ယန်ကျင်းဇီသည် လုကျင်းရှိူ့ဘေးတွင် ဝင်လှဲပြီး ခဏတာ ကျေနပ်သွားသော်ငြား ရှေ့ဆက်တိုး၍ လုကျင်းရှိူ့နှင့် စောင်တစ်ထည်တည်း ဝေမျှရန် မဝံ့ရဲပေ — လုကျင်းရှိူ့က သူ့ကြောင့် နိုးသွားပြီး သူ မောင်းထုတ်ခံလိုက်ရရင် သူ ဘာသွားလုပ်ရမလဲ?
စဉ်းစားပြီးနောက် ယန်ကျင်းဇီသည် နောက်တစ်ခေါက် ထကာ စောင်တစ်ထည်ကို ဖက်ပြီး လုကျင်းရှိူ့ဘေးတွင် ထားပြီး ပြန်လှဲလိုက်သည်။
ယန်ကျင်းဇီ၏ အိပ်စက်မှုစွမ်းရည်က အလွန်ကောင်းသည်။ ယနေ့တွင် သူသည် သူ့ကို ပျော်ရွှင်စေသော ကိစ္စများစွာကို တွေ့ကြုံခဲ့ရသည်။ သူ့စိတ်အခြေအနေ ကောင်းမွန်သောအခါ သူသည် လျင်မြန်စွာ အိပ်ချင်လာပြီး မကြာမီ ချက်ချင်း အိပ်မောကျသွားသည်။
ညသန်းခေါင်တွင် လုကျင်းရှိူ့သည် ဆတ်ခနဲ အိပ်ရာနိုးလာသည်။
သူသည် မျက်လုံးဖွင့်ပြီး အိပ်မက်ဆိုးကြောင့် ပိုမိုမြန်ဆန်နေသော သူ့နှလုံးခုန်သံကို ငြိမ်သက်စေနေချိန်တွင် သူ့ဘေးတွင် လူတစ်ဦး လှဲနေသည်ကို တွေ့ရှိသွားသည်။
အသက်ရှူသံက သူ့ကို အလိုအလျောက် တိုက်ခိုက်စေချင်သည်။ ကံကောင်းစွာဖြင့် အိပ်ခန်းထဲရှိ ညမီးဟာ ပွင့်နေသည်။ အလင်းရောင်ကြောင့် သူသည် သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယန်ကျင်းဇီကို တွေ့လိုက်ရသည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို မယုံသင်္ကာဖြစ်စွာ ကြည့်မိသည်။
အိပ်မပျော်တဲ့ရောဂါ ဖြစ်နေတဲ့ သူက လူတစ်ယောက် သူ့ကို “နှိပ်”ပေးနေတုန်းမှာ အိပ်ပျော်သွားခဲ့တာလား?
ပြီးတော့ သူ အိပ်ပျော်သွားတာတောင် ယန်ကျင်းဇီက မထွက်သွားဘဲ သူ့ခုတင်ပေါ်မှာ လှဲနေတယ်လား?
ယန်ကျင်းဇီက သူ တစ်ခုခု လုပ်မှာ မကြောက်ဘူးလား? ဘယ်လိုတောင် သူက အရမ်းအကာအကွယ်မဲ့နေနိုင်ရတာလဲ!
လုကျင်းရှိူ့သည် မျက်မှောင်ကြုံ့ပြီး သူ့အနားတွင် လှဲနေသော ယန်ကျင်းဇီကို ကြည့်သည်။ သူသည် တကယ်ပင် တစ်ခုခုလုပ်ချင်မိသည်။
သို့သော် သူ ခဏတာ ကြည့်ပြီးနောက် ယန်ကျင်းဇီက အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာသည်။
ယန်ကျင်းဇီ၏စိတ်က အသိဝင်မနေပေ။ သူသည် လုကျင်းရှိူ့ သူ့ကို ကြည့်နေသည်အား တွေ့ကာ လူကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည် : “ စောသေးတယ်။ နည်းနည်းကြာကြာ အိပ်ရအောင်။ ”
လုကျင်းရှိူ့ : “ … ”
လုကျင်းရှိူ့သည် ၎င်းက ဘာနှင့်တူမှန်း မပြောနိုင်ပေ။
သူ အနည်းငယ် စိတ်ဆိုးမိသည်။ ယန်ကျင်းဇီ၏ ဖက်သော အပြုအမူက ကျွမ်းကျင်လွန်းနေသည်ဟု သူ ခံစားရသော်ငြား ဤကဲ့သို့ အဖက်ခံရသည်မှာ အတော်ကောင်းသည်ဟုလည်း သူ ခံစားရသည်...
တကယ်တော့ သူ အများကြီး တွေးနေစရာမလိုဘဲ ၎င်းကို ပျော်မွေ့လိုက်ရုံသာ ဖြစ်သည်။
ဤသို့တွေးရင်း လုကျင်းရှိူ့ မျက်လုံးမှိတ်လိုက်သည်။
ယခင်က ညသန်းခေါင်တွင် သူ နိုးလာလျှင် သူသည် သေချာပေါက် နောက်တစ်ကြိမ် ထပ်မအိပ်နိုင်တော့ပေ။ ယခုမူ... သူသည် အမှန်တကယ် ထပ်မံအိပ်မောကျသွားပြန်သည်။
မနေ့ညက အစောကြီး အိပ်ရာဝင်ခဲ့သော ယန်ကျင်းဇီသည် နောက်နေ့တွင် အစောကြီး နိုးလာခဲ့သည်။
နိုးလာပြီးနောက် သူသည် လုကျင်းရှိူ့ကို သူ့ရင်ခွင်ထဲတွင် တွေ့လိုက်ရသည်။ လုကျင်းရှိူ့ရဲ့မျက်နှာက သူ့ချိုင်းကြားမှာ မှီအိပ်နေတယ်!
သူ ညလယ်ခေါင်ကြီးမှာ လုကျင်းရှိူ့ကို ဖက်ခဲ့တာလား? တင်းတင်းကြပ်ကြပ်လည်း ဖက်တွယ်ထားသေးတယ်လား?
ယန်ကျင်းဇီသည် ခဏတာ အနည်းငယ် မြူးထူးပြီး သူ့စိတ်က အလွန်ပျော်ရွှင်သွားသော်လည်း မကြာမီ သူ ဆက်မတွေးနိုင်တော့ပေ။
သူ မနေ့ညက ရေမချိုးခဲ့ကြောင်း သူ ရုတ်တရက် သတိရလာခဲ့သည်။ သူ့ချိုင်းမှာ အနံ့ရှိနေမှာလား?
သူ့တွင် ခန္ဓာကိုယ်အနံ့အသက် မရှိသော်ငြား ယောင်္ကျားလေးများဟာ ချွေးထွက်သန်သည်...
ယန်ကျင်းဇီသည် သူ့လက်မောင်းထံသို့ တိုးကာ အနံ့ရှူရန် ကြိုးစားလိုက်သည်။
လုကျင်းရှိူ့သည် အလွန်အအိပ်ဆတ်သည်။ သူသည် မနေ့ညက နိုးပြီးနောက် ပြန်အိပ်ပျော်သွားသော်လည်း အအိပ်ဆတ်စွာ အိပ်ပျော်ခဲ့သည်။ သူဟာ အိပ်ပျော်နေသလိုလို၊ အိပ်မပျော်နေသလိုလို ဖြစ်နေပုံရသည်။
ယန်ကျင်းဇီ နိုးလာပြီးနောက် လှုပ်ရှားမှုအချို့ ရှိကာ သူသည် ချက်ချင်း နိုးသွားသော်ငြား မြင်ကွင်းမှာ အနည်းငယ် ရှက်စရာကောင်းသောကြောင့် သူသည် ရိုးရှင်းစွာပင် အိပ်ပျော်နေဟန် ဟန်ဆောင်နေသည်။
ယန်ကျင်းဇီက သူ့ကို လွှတ်ပြီး ထသွားမည်ဟု သူ ထင်လိုက်သော်လည်း ယန်ကျင်းဇီက အနားကပ်လာမည်ကို သူ မမျှော်လင့်ထားပေ။
လုကျင်းရှိူ့၏ တစ်ကိုယ်လုံးမှာ တောင့်တင်းနေသည်။ ယန်ကျင်းဇီက သူ့ကို နမ်းချင်တာလား?
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
မဖြစ်နိုင်ဘူးဟု ထင်သော်ငြား လုကျင်းရှိူ့၏နှလုံးသားတွင် မျှော်လင့်ချက်လှိုင်းတစ်လှိုင်း မြင့်တက်လာသည်။ ရလဒ်ကမူ ယန်ကျင်းဇီက အနားကပ်လာပြီးနောက်... ချိုင်းကြားကို ရှူလိုက်သည်လား?
လုကျင်းရှိူ့ : “ ... ”
ယန်ကျင်းဇီသည် သူ့တွင် အနံ့မထွက်နေကြောင်း သေချာပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချကာ လုကျင်းရှိူ့၏မျက်နှာက သူနှင့်နီးကပ်နေသည်ကို သိရှိသွားသည်။
သူ နမ်းလို့ရနိုင်လား?
လုကျင်းရှိူ့က သူ့ဖွင့်ပြောမှုကို သဘောမတူခဲ့သော်ငြား သူ့ကို အတော်လေး သည်းခံသည်။ သူ နမ်းမိလို့ အရိုက်မခံရလောက်ဘူးမလား?
ဒါပေမယ့်... သူများ အိပ်နေတုန်း ခိုးနမ်းတာ သိပ်မကောင်းဘူးလားလို့?
ယန်ကျင်းဇီသည် အနည်းငယ် ဝေခွဲမရဖြစ်နေပြီး သူ့ရှေ့ရှိ လုကျင်းရှိူ့က မျက်လုံးဖွင့်ကာ သူ့ကို နက်မှောင်သော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယန်ကျင်းဇီ အလိုအလျောက် ရှင်းပြမိသည် : “ ဘာမှမလုပ်ပါဘူး။ အနံ့နံနေမှာကို စိုးရိမ်လို့... ”
“ ဟာ ” လုကျင်းရှိူ့က အေးစက်စွာ ရယ်ကာ ထထိုင်သည်။
သေချာတာပေါ့၊ ယန်ကျင်းဇီ ဘာမှမလုပ်မှန်း သူ သိသည်။ သူ ခုနက တကယ်ပဲ သူ့ကိုယ်သူ အရူးလုပ်မိတယ်!
ယန်ကျင်းဇီသည် လုကျင်းရှိူ့ အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်ကို ခံစားမိကာ ထပ်ရှင်းပြန်သည် : “ ငါ တကယ် နှာဘူး မဟုတ်ပါဘူး... ” သူသည် လုကျင်းရှိူ့၏ဘေးတွင် လုကျင်းရှိူ့၏ သဘောတူညီချက် မရှိဘဲ အိပ်ခဲ့ပြီး လုကျင်းရှိူ့ကို နမ်းရန်လည်း ကြိုးစားခဲ့သည်... သူ၏ ခုခံကာကွယ်သော စကားလုံးများမှာ အလွန်မခိုင်လုံဟု သူ ခံစားလိုက်ရသည်။
လုကျင်းရှိူ့သည် သူ့ကို တစ်ချက်ကြည့်ပြီး အိပ်ရာမှ ထလိုက်သည် : “ မင်း အခု သွားသင့်ပြီ။ ငါ ရေချိုးတော့မယ်။ ”
ဤသို့ပြောပြီးနောက် လုကျင်းရှိူ့သည် ခုတင်မှ ထပြီး ရေချိုးခန်းသို့ လျှောက်သွားသည်။
တစ်ဖက်တွင်မူ ယန်ကျင်းဇီသည် သူ၏ တစ်ဖက်က ပြည့်ပြီး တစ်ဖက်က ပိန်သော ခြေထောက်များကို ကြည့်ပြီး အချိန်မရွေး သူ ချော်လဲလိမ့်မည်ဟု အမြဲခံစားရနေသောကြောင့် ထပြီး သွားကူညီချင်လာသည်။
သို့သော် လုကျင်းရှိူ့က အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်... ယန်ကျင်းဇီက ပြောသည် : “ ငါလည်း ရေသွားချိုးလိုက်မယ်။ ”
ယန်ကျင်းဇီသည် လုကျင်းရှိူ့ ရေချိုးခန်းထဲသို့ ဝင်သွားသည်ကို အင်တင်တင်ဖြင့် ကြည့်ပြီးနောက် ထွက်လာသည်။
လုကျင်းရှိူ့၏အိပ်ခန်းထဲမှ ထွက်လာပြီးနောက် သူသည် ပြန်လည်ပျော်ရွှင်သွားပြန်သည်။
လုကျင်းရှိူ့ စိတ်ဆိုးပေမယ့် သူနဲ့လုကျင်းရှိူ့ရဲ့ ဆက်ဆံရေးက အရမ်းမြန်မြန်နဲ့ တိုးတက်နေတုန်းပဲ!
သူက ဖွင့်ပြောခဲ့တဲ့အပြင် လုကျင်းရှိူ့နဲ့ “အိပ်ခဲ့တယ်”!
သူက လုကျင်းရှိူ့ရဲ့အခန်းထဲမှာ တစ်ညလုံး အရှက်မရှိဘဲ အိပ်ခဲ့ပေမယ့် လုကျင်းရှိူ့က သူ့ကို မရိုက်သေးဘူး!
လုကျင်းရှိူ့ကို ဖမ်းမိတော့မည်မှာ အနှေးနှင့်အမြန်ပင်။
ယန်ကျင်းဇီသည် ရေအေးနှင့် အမြန်ရေချိုးပြီး မနက်ခင်း ၆ နာရီသာ ရှိသေးသည်ကို တွေ့လိုက်ရသဖြင့် အောက်ထပ်သို့ အရင်ဆင်းလိုက်သည်။
လုမိသားစုဗီလာသည် ပုံမှန်ကဲ့သို့ အနည်းငယ် မည်းမှောင်နေပြီး ယင်းကား လိုက်ကာများက အလွန်ခေတ်မမီဘဲ ထူလွန်း၍ ဖြစ်နိုင်ပြီး ၎င်းတို့ဟာ အကြောင်းအရင်းတစ်ခုခုကြောင့် ဘယ်တော့မှ ဆွဲဖွင့်ခံရခြင်းမရှိခဲ့ချေ။******
ယန်ကျင်းဇီသည် ပြတင်းပေါက်နားသို့ သွားပြီး လိုက်ကာများကို တိုက်ရိုက်ဆွဲဖွင့်ပစ်သည်။
ဗီဘာ၏ဧည့်ခန်းတွင် ကြမ်းခင်းမှမျက်နှာကြက်ထိ ပြတင်းတံခါးများ ရှိပြီး လိုက်ကာများကို ဆွဲလိုက်သည်နှင့်တပြိုင်နက် ထွက်ပြူစ နေမင်းမှ ရွှေရောင်အလင်းများမှာ ဝင်ရောက်လာပြီး ဧည့်ခန်းတွင် ရုတ်တရက် လင်းထိန်သွားသည်။
နာနီ အဒေါ်ဝမ်က အနည်းငယ် စိတ်ပူသွားသည် : “ စိတ်မရှိနဲ့။ သခင်ကြီးက လိုက်ကာတွေကို ဖွင့်ထားတာ မကြိုက်ဘူး။ ”
“ အဆင်ပြေပါတယ်။ ကျွန်တော် ဖွင့်ထားတာကို သူ စိတ်ဆိုးရင်တောင်မှ သူ ကျွန်တော့်ကိုပဲ ပြောလိမ့်မယ်။ ” ယန်ကျင်းဇီက ပြန်ပြောသည်။
လုကျင်းရှိူ့ စိတ်မဆိုးလောက်ဟု သူ ထင်သည်။ လုကျင်းရှိူ့က သူနှင့် အတူတူ “အိပ်”ပြီးနောက်တွင်ပင် အရမ်းစိတ်မဆိုးခဲ့ချေ...
မကြာခင် လုကျင်းရှိူ့ အောက်ထပ်သို့ ဆင်းလာသည်။ အိပ်ခန်းတံခါးမှ အချိန်အတိအကျ ထွက်လာတတ်သော လုကျင်းရှိူ့က စောစောထွက်လာခဲ့သည်။
သူသည် သူ့အခန်းထဲတွင် တစ်ယောက်တည်း နေရသည်ကို သဘောကျခဲ့သော်ငြား ယခုမူ သူ မနေချင်တော့ပေ။
ယနေ့ သူ့အခန်းတံခါးကို ဖွင့်လိုက်သောအခါ နှုတ်ဆက်စကား ပြောရန် တံခါးဝတွင် စောင့်နေသော နေအလင်းကဲ့သို့ တောက်ပသည့် ယန်ကျင်းဇီ မရှိချေ။ သို့ရာတွင် သူသည် အောက်ထပ်သို့ ရောက်သောအခါ နေရောင်အောက်တွင် အလွန်လင်းထိန်နေသည့် ဧည့်ခန်းကို တွေ့လိုက်ရသည်။
ဤအိမ်ဟာ သူ မှတ်မိသည့်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
မဟုတ်ဘူး၊ ကွဲပြားနေသေးသည်...
ယန်ကျင်းဇီက လုကျင်းရှိူ့ထံသို့ ရောက်လာသည် : “ ကျင်းရှိူ့၊ ကောင်းသော မနက်ခင်းပါ။ ”
လုကျင်းရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည်။
လူငယ်လေး၏ဆံပင်က လျင်လျင်မြန်မြန် ရှည်လာပြီး သူ့ငွေရောင်ဆံပင်များ၏ အရင်းတွင် တစ်စင်တီမီတာခန့် အနက်ရောင်ဆံပင်များ တစ်ပိုင်းရှိနေပြီဖြစ်သည်။
ဤသည်မှာ အမှန်တကယ် ကြည့်၍မကောင်းသော်ငြား ယန်ကျင်းဇီ၏မျက်နှာက တကယ်ပင် အလွန်ကြည့်ကောင်းလွန်းနေသည်...
လုကျင်းရှိူ့ ပြန်ပြောလိုက်သည် : “ မောနင်း ”
မနက်က ယန်ကျင်းဇီ သူ့ကို မနမ်းသော ကိစ္စကို သူသည် အမှန်တကယ် စိတ်မဆိုးနိုင်ပေ။
ယန်ကျင်းဇီက သူ့ကို မနေ့ညက နှိပ်ပေးခဲ့ပြီး သူနှင့်အတူ အိပ်ရာထဲတွင် လှဲခဲ့သည်။ ဤဟာအားလုံးက အနည်းဆုံးတော့ ယန်ကျင်းဇီ သူ့ကို မမုန်းတီးကြောင်း သက်သေပြပြီး သူ စိတ်ကျေနပ်သင့်သည်။
ကျန်တာအတွက်မူ အချိန်ယူနိုင်သည်။
လုကျင်းရှိူ့သည် ဤသို့တွေးပြီး ယန်ကျင်းဇီကို လှမ်းကြည့်သည် : “ ငါတို့ ဒီမနက် အပြင်ထွက်စားကြမလား? မင်း ဘာစားရတာ ကြိုက်လဲ? ”
သူသည် အများအားဖြင့် နာနီကို အိမ်ချက်မနက်စာအချို့ ပြင်ဆင်ခိုင်းလေ့ရှိသည်။ ဒါပေမယ့် ယန်ကျင်းဇီလိုလူငယ်က မကြိုက်လောက်ဘူးမလား?
“ အစားမရွေးပါဘူး။ အကုန်စားနိုင်တယ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ဒီနေ့ အပြင်ထွက်မစားတော့ဘူး။ အဒေါ်ဝမ်ကို ဆန်ပြုတ်လုပ်ခိုင်းထားတယ်။ မင်း ဆန်ပြုတ်သောက်လို့ရတယ်။ ”
နာနီက ကြက်သားဆန်ပြုတ် ချက်ထားသည်။
ကြက်ရင်ပုံသားကို ပြုတ်ပြီး အမျှင်သေးသေးများ ဖြစ်အောင် လှီးဖြတ်ကာ ဆန်ပြုတ်ထဲသို့ ထည့်ပြီးနောက် သေးသေးလေးများ ဖြစ်အောင် လှီးဖြတ်ထားသည့် ဟင်းသီးဟင်းရွက် အရွက်အချို့ကိုလည်း ထည့်သည်။ ဤဆန်ပြုတ်မှာ အရောင်လှရုံတင်မက အရသာလည်း ကောင်းမွန်သည်။
ဆန်ပြုတ်ကို လာချပေးပြီးနောက် ယန်ကျင်းဇီ မေးလိုက်သည် : “ အေးအောင် လေမှုတ်ဖို့ ကူညီပေးရမလား? ”
ထိုသို့ပြောပြီးနောက် သူသည် လုကျင်းရှိူ့၏ ပန်းကန်လုံးကို ယူကာ လေမှုတ်သည်။
လုကျင်းရှိူ့တွင် ယန်ကျင်းဇီကို ပိုးပန်းရန် တစ်ခုခုလုပ်ချင်သည့် ရည်ရွယ်ချက်ရှိရာ သူကလည်း ပြောလိုက်သည် : “ ငါလည်း မင်းအတွက် လေမှုတ်ပေးရမလား? ”
“ ရတာပေါ့! ” ယန်ကျင်းဇီက ချက်ချင်း သဘောတူသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ဆန်ပြုတ်ကို အတူလေမှုတ်ကြကာ အေးသွားပြီးနောက် သူတို့ ပန်းကန်လဲကြသည်။
၎င်းက အနည်းငယ် အပိုဖြစ်သော်ငြား ယန်ကျင်းဇီသည် ဆန်ပြုတ်အရသာက ယခင်ကထက် ပိုကောင်းသည်ဟု ခံစားရသည်။
သူ့အတွက် ဆန်ပြုတ်အေးအောင် လေမှုတ်ပေးထားတာက လုကျင်းရှိူ့လေ!
လုကျင်းရှိူ့ အအေးခံပေးသည့် ဆန်ပြုတ်အပြင် ယန်ကျင်းဇီသည် အဒေါ်ဝမ် လုပ်ထားသည့် အသားဖက်ထုပ်ကိုလည်း စားခဲ့သည်။
သို့ရာတွင် သူသည် လုကျင်းရှိူ့ကို ဖက်ထုပ်များ စားရန် မပေးခဲ့ဘဲ လုကျင်းရှိူ့ကို ဖက်ထုပ်များထဲမှ အသားကိုသာ အရသာ နည်းနည်းမြည်းခိုင်းခဲ့၏။
ယနေ့ ဆန်ပြုတ်က အရသာရှိပြီး ဖက်ထုပ်ထဲမှ အသားကပါ ထပ်တူထပ်မျှ အရသာကောင်းမွန်သည်ဟု လုကျင်းရှိူ့လည်း ခံစားရသည်။
သို့သော်လည်း သူသည် ခဏတာသာ ပျော်ပြီး ထပ်မံစိတ်ညစ်သွားရပြန်သည် — ယန်ကျင်းဇီရဲ့ လူတွေကို ဂရုစိုက်တဲ့နေရာမှာ အရမ်းတော်တဲ့ အချက်က လုရွေ့ချွင်နဲ့ လေ့ကျင့်ထားလို့လေ ဟုတ်တယ်မလား?
လုကျင်းရှိူ့က မှုန်ကုပ်သော မျက်နှာနှင့် ဆိုသည် : “ ငါတို့ စားလို့ပြီးပြီဆိုတော့ ရုံးကို စောစောသွားရအောင်။ ” လုရွေ့ချွင်ကို ရုံးခွဲမှာ တစ်သက်လုံး ထိုင်ခိုင်းပြီး ပြန်မလာနိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းမရှိဘူးလား?
ယန်ကျင်းဇီက ပြန်ဖြေသည် : “ အိုကေ... ဒါနဲ့ ကျင်းရှိူ့၊ မင်းရဲ့ကားထဲမှာ သူများတွေကို ထိုင်ခွင့်မပေးပေမယ့် မောင်းတော့ မောင်းခိုင်းနိုင်တယ်မလား? မင်းရဲ့လက်ထောက်ကို ကုမ္ပဏီကို လိုက်ပို့ခိုင်းလိုက်ပါ။ ငါတို့ ဒီတိုင်းစကားပြောလို့ရတယ်။ ”
လုကျင်းရှိူ့ သဘောတူသည်။ တကယ်တော့ ယန်ကျင်းဇီက ဤကားကို ယူ၍ လုရွေ့ချွင်ကို လိုက်မပို့သရွေ့ သူ့တွင် အခြားကန့်ကွက်ချက်များ လုံးဝ မရှိပေ။
သေချာတာပေါ့၊ လုရွေ့ချွင်တင် မဟုတ်ချေ။ ယန်ကျင်းဇီကို သဘောကျသည့် အခြားလူများ သို့မဟုတ် ယန်ကျင်းဇီ သဘောကျသည့် လူများ ဖြစ်သရွေ့ သူသည် သူတို့ ဤကား စီးမည်ကို မပျော်ပေ။
ယနေ့ ကုမ္ပဏီတွင် လုကျင်းရှိူ့ကို ရေနှင့် လက်ဖက်ရည် ပို့ပေးသည့် အလုပ်အပြင် ယန်ကျင်းဇီသည် ဆေးစာအုပ်များကို ဆက်ဖတ်သည်။
မနေ့ညက လုကျင်းရှိူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို ရှာတွေ့ပြီးနောက် သူသည် စိတ်ပိုင်းဆိုင်ရာ စာအုပ်အနည်းငယ်ကိုလည်း ဖတ်ဖို့ အထူးတလည် ရှာဖွေထားသည်။
စိတ်ပညာမှာ ဆိုင်ရာပညာရှင်များသာ နားလည်နိုင်သည့် အလွန်နက်နဲသော ဘာသာရပ် ဖြစ်သည်။ ၎င်းတွင် အကြောင်းအရာများ အများအပြား ပါဝင်သည်။ စာအုပ်တစ်အုပ် ဖတ်ရုံဖြင့် အကြောင်းအရာများစွာကို နားမလည်နိုင်ချေ။ ဒါပေမယ့် သူ စာအုပ်တွေ နည်းနည်းထပ်ဖတ်လိုက်မယ်ဆိုရင် လုကျင်းရှိူ့နဲ့ပတ်သက်ပြီး ပိုပြီးသိနိုင်လောက်တယ်မလား?
ယန်ကျင်းဇီသည် အလွန်လျင်မြန်စွာ စာဖတ်နိုင်သော်ငြား ကံမကောင်းစွာဖြင့် တစ်နေ့တွင် အချိန်အကန့်အသတ် ရှိပြီး သူသည် အရမ်းများများ မဖတ်နိုင်ပေ။ အလုပ်ဆင်းချိန် ရောက်ရန် သိပ်မကြာခဲ့ချေ။
ယန်ကျင်းဇီသည် ငါးမိနစ်စောစီးစွာ သူ့ပစ္စည်းများကို စတင်သိမ်းဆည်းပြီး လုကျင်းရှိူ့ကိုလည်း အလုပ်ဆင်းရန် လမ်းကြုံသတိပေးလိုက်သည်။
လုကျင်းရှိူ့ : “ ... ” ယခုတလော ယန်ကျင်းဇီနှင့် အတူရှိနေခြင်းဟာ သူ့ကို အမှန်တကယ်ပင် ဆုတ်ယုတ်စေသည်။
သို့သော် သူ သူ့အလုပ်တွင် မနှောင့်နှေးသည်မှာ အံ့ဩစရာပင်။
ညဘက်တွင် ကောင်းကောင်းအိပ်စက်ရသောကြောင့် ဖြစ်နိုင်သည်၊ ယနေ့ သူ၏ နေ့ခင်းအလုပ်လုပ်နိုင်စွမ်းမှာ အလွန်မြင့်မားနေသည်။
“ ကျင်းရှိူ့၊ ငါတို့ ဒီနေ့ ညစာကို အိမ်မှာမစားဘူးလို့ အဒေါ်ဝမ်ကို ကြိုပြောခဲ့ပြီးပြီ... မင်းကို အရသာရှိတဲ့ စားစရာတွေ စားဖို့ ခေါ်သွားမယ်၊ ပြီးရင် ငါတို့ ဈေးဝယ်ထွက်ကြမလား? ” ယန်ကျင်းဇီက အကြံပြုလာသည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ကာ ပြောသည် : “ အင်း ” ထိုအခါ သူက ငွေရှင်းပေးလိုက်မည်ဖြစ်သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီရှေ့တွင် ကောင်းကောင်းမွန်မွန် ပြုမူကာ ယန်ကျင်းဇီကို ပိုးပန်းချင်သည်။ သို့သော်...
သူသည် စားသောက်ပျော်ပါးခြင်းကဲ့သို့ ကိစ္စများနှင့်ပတ်သက်ပြီး လုံးဝ မသိပေ။
ဤမြို့တွင် မည်သည်က အရသာရှိမှန်းကိုပင် သူ မသိသောကြောင့် ယန်ကျင်းဇီ၏စကားကိုသာ သူ နားထောင်နိုင်သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏ ခေါ်ဆောင်မှုဖြင့် ဆန်ပြုတ်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားပြီး ကျန်းမာရေးထိန်းသိမ်းပေးသော ဆန်ပြုတ်ကို စားလိုက်ရသည်။ သူ ငွေရှင်းခါနီးတွင်လည်း ယန်ကျင်းဇီက ငွေရှင်းပြီးပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။
လုကျင်းရှိူ့ : “ ... ”
စားပြီးနောက် ဈေးဝယ်ထွက်ရန် နည်းနည်းစောသေးသည်ဟု ယန်ကျင်းဇီက ပြောလာပြီး သူသည် မည်သည့်နေရာကို သွားရမည်မှန်း မသိသေးသဖြင့် အကြံတစ်ခုကိုသာ ပေးနိုင်သည် : “ ငါတို့ ရုပ်ရှင်သွားကြည့်ကြမလား? ”
“ ဒီရက်တွေမှာ ရုပ်ရှင်ကောင်းကောင်း မရှိဘူး။ တကယ် ရုပ်ရှင်ကြည့်ချင်ရင် အိမ်မှာ ကြည့်တာ ပိုကောင်းတယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ ယခင်က သူ ရုပ်ရှင်ကြည့်ချင်သည်ဟု သူ ပြောဖူးသော်ငြား သူ ရုပ်ရှင်ကြည့်ချင်သည်မှာ အိမ်တွင်သာ ဖြစ်သည်။
လုမိသားစုတွင် အထူးရုပ်ရှင်ရုံခန်း တစ်ခန်း ရှိသည်။ တံခါးတွေ ပိတ်ထားတဲ့နောက်မှာ သူနဲ့လုကျင်းရှိူ့က ဆိုဖာပေါ်မှာ ထိုင်ပြီး အတူတူ ရုပ်ရှင်ကြည့်ကြတာ ဘယ်လောက်မိုက်လဲ? ရုပ်ရှင်ရုံကို သွားရမှာ ပျင်းဖို့ကောင်းတယ်!
လုကျင်းရှိူ့ မျက်မှောင်ကြုံ့ကာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည် – ရုပ်ရှင်ရုံကို မသွားရင် သူ ဘယ်နေရာကို သွားနိုင်လဲ?
ဤအချိန်တွင် ယန်ကျင်းဇီက ပြောလာသည် : “ အဝတ်အစားသွားဝယ်ရအောင်! ”
လုကျင်းရှိူ့တွင် အဝတ်အစား အလွန်နည်းကြောင်း ယန်ကျင်းဇီ ရှာတွေ့ထားသည်။
လုကျင်းရှိူ့က ဘဝအရည်အသွေးကို ဂရုမစိုက်သော လူတစ်ဦး အမှန်တကယ် ဖြစ်သည်။ သူ့တွင် အစားအသောက်၊ အဝတ်အစား၊ နေထိုင်ရာနှင့် သွားလာရေးအတွက် လိုအပ်ချက်များ မရှိချေ။
ဤရက်များအတွင်း သူ နေ့စဉ် ဝတ်သော အဝတ်အစားများမှာ တစ်ထပ်တည်း တူညီသည်။
ဤသည်က အလွန်အဆင်ပြေသော်လည်း ယန်ကျင်းဇီသည် သူ့ကို အခြားအဝတ်အစားများ ဝယ်ပေးချင်သေးသည်။
လုကျင်းရှိူ့က အရမ်းအသက်မကြီးဘဲ လူငယ်များအတွက် အဝတ်အစားများကို ဝတ်ဆင်နိုင်သေးရာ နောက်ထပ်သော ပေါ့ပေါ့ပါးပါး အဝတ်အစား အနည်းငယ်ကို ဝယ်နိုင်သည်။
လုကျင်းရှိူ့၏မျက်ခုံးများမှာ ပို၍ပင် ခပ်တင်းတင်း ကြုံ့သွားသည် — သူသည် လူများသော နေရာများသို့ သွားရသည်ကို မကြိုက်ပေ။ လူအကြည့်ခံရသည်ကို သူ မုန်းသည်။
“ စိတ်မပူပါနဲ့။ ဈေးဝယ်စင်တာမှာ သွားမဝယ်ဘူး။ ငါတို့လိုလူတွေကို ဝန်ဆောင်မှုပေးဖို့ အထူးပြုတဲ့လူတစ်ယောက်ကို ငါ သိတယ်။ သူက ငါတို့ နေ့တိုင်းဝတ်တဲ့ အဝတ်အစားတွေကို ရွေးပေးဖို့ တာဝန်ယူတယ်... ငါ သူနဲ့ တွေ့ဖို့ ချိန်းပြီး ငါတို့အတွက် အဝတ်အစားတွေ ရွေးပေးဖို့ ပြောထားပြီးပြီ... ” ယန်ကျင်းဇီက ပြောသည်။
မူလပိုင်ရှင်၏အစ်ကိုက အဝတ်အစားဝယ်ရာတွင် သူ့အချိန်ကို ဖြုန်းရန် ပျင်းရိလွန်းသောကြောင့် ဤလူကို ပြော၍ သူ့အတွက် အဝတ်အစားများ အမြဲကူဝယ်ခိုင်းလေ့ရှိသည်။ ဤလူကို ဘတ်ဂျက်ပမာဏ ပြောလိုက်ရုံဖြင့် နေ့စဉ်အတွက် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဖြစ်ဖြစ် သို့မဟုတ် ပွဲအခမ်းအနားများအတွက် အဝတ်အစားများ ဖြစ်ဖြစ် ဤလူက သူတို့အတွက် ကူဝယ်ပေးနိုင်သည်။
လုကျင်းရှိူ့ : “ ... ” ဤကဲ့သို့ အလုပ်မျိုးကို လုပ်နေသော လူများ ရှိမှန်း သူ မသိခဲ့ပေ။
အလုပ်များပြီးနောက် လုကျင်းရှိူ့နှင့် ယန်ကျင်းဇီတို့ အိမ်ပြန်ရောက်သောအခါ ညကိုးနာရီကျော်နေပြီဖြစ်ပြီး ယန်ကျင်းဇီက ချက်ချင်း ဆိုသည် : “ ရေချိုးရအောင်။ ပြီးရင် မင်းကို နှိပ်ပေးမယ်! ”
“ မင်း အဲ့ဒါကို နှိပ်ပေးတယ်လို့ ခေါ်တာလား? ” မနေ့ညက နှိပ်ပေးမှုကို တွေးမိသောအခါ လုကျင်းရှိူ့ ဆွံ့အသွားရသည်။
ယန်ကျင်းဇီက ယုံကြည်မှုအပြည့် ရှိသည် : “ ဒီနေ့ နေ့ခင်းတုန်းက အထူးနည်းစနစ်တစ်ခုကို သင်ထားတယ်။ ခဏနေရင် မင်း အဲ့နည်း ခံစားစေရမယ်။ ”
လုကျင်းရှိူ့ : “ ... ” တကယ်တော့ သူ့ဘယ်ခြေထောက်နှင့် ဘယ်လက်တို့က မကြာခဏ နာလေ့ရှိပြီး အတွင်းထဲရှိ အရိုးများနှင့် သွေးကြောများက မမှန်ကန်ချေ... နောက်ပိုင်း ယန်ကျင်းဇီက သူ့ကို အမှန်တကယ် နှိပ်ပေးလျှင် သူ မခံနိုင်လောက်ပေ။
သို့ရာတွင် သူသည် ဘာမှမပြောဘဲ ရေချိုးရန် အခန်းသို့ ပြန်သည်။
လုကျင်းရှိူ့သည် နှေးကွေးစွာ ရေချိုးပြီး သူ ဆေးကြောပြီးစီး၍ ထွက်လာသောအခါ ယန်ကျင်းဇီက အပြင်တွင် စောင့်နေပြီးဖြစ်သည်။
ထို့နောက် သူ တွေ့လိုက်ရသည်၊ ယန်ကျင်းဇီက ရနံ့အဆီတစ်ဘူးကို ထုတ်ကာ ပြောလာသည် : “ ဦးလေးလု၊ ဒီနေ့ ငါ အဆီမွှေးနဲ့နှိပ်နည်းကို အထူးတလည် သင်ခဲ့တယ်! ”
သူသည် လုကျင်းရှိူ့၏ ခြေလက်များကို အရမ်းကာရော မဖိနှိပ်ရဲပေ။ ဒါပေမယ့် သူ အဆီမွှေးတချို့နဲ့တော့ ပွတ်သပ်နိုင်သေးတယ်!
ယန်ကျင်းဇီသည် လာဗင်ဒါရနံ့ အဆီဘူးကို ပြင်ဆင်ထားသည်။
သူသည် လုကျင်းရှိူ့၏ ခြေလက်များပေါ်တွင် ရနံ့မွှေးအဆီများ လိမ်းကျံပြီးနောက် ၎င်းတို့ကို ဖြည်းညှင်းစွာ ပွတ်သပ်သည်။
လာဗင်ဒါရနံ့ ပျံ့လွင့်လာပြီး လုကျင်းရှိူ့သည် မိန်းမောကာ အနည်းငယ် အိပ်ချင်လာသဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။
မျက်လုံးမှိတ်ပြီးနောက် မကြာခင်မှာတင် သူသည် သူ့ဘေးရှိအိပ်ရာ နိမ့်ကျသွားသည်ကို ခံစားလိုက်ရသည်။
ယန်ကျင်းဇီက သူ့ခုတင်ပေါ်သို့ ထပ်မံတက်လာပြန်သည်။
မနေ့ညကကဲ့သို့ ယန်ကျင်းဇီက ယနေ့တွင်လည်း သူနှင့် အတူအိပ်ရန် ရွေးချယ်ခဲ့သည်...
လုကျင်းရှိူ့တွင် ယန်ကျင်းဇီက သူ့ကို တကယ် ကြိုက်သည် ဟူသော ခံစားချက်ပင် ရလာသည်။
ဒါပေမယ့် ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သို့သော်လည်း ယန်ကျင်းဇီက သူ့ကို မကြိုက်လျှင်တောင်မှ မုန်းတော့ မမုန်းလောက်ချေ။ လုရွေ့ချွင် လမ်းလွဲပြီးနောက် မိသားစုနှစ်စု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လုရွေ့ချွင်ကို ဒေါသထွက်စေရန်အတွက် သူနှင့်အတူရှိရန် ယန်ကျင်းဇီက အမှန်တကယ် ဆုံးဖြတ်ထားခြင်း ဖြစ်လောက်သည်။
ထိုသို့ဖြစ်လျှင် အလွန်ကောင်းမည်ဖြစ်သည်...
သူ့ဘေးတွင် ယန်ကျင်းဇီက လျင်လျင်မြန်မြန် အိပ်ပျော်သွားသည်။ ယန်ကျင်းဇီ၏ ခပ်မှန်မှန် အသက်ရှူသံကို နားထောင်နေရင်း လုကျင်းရှိူ့ တဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။
နောက်ရက်များတွင်လည်း သူတို့နှစ်ဦးသည် ဤကဲ့သို့ နေထိုင်ခဲ့ကြသည်။
ယန်ကျင်းဇီသည် နေ့စဉ်နေ့တိုင်း ဆေးစာအုပ်များကို ဖတ်သည့်အပြင် လုကျင်းရှိူ့ကိုလည်း ဂရုစိုက်သည်။
သူသည် နေ့ဘက်တွင် လုကျင်းရှိူ့ကို ခေါ်ပြီး ညစာထွက်စားကာ ညဘက်တွင် အိပ်ရာပေါ်၌ လုကျင်းရှိူ့ကို နှိပ်ပေးသည်... လုကျင်းရှိူ့၏ သူ့အပေါ် သဘောထားက ပိုပိုပြီး ကောင်းမွန်လာသည်ကို သူ ခံစားမိသည်။
ယန်ကျင်းဇီကို ပို၍ပင် ပျော်ရွှင်စေသည်မှာ လု
ကျင်းရှိူ့၏ အသားအရေက များစွာပိုကောင်းလာပြီး သူ၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့တွင် ဒဏ်ရာအသစ်များ ထပ်မရှိတော့၍ ဖြစ်သည်။
နောက်ရက်တချို့ကြာပြီးလျှင် သူ လုကျင်းရှိူ့ကို ဝလာနိုင်စေလိမ့်မည်ဟု သူ ခံစားရသည်။
ယန်ကျင်းဇီသည် သူ့ဘဝက အလွန်ကောင်းသည်ဟု ထင်နေသော်ငြား လုရွေ့ချွင်သည် ထိုသို့မထင်မိပေ။