အပိုင်း ၁၉-၂၀
Viewers 24k

Part 19


လျန့်ယင်းယင်းနှင့် ကျန်းဟွမ်အိမ်ပြန်ရောက်လာသည်။


လျန့်ယင်းယင်းသည် အန်တီဝမ်ဆီမှ ဖုန်းလက်ခံရပြီးသည်နှင့်တပြိုင်နက် ကျန်းဟွမ်အား ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အန်တီဝမ်သည် သူမဆီသို့ဆက်ပြီးနောက် ကျန်းဟွမ်ကိုဖုန်းထပ်ဆက်နေသည့်အတွက် သူမ ဆက်သည့်အချိန်တွင် ဖုန်းမအားတော့ပေ။ 


အန်တီဝမ်ဆီမှ ဖုန်းလက်ခံရပြီးနောက် ကျန်းဟွမ်သည် ချက်ခြင်းကျန်းယန်ရှန့်ကို ဖုန်းခေါ်လိုက်သည်။ ထို့ကြောင့် လျန့်ယင်းယင်း၏ ဖုန်းခေါ်ဆိုမှုသည် လိုင်းမအားသေးပါနှင့်သာ နောက်တစ်ကြိမ် အဆုံးသတ်သွားရသည်။


ထိုအဖြစ်အပျက်မျိုးသည် လူတစ်ယောက်ကို ဒေါသထွက်စေရန်လုံလောက်သည်။ 


နောက်ဆုံး လျန့်ယင်းယင်း ကျန်းဟွမ်နှင့် ဖုန်းအဆက်အသွယ်ရသွားချိန်တွင် သူမ၏အသံမှာ ကျန်းဟွမ်နားထဲသို့ စူးရှစွာဖြင့်ဝင်ရောက်သွားတော့သည်။


ထို့ကြောင့် ကျန်းဟွမ်က ဒေါသထွက်စွာဖြင့် မာန်မဲလိုက်သည်။


 ‘’ ဘာလို့ဖုန်းခေါ်နေတာလဲ… ယန်ယန်က ရှို့ရှို့ကိုရိုက်တဲ့ကိစ္စလား… အဲ့ဒါဆို ငါသိပြီးပြီး … အားလုံးအဆင်ပြေတယ်’’


လျန့်ယင်းယင်း က စိတ်မထိန်းနိုင်စွာဖြင့် ငိုရင်းပြောလိုက်သည်။


 ‘’ ရှင်က တကယ်အဆင်ပြေတယ်လို့ပြောနိုင်သေးတာလား…. ရှို့ရှို့က မွေးကတည်းက ဘယ်တုန်းကမှ အရိုက်ခံခဲ့ဖူးတာမဟုတ်ဘူး… ရှင့်သမီးက အသက် ၁၅ နှစ်ရှိနေပြီ… ရှို့ရှို့ အသက်က ဘယ်လောက်ရှိသေးလို့လဲ… တကယ်လို့ သူမသာ ရှို့ရှို့ကိုဆိုးဆိုးရွားရွားဖြစ်အောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ… သူက ရှင့်သားနော်…’’


ကျန်းဟွမ် ‘’ သူ အဲ့လောက်ဆိုးဆိုးရွားရွား အရိုက်ခံရမှာမဟုတ်ဘူး… ငါ ယန်ယန်နဲ့ ဖုန်းပြောပြီးပြီ… စိတ်မပူနဲံ… ယန်ယန်က သတ်မှတ်ချက်ကိုသိတယ်…’’


ယခု အသက် ၁၅ နှစ်ရှိသော ကျန်းယန်ရှန့်သည် ဆံပင်ကို ဆေးမဆိုးထားသလို့ တက်တူးများမရှိ၊ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းမရှိသေးပေ။ သူမသည် လျန့်ယင်းယင်းနှင့် ငါးရက်တစ်ကြိမ်အကြီးအကျယ်ရန်ဖြစ်တတ်သလို သုံးရက်တစ်ကြိမ်ခန့် ရန်ပွဲအသေးလေးတစ်ချို့ဖြစ်နေသော်လည်း တိုက်ကွမ်ဒိုနှင့် အသတ်အပုတ်များလေ့ကျင့်ထားသည့် သူတစ်ယောက်ဖြစ်သည့်အတွက် သူမမုန်းသည့်သူတစ်ယောက်အပေါ်တွင် ပြင်းထန်သည့်ရိုက်နှက်ခြင်းများပင် မလုပ်ခဲ့ပေ။ 


ထို့ကြောင့် ကျန်းဟွမ် နှလုံးသားထဲတွင် သူမသည် မိန်းမကောင်းလေးတစ်ယောက် ဖြစ်နေဆဲပင်။


မနေ့ညက သူမ၏ အပြုအမူများသည် လူကြီးသူမများရှေ့တွင် အတော်လေးရည်မွန်ခဲ့ပြီး သူ၏မိခင်အရင်းကပင် သူမလေး ညဏ်ကောင်းစွာကြီးပြင်းလာသည့်အတွက် ချီးကျူးခဲ့လေသည်။


ထို့ကြောင့် ကျန်းဟွမ်သည် ကျန်းယန်ရှန့်နှင့်ပတ်သတ်ပြီး အတော်လေး ယုံကြည်မှုရှိသည်။ တကယ်တမ်း ကျန်းရှို့ချန်အရိုက်ခံနေရကြောင်း ဖုန်းလက်ခံရရှိချိန်တွင် ကျန်းရှို့ချန်တစ်ယောက် ရိုက်ခံသင့်သည်ဟု တွေးခဲ့မိသည့်အတွက် မည်သည့်မေးခွန်းမှမေးစရာမလိုဟုတွေးမိပြီး သမီးကြီးဖြစ်သူကိုပဲ ယုံကြည်လိုက်သည်။ 


လျန့်ယင်းယင်းမှာ သေမတတ်ဒေါသထွက်နေသည်။ ကျန်းယန်ရှန့်သည် ငွေကုန်ကြေးကျခံ ကုန်ပစ္စည်းတစ်ခုသာသာဖြစ်သော်လည်း ကျန်းဟွမ်စိတ်ထဲတွင် အနည်းငယ်အလေးသာနေမှန်း သူမ သတိထားလိုက်မိသည်။


လျန့်ယင်းယင်း ဒီအရာကို သည်းမခံနိုင်ပေ။  ကျန်းမိသားစု၏အနာဂတ်သည် ကျန်းရှို့ချန် လက်ထဲတွင်သာရှိသင့်သည်မဟုတ်ပါလား… ဘာကြောင့် မိန်းကလေးတစ်ယောက်ဖြစ်သည့် ကျန်းယန်ရှန့်က ကျန်းဟွမ်ရဲ့ နှလုံးသားထဲမှာ နေရာယူနေရတာလဲ…. အနာဂါတ်မှာ ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သူမကို ခွဲပေးရတော့မလား….


သို့သော် လျန့်ယင်းယင်းသည် သူမဒေါသများကို ကျန်းဟွမ်ရှေ့တွင် ဖွင့်မချရဲပေ။ သူမသည် သားတစ်ယောက်အပေါ်မှီခိုနေရသည့် အငယ်အနှောင်းသာဖြစ်သည်။  အကယ်၍ သူမသာ သားတစ်ယောက် မမွေးဖွားခဲ့လျင် ကျန်းဟယ်လင်းနှင့်အတူ အပြင်ဘက်တွင်သာနေထိုင်ရမည်ဖြစ်သည်။


သူမအတွက် ကျန်းဟွမ်သည် ခင်ပွန်းဖြစ်သည့်အပြင့် ရွှေတွင်းကြီးဖြစ်သည်။


လျန့်ယင်းယင်း ငိုရင်း ကျန်းဟွမ်ကို အိမ်သို့ချက်ခြင်းပြန်ရန် တိုက်တွန်းလိုက်သည်။ ကျန်းဟွမ်လည်း လျန့်ယင်းယင်းနှင့်ဖုန်းပြောပြီးသည်နှင့်တပြိုင်နက် မတတ်သာဘဲ အနည်းငယ်စိတ်ပူစွာဖြင့် ကုမ္ပဏီကိုထားခဲ့ကာ အိမ်သို့ပြန်လာခဲ့သည်။


သူတို့နှစ်ယောက်လုံးအိမ်သို့ ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီးနောက် ကျန်းဟွမ် အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဟောခန်းထဲမှ ကျန်းရှို့ချန်၏ အော်ဟစ်သံနှင့်အတူ လျန့်ယင်းယင်း၏ ကျိန်ဆဲသံကိုပါ ကြားလိုက်ရသည်။


သို့သော် အပေါ်ထပ်သည်တိတ်ဆိတ်နေပြီး ကျန်းယန်ရှန့်က သူမမျက်နှာထွက်မပြပေ။ လျန့်ယင်းယင်း၏ ကျိန်ဆဲမှုများကြောင့် ကျန်းဟွမ်မျက်မှောင်ကြုတ်ရင်း အော်လိုက်သည် ‘’ မင်း ဘာတွေပြောနေတာလဲ… ကိုယ့်စကားကို သတိထားစမ်း…’’


လျန့်ယင်းယင်း ပါးစပ်ပိတ်လိုက်သည်။ ကျန်းဟွမ်‌ရှေ့တွင် သူမ၏ပုံရိပ်ကိုထိန်းသိမ်းလိုသည့်အတွက် နောက်ထပ် ဆဲရေးခြင်းမလုပ်တော့ပေ။ သို့သော် ချက်ခြင်းပင် သူမ မျက်လုံးထဲမှာ မျက်ရည်များက မိုးရေလိုစီးကျလာပြီး စိတ်ဆင်းရဲစွာဖြင့် ငိုကြွေးတော့သည်။ 


‘’ ရှို့ရှို့ရဲ့ တင်ပါးကိုကြည့်ပါဦး… သူက ဒီလောက်အထိကြီးပြင်းလာပေမယ့် ကျမ တစ်ခါမှတောင် သူ့ကိုရိုက်ခဲ့တာမဟုတ်ဘူး…’’ 


ကျန်းဟွမ်က ကျန်းရှို့ချန်ကိုပြောလိုက်သည်။ ‘’ မင်းရဲ့ဘောင်းဘီကိုချွတ်ပြီး အဖေ့ကိုပြစမ်း’’


ကျန်းရှို့ချန်သည် သူ့မိဘများက သူအတွက် လက်စားချေပေးမည်ကို စိတ်ထဲမှတွေးနေမိသည်။ ထို့ကြောင့် ချက်ချင်းပင် ဘောင်းဘီကို ခြေကျင်းဝတ်အထိ ချွတ်ချလိုက်သည့်အတွက် ဖင်တုံးလုံးလေးဖြစ်သွားတော့သည်။


လှေကားထောင့်မှ ချောင်းကြည့်နေသော ကျန်းဟယ်လင်းသည် ချက်ခြင်းမျက်လုံးမိတ်ထားလိုက်တော့သည်။


ကျန်းဟွမ် ‘’ ….. ‘’


ကျန်းဟွမ် ကျန်းရှို့ချန်တင်ပါးကို စစ်ဆေးပြီးနောက် အနီရောင်အရာများကိုတွေ့လိုက်ရသည်။ အရိုက်ခံရသည့်အချိန်တွင် အတော်လေးနာမည့်ပုံပေါ်သည်။ သို့သော်လည်း တင်းပါးပေါ်ရှိ ထိုအနီရောင်အရှိုးရာများသည် ကြွက်သားနှင့် အရိုးများကို မထိခိုက်စေသည့်အပြင့် အရေပြားပင် မပေါက်ပြဲခဲ့ပေ။

ကျန်းဟွမ် စိတ်သက်သာရာရသွားသည်။


‘’ ရပြီ… သူ့ဖင်ကို အရိုက်ခံလိုက်ရုံပဲ…’’


လျန့်ယင်းယင်း ထပ်မငိုနိုင်တော့ပေ။ ‘ ဒါက လူသားတစ်ယောက်ပြောရမယ့်စကားလား… ကိုယ့်အသားအရင်းခေါက်ခေါက်ကြီးက အရိုက်ခံနေရတာတောင်မှလေ…’


‘’ သူမက ဘာလို့ကျွန်မသားကိုရိုက်ရတာလဲ… သူမ အသက်ဘယ်လောက်ရှိနေပြီလဲ… ရှို့ရှို့က အခုမှ နည်းနည်းလေးကြီးပြင်းလာရုံရှိသေးတယ်.. အား.. ဒါက ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုပဲ…’’


ကျန်းဟွမ် ကျန်းရှို့ချန်ကို မေးလိုက်သည်။ 


‘’ သားအစ်မကို စိတ်ဆိုးအောင် ဘာလုပ်လိုက်လဲ…’’


ကျန်းရှို့ချန် တုန့်ဆိုင်းနေသည်။ ထိုမေးခွန်းတွင် တစ်စုံတစ်ခု မှားနေမှန်း သူသိနေသည်။


ကျန်းဟွမ် အပေါ်ထပ်သို့ လှန်းကြည့်လိုက်ချိန်တွင် လှေကားထောင့်တွင် ပုန်းနေသော ကျန်းဟယ်လင်းကိုတွေ့လိုက်သည့်အတွက် အော်လိုက်သည်။


 ‘’ ဟယ်ဟယ်… သမီးအစ်မကို အောက်ဆင်းလာဖို့ သွားခေါ်လိုက်’’


ကျန်းဟယ်လင်း လျင်မြန်စွာဖြင့် အပေါ်ထပ်သို့ပြေးတက်ကာ တံခါးခေါက်လိုက်သည်။


 ‘’ အစ်မ… အမေနဲ့ အဖေပြန်လာပြီ… ကျန်းရှို့ချန်က သူ့ကိုအစ်မ ရိုက်တယ်လို့ တိုင်ထားတယ်.. အစ်မ .. အဖေက အစ်မကို အောက်ဆင်းလာဖို့ ညီမလေးကိုပြောလိုက်တယ်…’’


ထို့နောက် ကျန်းယန်ရှန့် အခန်းတံခါးရုတ်တရက်ပွင့်လာသည်။


‘’ ငါ နားလည်ပြီ…’’ ကျန်းယန်ရှန့် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။


‘’ နင်က ဘာလို့ ဒီလောက်ထိ လန့်ဖြန့်နေရတာလဲ… တည်တည်ငြိမ်ငြိမ်ကိုမရှိဘူး…’’


ကျန်းဟယ်လင်း လျှာတစ်လစ်လေးထုတ်ပြလိုက်ရင်း ကျန်းယန်ရှန့်အနောက်မှ အောက်ထပ်သို့ဆင်းလာသည်။


သူမ အောက်ထပ်သို့ရောက်သည်နှင့် လျန့်ယင်းယင်း၏ ရွံစရာကောင်းသည့်အကြည့်ကြောင့် တဖက်သို့အကြည့်ပြောင်းလိုက်သည်။ ‘


‘’ အဖေ.. သူ့ကိုရိုက်.. သူ့ကိုရိုက်ပစ်…’’ 


ကျန်းရှို့ချန်သည် ကျန်းဟွမ် လက်မောင်းကိုဆွဲယမ်းရင်း သူ့အတွက် လက်စားချေရန်မျှော်လင့်တကြီး တောင်းဆိုနေသည်။ ယခုအချိန်တွင် သူ၏ မိဘများရောက်နေပြီဖြစ်သည့်အတွက် အရင်ကဲ့သို့ပင် မိုးမြေမကြောက်သည့် ကောင်ဆိုးလေးတစ်ယောက် ပြန်ဖြစ်လာသည်။


ကျန်းဟွမ်က ကျန်းယန်ရှန့်ကို လေးနက်စွာဖြင့်မေးလိုက်သည်။


 ‘’ ဘာတွေဖြစ်သွားတာလဲ…  ဘာလို့ ကိုယ့်မောင်လေးကိုရိုက်ရတာလဲ… တကယ်လို့ သူ အမှားလုပ်တယ်ဆိုရင် အစ်မကြီးတစ်ယောက်အနေနဲ့ ကျိုးကြောင်းဆီလျော်အောင်ပြောပြီး ဆုံးမရမှာ မဟုတ်ဘူးလား…’’


‘လာပြန်ပြီ… ဒီလိုနူးညံ့တဲ့လေသံနှင့် အရာအားလံးကို ချောမွေ့အောင်ကြိုးစားနေတယ်’ ကျန်းယန်ရှန့်တွေးနေမိသည်။


ယခုလိုအချိန်မျိုးတွင် ကျန်းဟွမ်သည် ချီတုံချတုံဖြစ်စွာဖြင့် မည်သူ့ဘက်ကိုမျှကူညီမပေးပေ။ နောက်ပိုင်းတွင် သူမ၏ အပြုအမူများသည် ပိုမိုဆိုးရွားလာသည့်အတွက် ကျန်းဟွမ်သည် တဖြေးဖြေး လျန့်ယင်းယင်းဘက်မှ ရပ်တည်လာတော့သည်။


xxxxxxx


Part 20


ကျန်းယန်ရှန့် သူမ၏အတွေးများကိုဘေးဖယ်လိုက်ပြီး ကျန်းဟွမ်အားဖက်တွယ်ထားသည့် ကျန်းရှို့ချန်ကို လှမ်းကြည့်လိုက်သည်။ ကလေးများ၏ ပင်ကိုယ်ညဏ်သည် အလိုလိုသိတတ်ကြပြီး မိသားစုထဲတွင် မည်သူက ပြောရေးဆိုခွင့်ရှိသည်ကို နားလည်ကြသည်။


‘’ ကျန်းရှို့ချန် ‘’ သူမ ပြောလိုက်သည်


 ‘’ နင် ဘာတွေလုပ်ခဲ့လဲဆိုတာ လူတိုင်းကိုပြောပြလိုက်…’’


သူမ၏ အေးစက်သည့်လေသံက ကျန်းရှို့ချန်ကို တုန်လှုပ်သွားစေသည်။ ထို့ကြောင့် ချက်ခြင်းပင် ကျန်းဟွမ်၏ အကျီစကိုဆွဲပြီးနောက် အားအင်ပြန်ပြည့်သွားသည့်ပုံစံဖြင့် ‘’ ငါ ဘာမှမလုပ်ဘူး…’’


ကျန်းဟယ်လင်း မနေနိုင်စွာဖြင့် ဘေးမှဝင်ပြောတော့သည်။


‘’ နင် မဟုတ်တာတွေမပြောနဲ့… နင် အမှားလုပ်ပါတယ်လို့ အစ်မကို အစောကြီးကတည်းက ဝန်ခံပြီးသွားပြီမဟုတ်လား…’’


လျန့်ယင်းယင်းက သူမပုခုံးကိုရိုက်လိုက်ရင်း စွေစောင်းကြည့်ကာ ‘’ ပါးစပ်ပိတ်ထားစမ်း… ဘေးမှာပဲနေ ဝင်မပါနဲ့…’ ထိုတုံးအ‌သောကောင်မလေးသည် စကားမပြောဘဲ မည်သူ့ဘက်ခြမ်းတွင် နေရမည်ကိုမသိပေ။


အရွယ်ရောက်လူကြီးများ၏ စိတ်မရှည်မှုသည် ငယ်ရွယ်သောမိန်းကလေးကို အလွန်နာကျင်စေသည်။ ငိုတော့မလိုဖြစ်ကာ နှုတ်ခမ်းများတွန့်လာသော ကျန်းဟယ်လင်းကို ကျန်းယန်ရှန့် ရှင်းလင်းစွာမြင်တွေ့နေရသည်။


ကျန်းယန်ရှန့် အတော်လေး ဒေါသထွက်လာသည်။


သူမ ပြန်လည်မွေးဖွားပြီး တစ်ရက် နှစ်ရက်အတွင်း သူမ ဒေါသများကို မထိန်းသိမ်းနိုင်သေးပေ။ ထိုဒေါသများသည် အချိန်ကိုက်ပေါက်ကွဲနိုင်လေသည်။


ကျန်းဟယ်လင်းကို သူမ အနောက်သို့ဆွဲခေါ်လိုက်ပြီး လေသံကိုမြှင့်ကာ ‘’ ရှင် ဘာလုပ်တာလဲ…’’


လျန့်ယင်းယင်းသည် အသက် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်ကို မကြောက်ပေ။ ထိုကောင်မလေး၏ ဆရာများသည် ကောင်းမွန်သည့်အတွက် ဆဲရေးဖို့ပင် မပြောတတ်ပေ။ သို့သော် လျန့်ယင်းယင်းသည် ကျန်းဟွမ်ကြောင့်သာမဟုတ်ပါကာ သုံးရက်သုံးညတိုင်အောင် တဖက်သူကို ကျိန်ဆဲနိုင်သည်။


ထို့အပြင့် တခြားရုပ်ပိုင်းဆိုင်ရာ ရန်ဖြစ်ခြင်းအတွက် သူမ လုပ်ဆောင်စရာမလိုပေ။ သူမ၏ အသံကိုသာ မြှင့်လိုက်ရုံဖြင့် အခြေအနေအခွင့်ကောင်းကို ရယူတတ်လေသည်။


တကယ်တမ်း ပို၍ဆူညံတတ်သူမှာ ကျန်းယန်ရှန့်ဖြစ်ပြီး ကျန်းယန်ရှန့်၏ထိုအပြုအမူများကပင် ကျန်းဟွမ်နှင့်သူမကို ပို၍နီးကပ်လာစေသည်ကို သတိထားမိပြီးဖြစ်သည်။


ထို့ကြောင့် သူမ မကြာခဏ ကျန်းယန်ရှန့်ကို ဒေါသထွက်စေပြီး ကျန်းဟွမ် သူမအနားပို၍ကပ်လာအောင် သေးငယ်သောလှည့်ကွက်များကိုသုံးလေ့ရှိသည်။


လျန့်ယင်းယင်းက မျက်ခုံးပင့်လိုက်ပြီး ‘’ ငါက ငါ့သမီးအရင်းကို သင်ပေးနေတာ ဘာမှားလို့လဲ… ငါ့သမီးမှာ အမေရှိတယ်.. ပြီးတော့ သူမ အမှားလုပ်တယ်ဆိုရင် အမေလုပ်တဲ့သူက ဂရုစိုက်ရမှာပဲ…’’


လျန့်ယင်းယင်း လက်ဆန့်တန်းကာ ကျန်းယန်ရှန့်အနောက်တွင် ပုန်းနေသော ကျန်းဟယ်လင်းကိုဆွဲထုတ်လိုက်သည်။ သူမ သေသင့်တဲ့ထိုကလေးမကို ကျန်းယန်ရှန့်ရှေ့တွင် အတော်လေးရိုက်နှက်ချင်နေမိသည်။ 


‘’ ဒါမှ အမေရှိတာနဲ့ မရှိတာရဲ့ ကွာခြားမှုကို သူမသိမှာ ‘’ လျန့်ယင်းယင်း ဆက်ပြောလိုက်သည်။


အဖြစ်အပျက်များမှာ မြန်ဆန်လွန်းသည့်အတွက် ကျန်းဟွမ်တစ်ယောက် လျန့်ယင်းယင်းကို ဆူပူမိတော့မလိုပင်။ သို့သော်လည်း ကျန်းယန်ရှန့်သည် အလင်းကဲ့သို့အရှိန်ဖြင့် လျန့်ယင်းယင်း၏ လည်မျိုကိုတိုက်ရိုက် လှမ်းညှစ်ထားသည်ကိုတွေ့လိုက်ရသည်။  လှုပ်ရှားမှုသည် အလွန်မြန်သောကြောင့် ကျန်းယန်ရှန့်၏လက်တစ်ဖက်တည်းဖြင့် ဆိုဖာပေါ်တွင် ဖိနှိပ်ခံထားရသော သူ၏ဇနီးသည်ကို ကျန်းဟွမ်ကြည့်နေမိသည်။ 


လျန့်ယင်းယင်းတစ်ယောက် ကြောက်လန့်စွာဖြင့် မအော်မီမှာပင် သူမ၏အသံမှာ ပျောက်ကွယ်သွားရသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါ့ပါးသွားပြီး ဆိုဖာပေါ်သို့ပြုတ်ကျသွားသည်။ ထို့အပြင့် သူမ လည်ပင်းကိုညှစ်ထားသည့်လက်မှ သံချောင်းကဲ့သို့သန်မာလွန်းလှသည်။


သူမ ကျန်းယန်ရှန့်၏လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ လွတ်မြောက်ဖို့ကြိုးစားသော်လည်း သူမ ခွန်အားဖြင့် မတတ်နိုင်ပေ။ ကျန်းယန်ရှန့်သည် သူမအား လက်တစ်ဖက်တည်းဖြင့် ဆိုဖာပေါ်မှမထနိုင်အောင် တွန်းဖိထားလေသည်။ 


‘ ဒီလိုသန်မာတဲ့အားက အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ ‘ လျန့်ယင်းယင်း ထိတ်လန့်စွာဖြင့် တွေးလိုက်မိသည်။


လှေကားအဝ ခန်းမ အဝင်မှ ကြည့်နေကြသည့် အိမ်အကူအဒေါ်ကြီးများအပါအဝင် လူတိုင်းထိတ်လန့်သွားကြသည်။ ကျန်းဟွမ် ကိုယ်တိုင်ပင် အနည်းငယ်သံသယဝင်လာမိသည်။ သူ၏ သမီးသည် တိုက်ကွမ်ဒိုနှင့် အသက်အပုတ်ပညာရပ်များကို ငယ်စဉ်ကတည်းက သင်ကြားခဲ့သောကြောင့် ဆုများဖြင့်အနိုင်ရလေ့ရှိသော်လည်း ယခုကဲ့သို့ ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပေ။ 


လျန့်ယင်းယင်းသည် မော်ဒယ်တစ်ယောက်ကဲ့သို့ မွေးဖွားလာသည့်အတွက် ကျန်းယန်ရှန့်ထက် အရပ်ရှည်လေသည်။ သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် ကျန်းယန်ရှန့်၏ ပေါက်ကွဲစေနိုင်သောစွမ်းအားက သူမအပေါ်ဖုံးလွှမ်းသွားကာ ကျန်းဟွမ်ပင် ပါးစပ်အဟောင်းသားဖြင့် ဘာတုန့်ပြန်မှုမှ မလုပ်နိုင်ပေ။


ပထမဆုံး တုန့်ပြန်သူမှာ ကျန်းရှို့ချန်ပင်ဖြစ်သည်။ သူက အော်ဟစ်လိုက်ရင်း ကျန်းယန်ရှန့်ဆီသို့ အလိုလိုပြေးသွားတော့သည်။ 


‘’ နင် ငါ့အမေကိုလွှတ်လိုက်စမ်း…’’


ကျန်းယန်ရှန့်သည် သူမ၏လွတ်လပ်နေသော နောက်လက်တစ်ဖက်ကိုဆန့်တန်းကာ ကျန်းရှို့ချန်အား ပုခုံးမှကိုင်၍ ဆွဲလှဲလိုက်သည်။ ကျန်းရှို့ချန်သည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရသေးခင်မှာပင် စက်ဝိုင်းကဲ့သို့ တပတ်လည်သွားပြီး သူ့ကိုယ်သူ ဆိုဖာပေါ်သို့ပစ်ချသွားမိသည်။ 


ကျန်းဟယ်လင်းမှ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ ‘’ အစ်မ…’’


ကျန်းဟွမ် တစ်ယောက် ငေးငိုင်နေရာမှ နိုးထလာပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ လက်ကိုဆန့်တန်းရင်း ‘’ယန်ယန်… သမီး ဘာတွေလုပ်နေတာလဲ… လက်ကိုအရင်လွှတ်လိုက်ပါဦး… သူမကို လွှတ်ပေးလိုက်နော်…’’


ကျန်းယန်ရှန့် အော်ဟစ်လိုက်သည်။ ‘’  ဒီနားကိုကပ်မလာနဲ့…’’


သူမသည် မိန်းမငယ်လေးတစ်ယောက်ဖြစ်သော်လည်း ကြောက်လန့်ဖွယ်ကောင်းသည့်အမူအယာကြောင့် ကျန်းဟွမ် ထိတ်လန့်သွားသည်။ ကျန်းဟွမ်မှာ လက်နှစ်ဖက်ကို အရှေ့သို့ဆန့်ထုတ်ထားသော်လည်း ခြေလှမ်းတစ်လှမ်းမှ မလှမ်းဝံ့ပေ။


လျန့်ယင်းယင်းမှာ  အောက်ဆီဂျင်ပြတ်လပ်လာပြီဖြစ်သည့်အတွက် သူမပါးစပ်ကိုဖွင့်ကာ အသက်လုရှုနေရသည်။ ထို့နောက် ကျန်းယန်ရှန့်လက်မှ လွတ်အောင်အားကုန်သုံးပြီး ရုန်းကန်နေသော်လည်း ကျန်းယန်ရှန့်က သူမ၏အားကိုပိုတိုးကာ ညှစ်လိုက်ရင်း ‘’ နင့် ကလေးတွေမှာ အမေဆိုတာရှိလို့လား…’’


ကျန်းယန်ရှန့် ရယ်မောလိုက်ရင်း ‘’ ဒါနဲ့များ သူတို့အမေက ကလေးကိုဂရုစိုက်နေတာ ကျွန်မ ဘာလို့မတွေ့ရတာလဲ…’’ 


‘’ ရှင့်သား ဒီနေ့ဘာလုပ်ခဲ့လဲ…. သူက ကျွန်မ အခန်းထဲကိုလာပြီး ကျွန်မပိုင်တဲ့ပစ္စည်းတွေကို ခိုးသွားတယ်…’’


‘’ ဂိမ်းစက်က ပစ္စည်းတစ်ခုခုမဟုတ်ဘူးလို့ထင်လား… အဲ့ဒီ ဂိမ်းစက်တစ်ခုက ယွမ်ထောင်ချီပြီးတန်တယ်… ပြီးတော့  လူကို ထောင်ဒဏ် ၃ နှစ်အထိသတ်မှတ်လို့ရတယ်… ရှင်ဘာလို့ အဲ့ကိစ္စကို ဂရုမစိုက်ရတာလဲ…’’


‘’ ဒါပေမယ့် အမှန်တရားကိုပြောတဲ့ ကျန်းဟယ်လင်းကိုကျတော့ ရှင်က ရိုက်ပြီးဆူဖို့လိုက်နေတာလား…. ရှင်က ရှင့်ရဲ့အခွင့်အာဏာကို ကျွန်မရှေ့မှာ လာပြချင်နေတာလား…’’


‘’ ရှင်သိအောင် ပြောပြလိုက်မယ်… ဒီအိမ်က တစ်နေ့ကျွန်မ အပိုင်ဖြစ်လာမှာ… ရှင့်ရဲ့ နေရာပြသဖို့အတွက် ဘယ်တော့မှ အခွင့်အရေးရမှာမဟုတ်ဘူး…’’


‘’ ကျန်းဟယ်လင်း လုပ်တာမမှားဘူး… တကယ်လို့ရှင်သူမကို ရိုက်မယ်ဆိုရင်… ကျွန်မ ရှင့်ကို ၁၀ ခါပြန်ရိုက်နှက်ရလိမ့်မယ်…’’


‘’ ကျန်းရှို့ချန်လုပ်တာ မှားနေရဲ့သားနဲ့ ရှင့်က အဲ့ဒါကို မမြင်သလိုလျစ်လျူရှုလို့မရဘူး… ရှင် ဂရုမစိုက်ရင်လဲ ကိစ္စမရှိဘူး… အစ်မကြီးတစ်ယောက်ဖြစ်တဲ့ ကျွန်မက အဲ့လိုကိစ္စမျိုးကို ကိုင်တွယ်လိုက်မယ်…’’


‘’ ရှင် အခုကစပြီးမှတ်ထားလိုက်… ကျွန်မရှေ့မှာ နောက်တစ်ခါထပ်ပြီး … အမေရှိတာနဲ့ မရှိတာရဲ့ ကွာခြားမှုအကြောင်း ထပ်ပြောရင်  ရှင့်ကလေးတွေအားလုံးကို အမေမရှိအောင် လုပ်ပစ်လိုက်မယ်…’’


‘သူမ ဘယ်လောက်တောင် မိုက်မဲခဲ့သလဲ…’ သူမ အမြဲလိုလို လျန့်ယင်းယင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အိမ်ကိုအချိန်အတော်ကြာ မပြန်ခဲ့မိပေ။


သူမ အထက်တန်းကျောင်းတက်ချိန်တွင် ကျောင်းစာကို စတင်လျစ်လျူရှုပြီး ကျောင်းပြေးတတ်လာကာ အိမ်ကို ၃ ရက်ခန့် မပြန်ခဲ့ပေ။ နောက်ပိုင်း သူမ အသက်အနည်းငယ်ကြီးလာသည့်အချိန်တွင် အိမ်သို့ လအနည်းငယ် နှင့် နှစ်ဝက်ခန့် ပြန်မလာတော့ပေ။


ဒီအိမ်သည် သူမအပိုင်မှ လျန့်ယင်းယင်း၏အိမ်အဖြစ်သို့ လုံးဝပြောင်းလဲသွားတော့သည်။


ဒီအိမ်သည် သူမမွေးဖွားရာအသိုက်အမြုံဖြစ်ပြီး သူမအမေ၏အမှတ်တရများနှင့် ပြည့်နှက်နေခဲ့သည်။


‘ဘယ်လိုလုပ်ပြီး တခြားသူကိုပေးရမှာလဲ…. လျန့်ယင်းယင်းဆိုတာ ဘယ်သူမို့လို့လဲ…’


သူမ အမေ ဆုံးပါးသွားသည့်အတွက် ကျန်းယန်ရှန့်ကပင် ဒီအိမ်၏ အိမ်ရှင်ဖြစ်ရမည် မဟုတ်ပါလား….


xxxxxxxxxx