Part 17
ကျန်းမိသားစုသည် ကလေးများကိုမရိုက်နှက်ပေ။ အနည်းဆုံးတော့ ကျန်းဟွမ်နှင့် ဆုံးသွားသည့်ဇနီးသည် သူတို့၏ကလေးကို မရိုက်နှက်ပေ။
တချိန်တုန်းက ကျန်းယန်ရှန့်သည် မိသားစုထဲတွင် တစ်ဦးတည်းသောကလေးဖြစ်ခဲ့ပြီး သူမသည် မင်းသမီးလေးတစ်ပါးကဲ့သို့ပင် ။ မည်သူကမျှလည်း မရိုက်ကြပေ။
ကျန်းယန်ရှန့်မိခင်သည် မိဘများမှကလေးကိုမတော်တဆ သတ်လိုက်မိသည့်သတင်းကို ကြည့်မိပြီးနောက် သက်ပြင်းချကာ နောင်တရသံဖြင့် ‘’ ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးပြန်ရိုက်နိုင်မှာလဲ…’’
ကျန်းယန်ရှန့်သည် တိုက်ကွမ်ဒိုနှင့် အသက်အပုတ်ပညာများကို တစ်နှစ်ပတ်လုံးလေ့ကျင့်ထားခဲ့ပြီး နည်းပြများမှ အားနည်းသူများအပေါ် မနှိပ်စက်ရန်ထပ်ခါတလဲလဲ သတိပေးခြင်းခံထားရသည်။
ထို့ကြောင့် သူမတို့၏ပထမဆုံးတွေ့ဆုံမှုတုန်းက အမှားမှလွဲ၍ သူမ၏သွေးတဝက်မွေးချင်းများအပေါ် ဘယ်တုန်းကမှ မရိုက်နှက်ခဲ့ပေ။
သို့သော် အကျိုးရလဒ်အနေဖြင့် ကျန်းရှို့ချန်အသက်ကြီးလာသည့်အချိန်တွင် ……
ထို့ကြောင့်ပင် ကလေးများသည် ငယ်စဉ်ကတည်းက ကောင်းမွန်သည့်သင်ကြားပြသမှုများ လိုအပ်လေသည်။ ဒီတစ်ကြိမ်တွင် သစ်သားချိတ်ဖြင့် ကျန်းရှို့ချန်ကိုရိုက်နှက်လိုက်ရာ ပြင်းထန်စွာအော်ဟစ်တော့သည်။
‘’ နာတယ်… နာတယ်… ငါ့ကိုလွှတ်… နင်ငါ့ကိုရိုက်ရဲတယ်ပေါ့လေ… ငါနင့်ကိုသတ်မယ်…’’
ကျန်းရှို့ချန် ကြီးပြင်းလာချိန်တွင် လုပ်ခဲ့သည့်အရာများကိုတွေးပြီးနောက် ထိုကလေးကိုရိုက်ရန်မှာ သင့်တော်သည်ဟုတွေးလိုက်မိသည်။
သူမ နှုတ်ခမ်းတွန့်လိုက်ကာ ကျန်းရှို့ချန်တင်ပါးကို နောက်တစ်ကြိမ်ရိုက်လိုက်ပြန်သည်။ အမြဲတမ်းစည်းကမ်းမဲ့စွာဖြင့် မောက်မာနေသော ထိုကောင်ဆိုးလေးသည် အကူအညီရရန် အော်ဟစ်တော့သည်။
ကလေးများအား ရိုက်နှက်ရာတွင် ခေါင်း နောက်ကျောနှင့် အစာအိမ်နေရာများသည် ခန္ဓာကိုယ်ကို ပြန်ပြင်မရသည့်ထိခိုက်မှုများဖြစ်စေနိုင်သည်။ ကလေးများလိမ်မာစေရန် ဆုံးမသည့် အကောင်းဆုံးနေရာမှာ တင်ပါးအားရိုက်နှက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် သူမသည် အသက်အပုတ်ပညာရပ်များကို သူမ၏နည်းပြမှကောင်မွန်စွာသင်ပြပေးသည့်အပြင် လူခန္ဓာကိုယ်၏ တည်ဆောက်ပုံနှင့် အားနည်းချက်ရှိသည့်နေရာများကိုပါ ရှင်းပြခဲ့သည်။
ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်ကို ဒေါသတကြီးရိုက်နှက်နေသော်လည်း အဓိကအန္တရာယ်ဖြစ်နိုင်သည့် နေရာများကိုရှောင်ပြီး တင်ပါးကိုသာရိုက်နှက်ခဲ့သည်။
‘’ နင် ဘာမှားလဲဆိုတာသိလား…’’ သူမ သူ့အားနှစ်ချက်ရိုက်ပြီးနောက် မေးလိုက်သည်။
သို့သော်လည်း ကျန်းရှို့ချန်က နာကျင်စွာဖြင့် မျက်ရည်များကျနေသည့်ကြားမှ အရှုံးမပေးဘဲ အော်ဟစ်နေဆဲဖြစ်သည်။
‘’ နင် စောင့်နေ… ငါ့ အဖေပြန်လာရင် .. အဖေက နင့်ကိုသတ်လိမ့်မယ်…’’
‘’နင့် အဖေ… ဟုတ်လား…’’ ကျန်းယန်ရှန့် နှုတ်ခမ်းတွန့်လိုက်ရင်း ‘’ နင့်အဖေ မဖြစ်ခင်ကတည်းက သူကငါ့အဖေအဖြစ် ၈ နှစ်ရှိလာခဲ့တာဟဲ့….’’
သူမ ထိုလူဆိုလေး၏တင်ပါးကို သစ်သားချိတ်ဖြင့်ဆက်ရိုက်လိုက်သည်။ ကျန်းရှို့ချန်သည် နာကျင်မှုကြောင့် ငိုကြွေးနေရသော်လည်း အမှားဝန်ခံရန် ငြင်းဆန်နေဆဲဖြစ်သည်။
ကျန်းဟယ်လင်း စိတ်ထဲ အတော်လေးပျော်ဖို့ကောင်းသည်ဟု ခံစားနေမိသည်။
သူမ၏ မောင်ငယ်လေး ထိုကဲ့သို့အရိုက်ခံသင့်သည်မှာ လွန်ခဲ့သည့်အချိန်များစွာကတည်းကဖြစ်သည်။ သို့သော်လည်း သူမတို့၏မိဘများက ထိုကလေးကို မရိုက်ခဲ့ပေ။ ထို့အပြင် သူတို့စိတ်ဆိုးခဲ့လျင်တောင် ဂိမ်းစက်ကိုသိမ်းဆည်းခြင်း နှင့် အနည်းငယ်ဆူပူခြင်းဖြင့်သာ အပြစ်ပေးခဲ့ကြသည်။
ကျန်းရှို့ချန်သည် ထိုကဲ့သို့သော ပေါ့ပါးသည့်အပြစ်ပေးမှုများကို မကြောက်ရွံ့ခဲ့ပေ။ ငယ်စဉ်ကအတည်းက အလိုလိုက်ခံရပြီး ကောင်းမွန်စွာဆုံးမခြင်းကို မခံရသည့် ကလေးတစ်ယောက်သည် ကြီးပြင်းလာသည့်အချိန်တွင် သူ၏ကံကိုအားကိုပြီး အခွင့်ကောင်းယူပေလိမ့်မည်။
နေ့ရက်တိုင်း ထိုကဲ့သို့ပင်ဖြတ်သန်းခဲ့သည်။
သူမ အစ်မလိုမျိုး တစ်စုံတစ်ယောက်မှ သူ့ကိုသင်ခန်းစာပေးသင့်သည် မဟုတ်ပါလား…
သို့သော်လည်း ကျန်းဟယ်လင်း စိတ်ပူနေသည်မှာ ယခုကဲ့သို့အရိုက်ခံနေရသည့် ကျန်းရှို့ချန်သည် သူမတို့၏ မိဘများပြန်လာချိန် တိုင်တန်းလျင် သူမ မည်သို့တုန့်ပြန်ရမှန်း မသိတော့ပေ။
သို့သော်လည်း ခဏမျှတွေးပြီးနောက် သူမ မကြောက်လန့်တော့ပေ။ ဒီမိသားစုထဲတွင် သူမ၏မိခင်ဖြစ်သူသည် အစ်မဖြစ်သူနှင့် မကြာခဏစကားများသော်လည်း တကယ်တမ်းတွင် အစ်မကို ဘာမှမလုပ်နိုင်ပေ။ သူမ ဖခင်မှ အစ်မဖြစ်သူကို နှစ်သိမ့်ပေးပြီး အရာအားလုံးကိုအေးအေးဆေးဆေးဖြစ်ရန် ညှိနှိုင်းပေးကာ အစ်မကို ဘာမှမလုပ်ပေ။ သူမ၏အစ်မသည် အိမ်တွင် မည်သူကိုမှ မကြောက်ပေ။
ကျန်းဟယ်လင်း ထိုအကြောင်းကိုတွေးလေးလေ မကြောက်တော့လေလေဖြစ်သည်။ ထို့နောက် သူမ မျက်လုံးများသည် ကျန်းယန်ရှန့်ကိုကြည့်နေရင်း တဖြည်းဖြည်း ပို၍တောက်ပလာတော့သည်။
ရုတ်တရက် အခန်းအပြင်မှ တံခါးခေါက်သံထွက်ပေါ်လာသည်။
‘’ယန်ယန်… ယန်ယန်… သမီး ဘာတွေလုပ်နေတာလဲ…’’
အန်တီလော၏ အသံထွက်ပေါ်လာသည်။
‘’ ဘာလို့ ရှို့ရှို့က သမီးအခန်းထဲရောက်နေတာလဲ… သမီး အခုဘာလုပ်နေလို့ ကလေးက ငိုနေတာလဲ.. အခုတံခါးဖွင့်လိုက်နော်…’’
နောက်ထပ်အသံထစ်ခုမှာ အန်တီလောထက် ပိုစိတ်ပူနေပုံရပြီး ထိုအသံမှာ ကျန်းရှို့ချန်၏ ကလေးထိန်းဆရာမအသံပင်ဖြစ်သည်။ သူမက တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်ရင်း ‘’ မစ် ယန်ယန်.. တံခါးဖွင့်… ရှင်ဘာတွေဖြစ်နေတာလဲ… ရှို့ရှို့ရေ… ရှို့ရှို့လေး… သားအဆင်ပြေရဲ့လား… ပြန်ဖြေပါဦးသားလေးရေ’’
တခြားတစ်ယောက်အသံကြားသည့်တွက် ကျန်းရှို့ချန်က အော်ဟစ်တော့သည်။
‘’ ကယ်ကြပါ… ကယ်ကြပါဦး… ကျန်းယန်ရှန့် သားကိုသတ်နေလို့….’’
ကျန်းရှို့ချန် ထိုကဲ့သို့အော်လိုက်သည်နှင့် ကျန်းဟယ်လင်း နောက်တစ်ကြိမ်ထိတ်လန့်သွားပြန်သည်။ သူမ မသိစိတ်၏စေခိုင်းမှုအရ ကြောက်လန့်စွာဖြင့် တံခါးလက်ကိုင်ဆီသို့ လက်လှမ်းလိုက်စဉ် ကျန်းယန်ရှန့် အော်ပြီးတားလိုက်သည်။
‘’ တံခါးဖွင့်မပေးနဲ့...’’
ထိတ်လန့်မှုကြောင့် ကျန်းဟယ်လင်း တကိုယ်လုံးတုန်ယင်သော်လည်း နာခံစွာဖြင့် တံခါးဖွင့်မပေးတော့ပေ။
‘’ ယန်ယန်… ကျေးဇူးပြုပြီး တံခါးဖွင့်လိုက်နော်…’’
‘’မစ် ယန်ယန်.. အရှုပ်တွေမလုပ်ပါနဲ့…. ရှို့ရှို့က ငယ်သေးတယ်… သူ့ကိုမရိုက်နဲ့… မစ် ယန်ယန်…. မစ် ယန်ယန်… တံခါးအရင်ဖွင့်လိုက်ပါ… အဲ့အကြောင်းကိုသေသေချာချာပြောရအောင်လေ…’’
ကျန်းရှို့ချန်သည်ရိုက်နှက်ခံနေရပြီး သူ့အားတာဝန်ယူရသည့်ကလေးထိန်းသည် ထိတ်လန့်နေလေသည်။ သူမသည် အန်တီလောထက် ပိုစိုးရိမ်နေသည့်အတွက် တံခါးကိုပြင်းထန်စွာရိုက်ပုတ်တော့သည်။
ကျန်းယန်ရှန့် အသံကိုမြှင့်လိုက်ရင်း ‘’ စိတ်မပူနဲ့… ကျွန်မ သူ့တင်ပါးကိုပဲရိုက်နေတာ… တခြားနေရာမပါဘူး… ကျွန်မမှာလဲ ကိုယ့်အတိုင်းအတာနဲ့ကိုယ်ရှိတယ်…’’
ကျန်းယန်ရှန့် တံခါးဖွင့်ရန်ငြင်းဆန်လိုက်သော်လည်း သူမ၏အသံမှာတည်ငြိမ်နေကာ ဒေါသကြောင့် လုံးထွေးရှုပ်ပွနေသော စကားသံများ မပါဝင်ပေ။ အိမ်စေများ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း အထဲသို့ဝင်ခွင့်ပြုရန် တံခါးကိုရိုက်ပုတ်နေဆဲဖြစ်သည်။
တံခါးအားရိုက်ပုတ်သံများကို ကျန်းယန်ရှန့် လျစ်လျူရှုပြီး ကျန်းရှို့ချန်အား ထပ်မံရိုက်နှက်ကာ မေးလိုက်သည်။
‘’ နင် ဘာမှားလဲဆိုတာ သိလား…’’
ကျန်းရှို့ချန်သည် အပြင်မှအကူအညီကို တောင်းခံနေပြီး သူ၏အမှားကိုဝန်ခံခြင်းမရှိပေ။ သူသည် အသံအကျယ်ကြီးဖြင့် ဆက်လက်ငိုကြွေးဆဲဖြစ်ကာ အတိတ်တုန်းက ထိုနည်းလမ်းသည် နောက်ဆုံးတွင် အသုံးဝင်လေ့ရှိသည်မဟုတ်ပါလား။
ကျန်းယန်ရှန့်က နှုတ်ခမ်းတွန့်လိုက်ရင်း သူမလက်ကိုထပ်မြှောက်ကာ ကျန်းရှို့ချန်ကို နောက်ထပ် သုံးကြိမ်ရိုက်လိုက်သည်။ ကျန်းရှို့ချန်သည် နာကျင်လွန်း၍ မျက်ရည်များနှင့်နှပ်များပင်ကျလာကာ ပြင်းပြင်းထန်ထန် ငိုနေတော့သည်။
xxxxxx
Part 18
‘’အစ်မ’’
တံခါးအားကိုယ်လုံးဖြင့်မှီထားသည့် ကျန်းဟယ်လင်းက အပြင်မှအသံကိုနားထောင်ရင်း ရုတ်တရက်ပြောလိုက်သည်။
‘’ အန်တီဝမ် ညီမလေးအမေကို ဖုန်းသွားခေါ်နေပြီ…’’
ကျန်းရှို့ချန် ထိုစကားကိုကြားပြီးနောက် ငိုသံမှာရုတ်တရက် ရပ်သွားသည်။
ကျန်းယန်ရှန့်က သူ့ကို အားဖြင့်ဖိကိုင်လိုက်ရင်း ‘’ နင့်အမေ လာကယ်နိုင်မယ်လို့ထင်နေတာလား… အခု နင့်အမေက ဘယ်မှာလဲ… သူမက မနက်မိုးလင်း နိုးကတည်းက ရှော့ပင်ထွက်ပြီး မာကျောက်သွားကစားနေပြီမဟုတ်လား… တကယ်လို့ သူမ ပြန်လာမယ်ဆိုရင်တောင် အနည်းဆုံး တစ်နာရီလောက်ကြာလိမ့်မယ်… ငါ နင့်ကိုရိုက်ဖို့အတွက်ကတော့ နှစ်စက္ကန့်ပဲလိုတယ်… တစ်မိနစ်မှာ စက္ကန့် ၆၀ ရှိတယ်… တစ်နာရီမှာ ၆၀ မိနစ်တောင်ရှိတယ်… လာလေ… အခုက စရေတွက်ပြီး တစ်နာရီအတွင်း ငါနင့်ကို ဘယ်နှစ်ချက်ရိုက်လို့ရလဲဆိုတာ ကြည့်ရအောင်…’’
ထိုအရာကို ကျန်းရှို့ချန်၏ သချာ်အခြေခံဖြင့် နားမလည်နိုင်သော်လည်း အဖြေက အရမ်း အရမ်းများနေမည်ဆိုသည်ကို နားလည်လေသည်။ ထို့ကြောင့် နောက်ဆုံးတွင် စတင်ကြောက်လန့်လာတော့သည်။
‘’တကယ်လို့ အမေပြန်လာရင်ကော နင်ဘယ်လိုလုပ်မလဲ… အဖေ ပြန်လာရင်ကော နင်ဘယ်လိုလုပ်မလဲ…’’
ကျန်းယန်ရှန့်က အပြုံးလေးဖြင့် ‘’ ဒီမိသားစုထဲမှာ ငါဘယ်သူ့ကိုကြောက်တယ်လို့ နင်ထင်လဲ…. ငါကြောက်တဲ့သူကို နင်မြင်ဖူးလား…’’
ကျန်းရှို့ချန် ခဏမျှစဉ်းစားလိုက်ပြီးနောက် … ‘ ကျန်းယန်ရှန့်က ဘယ်သူကိုမှ မကြောက်ဘူးထင်တယ်…’
ထို့အပြင့် သူ၏မိခင်နှင့် ဖခင်ဖြစ်သူလည်း ဘာမှလုပ်ပေးနိုင်ပုံမရပေ။ သူ၏မိခင်ဖြစ်သူပင် သူမနှင့်စကားများသော်လည်း တခြားဘာမှမတတ်နိုင်သည့်အပြင့် သူ့အစ်မ၏ ဂိမ်းစက်ကိုတောင် မသိမ်းဖူးပေ။ အလွန်ဆုံး သူ့မိခင်က သူ့ကိုပွေ့ဖက်ရင်း ကျန်းယန်ရှန့်ကို တိတ်တိတ်ကလေး ကျိန်ဆဲရုံသာတတ်နိုင်သည်။
‘’ အစ်မ စကားကိုနားထောင်စမ်း…’’
သူ အပြည့်အဝနားမလည်သေးသော်လည်း သူ၏တင်ပါးမှာ အတော်လေးနာကျင်နေပြီဖြစ်သည်။ ကျန်းရှို့ချန် နောက်တစ်ကြိမ် စတင်ငိုကြွေးတော့သည်။
ကျန်းယန်ရှန့်၏ဖုန်းဆီမှ ရုတ်တရက် အသံမြည်လာသည့်အတွက် ကျန်းဟယ်လင်း ထိတ်လန့်သွားသည်။ သူမသည် ဖုန်းနားသို့လျောက်သွားရင်း ကျန်းယန်ရှန့်အား ခေါင်းပြန်မော့ကြည့်ကာ ‘’ အစ်မ… အဖေ ဆက်တာ…’’
ကျန်းယန်ရှန်က လေးနက်သောလေသံဖြင့် ‘’ ဒီကိုယူလာခဲ့…’’
ကျန်းဟယ်လင်း ဖုန်းကိုယူကာ ကျန်းယန်ရှန့်လက်ထဲသို့ထည့်ပေးလိုက်သည်။
ကျန်းယန်ရှန့်က လက်တစ်ဖက်တည်းဖြင့် ကျန်းရှို့ချန်ကိုကိုင်လိုက်ရင်း ကျန်းဟယ်လင်းဆီသို့ သစ်သားချိတ်ကိုလှမ်းပေးလိုက်သည်။
‘’ ဒီဟာကို ခဏကိုင်ထားပေး…’’
ကျန်းဟယ်လင်း ချက်ချင်းပင် သူမလက်ထဲမှ သစ်သားချိတ်ကို လှမ်းယူရင်း ဖုန်းပေးလိုက်သည်။
ကျန်းယန်ရှန့် ဖုန်းဖြေလိုက်သည်။ ‘’ ဟဲလို…’’ တဖက်သူမှာ ကျန်းဟွမ်ဖြစ်သည့်အတွက် သူမ၏အသံသည် မပြောင်းလဲဘဲ တည်ငြိမ်နေသည်။
ဖုန်းထဲမှ စိုးရိမ်မှုများရောထွေးနေသော ကျန်းဟွမ် အသံထွက်ပေါ်လာသည်။
‘’ ယန်ယန်… ယန်ယန်… သမီးဘာလုပ်နေတာလဲ… ရှို့ရှို့ကို ရိုက်နေတာလား…’’
ကျန်းရှို့ချန်သည် အဖေဖြစ်သူ၏ အသံကိုကြားလိုက်ရသည်နှင့် ချက်ချင်းပင်အော်ဟစ်တော့သည်။
‘’ အဖေ… အဖေ… ကျန်းယန်ရှန့် သားကိုရိုက်တယ်…’’
ကျန်းယန်ရှန့် ဖုန်းကိုဆိုဖာပေါ်သို့ပစ်တင်လိုက်ရင်း ကျန်းဟယ်လင်းဆီမှ သစ်သားချိတ်ကိုလှမ်းယူကာ သုံးကြိမ်တိုင်တိုင် တဖြန်းဖြန်းဖြင့်ရိုက်တော့သည်။
‘’ နင် ငါ့နာမည်ကိုတိုက်ရိုက်ခေါ်ရဲတယ်ပေါ့လေ… နင်တော်တော် ရိုင်းနေတာပဲ…ပြီးတော့ တခြားသူဖုန်းပြောနေတယ်ဆိုရင် ငြိမ်ငြိမ်လေး နေရမှာ မသိဘူးလား… နောက်ထပ် လုပ်ရဲလုပ်ကြည့် ငါနင့်ကိုရိုက်ပစ်မယ်…’’
ကျန်းရှို့ချန်တစ်ယောက် မျက်ရည်များဖြင် ပါးစပ်ပိတ်သွားတော့သည်။
ကျန်းဟယ်လင်းသည် ကျွမ်းကျင်စွာဖြင့် ဆိုဖာပေါ်မှဖုန်းကိုကောက်လိုက်ပြီး သူမလက်ထဲမှ ချိတ်ကိုပြန်ယူကာ ဖုန်းပြန်ကမ်းပေးလိုက်သည်။
သူမ ညီမလေးက တကယ့်ကိုအဖော်ကောင်းတစ်ယောက်ပဲ…
ကျန်းယန်ရှန့် ဖုန်းကိုနားရွက်နားသို့ကပ်လိုက်ရင်း ‘’ အဖေ… အခုဘာပြောလိုက်တာလဲ… ကျန်းရှို့ချန် အော်နေလို့ သမီးသေသေချာချာ မကြားလိုက်ရဘူး..’’
ကျန်းဟွမ် ခဏလောက် ပြောစရာစကားများပျောက်ရှသွားပြီးနောက် ‘’ သူက ငယ်သေးတယ်… သမီးသူ့အကြောင်းကောင်းကောင်းမသိပါဘူး… ယန်ယန်… သူ့ကို အရင်လွှတ်လိုက်လေနော်… အဖေ ညဘက်ပြန်လာတော့မှ သေသေချာချာရှင်းလင်းပေးပါ့မယ်…’’
ကျန်းယန်ရှန့်က တည်ငြိမ်ဖြေးညှင်းစွာဖြင့် ‘’ အဖေ အလုပ်မရှုပ်ဘူးလား.. ဒါကို သမီးလုပ်လိုက်ပါ့မယ်… ဒီ နွေရာသီအားလပ်ရက်မှာ သမီးလုပ်စရာ ဘာမှမရှိဘူးလေ…
ကျန်းဟွမ် သူ၏သမီးအကြောင်းကို အနည်းငယ်တော့သိသေးသည်။ သူမသည် ခေါင်းမာပြီး ဒေါသကြီးသည်။ သူမ သာမလုပ်ချင်ဘူးဆိုလျင် သေတာတောင်လုပ်မည့်သူမဟုတ်ပေ။ ထို့ကြောင့် သူက အကောင်းဆုံးစကားလုံးကိုရွေးကာ ‘’ ဟုတ်ပါပြီ… အရမ်းတော့မလုပ်နဲ့လေ… သမီးက အသတ်အပုတ်ကောင်းကောင်းလေ့ကျင့်ထားတဲ့သူမဟုတ်လား… သူက အရမ်းငယ်သေးတယ်ဆိုတော့ မရိုက်ပါနဲ့…’’
‘’ အဲ့လောက်လဲမဟုတ်ပါဘူး စိတ်မပူပါနဲ့… သမီး လေ့ကျင့်ရေးတွေအများကြီးလုပ်ထားတာမို့လို့ ဘယ်နေရာမှာ ရပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်… ပြီးတော့ သမီးက သူ့တင်ပါးကိုပဲရိုက်တာ တခြားနေရာကိုမရိုက်ဘူး… အဲ့ဒါကြောင့် တခြားပြဿနာမရှိဘူး…’’
ဖုန်းတဖက်မှ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ကျန်းဟွမ်၏ စကားတစ်ခွန်းသာထွက်ပေါ်လာသည်။
‘’ဪ…’’
‘’ တင်ပါးကိုပဲရိုက်တာလား…’’ သူက ထပ်မေးလိုက်သည်။
‘’ တခြားနေရာကို မရိုက်ဘူးလား…’’
‘’ဟုတ်ကဲ့…’’ ကျန်းယန်ရှန့် ဖြေလိုက်သည်။
‘’ တကယ်လို့ ခေါင်း၊ နောက်ကျော ဒါမှမဟုတ် ဗိုက်တွေကို ရိုက်လို့ရှိရင်အန္တရာယ်ရှိတယ်... ခြေထောက်တွေကိုရိုက်ရင်လည်း မကောင်းဘူး… ကလေးနဲ့ သက်ကြီးရွယ်အိုတွေက အထိခိုက်လွယ်တယ်လေ… ပေါင်နားကအရွတ်တွေ သွေးကြောတွေလဲ ပေါက်ပြဲသွားနိုင်တယ်… အဲ့လိုသာဆိုရင် တစ်သက်လုံး အန္တရာယ်ရှိနိုင်တယ်…. ဒါကြောင့် ကလေးကိုရိုက်နိုင်တဲ့ နေရာက တင်ပါးတစ်နေရာပဲရှိတာလေ… စိတ်မပူပါနဲ့… ကျန်းဟယ်လင်းလည်း ဒီမှာရှိနေတယ် … သမီး အရှုပ်တွေမလုပ်ပါဘူး…’’
လျန့်ယင်းယင်း မိသားစုထဲသို့ဝင်လာကတည်းက ကျန်းယန်ရှန့်သည် သူအားယခုကဲ့သို့ တည်ငြိမ်စွာဖြင့် စကားမပြောတော့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
မဟုတ်သေးဘူး… သူမက မနေ့ညကတည်းက နည်းနည်းချင်းပြောင်းလဲနေတာ….
ကျန်းယန်ရှန့်၏ တည်ငြိမ်အေးဆေးသည့်လေသံကြောင့် ကျန်းဟွမ် အနည်းငယ်ယုံကြည်သွားသော်လည်း ချောင်းဆိုးလိုက်ရင်း ‘’ ဒါဆို သမီးသူ့ကို နှစ်ခါလောက်ပဲရိုက်ပေါ့ … ပြီးတော့ အရမ်းလဲ မရိုက်ပါနဲ့…’’
ကျန်းယန်ရှန့် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ ရှင်းပြချက်သည် အနည်းငယ်ရွဲ့သလို ဖြစ်နေသော်လည်း ကျန်းဟွမ်ဘက်မှ အမှန်တကယ်လက်ခံလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ကျန်းယန်ရှန့် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ‘’ သမီးသိပါတယ်…’’
ဖုန်းမချခင် ကျန်းဟွမ် က ‘’ သူက တော်တော်လေးဆိုးနေတာဆိုတော့ အခုလိုထိန်းသင့်တယ်…’’
အစမှ အဆုံးအထိ ကျန်းရှို့ချန် ၏အပြစ်ကို မမေးခဲ့ပေ။
‘’ နင်ကြားလား…’’ ကျန်းယန်ရှန့် ဖုန်းချပြီးနောက် ကျန်းရှို့ချန်ကို မေးလိုက်သည်။
‘’’ နင့်ကို ဘယ်သူလာကယ်မှာလဲ…’’
သူမ ကျန်းဟယ်လင်းဆီမှ သစ်သားချိတ်ကို လှမ်းယူလိုက်ရင်း ဖြေးညှင်းစွာဖြင့်မေးလိုက်သည်။
‘’ နင့်အမှားကိုသိပြီလား…’’
ကျန်းရှို့ချန် မျက်နှာပေါ်တွင် မျက်ရည်နှင့်နှပ်များပြည့်နေပြီး ကျန်းယန်ရှန့်အား ကြောက်ရွံ့ ၊ မုန်းတီး၊ စိတ်ပျက်သည့် အကြည့်များဖြင့်ကြည့်နေသည်။
ကျန်းရှို့ချန်၏ ကလေးထိန်း အန်တီဝမ်သည် ကျန်းဟွမ်နှင့် လျန့်ယင်းယင်းအား ဖုန်းခေါ်ပြီးနောက် ဒုတိယထပ်သို့ပြန်ပြေးတက်လာသည်။
အန်တီလောသည် တံခါးနားသို့ကပ်ကာ နားထောင်နေဆဲဖြစ်သည်။ အန်တီဝမ်က တံခါးနားသို့ကပ်၍ နားထောင်လိုက်စဉ် ကျန်းရှို့ချန်၏ ငိုသံမကြားရတော့ပေ။
သူမက အန်တီလောကို အလျင်စလိုဆွဲလိုက်ရင်း ‘’ ဘာဖြစ်သွားတာလဲ…’’
အန်တီလောက သူမနှုတ်ခမ်းပေါ် လက်ညှိုးတင်လိုက်ရင်း ပြောလိုက်သည်။
"ရှူး….’ ရှို့ရှို့က သူ့အမှားကိုဝန်ခံလိုက်ပြီ…’’
xxxxxxxx