်ရှန့်အခန်းထဲသို့ မည်သူမျှ တိတ်တဆိတ်မဝင်ရဲပေ။ 


ကျန်းဟယ်လင်း၏ မျက်ဝန်းများက အစ်မဖြစ်သူ၏ အခန်းကို စုန်ချည်ဆန်ချည်ကြည့်နေသည်။ ကျန်းယန်ရှန့်က ဆိုဖာကို ညွှန်ပြလိုက်ရင်း ‘’ အဲ့မှာသွားထိုင်…’’


သေးသွယ် ပိန်ပါးသည့် ခြေလက်များသာရှိသော ထိုကလေးမသည် နာခံစွာဖြင့် ချက်ချင်းထိုင်ချလိုက်သည်။ ကျန်းယန်ရှန့် သူမဝယ်ထားသည့် အရေးပေါ်ဆေးအိတ်ကို အခန်းထဲမှထုတ်ယူလာသည်။ အထဲတွင် သူမလိုအပ်သည့်အရာများရှိနေသည့်အတွက် အနာသက်သာသည့်ဖြန်းဆေးဗူးကိုယူကာ ကျန်းဟယ်လင်းမေးစေ့ကိုကိုင်ရင်း ‘’ ငြိမ်ငြိမ်နေ…’’


ကိုက်ရာမှာ သွေးထွက်ခြင်းမရှိသော်လည်း ကျန်းယန်ရှန့်မှ ဆေးဖြန်းနေစဉ်တွင် ကျန်းဟယ်လင်း တုန်ယင်သွားသည့်အတွက် အနီးကပ်ကြည့်လိုက်သည်။ ပါးပေါ်တွင် ဒဏ်ရာလေးတစ်ခုကိုတွေ့လိုက်ရသည်။


ကျန်းယန်ရှန့်အနီးကပ်ကြည့်လိုက်ရာ အရေပြားအနည်းငယ်ပြဲသွားသော်လည်း သွေးထွက်ခြင်းတော့မရှိပေ။ 


‘’သူက ခွေးပဲ…’’ သူမ ကျန်းရှို့ချန်ကို ဆူလိုက်မိသည်။


ကျန်းဟယ်လင်းက ငိုသံကြီးဖြင့် ‘’ ဟုတ်တယ်…’’


ကျန်းယန်ရှန့် နှာခေါင်းရှုံ့လိုက်ရင်း ဟောက်လိုက်သည်။


‘’ပြီးတော့ နင်က အရူးလေ… သူ့အသက်က ငယ်တယ်ဆိုပေမယ့်လည်း ပြန်မချတတ်ဘူးလား… သူတောင် နင့်ကိုကိုက်ရင် ပြန်လွှတ်ပေးလို့လာ...’’


ကျန်းဟယ်လင်း ပြန်မဖြေနိုင်ပေ။ တကယ်တမ်း သူမမောင်လေးသည် သူမကို လုံးဝလွှတ်ပေးမည်မဟုတ်သည်မှာ သေချာပေသည်။ သူမ မောင်လေးသည် ခွေးတစ်ကောင်ကဲ့သို့ပင် ရက်စက်တတ်သည် မဟုတ်ပါလား…


ကျန်းယန်ရှန့် အရေးပေါ်ဆေးအိတ်ကိုပြန်သိမ်းလိုက်ရင်း ‘’ လူတိုင်းက ကိုယ့်ကိုကိုယ့်အရင်ကာကွယ်ရတယ်… နင်က သူ့ထက်အသက်ကြီးပြီး အရပ်လဲရှည်တဲ့အပြင့် ပိုလဲသန်မာတယ်… ဒါပေမယ် နင်က သူအနိုင်ကျင့်တာကိုခံနေရတယ်… အဲ့တော့ ခုလိုဖြစ်တာ နင်နဲ့ထိုက်တန်တယ်…’’


‘’ဒါပေမယ့်… သူက ညီမလေးရဲ့ မောင်လေးလေ…’’ ကျန်းဟယ်လင်း လေသံတိုးလေးဖြင့်ပြောလိုက်သည်။ 


‘’ ပြီးတော့ အမေက ဆူမှာပေါ့…’’


ထို့နောက် ကျန်းယန်ရှန့် မေးလိုက်သည်။


 ‘’ ဒါဆို အဆူခံရတာနဲ့ အကိုက်ခံရတာ …. ဘယ်ဟာက ပိုနာကျင်ရလဲ …’’


‘’အကိုက်ခံရတာ…’’  ကျန်းဟယ်လင်း ရိုးသားစွာပြန်ဖြေလိုက်သည်။


ကျန်းယန်ရှန့် အရေးပေါ်အိတ်ကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ရင်း အနောက်သို့မှီချလိုက်သည်။ သူမ ခြေထောက်မြှောက်လိုက်ရင်း စကားပြောနေသည်ကိုရပ်လိုက်ကာ ကျန်းဟယ်လင်းအား စိုက်ကြည့်နေသည်။


အချိန်အကြာကြီး ကျန်းဟယ်လင်းကိုစိုက်ကြည့်ပြီးနောက် သူမအတော်လေး ချစ်ဖို့ကောင်းသည်ကိုတွေ့သော်လည်း တုံးအ သည်မှာမငြင်းနိုင်ပေ။


နောက်ဆုံး သူမ၏ စိတ်ရှည်မှုများ မကုန်ဆုံးခင်အချိန်လေးတွင် ညီမလေးဖြစ်သူက မျက်တောင်ခတ်လိုက်ရင်း ‘’ ဒါဆို‌ နောက်တစ်ခါကျရင် ညီမလေးကြိုးစားကြည့်မယ်…’’


xxxxxxxxx