Part 15
နောက်ဆုံး ကျန်းယန်ရှန့် အနည်းငယ်ကျေနပ်သွားသည်။ သို့သော် ကျန်းဟယ်လင်းမှာ ပျက်စီးနေသောဂိမ်းစက်လေးအား ကိုင်ထားဆဲဖြစ်သည်ကို သူမတွေ့လိုက်ရသည်။
‘’အဲ့ဒါက ပျက်စီးနေပြီဟာကို ဘာလို့မပစ်သေးတာလဲ…’’
ကျန်းယန်ရှန့် ဂိမ်းစက်ကိုလှမ်းယူလိုက်သည်။
အမှိုက်ပုံးထဲသို့ ရောက်သွားသော ဂိမ်းစက်လေးကိုကြည့်ရင်း ကျန်းဟယ်လင်းမှာ သူမကိုတားရန်အချိန်မမီတော့ပေ။
ကျန်းဟယ်လင်းက မျက်ရည်မကျသော်လည်း ငိုသံလေးဖြင့် လက်ကိုဆန့်တန်းကာ ‘’ ဟင့်… အဲ့ဒါက ညီမလေးရဲ့….’’
ကျန်းယန်ရှန့် စိတ်မရှည်စွာဖြင့် ‘’ ဒါဆိုလဲ အသစ်တစ်ခုဝယ်လိုက်ပေါ့…’’
ကျန်းဟယ်လင်းက နှုတ်ခမ်းများတုန်လှုပ်နေရင်း ‘’ အမေက ညီမလေးအတွက် အသစ်ထပ်ဝယ်ပေးတော့မှာ မဟုတ်ဘူး… သူက ရှို့ရှို့အတွက်ဝယ်ရင်း ညီမလေးအတွက်ပါ ပိုဝယ်ပေးထားတာ…’’
ထိုဂိမ်းစက်လေးသည် ယွမ်အနည်းငယ်သာပေးရသည့်အတွက် ကျန်းယန်ရှန့် ချော့မော့မေးလိုက်သည်။
‘’ သူမက ဘာလို့ ဝယ်မပေးရတာလဲ…’’
ကျန်းဟယ်လင်း ခေါင်းငုံ့လိုက်ရင်း ‘’ ညီမလေးအတွက် ထပ်ဝယ်ပေးမှာမဟုတ်တော့ဘူး…’’
ကျန်းယန်ရှန့် အေးခဲသွားရင်း တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားသည်။
သူမအနေဖြင့် ကျန်းဟယ်လင်းကို ဂရုမစိုက်သော်လည်း ဒီမိသားစုထဲတွင် နှစ်ပေါင်းများစွာနေပြီးသည့်နောက် အတော်များများကို တွေ့မြင်ခဲ့ရသည်။ ငယ်ရွယ်သော ကျန်းယန်ရှန့်က ထိုအရာကို နားမလည်လောက်သော်လည်း အရွယ်ရောက်ပြီး ပြန်လည်မွေးဖွားလာသည့် သူမကတော့ ထိုအကြောင်းကို ကောင်းစွာနားလည်လေသည်။
ထိုအမျိုးသမီး လျန့်ယင်းယင်းသည် သူမ၏သမီးအရင်းဖြစ်သူကိုပင် အတော်လေးမနှစ်သက်ပေ။ ထို့ကြောင့် ကလေးနှစ်ယောက်အပေါ်တွင် ကွဲပြားစွာဆက်ဆံသည်မှာ အတော်လေးသိသာလှသည်။
သူမသည် ယခုကဲ့သို့ ယွမ်ထောင်ဂဏန်းမျှသာရှိသော ဂိမ်းစက်အသစ်တစ်လုံးပင် ဝယ်မပေးချင်သည်ကို ကျန်းဟယ်လင်း မှ နားလည်နေသည်။ ကျန်းဟယ်လင်းမှာ လျန့်ယင်းယင်း၏ သဘောထားကို သိလိုသော်လည်း သူမအနေဖြင့် နားမလည်နိုင်ပေ။ ကျန်းဟယ်လင်းသည် ဒီမိသားစုထဲသို့ အသက် ၄ နှစ်အရွယ်ကပင် ဝင်ရောက်ခဲ့သည်။ လျန့်ယင်းယင်းသည် ချမ်းသာသောမိသားစု၏ မြင့်မြတ်သောအမျိုးသမီးတစ်ဦးဖြစ်လိုပြီး ကျန်းဟယ်လင်းအားမွေးပြီးသည့်တိုင် သားယောကျာ်းလေး မရခဲ့ပေ။ လေးနှစ်ကြာပြီးနောက် ကျန်းရှို့ချန်ကိုမွေးဖွားခဲ့သည်။ ထို့ကြောင့် မိန်းကလေးဖြစ်သော ကျန်းဟယ်လင်းကို သဘောမကျသည်မှာ မဆန်းပေ။
ကျန်းယန်ရှန့် ခဏရပ်လိုက်ရင်း ‘’ ဒါဆို နင့်ဘာသာဝယ်ပေါ့ဟ…’’
ကျန်းဟယ်လင်းက ‘’ ညီမလေး ပိုက်ဆံမရှိဘူးလေ…’’
ကျန်းယန်ရှန့် အံ့အားသင့်စွာဖြင့် ‘’ နင့်ရဲ့ မုန့်ဖိုးတွေက ဘယ်ရောက်သွားလို့လဲ…’’
ကျန်းဟယ်လင်းက ‘’ ညီမလေးမှာ မုန့်ဖိုးမရှိဘူး… အမေ့ကိုမေးတုန်းက ကလေးတွေကို စားစရာနဲ့အဝတ်အစားတွေပေးထားတဲ့အတွက် မုန့်ဖိုးပေးစရာမလိုဘူးလို့ ပြောတယ်’’
လျန့်ယင်းယင်း ပြောသည်မှာအမှန်တကယ်ပင်ဖြစ်သည်။ အိမ်တွင် ကျန်းဟယ်လင်းလိုအပ်သမျှအရာအားလုံး ထောက်ပံ့ပေးထားပြီး ကျောင်းအသွားအပြန်အတွက် ကားအကြိုအပို့လည်းရှိသည်။ ထို့ကြောင့် အပိုပိုက်ဆံသုံးစရာ မလိုပေ။
သို့သော် ကျန်းယန်ရှန့် အသက် ၃ နှစ်အရွယ် မူလတန်းတတိယနှစ်ကတည်းက မုန့်ဖိုးရခဲ့သည်။ ထိုအချိန်တွင် သူမမိခင်ဖြစ်သူ၏ကျန်းမာရေးမှာ ဆိုးသထက်ဆိုးလာသည့်အတွက် သူမမုန့်ဖိုးကို သူမဘာသာစီမံခန့်ခွဲခွင့်ရခဲ့သည်။ သူမ မိခင်က သူမခေါင်းလေးကိုကိုင်ကာ ‘’ သမီးလေး အနာဂါတ်မှာ အမေမရှိတော့ရင် ပိုက်ဆံဘယ်လိုသုံးရမလဲဆိုတာ ကိုယ်တိုင်သင်ယူရမယ်နော်…’’
သူမ အမေ၏ မျှော်လင့်ချက်များပျက်စီးသွားခဲ့သည်မှာ သနားစရာပင်။ နောက်ပိုင်းတွင် သူမသည် ပိုက်ဆံဖြုန်းဖို့ကိုသာသိခဲ့ပြီး ငွေကြေးနှင့်ပတ်သတ်၍ လုံးဝဂရုမစိုက်ခဲ့ပေ။ သူမ အိမ်ပြန်လာချိန်တိုင်းသည် ကျန်းဟွမ်ဆီမှ ပိုက်ဆံတောင်းရန်အတွက်သာဖြစ်သည်။
ကျန်းဟွမ်သည် သူမအပေါ်တွင် အပြစ်ရှိသလိုခံစားခဲ့ရသည့်အတွက် သူမ တောင်းသမျှကိုပေးကာ သူ့စိတ်သက်သာရာရအောင်လုပ်လေ့ရှိသည်။
ကျန်းယန်ရှန့် မတ်တပ်ရပ်လိုက်ကာ စားပွဲဆီသို့လျောက်သွားပြီး ခုံတွင်ထိုင်လိုက်သည်။ ထို့နောက် ဈေးဝယ်ဝက်ဆိုဒ်ကိုဖွင့်ကာ နောက်ဆုံးပေါ်မော်ဒယ်ဂိမ်းစက်ကို ကျန်းဟယ်လင်းအတွက် ဝယ်လိုက်သည။
ထို့နောက် သူမက အေးစက်သည့်မျက်နှာထားဖြင့် ‘’ အိုကေ… ငါ နင့်အတွက် ဝယ်ပေးပြီးပြီ… delivery နဲ့လာပိုတာကို စောင့်နေရုံပဲ’’
ကျန်းယန်ရှန့်၏ သူမအပေါ်ကောင်းမွန်သည့် အပြုအမူများကြောင့် ကျန်းဟယ်လင်းရုတ်တရက် အံ့အားသင့်သွားကာ ‘’ အစ်မ….’’
သူမ ဘာဆက်ပြောရမှန်းမသိတော့ပေ။
‘’ အစ်မက… အစ်မက…’’
လူအများမှ သူမအား ကျေးဇူးတင်စကားပြောမည်ကို ကြောက်လန့်သည့်အတွက် ကျန်းယန်ရှန့် အလျင်အမြန်ဖြတ်ပြောလိုက်သည်။ ‘’ ငါစာသွားကျက်တော့မယ်… နင်လဲသွားတော့…’’
သူမ မတ်တပ်ရပ်ကာ ကျန်းဟယ်လင်းကိုဆွဲပြီး အခန်းအပြင်သို့တွန်းထုတ်လိုက်သည်။ ထို့နောက် တံခါးကိုပါ ပိတ်လိုက်တော့သည်။
ထိုကလေးမလေးအတွက်တော့ သူမ၏အပြုအမူက အံ့အားသင့်စေမလား သို့မဟုတ် အစ်မကြီးတစ်ယောက်၏ ခံစားချက်လားဆိုသည်ကိုတော့ သူမ ဂရုမစိုက်တော့ပေ။ ‘ ဒီအတိုင်းသာ ထားလိုက်ပါတော့လေ….’
ကျန်းယန်ရှန့် ထိုအရာများကို ဂရုမစိုက်တော့ပေ။ အတိတ်တုန်းကဆိုလျင် ထိုကဲသို့သောသူများကြောင့် သူမ ဘဝနှောင့်နှေးမည်ကို အလွန်ဂရုစိုက်ခဲ့သည်။ ယခု သူမပြန်တွေးကြည့်ချိန်မှာတော့ ထိုအရာများသည် အမှန်တကယ်ပင် မလိုအပ်ကြောင်းကို နားလည်လာသည်။ လူတိုင်းသည် သူတို့ကိုယ်တိုင် အသက်ရှင်ဖို့အပ်သည်။
ကျန်းရှို့ချန် ကျန်းဟယ်လင်း၏ ဂိမ်းစက်ကိုလုရသည်မှာ သူ၏စက်အသိမ်းခံထားရ၍ဖြစ်သည်။ မနေ့ညက ကျန်းဟွမ် အလွန်ဒေါသထွက်သည့်အတွက် သူ၏ဂိမ်းစက်များအားလုံးကိုသိမ်းဆည်းသွားသည်။ သူ၏ကွန်ပျူတာပေါ်တွင်လည်း စကားဝှက်အသစ်တစ်ခုဖြစ်နေပြီး အခုထိ အသုံးပြုလို့မရသေးပေ။
အတိအကျပြောရလျင် မနေ့ညက သူလုပ်ခဲ့သည့်အပြုအမူသည် ယခင်ကပြုလုပ်ခဲ့သည့်အရာများနှင့် မတူညီပေ။ များသောအားဖြင့် ကျန်းဟွမ်မှ စကားအနည်းငယ်ဖြင့် ဆူပူရင်းသာ ကိစ္စများပြီးသွားလေ့ရှိသည်။
သို့သော် မနေ့ညက အဖြစ်အပျက်သည် ကျန်းဟွမ်ကို အလွန်အမင်းဒေါသထွက်စေပြီး ကျန်းရှို့ချန်ကို သင်ခန်းစာတစ်ခုရစေချင်ခဲ့သည်။
……
နေ့လည်စားနေချိန်တွင် လျန့်ယင်းယင်းကို သူမ မတွေ့ပေ။ သူမ၏မိထွေးဖြစ်သူသည် ကျန်းမိသားစုထဲသို့ ဝင်လာပြီးနောက် ချမ်းသာသည့်ဇနီးတစ်ယောက်ဖြစ်လာကာ သူမ၏ နေ့ရက်တိုင်းကို နတ်သမီးတစ်ပါးကဲ့သို့ဖြတ်သန်းလေ့ရှိသည်။
အိမ်ရှိ အိမ်အကူများကြောင့် ကလေးများအတွက် အစားအသောက်နှင့် ကျောင်းပို့ရန်ကိစ္စများကို သူမ စိတ်ပူစရာမလိုတော့ပေ။ သူမသည် ညဘက်တွင်ကောင်းမွန်စွာအိပ်စက်ပြီး မနက်ပိုင်းတွင် အေးအေးဆေးဆေးနေမှ အိပ်ယာထလေ့ရှိသည်။ နိုးလာသည်နှင့်တပြိုင်နက် သူမ၏သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ခြင်း မာကျောက်ကစားခြင်းများ ပြုလုပ်လေ့ရှိပြီး သူမဘဝသည် သက်တောင့်သက်သာဖြင့် ပျော်ရွှင်ဖွယ်ရာကောင်းသည်။
ကျန်းဟွမ်သည် ကုမ္ပဏီသို့သွားသည့်အတွက် ကလေး ၃ ယောက်သာ ကျန်းအိမ်တွင် နေ့လည်စာစားကြသည်။
ထမင်းစားပွဲတွင် ကျန်းဟွမ်မရှိသောအခါ ကျန်းရှို့ချန်မှ အဓိကထိုင်ခုံကို သတိမမူမိစွာဖြင့်ယူလိုက်သည်။ ကျန်းရှို့ချန်သည် အစားအလွန်ရွေးသည့်သူဖြစ်သည့်အတွက် သူကြိုက်သည့်အရာကိုသာ ရွေးစားသည်။ သူ့ဘေးရှိ အန်တီကြီးသည် အရွက်စားဖို့ပြောသော်လည်း နားမထောင်ပေ။ ကျန်းယန်ရှန့်သည် ထိုကလေးကို ဂရုမစိုက်ပေ။ သူတွင် မော်ဒယ်ကဲ့သို့မိခင်တစ်ယောက်ရှိသည့်အတွက် သူ့ အသက် ၁၃ နှစ်အရွယ်တွင် သူမထက်ပင် အတော်လေးအရပ်ရှည်နေခဲ့သည်။ ကျန်းဟယ်လင်း သည် ထိုအချိန်အထိ ပိန်ပိန်ပါးပါးလေးသာရှိခဲ့သည်။
အသီးအရွက်ပေါ်မှကျော်သွားကာ သူ ကြိုက်သည့်အသားများကို လှမ်းယူရန်ပြင်နေသည့် ကျန်းဟယ်လင်းကို ကျန်းယန်ရှန့်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
အစ်မဖြစ်သူ၏ ပြင်းထန်သည့်အကြည့်ကြောင့် သူမ ခဏမျှတုန့်ဆိုင်းသွားကာ နာခံမှုရှိစွာဖြင့် အသီးအရွက်ကိုသာယူပြီး စားလိုက်သည်။ ကျန်းယန်ရှန့်လည်း သူမ စားလက်စကို ဆက်စားလိုက်သည်။
xxxxxxxxxx
Part 16
ကျန်းရှို့ချန် စားသောက်ပြီးသည်နှင့် ပါးစပ်သုတ်ကာ သူမကိုပင်နှုတ်မဆက်ဘဲ ထွက်ပြေးတော့သည်။
ထိုကောင်ဆိုးလေးတွင် အပြုအမူကောင်းများ မရှိတော့ပေ။ ထို့ကြောင့် သူမလည်း သူ့ကိုအကြည့်တစ်ချက်ပင်မပေးခဲ့ပဲ လျင်မြန်စွာစားလိုက်ကာ အပေါ်ထပ်သို့တက်သွားလိုက်သည်။ ကျန်းယန်ရှန့် ဒုတိယထပ်သို့ရောက်သည်နှင့် ကျန်းရှို့ချန်မှ ဗိုက်ကိုလက်နှစ်ဖက်ဖြင့်အုပ်ရင်း ပြေးဆင်းလာသည်။ ကျန်းယန်ရှန့်က သူ့လက်ကိုလှမ်းဆွဲလိုက်ရင်း ‘’ နင် ဘာလုပ်မလို့လဲ…’’ ကျန်းရှို့ချန်က ရုန်းကန်နေရင်း ‘’ ငါ့ကိုလွှတ်..’’
ကျန်းရှို့ချန် အသက် ၁၃ နှစ်အရွယ်တွင် အတော်လေးအရပ်ရှည်ကာ သန်မာနေပြီဖြစ်သည့်အတွက် များပြားလှသော မကောင်းမှုများကိုဖြစ်စေခဲ့သည်။
ယခုအချိန်တွင်သူသည် အသက် ၇ နှစ်အရွယ်သာရှိသေးသည့် နတ်ဆိုးလေးတစ်ကောင်သာဖြစ်သည်။ ကျန်းရှို့ချန် လက်ထဲမှအရာကို ကောင်းစွာကိုင်မထားနိုင်တော့ဘဲ တစ်စုံတစ်ခုသည် အကျီအောက်မှထွက်ကျလာသည်။ ထိုအရာသည် ဂီမ်းစက်တစ်ခုဖြစ်မှန်း ကျန်းယန်ရှန့်တွေ့လိုက်ရသည်။ ကံကောင်းစွာဖြင့် ကျန်းဟယ်လင်းဂိမ်းစက်ကဲ့သို့ စခရင်ကိုမထိသလို ကျန်းဟယ်လင်း၏ ဂိမ်းစက်လည်းမဟုတ်ပေ။
ဒုတိယထပ်တွင် ကျန်းဟယ်လင်းနှင့် သူမသာ နေသည့်အတွက် ကျန်းယန်ရှန့် မျက်ခုံးပင့်ကာ ပွင့်နေသော သူမ၏အခန်းတံခါးကိုလှမ်းကြည့်လိုက်သည်။ အောက်ထပ်သို့မဆင်းခင် အခန်းတံခါးအား သေချာပိတ်ခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်းမှတ်မိသည်။
သူမ တဖက်သို့ငုံ့ကြည့်လိုက်စဉ်တွင် ရန်လိုနေသောအကြည့်ကိုတွေ့လိုက်ရသည်။
‘’ နင် ငါ့အခန်းထဲပစ္စည်းတွေကို ခိုးလာတာလား…’’
ကျန်းရှို့ချန်သည် သူ၏ မဟာရန်သူတော်လက်ထဲတွင် အမိဖမ်းခံနေရသည့်အတွက် အကြောက်အကန်ရုန်းထွက်ကာ ‘’ ငါ့ကိုလွှတ်… ငါ့ကိုလွှတ်…’’
သူ၏ခန္ဓာကိုယ်မှာ သေးသေးလေးနှင့် လုံလောက်သောအင်အားမရှိသေးပေ။ ကျန်းယန်ရှန့်က လက်ကောက်ဝတ်မှဆွဲလိုက်ထားအတွက် မရုန်းနိုင်ဘဲ သူမလက်ကိုကိုက်ရန် ကျန်းရှို့ချန် ကြိုးစားလိုက်သည်။
ကျန်းယန်ရှန့်သည် ကြက်ကလေးနှင့်တူသည့် ကျန်းဟယ်လင်းကဲ့သို့ အားမနည်းသည့်အတွက် လျင်မြန်စွာရှောင်လိုက်ရင်း ကျန်းရှိုချန်မေးကို ညှစ်လိုက်သည်။
ကျန်းရှို့ချန်သည် မျက်နှာနာသွားရုံသာမက စကားလည်းမပြောနိုင်တော့ပေ။ ထို့ကြောင့် သူ့ဆီမှ မပီသသော အသံတစ်ခုထွက်ပေါ်လာသည်။
‘’အင့်…’’
‘’ နင်တော်တော် သတ္တိရှိနေတယ်ပေါ့လေ…’’
ကျန်းယန်ရှန့် အံကြိတ်ရင်း ပြောလိုက်သည်။
‘’ ငါ့အခန်းထဲကိုတောင် ဝင်ရဲတယ်ပေါ့…’’
ဒီအိမ်ကို လျန့်ယင်းယင်း အပိုင်စီးပြီးနောက် ၁၀ နှစ်အရွယ်ကျန်းယန်ရှန့်သည် သူမကိုသေမတတ်မုန်းတီးခဲ့သည်။ သို့သော် သူမသည် ကလေးတစ်ယောက်ဖြစ်သည့်အတွက် ဘာမှမတတ်နိုင်ခဲ့ပေ။ ထိုမိန်းမက သူမမိခင်၏အခန်းတွင်နေကာ သူမမိခင်နေရာကိုအစားထိုးယူပြီး ဒီအိမ်၏သခင်မဖြစ်လာသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
ငယ်ရွယ်သေးသည့် ကျန်းယန်ရှန့်လေးသည် သူမအခန်းထဲသို့ ပြန်ဆုတ်ရန်သာ တတ်နိုင်ခဲ့သည်။ ဒီအခန်းသည် သူမ၏ သီးသန့် သန့်ရှင်းသောနေရာဖြစ်လာပြီး ထိုသားအမိကိုဝင်ခွင့်မပြုရုံသာမက ကျန်းဟွမ်ပင် ဝင်ခွင့်မရှိခဲ့ပေ။
ကျန်းရှို့ချန်သည် အတော်လေး မိုက်ရူးရဲဆန်ကာ သူမအခန်းထဲသို့ဝင်လာရုံသာမက သူမပိုင်ဆိုင်သည့်အရာများကိုပါ ခိုးယူရဲလေသည်။
ထိုနှစ်များတွင် ကျန်းယန်ရှန့်ဘက်မှ ဆူညံသံများထွက်ပေါ်လာသော်လည်း လူကြီးများအတွက် စိတ်ရှုပ်ရုံမှတပါး တခြားမရှိခဲ့ပေ။ ထို့ကြောင့် ဒီလူဆိုးလေးသည် သူမကို မကြောက်ပေ။
သူမ ကျန်းရှို့ချန်ကို အခန်းထဲသို့ ခေါ်လာသည်။
ကျန်းဟယ်လင်းသည် အပေါ်ထပ်သို့တက်လာပြီး ထိုမြင်ကွင်းကိုတွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားသည်။
‘’အစ်မ… အစ်မ… ဘာလုပ်မလို့လဲ…’’
သံသယဖြစ်နေသော ကလေးမလေးသည် မတော်တဆဖြင့် မြေပေါ်မှ ဂိမ်းစက်ကိုခြေထောက်ဖြင့်ကန်မိပြီး အခြေအနေများကို ချက်ချင်းသဘောပေါက်သွားသည်။
‘’ ကျန်းရှို့ချန်.. နင် အစ်မယန်ယန် အခန်းထဲကိုဝင်ခဲ့တာလား..’’ ကျန်းဟယ်လင်း ဒေါသတကြီးဖြင့် အော်လိုက်သည်။
ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်နှင့် နီးကပ်ချင်သော်လည်း သူမနှင့်ကျန်းရှို့ချန်သည် တစ်မအေတည်းမှ မွေးဖွားလာသည်ကိုနားလည်သည်။ အရာအားလုံးကို သူမ မမြင်သေးသော်လည်း လုပ်သင့်မလုပ်သင့်သည်များကိုတော့ အနည်းငယ်နားလည်နေပြီဖြစ်သည်။ ကျန်းရှို့ချန်၏ မကောင်းသည့်အကျင့်ကိုတွေ့ပြီးနောက် သူမ အတော်လေးရှက်သွားသည်။ အထူးသဖြင့် သူမ၏အစ်မဖြစ်သူက သူမကိုဂရုစိုက်ပြီး ဂိမ်းစက်ပါဝယ်ပေးထားသည့်အတွက် သူမ ပို၍ပင် အရှက်တကွဲဖြစ်လာသည်။
သူမ အမှန်တကယ်ပင် ကျန်းရှို့ချန်ကို ရိုက်နှက်ချင်လာသည်။ ကလေးမလေးသည် ရူးမတတ် ဒေါသထွက်နေသည်။ ကျန်းယန်ရှန့် လမ်းလျောက်နေသည်ကိုရပ်လိုက်ရင်း ကျန်းဟယ်လင်းကို စူးစိုက်ကြည့်ကာ အော်လိုက်သည်။
‘’ နင်ပါ အခန်းထဲလာခဲ့…’’
ကျန်းဟယ်လင်း နှုတ်ခမ်းကိုက်ရင်း ကျန်းယန်ရှန့်အခန်းထဲသို့ လိုက်ဝင်လာသည်။ သူမ အတော်လေးစိတ်မသက်မသာဖြစ်နေပြီး အစ်မဖြစ်သူမှ မည်သည့်အရာများ ပြုလုပ်တော့မည်ကို မသိပေ။
အခန်းထဲရောက်သည်နင့် ကျန်းရှို့ချန်မေးရိုးကိုကိုင်ထားသည့်လက်အား ဖြေလျော့လိုက်ချိန်တွင် သူသည် ခွေးတစ်ကောင်ကဲ့သို့ပင် သူမလက်ကိုလှမ်းကိုက်တော့သည်။ သို့သော် ကံကောင်းစွာဖြင့် သူမ လက်ကိုအမြန်ပြန်ဆွဲထုတ်နိုင်ခဲ့သည်။
ဒီကောင်ဆိုးလေးကတော့ တကယ်ကိုသင်ခန်းစာပေးဖို့ လိုနေပြီပဲ… သူက ကောင်းကင်ကော မြေကြီးကော မကြောက်တတ်ဘူးကိုး….
ကျန်းယန်ရှန့် ဒေါသထွက်စွာဖြင့်ပြုံးလိုက်ရင်း သူမလက်ကိုဆန့်တန်းကာ ကျန်းရှို့ချန်မေးရိုးကို ထပ်ညှစ်လိုက်သည်။
‘’ နင် ငါ့ကိုမကြောက်ဘူးမဟုတ်လား… အဲ့ဒီတော့ ဒီနေ့ နင့်ကို သင်ခန်းစာပေးရတော့တာပေါ့…’’
သူမ ကျန်းရှို့ချန်ကို ဆိုဖာဆီသို့ ပစ်ပေါက်လိုက်သည်။ ကျန်းရှို့ချန်တစ်ယောက် မြေပေါ်တွင်တလှိမ့်ချင်လှိမ့်သွားပြီးနောက် သူမသည် သူ၏ပြိုင်ဘက်မဟုတ်မှန်း သဘောပေါက်သွားကာ ချက်ချင်းမတ်တပ်ရပ်ပြီး ထွက်ပြေးချင်စိတ်များဖြစ်ပေါ်လာသည်။
ကျန်းယန်ရှန့် သူ့ကိုနောက်တစ်ကြိမ်ချီကာ ဆိုဖာဆီသို့ ထပ်ကိုင်ပေါက်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် သူမ သူ့အားကိုင်လိုက်သည်နှင့် ကျန်းရှို့ချန်က အကူအညီရရန် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်တော့သည်။ ထို့ကြောင့် သူမက တံခါးဝတွင်ရပ်နေသော ကျန်းဟယ်လင်းကို အော်ဟစ်လိုက်သည်။
‘’ တံခါးကိုပိတ်ပြီး လောခ့်ချလိုက်…’’
အစ်မဖြစ်သူ၏ အမိန့်ကို ကျန်းဟယ်မနာခံဘဲ မနေနိုင်ပေ။ သူမ တံခါးဆီသို့သွားကာ ချက်ချင်းလော့ခ်ချလိုက်ရင်း ရှေ့သို့ဆက်မလျောက်ရဲတော့ပေ။ သူမ အစ်မဖြစ်သူ၏ လေသံကြောင့် ယခုအချိန်တွင် တုပ်တုပ်မျှမလှုပ်ရဲပေ။
ကျန်းယန်ရှန့် ကျန်းရှို့ချန်ကို သယ်ကာ အဝတ်လဲခန်းထဲသို့ဝင်သွားသည်။ မကြာခင်မှာပင် တဖက်မှ ကျန်းရှို့ချန်ကိုကိုင်ထားရင်း တဖက်မှ တုတ်တချောင်းကိုကိုင်ထားကာ အခန်းထဲမှ ထွက်လာသ်ည။
သူမက ဖြူဖျော့နေသည့်ကျန်းဟယ်လင်းကိုကြည့်ရင်း ‘’ အစ်မတစ်ယောက်ဘယ်လိုလုပ်ရလဲဆိုတာ ငါ ဒီနေ့နင့်ကိုသင်ပေးမယ်…’’
သူမသည် ပြောရင်းဖြင့် လက်ကိုမြှောက်ကာ ကျန်းရှို့ချန်၏တင်ပါးကို တုတ်ဖြင့်ရိုက်တော့သည်။
တစ်သက်လုံး အလိုလိုက်ခံထားရသော ကောင်စုတ်လေးသည် သူ့ဘဝတွင် အကြီးဆုံးအစ်မဖြစ်သူထံမှ သူ၏ဖင်အားရိုက်လိုက်သည်ကို ပထမဆုံး ခံစားလိုက်ရတော့သည်။
xxxxxxxxx